← Chapters

မကျေပွဲ

Vol. 61 Ch. 850

မကျေပွဲ

Vol. 61 Ch. 850

“မင်းက ကမ္ဘာမြေပေါ်မှာ စိတ်ဝိညာဉ် တည်ဆောက်ခြင်းအဆင့်အထိ ရောက်လာတယ်ဆိုတော့ မဆိုးဘူးပဲ …. မင်းရဲ့ ပါရမီက ဒီလောက် မာနကြီးနေဖို့ လုံလောက်ပါတယ် ” မိုဝူကျိက မှတ်ချက်ပေးလိုက်သည်။

သို့သော် သူက လျှောက်ပြောနေခြင်း မဟုတ်ပေ။ ရှားကျစ်အတွက် ဆယ်စုနှစ်အတွင်း ဝိညာဉ်စွမ်းအား မရှိသည့် ကမ္ဘာမြေတွင် စိတ်ဝိညာဉ်တည်ဆောက်ခြင်းအဆင့်အထိ ကျင့်ကြံနိုင်ခြင်းက ပါရမီရှင်ကြားမှ ပါရမီရှင်သာ ဖြစ်ပေမည်။ ကျင့်ကြံရေးလောကတွင် သူက ဂိုဏ်းတစ်ဂိုဏ်း၏ ပင်မတပည့် ဖြစ်လာနိုင်သေး၏။

“ မင်းက ငါ့ကျင့်ကြံဆင့်ကို မြင်နိုင်တာလား ” ရှားကျစ် မျက်နှာ၌ အရောင်ပြောင်းသွားလေ၏။ မိုဝူကျိအား သေမျိုးတစ်ယောက်ဟု ထင်မှတ်ထားစဉ် မိုဝူကျိက သူ့ကျင့်ကြံဆင့်အား ပြောနိုင်လေရာ မည်မျှ ကြောက်ဖို့ ကောင်းနေသနည်း။

“ ရှားရိုယင်နဲ့ မင်းနဲ့ ဘာတောလဲ ” မိုဝူကျိက လုံးဝကို အေးစက်စက် မေးလိုက်ခြင်း ဖြစ်ပြီး ဤရှားကျစ်က ရှားရိုယင်နှင့် ဆက်နွယ်မှု ရှိနေကြောင်း ခံစားမိနေသည်။

ရှားကျစ်က လေးလေးနက်နက် ပြောလိုက်လေ၏  “ ရှားရိုယင်က ငါ့အစ်မပဲ …. သူမရဲ့ ကျင့်ကြံဆင့်က ငါ့ထက် အဆရာပေါင်းများစွာ မြင့်တယ်။ မင်း ငါ့ကို ထိရဲရင် သူမ ပြန်ရောက်လာတဲ့အခါ မင်းကို သေချာပေါက် လက်စားချေလိမ့်မယ် ”

“ ရှားရိုယင်က ကမ္ဘာမြေကနေ ထွက်သွားပြီလား ” မိုဝူကျိက မျက်မှောင်ကျုတ်မိသွားသည်။ ရှားရိုယင်က မည်မျှကျင့်ကြံစေကာမူ ကမ္ဘာပေါ်၌ ထိုမျှအဆင့်မြင့်မြင့် ရောက်နိင်မည် မဟုတ်ပေ။

 ရှားရိုယင်က ရှားကျစ်ထက် များစွာ အားကောင်းနေပြီး ကမ္ဘာမြေကနေ ထွက်သွားတာတဲ့လား ….

ရှားကျစ်၏ ကျင့်ကြံသူ စိတ်အနေအထားမှာ ပြန်ရောက်လာပြီး နောက်ဆုံးတွင် တည်ငြိမ်သွားတော့သည်။ သူက အသက်ပြင်းပြင်းရှုကာ  “ မင်းရဲ့ တပည့်က ငါ့လက်ထဲမှာ …. သူမအပေါ် ထူးခြားတဲ့နည်းလမ်းနဲ့ ဖိနှိပ်ထားတာ တကယ်လို့ မင်း  …. ”

ရှားကျစ် စကားမဆုံးခင် မိုဝူကျိက ဆံချည်မျှင်တမျှ သေးငယ်သော အပ်နှစ်ချောင်းကို ထုတ်ကာ  “ ဒီအပ်နှစ်ချောင်းကို ပြောတာလား ”

“ မင်း ….” ရှားကျစ်က ဆက်မပြောနိုင်တော့ပေ။ သူ့နောက်ကျောမှ ချွေးအေးများ ထွက်လာကာ အင်္ကျီများ စိုစွတ်ကုန်သည်။

ကျင့်ကြံဆင့် မြင့်လေလေ သူ့ကိုယ်ပိုင်အသက်ကို တန်ဖိုးထားလေလေ ဖြစ်၏။ ရှားကျစ်လို လူမျိုးက သာမာန်လူများထက်မြင့်ကာ တခြားသူများထက် သူ့အသက်ကို တန်ဖိုးထားသည့်သူ ဖြစ်ပေသည်။

မိုဝူကျိက ချီရှုမြို့နှင့် ကီလိုမီတာထောင်ပေါင်းများစွာ ကွာဝေးနေသော်ငြား  လက်တစ်ချက်အဝှေ့ဖြင့် ထန်ကျန်းမန်နှင့် ရှီလီတို့ဆီမှ အပ်များကို ဖယ်လိုက်နိုင်သည်။ ဤသို့မျိုးစွမ်းရည်မှာ ရှားကျစ် အာရုံခံမိသည်ထက် သာလွန်နေပေ၏။

“ ရှားရိုယင်က ဘယ်ရောက်သွားတာလဲ …. ဘယ်လိုသွားတာလဲ ပြောပြရင် မင်းအလောင်းကို ခြေရာလက်ရာမပျက် ထားပေးမယ် ” မိုဝူကျိက ခြိမ်းခြောက်လိုက်သည်။

“ မင်းက မိုဝူကျိမလား … မင်းက ရှားရိုယင်နဲ့ မိတ်ဆွေတွေလို့ ယူဆလို့ရတယ်။ ပြီးတော့ မင်းတို့နှစ်ယောက်လုံးက ကျင့်ကြံသူတွေ … မင်းက ငါတို့လို သေမျိုးတွေကို လာခြိမ်းခြောက်တယ်ပေါ့။ မင်းမှာ အပြစ်ရှိစိတ် မခံစားမိဘူးလား ” ရှားကျစ်တောက်က လုံးဝ နားလည်သွားလေပြီ။ သူ့ရှေ့တွင် ရှိနေသည့်သူမှာ မိုဝူကျိ၏ မျိုးဆက် မဟုတ်ဘဲ မိုဝူကျိကိုယ်တိုင် ဖြစ်နေ၏။

ရှားမိသားစုဝင် တစ်ယောက်က ကျင့်ကြံနိုင်ပြီး သူ့ရုပ်ရည်သွင်ပြင်အား ဆယ်စုနှစ်ကြာသည့်အထိ ထိန်းသိမ်းထားနိုင်လေရာ မိုဝူကျိက မည်သို့အတူတူ လိုက်မလုပ်နိုင်ရမည်နည်း။ ရှားရိုယင် မကျင့်ကြံသေးခင်တုန်းက မိုဝူကျိဆီမှ ဖော်မြူလာကို ခိုးယူခဲ့သည်။

“ ငါ မသိဘူး … မင်း ငါ့ကို သတ်လို့ မရဘူး ” ရှားကျစ်က လှုပ်ရှားနိုင်စွမ်း မရှိဘဲ ချွေးများစိုစွတ်နေသည်။ နဖူးမှ ချွေးစက်များမှာလည်း တစ်စက်ပြီး တစ်စက် စီးကျနေလေ၏။

မိုဝူကျိက ထိုအဓိပ္ပါယ်မရှိသည့်အရာများနှင့် ဆက်ပြောနေဖို့ အာရုံမရှိတော့ပေ။ သူက စိတ်စွမ်းအားတစ်မျှင်ကို ရှားကျစ်၏ အသိစိတ်ထဲ ပို့လွှတ်လိုက်လေ၏။

အသက်ရှိက်စာအနည်းငယ်အတွင်း သူက စိတ်စွမ်းအားကို ပြန်ရုတ်သိမ်းလိုက်သည်။ သူ့မျက်နှာအမူအယာကား ပျက်ယွင်းနေလေ၏။ ရှားကျစ်က ရှားရိုယင် တစ်ယောက် ကမ္ဘာမြေမှ မည်သို့ ထွက်သွားသည်ကို မသိလိုက်ပေ။ သူမ ထွက်သွားခဲ့ကြောင်းသာ သိလိုက်လေ၏။ ရှားရိုယင်က သူ့အား ကျင့်ကြံရေး၌ အာရုံစိုက်ဖို့ ပြောခဲ့ပြီး နောက်ကျ သူမ လာခေါ်မည် ဖြစ်ကြောင်း မှာကြားခဲ့သည်။

ဤနေရာ၌ စိတ်မရှည်တော့ဘဲ မိုဝူကျိက လက်ဖဝါးကို ဖြန့်ကာ ရှားကျစ်၏ နဖူးမှ သွေးတစ်စက် နှုတ်ယူလိုက်လေ၏။ ထိုသွေးစက်မှာ လေထဲ လွှင့်မျှောနေပြီး သင်္ကေတတချို့ ပေါ်လာသည်။ ထို့နောက် မျက်စိနှင့် မမြင်တွေ့နိုင်သည့် လှိုင်းတွန့်လေးများ ဖြစ်ပေါ်လာပြီး ပြန့်နှံ့သွားတော့သည်။ တစ်ယောက်ယောက်က ရေကန်ထဲ ကျောက်စရစ်ခဲ ချလိုက်သလို ဖြစ်၏။

ထိုသွေးစက်လေးက လေထုထဲ ရှိနေစဉ် မိုဝူကျိက ဘာမေးခွန်းမှ မမေးတော့ဘဲ ရှားမိသားစု အစည်းအဝေးခန်းမမှ ထွက်လာလိုက်သည်။ တစ်ချိန်တည်းဆိုသလို ရှားမိသားစု မြေအောက်အကျဉ်းထောင်ရှိ လူဆယ်ယောက်ကျော်ပေါ်ရှိ သံကြိုးများကလည်း  သူ့အလိုလို ပြေသွားလေ၏။ ထို့နောက် အကျဉ်းထောင်တံခါးများမှာလည်း သူ့အလိုလို ပွင့်သွားသည်။

မိုဝူကျိ၏ ပုံရိပ် ပျောက်ကွယ်သွားသည့်အခါမှ ရှားယို့က စိတ်သက်သာရာ သက်ပြင်းချကာ  “ ဦးလေးကျစ်တောက် … အဲဒီလူက တကယ်ကြီး မိုဝူကျိလား ”

ရှားကျစ်တောက်၏ မျက်နှာမှာ အစိမ်းရောင်ပြောင်းသွားပြီး လေပူများမှုတ်ထုတ်ကာ  “ ဟုတ်တယ် … အဲဒီလူက မိုဝူကျိပဲ။ အရင်တုန်းက ရိုယင်က သူ့ကို သတ်ပစ်ခဲ့တယ်။ သူက မသေဘဲ ကျန်ရှိနေတယ်ဆိုတာ  ဘယ်သူက သိမှာလဲ ”

“ ဘယ်လို …” ရှားကျစ်တောက်က ရုတ်တရက် ရပ်လိုက်သည့်အခါ ရှားယို့က ထပ်မေးလိုက်သည်။

ရှားကျစ်တောက်က မျက်မှောင်ကျုတ်ကာ ဆက်ပြောလိုက်သည်  “ မဟုတ်သေးဘူး … မိုဝူကျိက အသတ်ခံလိုက်ရတာ အသေအချာပဲ … ”

ယခင်က သူနှင့်ရှားကျီတင်းတို့သည် စမ်းသပ်ခန်း အပြင်ဘက်တွင် ရှိနေကြသောကြောင့် ရှားရိုယင်၏ အဖေဖြစ်သူက အထဲဝင်သွားပြီး ရှားရိုယင်လက်ချက်ဖြင့် ဓားထိုးခံထားရသော မိုဝူကျိ ခန္ဓာအပေါ် နောက်ထပ် ဓားဆယ်ချက် ထိုးခဲ့သေးသည်။ မိုဝူကျိ ခေါင်းမှာ ပြတ်လုမတတ်ပင် ဖြစ်သွားခဲ့သည်။

မိုဝူကျိက ထိုသို့ဖြစ်ပြီးသည့်တိုင် မသေဆုံးခဲ့ဘူလား …..

အကယ်၍ မိုဝူကျိ သေဆုံးသွားလျှင် အခု ဝင်လာသည့်သူက ဘယ်သူလဲ ….

ရှားကျစ်က သူ့ခန္ဓာကိုယ်မှာ တဖန်ပြန်လည် လှုပ်ရှားနိုင်ကြောင်း ခံစားမိပြီးနောက် ကြေညာလိုက်သည် “ ကျုပ် ဒီနေရာကနေ ချက်ချင်း ထွက်သွားချင်ပြီ။ မိုဝူကျိက အခုတစ်ခေါက် လွတ်ပေးလိုက်ပေမဲ့ နောက်တစ်ကြိမ် ဘယ်တော့ ပြန်ရောက်လာမလဲဆိုတာ မသိ ….  ”

သူက တစ်ဝက်တပျက် ရပ်တန့်သွားလေ၏။ သူ့မျက်ဝန်း၌ အကြောက်တရားနှင့် မယုံကြည်နိုင်မှုများက ထင်ဟပ်လာပြီး ခဏအကြာတွင် သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ ပေါက်ကွဲထွက်သွားသည်။

ရေပိုက်ခေါင်းကို ဖွင့်လိုက်သည့်အလား ရှားကျစ် ခန္ဓာကိုယ် ပေါက်ကွဲထွက်သွားသည့်နောက်တွင် ရှားယို့နှင့် ရှားကျစ်တောက်တို့လည်း ထို့နည်း၎င်း ကြုံတွေ့သွားကြသည်။

မိုဝူကျိ အသုံးပြုလိုက်သော သွေးဆက်နွယ် သတ်ဖြတ်ရေး နည်းလမ်းမှာ ရှားမျိုးနွယ်စု၏ ၁၅ နှစ်နှင့်အထက်ရှိ အမျိုးသားတိုင်း  အသတ်ခံရမည် ဖြစ်၏။ သူတို့ မည်သည့်နေရာတွင် ဖြစ်နေစေကာမူ ကမ္ဘာမြေတွင် ရှိနေပါက ထိုအရာမှ မလွတ်မြောက်နိုင်ပေ။

အစည်းအဝေးခန်းအတွင်းရှိ အားလုံးမှာ ရှားမိသားစု၏ ထိပ်ဆုံးရာထူးမှ လူများ ဖြစ်ကြသောကြောင့် မိုဝူကျိ အမြင်၌ သူတို့သည် အဓိက ရှားမိသားစုဝင်များ ဖြစ်ကြ၏။ သူက အမျိုးသားနှစ်ယောက် ကျန်ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

အခန်းအတွင်း သွေးနံ့များ လှိုင်လှိုင်ထနေပြီး ထိုအမျိုးသားနှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် တုန်လှုပ်တကြီး ကြည့်လိုက်ကြပြီးနောက် တုံ့ဆိုင်းခြင်းမရှိ အခန်းထဲမှ ပြေးထွက်သွားကြတော့သည်။ သူတို့က အရူးများ ဖြစ်နေလျှင်ပင် သူတို့အနေနှင့် ရှားမိသားစုဝင် မဟုတ်ကြောင်း သိပေလိမ့်မည်။ ထိုအကြောင်းအရင်းကြောင့်သာ သူတို့၏ အသက်လေး ချမ်းသာရာ ရလိုက်ခြင်း ဖြစ်၏။

အကယ်၍ သူတို့က ရှားမိသားစုဝင်များ ဖြစ်နေလျှင်ပင် ဤတစ်ခါ အသက်ရှင်ကျန်ပြီးနောက် သူတို့အနေနှင့် မိသားစုဝင် ဖြစ်ကြောင်း အတည်မပြုနိုင်တော့ပေ။

…………….…

မိုဝူကျိက ကျင်းယန်မြို့မှ ထွက်လာလေ၏။ သူ့စိတ်နှလုံးမှာ ယခင်ကထက် ပေါ့ပါးနေလေ၏။ သူ့ရင်ဘတ်အတွင်း ဆူးနစ်ဝင်နေသော ဆူးမှာ နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားလေပြီ။

အဓိက ရှားမိသားစုအတွင်း အသက် ၁၅နှင့်အထက် အမျိုးသားများကို သတ်ဖြတ်ပြီးနောက် သူက အပြစ်ရှိစိတ် မခံစားမိပေ။ ရှားရိုယင်က သူ့အား အကြောင်းအရင်းမရှိ သတ်ဖြတ်ပစ်ခဲ့သည့်အချိန် သူမက သူ့ချစ်သူ ဖြစ်နေဆဲ ဖြစ်၏။ ထို့ကြောင့် ရှားမိသားစုက တခြားသူများကို မည်မျှ ရက်ရက်စက်စက် ဆက်ဆံကြောင်း သိနိုင်ပေသည်။

တခြားသော ကျင့်ကြံသူများနှင့်ယှဉ်လျှင် သူက ကိုယ်ပိုင် အခြေခံစည်းမျည်း ရှိသေး၏။ အကယ်၍ တခြားသူသာ ဖြစ်နေလျှင် ရှားမိသားစုတစ်ခုလုံးကို သတ်ဖြတ်ပစ်ပေလိမ့်မည်။

ယနေ့မှစ၍ သူနှင့် ရှားရိုယင်ကြားရှိ ကိစ္စမှာ အဆုံးသတ်သွားလေပြီ။ ထိုစဉ် ရှားရိုယင်က သူ့အတွက် လွန်ချိုက်နှင့် မုရုန်ရှန်းယွီတို့လို လူမျိုးနှင့် မထူးမခြားနားတော့ပေ။

ကျင်းရှို့တောင်ပေါ်ကို  ခဏတာ ကြည့်နေပြီးနောက်  မိုဝူကျိက ခြေတစ်လှမ်းဖြင့် မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။ သူက ကမ္ဘာမြေ၏ အခြေအနေကို ပြန်လည်ပြုပြင်ပေးရန် အဆင့်သင့် ဖြစ်နေလေပြီ။

သူ့လက်ရှိ ကျင့်ကြံဆင့်နှင့် အစီအရင်တာအိုအဆင့်ဖြင့် သူက  နေအဖွဲ့အစည်း တစ်ခုလုံးကိုပင် ကာကွယ်ရေး အစီအရင် ခင်းကျင်းပေးနိုင်လေ၏။ ထို့ကြောင့် ကမ္ဘာမြေပေါ်ရှိ သဘာဝစွမ်းအားများကို ပြန်လည် သန့်စင်ပေးသည့် မဟာအစီအရင် တစ်ခုအား ခင်းကျင်းပေးဖို့ရာ ဘာမှမဟုတ်ပေ။

အစီအရင်အလံများက ကမ္ဘာမြေ ပတ်လည်ရှိ လေထုအတွင်း တစ်ခုပြီး တစ်ခု ပေါ်လာကာ အင်မော်တယ် ဝိညာဉ်စွမ်းအားတချို့လည်း ဖုံးလွှမ်းထားလေ၏။

ကမ္ဘာမြေ အပေါ်ယံအလွှာတွင် ဖုံးကွယ်နေသော မြူများမှာ တစ်ယောက်ယောက်က ဧရာမ လေစုပ်စက်ကြီးကို သုံး၍ သန့်စင်လိုက်သည့်အလား  ချက်ချင်း စုပ်ယူခံလိုက်ရလေ၏။ ပျက်စီးနေသော အိုဇုန်းလွှာမှာလည်း မိုဝူကျိ၏ ကာကွယ်ရေး အစီအရင်ကြောင့် အမြန်အဆန် ပြန်လည် ကောင်းမွန်လာနေသည်။

အချိန်အတော်ကြာ နေရောင် မမြင်တွေ့ခဲ့ရသော ကမ္ဘာမြေမှာပေါ်တွင် တချို့နေရာများ၌ နေအလင်းများ ဖြာကျလာသည်။

………………

ကွာချန်းမြို့၊ ရှန်းကျစ်ယန်၏ ဇာတိမြို့

ရှန်းကျစ်ယန်က ကွာချန်းမြို့တွင် သာမာန်လူဟု ယူဆ၍ ရပေသည်။ အကြောင်းမှာ ရှန်းမိသားစု၏ ရှန်းတုံ့ဟိုင်က စီးပွားရေး အမြင်ကောင်းရှိ၍ ဝင်ငွေကောင်းပေသည်။ သူက ထိုအရာဖြင့် ကုမ္ပဏီတစ်ခု တည်ထောင်ထားလေ၏။ ကျန်ရှိနေသော ရှန်းမိသားစုတင်များကိုလည်း ကုမ္ပဏီအတွင်းသို့ ဆွဲသွင်းထားသောကြောင့် တစ်ယောက်ချင်းစီတွင် ရှယ်ယာရာခိုင်နှုန်း နည်းနည်းစီ ပိုင်ဆိုင်ထားကြသည်။

သို့သော်လည်း ရှန်းမိသားစုအတွင်း ရိုးရှင်းလှသည့် အကြောင်းအရင်းလေးတစ်ခုကြောင့် အတွင်းရေး ပဋိပက္ခများစွာ ဖြစ်လာသည်။ ထိုအရင်းခံမှာ ရှန်းတုံ့ဟိုင်၏ သားဖြစ်သူ ရှန်းကျစ်ယန်က ကျောင်းမှ ပြန်လာပြီး အိမ်ယာမြေဈေးကွက်၌ စတင်ရင်းနှီးမြှပ်နှံနေ၍ ဖြစ်သည်။

သာမာန် ကုမ္ပဏီလေးအနေနှင့် ပိုက်ဆံမည်မျှ ဝင်မည်နည်း။ မြေက မည်မျှပင် ဈေးချိုနေစေကာမူ ရှန်းကျစ်ယန် တစ်ယောက် စတင်လိုက်သည်နှင့် ရင်းနှီးမြှပ်နှံငွေ ပြတ်လပ်သွားတော့သည်။

“ ဒီအကြောင်းကို ဆက်မပြောချင်တော့ဘူး။ ငါတို့ရှယ်ယာတွေကို ပိုက်ဆံအဖြစ် ပြောင်းပြီးတော့ ငါတို့ကို ပေးလိုက် … တကယ်လို့ တစ်ကမ္ဘာလုံးကို ဝယ်ချင်ရင်တောင် ငါတို့က ဂရုမစိုက်တော့ဘူး ” ရှန်းတုံ့ရှီမှာ ရှန်းတုံ့ဟိုင်၏ ညီလေး ဖြစ်ပြီး  ပိုင်ဆိုင်မှု အများဆုံး ရှယ်ယာရှင်လည်း ဖြစ်ပေသည်။ သူ့နာမည်ဖြင့် ရှယ်ယာ ၇ ရာခိုင်နှုန်း ရှိ၏။

“ ရှင်တို့ကို ကုမ္ပဏီထဲ ဆွဲသွင်းပေးခဲ့တာ တုံ့ဟိုင်ပါ။ အဲတုန်းက ရှင်တို့တွေ တခြားအလုပ် ရှာနေတုန်းပဲ ရှိသေးတယ် ” ရှန်းတုံ့ဟိုင်၏ ဇနီးဖြစ်သူက စိတ်တိုလာမိသည်။ ထိုဆွေမျိုးများက ကျေးဇူးမသိတတ်သူများ ဖြစ်ကြပြီး ယခင် ရှန်းတုံ့ဟိုင်က  သူတို့အား မည်သို့ ဆက်ဆံပေးခဲ့သည်ကို မေ့ပစ်ခဲ့ကြသည်။

“ ပိုက်ဆံ ဘယ်လောက်လဲ ” ရှန်းတုံ့ဟိုင်က သူ့သားကို ဆူပူနေရသည်ကို ပင်ပန်းလာပြီ ဖြစ်ရာ သူ့အမျိုးများ၏ ပိုက်ဆံ ပေးနိုင်မည့် နည်းလမ်းကိုသာ ရှာချင်တော့သည်။

“ ရှယ်ယာက စုစုပေါင်း ၁၃ ရာခိုင်နှုန်းဆိုတော့ ပေါင်းလိုက်ရင် ငါးသန်းကျော်ရှိတယ်။ ငါတို့တွေက ခင်ဗျားဆီက အဲလောက် မယူပါဘူး။ အဲကြောင့် ငါတို့ကို ငါးသန်းပဲပေးလိုက် …. မျှတသွားတာပေါ့ ” ရှန်းတုံ့ရှီက ပြောလိုက်သည်။

ရှန်းတုံ့ဟိုင်က ဘာမှပြန်မပြောခင် ရှန်းကျစ်ယန်က မတ်တတ်ရပ်ကာ  “ ဖေဖေ …. ကျတော် ပိုက်ဆံချေးလိုက်မယ် ”

ရှန်းကျစ်ယန်က သူ့စကားအဆုံးတွင် ထန်ကျန်းမန်အား ဖုန်းဆက်လိုက်လေ၏။ သူက ထန်ကျန်းမန်၏ အသိတစ်ယောက်မျှ ဖြစ်ကာ သူမနှင့် အရမ်းမရင်းနှီးပေ။ ယခင် သူ့အား မြေဈေးကွက်၌ ရင်းနှီးမြှပ်နှံဖို့ ပြောခဲ့သူမှာ မိုဝူကျိ ဖြစ်၏။ သူက ထန်ကျန်းမန်အား ကြယ်သုံးလုံး စာမေးပွဲ အောင်လားဟု မေးချင်မိသည်။ အကယ်၍ ထန်ကျန်းမန်သာ ကြယ်သုံးလုံး စာမေးပွဲ အောင်မြင်သွားလျှင် သူ့အနေနှင့် မိုဝူကျိအပေါ် မှန်မှန်ကန်ကန် အကဲဖြတ်မိခြင်း ဖြစ်၏။ အကယ်၍ ဤသို့ဆိုလျှင် သူ့အနေနှင့် သူမဆီမှ ချေးယူနိုင်ပေသည်။ ထန်မိသားစုသည် ရှန်းမိသားစုထက် များစွာချမ်းသာပေ၏။

သို့သော်လည်း ထန်ကျန်းမန်က ကြယ်သုံးလုံး စာမေးပွဲကို မအောင်မြင်လျှင် သူ့အနေနှင့် မြေအား ဈေးချိုချိုဖြင့် ရောင်းကာ ငါးသန်းကို စုပေးပြီး ထိုအကြင်နာတရားမရှိသည့် အမျိုးတွေကို ပေးပစ်မည်။

………….…

ချီရှုမြို့ လေ့လာရေး ရင်ပြင်၌ ရှီလီနှင့် ထန်ကျန်းမန်တို့က တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်မိကြသည်။ သူတို့က ဤနေရာတွင် ဆက်တိုက် ရှိနေပြီး သူတို့အစားအစာများပင် အပြင်ဘက်မှ အလုပ်သမားများ လာပို့ပေးရသည်။ ယခုတွင် သူတို့အား အချိန်မရွေး သတ်နိုင်သည့် အပ်မှာ ပျောက်ကွယ်သွားကြောင်း ခံစားမိလိုက်ကြပြီး သူတို့တွေ မည်မျှ လျှောက်လှမ်းသွားစေကာမူ ပြဿနာ မရှိကြောင်း သိလိုက်ကြသည်။ ထို့အပြင် သူတို့နှစ်ဦးလုံးမှာ အင်အားများ ပြန်လည် ရရှိလာပြီ ဖြစ်၏။

“ ဘယ်လို ဖြစ်သွားတာလဲ ” ထန်ကျန်းမန်က မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။

ရှီလီက ပို၍ အတွေ့အကြုံရှိသောကြောင့် ပုံမှန်မဖြစ်နေသော်လည်း အဝေးမှ တစ်ယောက်က သူတို့ဦးနှောက်အတွင်း စိုက်ဝင်နေသည့် အပ်ကို နှုတ်ယူသွားကြောင်း ခံစားမိလိုက်သည်။

“ ကျန်းမန် …. တစ်ယောက်ယောက်က ငါတို့ခန္ဓာကိုယ်ထဲက အပ်ကို ဖယ်ပေးလိုက်ပြီ ” ရှီလီက သူ ပြောနေသည့်အရာကိုပင် မယုံကြည်နိုင်ပေ။ သို့သော် သူ့အာရုံများက သူ့အား တလွဲပြမည် မဟုတ်ပေ။

***

All Chapters