← Chapters

မင်းက စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်

Vol. 81 Ch. 1121

မင်းက စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်

Vol. 81 Ch. 1121

အကယ်၍ အတွင်းအားကို ထုတ်သုံးနိုင်လျှင်၊ ရာသီဥတုက အလွန်အေးစက်မနေလျှင် ကျန်းရီသည် လူတစ်ယောက်ကိုမဆိုထားနှင့် တောင်တစ်လုံးကိုထမ်း၍ပင် လေအလျင်နှင့် ပြေးလွှားနိုင်မည်ဖြစ်သည်။

သို့သော် ရေခဲကန်တွင် ကျန်းရီ၏ ခန္ဓာကိုယ်က ထုံကျင်အေးခဲနေသည်။ ထို့ကြောင့် သူ၏ ခြေလှမ်းများက လေးလံနေသည်။ ယခု သူ ရီချန်ကို ကုန်းပိုးလိုက်ရာ ပို၍ပင် နှေးသွားသည်။ သူသည် သူ့ကျောပေါ်တွင် တောင်တစ်လုံးကို သယ်ထားသည်ဟုပင် ခံစားနေရသည်။

သို့သော် ကျန်းရီ လက်မလျှော့ခဲ့ပေ။ သူသည် ရီချန်ကို ချထားခဲ့မည်ဆိုသာ အတွေးကို တစ်ခါမျှပင် မတွေးမိချေ။ ရီချန်ကို သက်ငယ်မိုးအိမ်သို့ ရောက်သည်အထိ ကျောပိုးသွားမည်ဟု သူ စိတ်ဆုံးဖြတ်ထားပြီးပေပြီ။ သူတို့ အိမ်သို့ပင် ‌ရောက်နိုင်မည်လော၊ အိမ်ထဲသို့ နှစ်ယောက်စလုံး တစ်ချိန်တည်း ဝင်သွားလိုက်လျှင် မည်သို့ ဖြစ်လာမည်နည်းတို့ကိုမူ သူ မတွေးလိုသေးပေ။

ရီချန်သည် ကျန်းရီ၏ကျောပေါ်သို့ ရောက်သွားသောအခါ ထူးဆန်းသော နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရ၏။ ထိုသို့ဖြစ်ရခြင်းမှာ သူမက ယခုမှ ယောက်ျားတစ်ယောက်နှင့် ပထမဆုံးအကြိမ် ပူးပူးကပ်ကပ် နေဖူးခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ သူမသည် ကျင့်သားမရှိသဖြင့် စိတ်လှုပ်ရှားကာ အိုးတိုးအန်းတန်းဖြစ်နေသည်။ သို့သော် သူမ၏ စိတ်အခြေအနေက အစောကထက် ပိုကြည်လင်လာလေသည်။ ထိုအခါမှ ကျန်းရီ၏ အမြန်နှုန်းက နှေးလာကြောင်း သူမ သတိပြုမိလိုက်သည်။

“ကျန်းရီ... ကျွန်မကို အောက်ချပေးတော့။ မဟုတ်ရင် နှစ်ယောက်စလုံး သေသွားလိမ့်မယ်”

ရီချန်သည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းကာ ကျန်းရီ၏နားအနားသို့ကပ်၍ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ သူမသည် ဘဝတစ်လျှောက်လုံးတွင် ထိုသို့တင်းမာသောလေသံမျိုးဖြင့် တစ်ခါမှ မပြောခဲ့ဖူးချေ။ သို့သော် ကျန်းရီက သူမ၏စကားကို မကြားသလိုလုပ်နေသည်။ သူသည် သူမကို အရေးမစိုက်ဘဲ အရှေ့သို့သာ ဆက်သွားနေသည်။

“ကျန်းရီ... ရှင် ကျွန်မကို လေးစားတယ်ဆိုရင် ကျွန်မကို အောက်ချပေးပါ။ မဟုတ်ရင်တော့ ဒီနေ့ကစပြီး ကျွန်မ ရီချန်က ရှင့်ကို မိတ်ဆွေအဖြစ် အသိအမှတ်ပြုမှာ မဟုတ်တော့ဘူး”

“ကျန်းရီ... ရှင် နားကန်းနေလား။ ကျွန်မကို အောက်ချပေး။ ကျွန်မ ရီချန်က ရှင်သနားတာကို ခံမှာမဟုတ်ဘူး”

“ကျန်းရီ... ကျွန်မ ရှင့်ကို တောင်းဆိုပါတယ် ဟုတ်ပြီလား။ ကျွန်မကို အောက်ချပေးပါ။ ရှင် ကျွန်မအပေါ် အကြွေးတင်နေတယ် မဟုတ်လား...”

“ကျန်းရီ... ကျွန်မ ရှင့်ကို ဒေါသဖြစ်ရအောင် မလုပ်နဲ့နော်”

ရီချန်က ကျန်းရီ၏နားအနားသို့ ကပ်ကာ တင်းမာသောလေသံဖြင့် ဆက်၍ ပြောနေသည်။ သူမသည် ပြောနေရင်း ဒေါသထွက်လာလိုက်၊ ဝမ်းနည်းလာလိုက်နှင့် ဖြစ်နေသည်။ သို့သော် ကျန်းရီက သူမ၏စကားများကို မကြားသလိုပင်။ သူသည် သူမ၏တောင်းဆိုချက်ကိုလည်း အရေးမလုပ်ပေ။ ထိုတစ်ချိန်လုံး သူက အရှေ့သို့သာ ဆက်သွားနေခဲ့သည်။ သို့သော် သူ၏ခြေလှမ်းများက ပို၍ ပို၍ နှေးလာပေသည်။ အစတွင် သူက ဗာဂျရာနယ်ပယ် ပထမအဆင့် သိုင်းသမားတစ်ယောက်၏ အမြန်နှုန်းနှင့် သွားနေခဲ့သော်လည်း ယခုတွင်မူ စိတ်ဝိညာဉ်မျောလွင့်ခရီးသည် ပထမအဆင့် အမြန်နှုန်းနှင့်သာ သွားနိုင်တော့သည်။

ဟူး...ဟူး...

ရီချန်သည် ခေတ္တမျှ နားလိုက်ပြီး အသက်ပြင်းပြင်း ရှူသွင်းကာ စိတ်တည်ငြိမ်သွားအောင် လုပ်လိုက်သည်။ ဤတစ်ကြိမ်တွင် သူမ၏ မျက်ဝန်းများထဲ၌ ပြတ်သားသော အရိပ်အယောင်တစ်ခု ရှိနေသည်။ သူမသည် လက်နှစ်ဘက်စလုံးဖြင့် ကျန်းရီ၏ နောက်ကျောကို အဆက်မပြတ် ထုရိုက်လိုက်လေသည်။ ထိုသို့လုပ်ရခြင်းက သူမ၏စွမ်းအင်ကို ကုန်ဆုံးစေသည်။ ကျန်းရီသည် သူ၏နောက်ကျောကို မကာကွယ်နိုင်သဖြင့် ထုရိုက်ခံရသောအခါ အရှေ့သို့ လွင့်သွားသည်။

ရီချန်လည်း ရေခဲပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ထို့နောက် သူမသည် ကျန်းရီကို ဒေါသတကြီးကြည့်ကာ အော်ပြောလိုက်သည်။

“ကျန်းရီ.. ပြေးတော့။ ရှင် မပြေးရင် ကျွန်မ ရှင့်မျက်စိရှေ့မှာပဲ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်မယ်”

ရီချန်သည် ပြောပြောဆိုဆိုဖြင့် လက်မြှောက်ကာ သူမကိုခေါင်းကို ရိုက်လိုက်သည်။ သူမသည် အတွင်းအား မသုံးနိုင်သော်လည်း အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် တိုက်ရိုက် ရိုက်ချက်တစ်ချက်က သူမ၏ ဦးခေါင်းခွံကို ကြေမွသွားစေနိုင်သည်။

“အရူးမပဲ”

ကျန်းရီသည် ရီချန်ထံသို့ ဒေါသတကြီး ပြေးသွားလိုက်၏။ ရီချန် သူမကိုယ်သူမ သတ်မသေနိုင်သေးခင်မှာပင် ကျန်းရီက သူမ၏လက်ကို ပုတ်ထုတ်လိုက်သည်။ ထို့နောက် သူသည် ကျန်လက်တစ်ဘက်ဖြင့် သူမကို ဆွဲမက သူမ၏ ပါးကို ရိုက်ချလိုက်သည်။

ကျန်းရီက အမှန်ပင် ဒေါသထွက်နေပေသည်။ ထိုမိန်းမပျိုသာ ဆက်၍ ငြင်းဆန်နေသေးလျှင် သူသည် သူမကို တရွတ်တိုက်ဆွဲ၍ ခေါ်သွားတော့မည်ဖြစ်သည်။ ထို့ကြောင့် သူသည် သူမ အသိစိတ်ကပ်လာစေရန် စိတ်တင်းကာ သူမကို ပါးရိုက်လိုက်ရခြင်းပင်။

ဘန်း...

ပြတ်သားသောအသံတစ်သံ ထွက်ပေါ်လာသည်။ ကျန်းရီသည် ဒေါသထွက်နေခဲ့၍ ရီချန်က မျက်နှာဖုံး ဝတ်ထားကြောင်းကို မေ့သွားခဲ့သည်။ သူ၏ရိုက်ချက်က မျက်နှာဖုံးကို လွင့်ထွက်သွားစေသည်။ ထိုအခါ မျက်နှာဖုံးအောက်ရှိ တုန်လှုပ်နေသော မျက်နှာလှလှလေး ထွက်ပေါ်လာလေသည်။

“အာ...”

ကျန်းရီသည် ရီချန်ကို မှင်တက်စွာ ငေးကြည့်နေမိ၏။ သူမ၏ မျက်နှာလေးက သူ့ကို တစ်စက္ကန့်မျှ ရင်ခုန်ရပ်သွားစေသည်။ ထိုသို့ဖြစ်ရခြင်းမှာ သူမ၏မျက်နှာလေးက လှပလွန်းနေ၍ မဟုတ်ပေ။ သူ ထိုမျက်နှာကို ယခင်က မြင်ခဲ့ဖူးကြောင်း မှတ်မိသွား၍ဖြစ်သည်။

ကောင်းကင်ကြယ်တာရာနယ်မြေတွင် သေမင်းပင်လယ်ရှိသည်။ ကျန်းရီသည် သေမင်းပင်လယ်ပြင်ထဲတွင် အနက်ရောင်နွယ်ရှင်များကြောင့် နှစ်ကြိမ်တိုင်တိုင် သေမလိုဖြစ်ခဲ့သည်။ ထိုသေမင်းပင်လယ်၏ ကြမ်းပြင်တွင် အံ့အားသင့်ဖွယ်ရာတစ်ခု ရှိသည်။ ယင်းမှာ ‌ရှေးဟောင်းကျောက်စိမ်းဖြူအခေါင်းတစ်ခုပင်။ ထိုအခေါင်းထဲတွင်မူ လှပ‌သော မိန်းမပျိုလေး၏ အလောင်းရှိသည်။

ကျန်းရီသည် ထိုမိန်းမပျိုလေး၏ ခန္ဓာကိုယ်နှင့် လှပသော မျက်နှာကို မြင်ခဲ့ဖူးသည်။ ထိုမျက်နှာက ရီချန်၏မျက်နှာနှင့် တစ်ပုံစံတည်း တူညီနေပေသည်။ သူမတို့က တစ်ယောက်နှင့်တစ်ယောက်၏ ကိုယ်ပွားများကဲ့သို့ပင်။ တစ်ခုတည်းသော ကွာခြားမှုမှာ အလောင်းက ငယ်ရွယ်ပုံပေါ်ပြီး ရီချန်က ရင့်ကျက်ပုံပေါ်ကာ ပို၍လှနေခြင်းပင်။

ရီချန်က သေမင်းပင်လယ်ကြမ်းပြင်မှ အလောင်းလော။

ယခုတွင် ကျန်းရီ မှင်တက်နေသည်။ ရီချန်က သူ့ကို အထီးကျန် အရှေ့ပိုင်းပင်လယ်တွင် ကယ်တင်ခဲ့ဖူးသည်ကိုလည်း သူ ပြန်တွေးလိုက်သည်။ ထိုစဉ်က သူတို့နှစ်ယောက်သည် မိစ္ဆာအရှင်၏လက်မှ ပွတ်ကာသီကာလေး လွတ်မြောက်ခဲ့ခြင်းပင်။

ထို့နောက် ကျန်းရီသည် အခြားအကြောင်းတစ်ခုကို ‌တွေးမိသွားပြီး ရုတ်ခြည်း မျက်နှာနီရဲသွားသည်။ ရီချန်သည် သူမ၏ ခင်ပွန်းကသာ သူမ၏မျက်နှာကို ကြည့်နိုင်သည်ဟု ပြောခဲ့ဖူး၏။ သို့သော် ကျန်းရီသည် သူမ၏ မျက်နှာသာမက သူမ၏တစ်ကိုယ်လုံးကိုလည်း တွေ့ခဲ့ဖူးလေသည်။

“အာ...”

ရီချန် တုန်ယင်သွား၏။ သူမ မျက်နှာဖုံး ဝတ်ထားရခြင်းမှာ အကြောင်းရှိသည်။ ကျန်းရီက သူမကို မှတ်မိသွားမည်ကို သူမ မလိုလားပေ။ ထို့ပြင် သူမသည် သူမအနားတွင် ဝိုင်းနေသော ယင်ကောင်ကဲ့သို့သော ယောက်ျားများကို မုန်းတီးသည်။ ထိုမျက်နှာဖုံးက သူမ၏ ခံစားချက်အစစ်အမှန်များနှင့် အတွေးအစစ်အမှန်များကို ဖုံးကွယ်ပေသည်။ မျက်နှာဖုံးတပ်ထားလျှင် သူမသည် ယဉ်ရို့ပင်းတို့ကဲ့သို့ ဟန်ဆောင်နေစရာ မလိုတော့ပေ။

ယခုတွင် ကျန်းရီက သူမ၏ မျက်နှာကို ကြည့်နေရာ သူမက ပင်လယ်ကြမ်းပြင်ရှိ အခေါင်းထဲမှ မိန်းမပျိုလေးဖြစ်ကြောင်းကို သူ သိသွားလောက်ပေပြီ။ ထို့ကြောင့် ရီချန်ကဲ့သို့သော သူတစ်ယောက်သည်ပင် ဆက်၍ မတည်ငြိမ်နိုင်တော့ချေ။ သူမသည် ကျန်းရီနှင့် မျက်နှာချင်းမဆိုင်ဝံ့ဘဲ ခေါင်းငုံ့ထားသည်။ သူမ၏ အသက်ရှူသံကလည် မြန်လာသည်။ ထိုအခိုက်တွင် အချိန်က ရပ်တန့်သွားသကဲ့သို့ပင်။

မကြာခင်တွင် ကျန်းရီ အသိပြန်ကပ်လာသည်။ အစောတွင် သူ ခံစားနေခဲ့ရသော ဒေါသကလည်း လုံးဝပျောက်ကွယ်သွားပေပြီ။ ထို့နောက် သူသည် စကားတစ်ခွန်းမှ မပြောတော့ဘဲ ရီချန်ကို ထပ်မံကျောပိုးကာ စတင် ပြေးသွားလိုက်သည်။

အစောတွင် ကျန်းရီသည် ရီချန်ကို ကျောပိုး၍ အကွာအဝေးတစ်ခု ပြေးခဲ့သည်။ သို့သော် သူတို့နှစ်ယောက်စလုံး များစွာမတွေးတောခဲ့ပေ။ ဤတစ်ခေါက်တွင်မူ ကွဲပြားသွားပြီဖြစ်သည်။ ကျန်းရီသည် သူ၏နောက်ကျောမှ မိန်းမပျိုလေး၏ ချောမွေ့သော အသားအရေကို ခံစားမိနေသည်။ သူမ၏ ပြီးပြည့်စုံသော ခန္ဓာကိုယ် ပုံရိပ်များကလည်း သူ့ခေါင်းထဲတွင် ထွက်ပေါ်လာသည်။ ထို့ကြောင့် သူ စိတ်လှုပ်ရှားဖွယ် အတွေးများကို တွေးမိလာသည်။ သူ မည်သို့ကြိုးစားစေကာမူ ထိုအတွေးများကို သူ့ခေါင်းထဲမှ မောင်းထုတ်မပစ်နိုင် ဖြစ်နေသည်။ ထိုအတွေးများက ပတ်ဝန်းကျင်ရှိ လေနှင့် နှင်းများကဲ့သို့ပင်။

ရီချန်သည် ကျန်းရီ၏ခန္ဓာကိုယ်က ပူလာကြောင်း ခံစားလိုက်ရ၏။ သူမသည် သူ၏ မူမမှန်သော လှုပ်ရှားမှုများနှင့် သူ၏ အိုးတိုးအန်းတန်း မျက်နှာထားကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူမ၏ ရင်ထဲတွင်လည်း ရှုပ်ထွေးသော ခံစားချက်များ ထွက်ပေါ်လာလေသည်။

အခြေအနေကို ပို၍ဆိုးစေသည်မှာ ရီချန်၏ ခြေထောက်များက ကျန်းရီ၏ ခါးကို သိုင်းယှက်ထားရပြီး ကျန်းရီ တစ်လှမ်းပြေးလိုက်တိုင်း သူမတို့၏ခန္ဓာကိုယ်များက အချင်းချင်း ပွတ်တိုက်မိနေခြင်းပင်။ ထို့ကြောင့် သူမ စိတ်လှုပ်ရှားလာသည်။ သို့သော် သူမတို့နှစ်ယောက်စလုံး စကားတစ်ခွန်းမှ မပြောကြပေ။ ထိုသို့ဖြင့် အခြေအနေက အဆတစ်ထောင်ပို၍ အိုးတိုးအန်းတန်း ဖြစ်လာလေတော့သည်။

သို့သော်...

ထိုသို့ အိုးတိုးအန်းတန်း ဖြစ်နေခြင်းက ကျန်းရီနှင့် ရီချန်တို့အား အအေးဒဏ်ကို မေ့လျော့သွားစေသည်။ ထို့ကြောင့် မသိလိုက်ခင်မှာပင် သူတို့က နောက်ထပ် သုံးကီလိုမီတာ ဆက်သွားနိုင်ခဲ့သည်။  ထို့ပြင် သူတို့၏ ခန္ဓာကိုယ်များက ပူလာသဖြင့် ယခင်ကလောက် အအေးဒဏ်ကို မခံစားရတော့ချေ။ သူတို့က ရင်ခုန်လည်း မြန်နေရာ သွေးများက သွေးကြောများထဲတွင် လျင်မြန်စွာ စီးဆင်းနိုင်နေသည်။ ယခုတွင် သူတို့ကိုယ်ပေါ်ရှိ ရေခဲစလေးများက စတင် အရည်ပျော်လာပြီဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ကျန်းရီတို့နှစ်ယောက်သည် အအေးဒဏ်ကိုတော့ အနည်းနှင့်အများဆိုသလို ခံစားရသေးသည်။ ပတ်ဝန်းကျင် အပူချိန်က တဖြည်းဖြည်း ကျဆင်းလာရာ ရီချန်၏ ခန္ဓာကိုယ်က တောင့်တင်းလာသည်။ ကျန်းရီ၏ခန္ဓာကိုယ်ကလည်း ထပ်မံ၍ ထုံလာသည်။ သူသာ စိတ်ဓာတ်မခိုင်မာပါက ယခုဆိုလျှင် အေးခဲတောင့်တင်းနေလောက်ပေပြီ။

“‌ကောင်းကင်နဲ့လူသား ပေါင်းစည်းခြင်း”

ကျန်းရီသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်းသို့ ဝင်လိုက်၏။ ထိုမှ သူ၏ စိတ်ဝိညာဉ်က မအေးခဲသွားမည်ဖြစ်သည်။ စိတ်ဝိညာဉ် မ‌အေးခဲသေးသ၍ ခန္ဓာက ခွင့်ပြုသလောက် သွားနိုင်ပေသည်။

ဘုတ်...

ကျန်းရီသည် နောက်ထပ် နှစ်ကီလိုမီတာ သွားပြီးနောက် ရေခဲပြင်ပေါ်သို့ လဲကျသွား၏။ သူ့ခြေထောက်နှစ်ဘက်လုံးက တောင့်တင်းနေရာ သူ မည်မျှကြိုးစားစေကာမူ မတ်တပ်ပင် ပြန်မရပ်နိုင်တော့ချေ။ နောက်ဆုံးတွင် သူ အံကြိတ်လိုက်ပြီး စတင် တွားသွားလိုက်သည်။ ရီချန်က ကျန်းရီ၏ ကျောပေါ်တွင် ရှိနေဆဲပင်။ သူတို့၏ခန္ဓာကိုယ်များက အေးခဲတောင့်တင်းနေ၍ အချင်းချင်း ပူးကပ်နေကြသည်။ ယခုအခြေအနေတွင် သူတို့ ပြန်ခွာနိုင်တော့မည် မဟုတ်ပေ။

“သက်ငယ်မိုးအိမ်”

နှစ်မိနစ်ကြာပြီးနောက် ကျန်းရီသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေကြောင့် သက်ငယ်အိုးအိမ်ကို လှမ်းတွေ့လိုက်သည်။ သူသည် ကျန်နေသေးသော စွမ်းအင်ကို အကုန်သုံး၍ တစ်ဘက်ကမ်းသို့ ရောက်အောင် သွားလိုက်သည်။ ယခုတွင် သူ၏ လက်များနှင့် ဒူးများက သွေးထွက်နေပေပြီ။ ထိုထွက်လာသောသွေးများကလည်း အပြင်ကို ရောက်လျင်ရောက်ချင်း အေးခဲသွားနေသည်။

ဘုန်း...

ကျန်းရီသည် သက်ငယ်မိုးအိမ်အရှေ့သို့ ရောက်သောအခါ မှောက်ရက်လှဲချလိုက်သည်။ ထို့နောက် သူ ကိုယ်ကိုစောင်း၍ ရီချန်ကို သူ့ကျောပေါ်မှ အောက်သို့ ချလိုက်၏။ ရီချန်က သတိရတစ်ချက်၊ မရတစ်ချက် ဖြစ်နေပေပြီ။ သူမ၏ စိတ်ဝိညာဉ်က အေးခဲနေပြီဖြစ်သည်။ ထို့ကြောင့် သူမသည် မည်သည့်ကိစ္စများ ဖြစ်ပျက်နေကြောင်းကို မသိတော့ပေ။

ရွှီး...

သက်ငယ်မိုးအိမ်က လင်းလက်လာ၏။ အိမ်ရှေ့ရှိ လေထုက ဝေ့လည်သွားသည်။ ထို့နောက်တွင် ပတ်ဝန်းကျင်ရှိ မိုးမြေအတွင်းအားက လူပုံရိပ်တစ်ခုအဖြစ် စုစည်းသွား၏။ ထိုလူ၏ အသားအရေက ကျောက်စိမ်းကဲ့သို့ ချောမွေ့နေသည်ဟု ထင်ရသည်။ သူက ကျန်းရီကို အေးစက်စက် ငုံ့ကြည့်ကာ ပြောလိုက်လေသည်။

“လူငယ်လေး၊ မင်းက... စည်းမျဉ်းတွေကို ချိုးဖျက်ခဲ့တယ်”

***

All Chapters