ကျွန်တော် ကျန်းရီလည်း မကြောက်ဘူး
Vol. 81 Ch. 1127
ဧကရာဇ်ခြောက်ပါး၏ ပူးပေါင်းတိုက်ခိုက်မှု ရလဒ်က ထိုနေရာရှိ လူများစွာကို အံ့အားသင့်သွားစေသည်။ သို့သော် ထိုရလဒ်ကို ဧကရာဇ်များက မျှော်လင့်ထားပြီးသားပင်။ ဆန်းကြယ်နတ်ဘုရားနန်းတော်ပေါ်တွင် အခြစ်ရာတစ်ခုပင် ထင်မသွားပေ။ ကလေးတစ်စုက သံပြားတစ်ပြားကို လက်သီးဖြင့် ထိုးသကဲ့သို့ နန်းတော်တွင် မည်သည့်ထိခိုက်မှုမှ ဖြစ်မသွားခဲ့ချေ။
လူများစွာသည် လေထုထဲမှ တုန်ခါမှုများ ပျောက်ကွယ်သွားသည်အထိ စောင့်၍ သူတို့ကိုယ်သူတို့ တည်ငြိမ်အောင် လုပ်ကာ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့ ပင့်သက်ရှိုက်လိုက်ကြသည်။ သို့သော် လူအများစုသည် အခြေအနေက အကျိုးအကြောင်းညီသည်ဟု ချက်ချင်း တွေးလိုက်ကြသည်။ ဆန်းကြယ်ဧကရာဇ်က မည်သို့သော လူစားမျိုးနည်း။ သူ၏ ဆန်းကြယ်နတ်ဘုရားနန်းတော်က လူများ၏ အလွယ်တကူ ဖျက်ဆီးမှုကို ခံရမည်ဆိုလျှင် လောကနံပတ်(၁)ရတနာဟုပင် ကျော်ကြားနေမည် မဟုတ်ပေ။
ဆန်းကြယ်ဧကရာဇ်၏ စွမ်းအားက အမှန်ပင် ကြီးမားပေသည်။ သူ၏ အကန့်အသတ်အစီအရင် ဆင်နိုင်စွမ်းကလည်း ပြိုင်ဘက်ကင်းသည်။ အပြစ်သားကျွန်းမှ နဂါးကိုးကောင် နတ်ဘုရားသုတ်သင်အစီအရင်သည်ပင် သူ၏အစီအရင်များကို ယှဉ်နိုင်မည် မဟုတ်ချေ။ ဆန်းကြယ်နတ်ဘုရားနန်းတော်သည် လောကနံပါတ်(၁) ဧကရာဇ်က ဖန်တီးခဲ့သော နန်းတော်ဖြစ်၍ အလွယ်တကူ အဖျက်ဆီးမခံရခြင်းမှာ သဘာဝကျပေသည်။
“တိုက်ကြ...”
မိစ္ဆာဧကရာဇ်သည် အတန်ငယ်ပင် စိတ်ပျက်သွားပုံ မပေါ်ဘဲ လက်ဝှေ့ယမ်း၍ ရှီးမျိုးနွယ်မှ နတ်ဘုရားတစ်ပိုင်းများကို တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်၏ အကန့်အသတ်အစီအရင်များက အမှန်ပင် စွမ်းအားကြီးသည်။ သို့သော် ၎င်းတို့က မည်မျှ စွမ်းအားကြီးပါစေ စွမ်းအင်၏ ထောက်ပံ့မှုကို လိုအပ်ပေသည်။ ထိုစွမ်းအင်ကုန်ဆုံးသွားသည်နှင့် အကန့်အသတ်အစီအရင်များက ပျောက်ကွယ်သွားမည်ဖြစ်သည်။ ထိုအခါကျလျှင် ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲသို့ ဝင်နိုင်ပေလိမ့်မည်။
အရှေ့ဘက် တော်ဝင်နယ်မြေတွင် ဆန်းကြယ်နတ်ဘုရားနန်းတော် ရှိနေခဲ့သည်မှာ နှစ်ပေါင်းခုနစ်သိန်းကျော် ရှိခဲ့ပြီဖြစ်သည်။ နန်းတော်ထဲတွင် မိုးမြေအတွင်းအားကို စုပ်ယူနိုင်သော စွမ်းအင်စုဝေးအစီအရင်ကြီးများ ရှိပေလိမ့်မည်။ သို့သော် ၎င်းတွင် စွမ်းအင်မည်မျှ ရှိပါစေ နတ်ဘုရားတစ်ပိုင်းများစွာ၏ တရစပ်တိုက်ခိုက်မှုကို တောင်ခံနိုင်ရန် လုံလောက်မည် မဟုတ်ချေ။
တစ်ရက်နှင့် မရလျှင် ဆယ်ရက် တိုက်ခိုက်မည်။
ဆယ်ရက်နှင့် မရလျှင် တစ်လ၊ တစ်နှစ် တိုက်ခိုက်မည်။
ဆန်းကြယ်ဧကရာဇ်က စိတ်ဆုံးဖြတ်ပြီးသွားပေပြီ။ သူ ဆန်းကြယ်နတ်ဘုရားနန်းတော်အတွင်းသို့ သေချာပေါက် ဝင်နိုင်ရမည်။ နန်းတော်ထဲတွင် ကျန်းရီ၏လက်ထဲသို့ မည်သည့်အခါတွင်မှ ရောက်မသွားရမည့် နတ်ဘုရားအသုံးအဆောင်နှစ်ခု ရှိနေသည်။ မြောက်ဘက်ဧကရာဇ်နှင့် အခြားဧကရာဇ်များသည်လည်း ထိုအသုံးအဆောင်များက မည်မျှ စွမ်းအားကြီးကြောင်းကို ကောင်းစွာ သိထားကြသည်။ အကယ်၍ သူတို့သာ ဆန်းကြယ်နတ်ဘုရားဓားနှင့် ဆန်းကြယ်နတ်ဘုရားချပ်ဝတ်ကို ရယူနိုင်လျှင် သူတို့သည် ကောင်းကင်ကြယ်တာရာနယ်နမိတ် တစ်ခွင်လုံးတွင် နံပါတ်(၁) ဖြစ်လာကာ လောကတစ်ခွင်လုံးကို အုပ်စိုးနိုင်ပေလိမ့်မည်။
“တိုက်ကြ...”
မြောက်ဘက်ဧကရာဇ်၊ တိုက်ပွဲဧကရာဇ်၊ ဓားဧကရာဇ်နှင့် သားရဲဧကရာဇ်တို့ကလည်း အမိန့်ပေးလိုက်သည်။ ထို့ကြောင့် သူတို့၏မျိုးနွယ်များမှ နတ်ဘုရားတစ်ပိုင်းများက စတင် တိုက်ခိုက်လိုက်ကြသည်။ တိုက်ခိုက်မှုများက အဆက်မပြတ်ပေ။ ယဉ်မျိုးနွယ်မှ နတ်ဘုရားတစ်ပိုင်းများကလည်း ပါဝင်တိုက်ခိုက်လိုက်ကြသည်။ ရွှမ်ဧကရာဇ်သည်သာ မတိုက်ခိုက်သေးဘဲ တိတ်တဆိတ် ရပ်နေသည်။ သို့သော် သူသည်လည်း လူအများကို ဆန့်ကျင်လိုသော ဆန္ဒရှိပုံ မပေါ်ပေ။
အမှန်တွင် ယဲ့မျိုးနွယ်နှင့် ရီမျိုးနွယ်မှ နတ်ဘုရားတစ်ပိုင်းများလည်း ထိုနေရာတွင် ရှိနေကြသည်။ သို့သော် သူတို့၏မျိုးနွယ်ခေါင်းဆောင်များ မရှိသဖြင့် သူတို့သည် တိုက်ပွဲထဲတွင် ဝင်မပါဘဲ လေထဲတွင် ရပ်၍သာ အခြေအနေကို စူးစမ်းနေကြသည်။
“ဟင်းဟင်း...”
အားလုံးက တိုက်ခိုက်နေသည့်အခိုက်တွင် ကျန်းရီ၏ လှောင်ပြောင်ရယ်မောသံ ထွက်ပေါ်လာသည်။ ကောင်းကင်ထက်ရှိ လေများနှင့် တိမ်များက စတင် လည်ပတ်လာပြီး ပုံရိပ်တစ်ခုကို ဖန်တီးလိုက်သည်။ ထိုပုံရိပ်မှာလည်း သက်ငယ်မိုးအိမ်၏ပုံရိပ်သာ။ ဤတစ်ကြိမ်တွင်မူ သက်ငယ်မိုးအိမ်၏ အပြင်ဘက်တွင် လူငါးယောက် ရှိနေလေသည်။
ကျန်းရီက သက်ငယ်မိုးအိမ်အပြင်ဘက်တွင် ယဉ်ရို့ပင်းနှင့် ရီချန်တို့နှင့်အတူ ရပ်နေသည်။ သူတို့အရှေ့တွင်မူ လူနှစ်ယောက် ဒူးထောက်နေကြသည်။ သူတို့သည် ခါးမမတ်နိုင်ဘဲ တစ်ကိုယ်လုံး တုန်ယင်နေကြသည်။ ကြည့်ရသည်မှာ သူတို့က အားကောင်းသော ဖိအားတစ်ခု၏ ဖိနှိပ်မှုကို ခံထားရသည့်ပုံပင်။ သို့သော် သူတို့၏ မျက်ဝန်းများထဲတွင်မူ ဒေါသနှင့် အမုန်းတရားများ ပြည့်နှက်နေသည်။ ကျန်ထျန်းလဲ့က ကျန်းရီကို ကြည့်၍ ဆဲဆိုလိုက်သည်။
“ကျန်းရီ... ခွေးကောင်။ ငါ မင်းကိုသတ်မယ်... မင်းကိုသတ်မယ်”
“ထျန်းလဲ့” “ယင်းအာ...” “ရို့ပင်း...” “သခင်မလေး...”
တိုက်ပွဲဧကရာဇ်၊ ဓားဧကရာဇ်၊ ယဉ်ဧကရာဇ်နှင့် ရီမျိုးနွယ်ဝင်များထံမှနေ၍ အံ့အားသင့်သော အသံများ ထွက်ပေါ်လာသည်။ ကျန်မျိုးနွယ်၊ ကျန့်မျိုးနွယ်နှင့် ယဉ်မျိုးနွယ်မှ နတ်ဘုရားတစ်ပိုင်းများက ချက်ချင်း တိုက်ခိုက်မှုကို ရပ်လိုက်ကြသည်။ အခြားမျိုးနွယ်များမှ နတ်ဘုရားတစ်ပိုင်းများကလည်း သူတို့၏ မျိုးနွယ်ခေါင်းဆောင်များကို လှည့်ကြည့်လိုက်ကြပြီး ရပ်တန့်လိုက်ကြလေသည်။
ကျန်းရီ၏ မျက်နှာထားက အေးစက်တည်ငြိမ်နေသည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်အထက်ရှိ ပုံရိပ်ကြီးကလည်း အလွန်ကြီးမားပေရာ လူအားလုံးသည် ကျန်းရီက အားလုံး၏အထက်တွင် ရှိသော ဧကရာဇ်အရှင်တစ်ပါးနှင့် တူသည်ဟု ခံစားလိုက်ကြရသည်။ သူက ကျန်ထျန်းလဲ့နှင့် ကျန့်ဝူယင်းတို့၏ အသက်ကို စီရင်ခွင့်ရှိသူ၊ လူအားလုံး၏အသက်ကို စီရင်ခွင့်ရှိသူကဲ့သို့ပင်။
“ကျန်းရီ... မင်းက ဘာလိုချင်တာလဲ”
တိုက်ပွဲဧကရာဇ်သည် ကျန်းရီက မည်သည့်စကားမှ မဆိုသဖြင့် စိတ်မရှည်နိုင်တော့ဘဲ လှမ်းမေးလိုက်သည်။ သို့သော် တိုက်ပွဲဧကရာဇ်၏ မျက်နှာထားက တည်ငြိမ်နေသည်။ သူသည် အစောတွင် ခေတ္တမျှ မှင်တက်သွားသော်လည်း လျင်မြန်စွာပင် ပြန်၍ဣန္ဒြေဆည်နိုင်ခဲ့သည်။ ကောင်းကင်ကြယ်တာရာနယ်နမိတ်ရှိ အင်အားကြီးမျိုးနွယ်များမှ မျိုးနွယ်ခေါင်းဆောင်များက အမှန်ပင် ထူးကဲပေသည်။
ဓားဧကရာဇ်ကလည်း ဒေါသထွက်မသွားဘဲ မျက်နှာသေနှင့် ရှိနေသည်။ သူက မည်သည့်စကားမှပင် မဆိုခဲ့ချေ။ ယဉ်ဧကရာဇ်နှင့် ရီမျိုးနွယ်မှ လူများကလည်း ပါးစပ်ပိတ်ထားကြသည်။ ယဉ်ရို့ပင်းနှင့် ရီချန်တို့က ဘေးကင်းကင်ဖြင့် ကျန်းရီ၏ဘေးတွင် ရပ်နေသည် မဟုတ်ပါလား။ ကျန်းရီက သူမတို့နှစ်ယောက်ကို ထိခိုက်အောင် လုပ်မည်မဟုတ်ကြောင်း ထင်ရှားသည်။ ထို့ကြောင့် သူတို့သည် မဆင်မခြင် ပြောဆိုကြမည် မဟုတ်ပေ။
“ကျွန်တော်က ဘာမှ မလိုချင်ပါဘူး”
ကျန်းရီက ခပ်သဲ့သဲ့ရယ်၍ ဆဲဆိုကြိမ်းမောင်းနေသေးသော ကျန်ထျန်းလဲ့ကို ကြည့်လိုက်သည်။ ထို့နောက် သူ အေးစက်စက်ပြုံးကာ ပြောလိုက်သည်။
“နားငြီးလိုက်တာ... ပါးစပ်ပိတ်ထားစမ်း”
ကျန်းရီက လက်ဝှေ့ယမ်းလိုက်ရာ ကျန်ထျန်းလဲ့အပေါ်သို့ မမြင်ရသော ဖိအားကြီးတစ်ခု ကျဆင်းသွားသည်။ ကျန်ထျန်းလဲ့ ရေခဲပြင်နှင့် ကပ်သွား၏။ သူ၏မျက်နှာကလည်း ရေခဲလွှာထဲသို့ နက်ရှိုင်းစွာ နစ်မြုပ်သွားသည်။ သူ ဆဲဆိုရန် မဆိုထားနှင့် လှုပ်ပင် မလှုပ်နိုင်တော့ချေ။ ထို့နောက် ကျန်းရီသည် သူ့လက်ထဲမှ ကျောက်စိမ်းအဆောင်ကိုကြည့်၍ ပြောလိုက်သည်။
“တိုက်ပွဲဧကရာဇ်... လွန်ခဲ့တဲ့ နှစ်ဝက်တုန်းက ခင်ဗျားတို့မျိုးနွယ်ရဲ့ သခင်လေးထျန်းလဲ့က နတ်ဘုရားအသံလှိုင်းဒေသဆီ လူတွေစေလွှတ်ပြီး ကျွန်တော့်ကို သတ်ခိုင်းခဲ့တယ်။ ခင်ဗျားလည်း အဲ့ကိစ္စကို သိမှာပါ... ဟုတ်တယ်မလား”
တိုက်ပွဲဧကရာဇ်က တုံ့ဆိုင်းမှုမရှိ ခေါင်းညိတ်ကာ ပြန်ပြောလိုက်၏။
“အဲ့ကိစ္စကို ငါသိတယ်။ အဲ့ဒါက ထျန်းလဲ့လုပ်တာပဲ”
“အရမ်းကောင်းတယ်... ခင်ဗျားက တကယ့်ကို တိုက်ပွဲဧကရာဇ်ပဲ။ ကိုယ်လုပ်တာကိုကိုယ် တာဝန်ခံရဲတယ်”
ကျန်းရီ ချီးကျူးလိုက်ပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ကျွန်တော်က အဲ့ကိစ္စကို ပြန်အစမဖော်ချင်ပါဘူး... ငြိမ်းချမ်းရေး ယူချင်တာပါ။ ကျန်မျိုးနွယ်က ကျွန်တော့်ကို ရန်သူလို မဆက်ဆံသ၍၊ ကျွန်တော့်ရဲ့ တောင်းဆိုချက်လေးတွေကို သဘောတူသ၍ အခုကစပြီး ကျွန်တော် ကျန်မျိုးနွယ်နဲ့ မိတ်ဆွေဖွဲ့ပါမယ်။ ပြီးတော့ သခင်လေးထျန်းလဲ့ကိုလည်း အပြင်ကို ဘေးကင်းကင်းနဲ့ ပို့ပေးမှာပါ”
တိုက်ပွဲဧကရာဇ်က ခေတ္တမျှ တွေးတောလိုက်ပြီးနောက် ပြန်ပြောလိုက်သည်။
“ဘာတောင်းဆိုချက်တွေလဲ”
ကျန်းရီက ယဉ်ရို့ပင်းကိုကြည့်ကာ ပြောလိုက်သည်။
“အဲ့ဒါက အရမ်းရိုးရှင်းပါတယ်။ ကျန်မျိုးနွယ်က ယဉ်မျိုးနွယ်နဲ့ စေ့စပ်ထားတာကို ဖျက်ပေးရမှာပါ။ အခု ရို့ပင်းနှင့် ကျွန်တော်က တစ်ယောက်ကိုတစ်ယောက် ချစ်မြတ်နိုးနေကြပြီ။ ခင်ဗျားတို့ မြင်းတစ်ကောင်ကို ရေဆီခေါ်သွားလို့ရပေမယ့် သူ ရေသောက်အောင်တော့ မလုပ်နိုင်ဘူး။ ခင်ဗျားတို့အကုန်လုံး ကျွန်တော်တို့နှစ်ယောက်ရဲ့ ချစ်ခြင်းကို လက်ခံပေးကြလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”
“ဟွန်း...”
တိုက်ပွဲဧကရာဇ်နှင့် ယဉ်ဧကရာဇ်တို့က တစ်ပြိုင်တည်းနီးပါး နှာမှုတ်လိုက်ကြ၏။ တိုက်ပွဲဧကရာဇ်က မည်သို့မှ မပြောသော်လည်း ယဉ်ဧကရာဇ်က အေးစက်စက်မျက်နှာထားဖြင့် ပြောလိုက်သည်။
“ကျန်းရီ... မင်းက အပြစ်သားကျွန်းက သူလျှိုတစ်ယောက်ပဲ။ မင်းလို့ လူသားမျိုးနွယ်ရဲ့ သစ္စာဖောက်တစ်ယောက်က ယဉ်မျိုးနွယ်ထဲ ဝင်ချင်သေးတာလား။ စိတ်ကူးယဉ်နေတာပဲ။ ရို့ပင်း... မင်း အဲ့ကောင်နဲ့ ပတ်သတ်ရဲရင် မင်းက ယဉ်မျိုးနွယ်ရဲ့ သမီးတစ်ယောက် မဟုတ်တော့ဘူး”
ယဉ်ဧကရာဇ်၏အသံက ကျောက်စိမ်းအဆောင်မှနေ၍ ထွက်ပေါ်လာသည်။ ယဉ်ရို့ပင်းသည် တုန်ယင်သွားပြီး မျက်ရည်များ ကျလာသည်။ ထို့နောက် သူမ နာကျင်စွာဖြင့် မျက်လုံးများ မှိတ်လိုက်သည်။ ကျန်းရီက သူမ၏ကျောကို ပုတ်ပေးလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
“ရို့ပင်း... မင်း သက်ငယ်မိုးအိမ်ထဲမှာ သွားနေလိုက်ပါ။ ငါ ဒီကကိစ္စတွေကို ရှင်းလိုက်ဦးမယ်။ ရီချန်... မင်းလည်း အိမ်ထဲကို လိုက်သွားလိုက်ပါ။ ဒီကိစ္စက မင်းနဲ့ မဆိုင်ပါဘူး”
ယဉ်ရို့ပင်းက မျှော်လင့်ချက်ကင်းမဲ့နေသော မျက်နှာထားဖြင့် ခါးသီးစွာ မျက်လုံးမှိတ်ထားသည်။ သူမသည် အတန်ငယ် တုံ့ဆိုင်းနေပြီးနောက်မှ နာခံစွာ ခေါင်းညိတ်၍ သက်ငယ်မိုးအိမ်ဆီသို့ လျှောက်သွားလိုက်သည်။ ရီချန်သည်လည်း သက်ပြင်းသဲ့သဲ့ချ၍ ယဉ်ရို့ပင်းအနောက်သို့ လိုက်သွားကာ သူမကို နှစ်သိမ်းလိုက်လေသည်။
ကျွီ...
အလင်းတစ်ချက်လက်သွားပြီး သက်ငယ်မိုးအိမ်၏ တံခါးက ပိတ်သွားသည်။ အိမ်၏ အကာအရံအစီအရင်ကို နှိုးလိုက်ခြင်းဖြစ်ကြောင်း သိသာပေသည်။ ကျန်းရီက ကျောက်စိမ်းအဆောင်ကို ကြည့်လိုက်၏။ ထိုအခါ ကောင်းကင်ထက်ရှိ ပုံရိပ်ထဲမှ ကျန်းရီ၏ဧရာမဦးခေါင်းကြီးကလည်း ယဉ်ဧကရာဇ်ကို ကြည့်လိုက်လေသည်။ ထို့နောက် သူ ခပ်သဲ့သဲ့ပြုံးကာ ပြောလိုက်သည်။
“ယဉ်ဧကရာဇ်... ခင်ဗျား သဘောမတူလည်း ရပါတယ်။ တကယ်လို့ ခင်ဗျားမှာ မကျေနပ်တာတွေရှိရင် ကျွန်တော့်ကို တိုက်ရိုက်လာရှာပါ။ မိန်းကလေးတစ်ယောက်ကို မခြိမ်းခြောက်ပါနဲ့...ဟုတ်ပြီလား”
ယဉ်ဧကရာဇ်က အေးစက်စက် နှာမှုတ်လိုက်သော်လည်း မည်သို့မှ ဆက်မပြောတော့ပေ။ ယခုအခြေအနေတွင် သူ ဆက်ပြောလေလေ၊ ယဉ်မျိုးနွယ်က မျက်နှာပျက်ရလေလေ ဖြစ်ပေလိမ့်မည်။ သူ၏ မြေးမကိုယ်တိုင်ကပင် သူ၏စကားများကို မနာခံနေရာ သူ မည်သူ့အပေါ် ဒေါသပုံချရမည်မသိ ဖြစ်နေလေသည်။
ထို့နောက် ကျန်းရီသည် တိုက်ပွဲဧကရာဇ်ကို ကြည့်လိုက်ပြီး တိုက်ပွဲဧကရာဇ်၏ ဆုံးဖြတ်ချက်ကို စောင့်နေလိုက်သည်။ တိုက်ပွဲဧကရာဇ်ကလည်း လျင်မြန်စွာ ဆုံးဖြတ်ချက်ချလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“ကျန်းရီ... ခြိမ်းခြောက်တာတွေက ငါ့အပေါ် အလုပ်မဖြစ်ဘူး။ ကျန်မျိုးနွယ်ဝင်တွေက သေရမှာကို မကြောက်သလို ဘယ်လိုစိန်ခေါ်မှုမျိုးကိုမှလည်း မကြောက်ဘူး။ စေ့စပ်ထားတာကို ဖျက်မှာ မဟုတ်ဘူး။ မင်းကလည်း သေရလိမ့်မယ်”
“ကောင်းပြီလေ”
ကျန်းရီက ကျယ်လောင်စွာ အော်ပြောလိုက်ပြီး အရှေ့သို့ လျှောက်သွားလိုက်သည်။ သို့သော် သူ၏အကြည့်များက ပုံရိပ်ကိုဖြတ်၍ တိုက်ပွဲဧကရာဇ်ကို ကြည့်နေသည်။ သူ ကျန်ထျန်းလဲ့၏အရှေ့တွင် ရပ်လိုက်ပြီး တောက်ပစွာ ပြုံးလိုက်သည်။ ထို့နောက် သူ တည်ငြိမ်စွာဖြင့် ပြောလိုက်လေသည်။
“အဲ့ဒါက ကျန်မျိုးနွယ်ရဲ့ ရွေးချယ်မှုပဲ။ တိုက်ပွဲဧကရာဇ်... ခင်ဗျားရဲ့ ဆုံးဖြတ်ချက်အတွက် ခင်ဗျားတာဝန်ယူရမယ်။ ကျန်မျိုးနွယ်က ဘာစိန်ခေါ်မှုကိုမှ မကြောက်မှတော့... ကျွန်တော် ကျန်းရီလည်း မကြောက်ဘူး”
ဝုန်း...
ကျန်းရီသည် ခြေထောက်မြှောက်၍ ကျန်ထျန်းလဲ့၏နောက်ကျောကို ပြင်းထန်စွာ တက်နင်းလိုက်၏။ ကျန်ထျန်းလဲ့သည် ကျန်းရီ၏ အကန့်အသတ်အစီအရင်များကြောင့် အတွင်းအား ထုတ်မသုံးနိုင်ဖြစ်နေသည်။ ထို့ကြောင့် ကျန်းရီ၏ ပြင်းထန်သော တက်နင်းမှုက ကျန်ထျန်းလဲ့၏ နောက်ကျောတွင် အပေါက်ကြီးတစ်ပေါက် ဖြစ်သွားစေလေသည်။
ဘုန်း...ဘုန်း...ဘုန်း...
ကျန်းရီသည် တိုက်ပွဲဧကရာဇ်နှင့် ဆွေးနွေးလိုစိတ် မရှိတော့သဖြင့် အားကုန်သုံးကာ ကျန်ထျန်းလဲ့ကို ထပ်ခါထပ်ခါ တက်နင်းနေသည်။ ကျန်ထျန်းလဲ့၏ ခန္ဓာကိုယ်နှင့် ဦးနှောက်က အသားစပုံကြီး ဖြစ်သွားမှသာ သူ ရပ်တန့်လိုက်သည်။
ကျန်ထျန်းလဲ့သည် အားကောင်းသော အကန့်အသတ်အစီအရင်များ၏ ဖိနှိပ်မှုကို ခံထားရ၍ သေသည်အထိ အသံတစ်ချက်ပင် မထွက်နိုင်ခဲ့ပေ။ ယခုတွင် သူ့အမေသည်ပင် သူ့ကို မှတ်မိနိုင်တော့မည် မဟုတ်ချေ။
ကျန်းရီသည် အသားစပုံကြီးကို ကျေနပ်စွာ ကြည့်လိုက်ပြီး လက်ခတ်လိုက်သည်။ ထို့နောက် သူ ခေါင်းမော့ကာ အပြင်ဘက်ရှိ လူများကို ပြုံးကြည့်၍ ပြောလိုက်သည်။
“ကျွန်တော့်ကို လာရှုပ်တဲ့သူမှန်သမျှ ဒီလိုအဆုံးသတ်ရမယ်”
ပတ်ဝန်းကျင်တစ်ခွင်လုံး အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားလေသည်။
***