← Chapters

ဧကရာဇ်ခြောက်ပါးက တိုက်ခိုက်ခြင်း

Vol. 81 Ch. 1126

ဧကရာဇ်ခြောက်ပါးက တိုက်ခိုက်ခြင်း

Vol. 81 Ch. 1126

မိစ္ဆာဧကရာဇ်သည် တိုက်ခိုက်ရန် ဟန်ပြင်နေပြီးဖြစ်သော်လည်း ချက်ချင်း ရပ်တန့်လိုက်သည်။ ရွှမ်ဧကရာဇ်က တားလိုက်ပြီဖြစ်၍ သူ ရွှမ်ဧကရာဇ်၏ မျက်နှာကို ထောက်ထားရပေမည်။ ထို့ပြင် ရွှမ်ဧကရာဇ်က ဆန်းကြယ်ဧကရာဇ်၏ အမည်ကိုလည်း ထည့်ပြောခဲ့သည်။ အကယ်၍ မိစ္ဆာဧကရာဇ်သည် ဆန်းကြယ်ဧကရာဇ် ချန်ထားခဲ့သော တစ်စုံတစ်ခုကို လူအများရှေ့တွင် ဖျက်ဆီးလိုက်ပါက လူအများ၏ ရှုံ့ချမှုကို ခံရနိုင်ပေသည်။

ကျန်းရီသည် ကျောက်စိမ်းအဆောင်ကို ကိုင်ထားသဖြင့် အပြင်ဘက်မှ ပြောနေသော စကားများအားလုံးကို ကြားနိုင်နေသည်။ ထို့ကြောင့် သူ ထပ်ပြောလိုက်သည်။

“ဆန်းကြယ်ဧကရာဇ်က ကျွန်တော့်ကို ဧကရာဇ်ကိုးပါးမျိုးနွယ်စုနဲ့ ရန်သူမဖြစ်အောင် အကောင်းဆုံးကြိုးစားဖို့ ပြောသွားပါတယ်။ ဧကရာဇ်တို့ ကျွန်တော့်ကို ဖိအားမပေးလောက်ဘူးလို့ ကျွန်တော် မျှော်လင့်ပါတယ်...”

“ဟားဟားဟား...”

မိစ္ဆာဧကရာဇ်က ကျယ်လောင်စွာ ရယ်လိုက်သည်။ မြောက်ဘက်ဧကရာဇ်နှင့် တိုက်ပွဲဧကရာဇ်၏ မျက်ဝန်းများထဲတွင်လည်း ပြုံးရိပ်သမ်းသွားသည်။ မိစ္ဆာဧကရာဇ်က အေးစက်စက် ရယ်ပြီးနောက် ပြောလိုက်သည်။

“ကျန်းရီ... မင်းကိုယ်မင်း ဘယ်သူထင်နေလဲ။ မင်းက ဧကရာဇ်ကိုးပါးမျိုးနွယ်စုရဲ့ ရန်သူဖြစ်မှာလား။ မင်း အဆင့်မမီသေးဘူး”

မိစ္ဆာဧကရာဇ်၏ စကားများက မှန်ပေသည်။ ဧကရာဇ်ကိုးပါးမျိုးနွယ်စု၏ ဩဇာအာဏာက အလွန်ကြီးသည်။ ကျန်းရီမဆိုထားနှင့် အပြစ်သားကျွန်းမှ မျိုးနွယ်(၁၃)ခုသည်ပင် အပြစ်သားကျွန်းမှ ထွက်လာသည်နှင့် ချက်ချင်းသတ်ဖြတ်ခံရမည်ဖြစ်သည်။ အတိတ်တုန်းက စွမ်းအားကြီးမိစ္ဆာများကို ဦးဆောင်၍ အရှေ့ဘက် တော်ဝင်နယ်မြေကို တိုက်ခိုက်ခဲ့သော အဆုံးမဲ့ပင်လယ်နက်မှ အောင်းလုပင် ဖြစ်နေပါစေ ဧကရာဇ်ကိုးပါးမျိုးနွယ်စုက ရှင်းပစ်နိုင်ပေသည်။

ကျန်းရီသည် ယခုအထိ နတ်ဘုရားတစ်ပိုင်းအဆင့်သို့ မရောက်သေးပေ။ သူက ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ပိုင်ဆိုင်ထားရုံသာ။ ထို့ပြင် သူက ကြယ်ကိုးပွင့်အဆင့်သို့ ရောက်သွားလျှင်ပင် ဧကရာဇ်ကိုးပါးမျိုးနွယ်စုကို တစ်ကိုယ်တော် ရင်ဆိုင်နိုင်ပါမည်လော။ ယင်းမှာ စိတ်ကူးယဉ်နေခြင်းသာ ဖြစ်ပေမည်။

မိစ္ဆာဧကရာဇ်က မျက်လုံးဝေ့၍ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ထို့နောက် သူ လေသံဖျော့ဖျော့ဖြင့် ပြောလိုက်လေသည်။

“ဆန်းကြယ်ဧကရာဇ်က ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲမှာ သူ့ရဲ့ ဝိညာဉ်အကြွင်းအကျန်တစ်ခုကို ချန်ခဲ့တယ်။ အဲ့ဒါကို ငါတို့အားလုံး သိကြတယ်။ ဆန်းကြယ်ဧကရာဇ်က သူ့ရဲ့ ဆက်ခံသူကို ရွေးချယ်တာက ဧကရာဇ်ကိုးပါးမျိုးနွယ်စုအတွက်လည်း ကောင်းတဲ့ကိစ္စတစ်ခုပဲ။ ဆက်ခံသူက တခြားလူတစ်ယောက်ဆိုရင်တော့ သူက ဆယ်ပါးမြောက်ဧကရာဇ် ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ ဆန်းကြယ်ဧကရာဇ်က မင်းက အပြစ်သားကျွန်းက သူလျှိုတစ်ယောက်ဆိုတာကို မသိဘူး၊ မင်းက အဆုံးမဲ့ပင်လယ်နက်က မိစ္ဆာတွေနဲ့ ပူးပေါင်းထားပြီး လူသားမျိုးနွယ်ရဲ့ သစ္စာဖောက်တစ်ယောက်၊ ဘုံရန်သူတစ်ယောက် ဖြစ်နေတယ်ဆိုတာကို မသိဘူး။ အဲ့ဒါကြောင့် ဆန်းကြယ်ဧကရာဇ် ချန်ထားခဲ့တဲ့ ရတနာတွေကို မင်းကို မပေးနိုင်ဘူး။ မင်း သေရမယ်”

မိစ္ဆာဧကရာဇ်က အလွန်ကောက်ကျစ်ပေသည်။ သူက စကားကို လိုရာဆွဲပြောကာ အကွက်ဆင်နေသည်။ အမှန်တွင်မူ သူက သူ၏လုပ်ရပ်များက လူသားမျိုးနွယ်အတွက်ဖြစ်သည်ဟု အကြောင်းပြချက်ရှာနေခြင်းသာ။ သို့သော် မိစ္ဆာဧကရာဇ် ပြောသည့်စကားများထဲတွင် အမှန်တရားများ ပါနေသည်။ ကျန်းရီကို ရှင်သန်ခွင့်ပေး၍ မဖြစ်ပေ။ သူက အမှန်ပင် အပြစ်သားကျွန်းမှ ဖြစ်ပြီး အောင်းလုနှင့် ဆက်ဆံရေးကောင်းများ ရှိနေသည်။ ထိုအချက်များကို ပြောင်းလဲ၍ မရပေ။

“ဟားဟားဟား...”

ကျန်းရီက ကျယ်လောင်စွာ ရယ်လိုက်သည်။ သူ့အသံက ကောင်းကင်ကိုးဘုံမှ ဆင်းသက်လာသည့် နတ်ဘုရားအသံကဲ့သို့ပင်။ သူ ခနဲ့တဲ့တဲ့ ပြောလိုက်သည်။

“မိစ္ဆာဧကရာဇ်... အရင်တုန်းက ကျွန်တော်က အရှေ့ဘက် တော်ဝင်နယ်မြေကို လာချင်ခဲ့တာပါ။ ဒါပေမဲ့ ဘာလို့ ကျွန်တော် အပြစ်သားကျွန်းကို ရောက်သွားရတာလဲ။ အဲ့ဒါကို ဧကရာဇ် ရှင်းရှင်းလင်းလင်း သိမှာပေါ့။ ကျွန်တော့်ကို ဧကရာဇ်ရဲ့ မျိုးနွယ်ခေါင်းဆောင်ငယ် ရှီးဖေးနဲ့ ကျန့်ဝူယင်းတို့ကို လိုက်ဖမ်းခဲ့လို့ပဲ။ အောင်းလုကိစ္စကတော့... သူက ဆန်းကြယ်နတ်ဘုရားနန်းတော်ရဲ့ အစောင့်အကြပ်ဖြစ်ခဲ့တယ်၊ ကျွန်‌တော့်ကို ရှန်းစီမြို့မှာ အသက်ကယ်ပေးခဲ့တယ်၊ အဲ့တော့ ကျွန်တော် သူ့ကို ကျေးဇူးပြန်မဆပ်သင့်ဘူးလား...”

“အစောကတင် ဆန်းကြယ်ဧကရာဇ်က ကျွန်တော့်ကို ကိစ္စသုံးခု တောင်းဆိုခဲ့တယ်။ ဒုတိယတောင်းဆိုချက်က ကျွန်‌တော့်ကို အဆုံးမဲ့ပင်လယ်နက်မှာရှိတဲ့ မိစ္ဆာတွေအကုန်လုံးကို သတ်ခိုင်းတာပဲ။ ဒါပေမဲ့ ကျွန်တော်က အောင်းလုအပေါ် ကျေးဇူးကြွေးတင်နေလို့ မလုပ်နိုင်ဘူးလို့ ပြန်ဖြေခဲ့တယ်။ ဒါပေမဲ့ လူသားမျိုးနွယ်နဲ့ မိစ္ဆာမျိုးနွယ် စစ်ဖြစ်ကြမယ်ဆိုရင်တော့ ကျွန်တော်က လူသားမျိုးနွယ်ဘက်ကပဲ နေမယ်လို့လည်း ပြောခဲ့တယ်။ ဆန်းကြယ်ဧကရာဇ်ကလည်း ကျွန်တော့်ရဲ့ အဖြေကို အသိအမှတ်ပြုခဲ့တယ်...”

“ဟာသတွေပဲ...”

မိစ္ဆာဧကရာဇ်က ကျန်းရီ၏စကားကို ဖြတ်ပြောလိုက်ပြီး အေးစက်စက်ပြုံးကာ ဆက်ပြောလိုက်သည်။

“မင်းက ငါတို့ကို အရူးတွေလို့ ထင်နေတာလား။ ဆန်းကြယ်ဧကရာဇ် နတ်ရွာစံသွားခဲ့တာ နှစ်ပေါင်းခုနစ်သိန်းရှိခဲ့ပြီ။ သူက မဟာစွမ်းရည်တစ်ခုကို သုံးပြီး သူ့ရဲ့ ဝိညာဉ်အကြွင်းအကျန်တစ်ခုကို ချန်ခဲ့ပေမယ့် မင်းက ဆန်းကြယ်ဧကရာဇ်နဲ့ အဲ့လိုစကားတွေ ပြောနိုင်ခဲ့တယ်ဆိုတာကို ငါတို့က ယုံရမှာလား။ သူ့ရဲ့ ဝိညာဉ်က အသိစိတ်ရှိနေတယ်လို့ မင်းက ဆိုလိုချင်တာလား။ အဲ့ဒါကဟာသပဲ... ဒီလိုလုပ်ရင်ရော ဘယ်လိုလဲ။ ငါတို့ ဆန်းကြယ်ဧကရာဇ်ကို ထွက်လာခိုင်းလိုက်ပြီး ကိုယ်တိုင်အမိန့်ပေးခိုင်းမယ်လေ။ ငါတို့က သူ့ရဲ့ အမိန့်တွေကို နာခံမှာပဲ။ ကဲ.. ဘယ်လိုလဲ”

ပတ်ဝန်းကျင်တွင် ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ မိစ္ဆာဧကရာဇ်၏ စကားများက အဓိပ္ပာယ်ရှိသည်။ သို့သော် ကျန်းရီ၏ စကားများကမူ ယုံချင်စရာမရှိပေ။ သူက အသက်ရှင်သန်နိုင်ရန် လုပ်ကြံပြောဆိုနေပုံပင်။

လူအားလုံး အသက်ရှူအောင့်ထားကြသည်။ အကယ်၍ ဆန်းကြယ်ဧကရာဇ်သာ ပုံရိပ်တစ်ခုအဖြစ်နှင့်ဖြစ်စေ သို့မဟုတ် အသံဖြင့်သာ ပြောဆိုခြင်းဖြစ်စေ တစ်နည်းနည်းဖြင့် အမှန်တကယ် ထွက်ပေါ်လာပါက မည်သူက သူ၏အမိန့်များကို လွန်ဆန်ဝံ့ပါမည်နည်း။ သို့ဆိုလျှင် ကျန်းရီက ဆယ်ယောက်မြောက်ဧကရာဇ် ဖြစ်လာပြီး ဧကရာဇ်ကိုးပါးနှင့် အဆင့်တူသွားမည်ဖြစ်သည်။

ဆန်းကြယ်ဧကရာဇ် ထွက်ပေါ်လာမည်လော။ ယင်းမှာ မဖြစ်နိုင်ကြောင်း ထင်ရှားသည်။ ဆန်းကြယ်ဧကရာဇ်၏ နတ်ဘုရားဝိညာဉ် ပျောက်ကွယ်သွားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ ကျန်းရီ ခါးသက်သက် ပြုံးလိုက်၏။ သူ ထိုကိစ္စကို မငြင်းနိုင်ပေ။ အရှေ့ဘက် တော်ဝင်နယ်မြေမှ လူများက သူ့ကို အပြစ်သားကျွန်းမှ သူလျှိုတစ်ယောက်၊ လူသားမျိုးနွယ်၏ သစ္စာဖောက်တစ်ယောက်၊ ဘုံရန်သူတစ်ယောက်ဟု စွပ်စွဲကြသည်။

သို့သော် ကျန်းရီသည် သူလိုချင်သောအရာကို ရလိုက်ပေပြီ။ သူသည် မိစ္ဆာဧကရာဇ်နှင့် စကားပြောနေချိန်တွင် သူ့ဦးနှောက်အတွင်းရှိ အချက်အလက်အားလုံးကို လေ့လာနိုင်ခဲ့သည်။ ယခုတွင် သူသည် ဆန်းကြယ်နတ်ဘုရားနန်းတော်အတွင်းရှိ အကန့်အသတ်အစီအရင်အများစုကို မည်သို့ထိန်းချုပ်ရမည်ဖြစ်ကြောင်း သိသွားပေပြီ။ ထို့ကြောင့် သူသည် ဆက်၍ ငြင်းမနေတော့ဘဲ ယုံကြည်မှုရှိသော မျက်နှာထားပြုလိုက်သည်။

အရှေ့ဘက် တော်ဝင်နယ်မြေမှ လူအားလုံးက သူ့ကို ရန်သူအဖြစ် သဘောထားလျှင်လည်း ဘာအရေးနည်း။ မျိုးဆက်တိုင်းက သူ့ကို ကျိန်ဆဲလျှင်လည်း မည်သို့အရေးပါသနည်း။ အဘယ်ကြောင့် သူက အခြားလူများ၏ အတွေးကို ဂရုစိုက်နေရမည်နည်း။ သမိုင်းကို အနိုင်ရသူများကသာ ရေးသားကြသည်။ ဓားများက စကားလုံးများထက် ပိုစွမ်းအားကြီးသည်။

ကျန်းရီသည် ခေတ္တမျှ တွေးတောပြီးနောက် လက်ထဲမှ ကျောက်စိမ်းအ‌ဆောင်ကို ခပ်ကျစ်ကျစ် ဆုပ်ကိုင်လိုက်ပြီး အလေးအနက် ပြောလိုက်လေသည်။

“ကျွန်တော် အများကြီး ရှင်းမပြချင်ဘူး။ အမှန်တရားက ကျွန်တော့်တို့ရဲ့ နှလုံးသားထဲမှာရှိတယ်။ ကောင်းကင်ဘုံက လူသားတွေရဲ့ လုပ်ရပ်တိုင်းကို ကြည့်နေတာပဲ။ ကျွန်တော်ကတော့ လိပ်ပြာလုံတယ်။ ကျွန်တော် ထပ်ပြောပါမယ်။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုက ကျွန်တော့်ကို ပြဿနာလာမရှာသ၍ ကျွန်တော်ကလည်း ဧကရာဇ်ကိုးပါးမျိုးနွယ်ရဲ့ ရန်သူ ဖြစ်မှာမဟုတ်ဘူးလို့ ဆန်းကြယ်ဧကရာဇ်ရဲ့ရှေ့မှာ ကျွန်တော်ပြောခဲ့ပါတယ်...”

“မိစ္ဆာဧကရာဇ်အတွက်ကတော့... ကျွန်တော် ပြောခဲ့တာကိုပဲ ထပ်ပြောရမှာပါပဲ။ ရှီးဖေးက ကျွန်တော့်ကို သတ်ချင်နေမှတော့ ကျွန်တော်က ဘာလို့ သူ့ကို သတ်လို့မရရမှာလဲ။ ဘာလဲ... ဧကရာဇ်ကိုးပါးမျိုးနွယ်စုက လူတစ်ယောက်က တစ်ယောက်ယောက်ကို သတ်ချင်ပြီးဆိုရင် အဲ့တစ်ယောက်က သူ့ဘာသာ လည်စင်းပေးရမှာလား။ အဲ့လိုတော့ မဟုတ်ဘူးမလား”

“ဟားဟားဟား...”

မိစ္ဆာဧကရာဇ်က ခပ်လှောင်လှောင် ရယ်လိုက်သည်။ သူ၏ မီးခိုးရောင် ဆံပင်များ လေထဲတွင် ဝဲလွင့်သွားပြီး သူ့လက်နှစ်ဘက်တွင် စူးရှသောအလင်း စတင်စုစည်းလာသည်။ ထို့နောက် သူ ဒေါသတကြီးဖြင့် ပြောလိုက်သည်။

“မင်းက ရှီးဖေးကို သတ်နိုင်သလို ငါကလည်း မင်းကို သတ်နိုင်တယ်။ အဲ့ဒါက အရမ်းမျှတပါတယ်”

“ကောင်းပြီလေ...”

ကျန်းရီ အော်ပြောလိုက်သည်။

“တခြားမျိုးနွယ်တွေကရော ဘယ်လိုလုပ်မှာလဲ။ ကျွန်တော့်ကို သတ်ချင်တဲ့သူတွေ တိုက်ခိုက်ကြပါ။ ဒါပေမဲ့... ခင်ဗျားတို့ ဒီတစ်ခေါက် ရှုံးနိမ့်သွားရင်တော့ နောက်တစ်ခေါက်က ကျွန်တော် လက်စားချေမယ့် အလှည့်ပဲ”

“ဟွန်း...”

တိုက်ပွဲဧကရာဇ်နှင့် မြောက်ဘက်ဧကရာဇ်တို့က တစ်ချိန်တည်း နှာမှုတ်လိုက်ကြသည်။ ဓားဧကရာဇ်နှင့် သားရဲဧကရာဇ်တို့၏ မျက်နှာပေါ်တွင်လည်း သရော်တော်တော် အရိပ်အယောင်များ ထွက်ပေါ်လာသည်။ ထိုကျန်းရီက သူ့ကိုယ်သူ ဘာထင်နေသနည်း။ သူက ဘဝင်မြင့်လွန်းနေသည်။

“အတူတူတိုက်ခိုက်ပြီး ဆန်းကြယ်နတ်ဘုရားနန်းတော်ရဲ့ အကန့်အသတ်အစီအရင်တွေကို ဖျက်ဆီးပစ်ကြတာပေါ့။ ပြီးရင် အပြစ်သားကျွန်းက သူလျှို၊ လူသားမျိုးနွယ်ရဲ့ သစ္စာဖောက်ကို သတ်ကြမယ်”

မိစ္ဆာဧကရာဇ်က ရင်ခေါင်းသံကြီးဖြင့် အော်ပြောလိုက်သည်။ ထို့နောက် သူ့လက်နှစ်ဘက်မှနေ၍ ဧရာမအလင်းတန်းကြီးတစ်ခု ထွက်သွားသည်။ အလင်းတန်းက လေထဲတွင် ဧရာမသားရဲကြီးတစ်ကောင်၏ ဦးခေါင်းအဖြစ် ပြောင်းလဲသွားသည်။ ထိုဦးခေါင်းကြီး၏အနံက ပေထောင်ကျော် ရှိသည်။ ၎င်းက ဆန်းကြယ်နတ်ဘုရားနန်းတော်ဆီသို့ ဦးတည်သွားနေလေသည်။

“ချိုးဖျက်...”

မြောက်ဘက်ဧကရာဇ်ကလည်း တိုက်ခိုက်လိုက်သည်။ သူက အစွမ်းကုန် မသုံးသေးကြောင်း သိသာ၏ သို့သော် သူ ထုတ်လွှတ်လိုက်သည့် အတွင်းအားက ပေတစ်သောင်းရှည်သော ဓားရှည်ကြီးတစ်ချောင်းအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ၎င်းဓားရှည်ကြီးသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ခုတ်ချလိုက်လေသည်။

“ကျန်းရီ... ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ရယူနိုင်တဲ့ ဘယ်သူမဆို ကျန်မျိုးနွယ်ရဲ့ ထာဝရမိတ်ဆွေ ဖြစ်လာလိမ့်မယ်လို့ ငါ ပြောခဲ့ပေမယ့် မင်းက အပြစ်သားကျွန်းက သူလျှို၊ လူသားမျိုးနွယ်ရဲ့ သစ္စာဖောက်ဖြစ်နေတော့ ငါ အဲ့စကားကို မတည်နိုင်တော့ဘူး။ ငါ ‌တောင်းပန်ပါတယ်”

တိုက်ပွဲဧကရာဇ်ကလည်း အော်ပြော၍ တိုက်ခိုက်လိုက်သည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်က ကျန်းရီ၏လက်ထဲသို့ ရောက်သွား၍ မဖြစ်ပေ။ ထိုသို့သာဖြစ်သွားလျှင် ဧကရာဇ်ကိုးပါးမျိုးနွယ်စု၏ ဂုဏ်သိက္ခာက အောက်ဆုံးအထိ ကျဆင်းသွားပေလိမ့်မည်။ ထို့ပြင် ကျန်းရီက ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ရသွားလျှင် အပြစ်သားကျွန်း၏ အင်အားက များစွာတိုးတက်သွားမည်ဖြစ်သည်။ သို့ဆိုလျှင် ဧကရာဇ်ကိုးပါးမျိုးနွယ်စုသည် ဘေးအန္တရာယ်ကြီးများနှင့် ရင်ဆိုင်လာရနိုင်သည်။ အရေးအကြီးဆုံးမှာ ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲတွင် နတ်ဘုရားအသုံးအဆောင်နှစ်ခုလည်း ရှိနေခြင်းပင်။ သူက ထိုရတနာနှစ်ခုကို အသည်းအသန် လိုချင်နေပေသည်။

“သတ်ကြ...”

ဓားဧကရာဇ်နှင့် သားရဲဧကရာဇ်တို့က တုံ့ဆိုင်းခြင်းမရှိဘဲ တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ကြသည်။ ယဉ်ဧကရာဇ်မှာမူ ခေတ္တမျှ တုံ့ဆိုင်းနေသော်လည်း နောက်ဆုံးတွင် ပါဝင်တိုက်ခိုက်လိုက်သည်။ ရွှမ်ဧကရာဇ်တစ်ပါးသာ တည်ငြိမ်သော မျက်နှာထားဖြင့် ရပ်နေသည်။ သူက မည်သည့်လိုအင်ဆန္ဒမှ မရှိပုံပင်။ သူ ဘာတွေးနေသည်ကိုလည်း မည်သူမှ မသိနိုင်ချေ။

အသံလှိုင်းဧကရာဇ်လည်း မလှုပ်ရှားပေ။ အရိပ်ဧကရာဇ်က တင်နေသည့်အကြွေးကို ကျန်းရီအား ကူညီ၍ ပြန်ဆပ်ရန် ပြောခဲ့သော်လည်း အကယ်၍ သူသာ ယခု လှုပ်ရှားလိုက်လျှင် ချန်မျိုးနွယ်က သေချာပေါက် ဖျက်ဆီးခံရပေလိမ့်မည်။ သူ သေသည်က အရေးမကြီးသော်လည်း ချန်မျိုးနွယ်က သူနှင့်အတူ ပျက်သုဉ်းသွား၍ မဖြစ်ပေ။

ဝုန်း...ဝုန်း...ဝုန်း...

ဧကရာဇ်အချို့၏ စွမ်းအားကြီးတိုက်ခိုက်မှုများက ဆန်းကြယ်နတ်ဘုရားနန်းတော်ပေါ်သို့ ကျဆင်းသွား၏။ ထိုအခိုက်တွင် ပတ်ဝန်းကျင်မှလူများသည် သူတို့အပေါ် မိုးပြိုကျလာသကဲ့သို့ ခံစားလိုက်ရသည်။ ကောင်းကင်ထက်မှ ကျဆင်းလာသည့် ကြောက်မက်ဖွယ် ဖိအားနှင့် အရှိန်အဝါက အဝေးရှိ အဆင့်နိမ့်သိုင်းသမားများကိုပင် တုန်ယင်သွားစေသည်။ ထို့ကြောင့် သူတို့ အသည်းအသန် နောက်ဆုတ်သွားကြလေသည်။

ဆန်းကြယ်နတ်ဘုရားနန်းတော်အနီးရှိ အာကာပြင်က ပြင်းထန်စွာ တုန်ခါနေသည်။ မျက်စိကျိန်းလောက်ဖွယ် အလင်းတန်းများကလည်း တစ်တန်းပြီးတစ်တန်း တောက်ပနေကြသည်။ ထို့ကြောင့် လူများစွာသည် အတန်ကြာမျှ မျက်စိမမြင်နိုင် ဖြစ်သွားကြသည်။ ထို့ပြင် ကျယ်လောင်သော ပေါက်ကွဲသံကြီးများက သူတို့၏နားများကို အူနေစေသည်။ အက်ကြောင်းကြီးများလည်း ထွက်ပေါ်လာပြီး အဝေးအထိ ဆန့်တန်းသွားသည်။ ကောင်းကင်က ထက်ခြမ်းပြတ်သွားတော့မည်ဟုပင် ထင်ရလေသည်။

ထိုကဲ့သို့သော ကြောက်မက်ဖွယ် တရစပ်တိုက်ခိုက်မှု အောက်တွင် ဆန်းကြယ်နတ်ဘုရားနန်းတော်၏ အကန့်အသတ်အစီအရင်များက ‌တောင်ခံနိုင်ပါမည်လော။

ထိုနေရာရှိ လူများစွာ၏ ခေါင်းထဲတွင် တူညီသောအတွေးတစ်ခု ထွက်ပေါ်လာသည်။ ဧကရာဇ်ခြောက်ပါးက အတူတကွ တိုက်ခိုက်နေသည်။ ထိုခြောက်ပါးထဲမှ နှစ်ပါးမှာ ကြယ်ကိုးပွင့်အဆင့် ဧကရာဇ်များဖြစ်သည်။ ထို့ကြောင့် ဆန်းကြယ်နတ်ဘုရားနန်းတော်၏ အကန့်အသတ်အစီအရင်များ ပျက်စီးသွားသည်နှင့် ကျန်းရီ သေရပေလိမ့်မည်။

***

All Chapters