← Chapters

သူတော်စင်တစ်သောင်းနယ်နမိတ်

Vol. 81 Ch. 1123

သူတော်စင်တစ်သောင်းနယ်နမိတ်

Vol. 81 Ch. 1123

ကျန်းရီ အလွန်စိတ်လှုပ်ရှားသွား၏။ သူသည် ဆန်းကြယ်ဧကရာဇ်နှင့် တွေ့ပြီးနောက်တွင် များစွာတွေးတောရန် အချိန်မရှိခဲ့ပေ။ ဆန်းကြယ်ဧကရာဇ်က သူ့ကို တွေးတောချိန် မပေးခဲ့ချေ။ ထို့ကြောင့် ကျန်းရီသည် ထိုတောင်းဆိုချက်သုံးခုက စမ်းသပ်ချက်များ ဖြစ်နိုင်သည်ဟုပင် မတွေးနိုင်ခဲ့ဘဲ သူ၏ စိတ်ရင်းအတိုင်းသာ ပြန်ဖြေခဲ့သည်။

ထိုအခိုက်တွင် ကျန်းရီသည် ဆန်းကြယ်ဧကရာဇ်၏ ဆိုလိုရင်းနှင့် ရည်ရွယ်ချက် အစစ်အမှန်ကို နားလည်သွားပြီဖြစ်သည်။ ကျန်းရီ စိတ်ထဲမှ ခါးသက်သက် ပြုံးလိုက်သည်။ ထိုဒဏ္ဍာရီလာ နံပါတ်(၁)ဧကရာဇ်က နံပါတ်(၁)လူထူးဆန်းဟူ၍ ကျော်ကြားသင့်သည်။ သူ၏ အတွေးအမြင်များက သာမန်လူများနှင့် လုံးဝကွဲပြားသည်။ စိတ်အားငယ်တတ်သူတစ်ယောက်ဆိုလျှင် ဆန်းကြယ်ဧကရာဇ်၏ စနောက်မှုကို ခံရ၍ သေသွားနိုင်ပေသည်။

အစောမှ အခြေအနေတွင် မည်သူကမှ ဆန်းကြယ်ဧကရာဇ်ကို မေးခွန်းထုတ်ဝံ့မည် မဟုတ်ပေ။ ဆန်းကြယ်ဧကရာဇ်၏ စကားများက ရှင်းပြ၍မရနိုင်သော အားတစ်ခုကို သယ်ဆောင်လာခဲ့ရာ မည်သူမှ သူ့ကို ဆန့်ကျင်ဝံ့မည် မဟုတ်ပေ။ ကျန်းရီသည်လည်း ဆန်းကြယ်ဧကရာဇ်၏ စကားများက အစစ်အမှန်ဟု ထင်ခဲ့ပြီး သူက သေချာပေါက် သေဆုံးရတော့မည်ဟု ယူဆခဲ့သည်။

သို့သော် အဆုံးသတ်မှာ ငိုရမည်မသိ၊ ရယ်ရမည်မသိသော အဆုံးသတ်ဖြစ်သွားသည်။ ကျန်းရီသည် ဆန်းကြယ်ဧကရာဇ်၏ ပြုံးနေသော မျက်နှာကို မြင်လိုက်သောအခါ စိတ်ပေါ့သွားပြီး အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ သို့သော် သူသည် မဆင်မခြင် မလှုပ်ရှားဝံ့သေးဘဲ ဖြည်းဖြည်းချင်း ထရပ်ကာ သူ၏နက်ရှိုင်းသောနှလုံးသားနေရာမှ မေးခွန်းကို မေးလိုက်လေသည်။

“ဘာလို့ ကျွန်တော်လဲ”

“အကြောင်းတွေ အများကြီးရှိတယ်”

ဆန်းကြယ်ဧကရာဇ်က ခေတ္တမျှတွေးတောလိုက်ပြီးနောက် ပြုံးကာ ပြန်ဖြေလိုက်သည်။

“မင်းက ဝိညာဉ်လေတွေကို ဘယ်လို စုပ်ယူရမယ်ဆိုတာကို သိတယ်၊ ပြီးတော့ ဝိညာဉ်လေတွေကိုလည်း ပေါင်းစည်းနိုင်တယ်။ အဲ့နှစ်ချက်နဲ့တင် မင်းက ငါ့ရဲ့ဆက်ခံသူဖြစ်ဖို့ ထိုက်တန်နေပြီ။ အဲ့ဒါတွေအပြင် မင်းက စမ်းသပ်ချက်တွေအားလုံးကိုလည်း အောင်မြင်ခဲ့တယ်။ ငါက ငါ့ရဲ့ ဆက်ခံသူကို ဒီအချက်တွေကြည့်ပြီး ရှာတာ... ပါရမီပါရမယ်၊ အသက်ငယ်ရမယ်၊ အကျင့်စရိုက်ကောင်းရမယ်.. ပြီးတော့... ရိုးသားရမယ်...”

“မင်းမှာ အဲ့အချက်တွေအကုန်လုံး ပြည့်စုံတယ်။ ဒီတော့ မင်းက ငါ့ရဲ့ ဓား၊ ချပ်ဝတ်နဲ့ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ဆက်ခံဖို့ ထိုက်တန်တယ်။ မင်း အဲ့ဒါတွေကို သိက္ခာမကျစေဖို့ ငါ မျှော်လင့်ပါတယ်။ အဲ့ဒါတွေက ငါနဲ့အတူ နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့တဲ့ ပစ္စည်းတွေပဲ။ တကယ်လို့ တစ်ယောက်ယောက်က အဲ့ဒါတွေကို မင်းဆီက လုယူသွားနိုင်ရင် မင်း ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်တော့”

“ဟုတ်ကဲ့”

ကျန်းရီ ခေါင်းညိတ်လိုက်သည်။ ဆန်းကြယ်ဧကရာဇ်၏ ထိုရတနာသုံးခုအပေါ်ထားသော သဘောထားကို သူ မြင်နိုင်သည်။ ယခုတွင် ဆန်းကြယ်ဧကရာဇ်က သူ့အား ထိုရတနာများကို ပေးလိုက်ပြီဖြစ်၍ ၎င်းတို့က သူ၏အသက် ဖြစ်သွားပေပြီ။ ကျန်းရီသည် စကားများစွာ မပြောဘဲ အလေးအနက်သာ ဦးညွှတ်လိုက်သည်။

“ငါ့မှာ အချိန်အများကြီး မရှိဘူး။ ဒီနတ်ဘုရားဝိညာဉ်က အချိန်မရွေး ပျောက်ကွယ်သွားတော့မယ်။ မင်းမှာ မေးခွန်းတွေရှိရင် အခု ‌မေးလိုက်ပါ”

ဆန်းကြယ်ဧကရာဇ်က သက်ငယ်မိုးအိမ်ကို လှမ်းကြည့်၍ ပြောလိုက်သည်။

“ငါ့ရဲ့ ဆန်းကြယ်နတ်ဘုရားချပ်ဝတ်က အိမ်ထဲမှာပဲ။ ပြီးတော့ ကျောက်စိမ်းအဆောင်တစ်ခုလည်း ရှိတယ်။ အဲ့ဒါက ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ထိန်းချုပ်တဲ့ ပစ္စည်းပဲ။ မင်း ကျောက်စိမ်းအဆောင်ကို သန့်စင်ပြီးရင် ဆန်းကြယ်နတ်ဘုရားနန်းတော်က မင်းအပိုင် ဖြစ်သွားပြီ”

‘ငါ ကြိုက်တာကို မေးလို့ရလား’

ကျန်းရီ ရင်ခုန်မြန်သွားသည်။ သူသည် ထိုကဲ့သို့သော အခွင့်အရေးကောင်းတစ်ခုကို မည်သို့ လက်လွတ်ခံနိုင်မည်နည်း။ သူ ခေတ္တမျှ တွေးတောကာ မေးလိုက်သည်။

“ဆန်းကြယ်ဧကရာဇ်ခင်ဗျာ... ဆန်းကြယ်ဧကရာဇ်ရဲ့ နတ်ဘုရားဝိညာဉ်က ဘာလို့ အသိစိတ်ရှိနေရတာပါလဲ။ ဆန်းကြယ်ဧကရာဇ်က နတ်ရွာမစံခဲ့ဘူးလား”

“ဟင်းဟင်း...”

ဆန်းကြယ်ဧကရာဇ်က ခပ်သဲ့သဲ့ရယ်ကာ ပြန်ဖြေ၏။

“ငါက နတ်ရွာစံခဲ့တာပေါ့။ အခု ငါက ပိုမြင့်တဲ့ နယ်နမိတ်(ဘုံ)ကို ရောက်နေပြီ။ ငါ့ရဲ့ ဒီဝိညာဉ်ကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ချန်ထားခဲ့တာ။ ဒါပေမဲ့ ငါ ဒီဝိညာဉ်ကို ခံစားနိုင်နေတုန်းပဲ။ ငါက မဟာစွမ်းရည်တစ်ခုကိုသုံးပြီး ဒီဝိညာဉ်ကို ထိန်းချုပ်နေတာ။ မဟုတ်ရင် ငါက ဘယ်လိုလုပ် မင်းနဲ့ ဒီလိုစကားပြောနေနိုင်မှာလဲ”

“အာ...”

ကျန်းရီ တုန်ယင်သွားပြီး စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။

“ပိုမြင့်တဲ့ဘုံလား။ ဆန်းကြယ်ဧကရာဇ် အဲ့ဘုံမှာ မသေမျိုးအစစ်အမှန်တွေ ရှိပါသလား။ ပိုမြင့်တဲ့ဘုံဆိုတာ မသေမျိုးဘုံလား”

“ဟားဟားဟား...”

ဆန်းကြယ်ဧကရာဇ်က ကျယ်လောင်စွာ ရယ်၍ ပြန်ပြော၏။

“ပိုမြင့်တဲ့ဘုံက မသေမျိုးဘုံလား။ အင်း... အဲ့လို ပြောမယ်ဆိုရင်လည်း ရပါတယ်။ ကောင်းကင်ကြယ်တာရာနယ်မြေက ပါးစပ်ရာဇဝင်တွေအရ ပိုမြင့်တဲ့ဘုံမှာ တကယ်ပဲ နတ်ဘုရားအစစ်အမှန်တွေရှိတယ်။ တကယ်လို့ မင်း ကြယ်ကိုးပွင့်အဆင့် သိုင်းပညာရှင်တစ်ယောက် ဖြစ်လာပြီး နတ်ဘုရားအမြုတေကို ဖွဲ့စည်းနိုင်ရင် ပိုမြင့်တဲ့ဘုံကို တက်နိုင်လိမ့်မယ်။ အဲ့ကျရင် မင်း ကောင်းကင်ကြယ်တာရာမြို့မှာရှိတဲ့ သူတောင်စင်တစ်သောင်းနယ်နမိတ်ရဲ့ တောင်ဘက်အကျဆုံးအပိုင်းမှာ ငါ့ကို လာရှာပေါ့။ ငါက အဲ့မြို့ရဲ့ မြို့အရှင်ပဲ”

“မြို့အရှင်လား”

ကျန်းရီ၏ မျက်လုံးများ အရောင်လက်သွားသည်။ ကြည့်ရသည်မှာ ဆန်းကြယ်ဧကရာဇ်က မသေမျိုးဘုံတွင် အေးချမ်စွာ နေထိုင်နေပုံပင်။ အချို့အရာများက မည်သည့်အခါတွင်မှ မပြောင်းလဲပေ။ နှစ်ခုနစ်သိန်းရှိခဲ့ပြီ ဖြစ်သော်လည်း ဆန်းကြယ်ဧကရာဇ်က အသက်ရှင်နေဆဲပင်။ သူက နတ်ဘုရားအစစ်အမှန်တစ်ပါး ဖြစ်သွားခဲ့ခြင်းပင်။

“ဆန်းကြယ်ဧကရာဇ်... ဆန်းကြယ်ဧကရာဇ်က ဘာလို့ ဒီကလူတွေကို ပြန်လာမကြည့်တာလဲ”

ကျန်းရီသည် နားမလည်နိုင်ဟန်ဖြင့် မေးလိုက်၏။ ဆန်းကြယ်ဧကရာဇ်က နတ်ဘုရားအစစ်အမှန်တစ်ပါး ဖြစ်နေပြီဖြစ်၍ ပြန်လာလိုသည့်အချိန် ပြန်လာ၍ရသည် မဟုတ်လော။ သူသည် ခမ်းနားထည်ဝါစွာ ပြန်လာ၍ လူအားလုံး၏ ကိုးကွယ်ခြင်းကို ခံနိုင်ပေသည်။ သူသည် ကောင်းကင်ကြယ်တာရာနယ်မြေမှ လူများအတွက် နတ်ဘုရားလက်နက်အချို့နှင့် စွမ်းရည်အချို့ကို ယူဆောင်လာပေးနိုင်သည်။ သို့မဟုတ် ကောင်းကင်ကြယ်တာရာနယ်နမိတ်မှ လူများကို ပိုမြင့်သောဘုံသို့ တက်လှမ်းနိုင်ရန် ကူညီပေးနိုင်သည်။ ထိုသို့ဖြစ်လာလျှင် သူသည် မသေမျိုးဘုံကိုလည်း လွှမ်းမိုးနိုင်ပေလိမ့်မည်။

“ဟားဟားဟား...”

ဆန်းကြယ်ဧကရာဇ်က ထပ်မံရယ်လိုက်ပြီး ခေါင်းခါကာ ပြောလိုက်သည်။

“ငါလည်း ပြန်လာချင်ပါတယ်။ ဒါပေမဲ့ ပြန်မလာနိုင်ဘူး။ ငါ မင်းကို ရှင်းပြလို့မရတဲ့ကိစ္စတွေ အများကြီး ရှိနေသေးတယ်။ မင်း ကောင်းကောင်းသာ ဆက်ကျင့်ကြံပါ။ မင်း နတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်တာနဲ့ ကိစ္စတွေအများကြီးကို နားလည်သွားပါလိမ့်မယ်။ လူငယ်လေး... ဧကရာဇ်ကိုးပါးမျိုးနွယ်စုက အရမ်း တရားမလွန်ဘူးဆိုရင် မင်း သူတို့ကို ခွင့်လွတ်ပေးပြီး မေ့ပစ်လိုက်သင့်တယ်။ ပြီးတော့ မကြာခင်မှာ ကောင်းကင်ကြယ်တာရာနယ်နမိတ်မှာ ပြဿနာတချို့ ရှိလာလိမ့်မယ်။ မင်းအနေနဲ့ တတ်နိုင်ရင် လူသားမျိုးနွယ်ကို ကာကွယ်ရမယ်။ မင်း အနိုင်မရနိုင်ရင်တောင် ကြိုးစားပြီး လူသားမျိုးနွယ်ကို ကာကွယ်ရမယ်”

“အာ...”

ဆန်းကြယ်ဧကရာဇ်က နတ်ဘုရားအစစ်အမှန်တစ်ပါးပင်။ သူက အလေးအနက် ပြောနေပေရာ အမှန်ပင် ကိစ္စကြီးတစ်ခု ဖြစ်လာတော့မည့်ပုံပင်။ ထိုအခါကျလျှင် လူသားမျိုးနွယ်ကို ကာကွယ်ရမည်လော။ ယင်းက အလွန်ကြီးသော တာဝန်တစ်ခုပင်။ သို့သော် ဆန်းကြယ်ဧကရာဇ်၏ နတ်ဘုရားဝိညာဉ်က ပျောက်ကွယ်တော့မည်ဖြစ်၍ ကျန်းရီ ဆက်မေးမနေဝံ့တော့ဘဲ ခေါင်းညိတ်ကာ ပြောလိုက်လေသည်။

“ကျွန်တော်က လူသားမျိုးနွယ်ဝင်တစ်ယောက်ဆိုတော့ သေချာပေါက် အစွမ်းကုန်ကြိုးစားပြီး လူသားမျိုးနွယ်ကို ကာကွယ်မှာပါ”

ဆန်းကြယ်ဧကရာဇ်၏ နတ်ဘုရားဝိညာဉ်က အလွန်ပါးလျလာသည်။ နောက်ဆုံးအခိုက်တွင် ကျန်းရီသည် တစ်စုံတစ်ခုကို စဉ်းစားမိ၍ ထပ်မံမေးလိုက်သည်။

“ဆန်းကြယ်ဧကရာဇ်... ကျွန်တော့်ရဲ့ ဒန်တျန်က ပုံစံပြောင်းလဲခဲ့ပါတယ်။ ကျွန်တော့်ရဲ့ စိတ်ဝိညာဉ်ရောပါပဲ။ ကျွန်တော် သိုင်းပညာတာအိုရဲ့ အထွတ်အထိပ်အဆင့်ကို ရောက်နိုင်ဦးမလားဆိုတာကို ကျွန်တော်မသေချာပါဘူး။ ကျွန်တော် နတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်ပါ့မလား”

“မင်းရဲ့ ဖြစ်တည်မှုက အဓိကအကြောင်းအရင်းပဲ”

ဆန်းကြယ်ဧကရာဇ်၏ နတ်ဘုရားဝိညာဉ်က ပို၍ပါးလျလာသည်။ သူ၏အသံကလည်း တိုးလာသည်။

“ရိုးရိုးသားသား ပြောရရင် မင်း ကျင့်ကြံနေတဲ့ သိုင်းပညာကို ငါလည်း အပြည့်အဝ နားမလည်ဘူး။ ဒါပေမဲ့ အဲ့သိုင်းပညာက အားမနည်းလောက်ပါဘူး။ မင်း အဲ့ဒါကို ဆက်ကျင့်ကြံမယ်ဆိုရင် လုံလောက်ပါပြီ။ မဟာတာအိုသုံးထောင်စလုံးက ပန်းတိုင်တစ်ခုမှာပဲ အဆုံးသတ်တာမလား။ နတ်ဘုရားတစ်ပါး ဖြစ်လာဖို့က မင်းရဲ့ ကောင်းကင်တာအိုကို သိမြင်နားလည်မှုအပေါ်မှာ မူတည်တယ်။ ကြိုးစားပါ လူငယ်လေး။။ ငါ မင်းကို သူတော်စင်တစ်သောင်းနယ်နမိတ်မှာ စောင့်နေပါမယ်...”

“ဆန်းကြယ်ဧကရာဇ်တောင် နားမလည်ဘူးလား”

ကျန်းရီသည် မျက်လုံးအဝိုင်းသား ဖြစ်နေ၏။ ဆန်းကြယ်ဧကရာဇ်ပင် နားမလည်နိုင်လျှင် ထိုအမည်မဲ့ကျင့်စဉ်က အဖိုးတန်ခြင်းလော သို့မဟုတ် တန်ဖိုးမရှိခြင်းလော။

ကျန်းရီသည် တွေဝေစွာဖြင့် မြေပြင်တွင် ထိုင်ချလိုက်သည်။ သူသည် ထိုနေရာတွင် ငါးမိနစ်ကြာ ထိုင်နေပြီးမှ ရီချန်ထံ လျှောက်သွားလိုက်ပြီး သူမ၏ လှပသော မျက်နှာလေးကို ကြည့်လိုက်လေသည်။ ထို့နောက် သူသည် သူမ၏ကိုယ်လုံးလေးကို ဆက်ကြည့်မိရာ မျက်နှာထူပူလာ၍ ချက်ချင်း အကြည့်လွှဲလိုက်ရသည်။

ထိုအချိန်တွင် မည်သည့်အကန့်အသတ်မှ မရှိတော့၍ ကျန်းရီသည် အတွင်းအားနှင့် ကောင်းကင်စိတ်အာရုံကို စိတ်ကြိုက် ပြန်သုံးနိုင်နေပြီဖြစ်သည်။ သူသည် ရီချန်ကို တစ်ချက်ကြည့်လိုက်ပြီး သူမက အဆင်ပြေကြောင်း အတည်ပြုပြီးနောက် ဆန်းကြယ်နတ်ဘုရားဓားဆီသို့ လျှောက်သွားလိုက်သည်။ ယင်းက နတ်ဘုရားအသုံးအဆောင်တစ်ခုပင်။

‘အဲ့ဒါက ပစ္စည်းကောင်းတစ်ခုပဲ’

ကျန်းရီသည် ရေခဲပြင်ထဲတွင် စိုက်ဝင်နေသည့် ဓားရှည်ကို ကြည့်လိုက်၏။ ဓားက သုံးပေရှည်ပြီး ဓားရိုးတွင် ဆန်းကြယ်သော အနက်ရောင်တာအိုသင်္ကေတများစွာ ရှိနေသည်။ ထိုဓားက ကိုယ်ပိုင်အရှိန်အဝါတစ်ခု ရှိသည်ဟုလည်း ထင်ရသည်။ ထို့ကြောင့် ကျန်းရီ အသက်ရှူမြန်လာပြီး ၎င်းဆီသို့ ခပ်သွက်သွက် လျှောက်သွားလိုက်လေသည်။

ကျန်းရီသည် လက်ဆန့်ထုတ်၍ ဓားရိုးကို ကိုင်လိုက်၏။ ထိုအခိုက်တွင် သူ၏ခန္ဓာကိုယ်က ရုတ်တရက် တုန်ယင်သွားသည်။ မီးဝိညာဉ်ပုလဲကလည်း လင်းလက်လာပြီး အနီရောင်အလင်းကို ဖြာထုတ်လိုက်သည်။

“အာ...”

ဆန်းကြယ်နတ်ဘုရားဓားက ကိုယ်ပိုင်အသိစိတ်ရှိသကဲ့သို့ အဆက်မပြတ် တုန်ခါနေ၍ ကျန်းရီ အံ့အားသင့်သွားသည်။ မီးဝိညာဉ်ပုလဲကလည်း စတင်၍ အပြင်းအထန် တုန်ခါလာကာ ကျန်းရီ၏ ကိုယ်ပေါ်မှနေ၍ လေထဲသို့ ပျံတက်သွားသည်။

“ဒါ...ဒါက...”

ဆန်းကြယ်နတ်ဘုရားဓားကလည်း လေထဲသို့ ပျံတက်သွားပြီး မီးဝိညာဉ်ပုလဲဆီသို့ ဦးတည်သွားလိုက်သည်။ ထိုအခိုက်တွင် မီးဝိညာဉ်ပုလဲက ပို၍ပင် တောက်ပလာသည်။ ထို့နောက် ၎င်းအတွင်းမှနေ၍ မီးနဂါးဓား ထွက်လာသည်။ မီးဝိညာဉ်ပုလဲက မီးနဂါးဓားအတွင်းသို့ ဝင်သွားသည်။ ယင်းနောက်တွင် ဓားနှစ်လက်သည် သက်တန့်တန်းနှစ်တန်းအလား အချင်းချင်း ထိခတ်သွားကြသည်။

ရွှီး...

မျက်စိကျိန်းလောက်ဖွယ် အနီရောင်အလင်း တောက်ပသွားသောအခါ ကျန်းရီ အလွန်အံ့အားသင့်သွားပြီး မျက်လုံးများ မှိတ်ထားလိုက်ရသည်။ သူ မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် ဆန်းကြယ်နတ်ဘုရားဓားက ပျောက်ကွယ်သွားပေပြီ။ လေထဲတွင် မီးနဂါးဓားသာ ကျန်ခဲ့သည်။ ထိုအခိုက်တွင် ၎င်း၏အရှိန်အဝါကို သူ ရင်းနှီးသလို၊ မရင်းနှီးသလို ဖြစ်နေပေသည်။

မီးနဂါးဓားက ကျန်းရီ၏ စိတ်ဝိညာဉ်နှင့် ချိတ်ဆက်နေ၏။ ထို့ကြောင့် ကျန်းရီသည် ထိုဓားက အမှန်ပင် သူ၏မီးနဂါးဓားဖြစ်ကြောင်း ပြောနိုင်သည်။ သို့သော် မရင်းနှီးသလို ဖြစ်နေရခြင်းမှာ မီးနဂါးဓားက ပုံစံပြောင်းလဲသွားခြင်းကြောင့်ပင်။ ပုံစံက ကွဲပြားသွားရုံသာမက အရှိန်အဝါကလည်း အလွန်ကြောက်မက်ဖွယ်ကောင်းနေသည်။ ထိုအရှိန်အဝါက ဆန်းကြယ်နတ်ဘုရားဓား၏ အရှိန်အဝါထက်ပင် ပိုအားကောင်းနေလေသည်။

***

All Chapters