← Chapters

ရက်စက်သော စည်းမျဉ်းများ

Vol. 81 Ch. 1118

ရက်စက်သော စည်းမျဉ်းများ

Vol. 81 Ch. 1118

ကျန်းရီနှင့် ယဉ်ရို့ပင်းတို့သာ လေထဲရှိ အက်ကြောင်းအတွင်းသို့ စွဲယူခံလိုက်ရခြင်း မဟုတ်ပေ။ ထိုအဖြစ်အပျက်က နေရာအနှံ့တွင် ဖြစ်ပျက်နေသည်။

ငရဲအဆင့်၏ ဝိညာဉ်ပြန်ရောက်ခြင်း ချောက်ကမ်းပါးတွင် ပြေးနေသော ကျန်ထျန်းလဲ့လည်း ရပ်တန့်သွားသည်။ ကောင်းကင်က အက်ကွဲလာကြောင်း သူ တွေ့လိုက်ရ၏။ ထို့နောက် စွမ်းအင်တစ်ခုက သူ့ကို လွှမ်းခြုံ၍ ကောင်းကင်ထက်သို့ စွဲယူသွားလေသည်။ သူ အလွန်စိတ်လှုပ်ရှားသွားသည်။ သူက ပဉ္စမအဆင့်၏ အဆုံးကို ရောက်တော့မည်ဖြစ်သည်။ ခပ်လှမ်းလှမ်းရှိ ထွက်ပေါက်ကိုပင် လှမ်းမြင်နေရပေပြီ။ ယင်းက မည်သည့်အဓိပ္ပာယ်နည်း။ ဆန်းကြယ်ဧကရာဇ်နန်းတော်က သူ့အပိုင် ဖြစ်တော့မည်ဆိုသော အဓိပ္ပာယ်ပင်။

ကျန်ထျန်းလဲ့သည် အမှောင်ထုထဲတွင် ပိတ်မိနေရင်း မျက်လုံးရှေ့တွင် အလင်းတစ်ချက်လက်သွားသည်ကို တွေ့လိုက်၏။ သူက ခန်းမကြီးတစ်ခုအတွင်းသို့ ရောက်နေသည်။ သူ့ဘေးတွင်လည်း အခြားလူနှစ်ယောက် ရှိနေသည်။

“ရီချန်၊ ကျန့်ဝူယင်း... မင်းတို့က ဘာလို့ ဒီမှာ ရှိနေတာလဲ”

ကျန်ထျန်းလဲ့ စိတ်ပျက်သွား၏။ ကျန့်ဝူယင်းနှင့် ရီချန်တို့ကလည်း သူ့ကို အံ့အားသင့်စွာ ပြန်ကြည့်လိုက်သည်။ သူတို့နှစ်ယောက်က သတ္တမအဆင့်ကို ဖြတ်ကျော်ကာ အဋ္ဌမအဆင့်သို့ ရောက်လာခြင်းပင်။ သူတို့သည်လည်း သူတို့က ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ရယူနိုင်တော့မည်ဟု ထင်ခဲ့ကြသည်။ သို့သော် ဤနေရာတွင် ကျန်ထျန်းလဲ့ကို တွေ့လိုက်ရမည်ဟု သူတို့ မထင်ထားခဲ့ပေ။

ကျန်ထျန်းလဲ့၊ ရီချန်နှင့် ကျန့်ဝူယင်းတို့သည် သူတို့ပတ်ပတ်လည်ရှိ အကောင်အထည်မရှိသာ မှော်စွမ်းအားတစ်ခုကြောင့် ပို၍အံ့အားသင့်နေကြ၏။ သူတို့သည် အတွင်းအားကိုလည်း သုံး၍ မရတော့ပေ။ သူတို့၏ကောင်းကင်စိတ်အာရုံကလည်း အလုပ်မလုပ်တော့ချေ။ သူတို့ အတွင်းအား မထုတ်နိုင်လျှင် သူတို့၏လက်နက်များက အသုံးဝင်မည် မဟုတ်။ သူတို့၏ နတ်ဘုရားဒိုင်းများကလည်း ထွက်ပေါ်လာမည်မဟုတ်။ သူတို့၏ချပ်ဝတ်များကိုလည်း ဆင့်ခေါ်၍ရမည် မဟုတ်ပေ။

“ဘာတွေ ဖြစ်နေတာလဲ”

ကျန်ထျန်းလဲ့ မလှုပ်ဝံ့ပေ။ အစောက ဝိညာဉ်ပြန်ရောက်ခြင်း ချောက်ကမ်းပါးတွင် အကန့်အသတ်များစွာ ရှိခဲ့သည်။ ဤနေရာက လုံခြုံပုံပေါ်သော်လည်း မည်သည့်ကိစ္စများ ဖြစ်လာမည်ကို မည်သူမှ မသိပေ။ သူ ခန်းမကျယ်ကြီးကို လှည့်ပတ်ကြည့်လိုက်ပြီး မည်သည့်ကိစ္စဖြစ်နေကြောင်းကို သိရရန် သဲလွန်စများကို ရှာလိုက်လေသည်။

ခန်းမကျယ်ကြီးက ရှင်းလင်းနေပြီး အထဲတွင် မည်သည့်ပစ္စည်းမှ ရှိမနေပေ။ ၎င်းက သိုင်းပြခန်းနှင့် ဆင်တူသည်။ ရီချန်နှင့် ကျန့်ဝူယင်းတို့ကလည်း ခန်းမကို အတော်ကြာ လှည့်ပတ်ကြည့်လိုက်ကြ၏။ သို့သော် သူတို့လည်း မည်သည့်သဲလွန်စကိုမှ ရှာမတွ့ပေ။

“လူငယ်လေး...”

ရုတ်တရက် ကျန်ထျန်းလဲ့တို့အနောက်မှနေ၍ အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံက တိတ်ဆိတ်နေသော ခန်းမထဲတွင် ပဲ့တင်ထပ်သွား၍ သူတို့သုံးယောက် တုန်လှုပ်သွားကြသည်။ သူတို့က စိတ်ဓာတ်ခိုင်မာသူများ ဖြစ်၍ တော်သေးပေသည်။ မကြာခင်မှာပင် သူတို့ ပြန်တည်ငြိမ်သွားကြသည်။ သူတို့၏ မျက်ဝန်းများကလည်း တစ်ချိန်တည်းမှာပင် တောက်ပလာကြသည်။

ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲတွင် မည်သည့်အပြင်လူများမှ မရှိပေ။ နန်းတော်အစောင့်အကြပ်သာရှိသည်။ သို့သော် ထိုအစောင့်အကြပ် အောင်းလုက အဆုံးမဲ့ပင်လယ်နက်သို့ ပြန်ရောက်သွားသည်မှာ ကြာခဲ့ပြီဖြစ်သည်။ သို့ဖြစ်ရာ ထိုအသံရှင်မှာ ဆန်းကြယ်နတ်ဘုရားနန်းတော်၏ ပိုင်ရှင်သာ ဖြစ်နိုင်သည်။ ကျန်ထျန်းလဲ့တို့သုံးယောက်သည် ထိုအသံထဲတွင် ဆန်းကြယ်သော အားတစ်ခု ပါနေသည်ဟု တွေးလိုက်ကြသည်။ သူတို့သည် ထိုအသံကို ကြားမိသည်နှင့် ဒူးထောက်ကာ အရိုအသေပေးလိုစိတ်များ ပေါ်လာကြသည်။

ကျန်ထျန်းလဲ့၊ ရီချန်နှင့် ကျန့်ဝူယင်းတို့သည် တုံ့ဆိုင်းမှုမရှိဘဲ ဒူးတစ်ဘက်ထောက်ကာ အလေးအနက် အရိုအသေပေးလိုက်ကြ၏။ ဆန်းကြယ်ဧကရာဇ်က လူသားများအကြားမှ သူရဲကောင်းဖြစ်သည်။ သိုင်းပညာတာအို၏ အထွတ်အထိပ်ကို ရောက်နေသည့် သိုင်းသမားတိုင်းက သူတို့၏လေးစားမှုနှင့် ထိုက်တန်ပေသည်။

“ငါက ဆန်းကြယ်ဧကရာဇ်ပဲ... ဒါပေမဲ့ ဒါက ငါ နတ်ဘုရားနန်းတော်ထဲမှာ ချန်ခဲ့တဲ့ ငါ့ရဲ့ နတ်ဘုရားဝိညာဉ်အပိုင်းအစတစ်ခုပဲ။ စမ်းသပ်ချက်တွေကို အောင်အောင်မြင်မြင် ဖြတ်ကျော်ပြီး ဒီနေရာကို ရောက်လာနိုင်တဲ့အတွက် ဂုဏ်ပြုပါတယ်။ အခု မင်းတို့ ငါ့ရဲ့ ဆန်းကြယ်နတ်ဘုရားနန်းတော်နဲ့ ငါချန်ထားခဲ့တဲ့ ရတနာနှစ်ခုကို ရနိုင်ဖို့ နောက်ဆုံးတစ်ဆင့်ကိုပဲ ဖြတ်‌ကျော်ရတော့မယ်”

အသံက ဆက်ပြောလိုက်၏။ ကျန်ထျန်းလဲ့တို့သုံးယောက် ရင်ခုန်သွားကြသည်။ ရီချန်သည် အသက်ရှူပင် မြန်လာသည်။ သူမက ငယ်စဉ်ကတည်းက ဇင်ကို ကျင့်ကြံခဲ့သူဖြစ်သဖြင့် ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတို့ကို များစွာမခံစားခဲ့ပေ။ သူမ၏ နှလုံးသားက ရေကဲ့သို့ အမြဲ တည်ငြိမ်ခဲ့သည်။ သို့သော် သူမက လူသား မိန်းမပျိုလေးတစ်ယောက်သာ ဖြစ်သည်။ သူတော်စင်တစ်ပါး မဟုတ်ပေ။ သူမသာ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ရယူနိုင်မည်ဆိုလျှင် ရီမျိုးနွယ်အတွက် များစွာ အကျိုးရှိမည်ဖြစ်သည်။ ထို့ကြောင့် သူမ နန်းတော်ကို ရယူနိုင်ရန် အကောင်းဆုံး ယှဉ်ပြိုင်ရပေမည်။ သို့သော် သူမသိသော သိုင်းသမားတိုင်းကလည်း ဆန်းကြယ်နတ်ဘုရားနန်းတော်နှင့် နန်းတော်ထဲမှ ရတနာနှစ်ခုကို လိုချင်ကြပေသည်။ သူတို့သည် ၎င်းတို့ကိုသာ ရနိုင်မည်ဆိုလျှင် အခြားမည်သည့်အရာကိုမှ တောင့်တတော့မည် မဟုတ်ပေ။

ထိုအခိုက်တွင် ရီချန်တို့သုံးယောက် စကားမပြောဝံ့ကြချေ။ သူမတို့သည် အသက်အောင့်ထားပြီး ဆန်းကြယ်ဧကရာဇ်က ဆက်ရှင်းပြမည်ကို စောင့်စားနေကြသည်။ ယခု ပြောနေသည်မှာ ဆန်းကြယ်ဧကရာဇ်၏ နတ်ဘုရားဝိညာဉ်အပိုင်းအစတစ်ခုသာ ဖြစ်သော်လည်း သူမတို့သုံးယောက်သည် ဆန်းကြယ်ဧကရာဇ်ကို ဒေါသထွက်အောင် ပြုမိမည်ကို စိုးရိမ်နေကြသည်။ သူမတို့ထဲက မည်သူကမှ နန်းတော်ကို ရယူနိုင်မည့် အခွင့်အရေးကို မဆုံးရှုံးလိုကြပေ။

“စည်းမျဉ်းတွေက ရိုးရှင်းပါတယ်”

ဆန်းကြယ်ဧကရာဇ်က ဆက်၍ပြောလိုက်သည်။

“ငါချန်ခဲ့တဲ့ ရတနာတွေကို လူတစ်ယောက်ကပဲ ဆက်ခံနိုင်တယ်။ အဲ့ဒါကြောင့် တစ်ယောက်ပဲ ရှင်သန်နိုင်မယ်။ မင်းတို့ တခြားသူတွေကိုသတ်ပြီး ရတနာတွေကို ယူမလား ဒါမှမဟုတ် ဒီနေရာမှ ငါ ဆင်ခဲ့တဲ့ အစီအရင်အကန့်အသတ်တွေရဲ့ သတ်ဖြတ်တာကို ခံမလား.. မင်းတို့ တစ်လမ်းကိုပဲ ရွေးလို့ရမယ်။ ငါ့ရဲ့ ဆက်ခံသူက ရက်ရက်စက်စက် သတ်ဖြတ်နိုင်ရမယ်။ အဲ့ဒါမှသာ သူက သန်းချီတဲ့ မိစ္ဆာသားရဲတွေကို ထိန်းချုပ်ပြီး လူသားမျိုးနွယ်ကို ကာကွယ်နိုင်မှာ။ နောက်ဆယ်စက္ကန့်နေရင် ယှဉ်ပြိုင်ပွဲစမယ်”

ဝုန်း...

ကျန်ထျန်းလဲ့၊ ကျန့်ဝူယင်းနှင့် ရီချန်တို့၏ အတွေးများ ပေါက်ကွဲထွက်သွား၏။ သူတို့ မှင်တက်သွားကြသည်။ သူတို့သုံးယောက်က ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှ မျိုးနွယ်ဝင်များဖြစ်ကြ၏။ သူတို့သည် အချင်းချင်း ငြင်းခုံ၊ တိုက်ခိုက်နိုင်သော်လည်း သတ်ဖြတ်ရန်ကိုမူ လက်ရွံ့ကြသည်။ မျိုးနွယ်တိုင်း၏ စည်းမျဉ်းများက အလွန်ရှင်းလင်းသည်။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှ မျိုးနွယ်ဝင်တစ်ယောက်ကို သတ်သူတိုင်း ပျက်သုဉ်းရမည်ဖြစ်သည်။

သို့သော် ကျန်ထျန်းလဲ့နှင့် ကျန့်ဝူယင်းတို့၏ မျက်နှာထားများက ချက်ချင်း တင်းမာသွားကြသည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်နှင့် ၎င်းထဲရှိ ရတနာနှစ်ခုတို့နှင့် ယှဉ်လိုက်သောအခါ သူတို့၏ မျိုးနွယ်စည်းမျဉ်းများက မှေးမှိန်သွားရသည်။ ထို့ပြင် ဆန်းကြယ်ဧကရာဇ်က ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီဖြစ်သည်။ သူတို့ အချင်းချင်း သတ်မည်လော သို့မဟုတ် သေမည်လောကိုသာ ‌ရွေးချယ်နိုင်သည်။ မည်သူမှ မသေချင်ပေ။

ကျန်ထျန်းလဲ့နှင့် ကျန့်ဝူယင်းတို့ တစ်ပြိုင်တည်း ထရပ်လိုက်သည်။ ထို့နောက် သူတို့ တစ်ယောက်ကိုတစ်ယောက် စိုးရိမ်တကြီး ကြည့်လိုက်ကြ၏။ ရီချန်လည်း ထရပ်လိုက်ပေပြီ။ သို့သော် သူမ၏ မျက်ဝန်းများထဲတွင် ရှုပ်ထွေးသော ခံစားချက်အရိပ်အယောင်များ ရှိနေသည်။ သူမက လူသတ်သမား မဟုတ်ပေ။ သူမသည် မိစ္ဆာသားရဲများကို သတ်ဖြတ်ရာတွင် လက်မတွန့်သော်လည်း လူများကို သတ်ရန်အတွက်မူ မရဲချေ။ ထို့ပြင် ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှ မျိုးနွယ်ဝင်များကို သတ်ရမည်ဖြစ်ရာ သာ၍ပင် ဆိုးလေသည်။ သူမသည် အခြားလူတစ်ယောက်၏ စကားကြောင့် အချင်းချင်း ပြန်မသတ်လိုပေ။

“ရီချန်... ကျွန်တော်တို့အတူ ပူးပေါင်းပြီး ကျန်ထျန်းလဲ့ကို သတ်ရမယ်။ မဟုတ်ရင် ကျွန်တော်တို့နှစ်ယောက် သေရလိမ့်မယ်”

ကျန့်ဝူယင်းက ရီချန်ထံသို့ အသံပို့လွှတ်လိုက်သည်။ ကျန်ထျန်းလဲ့က နတ်ဘုရားတစ်ပိုင်း ဖြစ်သည်။ ထို့ပြင် ဤခန်းမထဲ၌ သူတို့သည် တာအိုပုံသဏ္ဌာန်များကို အသုံးမပြုနိုင်သဖြင့်  ခန္ဓာကိုယ်အင်အားကိုသာ သုံး၍ တိုက်ခိုက်ရမည်ဖြစ်သည်။ သို့သော် ကျန်ထျန်းလဲ့၏ခန္ဓာကိုယ်က သူတို့နှစ်ယောက်၏ခန္ဓာကိုယ်ထက် များစွာပို၍ သန်မာပေသည်။ ထို့ကြောင့် ကျန့်ဝူယင်းက ရီချန်နှင့် ပူးပေါင်း၍ ကျန်ထျန်းလဲ့ကို အရင်ဆုံး သတ်လိုနေခြင်းပင်။ ကျန်ထျန်းလဲ့သေသွားမှ သူတို့နှစ်ယောက် ပြန်တိုက်ခိုက်ကြမည်ဖြစ်သည်။

ဝှစ်...

ကျန်ထျန်းလဲ့က စတင်လှုပ်ရှားနေပေပြီ။ သူက ကျန့်ဝူယင်းနှင့် ရီချန်တို့ထံ လှစ်ခနဲ ပြေးသွား၏။ သူ၏ ပထမဆုံးပစ်မှန်က ကျန့်ဝူယင်းမဟုတ်ဘဲ ရီချန်ဖြစ်သည်။ ရီချန်၏ မျက်ဝန်းထဲတွင် မည်သည့်ခက်ထန်မှုမှ ရှိမနေပေ။ သူမ နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ ပြောလိုက်သည်။

“ရှင်တို့နှစ်ယောက်ပဲ တိုက်ခိုက်ကြပါ။ ကျွန်မ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို မလိုချင်တော့ဘူး။ ရှင်တို့ ကျွန်မကို သတ်မယ်ဆိုရင်တောင် ကျွန်မ ပြန်ခုခံမှာ မဟုတ်ပါဘူး”

ထိုအခါ ကျန်ထျန်းလဲ့၏ အေးစက်စက်အကြည့်များက ကျန့်ဝူယင်းအပေါ် ကျရောက်သွားသည်။ ကျန့်ဝူယင်းသည် ထိုအကြည့်များကို တွေ့လိုက်၏။ သူ့မျက်ဝန်းများထဲတွင်လည်း အရောက်လက်သွားသည်။ ထို့နောက် သူသည် လက်ထဲမှ ဝိညာဉ်ဖမ်းပုလွေကို မြှောက်ကာ အေးစက်စက် အော်ပြောလိုက်သည်။

“ကျန်ထျန်းလဲ့... ခင်ဗျားရဲ့ ခန္ဓာကိုယ်က သန်မာပြီး ကျွန်တော်က အတွင်းအား မသုံးနိုင် ဖြစ်နေမယ်၊ ကျွန်တော် ဒီပုလွေကို မှုတ်လိုက်ရင် ခင်ဗျားကို ဖျက်ဆီးပစ်နိုင်တယ်”

“အဲ့ဒါဆိုလည်း စမ်းကြည့်လေ”

ကျန်ထျန်းလဲ့က ခြောက်ကပ်ကပ် ရယ်‌မောလိုက်သည်။ ထို့နောက် သူ ကျန့်ဝူယင်းထံသို့ ပြေးသွားလိုက်လေသည်။ ရီချန်က မတိုက်ခိုက်လိုသဖြင့် ဆန်းကြယ်ဧကရာဇ်၏ အကန့်အသတ်အစီအရင်များက သူမကို သတ်သွားပေလိမ့်မည်။ သူ မည်သို့မှပင် လုပ်ရန် မလိုပေ။

“သတ်...”

ကျန့်ဝူယင်းက ဝိညာဉ်ဖမ်းပုလွေကို မမှုတ်လိုက်ပေ။ ကျန်ထျန်းလဲ့က နတ်ဘုရားဝိညာဉ်ကို ပိုင်ဆိုင်ထားသဖြင့် နတ်ဘုရားအသံ ကောင်းကင်အတတ်က သူ့အပေါ်တွင် သက်ရောက်နိုင်မည် မဟုတ်ပေ။

ကျန့်ဝူယင်း၏လက်ထဲတွင် အနက်ရောင် သံချိတ်ကောက်တစ်ခု ထွက်ပေါ်လာသည်။ ထိုသံချိတ်ကောက်က အဆိပ်ရှိကြောင်း သိသာ၏။ ထို့နောက် သူသည် သတ်ဖြတ်အရှိန်အဝါကို အဆုံးစွန်အထိ ထုတ်လွှတ်၍ ရယ်ကာ ပြောလိုက်သည်။

“ကျန်ထျန်းလဲ့... ဒီသွေးစုပ်ချိတ်ကောက်က အဆိပ်လူးထားတာ။ ဒါနဲ့ တစ်ချက်ခြစ်မိတာနဲ့ ခင်ဗျား သေချာပေါက် သေသွားလိမ့်မယ်။ သေဖို့သာ ပြင်ထားပေတော့”

ရက်စက်သော တိုက်ပွဲ စတင်ပေပြီ။ မည်သူရှင်၍ မည်သူသေမည်နည်း။ ရီချန်က ခန်းမထောင့်တစ်နေရာသို့ ဆုတ်သွားလိုက်ပြီး မျက်လုံးများ မှိတ်ထားလိုက်သည်။ သူမ၏ မျက်နှာဖုံးအောက်မှ မျက်နှာက တည်ငြိမ်နေသည်။ သူမ သေရန် အဆင်သင့် ဖြစ်နေပေပြီ။

***

“ငါချန်ခဲ့တဲ့ ရတနာတွေကို လူတစ်ယောက်ကပဲ ဆက်ခံနိုင်တယ်။ အဲ့ဒါကြောင့် တစ်ယောက်ပဲ ရှင်သန်နိုင်မယ်။ မင်းတို့ တခြားသူတွေကိုသတ်ပြီး ရတနာတွေကို ယူမလား ဒါမှမဟုတ် ဒီနေရာမှ ငါ ဆင်ခဲ့တဲ့ အစီအရင်အကန့်အသတ်တွေရဲ့ သတ်ဖြတ်တာကို ခံမလား.. မင်းတို့ တစ်လမ်းကိုပဲ ရွေးလို့ရမယ်...”

တစ်ချိန်တည်းမှာပင် အခြားခန်းမကြီးတစ်ခု၌ ကျန်းရီနှင့် ယဉ်ရို့ပင်းတို့ကလည်း တူညီသော ညွှန်ကြားချက်ကို ကြားလိုက်ရသည်။ ကျန်းရီက ခန်းမထဲသို့ ရောက်ပြီးနောက် ပြန်သတိလည်လာခဲ့သည်။ သို့သော် သူ ဆန်းကြယ်ဧကရာဇ်၏ အသံကို ကြားလိုက်ရချိန်တွင် မူးဝေနေဆဲဖြစ်သည်။

ဝုန်း...

ဆန်းကြယ်ဧကရာဇ်၏ ညွှန်ကြားချက်ကို ကြားပြီးနောက်တွင်မူ ကျန်းရီနှင့် ယဉ်ရို့ပင်းတို့ တုန်လှုပ်သွားကြသည်။ သူတို့သည် တုန်လှုပ်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ဆန်းကြယ်ဧကရာဇ် ဆက်ပြောသော နောက်ဆုံးပိုင်းမှ စကားများကိုပင် သူတို့ မကြားတော့ချေ။

ထိုအခိုက်တွင် အချိန်က ရပ်တန့်သွားပုံပေါ်၏။ ယဉ်ရို့ပင်းက မျှော်လင့်ချက်ကင်းမဲ့ပုံ ပေါ်နေသည်။ ကျန်းရီမူ ‌ဒေါသထွက်နေပုံပေါ်သည်။ သူ ဒေါသတကြီး အော်ပြောလိုက်သည်။

“ဆန်းကြယ်ဧကရာဇ်... ကျွန်တော်တို့ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို မလိုချင်တော့ဘူး။ ကျွန်တော်တို့ ပြိုင်ပွဲက ထွက်မယ်”

သို့သော် ဆန်းကြယ်ဧကရာဇ်က မည်သို့မှ ဆက်မပြောတော့ပေ။ ကျန်းရီသည် ပဲ့တင်ထပ်နေသော သူ၏အသံကိုသာ အချိန်အတော်ကြာ ပြန်ကြားနေရလေသည်။

သုံးစက္ကန့်၊ ငါးစက္ကန့်...ဆယ်စက္ကန့်...

ဆယ်စက္ကန့် ကုန်ဆုံးသွားသည်။ ထိုအခိုက် ကျန်းရီနှင့် ယဉ်ရို့ပင်းတို့အပေါ်သို့ တောက်ပသော အလင်းတန်းတစ်ခု ကျဆင်းလာသည်။ ခန်းမထဲတွင်လည်း ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ပြည့်နှက်သွားသည်။ ဆန်းကြယ်ဧကရာဇ်၏ အကန့်အသတ်အစီအရင်များက သူတို့ကို အချိန်မရွေး သတ်ပစ်တော့မည့်ပုံပင်။

ဝှစ်...

ကျန်းရီနှင့် ယဉ်ရို့ပင်းတို့ တစ်ပြိုင်တည်း လှုပ်ရှားလိုက်၏။ ယဉ်ရို့ပင်းက သူမ၏အင်္ကျီလက်ထဲမှ အနီရောင် ဓားမြှောင်တစ်ချောင်းကို ထုတ်လိုက်ပြီး ကျန်းရီက လက်ဓားဟန် ပြုလုပ်လိုက်သည်။ ထို့နောက် သူ ယဉ်ရို့ပင်းထံ ပြေးသွားလိုက်လေတော့သည်။

***

All Chapters