ခဏလောက် စောင့်ကြတာပေါ့
Vol. 81 Ch. 1125
ဧကရာဇ်ခုနစ်ပါးက နတ်ဘုရားတစ်ပိုင်း တစ်ဒါဇင်စီ ခေါ်လာကြပြီး ဆန်းကြယ်နတ်ဘုရားတောင်ထိပ်သို့ ဦးတည်သွားနေကြသည်။ အသံလှိုင်းဧကရာဇ်ကလည်း ချန်မျိုးနွယ်မှ မဟာအကြီးအကဲကိုခေါ်၍ အနောက်မှ လိုက်သွားသည်။ သို့သော် ဤတစ်ကြိမ်တွင် အသံလှိုင်းဧကရာဇ်က ဝါးခမောက်ဆောင်းထားပြီး မျက်လုံးများ မှိတ်ထားသည်။ ထို့ကြောင့် မည်သည့်အပြင်လူကမှ သူ့တွင် မျက်လုံးများ မရှိကြောင်းကို မမြင်နိုင်ချေ။
ဝှစ်...ဝှစ်...ဝှစ်...
တောင်ခြေရှိ သိန်းချီသော လူများကလည်း အထက်သို့ ပျံတက်သွားကြသည်။ သို့သော် ဧကရာဇ်ရှစ်ပါး ရှိနေသဖြင့် မည်သူမှတော့ တောင်ထိပ်အထိ မတက်ဝံ့ကြပေ။ သူတို့သည် ဆန်းကြယ်နတ်ဘုရားတောင်ကို လှည့်ပတ်ပျံသန်း၍သာ ဖြစ်ပျက်နေသည်များကို စူးစမ်းနေကြသည်။ တစ်စုံတစ်ယောက်က ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ရယူသွားသည်ကို ကြည့်ရသည်မှာပင် ဂုဏ်ယူစရာတစ်ခု ဖြစ်နေပေပြီ။
လူများစွာသည် ဧကရာဇ်ရှစ်ပါးက တောင်ထိပ်သို့ လျင်မြန်စွာ တက်သွားသည်ကို ကြည့်ရင်း ပွဲက မပြီးသေးဟု ခန့်မှန်းလိုက်ကြသည်။ အဘိုးကြီးရှစ်ယောက်က ဆန်းကြယ်နတ်ဘုရားနန်းတော်အတွက် တိုက်ခိုက်ကြတော့မည့်ပုံပင်။ ထို့ကြောင့် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို မည်သူကရယူနိုင်မည်ကို မသိနိုင်သေးပေ။
“အာ...”
လူများစွာသည် လန့်သွားပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ကြ၏။ ဆန်းကြယ်နတ်ဘုရားနန်းတော်အပြင်သို့ တည်နေရာမပြောင်းရွှေ့ခံရသေးသော လူအနည်းငယ် ရှိနေသေးသည်။ ရတနာရှာပွဲက ပြီးဆုံးသွားပြီဖြစ်၍ ပုံမှန်အရဆိုလျှင် ရတနာကို ရရှိသွားသူမှလွဲ၍ ကျန်လူများအားလုံး အပြင်ဘက်သို့ တည်နေရာပြောင်းရွှေ့ခံလိုက်ရမည်ဖြစ်သည်။ တည်နေရာမပြောင်းရွှေ့ခံရသူများအားလုံးက သေသွားခြင်းပေလော။
“မဖြစ်နိုင်ဘူး။ ကျန်ထျန်းလဲ့၊ ရီချန်၊ ယဉ်ရို့ပင်း၊ ရှီးဖေး၊ ကျန့်ဝူယင်းနဲ့ လီထျန်းတို့က တည်နေရာပြောင်းရွှေ့မခံလိုက်ရဘူး။ သိုင်းပညာရှင်တွေအများကြီး သေသွားတာတော့ မဖြစ်နိုင်ဘူး။ ဘယ်သူက ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ရသွားတာလဲ။ ဘာလို့ ကျန်တဲ့သူတွေက အပြင်ကို ရောက်မလာသေးတာလဲ”
“ဟုတ်တယ်... ကျန်ထျန်းလဲ့နဲ့ ရှီးဖေးက နတ်ဘုရားတစ်ပိုင်းတွေပဲ။ သူတို့ကတော့ မသေသွားလောက်ဘူးမလား။ ပြီးတော့ ရီချန်နဲ့ ယဉ်ရို့ပင်းတို့ကလည်း စွမ်းအားကြီးတဲ့သူတွေ... ကျန့်ဝူယင်းကလည်း ရတနာတွေအများကြီး ပိုင်ဆိုင်ထားတယ်။ လီထျန်းကလည်း အာကာတိမ်လွှာလမ်းပေါ် ပထမဆုံး တက်နိုင်ခဲ့တဲ့သူပဲ။ ဘယ်လိုလုပ် သူတို့က သေမှာလဲ”
“ထူးဆန်းလိုက်တာ။ သူတို့အကုန်လုံး ကျရှုံးသွားတာများလား”
“မဖြစ်နိုင်ဘူး။ အဆင့်တွေကို ဖြတ်ကျော်ရင်း သေတဲ့သူဆိုတာ သိပ်မရှိဘူး။ ရီချန်တို့က အဆင့်အကုန်လုံးကို မဖြတ်ကျော်နိုင်ဘူးဆိုရင်တော့ သေတော့သေမှာ မဟုတ်ဘူး။ ပြီးတော့ သူတို့က မူလရတနာတွေကိုလည်း ပိုင်ဆိုင်ထားကြတော့ သေချာပေါက် သေမှာမဟုတ်ဘူး”
ဆန်းကြယ်နတ်ဘုရားတောင်တစ်ခုလုံး သက်ဝင်လှုပ်ရှားလာသည်။ တိုက်ပွဲဧကရာဇ်၊ ဓားဧကရာဇ်နှင့် ယဉ်ဧကရာဇ်တို့၏ မျက်လုံးများက တောက်ပနေသည်။ ကျန်ထျန်းလဲ့၊ ကျန့်ဝူယင်းနှင့် ယဉ်ရို့ပင်းတို့က အပြင်သို့ ပြန်မရောက်လာသေးပေ။ ထို့ကြောင့် သူတို့သုံးယောက်ထဲမှ တစ်ယောက်က ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ရယူသွားနိုင်ခြင်း ဖြစ်နိုင်သည်။ သို့သော် မိစ္ဆာဧကရာဇ်က ခပ်လှောင်လှောင် မျက်နှာထား ရှိနေသည်။ ရှီးဖေးပင် ကျန်းရီ၏ သတ်ဖြတ်မှုကို ခံလိုက်ရရာ ကျန်ထျန်းလဲနှင့် ကျန့်ဝူယင်းတို့တွင် မည်သည့်အခွင့်အရေး ရှိပါမည်နည်း။
ဆန်းကြယ်နတ်ဘုရားနန်းတော်က လင်းလက်နေပြီး အလင်းက ပို၍ ပို၍ တောက်ပလာသည်။ တိုက်ပွဲဧကရာဇ်၊ မြောက်ဘက်ဧကရာဇ်နှင့် ကျန်သူများက တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်နေကြ၏။ သို့သော် မည်သူမှတော့ မလှုပ်ရှားကြသေးပေ။
ဆန်းကြယ်နတ်ဘုရားနန်းတော်က သန့်စင်မှုကို ခံနေရခြင်းပင်။ မည်သူက ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ရသွားကြောင်း မသေချာသေးသ၍ မည်သူမှ မလှုပ်ရှားဝံ့သေးပေ။ ယခုတွင် နန်းတော်ကို လုယူရန် ကြိုးစားသူက တိုက်ပွဲဧကရာဇ်၊ ဓားဧကရာဇ်၊ ယဉ်ဧကရာဇ်နှင့် ရီမျိုးနွယ်မှ နတ်ဘုရားတစ်ပိုင်းများကို ရင်ဆိုင်ရမည်ဖြစ်သည်။
အချိန်က နှေးကွေးစွာ ကုန်ဆုံးသွား၏။ ဆန်းကြယ်နတ်ဘုရားနန်းတော်က ပို၍တောက်ပစွာ လင်းလက်လာသည်။ ၎င်းထံမှ ထွက်လာသော ဖိအားကလည်း ပို၍ ပို၍ ကြောက်မက်ဖွယ်ကောင်းလာသည်။ ရတနာရှာပွဲတွင် ပါဝင်ခဲ့သူအားလုံးသည် တောင်ထိပ်တွင် ဆက်မနေဝံ့တော့ဘဲ အောက်ဘက် ပေတစ်သောင်းအကွာအထိ ပျံဆင်းသွားကြသည်။ နတ်ဘုရားတစ်ပိုင်းတစ်စုသာ ဆန်းကြယ်နတ်ဘုရားနန်းတော်နှင့် ပေတစ်ထောင်ပတ်လည်အတွင်း၌ ရပ်နေဝံ့ပေသည်။
နေလုံးက အနောက်အရပ်သို့ တဖြည်းဖြည်းဝင်သွားပြီး ကောင်းကင်က ဆည်းဆာရောင်သမ်းလာသည်။ ညလေညှင်းများကလည်း အားလုံး၏ အဝတ်များကို ပွတ်သပ်တိုက်ခတ်နေသည်။ မကြာခင် ညမှောင်တော့ပေမည်။ ညမှောင်လာသည်နှင့် ကောင်းကင်ထက်တွင် ဝိညာဉ်လေများ ထွက်ပေါ်လာမည်ဖြစ်သည်။ ဆန်းကြယ်နတ်ဘုရားတောင်က အလွန်မြင့်သဖြင့် တောင်ပေါ်တွင်နေလျှင် အလွန်အန္တရာယ်များပေလိမ့်မည်။ သို့သော် မည်သူမှ ပြန်မဆုတ်သွားသလို၊ စကားတစ်ခွန်းမှလည်း မပြောကြပေ။ ထိုနေရာတစ်ခွင်လုံးတွင် အပ်ကျသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်နေသည်။
ရွှီး...
ဆန်းကြယ်နတ်ဘုရားနန်းတော်က ထပ်မံ၍ တောက်ပစွာ လင်းလက်လာသည်။ ဤတစ်ကြိမ်တွင်မူ အလင်းက အလွန်စူးရှသဖြင့် မည်သူမှ ထိုအလင်းကို တိုက်ရိုက် မကြည့်ဝံ့ကြပေ။ ဆန်းကြယ်နတ်ဘုရားနန်းတော်က အပြင်းအထန် တုန်ခါလာပြီး ကောင်းကင်ထက်ရှိ လေများနှင့် တိမ်များကလည်း ရွေ့လျားလာသည်။ မိုးမြေအတွင်းအားကလည်း ဆန်းကြယ်နတ်ဘုရားအထက်တွင် သွားရောက်စုဝေး၏။ ထို့နောက်တွင် လေထဲ၌ ပုံရိပ်တစ်ခု ထွက်ပေါ်လာလေသည်။
ထိုပုံရိပ်မှာ သက်ငယ်မိုးအိမ်တစ်လုံး၏ ပုံရိပ်ပင်။ အိမ်တံခါးကပွင့်နေပြီး အိမ်ထဲတွင် ဆံပင်အနီရောင်နှင့် လူငယ်တစ်ယောက်က တင်ပျဉ်ခွေထိုင်နေသည်။ သူ့လက်ထဲတွင် ကျောက်စိမ်းအဆောင်တစ်ခု ရှိနေသည်။ ထိုအခိုက် သူက မျက်လုံးများ ဖွင့်လိုက်၏။ သူ၏မျက်လုံးများသည် ကြယ်တာရာများကဲ့သို့ တောက်ပနေပြီး အလွန်ကြောက်မက်ဖွယ်ကောင်းပေသည်။ သူ့မျက်ဝန်းများထဲတွင် လျှပ်စီးတန်းလေးများလည်း ခပ်ရေးရေး တောက်ပနေသည်။ ထိုလူငယ်လေးက သာမန်လူတစ်ယောက်မဟုတ်ကြောင်း ထင်ရှားပေသည်။
“ဝိုး...”
လူအုပ်က အုတ်အော်သောင်းနင်းဖြစ်သွားပြီး အခြေအနေက ပို၍ပင် စိတ်လှုပ်ရှားစရာကောင်းလာလေသည်။ ဆန်းကြယ်နတ်ဘုရားတောင်တစ်ဝိုက်တွင် စိတ်လှုပ်တရှားဖြင့် စကားပြောနေသံများ ဆူညံပွက်နေသည်။ ထိုသို့ ဆူညံပွက်နေခြင်းမှာ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို တစ်စုံတစ်ယောက်က ရယူနိုင်သွား၍ မဟုတ်သလို ထိုလူငယ်လေး၏ အရှိန်အဝါက ကြောက်မက်ဖွယ်ကောင်းနေ၍မဟုတ်ပေ။ ထို့ပြင် ဆန်းကြယ်နတ်ဘုရားနန်းတော်အထက်၌ ပုံရိပ်တစ်ခု ထွက်ပေါ်လာ၍လည်း မဟုတ်ပေ။ ပုံရိပ်အတွင်းရှိ လူငယ်လေး၏ မျက်နှာကြောင့်သာ ဆူညံပွက်နေခြင်း ဖြစ်သည်။
ထိုမျက်နှာကို အရှေ့ဘက် တော်ဝင်နယ်မြေရှိ မျိုးနွယ်အများစုမှ လူများက အလွန်ရင်းနှီးနေပေသည်။ ထိုလူငယ်လေး အပြစ်သားကျွန်းတွင် အနုပညာဧကရာဇ် ဖြစ်သွားသည့်နှစ်တွင် သူ၏မျက်နှာကို မျိုးနွယ်ကြီးငယ်တိုင်း သိခဲ့ကြသည်။ ထို့ပြင် သူက မြောက်ဘက်ဧကရာဇ်၏ ဒေသလေးခုတွင် သွေးချောင်းစီးစေခဲ့သဖြင့် လူများ၏စိတ်ထဲတွင် သူ၏မျက်နှာက စွဲထင်နေပြီဖြစ်သည်။
ကျန်းရီ...
အရှေ့ဘက် တော်ဝင်နယ်မြေကို အလွန်အရှက်ရစေခဲ့သည့် လူတစ်ယောက်...
ဧကရာဇ်ကိုးပါးမျိုးနွယ်စုက အရှေ့ဘက် တော်ဝင်နယ်မြေကို ကိုယ်စားပြုသည်။ ကျန်းရီက ဝူမျိုးနွယ်ကို ပါးရိုက်ခဲ့သဖြင့် အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခွင်လုံး အရှက်ရခဲ့ရသည်။ ကျန်းရီက အပြစ်သားကျွန်းမှလာသူဖြစ်ပြီး အဆုံးမဲ့ပင်လယ်နက်နှင့်လည်း ပတ်သတ်မှုရှိနေသည် မဟုတ်ပါလား။
ယခုတွင် ကျန်းရီက ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ရယူနိုင်သွားပြီး သန့်စင်နေ၏။ ထို့ကြောင့် မရေမတွက်နိုင်သော လူများ၏ မျက်ဝန်းများထဲတွင် ဒေါသခိုးများ ပြည့်နှက်လာလေသည်။
“ကျန်းရီက အထဲကို ဘယ်လိုလုပ် ဝင်သွားတာလဲ”
လူများစွာ၏ ခေါင်းထဲတွင် မေးခွန်းတစ်ခု ထွက်ပေါ်လာသည်။ နတ်ဘုရားတစ်ပိုင်းများစွာနှင့် ဆန်းကြယ်ဧကရာဇ်မြို့ထဲရှိ တိုက်ပွဲဧကရာဇ်၏ မျက်လုံးများအောက်တွင် ကျန်းရီက အဘယ်သို့ ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲသို့ လူမသိသူမသိ ဝင်သွားနိုင်ခြင်းနည်း။
ဟူး...ဟူး...
မိစ္ဆာဧကရာဇ်က ဒေါသူပုန်ထသွား၏။ သူ၏အရှိန်အဝါက လွန်စွာခက်ထန်လာသည်။ မြောက်ဘက်ဧကရာဇ်၏ မျက်ဝန်းများထဲတွင်လည်း မီးဟုန်းဟုန်းတောက်နေသည်။ သားရဲဧကရာဇ်၏ မျက်နှာထားမှာမူ ရှုပ်ထွေးနေသည်။ တိုက်ပွဲဧကရာဇ်၊ ယဉ်ဧကရာဇ်နှင့် ဓားဧကရာဇ်တို့၏ အကြည့်များလည်း အေးစက်သွားကြသည်။ ရွှမ်ဧကရာဇ်တစ်ပါးသာ တည်ငြိမ်နေပုံပေါ်သည်။ သူ မည်သည်ကို တွေးနေကြောင်း မည်သူမှ မသိနိုင်ပေ။
သို့သော် အသံလှိုင်းဧကရာဇ် ချန်ဖန်းဖေး၏ မျက်နှာပေါ်တွင် အပြုံးတစ်ပွင့် ထွက်ပေါ်လာသည်။ ချန်မျိုးနွယ်မဟာအကြီးကဲကမူ မျက်နှာပေါ်တွင် မည်သည့်ခံစားချက်မှ မပြသော်လည်း သူ့မျက်ဝန်းများအတွင်းမှ ဝမ်းမြောက်သည့်အရိပ်အယောင်များကိုမူ မဖုံးကွယ်နိုင်ဖြစ်နေသည်။ ချန်သခင်လေးက ဆန်းကြယ်နတ်ဘုရားနန်းတော်ကို မရယူနိုင်ခဲ့ပေ။ သို့သော် ၎င်းက ကျန်းရီ၏လက်ထဲ ရောက်သွားခြင်းမှာလည်း မဆိုးချေ။
ချန်မျိုးနွယ်မဟာကြီးအကဲနှင့် အသံလှိုင်းဧကရာဇ်တို့ လျင်မြန်စွာ ဣန္ဒြေပြန်ဆည်လိုက်ကြ၏။ မိစ္ဆာဧကရာဇ်နှင့် မြောက်ဘက်ဧကရာဇ်တို့က သူတို့၏ သတ်ဖြတ်အရှိန်အဝါကို အဆုံးအစွန်အထိ ထုတ်လွှတ်ထားပြီဖြစ်သည်။ သူတို့က ဆန်းကြယ်နတ်ဘုရားနန်းတော်ကို တိုက်ခိုက်လိုနေခြင်းဖြစ်ကြောင်း ထင်ရှား၏။ သူတို့သည် ကျန်းရီကို သတ်နိုင်မည်ဆိုလျှင် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ဖျက်ဆီးပစ်ရန်လည်း ဝန်မလေးပေ။
“ဟာ...”
ထိုအခိုက်တွင် ကျန်းရီ၏ မျက်နှာထားလည်း ပြောင်းလဲသွား၏။ သူသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို သန့်စင်နေရင်း ဆန်းကြယ်နတ်ဘုရားနန်းတော်အတွင်းမှ အရာအားလုံးကို ခံစားနိုင်ရုံသာမက နန်းတော်အပြင်ဘက်တွင် ဖြစ်ပျက်နေသော ကိစ္စများကိုလည်း အာရုံခံနိုင်ကြောင်း သိလိုက်ရသည်။ အပြင်ဘက်တွင် နတ်ဘုရားတစ်ပိုင်းများစွာ ရှိနေပြီး လူတစ်ယောက်ကို တုန်လှုပ်သွားစေနိုင်သည့် အားကောင်းသော အရှိန်အဝါများလည်း ရှိနေကြောင်း သူ အာရုံခံမိလိုက်သည်။ သူ တုန်လှုပ်သွား၏။ ထိုမျှများသော သိုင်းပညာရှင်များ ရောက်လာခဲ့သည်လော။
ကျန်းရီသည် မြောက်ဘက်ဧကရာဇ်နှင့် ကျန်လူများ၏ အရှိန်အဝါများကို မသိပေ။ သူက ဧကရာဇ်များထဲတွင် မိစ္ဆာဧကရာဇ်နှင့် အသံလှိုင်းဧကရာဇ်ကိုသာ သိသည်။ ထိုအခိုက်တွင် သူသည် မိစ္ဆာဧကရာဇ်၏လက်က လင်းလက်လာသည်ကို အာရုံခံမိလိုက်၍ အခြေအနေမကောင်းတော့ဟု တွေးမိသွား၏။
ကျန်းရီသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို သန့်စင်ရင်း အချက်အလက်များစွာကို ရရှိလိုက်၏။ သို့သော် ပြဿနာမှာ ထိုအချက်အလက်များကို လေ့လာရန် သူ့တွင် အချိန်မရှိခြင်းပင်။ ထို့ပြင် သူသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို မည်သို့ အသုံးပြုရမည်ကိုလည်း မသိပေ။ အကယ်၍ ဆန်းကြယ်နတ်ဘုရားနန်းတော်ကသာ ထိုသိုင်းပညာရှင်များ၏ ဖျက်ဆီးမှုကို ခံလိုက်ရလျှင် သူ ဆန်းကြယ်ဧကရာဇ်အပေါ် တာဝန်မကျေသလို ဖြစ်သွားရုံသာမက အသက်လည်း ဆုံးရှုံးရပေလိမ့်မည်။ သူ သူ့အသက်ကိုသူ ကာကွယ်ရပေမည်။
“နေပါဦး...”
ထို့ကြောင့် ကျန်းရီသည် အသံကုန် ဟစ်အော်လိုက်၏။ သူ့အသံက ကျောက်စိမ်းအဆောင်မှနေ၍ နန်းတော်အပြင်ဘက်သို့ ရောက်သွားလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ ယခုတွင် သူ့အသံက ဆန်းကြယ်နတ်ဘုရားတောင်၏ ပတ်ဝန်းကျင်တစ်ခွင်လုံးတွင် ပဲ့တင်ထပ်နေပေပြီ။ ထိုအသံက အလွန်ကျယ်လောင်စူးရှပြီး အတိတ်မှ ဆန်းကြယ်ဧကရာဇ်၏ အသံနှင့် ဆင်တူနေလေသည်။
“ဟွန်း...”
မိစ္ဆာဧကရာဇ်သည် ကျန်းရီ၏ ပေါက်ကရစကားများကို မကြားလိုပေ။ ကျန်းရီက ယခုအထိ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို အသုံးမပြုတတ်သေးကြောင်းကိုလည်း သူ သိသည်။ ထို့ကြောင့် ယခုအချိန်က ဆန်းကြယ်နတ်ဘုရားနန်းတော်ကို တိုက်ခိုက်၍ ကျန်းရီကို သတ်ပစ်ရန် အကောင်းဆုံးအချိန်ဖြစ်သည်။ သူသည် တုံ့ဆိုင်းမနေလိုဘဲ စတင် လှုပ်ရှားလိုနေပြီဖြစ်သည်။
သို့သော် တိုက်ပွဲဧကရာဇ်နှင့် ကျန်ဧကရာဇ်များက မလှုပ်ရှားကြသေးပေ။ သူတို့သည် မိစ္ဆာဧကရာဇ်က လှုပ်ရှားလိုလျှင်လည်း တားမည့်ပုံ မပေါ်ချေ။ ထိုအခိုက်တွင် ဘေးတွင် ရပ်နေခဲ့သော ရွှမ်ဧကရာဇ်က ထူးဆန်းစွာ စကားထပြောလေသည်။
“မိစ္ဆာအိုကြီး... ခဏလောက် စောင့်ကြည့်တာပေါ့။ ဆန်းကြယ်နတ်ဘုရားနန်းတော်က ဆန်းကြယ်ဧကရာဇ်ချန်ထားခဲ့တဲ့ ရတနာတစ်ခုပဲ။ အဲ့ကောင်လေးက ဘာပြောချင်နေလဲဆိုတာ အရင်ဆုံး နားထောင်ကြည့်ကြတာပေါ့”
“အာ...”
လူများစွာက ရွှမ်ဧကရာဇ်ကို အံ့ဩတကြီး ကြည့်လိုက်ကြသည်။ သူက လင်းချီကျန့်နှင့် လင်းရှီယာ့တို့၏ အဘိုးပင်။ သို့သော် သူ၏ပုံစံက အသက်လတ်ပိုင်းအရွယ် လူတစ်ယောက်နှင့် မကွာခြားပေ။ ပုံမှန်ဆိုလျှင် သူက လူမြင်ကွင်းသို့ ထွက်မလာတတ်ဘဲ သိုသိုသိပ်သိပ်သာ နေထိုင်တတ်သည်။ သို့သော် ထိုအခိုက်တွင် သူက မိစ္ဆာဧကရာဇ်က လှုပ်ရှားမည်ကို အမှန်ပင် တားနေသည်လော။
***