အတိတ်ကို အတိတ်မှာသာ ချန်ထားရစ်
Vol. 73 Ch. 1022
သူ့နှလုံးသားအား လက်ညှိုးထိုးရင်း ထန်ရှုက လေးလံသောအသံနှင့် အော်ပြောလိုက်သည်"ကောင်းပြီလေ။ ငါ နောက်ဆုံးတစ်ခုပဲ မေးတော့မယ်။ မင်း ဘယ်လိုသေသွားရတာလဲ။ သေသွားပြီးတောင်မှ မင်းရဲ့အစစ်အမှန်စိတ်ဝိညာဉ်ကို ချန်ထားဖို့ အခွင့်အလမ်း ဘယ်လိုလုပ် ရှိရတာလဲ။ ပြန်လည်ဝင်စားခြင်းစက်ဝိုင်းကို ဘယ်လိုလုပ် ဝင်နိုင်ရတာလဲ"
ဟန်ကျင်းဝူက ခေါင်းသာ ခါလိုက်သည်၊ ထန်ရှု၏မေးခွန်းအား သူမ မဖြေပေ။ သူမက မျက်လုံးတို့ မှိတ်လိုက်သည်၊ အင်မော်တယ်ကမ္ဘာရှိနောက်ဆုံးမြင်ကွင်းက သူမစိတ်ထဲ၌ ထွက်ပေါ်လာခဲ့သည်၊ ခေါင်းအစခြေအဆုံးအနီရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ယောက်....သူမလက်ဖြင့် သူမကိုယ်တိုင်သတ်ခဲ့သောချစ်သူ၏အလောင်းကို ပွေ့ဖက်ရင်း ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့၏။
ထိုအချိန်တွင် သူမ၏အစစ်အမှန်စိတ်ဝိညာဉ်က မပျောက်ကွယ်သွားသေးပေ။ သူမ၏အချိန်ကျင့်ကြံခြင်းပညာရပ်ကြောင့် ထန်ရှု၏အစစ်အမှန်စိတ်ဝိညာဉ်အား ထာဝရအချိန်မြစ်က မဝါးမျိုရသေးဘဲ ကောင်းကင်ဘုံကပ်ဘေးအလယ်တွင် ဟင်းလင်းပြင်အား ဆုတ်ဖြဲကာ ဗလာနတ္ထိဖရိုဖရဲထဲသို့ ဝင်ရောက်တော့မည်ကို တွေ့ရှိလိုက်သည်။ ထိုအခိုက်တွင် သူမက တားမြစ်ပညာရပ်အား ထုတ်ဖော်ကာ ထန်ရှုအစစ်အမှန်စိတ်ဝိညာဉ်၏နောက်ဆုံးအမျှင်နောက်သို့ လိုက်ပါသွားလျက် ဤကမ္ဘာ၏ပြန်လည်ဝင်စားခြင်းစက်ဝိုင်းထဲသို့ ဝင်ရောက်ခဲ့၏။
"လုပ်ပါ"
ဤအချိန်တွင် ဟန်ကျင်းဝူက တည်ငြိမ်နေလေသည်၊ သူမ၏စားပွဲတင်တင်းနစ်ဘောလုံးအရွယ်အစားရှိရွှေရောင်အမြုတေက ခန္ဓာကိုယ်မှ ပျံသန်းထွက်လာကာ မျက်ခုံးရှေ့၌ လွင့်မျောနေတော့သည်။
ထန်ရှုက ဟန်ကျင်းဝူအား ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ သေဖို့အသင့်ပြင်ထားသောသူမမျက်နှာအား မြင်ပြီး ထန်ရှု၏သတ်ဖြတ်လိုစိတ်က အရူးအမူးအုံကြွလာ၏။ ဓားကိုင်ထားသည့်လက်က အနည်းငယ် တုန်ယင်နေပြီး သူ့နှလုံးသားက နာကျင်သထက် နာကျင်လာသည်။
သတ်....
သတ်....သတ်....
သတ်ပစ်....သတ်ပစ်....သတ်ပစ်....
ထန်ရှုက နှလုံးသား၏အနက်ရှိုင်းဆုံးအထိ မြည်ဟိန်းနေလေသည်။ သို့သော် သူ့လက်ထဲရှိနတ်ဘုရားဓားက ပိုလေးလံလာသည်ဟု ခံစားမိလာသည်။ သူက တုံ့ဆိုင်းနေမိ၏။ ဟုတ်ပေသည်။ အမှန်တရားအား သိရှိခဲ့သော်လည်း ရွှဲ့ချင်းချန်က သူ့အား အဆိပ်ခဲ့ပြီး သူ့နှလုံးသားအား ထိုးဖောက်သူ ဖြစ်သော်လည်း သူက တစ်ချိန်တစ်ခါက ချစ်ခဲ့ရသူ၏စိတ်ဝိညာဉ်အား နတ်ဘုရားဓားဖြင့် မရိတ်သိမ်းရက်ခဲ့ပေ။
ဝူး....
ထန်ရှုက သားရဲတစ်ကောင်လို ဟိန်းဟောက်လိုက်သည်။ သူ့ကို ကြည့်ရသည်မှာ သတ်ဖြတ်ခြင်းနတ်ဘုရားနှင့် တူပြီး နောက်ဆုံးတွင် ဓားကို ဝှေ့ယမ်းလိုက်သည်၊ ခုတ်ချက်က ဟန်ကျင်းဝူ၏မျက်နှာအား ဆုတ်ဖြဲသွားပြီး ဒဏ်ရာတစ်ခု ချန်ထားရစ်၏။
အမျိုးသမီးတစ်ယောက်၏အလှတရားက တခဏအတွင်း ပျက်ဆီးသွားခဲ့သည်။
ဓားတစ်ချက်က ထန်ရှုနှင့်ရွှယ်ချန်းချန်တို့၏အတိတ်အား ဖြတ်တောက်ပစ်ခဲ့၏။ သူမအား မသတ်နိုင်သော်လည်း သူ့အိမ်မက်ထဲတွင် အမြဲတမ်း လိုက်ပါနေသည့် မျက်နှာတစ်ခုဖျက်ဆီးပစ်ခြင်းအား ဘယ်အရာမှ မတားနိုင်။
သူမအပေါ် သတ်ဖြတ်လိုစိတ်က လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့ပြီး အထီးကျန်မှုနှင့်အပြောင်းအလဲများသည့်လောကဓံတရားတို့ကသာ သူ့စိတ်ဝိညာဉ်၌ နက်ရှိုင်းစွာ နေရာယူလာခဲ့သည်။ သူမမှ ခြေလှမ်းအနည်းငယ် လျှောက်လှမ်းပြီးနောက် နောက်ပြန်မလှည့်ကြည့်တော့ဘဲ သူက ပြောလိုက်၏"အခုကစပြီး မင်းနဲ့ငါ့ကြားမှာ ဘာတစ်ခုမှ မရှိတော့ဘူး"
ဟန်ကျင်းဝူက ဝမ်းနည်းမှုနှင့်အတူ နက်ရှိုင်းသောအချစ်တို့ ပြည့်နေသော မျက်လုံးဖြင့်သာ ထန်ရှု၏နောက်ကျောသို့ ကြည့်နေခဲ့၏။ အပြုံးတစ်ခုက သူမမျက်နှာပေါ်တွင် ထွက်ပေါ်လာ၏၊ သွေးများက ဒဏ်ရာမှ စီးကျလာသည်။ သို့သော် သုတ်ပစ်ရန်အတွက် လက်မလှုပ်ခဲ့။ အတိတ်တွင်သာဆိုလျှင် ထန်ရှုက သူမအား မသတ်လျှင်ပင် သူမကိုယ်သူမ အဆုံးစီရင်ပစ်မည်မှာ သေချာ၏။
သို့သော် လက်ရှိတွင် အတိတ်မှတ်ဉာဏ်နှင့်လက်ရှိဘဝတို့က ရောထွေးနေခဲ့လေပြီ။ သူမ၏စရိုက်က အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ သူနှင့်သူမကြား ဘာတစ်ခုမှ မကျန်တော့သော်လည်း သူမက သူ့အား မြင်နိုင်သေး၏၊ အဝေးမှ ငေးကြည့်ခွင့်ရနေသေး၏။
သူက တစ်ခုခု လိုအပ်ချိန်တိုင်း သူမက သူ့အတွက် လှုပ်ရှားပေးမည်။
သူ မလိုအပ်လျှင် သူမက သူ့အား ငေးသာ ကြည့်နေမည်။
ဤအချိန်တွင် သူမ၏အနာဂတ်ဘဝကောက်ကြောင်းအား ဟန်ကျင်းဝူက နားလည်သွား၏။ သူမက သူ့အတွက်သာ တည်ရှိတော့၏။
တံခါးအပြင်ဘက်ရှိဝန်ထမ်းနှစ်ယောက်၏ထူးဆန်းသောအကြည့်အောက်တွင် ထန်ရှုက ရေခဲပြင်စကိတ်ကွင်းမှ ထွက်လာခဲ့သည်။ သူက တက္ကသိုလ်သို့ ပြန်မသွား၊ ကြယ်ပြာအိမ်ရာသို့လည်း ပြန်မသွားခဲ့ပေ။ ချန်ကျီကျုံးအား ရှာဖွေရမည့် အစီအစဉ်ကို သူ မမှတ်မိတော့။ ရှန်းဟိုင်မြို၏လမ်းများပေါ်တွင် ခြေထောက်၏ခေါ်ဆောင်ရာနောက်သို့ ဦးတည်ချက်မရှိ လျှောက်သွားနေတော့၏။
နေမှ ညသို့ ရောက်လာပြီး ထန်ရှုက အသိပြန်ဝင်လာခဲ့သည်။ သူက ရှန်းဟိုင်ရှိထာဝရခန်းမဌာနခွဲ၏ဝင်ပေါက်၌ ရပ်နေသည်ကို တွေ့ရှိလိုက်၏။ လူရှစ်ယောက်က သူ့ဘေးနားတွင် ဝန်းရံလျက် သူ့အား ကာကွယ်ပေးထားသည်။
အနီရောင်ဝတ်ရုံနှင့်ချီနန်က စိုးရိမ်သောအကြည့်နှင့် သူ့အား ရပ်ကြည့်နေခဲ့၏။
"ဖယ်ကြ"
ထန်ရှုက သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီး သူ၏မူလဖရိုဖရဲအားက မရီဒျာန်များထဲသို့ စိမ့်ဝင်လာခဲ့သည်။ ရှုပ်ထွေးနေသောစိတ်အခြေအနေမှ လွတ်မြောက်လာခဲ့၏။ နာကြည်းချက်တို့က စိတ်နတ်ဆိုး၏အချုပ်အနှောင်အား ဖယ်ရှားပစ်လိုက်သည်။ စိတ်နတ်ဆိုးပျောက်ကွယ်သွားခြင်းက သူ့စိတ်ဝိညာဉ်အား တိုးတက်သွားစေပြီး ကောင်းကင်ဘုံစကြာဝဠာကျင့်စဉ်၏ပထမအဆင့်ဖြစ်သည့်ကြယ်များဖြင့်ဖွဲ့စည်းအပ်သောခန္ဓာကိုယ်အား ပြီးပြည့်စုံစေခဲ့သည်။
"အခြေတည်စိတ်ဝိညာဉ်အဆင့်ကျွမ်းကျင်သူတစ်ယောက်ကို သတ်ဖြတ်ဖို့ လုံလောက်နေပြီပဲ"
သူက ထာဝရခန်းမထဲသို့ လျှောက်ဝင်သွား၏။ မျက်လုံးများစွာ၏ထူးဆန်းသောအကြည့်အောက်တွင် သူက ဒုတိယအထပ်ရှိ မန်နေဂျာရုံးခန်းသို့ တည့်တည့်မတ်မတ် သွားခဲ့သည်။
"သူဌေး....."
ချီနန်က သူ့နောက်မှ လိုက်လာလျက် စကားပြောချင်နေပုံရ၏။ သို့သော် သူမက တုံ့ဆိုင်းနေ၏။ သူမမျက်လုံးများထဲရှိစိုးရိမ်မှုက မပျောက်ကွယ်သွားသေးပေ။
ထန်ရှုက ခေါင်းခါယမ်းကာ ဆိုဖာပေါ် ထိုင်ချသည်။ သူက စီးကရက်တစ်လိပ်ထုတ်ကာ မီးညှိ၏။ နှစ်ရှိုက်သုံးရှိုက်ဖွာပြီးနောက် သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်"မစိုးရိမ်ပါနဲ့၊ ငါ အဆင်ပြေပါတယ်"
ဤအခါတွင်မှ ချီနန်က စိတ်သက်သာရာရသွားကာ မေးလိုက်သည်"ဒီနေ့လည်ကမှ ကျင်းမန်ကျွန်းကနေ ရောက်လာတာ၊ သူဌေး။ အဲနေရာကစီးပွားရေးလုပ်ငန်းတွကို အခြားသူတွေဆီ လွှဲထားပေးပြီးပြီ။ မင်း ငါ့ကို အခြားညွှန်ကြားချင်တာလေးများရှိလား"
"ငါ စားဖို့ တစ်ခုခုလုပ်ပေး၊ သောက်ဖို့အတွက်ရော"ထန်ရှုက ပြောလိုက်သည်။
"ငါ ချက်ချင်း စီစဉ်ပေးပါ့မယ်၊ သူဌေး"ချီနန်က ခေါင်းညိတ်လိုက်သည်။
ချီနန်က ရုံးမှ ထွက်သွားပြီးနောက် ထန်ရှုက ဟန်ကျင်းဝူအကြောင်း ထပ်မစဉ်းစားတော့ပေ။ ရှန်းဟိုင်သို့ သူ လာရသည့် ရည်ရွယ်ချက်က ပြီးမြောက်သွားခဲ့ပြီ၊ အမှန်တရားလဲ သိရှိပြီဖြစ်သလို ဖြေရှင်းသွားပြီဖြစ်၏။ ရွှဲ့ချင်းချန်နှင့်ဆက်စပ်သမျှအရာအားလုံး ပြီးဆုံးသွားခဲ့ချေပြီ။ မဟာအင်ပါယာဒန်ချင်းနှင့်ဗျတ်စောင်းနတ်ဆိုးကျုးယောင်တို့နှင့်ပတ်သက်သည့်ရန်ငြိုးများသာ ကျန်ရှိသည်။ အရိပ်နတ်ဆိုးကျူးဝူရှို့က သေချာပေါက် သေရပေမည်။
ထိုဒုတိယပြဿနာက ကျန်ရှိနေသေးသည်။
ရှန်းဟိုင်တက္ကသိုလ်ကိစ္စအား စဉ်းစားမိချိန်တွင် သူက ရုတ်တရက် ခေါင်းကိုက်သွား၏။ သူက ဟန်ကျင်းဝူအား မသတ်ခဲ့ပေ၊ သူမက ရှန်းဟိုင်တက္ကသိုလ်တွင် ဆရာတစ်ယောက်အဖြစ် ဆက်အလုပ်လုပ်လျှင် သူ့အတန်း၏ဆရာအဖြစ် တာဝန်ကျလာနိုင်သည်။
"ဟူး....ထားလိုက်တော့။ ငါ ကျောင်း ခေတ္တနားလိုက်တာပေါ့"
တက္ကသိုလ်ဒီပလိုမာနှင့် သူ့အား မြင်လိုသော သူ့အမေ၏ဆန္ဒကြောင့် ကျောင်းတန်းထွက်ခြင်းက သူ၏ရည်ရွယ်ချက်မဟုတ်ပေ။
ဆေးလိပ်သောက်ပြီးချိန်တွင် ချီနန်က ပြန်ရောက်လာပြီး ထန်ရှုအရှေ့၌ ရပ်ကာ တရိုတသေပြောလိုက်သည်"သူဌေး၊ ငါ လူအချို့ကို အမိန့်ပေးထားပြီ။ စားစရာတွေ မကြာခင် ရောက်လာမယ်။ ဒါပေမယ့် မစားခင် သူဌေးကို ငါ တင်ပြစရာတစ်ခုရှိတယ်"
"ဘာများလဲ"ထန်ရှုက မေး၏။
"လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်က ခန်ရှက သူဌေးကို ရှာနေတယ်။ သူမ သူဌေးကို ဆက်သွယ်လို့ မရဘူး၊ ဒါကြောင့် ငါ့ကို ဖုန်းခေါ်ခဲ့တယ်"ချီနန်က ပြောသည်"ဘာအကြောင်းလဲတော့ သူမကို ငါ မမေးခဲ့ပါဘူး၊ ဒါပေမယ့် သူမရဲ့လေသံအရ အလွန်အရေးကြီးပုံရတယ်"
"ခန်ရှာလား"
ဤအခါမှ ခန်ရှာအား သူ မဆက်သွယ်ရသည်မှာ အတော်ကြာပြီကို ထန်ရှုက သတိရလိုက်သည်။
ဖုန်းထုတ်ပြီးနောက် ခန်ရှာ၏နံပါတ်အား နှိပ်လိုက်သည်။ များမကြာမီ သူမအသံက ဖုန်းထဲမှ ထွက်လာ၏"ရှင်ပဲလား၊ ထန်ရှု"
"ဟုတ်တယ်၊ ငါ တရုတ်ကို ပြန်ရောက်လာပြီ၊ အခု ရှန်းဟိုင်မှာ ရှိနေတယ်"ထန်ရှုက ပြုံးကာ ပြောလိုက်သည်။
"ကျွန်မ ရှန်းဟိုင်ကို အခုပဲ ထွက်ခဲ့မယ်။ ကျွန်မ ရှင့်ကို တွေ့စရာရှိတယ်"ခန်ရှာက ပြောလိုက်သည်။
"ငါ ချီနန်ဆီက ကြားပြီးပြီ၊ မင်း ငါ့ကို ရှာနေတယ်ဆို၊ မင်းကို ကြည့်ရတာ အရမ်းစိုးရိမ်သောကရောက်နေပုံပဲ။ ဘာဖြစ်လို့လဲ"ထန်ရှုက မေးလိုက်သည်။
"အန်ဒီပါ။ သူမရဲ့ခန္ဓာကိုယ်က ပြဿနာအချို့ ဖြစ်နေတယ်"ခန်ရှာက ဖြေလိုက်သည်"ရှင် အရေးတကြီး လုပ်စရာမရှိရင် သူမကို တစ်ချက် လာကြည့်စေချင်တယ်"
ထန်ရှုမျက်နှာက အနည်းငယ်ပြောင်းလဲသွားပြီး သူမက နက်ရှိုင်းသောအသံဖြင့် မေးလိုက်သည်"သူမ ဘာဖြစ်နေလို့လဲ"
"ချီဖောက်ပြန်ခြင်းဖြစ်သလို သူမရဲ့ကျင့်ကြံခြင်းမှာ ပြဿနာတစ်ခု ကြုံနေပုံရတယ်"ခန်ရှာက ခါးသီးစွာ ပြော၏"သူမ မေ့မြောနေတာ ရက်အနည်းငယ် ရှိပြီ၊ ဒါကြောင့် သူမကို ဆေးရုံပို့ပြီး စစ်ဆေးကြည့်တယ်။ ဒါပေမယ့် သူမ ဘာဖြစ်နေလဲဆိုတာ မဖော်ထုတ်နိုင်ခဲ့ဘူး"
"ငါ့ကို ကြယ်တာရာမြို့မှာပဲ စောင့်နေ။ ငါ ချက်ချင်း ပြန်လာမယ်"ထန်ရှုက နက်ရှိုင်းသောအသံနှင့် ပြန်ဖြေသည်။
ဖုန်းချပြီးနောက် ချန်ကျီကျုံးအား ခေါ်ကာ လေဆိပ်တွင် စောင့်နေရန် ပြော၏။ ထာဝရခန်းမ၌ ညစာမစားတော့ဘဲ ချီနန်အား ကြယ်ပြာအိမ်ရာသို့ ပြန်ပို့ခိုင်းကာ သူ့အမေစုလင်းယွမ်နှင့် တွေ့လိုက်သည်။
"အမေ၊ ငါ ကြယ်တာရာမြို့ကို ချက်ချင်း ပြန်ရမယ်။ တစ်ယောက်ယောက်က ဒဏ်ရာအပြင်းအထန်ရထားတယ်၊ ဒါကြောင့် သူမကို ကုဖို့ ငါ ချက်ချင်း ပြန်ရမယ်။ အမေ ရှန်းဟိုင်မှာ နေနေအုံးမှာလား ဒါမှမဟုတ် ငါနဲ့အတူ ကြယ်တာရာမြို့ကို ပြန်လိုက်သွားမှာလား"ထန်ရှုက မေး၏။
"ဘယ်သူဒဏ်ရာရလို့လဲ။ ငါ သိတဲ့သူလား"စုလင်းယွမ်က အလျင်စလို မေး၏။
"အမေ သူမကို သိပါတယ်။ အန်ဒီလေ"ထန်ရှုက ဖြေသည်။
"မိန်းကလေးအန်ဒီလား။ သူမ ဘာဖြစ်လို့လဲ"စုလင်းယွမ်က လျင်မြန်စွာ မေးလိုက်သည်"ဒါဆိုလဲ ကြယ်တာရာမြို့ကို ချက်ချင်း ပြန်ကြတာပေါ့။ ငါ မင်းကို ရှာဖို့အတွက် ရှန်းဟိုင်ကို လာခဲ့တာ၊ ဒါပေမယ့် မင်းက ကြယ်တာရာမြို့ကို ပြန်မှာဆိုတော့ ငါ ဒီမှာ ဆက်နေလို့လဲ အကြောင်းမထူးဘူးလေ။ ကျန်တာတွေ ဘာမှ အရေးမကြီးပါဘူး။ လက်ရှိမှာ အန်ဒီရဲ့ဒဏ်ရာက အရေးကြီးဆုံးပဲ"
ထို့နောက် ထန်ရှုက အိုးရန်လုလုအား ဖုန်းခေါ်ကာ သူမ၏ကိုယ်ပိုင်ဂျက်လေယာဉ်နှင့် သူတို့အား ကြယ်တာရာမြို့သို့ ပို့ပေးရန် ဖုန်းဆက်ပြောလိုက်သည်။ ကြယ်တာရာမြို့လေဆိပ်မှ ထွက်လာချိန်တွင် ချန်ကျီကျုံးကြိုတင်စီစဉ်ထားသည့်ဒရိုင်ဘာက အသင့်စောင့်နေလေသည်။
"မင်း ဘယ်သွားမလို့လဲ၊ ဆရာသခင်"ချန်ကျီကျုံးက မေးလိုက်သည်။
"ငါ တောင်ဘက်ဂိတ်မြို့ကို သွားမလို့။ မင်းရဲ့အိမ်ကို အရင်ပြန်သွားလို့ရတယ်"ထန်ရှုက ဖြေလိုက်သည်"အန်ဒီက ဒဏ်ရာရထားတယ်၊ သူမကို ငါ ကုသပေးဖို့ လိုတယ်။ သူမအခြေအနေ တည်ငြိမ်ပြီးရင် ငါ မင်းကို လာရှာမယ်"
"ဒါဆို ငါ မင်းနဲ့ လိုက်သွားမယ်လေ၊ ဆရာသခင်"ချန်ကျီကျုံးက လျင်မြန်စွာ ပြောသည်။"ပြီးတော့ ငါ့မှာ ဆေးပင်လုပ်ငန်းရှိတယ်၊ ဒီတော့ ကုသတဲ့အခါမှာ လိုအပ်တဲ့ဆေးပင်တွေကို ငါ ထောက်ပံ့ပေးနိုင်တာပေါ့"
ထန်ရှုက ခဏစဉ်းစားပြီးနောက် သူ့တောင်းဆိုချက်အား ငြင်းပယ်လိုက်သည်။ စုလင်းယွမ်မရှိလျှင် ချန်ကျီကျုံးလိုက်လာခြင်းက ပြဿနာမရှိပေ။ သို့သော် ချန်ကျီကျုံးက သူ့အမေနှင့် အသက်ရွယ်တူဖြစ်၏။ ချန်ကျီကျုံးက သူ့အား ဆရာသခင်အဖြစ် ခေါ်ဆိုသည်ကို ကြားလျှင် သူ့အမေက အနေရခက်ပေလိမ့်မည်။
"အိမ်ကို အရင်ပြန်ပြီး ငါ့ကို စောင့်နေ။ ငါ မင်း အကူအညီလိုတဲ့အခါ ခေါ်လိုက်မယ်"
"မင်း ဆန္ဒအတိုင်းပါ၊ ဆရာသခင်"ချန်ကျီကျုံးက ခေါင်းညိတ်လိုက်သည်။
****
တောင်ဘက်ဂိတ်မြို့၏ဘုရင့်ရွာတွင်။
ခန်ရှာက စိုးရိမ်နေသဖြင့် အိမ်ရာဝင်ပေါက်၌ ခေါက်တုံ့ခေါက်ပြန် လျှောက်နေလေသည်။
အန်ဒီက ကျင့်ကြံနေစဉ် ရုတ်တရက် ချီဖောက်ပြန်သွားခဲ့သည်၊ သူမက အလွန်စိုးရိမ်သွားရသည်။ သူမက အန်ဒီအား ထန်ရှုကလွဲပြီး သူမ၏အနီးကပ်ဆုံးဆွေမျိုးအဖြစ် သတ်မှတ်ထား၏။ သူမက အန်ဒီအား ဘာအမှားအယွင်းတစ်ခုမှ မဖြစ်စေချင်ပေ။
***