သက်ငယ်မိုးအိမ်
Vol. 81 Ch. 1120
ကျန်ထျန်းလဲ့နှင့် ကျန့်ဝူယင်းတို့၏ ခန့်မှန်းချက်က မှန်ပေသည်။ ရီချန်ရော ကျန်းရီပါ မသေခဲ့ပေ။ သူတို့ အသက်ရှင်ရုံသာမက ကျန်းရီ၏ ခေါင်းမှဒဏ်ရာကလည်း ယခုတွင် လုံးဝပြန်ကောင်းသွားပြီဖြစ်သည်။ သူသည် မိစ္ဆာဝိညာဉ်တောင်ကြားတွင်လည်း ထိုသို့ပင် ဒဏ်ရာများ ပြန်ကောင်းသွားခဲ့သည်။ ထိုစဉ်က သူ၏ ကျိုးနေသောအရိုးများက လျင်မြန်စွာ ပျက်ဆက်သွားခဲ့သည်။ သူ၏ခေါင်းမှာ ဓားဒဏ်ရာကလည်း ထိုကဲ့သို့ပင် ပြန်ကောင်းသွားခဲ့ခြင်းဖြစ်သည်။
“ဒီနေရာက ဘာနေရာလဲ.. ရီချန်လား”
ကျန်းရီသည် တောက်ပသော အလင်းတန်းတစ်ခုကို မြင်လိုက်ရ၏။ သူ့လက်ထဲမှ ဓားမြှောင်က အမှုန့်ဖြစ်သွားပြီး သူ့ခေါင်းမှဒဏ်ရာကလည်း ပျောက်သွားပြီဖြစ်သည်။ ရုတ်တရက် သူ အံ့အားသင့်သွားသည်။ သူ့ဘေးတွင် မျက်နှာဖုံးဝတ်ဆင်ထားသော ဆံပင်ခရမ်းရောင်နှင့် မိန်းမပျိုတစ်ယောက် ရှိနေပေသည်။
“ကျန်းရီလား...”
ရီချန်ကလည်း အံ့ဩတကြီး ပြောလိုက်သည်။ သူမသည် အလင်းတန်း၏ လွှမ်းခြုံမှုကို မခံရခင်အထိ ဆန်းကြယ်ဧကရာဇ်၏ ဆိုလိုရင်းအမှန်ကို မသိခဲ့ပေ။ သူမက အခြားလူသားများနှင့် တိုက်ခိုက်ရမည်ကို မနှစ်သက်ခဲ့ခြင်းသာ။ သူမသည် ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှ လူများနှင့် သူသေကိုယ်သေ မတိုက်ခိုက်လိုပေ။ ထို့ပြင် အလင်းတန်းက သူမကို ထိုနေရာသို့ ပို့ပေးလိမ့်မည်ဟုလည်း သူမ မမျှော်လင့်ခဲ့ပေ။ ကျန်းရီနှင့် တွေ့ရလိမ့်မည်ဟုလည်း ထင်မထားခဲ့ချေ။
“အဲ့လိုကိုး...”
ရီချန်သည်လည်း ဉာဏ်ကောင်းသူတစ်ယောက်ဖြစ်သည်။ သူမသည် ခေတ္တမျှ အလေးအနက် တွေးတောလိုက်ပြီးနောက် အရာအားလုံးကို နားလည်သွားလေသည်။ ဆန်းကြယ်ဧကရာဇ်၏ စမ်းသပ်ချက်အစစ်အမှန်ကို သူမ သိသွားပေပြီ။ ဆန်းကြယ်ဧကရာဇ်သည် သူ၏ဆက်ခံသူက တစ်ကိုယ်ကောင်းဆန်၍ ရက်စက်တတ်သော ပါရမီရှင်တစ်ယောက် မဖြစ်စေလိုခြင်းပင်။ သူသည် သူ၏တာအိုကို ထိုကဲ့သို့သော လူတစ်ယောက်ထံ လက်ဆင့်မကမ်းလိုပေ။
ဆန်းကြယ်ဧကရာဇ်သည် လူသားမျိုးနွယ်ကို ကာကွယ်ပေးမည့် လူတစ်ယောက်ကို အလိုရှိခဲ့သည်။ ရတနာများအတွက်နှင့် မိမိ၏ဘက်တော်သားများကို သတ်နိုင်သူတစ်ယောက်က လူသားမျိုးနွယ်ကို ကာကွယ်လိမ့်မည်ဟု မည်သို့ ယုံကြည်နိုင်ပါမည်နည်း။
ရီချန် ဝမ်းသာသွားသည်။ သူမသည် အမှန်တရားကို မသိဘဲနှင့် ဆုံးဖြတ်ချက်ချခဲ့ဖြစ်ရာ ထိုနေရာသို့ ရောက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သို့သော် အဘယ်ကြောင့် ကျန်းရီကလည်း ထိုနေရာတွင် ရှိနေရသနည်းကိုမူ သူမ မသိချေ။ ထိုနေရာတွင် သူမတို့နှစ်ယောက် ရှိနေသည်။ ဆန်းကြယ်ဧကရာဇ်က သူမတို့နှစ်ယောက်ကို ဆက်၍ စမ်းသပ်လိုခြင်းလော။
‘ဒီမှာအေးလိုက်တာ’
ရီချန်၏ အတွေးစက သူမတို့ပတ်ပတ်လည်ရှိ လေအေးများကြောင့် ပြတ်တောက်သွားသည်။ ထိုနေရာက ရေခဲနယ်မြေတစ်ခုပင်။ ပတ်ဝန်းကျင်တစ်ခွင်လုံး၌ လေပြင်းများ တိုက်ခတ်နေပြီး နှင်းများ ကျဆင်းနေသည်။ သူမတို့နှင့် ခပ်လှမ်းလှမ်းတွင် ရေခဲကန်တစ်ခုလည်း ရှိနေသည်။ သူမသည် ထိုနေရာ၌ အတွင်းအားထုတ်၍ မရကြောင်းကို သိလိုက်၏။ ကောင်းကင်စိတ်အာရုံကိုလည်း ထုတ်၍မရပေ။ ထို့ကြောင့် သူမသည် အအေးဒဏ်ကို မည်သို့မှ မခုခံနိုင် ဖြစ်နေသည်။ သူမတို့နေရာရှိ အပူချိန်က အလွန်နိမ့်ရာ နှစ်စက္ကန့်မျှ ငြိမ်သက်စွာ ထိုင်နေရုံဖြင့်ပင် သူမတစ်ကိုယ်လုံး အေးခဲလာသည်။
ကျန်းရီသည်လည်း အထက်ပါအကြောင်းများကို သတိပြုမိလိုက်၏။ ထိုနေရာက နှင်းဒေသထက် များစွာပိုအေးသည်။ သူသည် စကားမပြောဝံ့သေးဘဲ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ ရီချန်ကလည်း သူ့ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်ပြီး တိတ်တဆိတ် စောင့်နေလိုက်သည်။ သူတို့က ဆန်းကြယ်ဧကရာဇ်၏ နောက်ထပ်ညွှန်ကြားချက်ကို စောင့်နေကြခြင်းပင်။
ဆန်းကြယ်ဧကရာဇ်က ထူးဆန်းသူတစ်ယောက်ဟု ကျန်းရီ တွေးလိုက်သည်။ သူသည် ဆန်းကြယ်ဧကရာဇ်၏အတွေးများကို လုံးဝ မခန့်မှန်းနိုင်ပေ။
“ညီမလေးရို့ပင်းရော ဘယ်မှာလဲ”
အတန်ကြာပြီးနောက် ရီချန်သည် ဆက်၍ ထိန်းမထားနိုင်တော့ဘဲ မေးလိုက်သည်။ ကျန်းရီ၏မျက်နှာပေါ်တွင် စိုးရိမ်သည့် အရိပ်အယောင်တစ်ခု ဖြတ်သန်းသွား၏။ သူ မည်သို့မှ ပြန်မဖြေဘဲ မျက်မှောင်သာကြုတ်လိုက်သည်။ ယဉ်ရို့ပင်းတစ်ယောက် မည်သို့ဖြစ်နေမည်ကို သူလည်း မသိပေ။ ယခုတွင် သူသည် ယခင်နေရာသို့ ပြန်မသွားနိုင်တော့သဖြင့် သူမကို လိုက်မရှာနိုင်ချေ။
“အရမ်းကောင်းတယ်”
စက္ကန့်အနည်းငယ်ကြာပြီးနောက် ကျန်းရီနှင့် ရီချန်တို့သည် ကောင်းကင်ထက်မှ ကျဆင်းလာသော အသံတစ်သံကို ကြားလိုက်ရလေသည်။ ထိုအသံက ဖိအားတစ်မျိုးကို သယ်ဆောင်လာပြီး နားဆင်မိသူများကို ရိုကျိုးသွားစေသည်။ သူတို့နှစ်ယောက်သည် ထိုအသံကို မဆန့်ကျင်ဝံ့ပေ။ ဆန်းကြယ်ဧကရာဇ်က ဆက်ပြောလိုက်သည်။
“စမ်းသပ်ချက်ကို အောင်မြင်ပြီး ရေခဲတောင်ကြားကို ရောက်လာနိုင်တာ ဂုဏ်ပြုပါတယ်။ အခု မင်းတို့ လုပ်ရမှာက ရေခဲကန်ကို ဖြတ်ဖို့ပဲ။ ရေခဲကန်ကို ဖြတ်နိုင်သွားရင် တစ်ဘက်ကမ်းမှာရှိတဲ့ သက်ငယ်မိုးအိမ်ထဲကို ဝင်သွားလိုက်ပါ။ အဲ့အိမ်ထဲမှာ ငါ မင်းတို့ကို စောင့်နေမယ်။ မင်းတို့က နှစ်ယောက်ဆိုတော့ သက်ငယ်မိုးအိမ်ကို အရင်ဆုံး ရောက်လာနိုင်တဲ့သူက ငါ့ရဲ့ ဆက်ခံသူ ဖြစ်လိမ့်မယ်။ နောက်မှာ ကျန်ခဲ့တဲ့သူကတော့ လေအေးတွေကြောင့် အေးခဲသွားပြီး သက်ငယ်မိုးအိမ်ရဲ့ ထာဝရအဖော် ဖြစ်သွားလိမ့်မယ်။ လေအေးတွေက စက္ကန့်နဲ့အမျှ ပိုအေးလာမှာ... သတိထားကြပါ”
ဆန်းကြယ်ဧကရာဇ်က မပြောလျှင်ပင် ကျန်းရီနှင့် ရီချန်တို့သည် ပတ်ဝန်းကျင်အပူချိန်က ကျဆင်းလာကြောင်းကို ပြောနိုင်ပေသည်။ သူတို့နှစ်ယောက်စလုံးက အေးစက်တောင့်တင်းနေပုံ ပေါ်သော်လည်း ကျန်းရီက အနည်းငယ် ပိုခံနိုင်ရည်ရှိနေကြောင်းမှာ သိသာသည်။ ထိုသို့ဖြစ်ရခြင်းမှာ ကျန်းရီ၏ခန္ဓာကိုယ်က ရီချန်ထက် ပိုသန်မာ၍ မဟုတ်ဘဲ သူက မိုင်တစ်ထောင်ရေခဲလွှမ်းကို သိမြင်နားလည်ထား၍ဖြစ်သည်။ ထို့ကြောင့် သူက ရီချန်ထက်ပို၍ အအေးဒဏ်ကို ခံနိုင်နေခြင်းပင်။
“အို့... ထပ်ပြီးတော့လား”
ကျန်းရီနှင့် ရီချန်တို့နှစ်ယောက်စလုံး တောင့်တင်းသွားသည်။ အစောတွင် ဆန်းကြယ်ဧကရာဇ်က တစ်ယောက်သာ ရှင်သန်နိုင်လိမ့်မည်ဟု ပြောခဲ့သည်။ ယခုတွင်လည်း သူက ထိုသို့သာ ပြောနေသည်လော။ သို့သော် ဤတစ်ကြိမ်တွင် သူတို့နှစ်ယောက်စလုံးသည် ဆန်းကြယ်ဧကရာဇ်က အတည်ပြောနေခြင်းဟု ခံစားလိုက်ကြရသည်။ ဆန်းကြယ်ဧကရာဇ်က လှည့်ကွက်တစ်ခုကို နှစ်ခါမသုံးလောက်ပေ။ ထို့ပြင် သူတို့သည် အမှန်ပင် အအေးဒဏ်ကို ခံစားနေရသည်။ အကယ်၍ သူတို့သာ အေးခဲသွားပါက ထိုနေရာတွင် ထာဝရပိတ်မိနေပြီဖြစ်သည်။
“သွားမယ်”
ကျန်းရီနှင့် ရီချန်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး တစ်ပြိုင်တည်း စတင်လှုပ်ရှားလိုက်ကြသည်။ ဆန်းကြယ်ဧကရာဇ်၏ သက်ငယ်မိုးအိမ်က ရေခဲကန်၏ တစ်ဘက်ကမ်းတွင် ရှိနေသည်။ အခြားအရာများကို ထည့်မတွက်လျှင်ပင် သူတို့နှစ်ယောက်သည် ဒဏ္ဍာရီလာ ဆန်းကြယ်ဧကရာဇ်နှင့်တော့ တွေ့ဆုံလိုကြသည်။
သို့သော် ကျန်းရီသည် သူတတ်နိုင်သလောက် မြန်မြန်သွားမနေပေ။ သူက ရီချန်နှင့် တန်းတူဖြစ်နေရန် သတိထားနေသည်။ သူက သူမအပေါ် အကြွေးတင်နေပေသည်။ ထို့ကြောင့် သူမက အေးခဲကာ ထိုနေရာတွင် ထာဝရ ပိတ်မိသွားမည်ကို သူ မလိုလားပေ။
“ကျန်းရီ.. ကျန်မကို အရေးစိုက်မနေပါနဲ့။ ရှင် သွားနိုင်သလောက် သွားပါ”
ရီချန်က ကျန်းရီကို မျက်စိစွေ၍ ကြည့်ကာ ပြောလိုက်သည်။ ကျန်းရီ သူမကို မည်သို့မှ ပြန်မပြောဘဲ အရှေ့သို့သာ ဆက်သွားနေသည်။ သူတို့က အတွင်းအား မသုံးနိုင်သဖြင့် လျင်မြန်စွာ မသွားနိုင်ကြပေ။ သို့သော် သူတို့က ဗာဂျရာအဆင့် သိုင်းသမားများထက်တော့ အတန်ငယ် ပိုမြန်ပေသည်။
ဝှစ်...
ထိုအမြန်နှုန်းက အတော်လေးကောင်းသည်ဟု ဆိုနိုင်သည်။ ဆယ်စက္ကန့်အတွင်းမှာပင် ကျန်းရီနှင့် ရီချန်တို့ ရေခဲကန်ဘေးသို့ ရောက်ရှိသွားသည်။ ကန်ထဲမှ ရေပြင်က လုံးဝခဲနေသည်။ ထို့ကြောင့် သူတို့၏ အမြန်နှုန်းက လျော့ကျမသွားလောက်ပေ။
သို့သော်...
ကျန်းရီနှင့် ရီချန်တို့သည် ရေခဲပြင်ပေါ်တွင် ရပ်လိုက်သည်နှင့် ကွဲပြားစွာ ခံစားလိုက်ရသည်။ ရေခဲပြင်က နှင်းပြင်နှင့် ကွာခြားသည်။ ရေခဲက လေအေးများကို ထုတ်လွှတ်နေသည်။ ထို့ကြောင့် သူတို့နှစ်ယောက်သည် သူတို့၏သွေးကြောများက အေးခဲလာသည်ဟုပင် ချက်ချင်း ခံစားလိုက်ရလေသည်။
“ပြေးတော့”
ကျန်းရီ အော်ပြောလိုက်သည်။ သူတို့ ရေခဲပြင်ပေါ်တွင် မအေးခဲဘဲ နေနိုင်မည့် တစ်ခုတည်းသော နည်းမှာ မြန်နိုင်သမျှအမြန်ဆုံး ပြေးရန်ဖြစ်သည်။ သူတို့သည် သူတို့ခန္ဓာကိုယ်မှ ထွက်လာသော အပူဖြင့် အအေးဓာတ်ကို တိုက်ထုတ်ရမည်ဖြစ်သည်။
ရီချန်သည် ပြေးလိုသော်လည်း တစ်ကိုယ်လုံး ထုံကျင်နေသည်။ သူမ၏ ခြေထောက်များက သူမ၏ဦးနှောက်ကို မနာခံတော့ပေ။ ထို့ကြောင့် သူမ သိသိသာသာ နှေးကွေးသွားသည်။ ကျန်းရီသည် မီတာအနည်းငယ် ပြေးပြီးနောက် ရီချန်က သူ့ဘေးတွင် ပါမလာတော့ကြောင်းကို သိလိုက်၏။ သူ နောက်ပြန်လှည့်ကာ ရီချန်ဆီ ပြေးသွားလိုက်သည်။ ထို့နောက် သူ သူမကို လက်ဆွဲကာ ခေါ်သွားလိုက်လေသည်။
မည်သည့်ပြိုင်ပွဲတွင်မဆို အနိုင်ရသူနှင့် ရှုံးနိမ့်သူဟူ၍ ရှိမည်သာ။ အကယ်၍ ကျန်းရီနှင့် ရီချန်တို့နှစ်ယောက်စလုံး သက်ငယ်မိုးအိမ်ထဲသို့ တစ်ချိန်တည်း ဝင်သွားမည်ဆိုလျှင် မည်သို့ ဖြစ်သွားမည်နည်း။
ကျန်းရီမသိသလို ရီချန်လည်း မသိပေ။ သို့သော် ကောင်းသောကိစ္စဖြစ်လာမည် မဟုတ်ကြောင်းကိုမူ ရီချန်သိသည်။ ထို့ကြောင့် သူမ ခေါင်းခါကာ ကျန်းရီ၏လက်ထဲမှ သူမလက်ကို ပြန်ဆွဲထုတ်ရန် ကြိုးစားလိုက်သည်။
“ကျန်းရီ... ကျွန်မကို အရေးစိုက်မနေနဲ့။ ရှင့်ဘာသာပဲ သွားပါ”
ရီချန်က မာနရှိပေသည်။ သူမသည် သနားသဖြင့် ကူညီခြင်းကို လက်ခံမည် မဟုတ်ပေ။ ဆန်းကြယ်ဧကရာဇ်က သူမကို သတ်မည်ဆိုလျှင်လည်း သူမ နောင်တရမည် မဟုတ်ချေ။ ကျန်းရီက သူမနှင့်အတူ လိုက်ပါသေဆုံးရမည်ကို သူမ မလိုချင်။ အကယ်၍ ကျန်းရီက သူမကြောင့် အေးခဲသွားလျှင် သူမ လိပ်ပြာလုံနိုင်မည် မဟုတ်ပေ။
“မင်း ဘာပေါက်ကရတွေ ပြောနေတာလဲ”
ယခုတွင် ကျန်းရီ ဒေါသထွက်လာပေပြီ။ သူ ရီချန်၏လက်ကို ထပ်မံဆွဲကာ ပြေးသွားလိုက်သည်။ သူသည် ပြေးနေရင်းဖြင့် အော်ပြောလိုက်သည်။
“မင်း ဒီလိုဆက်လုပ်နေဦးမယ်ဆိုရင် ငါလည်း ရှေ့ဆက်မသွားတော့ဘူး။ ဒီမှာပဲ ရပ်နေတော့မယ်။ အဲ့လိုဆို ငါတို့နှစ်ယောက်လုံး အေးခဲပြီး အတူသေသွားမှာပဲ”
ကျန်းရီက ရီချန်အပေါ် များစွာအကြွေးတင်နေသည်။ သူမက သူ့အသက်ကို တစ်ကြိမ်ကယ်ခဲ့ဖူးတယ်။ ထို့ပြင် သူ၏ရင်ထဲတွင် သူမအပေါ် ခံစားချက်အချို့ ရှိနေသည်။ ထို့ကြောင့် သူသည် မည်သို့မှ သူမကို နောက်တွင်ချန်ခဲ့ပြီး သူ့လမ်းသူ ဆက်သွားနိုင်မည် မဟုတ်ပေ။ သူသာ သူမကို နောက်တွင်ချန်ခဲ့လျှင် သူ့ကို ကျန်းရီဟု ခေါ်နိုင်ပါဦးမည်လော။
ရီချန် ထပ်မပြောတော့ပေ။ သူမသည် အေးစက်လွန်းနေသဖြင့် စကားပင် ဆက်မပြောနိုင်တော့ခြင်း ဖြစ်သည်။ ထို့ပြင် စကားပြောခြင်းက သူမ၏စွမ်းအင်ကို ဖြုန်းတီးပစ်သလို ဖြစ်နေပေလိမ့်မည်။ သို့ဆိုလျှင် သူမ အေးခဲသေဆုံးသွားနိုင်သည်။ သူမသည် ကျန်းရီ၏ အကျင့်စရိုက်ကို အပြည့်အဝ နားလည်၏။ သူ့ကို ဆက်၍ ပြောနေလျှင်လည်း အကျိုးရှိမည် မဟုတ်ပေ။
ဝှစ်...ဝှစ်...
ကျန်းရီနှင့် ရီချန်တို့ ရေခဲကန်ပေါ်တွင် ဆက်၍ ပြေးလွှားနေ၏။ ပတ်ဝန်းကျင်တွင် နှင်းများ သိပ်သည်းစွာ ကျဆင်းနေသည်။ ထို့ကြောင့် သူတို့ကိုယ်ပေါ်တွင် နှင်းများ ဖုံးနေပြီဖြစ်သည်။ ယခုတွင် သူတို့၏ဆံပင်များပင် ဖွေးဖွေးဖြူနေပေပြီ။ ပတ်ဝန်းကျင်အပူချိန်ကလည်း ဆက်၍ကျဆင်းလာသည်။ သူတို့သည် သူတို့၏ ထွက်သက်လေကပင် ခဲသွားတော့မည်ဟု ခံစားနေရပေသည်။ ထိုအခိုက်တွင် သူတို့နှစ်ယောက်စလုံး သူတို့၏ခန္ဓာကိုယ်များကို မခံစားနိုင်ကြတော့ပေ။ သူတို့၏သွေးကြောများထဲမှ သွေးများကလည်း အေးခဲလုနီးပါး ဖြစ်နေသည်။
ရေခဲကန်က ကြီးသည်ဟု မဆိုသာ။ သို့သော် ကျန်းရီနှင့် ရီချန်တို့သည် ခရီးရှည်ကြီးတစ်ခုကို ဖြတ်သန်းနေရသကဲ့သို့ ခံစားနေရသည်။ သူတို့သည် ရေကန်တစ်ဘက်ကမ်းကို ရောက်တော့မည် မဟုတ်ဟုပင် တွေးမိနေကြသည်။
ဒုတ်...
ရီချန်က အရင်ဆုံး အားကုန်သွားသည်။ သူမ၏ ခြေထောက်များက အေးခဲနေပြီဖြစ်၍ နောက်ထပ်တစ်လှမ်း ထပ်လှမ်းနိုင်တော့မည် မဟုတ်ပေ။ သူမ ရေခဲပြင်ပေါ် လဲကျသွားသည်။ သူမ၏ မျက်တောင်လေးများကလည်း အေးခဲနေသည်။ ယခုတွင် သူမ၏ အမြင်အာရုံက ဝေဝါးလာပေပြီ။ သူမသည် ကျန်းရီကို ကြည့်၍ နှုတ်ခမ်းယဲ့ယဲ့လှုပ်လိုက်ပြီး လွန်စွာတိုးညှင်းသော အသံလေးဖြင့် ပြောလိုက်လေသည်။
“ကျန်းရီ... နောက်ဘဝကျရင်...”
ဝှစ်...
ကျန်းရီသည် ရီချန်၏ စကားများကို မကြားလိုဟန်ဖြင့် နောက်လှည့်လိုက်၏။ သူမ၏အတွေးကို သူသိသည်။ ထို့နောက် သူသည် တုံ့ဆိုင်းခြင်းမရှိဘဲ သူမကို ကျောပိုးလိုက်ကာ တတ်နိုင်သမျှ အမြန်ဆုံး ပြေးသွားလိုက်လေတော့သည်။
***