တစ်ရက်ရက်ကျမှ လက်ဖက်ရည် အတူသောက်ကြတာပေါ့
Vol. 81 Ch. 1128
လွန်ခဲ့သော နှစ်ပေါင်းခုနစ်သိန်းကျော်က ဆန်းကြယ်ဧကရာဇ် နတ်ရွာစံခဲ့သည်။ သူသည် နတ်ရွာမစံခင်တွင် သူ၏ သစ္စာအရှိဆုံးနှင့် အသန်မာဆုံး လက်အောက်ငယ်သား ကိုးယောက်ကို ဧကရာဇ်ဘွဲ့ ချီးမြှင့်ခဲ့သည်။ သူက ထိုဧကရာဇ်ကိုးပါးအား ဆန်းကြယ်ဧကရာဇ်မြို့နှင့် အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခွင်လုံးကို ကာကွယ်ရန် တာဝန်ပေးခဲ့သည်။ ထိုနေ့မှစ၍ အရှေ့ဘက် တော်ဝင်နယ်မြေတွင် ဧကရာဇ်ကိုးပါး ထွက်ပေါ်လာခဲ့သည်။
ဆန်းကြယ်ဧကရာဇ် နတ်ရွာစံသွားသည်မှာ ကြာခဲ့ပြီဖြစ်၍ အရှေ့ဘက် တော်ဝင်နယ်မြေမှ လူများသည် သူ၏ပုံစံကို ခပ်ရေးရေးသာ မှတ်မိကြတော့သည်။ သူတို့သည် ဆန်းကြယ်ဧကရာဇ်ကို ဒဏ္ဍာရီလာ သူရဲကောင်းတစ်ယောက်အဖြစ် သဘောထားကြသည်။
သို့သော် ဧကရာဇ်ကိုးပါးမှာမူ ကွဲပြားပေသည်။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုက နှစ်ပေါင်းခုနစ်သိန်းကျော် တည်ရှိနိုင်ခဲ့ပြီး အရှေ့ဘက် တော်ဝင်နယ်မြေတွင် အမြဲပင် အင်အားအကြီးဆုံး ဖြစ်ခဲ့သည်။ တော်ဝင်နယ်မြေမှ လူများကလည်း သူတို့ကို အင်အားအကြီးဆုံးသူများအဖြစ် အသိအမှတ်ပြုခဲ့သည်။ လူများ၏ ဧကရာဇ်ကိုးပါးမျိုးနွယ်စုအပေါ်ထားသော အကြောက်တရားနှင့် လေးစားမှုက သူတို့၏ အရိုးများထဲအထိ စွဲနေပြီဖြစ်သည်။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုကို ယှဉ်ဝံ့သည့် မည်သူမဆို ခြွင်းချက်မရှိ သေရမည်ဟုလည်း သမိုင်းက သက်သေပြခဲ့သည်။
ထို့ကြောင့် ကျန်းရီ ဝူမျိုးနွယ်၏ ဒေသလေးခုတွင် သွေးချောင်းစီးစေခဲ့သည့်ကိစ္စက ကိစ္စကြီးတစ်ခု ဖြစ်ပေသည်။ ကျန်းရီက အခြားမည်သူမှ မလုပ်ဝံ့သည့်အမှုကို လုပ်ခဲ့ခြင်းပင်။ သူသည် ကောင်းကင်ကို ဆန့်ကျင်ခြင်းဟုပင် တင်စားနိုင်သည့် အမှုကို လုပ်ခဲ့သည်။ သူ၏လုပ်ရပ်မှာ တောင်ပေါ်ဓားပြအဖွဲ့လေးတစ်ဖွဲ့က မြို့တော်ကို သိမ်းပိုက်ရန် ကြံစည်ခြင်းကဲ့သို့ပင်။
ယနေ့တွင်...
လူတစ်သန်းနီးပါးသည် အထက်ပါကိစ္စထက် ပို၍ကြီးကျယ်သော ကိစ္စတစ်ခုကို မြင်လိုက်ရသည်။ သူတို့အားလုံး၏အရှေ့တွင်၊ နတ်ဘုရားတစ်ပိုင်းများစွာ၏ အရှေ့တွင်၊ ဧကရာဇ်များ၏အရှေ့တွင်၊ အရှေ့ဘက် တော်ဝင်နယ်မြေရှိ မျိုးနွယ်ကြီးများမှ မျိုးနွယ်ခေါင်းဆောင်များ၏ အရှေ့တွင် ကျန်းရီက အလွန်အလားအလာကောင်းသော မျိုးနွယ်ခေါင်းဆောင်ငယ်တစ်ယောက်ကို ခြေထောက်နှင့်နင်း၍ သတ်ပစ်လိုက်လေသည်။
ကျန်းရီ၏ လှုပ်ရှားမှုများမှာ အလွန်လျင်မြန်ပြီး ပြတ်သားသည်။ သူက တစ်ချက်မှ မတုံ့ဆိုင်းခဲ့သလို သူ့အတွက် ဂယ်ပေါက်တစ်ခုလည်း မချန်ထားလိုက်ချေ။ သူ၏နည်းလမ်းက အလွန်ရက်စက်သဖြင့် ကျန်ထျန်းလဲ့၏ခန္ဓာကိုယ်က အသားစပုံကြီးတစ်ခု ဖြစ်သွားပြီဖြစ်သည်။
ထိုလုပ်ရပ်က လူအားလုံးကို တုန်လှုပ်သွားစေခဲ့သည်။ အဆင့်နိမ့်သိုင်းသမားအားလုံးနှင့် မျိုးနွယ်အသီးသီးမှ သခင်လေးများအားလုံး ကြောက်ရွံ့သွားခဲ့ကြသည်။ သူတို့သည် ကျန်းရီ၏ ရူးသွပ်မှုနှင့် ထိုကိစ္စက ဤအခြေအနေသို့ပင် ရောက်လာခဲ့မှုကို ကြောက်ရွံ့နေကြသည်။ ယင်းကိစ္စမှာ လူများ မျှော်လင့်ထားသောအဆင့်ထက် များစွာကျော်လွန်သွားပြီဖြစ်သည်။ လူများစွာသည် တိုက်ပွဲဧကရာဇ်ကို ကြောက်ရွံ့စွာ လှမ်းကြည့်လိုက်ကြ၏။ တိုက်ပွဲဧကရာဇ်က ဒေါသူပုန်ထကာ ထိုနေရာရှိ လူအားလုံးကို သတ်ပစ်လိုက်မည်ကို သူတို့ စိုးရိမ်ကြပေသည်။
တိုက်ပွဲဧကရာဇ်က အမှန်ပင် ဒေါသထွက်နေသည်။ သူသည် ကျန်မျိုးနွယ်၏ ခေါင်းဆောင်တစ်ယောက်ဖြစ်၍ စိတ်ဓာတ်ခိုင်မာကာ တည်ငြိမ်သူတစ်ယောက်ဖြစ်သော်လည်း ထိုအခိုက်တွင် သူ၏မျက်ဝန်းများထဲရှိ သတ်ဖြတ်လိုသော အရိပ်အယောင်များကို မဖုံးကွယ်နိုင် ဖြစ်နေပေသည်။ သူ့လက်တွင် အလင်းတောက်ပလာသည်။ သူက အစွမ်းကုန်သုံး၍ ဆန်းကြယ်နတ်ဘုရားနန်းတော်၏ အကန့်အသတ်အစီအရင်များကို ဖျက်ဆီးပစ်ကာ ကျန်းရီကို အပိုင်းပိုင်းစုတ်ဖြဲပစ်ပေတော့မည်။
“ဟင်းဟင်း...”
ကျန်းရီ၏ လှောင်ပြောင်ရယ်မောသံက အပြင်ဘက်သို့ ထွက်လာသည်။ ပတ်ဝန်းကျင်က တိတ်ဆိတ်နေသဖြင့် ထိုရယ်သံက အလွန်စူးရှနေသည်။ ထို့နောက် ဆန်းကြယ်နတ်ဘုရားနန်းတော်အထက်ရှိ ပုံရိပ်ထဲမှနေ၍ ကျန်းရီက ကျန့်ဝူယင်းအရှေ့သို့ လျှောက်သွားနေသည်ကို မြင်လိုက်ရသည်။ ယခုတွင် သူ၏အကြည့်က ဓားဧကရာဇ်အပေါ် ကျရောက်လာပေပြီ။
ကျန့်ဝူယင်းသည် ရေခဲလွှာအတွင်းသို့ ခေါင်းမနစ်နေဘဲ ဖိအား၏ ဖိနှိပ်မှုကိုသာ ခံထားရပေသည်။ သူက နှုတ်ဆိတ်နေခဲ့သော်လည်း သူ့မျက်ဝန်းများထဲတွင် ဒေါသနှင့် အမုန်းတရားများ ပြည့်နှက်နေခဲ့သည်။ သို့သော် ယခုတွင်မူ သူ အမှန်ပင် ကြောက်ရွံ့နေပေပြီ။ သူ၏မျက်နှာထားက အသနားခံနေသည့်ပုံစံ ပေါ်သည်။ သူက ဆယ့်ငါးနှစ်သာ ရှိသေးပြီး သူ၏အနာဂတ်က အကန့်အသတ်မဲ့သည်။ ထို့ပြင် သူက နောက်တက်မည့် ဓားအင်ပါယာနှင့် ဓားဧကရာဇ် ဖြစ်လာနိုင်မည့် လမ်းကြောင်းပေါ်သို့ ရောက်နေပြီဖြစ်သည်။ သို့ဖြစ်ရာ သူ အဘယ်သို့ အသားစပုံကြီး အဖြစ်ခံနိုင်မည်နည်း။ ထို့ကြောင့် သူ အော်ပြောလိုက်သည်။
“ကျန်းရီ... ကျွန်တော့်ကို မသတ်ပါနဲ့။ ကျွန်တော် ဘယ်တော့မှ ခင်ဗျားကို ရန်စတော့မှာ မဟုတ်ပါဘူး။ အဘိုး... ကျွန်တော့်ကို ကယ်ပါဦး...”
ကျန့်ဝူယင်း၏အသံက ကျောက်စိမ်းအဆောင်မှနေ၍ အပြင်ဘက်သို့ ထွက်သွားသည်။ မည်သူကမှ ကျန့်ဝူယင်းက သူရဲဘောကြောင်သည်ဟု မတွေးမိကြပေ။ သူက ကျန်းရီကဲ့သို့ အရူးတစ်ယောက်နှင့် ရင်ဆိုင်နေရသော ဆယ်ကျော်သက်လေးတစ်ယောက်သာ မဟုတ်ပါလား။ ယင်းအပြင် ထိုအခိုက်၌ ကျန့်ဝူယင်းသာမဟုတ် ထိုနေရာရှိ သိုင်းပညာရှင်များစွာလည်း ဇောချွေးပြန်နေကြသည် မဟုတ်ပါလား။
“ကျန့်ဝူယင်း... မင်းရဲ့စကားတွေက အရေးမပါဘူးကွ”
ကျန်းရီက ခပ်သဲ့သဲ့ ရယ်လိုက်ပြီး ဓားဧကရာဇ်ကိုကြည့်ကာ မေးလိုက်သည်။
“ဓားဧကရာဇ်... ကျွန်တော် တကယ်ပဲ ခင်ဗျားတို့မျိုးနွယ်နဲ့ မိတ်ဆွေဖြစ်ချင်ပါတယ်။ ခင်ဗျား အဲ့တောင်းဆိုချက်ကို လက်ခံမှာလား”
တိုက်ပွဲဧကရာဇ်၏ ခန္ဓာကိုယ်မှ ထွက်လာသာ အရှိန်အဝါ ပို၍ ပို၍ ကြောက်မက်ဖွယ်ကောင်းလာသည်။ ဓားဧကရာဇ်သည် တိုက်ပွဲဧကရာဇ်က သူ့အား ဆုံးဖြတ်ချက်ချရန် အချိန်ပေးနေကြောင်း သိ၏။ သို့သော် ဓားဧကရာဇ်သည် အလွန်မျက်နှာဖြူဖျော့လာပြီး တုံ့ဆိုင်းနေလေသည်။
အကယ်၍ ဓားဧကရာဇ်သာ ထိုတောင်းဆိုချက်ကို လက်ခံလိုက်လျှင် ကျန့်မျိုးနွယ်၏ ဂုဏ်သိက္ခာက အောက်ဆုံးကို ရောက်သွားမည်ဖြစ်သည်။ သို့သော် သူ လက်မခံလျှင်လည်း သူချစ်ရသော မြေးလေးက အသားစပုံကြီး ဖြစ်သွားပေလိမ့်မည်။ ထိုမြေးသည် လွန်ခဲ့သော နှစ်သိန်းကျော်အတွင်း ကျန့်မျိုးနွယ်မှ ထွက်ပေါ်လာသည့် ပါရမီရှင်များထဲမှ အလားအလာအကောင်းဆုံး ပါရမီရှင်တစ်ယောက်လည်း ဖြစ်ပေသည်။
“ကျန့်ဝူယင်း... ငါ့ကို နှလုံးသားမဲ့တယ်ဆိုပြီး အပြစ်မတင်နဲ့။ ငါက ကျန့်မျိုးနွယ်နဲ့ မိတ်ဆွေမဖြစ်ချင်တာ မဟုတ်ဘူး။ ကျန့်မျိုးနွယ်ကသာ ငါ့ကို မျက်နှာသာမပေးချင်တာ။ မင်း တစ်ယောက်ယောက်ကို အပြစ်တင်ချင်ရင် မင်း အဘိုးကိုသာ အပြစ်တင်လိုက်တော့...”
ကျန်းရီက သက်ပြင်းသဲ့သဲ့ချလိုက်ပြီး ခြေထောက်ကို ထပ်မြှောက်လိုက်သည်။ ထိုအခါ ကျန့်ဝူယင်းတစ်ယောက် ကြောက်ရွံ့တကြီး ငိုယို၍ ပြောလိုက်လေသည်။
“အဘိုး...အဘိုး... ကျွန်တော် မသေချင်သေးဘူး။ အဘိုး... ကျွန်တော့်ကို ကယ်ပါ”
ကျန့်ဝူယင်း၏အသံက အလွန်စူးရှပြီး အတန်ငယ်လည်း တုန်ယင်နေသည်။ သူက သေလုမတတ် ကြောက်ရွံ့နေကြောင်း သိသာပေသည်။ ပတ်ဝန်းကျင်တစ်ခွင်လုံး တိတ်ဆိတ်နေသည်။ လူအားလုံး၏ မျက်လုံးများကလည်း ဓားဧကရာဇ်အပေါ် ကျရောက်နေပြီး ဓားဧကရာဇ် ဆုံးဖြတ်ချက်ချမည်ကို စောင့်နေကြသည်။ ကျန့်မျိုးနွယ်မှ နတ်ဘုရားတစ်ပိုင်းများကလည်း မည်သို့ရွေးချယ်ရမည်မသိ ဖြစ်နေသည်။ သူတို့အားလုံး အသက်ပင် မရှူနိုင် ဖြစ်နေကြလေသည်။
“ကောင်းပြီလေ...”
ဓားဧကရာဇ်က ကူကယ်ရာမဲ့စွာ မျက်လုံးမှိတ်လိုက်ပြီး သက်ပြင်းလေးလေး ချလိုက်သည်။
“ကျန်းရီ မင်းနိုင်ပါတယ်။ ငါ မင်းကို ရန်မရှာဘူးလို့ ကတိပေးတယ်။ မင်းလည်း ကျန့်မျိုးနွယ်ကို ရန်မရှာရဘူး”
“ဝိုး...”
လူအုပ်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ သူတို့သည် ဆန်းကြယ်နတ်ဘုရားနန်းတော်အထက်ရှိ ပုံရိပ်ကြီးကို ကြည့်ကာ သက်ပြင်းချလိုက်ကြသည်။ နှစ်သိန်းချီအတွင်း ဧကရာဇ်ကိုးပါးမျိုးနွယ်စုကို ဖိအားပေးနိုင်သူမှာ ကျန်းရီတစ်ယောက်သာ ရှိသည်။
“ကျွန်တော့်မှာ အကျင့်တစ်ခုရှိတယ်... သူများတွေက ကျွန်တော့်အပေါ် ကောင်းရင် ကျွန်တော်က သူတို့အပေါ် ဆယ်ဆပြန်ကောင်းတတ်တယ်။ အဘိုးကျန့်... ကျွန်တော်က အဘိုးရဲ့ မိတ်ဆွေ ဖြစ်လာမှာပါ။ တစ်ရက်ရက်ကျမှ လက်ဖက်ရည် အတူသောက်ကြတာပေါ့”
ကျန်းရီ ခြေထောက်ပြန်ချလိုက်၏။ သူ့မျက်နှာက အလွန်ရွှင်ပျနေသည်။ ထို့နောက် သူ လက်ဝှေ့ယမ်းလိုက်ရာ ကျန့်ဝူယင်းအပေါ် အလင်းတန်းတစ်တန်း ကျဆင်းလာသည်။ ကျန့်ဝူယင်းသည် နေရာမှ ပျောက်သွားပြီး ဆန်းကြယ်နတ်ဘုရားနန်းတော်အပြင်ဘက်သို့ တည်နေရာပြောင်းရွှေ့ခံလိုက်ရသည်။
“အာ...”
ကျန့်ဝူယင်းသည် အပြင်သို့ ရောက်သည်နှင့် ဓားဧကရာဇ်ဆီသို့ ပျော်ရွှင်စွာ ပျံသန်းသွားလိုက်သည်။ သူ့နောက်ကျောတွင် ချွေးများ စိုရွှဲနေသည်။ သူ့ခန္ဓာကိုယ်ကလည်း တုန်ယင်နေဆဲဖြစ်သည်။ သူက အမှန်ပင် သေလုမတတ် ကြောက်ရွံ့ခဲ့သည်။ ယခုတွင် ထပ်မံ၍ အုတ်အော်သောင်းနင်း ဖြစ်သွားသည်။ လူများသည် ကျန်းရီက ထိုမျှ ဖြောင့်မတ်လိမ့်မည်ဟု မမျှော်လင့်ထားကြပေ။ သူသည် မည်သို့မှ ထပ်မတောင်းဆိုတော့ဘဲ ကျန့်ဝူယင်းကို ချက်ချင်း လွှတ်ပေးခဲ့သည်။
“အားလုံးကို တောင်းပန်ပါတယ်”
ဓားဧကရာဇ်က သက်ပြင်းချလိုက်ပြီး တိုက်ပွဲဧကရာဇ်နှင့် ကျန်ဧကရာဇ်များကို လက်ဆုပ်ကာ ပြောလိုက်သည်။ ထို့နောက် သူသည် ကျန့်ဝူယင်းနှင့် ကျန့်မျိုးနွယ်မှ လူများကို ခေါ်ကာ ထွက်ခွာသွားလေသည်။ ယခုကိစ္စတွင် သူ မပါလိုတော့ကြောင်း ထင်ရှားပေသည်။
ကျန်းရီ၏ မျက်လုံးများက တိုက်ပွဲဧကရာဇ်၊ မြောက်ဘက်ဧကရာဇ်နှင့် အခြားဧကရာဇ်များကို ထပ်ကြည့်လိုက်၏။ ထို့နောက် သူ ပြောလိုက်သည်။
“တိုက်ပွဲဧကရာဇ်... ခင်ဗျား မတိုက်ခိုက်ခင် ကျွန်တော့်ကို စကားထပ်ပြောခွင့်ပေးပါ။ မိစ္ဆာဧကရာဇ်၊ သားရဲဧကရာဇ်၊ ယဉ်ဧကရာဇ်... ခင်ဗျားတို့တွေ ကျွန်တော် ကျန်းရီနဲ့ ရန်သူမဖြစ်ခင် သေချာစဉ်းစားဖို့ ပြောချင်ပါတယ်။ ဒါက ခင်ဗျားတို့ရဲ့ နောက်ဆုံးအခွင့်အရေးပဲ။ ခင်ဗျားတို့ ထပ်ပြီး တိုက်ခိုက်လိုက်ပြီဆိုတာနဲ့ ကျွန်တော့်ရဲ့ ရန်သူတွေ ဖြစ်သွားပြီဆိုတာကို သိထားပါ။ ခင်ဗျားတို့ရဲ့ ရွေးချယ်မှုကို ခင်ဗျားတို့ပဲ တာဝန်ခံရလိမ့်မယ်”
“ဟွန်း... တိုက်ခိုက်ကြ”
တိုက်ပွဲဧကရာဇ်နှင့် မြောက်ဘက်ဧကရာဇ်တို့က မည်သို့မှ မပြောနိုင်သေးခင်မှာပင် မိစ္ဆာဧကရာဇ်က အော်ပြော၍ ထပ်မံ တိုက်ခိုက်လိုက်သည်။ တိုက်ပွဲဧကရာဇ်နှင့် မြောက်ဘက်ဧကရာဇ်တို့လည်း လျင်မြန်စွာ လိုက်ပါတိုက်ခိုက်လိုက်သည်။ သားရဲဧကရာဇ်က ခေတ္တမျှ တုံ့ဆိုင်းသွားသော်လည်း အေးစက်စက်မျက်ဝန်းများဖြင့် တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။ ရွှမ်ဧကရာဇ်မှာမူ ယခုအထိ တစ်လက်မပင် မလှုပ်ရှားသေးပေ။ သို့သော် ထိုအခိုက်တွင် ယဉ်ဧကရာဇ်က တုံ့ဆိုင်းသွားပြီဖြစ်သည်။
ကျန်းရီက လှပစွာ လှုပ်ရှားလိုက်သည်။ သူသည် ကျန်ထျန်းလဲ့၏ သေခြင်းနှင့် ကျန့်ဝူယင်း၏ ရှင်ခြင်းကို အသုံးပြုကာ လူအားလုံးကို ရိုးရှင်းသော အမှန်တရားတစ်ခု ပြောခဲ့သည်။ ယင်းမှာ ကျန်းရီနှင့် ရန်သူဖြစ်လျှင် သေသည်အထိ တိုက်ခိုက်ရမည်ဆိုသော အမှန်တရားပင်။ သူက ဒေါသထွက်လာလျှင် မည်သည့်အရာကိုမဆို လုပ်မည့် အရူးတစ်ယောက်ဖြစ်သည်။
ထို့ပြင် ယခုတွင် ယဉ်ရို့ပင်းက ယင်းကိစ္စအလယ်၌ ကြားညပ်နေသည်။ ယဉ်ဧကရာဇ်က ထိုမြေးမလေးကို ချစ်မြတ်နိုးသည်။ ထို့ကြောင့် သူသည် တိုက်ခိုက်ရမည်၊ မရမည်ကို ဝေခွဲမရသေးဘဲ တုံ့ဆိုင်းနေပေသည်။
ယဉ်ဧကရာဇ်သည် တစ်မိနစ်နီးပါး စဉ်းစားနေ၏။ သို့သော် တစ်မိနစ် မပြည့်သေးခင်မှာပင် ထူးဆန်းသော ကိစ္စတစ်ခု ဖြစ်ပွားလာသည်။ ယဉ်ဧကရာဇ် မော့ကြည့်လိုက်ပြီး သူ တုံ့ဆိုင်းမိနေခဲ့သည်မှာ ကံကောင်းသည်ဟု တွေးမိသွား၏။ ထို့နောက် သူ တုံ့ဆိုင်းမနေတော့ဘဲ လက်ဝှေ့ယမ်းကာ ယဉ်မျိုးနွယ်မှ နတ်ဘုရားတစ်ပိုင်းများကို ပြန်ဆုတ်ရန် အမိန့်ပေးလိုက်လေသည်။
ရွှီး...ရွှီး...
လေထဲတွင် တည်ရှိနေသော ဆန်းကြယ်နတ်ဘုရားနန်းတော်သည် ယခု တောက်ပစွာ လင်းလက်လာ၏။ ထို့နောက် ဆန်းကြယ်နတ်ဘုရားနန်းတော်က အပြင်းအထန် တုန်ခါကာ စတင် လှုပ်ရှားလာသည်။ ၎င်းသည် ဝိညာဉ်ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကျန်မျိုးနွယ် သိုင်းပညာရှင်များအရှေ့သို့ ပြင်းထန်စွာ ကျဆင်းသွားလေတော့သည်။
***