← Chapters

အမှားတစ်ခု

Vol. 81 Ch. 1119

အမှားတစ်ခု

Vol. 81 Ch. 1119

ကျန်းရီနှင့် ယဉ်ရို့ပင်းတို့သည် သူတို့ မိစ္ဆာဝိညာဉ်တောင်ကြားကို ဖြတ်ကျော်ပြီးချိန်တွင် အဘယ်ကြောင့် ထိုခန်းမအတွင်းသို့ တည်နေရာရွှေ့ပြောင်းခံလိုက်ရကြောင်းကို မသိကြပေ။ အဘယ်ကြောင့် ဆန်းကြယ်ဧကရာဇ်က ထိုသို့သော စမ်းသပ်မှုမျိုးကို လုပ်ရခြင်းဖြစ်ကြောင်းကိုလည်း သူတို့ မသိချေ။ သို့သော် ဆန်းကြယ်ဧကရာဇ်က သူတို့ကို စနောက်နေခြင်း မဟုတ်သည်ကိုမူ သူတို့ သိပေသည်။ သူတို့၏ ခေါင်းအထက်မှ အကန့်အသတ်အစီအရင်များက တောက်ပနေကြသည်။ ယင်းမှာ သူတို့သာ တစ်ယောက်နှင့်တစ်ယောက် စတင် မသတ်ဖြတ်သေးလျှင် အချိန်မရွေး အသတ်ခံရမည်ဆိုသော သတိပေးချက်ပင်။

သေရေး၊ ရှင်ရေး အခိုက်အတန့်တွင် ကျန်းရီနှင့် ယဉ်ရို့ပင်းတို့သည် များစွာမတွေးတောနိုင်ကြပေ။ သူတို့ စတင်လှုပ်ရှားလိုက်ကြသည်။ သူတို့သည် တစ်ယောက်ကိုတစ်ယောက် သတ်ရန် ကြိုးစားနေကြခြင်း မဟုတ်ဘဲ ကာကွယ်ရန် လုပ်နေကြခြင်းပင်။ ယဉ်ရို့ပင်းက ဓားမြှောင်ကိုထုတ်၍ သူမ၏လည်ပင်းကို သူမဘာသာ ထောက်လိုက်သည်။ အကယ်၍ ထိုနေရာမှ တစ်ယောက်သာ အသက်ရှင်လျက် ထွက်သွားနိုင်မည်ဆိုလျှင် သူမသည် ကျန်းရီ အသက်ရှင်နိုင်ရန် သူမကိုယ်သူမ စတေးမည်ဖြစ်သည်။

ကျန်းရီ၏ အတွေးမှာလည်း ထို့အတူပင်။ သူက ယဉ်ရို့ပင်းအပေါ် များစွာအကြွေးတင်နေသည်။ ထိုကဲ့သို့သောအချိန်တွင် များစွာတွေးတောနေရန်ပင် မလိုချေ။ သူသည် ယဉ်ရို့ပင်းကို သတိလစ်သွားအောင်လုပ်၍ သူ့ကိုယ်သူ သတ်သေရန် ဆုံးဖြတ်လိုက်သည်။ ထိုခန်းမထဲတွင် သူ အတွင်းအား မသုံးနိုင်သည်ဖြစ်ရာ ခန္ဓာ၏ လျင်မြန်မှုကိုသာ အားကိုးရမည်ဖြစ်သည်။ နောက်ဆုံးတွင် သူသည် ယဉ်ရို့ပင်း မသတ်သေနိုင်သေးခင် တိုက်ခိုက်နိုင်လိုက်လေသည်။

ဝုန်း...

ခပ်အုပ်အုပ်အသံတစ်သံ ထွက်ပေါ်လာ၏။ ကျန်းရီက ယဉ်ရို့ပင်း၏ ခေါင်းအနောက်ကို ရိုက်လိုက်သောအခါ သူမ လဲကျသွားသည်။ သူမသည် လဲကျသွားသည့်အခိုက်တွင် ကျန်းရီကို တုန်လှုပ်သော မျက်ဝန်းများဖြင့် ကြည့်လိုက်၏။ သူ မည်သို့လုပ်တော့မည်ကို သူမ သိနေပုံပင်။

“ရို့ပင်း... မင်း ဆက်ရှင်သန်မယ်လို့ ငါ့ကို ကတိပေးပါ...”

ကျန်းရီက ယဉ်ရို့ပင်း၏လက်ထဲမှ ဓားမြှောင်လေးကို ယူလိုက်ပြီး သူမကို ချစ်ခင်သော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။ သူသည် သူမကို ကြမ်းပြင်ပေါ်တွင် ညင်သာစွာ ချပေးလိုက်ပြီး သူမ၏နှုတ်ခမ်းကို နမ်းလိုက်သည်။ ထို့နောက် သူ ခပ်သဲ့သဲ့ပြုံးကာ မျက်လုံးများမှိတ်လိုက်ပြီး ဓားမြှောင်ဖြင့် သူ့ကိုယ်သူ ရက်ရက်စက်စက် ထိုးချလိုက်လေသည်။

ဝှစ်...

ဓားမြှောင်လေးက အလွန်လျင်မြန်စွာ ရွေ့လျားသွား၏။ ကျန်းရီသည် သူချစ်ရသောမိန်းကလေး ဆက်၍အသက်ရှင်နိုင်ရန် ပြတ်ပြတ်သားသားဖြင့် အကောင်းဆုံး ပြုလုပ်လိုက်ခြင်းပင်။ အခြားမည်သည်ကိုမှ စဉ်းစားနေရန် မလိုပေ။

လူတစ်ယောက်သာ ရှင်သန်နိုင်သည်။ ထို့ကြောင့် ယဉ်ရို့ပင်း ရှင်သန်နိုင်ရန်အတွက် ကျန်းရီ သေရပေမည်။

ဝုန်း...

ဓားမြှောင်လေးက အလွန်ထက်ရှ၏။ ၎င်းသည် ကျန်းရီ၏ခေါင်းကို အလွယ်တကူ ဖောက်ဝင်သွားပြီး သူ၏ဦးခေါင်းခွံကို ဖြတ်ကာ သူ၏ဝိညာဉ်ကို ထိုးစိုက်သွားလေသည်။ ဝိညာဉ်ပျက်စီးသွားလျှင် နတ်ဘုရားများပင် မရှင်သန်နိုင်ချေ။ ထိုအခိုက်တွင် ကျန်းရီသည် နာကျင်မှုကို အနည်းငယ်ပင် မခံစားလိုက်ရပေ။ ထိုအစား သူ စိတ်အေးသွားသည်။

ကျန်းရီသည် အလွန်ပင်ပန်းနွမ်းနယ်နေပြီဖြစ်၍ အနားယူလိုနေပေပြီ။

ဝုန်း...

ကျန်းရီ၏ ခေါင်းအထက်မှ အကန့်အသတ်အစီအရင်က လင်းလက်လာပြီး ကျန်းရီကို လွှမ်းခြုံသွားသည်။ ကြောက်မက်ဖွယ်ဖိအားတစ်ခုက သူ့အပေါ်သို့ ကျလာသဖြင့် သတိလစ်နေသော ယဉ်ရို့ပင်းတစ်ယောက် လန့်နိုးလာသည်။

“မဟုတ်ဘူး...”

ယဉ်ရို့ပင်းသည် မျက်လုံးများ ဖွင့်လိုက်သည်နှင့် အဖြူရောင်အလင်းအောက်တွင် ပြာမှုန့်များအဖြစ် ပြောင်းလဲနေသော ကျန်းရီကို တွေ့လိုက်ရသည်။ သူမ အလွန်တုန်လှုပ်သွားပြီး မျက်နှာဖြူဖျော့သွားသည်။ ထို့နောက်တွင် သူမ ရင်ခေါင်းသံကြီးဖြင့် အော်လိုက်လေသည်။

“ကျန်းရီ...ကျန်းရီ...ဟင့်အင်း.. ရှင်သေလို့မရဘူး”

သို့သော် ခန်းမကျယ်ကြီးက ယခုတွင် ဗလာဖြစ်သွားပေပြီ။ ခန်းမထဲတွင် ယဉ်ရို့ပင်းနှင့် သူမ၏ငိုကြွေးသံများသာ ကျန်ခဲ့သည်။ ကျန်းရီက ပြာဖြစ်သွားပြီဖြစ်သည်။ သူ၏အရိုးများပင် မကျန်ခဲ့ချေ။

ဝုန်း...

အခြားခန်းမထဲတွင်လည်း တူညီသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားသွားသည်။ မျက်နှာကြက်က လင်းလက်သွားပြီး အဖြူရောင်အလင်းတန်းတစ်ခု ကျဆင်းလာကာ ရီချန်ကို လွှမ်းခြုံသွားသည်။ ထို့နောက် သူမတို့အပေါ်သို့ ဖိအားတစ်ခု ဖိနှိပ်လာလေသည်။

ကျန်ထျန်းလဲ့နှင့် ကျန့်ဝူယင်းတို့က သူသေကိုယ်သေ တိုက်ခိုက်နေကြဆဲပင်။ သို့သော် အဖြူရောင်အလင်းတန်းကို မြင်လိုက်ရသောအခါ သူတို့နှစ်ယောက်စလုံး ရပ်တန့်လိုက်ပြီး ရီချန်ကို လှည့်ကြည့်လိုက်ကြသည်။ ရီချန်က သူတို့၏ မျက်စိရှေ့မှာပင် ပြာဖြစ်သွားသည်။ ရီချန်၏ခန္ဓာကိုယ်က အဖြူရောင်အလင်းတန်းထဲတွင် ပျောက်ကွယ်သွားသောအခိုက်တွင် သူတို့နှစ်ယောက် ကျောစိမ့်သွားကြသည်။ အကန့်အသတ်အစီအရင်များက အလွန်ကြောက်မက်ဖွယ်ကောင်းပေသည်။ ၎င်းတို့၏ စွမ်းအားက ကြယ်ကိုးပွင့်အဆင့် သိုင်းပညာရှင်တစ်ယောက်၏ တိုက်ခိုက်မှုများနှင့်ပင် ယှဉ်နိုင်သည်။ လောကထိပ်တန်း လူငယ်ပါရမီရှင်တစ်ယောက် သေဆုံးသွားသည်မှာတော့ နှမြောစရာကောင်းပေသည်။

ရီချန်သည် အစမှအဆုံးအထိ မလှုပ်ရှားခဲ့ပေ။ သူမက တည်ငြိမ်သော မျက်နှာထားဖြင့် မျက်လုံးများ မှိတ်ထားခဲ့သည်။ နောက်ဆုံးအခိုက်အတန့်ရောက်သည်အထိ သူမ မျက်လုံးတစ်ချက် ဖွင့်မကြည့်ခဲ့ချေ။ သူမက အမြဲပင် စည်းမျဉ်းများကို လိုက်နာခဲ့သူဖြစ်သည်။ သူမသည် မခုခံရန် ဆုံးဖြတ်ထားပြီဖြစ်၍ သေသည်အထိ မလှုပ်မယှက်သာ နေခဲ့သည်။

“သတ်...”

ကျန်ထျန်းလဲ့နှင့် ကျန့်ဝူယင်းတို့သည် ခေတ္တမျှ ရပ်တန့်နေပြီးနောက် ဆက်၍ တိုက်ခိုက်လိုက်ကြသည်။ ကျန်ထျန်းလဲ့က ခန္ဓာကိုယ်တုတ်ခိုင်ကာ သန်မာသည်။ သို့သော် ကျန့်ဝူယင်း၏လက်ထဲတွင်လည်း အဆိပ်လူး ချိတ်ကောက် ရှိနေသည်။ ထို့ကြောင့် ကျန်ထျန်းလဲ့ အလွန်သတိထားနေရသည်။ သို့ဖြင့် သူတို့နှစ်ယောက် သရေကျနေပြီး တစ်ယောက်ကိုတစ်ယောက် မသတ်ဖြတ်နိုင် ဖြစ်နေလေသည်။

ကျန့်ဝူယင်းက အမှန်ပင် လောကထိပ်တန်း ပါရမီရှင်တစ်ယောက်ပင်။ သူက အလွန်ဉာဏ်ကောင်းသည်။ သူသည် သူ၏လက်နက်ကို အပြည့်အဝ အသုံးချနေသည်။ သူ၏ တိုက်ခိုက်မှုတိုင်းက သူသေကိုယ်သေ တိုက်ကွက်မျိုးချည်းသာ။ အကယ်၍ ကျန်ထျန်းလဲ့က သူ့ကို တိုက်ခိုက်လိုလျှင် သူ့ချိတ်ကောက်၏ ခုတ်ပိုင်းမှုကို ခံရမည်ဖြစ်သည်။ ထိုချိတ်ကောက်ပေါ်တွင် ပြင်းထန်သော အဆိပ်ကို လူးထားသည်။ ကျန်ထျန်းလဲ့သည် ကျန့်ဝူယင်းနှင့်အတူ မသေဆုံးလိုပေ။ ထို့ကြောင့် သူသည် ကျန့်ဝူယင်းကို တိုက်ခိုက်နိုင်မည့် အခွင်းအရေးများစွာကို လက်လွတ်ခံခဲ့ရသည်။

“ဟားဟားဟား... ကျန်ထျန်းလဲ့... ခင်ဗျားက ဘာလို့ အမြဲတမ်း ရှောင်ထွက်နေရတာလဲ။ ကျွန်တော်က ဆယ့်ငါးနှစ်ပဲ ရှိသေးတယ်။ ခင်ဗျားက အသက်သုံးဆယ်ဖြစ်နေပြီ။ ကျွန်တော့်ထက် အသက်နှစ်ဆကြီးတယ်။ ဒါပေမဲ့ ခင်ဗျားက သေရမှာကို အဲ့လောက် ကြောက်တယ်လား။ ကျန်မျိုးနွယ်က လူတွေအကုန်လုံးက ငကြောက်တွေချည်းပဲလား”

ကျန့်ဝူယင်းက ကျန်ထျန်းလဲ့ကို ရန်စရန် ကြိုးစားနေ၏။ သူသည် ကျန်ထျန်းလဲ့တစ်ယောက် ဒေါသူပုန်ထသွားပြီး တည်တည်ငြိမ်ငြိမ် မတွေးတောနိုင်တော့အောင် လုပ်လိုနေခြင်းပင်။ သို့သော် ကျန်ထျန်းလဲ့က ဆက်၍ တည်ငြိမ်နေသည်။ သူသည် ငါးစာကို မဟပ်သလို ကျန့်ဝူယင်းကိုလည်း အသက်ငယ်သည်ဟူ၍ လျှော့မတွက်ပေ။ တိုက်ပွဲတစ်ခုတွင် ရန်သူကို လျှော့တွက်မိလျှင် အသက်ဆုံးရှုံးရနိုင်သည်။ ကေသရာဇာခြင်္သေ့မင်းသည် ယုန်တစ်ကောင်ကို အမဲလိုက်လျှင်ပင် အင်အားကုန် ထုတ်သုံးသည် မဟုတ်လော။ ကျန့်ဝူယင်းမှာ ယုန်မဟုတ်ပေ။ စွမ်းအားကြီး သိုင်းပညာရှင်တစ်ယောက်ဖြစ်သည်။

‘တစ်ခုခုတော့ မှားနေပြီ...’

ကျန်ထျန်းလဲ့သည် ခန်းမအတွင်း လှည့်ပတ်၍ ရှောင်တိမ်းနေသည်။ သူသည် ရီချန် ထိုင်နေခဲ့သော နေရာသို့ ရောက်သွားသောအခါ သူ၏အနံ့အာရုံက မှားယွင်းနေသောအရာကို ပြသလိုက်သည်။ သူ မည်သည့်ညှော်နံ့ကိုမှ အနံ့မခံမိပေ။

အကယ်၍ လူတစ်ယောက်က မြင့်မားသော အပူချိန်အောက်တွင် ပြာကျသည်အထိ လောင်ကျွမ်းခံရလျှင် သေချာပေါက် ညှော်နံ့ထွက်ရမည်ဖြစ်သည်။ သို့သော် ခန်းမထဲတွင် ညှော်နံ့ရှိမနေပေ။ ထို့ပြင် ရီချန်က အမှန်တကယ် ပြာကျသွားခြင်းဖြစ်လျှင် ခန်းမထဲ၌ ပြာမှုန့်များ ရှိနေသင့်သည်။ သို့သော် ယခုတွင် မည်သည့်ပြာမှုန့်မှ ရှိမနေချေ။

‘ငါချန်ခဲ့တဲ့ ရတနာတွေကို လူတစ်ယောက်ကပဲ ဆက်ခံနိုင်တယ်။ အဲ့ဒါကြောင့် တစ်ယောက်ပဲ ရှင်သန်နိုင်မယ်။ မင်းတို့ တခြားသူတွေကိုသတ်ပြီး ရတနာတွေကို ယူမလား ဒါမှမဟုတ် ဒီနေရာမှ ငါ ဆင်ခဲ့တဲ့ အစီအရင်အကန့်အသတ်တွေရဲ့ သတ်ဖြတ်တာကို ခံမလား.. မင်းတို့ တစ်လမ်းကိုပဲ ရွေးလို့ရမယ်။ ငါ့ရဲ့ ဆက်ခံသူက ရက်ရက်စက်စက် သတ်ဖြတ်နိုင်ရမယ်။ အဲ့ဒါမှသာ သူက သန်းချီတဲ့ မိစ္ဆာသားရဲတွေကို ထိန်းချုပ်ပြီး လူသားမျိုးနွယ်ကို ကာကွယ်နိုင်မှာ...’

ကျန်ထျန်းလဲ့သည် ဆန်းကြယ်ဧကရာဇ်ပြောခဲ့သော စကားများကို ပြန်တွေးလိုက်ပြီး တစ်စုံတစ်ခု မူမမှန်ဖြစ်နေသည်ဟု ပို၍ခံစားလာရသည်။ ဆန်းကြယ်ဧကရာဇ်၏ စကားများထဲတွင် မည်သည့်မူမမှန်မှုမှ မရှိပေ။ သူက မိစ္ဆာမျိုးနွယ်ကို ထိန်းချုပ်၍ လူသားမျိုးနွယ်ကို ကာကွယ်လိုခဲ့ခြင်းပင်။ မိစ္ဆာများကို ထိန်းချုပ်နိုင်ရန် ရက်စက်ရမည်ဆိုသည်မှာလည်း အမှန်ပင်ဖြစ်သည်။ သို့‌သော် ကျန်ထျန်းလဲ့သည် ဆန်းကြယ်ဧကရာဇ် အသက်ရှိစဉ်က ပြုလုပ်ခဲ့သော အရာများကို တွေးမိသောအခါ ပြဿနာကြီးတစ်ခုကို သိရှိသွားသည်။

ဆန်းကြယ်ဧကရာဇ်က အမြဲပင် ရက်စက်ခဲ့သည်။ သူသည် ငယ်ရွယ်စဉ်တွင် နယ်မြေငယ်တစ်ခုမှနေ၍ အရှေ့ဘက် တော်ဝင်နယ်မြေသို့ ရောက်လာခဲ့ခြင်းဖြစ်ပြီး သူလာရာ လမ်းတစ်လျှောက်တွင် သွေးချောင်းစီးစေခဲ့သည်။ သူသည် မိစ္ဆာများကို မည်သည့်အခါတွင်မှ မသက်ညှာခဲ့ပေ။ သူ့လက်ချက်ဖြင့် သေဆုံးသွားရသော မိစ္ဆာများ မရေမတွက်နိုင်အောင် ရှိသည်။ သို့သော် သူသည် လူသားတစ်ယောက်ကိုမှ မသတ်ဖြတ်ခဲ့ချေ။ ဆိုရလျှင် သူက လူသားများအပေါ် အလွန်ကြင်နာရက်ရောစွာ အုပ်စိုးခဲ့သည်။

မျိုးနွယ်(၁၃)ခုက သူ့ကို သစ္စာဖောက်ခဲ့စဉ်ကလည်း သူက ထိုမျိုးနွယ်များအပေါ် ရက်ရက်စက်စက် မပြုမူခဲ့ပေ။ ထိုအစား မျိုးနွယ်ခေါင်းဆောင်များကိုသာ ကွပ်မျက်ခဲ့သည်။ ထို့နောက် မျိုးနွယ်(၁၃)ခုမှ ကျန်မျိုးနွယ်ဝင်များကို အပြစ်သားကျွန်းသို့ နယ်နှင်ဒဏ်ပေးခဲ့သည်။

မိစ္ဆာများက လောကတစ်ခွင်လုံးကို လှည့်လည်၍ လူများစွာကို သတ်ခဲ့သော်လည်း သူသည် မိစ္ဆာ‌ခေါင်းဆောင်များကိုသာ သတ်ခဲ့သည်။ ကျန်မိစ္ဆာများကိုမူ အရှေ့ဘက် တော်ဝင်နယ်မြေမှသာ မောင်းထုတ်ပစ်ခဲ့သည်။ သူသည် သွေးညအကြောက်တရားပင်လယ်နှင့် အဆုံးမဲ့ပင်လယ်နက်သို့ ထွက်ပြေးသွားခဲ့သော မိစ္ဆာများကို လိုက်၍သတ်ဖြတ်နိုင်သော်လည်း အလွတ်ပေးခဲ့သည်။

ဧကရာဇ်ကိုးပါးမျိုးနွယ်စုသည် ဧကရာဇ်ကိုးပါး၏ ဘိုးဘေးများက ဆန်းကြယ်ဧကရာဇ်ကို ကျူပင်ခုတ်ကျူငုတ်မကျန်စေရန် အပြစ်သားကျွန်းမှ သစ္စာဖောက်အားလုံးနှင့် အဆုံးမဲ့ပင်လယ်နက်မှ မိစ္ဆာများအားလုံးကို ရှင်းပစ်ရန် သွားရောက်တောင်းဆိုခဲ့သော်လည်း ဆန်းကြယ်ဧကရာဇ်က မည်သို့မှ ပြန်မပြော၊ ပြန်မလုပ်ဘဲ ပြုံးရုံသာ ပြုံးပြခဲ့ကြောင်းကို မှတ်တမ်းတင်ထားသည်။

ဆန်းကြယ်ဧကရာဇ်က ကြင်နာတတ်ပြီး မဆင်မခြင် သတ်ဖြတ်တတ်သူတစ်ယောက် မဟုတ်ပေ။ သို့ဆိုလျှင် အဘယ်ကြောင့် သူက သူ၏ဆက်ခံသူကို သွေးဆာနေသော သိုင်းသမားတစ်ယောက် ဖြစ်စေလိုနေသနည်း။ အဘယ်ကြောင့် သူက လူများကို အချင်းချင်း သတ်ဖြတ်ခိုင်းနေသနည်း။ အဘယ်ကြောင့် သူက ထိုသို့ရက်စက်သော စည်းမျဉ်းများကို ချမှတ်ခဲ့သနည်း။

ထို့ပြင် ဆန်းကြယ်ဧကရာဇ်က ဉာဏ်ကောင်းသူတစ်ယောက်ဖြစ်၍ ဆန်းကြယ်နတ်ဘုရားနန်းတော်အတွင်းသို့ ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှ မျိုးနွယ်ဝင်များသာ ဝင်လာနိုင်လောက်သည်ကို ခန့်မှန်းမိမည်ဖြစ်သည်။ သို့ဖြစ်ရာ အဘယ်ကြောင့် သူက သူချန်ထားခဲ့သော ရတနာများအတွက် သူ၏ မျိုးဆက်များကို အချင်းချင်း သတ်ဖြတ်စေနေသနည်း။ ယင်းက ဆန်းကြယ်ဧကရာဇ်၏ လုပ်ထုံးလုပ်နည်းလော။

“လူသားမျိုးနွယ်ကို ကာကွယ်ရမှာလား၊ လူသားမျိုးနွယ်ကို ကာကွယ်ရမယ်။ မှားပြီ... ငါတို့အကုန်လုံး မှားသွားပြီ။ ကျန့်ဝူယင်း ငါ့ကို ဆက်မတိုက်ခိုက်နဲ့တော့။ ငါတို့က ဆန်းကြယ်ဧကရာဇ်ရဲ့ ညွှန်ကြားချက်တွေကို နားလည်မှုလွဲသွားခဲ့တာပဲ”

ကျန်ထျန်းလဲ့ ရုတ်တရက် အရာအားလုံးကို နားလည်သဘောပေါက်သွားသည်။ ထို့ကြောင့် သူသည် မျက်နှာရှုံ့မဲ့၍ မျှော်လင့်ချက်မဲ့စွာ အော်ပြောလိုက်သည်။

“စမ်းသပ်ချက်က ပြီးသွားပြီ။ ဘာလို့ မင်းက ငါ့ကိုသတ်ဖို့ ကြိုးစားနေရသေးတာလဲ။ ငါတို့နှစ်ယောက်လုံး ဒီစမ်းသပ်ချက်မှာ ကျရှုံးသွားပြီ။ ရီချန်ကတော့ အောင်သွားပြီ။ ဆန်းကြယ်နတ်ဘုရားနန်းတော်က သူ့ဟာဖြစ်သွားပြီ...”

“အာ...”

ကျန့်ဝူယင်းသည် ကျန်ထျန်းလဲ့ကို ဆက်မတိုက်ခိုက်တော့ဘဲ ရပ်လိုက်၏။ သူသည် ကျန်ထျန်းလဲ့၏ မျက်ဝန်းများမှတဆင့် အခြေအနေကို အရိပ်အမြွက်မျှ သိလိုက်ရသည်။ သူက ဉာဏ်ကောင်းသူတစ်ယောက် မဟုတ်ပါလား။ ထို့ကြောင့် သူ ရီချန်ရှိခဲ့‌သောနေရာကို လှမ်းကြည့်လိုက်သည်။ ရုတ်ခြည်းပင် သူ မျက်နှာပျက်သွားလေသည်။

ကျန့်ဝူယင်းနှင့် ကျန်ထျန်းလဲ့တို့ တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြ၏။ ကျန့်ဝူယင်းက ခါးသက်သက် ခေါင်းခါကာ ပြောလိုက်သည်။

“ကျွန်တော်တို့ တကယ်ပဲ မှားသွားပြီ။ စမ်းသပ်ချက်အစစ်အမှန်က လူသားမျိုးနွယ်ကို ကာကွယ်ဖို့ပဲ၊ ရက်စက်ဖို့ မဟုတ်ဘူး။ မလှုပ်ရှားဘဲနေတဲ့သူက စမ်းသပ်ချက်ကို အောင်မြင်မယ့်သူပဲ...”

***

All Chapters