တောင်းပန်ပါတယ်... ကျွန်တော် မလုပ်နိုင်ဘူး
Vol. 81 Ch. 1122
စည်းမျဉ်းများကို ချိုးဖျက်ခြင်း။
ကျန်းရီသည် မျက်လုံးများ မှိတ်နေပြီး အေးခဲတောင့်တင်းနေသော်လည်း ထိုစကားများကို ကြားလိုက်သောအခါ မျက်တောင်များ တုန်ခါသွားကာ နှုတ်ခမ်းနှစ်ခု အတန်ငယ် လှုပ်သွားလေသည်။ သို့သော် သူ ချေပပြောဆိုရန် ပါးစပ်မဟနိုင်ပေ။
ဆန်းကြယ်ဧကရာဇ်၏ ဝိညာဉ်ပုံရိပ်က အတော်လေး အစစ်အမှန်နှင့် တူသည်။ သူက လူအစစ်တစ်ယောက်ကဲ့သို့ပင်။ ကျန်းရီသည် ကောင်းကင်နှင့် လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်းသို့ ဝင်ထား၍ ထိုအရာမှာ ဝိညာဉ်ပုံရိပ်တစ်ခုသာဖြစ်ကြောင်း ပြောနိုင်နေသည်။ ဆန်းကြယ်ဧကရာဇ်ပုံရိပ်ထဲတွင် မည်သည့် အသက်လက္ခဏာမှ ရှိမနေပေ။
ဆန်းကြယ်ဧကရာဇ်က ကျန်းရီကို ကြည့်လိုက်သည်။ သူ မျက်ခုံးပင့်၍ လက်ဝှေ့ယမ်းလိုက်ရာ သိမ်မွေ့သော လေပြေလေးတစ်ချက်က သူတို့ကို ပွတ်သပ်တိုက်ခတ်သွား၏။ ကျန်းရီ၏ ကိုယ်ပေါ်မှ ရေခဲများ အရည်ပျော်ကြလာသည်။ ထိုအခိုက်တွင် သူ့ကိုယ်ထဲရှိ အတွင်းအားကို ထုတ်သုံး၍ရပြီဖြစ်ကြောင်း ကျန်းရီ သိလိုက်သည်။ သူ ချက်ချင်း ထရပ်လိုက်ပြီး အတွင်းအားကိုသုံးကာ ကျန်နေသေးသော ရေခဲများကို အရည်ဖျော်ချလိုက်သည်။
ဝှစ်...
ကျန်းရီသည် အတန်ငယ် ပြန်ကောင်းလာသောအခါ ဆန်းကြယ်ဧကရာဇ်ကို တစ်ချက်ပင် မကြည့်ဘဲ ရီချန်ဘေးသို့ အပြေးသွားလိုက်ကာ သူမနွေးသွားစေရန် သူမကိုယ်တွင်းသို့ အတွင်းအား ပို့လွှတ်ပေးလိုက်သည်။ ရီချန်က သတိမေ့နေဆဲပင်။ သူသာ အတန်ငယ် ဆက်စောင့်လိုက်လျှင် သူမ ထပ်မံ နိုးထလာတော့လောက်မည် မဟုတ်ချေ။
ဆန်းကြယ်ဧကရာဇ်က အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ၏ ရုပ်သွင်နှင့် ဟန်ပန်က အလွန်စူးရှသည်။ သူ့မျက်နှာပေါ်တွင် မည်သည့်ခံစားချက်မှ ရှိမနေပေ။ သူသည် ဝိညာဉ်ပုံရိပ်သာ ဖြစ်သော်လည်း ဩဇာအရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။ ကျန်းရီသည် ဆန်းကြယ်ဧကရာဇ်က ဓားအိမ်အတွင်းရှိ ရတနာဓားတစ်လက်နှင့်တူသည်ဟု ခံစားနေရ၏။ ထိုဓားကို ဓားအိမ်အတွင်းမှ ဆွဲမထုတ်လျှင်ပင် ၎င်းက စွမ်းအားကြီးကြောင်းကို လူတိုင်း သိနိုင်ပေသည်။
ကျန်းရီသည် ရီချန်၏ကိုယ်တွင်းသို့ အတွင်းအား ထည့်ပေးပြီး သူမကို နွေးသွားအောင် လုပ်ပေးနေ၏။ သူသည် သူမ မသေနိုင်တော့ကြောင်း အတည်ပြုပြီးနောက် ဆန်းကြယ်ဧကရာဇ်ကို လှည့်ကြည့်လိုက်သည်။ ထို့နောက် သူသည် အရှေ့သို့ ခြေလှမ်းအနည်းငယ် လျှောက်သွားကာ မြေပြင်ပေါ်တွင် ဒူးတစ်ဘက်ထောက်၍ ရင်ဘတ်ပေါ်တွင် လက်တစ်ဘက် ကန်လန့်ဖြတ်တင်ကာ လေးစားမှုအရှိဆုံးပုံစံဖြင့် အရိုအသေပေးလိုက်လေသည်။
“အခုမှ ငါ့ကို လာဦးညွှတ်နေလည်း အသုံးမဝင်တော့ဘူး”
ဆန်းကြယ်ဧကရာဇ်က ပြောလိုက်သည်။
“မင်းက စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တော့ သေရတော့မယ်။ အဲ့ကောင်မလေးလည်း သေရမယ်”
“အာ...”
ကျန်းရီ မော့ကြည့်လိုက်၏။ သူသည် ဆန်းကြယ်ဧကရာဇ်က သူနှင့် ရီချန်တို့ကို သတ်မည်ကို မကြောက်ပေ။ သူက ဆန်းကြယ်ဧကရာဇ်၏ စကားကြောင့် အံ့အားသင့်သွားခြင်းသာ။ ဆန်းကြယ်ဧကရာဇ်က ဝိညာဉ်ပုံရိပ်သာ မဟုတ်လော။ အဘယ်ကြောင့် အသိစိတ် ရှိနေရသနည်း။ ဆန်းကြယ်ဧကရာဇ်က ထိုစကားများကို လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ချန်ထားခဲ့ခြင်းဟုဆိုလျှင် သူ ယုံကြည်နိုင်မည် မဟုတ်ပေ။
သို့သော် ကျန်းရီသည် စကားတစ်ခွန်းမှ မပြောဝံ့သလို မေးခွန်းလည်း မမေးဝံ့ပေ။ ဆန်းကြယ်ဧကရာဇ်ကဲ့သို့သော လူတစ်ယောက်၏ အရှေ့တွင် စကားတစ်ခွန်းမှားသွားလျှင် သေနိုင်ပေသည်။
ကျန်းရီသည် ဆန်းကြယ်ဧကရာဇ်ကို တည်ငြိမ်စွာ မော့ကြည့်နေ၏။ သူက စိုးရိမ်နေပုံ မပေါ်ပေ။ ထို့နောက် သူ တည်တည်ငြိမ်ငြိမ် ပြောလိုက်လေသည်။
“ကျွန်တော် ဒူးထောက်တာက ဆန်းကြယ်ဧကရာဇ်က ဆန်းကြယ်ဧကရာဇ်မလို့ပါ။ စည်းမျဉ်းချိုးဖောက်မိခဲ့လို့ အသနားခံတဲ့အနေနဲ့ ဒူးထောက်တာ မဟုတ်ပါဘူး။ ကျွန်တော့မှာ တောင်းဆိုစရာ တစ်ခုပဲ ရှိပါတယ်။ စည်းမျဉ်းချိုးဖောက်တဲ့ ကိစ္စက သူနဲ့ ဘာမှ မဆိုင်ပါဘူး။ ကျွန်တော့်တစ်ယောက်တည်း လုပ်ခဲ့တာပါ။ ဆန်းကြယ်ဧကရာဇ်အနေနဲ့ တစ်ယောက်ယောက်ကို အပြစ်ပေးချင်တယ်ဆိုရင် ကျွန်တော့်ကိုပဲ အပြစ်ပေးပါ။ ဆန်းကြယ်ဧကရာဇ်က ဒဏ္ဍာရီထဲက ဧကရာဇ်တစ်ပါးပဲ။ အပြစ်မဲ့တဲ့ မိန်းကလေးတစ်ယောက်ကိုတော့ မသတ်လောက်ဘူးမလား”
“ဟားဟားဟား”
ဆန်းကြယ်ဧကရာဇ်က ကျယ်လောင်စွာ ရယ်လိုက်သည်။ ထိုရယ်သံ ကြောက်မက်ဖွယ်ကောင်းပြီး ပတ်ဝန်းကျင်လေထုကို တုန်ခါသွားစေသည်။ ခပ်လှမ်းလှမ်းရှိ ရေခဲကန်မှ ရေခဲပြင်ကလည်း အက်ကွဲသွားပြီး လှိုင်းတံပိုးများ ထလာသည်။ သို့သော် ထူးဆန်းသည်မှာ ရီချန်က သတိမေ့နေသေးခြင်းပင်။
ဆန်းကြယ်ဧကရာဇ်သည် ရယ်မောပြီးနောက် ကျန်းရီကို ကြည့်လိုက်သည်။
“ငါ မင်းရဲ့ တောင်းဆိုချက်ကို လက်ခံပေးမယ်။ ငါ မင်းကို အခွင့်အရေးတစ်ခု ပေးနိုင်တယ်။ မင်းသာ ငါပြောတဲ့ ကိစ္စသုံးခုကို လုပ်ပေးနိုင်ရင် ငါ မင်းအသက်ကိုလည်း ချမ်းသာပေးနိုင်တယ်”
“ကောင်းပါပြီ”
မည်သူမှ မသေချင်ပေ။ ကျန်းရီကလည်း ချွင်းချက် မဟုတ်ပေ။ ထို့ကြောင့် သူ ခပ်သွက်သွက် ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ဆန်းကြယ်ဧကရာဇ် ပြောပါ။ ကျွန်တော် လုပ်ပေးနိုင်တဲ့ကိစ္စတွေဆိုရင် အစွမ်းကုန်ကြိုးစား လုပ်ဆောင်မှာပါ”
“အင်း...”
ဆန်းကြယ်ဧကရာဇ်က ခပ်ဖြည်းဖြည်း ခေါင်းညိတ်၍ ရီချန်ကို လှည့်ကြည့်လိုက်သည်။
“မင်း ငါ ခန့်အပ်ထားတဲ့ ဧကရာဇ်ကိုးပါးမျိုးနွယ်စုကို ထိခိုက်အောင် မလုပ်ရဘူး။ မင်း သူတို့ကို ရန်သူလို သဘောမထားရဘူး။ သူတို့ထဲက တစ်ယောက်ကိုမှ မသတ်ရဘူး။ မင်း လုပ်နိုင်မလား”
“အာ...”
ကျန်းရီ တုံ့ဆိုင်းသွားသည်။ သို့သော် သူ အံကြိတ်ကာ မော့ကြည့်လိုက်သည်။
“ကျွန်တော် တောင်းပန်ပါတယ် ဆန်းကြယ်ဧကရာဇ်၊ ကျွန်တော် မလုပ်နိုင်ပါဘူး။ မြောက်ဘက်ဧကရာဇ်ရဲ့ မျိုးနွယ်က ကျွန်တော့်အဖေကို သတ်ခဲ့တာပါ။ ပြီးတော့ ကျွန်တော် ရှီးဖေးကိုလည်း သတ်ခဲ့ပါပြီ။ မိစ္ဆာဧကရာဇ်နဲ့ သူ့ရဲ့မျိုးနွယ်က ကျွန်တော့်ကို အသက်ရှင်ခွင့်ပေးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်သာ တတ်နိုင်မယ်ဆိုရင် မြောက်ဘက်ဧကရာဇ်နဲ့ သူ့မျိုးနွယ်က အရေးပါတဲ့သူတွေကိုပဲ သတ်မယ်လို့ ကတိပေးပါတယ်။ အပြစ်မဲ့တဲ့သူတွေ အသက်မဆုံးရှုံးရအောင် ကျွန်တော် အကောင်းဆုံး ကြိုးစားမှာပါ။ ပြီးတော့ ကျွန်တော် မျိုးနွယ်ထဲက မုဆိုးမတွေနဲ့ မိဘမဲ့တွေကို သတ်မှာ မဟုတ်ပါဘူး။ တခြား ဧကရာဇ်မျိုးနွယ်ရှစ်ခုအတွက်ကတော့ သူတို့ ကျွန်တော့်ကို အန္တရာယ်မပေးသ၍ ကျွန်တော်လည်း သူတို့ကို အန္တရာယ်ပေးမှာ မဟုတ်ပါဘူး”
“ဟင်းဟင်း...”
ဆန်းကြယ်ဧကရာဇ်က ခြောက်ကပ်ကပ် ရယ်လိုက်သည်။ ကျန်းရီသည် ဆန်းကြယ်ဧကရာဇ်က ဝမ်းမြောက်နေခြင်းလော သို့မဟုတ် ဒေါသထွက်နေခြင်းလောကို မခန့်မှန်းနိုင်ချေ။ ဆန်းကြယ်ဧကရာဇ်သည် ထိုကိစ္စကို ဆက်မပြောတော့ဘဲ အရှေ့ဘက်သို့ကြည့်ကာ ပြောလိုက်သည်။
“ဒုတိယတစ်ခုက မင်း အဆင့်တစ်ခုကိုရောက်သွားရင် အဆုံးမဲ့ပင်လယ်နက်မှာရှိတဲ့ မိစ္ဆာအားလုံးကို သတ်ပစ်ရမယ်။ မိစ္ဆာတစ်ကောင်တောင် အရှင်မထားခဲ့နဲ့။ ဘာလို့လဲဆိုတော့ သူတို့က လူသားမျိုးနွယ်ရဲ့ အကြီးမားဆုံးရန်သူတွေ ဖြစ်နေလို့ပဲ”
“ကျွန်တော် တောင်းပန်ပါတယ်...”
ကျန်းရီ ခါးသက်သက် ပြုံးလိုက်ပြီး အံကြိတ်ကာ ပြောလိုက်သည်။
“အောင်းလုက ကျွန်တော့်အပေါ် အများကြီးကြင်နာပါတယ်။ သူ့ရဲ့မြေးမလေးကလည်း ကျွန်တော်နဲ့ မိတ်ဆွေတွေပါ။ အရိပ်ဧကရာဇ်နဲ့ အနက်ရောင်နတ်ဘုရားကလည်း ကျွန်တော့်အပေါ် လေးစားမှု ပြခဲ့ပါတယ်။ အဲ့ဒါကြောင့် ဒီကိစ္စကိုလည်း ကျွန်တော် မလုပ်နိုင်ပါဘူး။ တကယ်လို့ လူသားတွေနဲ့ မိစ္ဆာတွေ စစ်ဖြစ်ကြမယ်ဆိုရင်တော့ ကျွန်တော် သေချာပေါက် လူသားတွေဘက်က ရပ်တည်မယ်လို့ပဲ ကျွန်တော် ကတိပေးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က လူသားတစ်ယောက် ဖြစ်နေလို့ပါ”
“မင်းက ဘာမှ မလုပ်နိုင်ရင် ငါက ဘာလို့ မင်းကို အသက်ချမ်းသာပေးရမှာလဲ”
ဆန်းကြယ်ဧကရာဇ်က ကျန်းရီကို အေးစက်စက် ကြည့်လိုက်သည်။ ပတ်ဝန်းကျင် အပူချိန်က ထပ်မံ ကျဆင်းသွားလေသည်။ ထို့နောက် ဆန်းကြယ်ဧကရာဇ်က ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်ရာ ကျန်းရီသည် တောင်တစ်လုံးနှင့် အဖိခံထားရသကဲ့သို့ ခံစားလိုက်ရသည်။ သူ မြေပြင်ပေါ်သို့ လဲကျမလိုပင် ဖြစ်သွားသည်။
ဆန်းကြယ်ဧကရာဇ်၏ မျက်နှာထားက စူးရှသည်။ သူ၏အကြည့်က အေးစက်သည်။ တစ်မိနစ်ကြာပြီးနောက်မှ သူ ပြောလိုက်သည်။
“ဒါက နောက်ဆုံး တောင်းဆိုချက်ပဲ။ မင်း အဲ့ဒါကိုလည်း မလုပ်နိုင်ဘူးဆိုရင်တော့ သေရလိမ့်မယ်။ ငါ့ကို ဆန့်ကျင်ရဲတဲ့သူမှန်သမျှ ပျက်သုဉ်းရမှာပဲ”
ဆန်းကြယ်ဧကရာဇ်က သူ၏အရှိန်အဝါကို ပြန်ရုတ်သိမ်းလိုက်ပြီး ကျန်းရီကို ခေါင်းအစခြေအဆုံး ကြည့်လိုက်သည်။
“လူငယ်လေး... မင်းက ပါရမီထူးတဲ့ လူငယ်တစ်ယောက်ပဲ။ မိန်းမတွေကြောင့် မင်းရဲ့ လမ်းခရီး နှောင့်နှေးမှာကို ငါ မလိုချင်ဘူး။ မင်း ချစ်မိသွားတဲ့ အချစ်က မင်းရဲ့အားနည်းချက် ဖြစ်သွားလိမ့်မယ်။ မင်းရဲ့ နှလုံးသားက ဘယ်လိုမှ မာကြောနိုင်တော့မှာ မဟုတ်ဘူး။ လူစွမ်းကောင်းတစ်ယောက်က မိန်းမလှလေးရဲ့ ဖြားယောင်းမှုကို ခံနိုင်ရည်ရှိရတယ်...”
“အဲ့ဒါကြောင့် ငါ မင်းကို မင်းဘဝထဲက မိန်းမအားလုံးကို စွန့်ပစ်လိုက်စေချင်တယ်။ အဲ့ဒါမှသာ မင်း သိုင်းပညာတာအိုရဲ့ အထွတ်အထိပ်ကို ရောက်သွားပြီး နတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်မှာပဲ။ မင်း အဲ့ကိစ္စကို သဘောတူရင် ငါ မင်းကို ဆန်းကြယ်နတ်ဘုရားနန်းတော် ချီးမြှင့်မယ်။ ငါ့ရဲ့ ဆန်းကြယ်နတ်ဘုရားဓားနဲ့ ဆန်းကြယ်နတ်ဘုရားချပ်ဝတ်ကိုလည်း ချီးမြှင့်မယ်။ အဲ့ဒါတွေက နတ်ဘုရားအသုံးအဆောင်နှစ်ခုပဲ”
“နတ်ဘုရားအသုံးအဆောင်တွေ”
ကျန်းရီ၏ မျက်လုံးများ အရောင်လက်သွားသည်။ ဆန်းကြယ်ဧကရာဇ်၏ ဓားနှင့်ချပ်ဝတ်က ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲတွင် ရှိသည်ဟု ဒဏ္ဍာရီများက ဆိုကြသည်။ ၎င်းတို့က ကောင်းကင်ကြယ်တာရာနယ်နမိတ်တွင်ရှိသည့် နှစ်ခုတည်းသော နတ်ဘုရားအသုံးအဆောင်များ ဖြစ်သည်။ ထိုအသုံးအဆောင်နှစ်ခုက ယခုအထိ ရှိနေသေးကြောင်းကိုပင် ကျန်းရီ မသိခဲ့ပေ။ ဆန်းကြယ်ဧကရာဇ်က ထိုရတနာနှစ်ခုကို ယူမသွားခဲ့ပုံပင်။
သို့သော် ယခု ဆန်းကြယ်ဧကရာဇ်၏ ဝိညာဉ်ပုံရိပ်က အသိစိတ်ရှိပုံ ပေါ်နေသည်။ ထိုအခိုက်တွင် ကျန်းရီသည် ဆန်းကြယ်ဧကရာဇ်က လွန်ခဲ့သော နှစ်ပေါင်းများစွာက အမှန်တကယ် နတ်ရွာစံသွားခြင်းမှ ဟုတ်ပါသလောဟု တွေးလိုက်မိသည်။ မဟုတ်လျှင် သူ၏ဝိညာဉ်ပုံရိပ်တွင် မည်သို့ အသိစိတ်ရှိနေမည်နည်း။
ကျန်းရီသည် ဆန်းကြယ်ဧကရာဇ်၏ နောက်ဆုံးတောင်းဆိုချက်ကို တစ်ခါမှပင် တွေးမကြည့်ခဲ့ဖူးပေ။ သူက စုလောရွှယ်၊ ယဉ်ရို့ပင်း၊ ဖုန်းလန်၊ ချင်းယွီနှင့် အခြားသူများကို စွန့်လွှတ်နိုင်ပါမည်လော။
ကျန်းရီ လျင်မြန်စွာ ဦးညွှတ်ကာ လက်ဆုပ်၍ အော်ပြောလိုက်သည်။
“ကျွန်တော် မလုပ်နိုင်ပါဘူး။ ကျွန်တော့်ကို သေခွင့်ပေးလိုက်ပါတော့ ဆန်းကြယ်ဧကရာဇ် ခင်ဗျား...”
“ကျွန်တော့်ကို သေခွင့်ပေးလိုက်ပါတော့ ဆန်းကြယ်ဧကရာဇ် ခင်ဗျား”
ကျန်းရီ နောက်ဆုံးစကားကို ထပ်မံ ပြောလိုက်သည်။ သူ၏အသံက ထိုနေရာတစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွားလေသည်။ ဆန်းကြယ်ဧကရာဇ်၏ မျက်နှာထားက ပြောင်းလဲသွား၏။ သူ့မျက်နှာပေါ်တွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ရုတ်ခြည်း ပြည့်နှက်သွားသည်။ ထို့နောက် သူသည် လက်မြှောက်ကာ သက်ငယ်မိုးအိမ်၏ တံခါးကို ဖွင့်လိုက်၏။ အိမ်ထဲမှနေ၍ အနက်ရောင်ဓားတစ်ချောင်း ပျံထွက်လာပြီး သူ့လက်ထဲသို့ ဆင်းသက်သွားသည်။
“အဲ့လိုဆိုမှတော့ ငါ မင်းကို သေခွင့်ပေးမယ်။ ငါကတော့ နောက်ထပ်ဆက်ခံသူ ထွက်ပေါ်လာတဲ့အထိ စောင့်နေရမှာပေါ့”
ဆန်းကြယ်ဧကရာဇ်က ပြောလိုက်သည်။ သူ၏အသံက ပတ်ဝန်းကျင်မှ အအေးဓာတ်ထက်ပင် များစွာပို၍ အေးစက်နေသည်။ ထို့နောက် ကျန်းရီထံသို့ အားကောင်းသော သတ်ဖြတ်အရှိန်အဝါတစ်ခု ရောက်လာသည်။ ကျန်းရီ တုန်လှုပ်သွား၏။ ဆန်းကြယ်ဧကရာဇ်က ဓားကို လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်၍ မြှောက်လိုက်သည်။ ပတ်ဝန်းကျင်မှ မိုးမြေအတွင်းအားများက ဓားတွင် သွားရောက်စုဝေးကြ၏။ ထို့နောက် ဓားသည် ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်လေသည်။
ထိုအခိုက်တွင် ကျန်းရီသည် ထိုအနက်ရောင်ဓားက အမှန်ပင် နတ်ဘုရားအသုံးအဆောင်တစ်ခုဖြစ်ကြောင်း အပြည့်အဝ ယုံကြည်သွားပေပြီ။ ဆန်းကြယ်ဧကရာဇ်နှင့် ရင်ဆိုင်ရလျှင် ကြယ်ကိုးပွင့်အဆင့် သိုင်းပညာရှင်များပင် အမှုန့်ဖြစ်သွားမည်သာ။
ရွှီ...ရွှီ...
ဆန်းကြယ်ဧကရာဇ်သည် တစ်စက္ကန့်ပင် မတုံ့ဆိုင်းဘဲ ဓားကို အတည့်ပိုင်းလိုက်လေသည်။ ဓားထံမှနေ၍ စွမ်းအင်လုံးတစ်လုံး ပျံထွက်လာ၏။ ၎င်းက လေထုကို ဖြတ်ကာ ကျန်းရီထံသို့ ဦးတည်သွားနေသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ၎င်းက ကျန်းရီကို ထိမှန်သွားလေသည်။
ကျန်းရီသည် တုန်လှုပ်မိသော်လည်း မျက်စိများမှိတ်ကာ သေရန် အသင့်ပြင်ထားသည်။
ဝုန်း...
အဖြူရောင်အလင်းက ကျန်းရီကို လွှမ်းခြုံသွား၏။ တစ်ချိန်တည်းမှာပင် ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာသည်။ ကျန်းရီသည် စွမ်းအင်လုံး၏ ထိတိုက်မှုအဟုန်ကြောင့် အနောက်သို့ မီတာသုံးရာနီးပါး လွင့်ပျံထွက်သွားသည်။ သူ ရေခဲကန်နားသို့ ရောက်သွားလေသည်။
“အာ...”
ကျန်းရီသည် သူ့ကိုယ်ပေါ်တွင် မည်သည့်ဒဏ်ရာကိုမှ မတွေ့လိုက်ရ၍ အံ့အားသင့်သွား၏။ အစောမှ တိုက်ခိုက်မှုက အလွန်ကြောက်မက်ဖွယ်ကောင်းခဲ့သော်လည်း သူက မထိခိုက်သွားသည်လော။ ပို၍ အံ့ဩစရာကောင်းသည်မှာ ယခုတွင် ဓားက သူ့အရှေ့တွင် ရှိနေခြင်းပင်။
ဆန်းကြယ်ဧကရာဇ်၏ ဆန်းကြယ်နတ်ဘုရားဓားက ကျန်းရီအရှေ့ရှိ ရေခဲပြင်ထဲတွင် စိုက်ဝင်နေသည်။ ၎င်းသည် တိုက်ခိုက်မှုအဟုန်ကြောင့် ခွေးအမြီးနှံ့သကဲ့သို့ တုန်ခါနေသေးသည်။
ကျန်းရီသည် အံ့ဩတကြီးဖြင့် ဆန်းကြယ်ဧကရာဇ်ကို မော့ကြည့်လိုက်၏။ ဆန်းကြယ်ဧကရာဇ်က သူ့ကို ပြုံး၍ကြည့်ကာ ပြောလိုက်သည်။
“လူငယ်လေး... မင်း စမ်းသပ်ချက်ကို အောင်မြင်သွားပြီ။ အခု အဲ့ဓားက မင်းဟာဖြစ်သွားပြီ။ ဆန်းကြယ်နတ်ဘုရားနန်းတော်နဲ့ ဆန်းကြယ်နတ်ဘုရားချပ်ဝတ်ကလည်း မင်းဟာတွေ ဖြစ်သွားပြီ”
***