← Chapters

ကျန်းရီ၏ ယုံကြည်မှု

Vol. 81 Ch. 1129

ကျန်းရီ၏ ယုံကြည်မှု

Vol. 81 Ch. 1129

ဟုတ်၏။ ဆန်းကြယ်နတ်ဘုရားနန်းတော်က အဝေးသို့ ပျံသန်းမသွားဘဲ ကျန်မျိုးနွယ်ဝင်များထံသို့ ပျံဝင်သွားသည်။

ထို့ပြင် ဆန်းကြယ်နတ်ဘုရားနန်းတော်၏ အမြန်နှုန်းက ယဉ်ဧကရာဇ်ကို ရင်တုန်သွားစေခဲ့သည်။ သူသည် ၎င်းအမြန်နှုန်းကို မြင်လိုက်၍လည်း ပြန်ဆုတ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

“အာ...”

အားလုံး မှင်တက်သွားကြသည်။ သူတို့သည် ဆန်းကြယ်နတ်ဘုရားနန်းတော်၏ ရုတ်တရက်လှုပ်ရှားလာမှုနှင့် အမြန်နှုန်းကြောင့် အံ့အားသင့်နေသည်။

“ရှောင်ကြ...”

မြောက်ဘက်ဧကရာဇ်၊ တိုက်ပွဲဧကရာဇ်၊ မိစ္ဆာဧကရာဇ်နှင့် သားရဲဧကရာဇ်တို့က တစ်ချိန်တည်း အော်ပြောလိုက်ကြသည်။ သူတို့သည်လည်း တိုက်ခိုက်မှုများကို ချက်ချင်းရပ်၍ နောက်သို့ လျင်မြန်စွာ ပြန်ဆုတ်လိုက်ကြသည်။

ဧကရာဇ်များက လျင်မြန်စွာ အော်ပြောခဲ့သလို သူတို့လက်အောက်မှ နတ်ဘုရားတစ်ပိုင်းများကလည်း အလွန်လျင်မြန်စွာ တုံ့ပြန်လိုက်ကြသည်။ သို့သော် ဆန်းကြယ်နတ်ဘုရားနန်းတော်၏ အမြန်နှုန်းက ကြယ်ရှစ်ပွင့်အဆင့် သိုင်းပညာရှင်တစ်ယောက်၏ အမြန်နှုန်းကဲ့သို့ မယုံနိုင်လောက်အောင် လျင်မြန်နေသည်။ ထို့ပြင် သူတို့ကြားမှ အကွာအဝေးက နီးကပ်ပြီး ဆန်းကြယ်နတ်ဘုရားနန်းတော်ကလည်း ပေတစ်ထောင်အချင်းရှိရာ သူတို့အားလုံးသည် မည်သို့ ရှောင်နိုင်ပါမည်နည်း။

ဆန်းကြယ်နတ်ဘုရားနန်းတော်သည် တမလွန်ဘုံမှ ဧရာမတောင်ကြီးတစ်လုံးအလား ပျံဆင်းလာသည်။ ထိုအရွယ်အစား၊ ထိုအရှိန်နှင့်ဆိုလျှင် သက်ရောက်မှုအဟုန်က မည်မျှကြီးမည်နည်း။ လူအားလုံးသည် ထိုမေးခွန်း၏ အဖြေကို ရုတ်ခြည်းပင် သိလိုက်ရသည်။

ဝုန်း...ဝုန်း...ဝုန်း...

အရှေ့ဆုံးရှိ ကျန်မျိုးနွယ်မှ နတ်ဘုရားတစ်ပိုင်း ပညာရှင်ဆယ်ယောက်နှင့် ရှီးမျိုးနွယ်၊ ထူမျိုးနွယ်နှင့် ဝူမျိုးနွယ်တို့မှ နတ်ဘုရားတစ်ပိုင်းအချို့တို့သည် ဆန်းကြယ်နတ်ဘုရားနန်းတော်၏ ဝင်တိုက်မှုကို ခံလိုက်ကြရ၏။ နတ်ဘုရားတစ်ပိုင်း ပညာရှင်ဆယ်ယောက်၏ နတ်ဘုရားဒိုင်းများက ရုတ်ခြည်း ပျက်စီးသွားကြ၏။ သူတို့သည်လည်း ဂုံနီအိတ်များအလား အရပ်မျက်နှာအနှံ့သို့ လွင့်ပျံ ထွက်သွားပြီး ပေတစ်သောင်းကျော်အကွာရှိ လွင်ပြင်နှင့် သွားဆောင့်ကြသည်။

ဝှစ်...ဝှစ်...ဝှစ်...

မရေမတွက်နိုင်သော လေခွင်းသံများကို ကြားလိုက်ရသည်။ ပတ်ဝန်းကျင်တစ်ခွင်လုံးလည်း ရှုပ်ထွေးလာသည်။ လေထဲတွင် ရပ်နေကြသော လူတစ်သန်းနီးပါးက ဆန်းကြယ်နတ်ဘုရားနန်းတော် ထိမှန်ခံရမည်ရမည်ကို ကြောက်၍ လျင်မြန်စွာ ထွက်ပြေးကြသည်။ နတ်ဘုရားတစ်ပိုင်းများ၏ နတ်ဘုရားဒိုင်းများပင် ပျက်စီးသွားရာ သက်ရောက်မှုအဟုန်က မည်မျှ စွမ်းအားကြီးသနည်း။ တွေးကြည့်ရန်ပင် ခက်ပေသည်။

ဝှစ်...

ဆန်းကြယ်နတ်ဘုရားနန်းတော်က လေထဲတွင် ခေတ္တမျှ ရပ်တန့်သွားပြီး ပုံရိမ်တစ်ခုအဖြစ် ထပ်မံပြောင်းလဲကာ အရှေ့သို့ ဆက်ပျံသန်းသွားသည်။ ၎င်း၏အလျင်က အလင်းအလျင်နီးပါး မြန်သည်။ ၎င်းသည် လွင်ပြင်ပေါ်သို့ ပြုတ်ကျသွားသော နတ်ဘုရားတစ်ပိုင်း ပညာရှင်ဆယ်ယောက်ထံသို့ ဦးတည်ပျံသန်းနေခြင်းပင်။

ဝုန်း...ဝုန်း...ဝုန်း...

ဆန်းကြယ်နတ်ဘုရားနန်းတော်၏ အရှိန်က အလွန်လျင်မြန်သဖြင့် လူများစွာသည် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ပေ။ ၎င်းသည် လွင်ပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားပြီး ထိုနေရာရှိ နတ်ဘုရားတစ်ပိုင်းများကို ဖိခြေပစ်လိုက်သည်။ ပတ်ဝန်းကျင်မြေပြင်သည်လည်း အက်ကွဲသွားပြီး ဖုန်မှုန့်များ တထောင်းထောင်းထသွားသည်။ ထိုဖုန်မှုန့်များက ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ဖုံးလွှမ်းသွားလေသည်။

ဝှစ်...

ဆန်းကြယ်နတ်ဘုရားနန်းတော်က ထပ်မံ လှုပ်ရှားလိုက်ပြီး လေထဲသို့ တိုက်ရိုက် ပျံတက်သွားသည်။ ထို့နောက် ၎င်းသည် ကြောက်မက်ဖွယ် အရှိန်ဖြင့် အောက်ဘက်သို့ ထပ်ခါ ထပ်ခါ  ဖိချနေသည်။ ထိုနေရာရှိ လူအားလုံး မှင်တက်နေကြလေသည်။ အားလုံး၏ မျက်လုံးများသည် ဆန်းကြယ်နတ်ဘုရားနန်းတော်၏ အထက်အောက် လှုပ်ရှားမှုကို လိုက်ကြည့်နေကြသည်။ သူတို့၏ခေါင်းများကလည်း ငုံ့လိုက်၊ မော့လိုက်ဖြစ်နေသည်။ ထိုအခိုက်တွင် လူအားလုံးက ခေါင်းညိတ်နေသကဲ့သို့ပင်။

ဝုန်း...ဝုန်း...ဝုန်း...

ဆန်းကြယ်နတ်ဘုရားနန်းတော်က အထက်အောက် တည့်မတ်စွာ လှုပ်ရှားနေသည်။ ၎င်း၏အရှိန်က အလွန်လျင်မြန်ပြီး ၎င်း၏သက်ရောက်မှုက ကြောက်မက်ဖွယ်ကောင်းသည်။ သို့ဖြင့် မြေပြင်တွင် အလွန်နက်ရှိုင်းသော ဧရာမချောက်နက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ချောက်က ပေတစ်သိန်းနီးပါး နက်ပုံပေါ်သည်။ ချောက်အတွင်းနံရံများကလည်း ဓားဖြင့်လှီးထားသကဲ့သို့ ချောမွတ်နေသည်။

“အာ...”

လူများစွာသည် ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍ ချောက်နက်အတွင်းသို့ အာရုံခံလိုက်ကြ၏။ ထို့နောက် သူတို့အားလုံး ကြောက်ရွံ့တုန်လှုပ်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် နတ်ဘုရားတစ်ပိုင်း ပညာရှင်ဆယ်ယောက်က ချောက်အောက်ခြေတွင် အသားပြားများကဲ့သို့ ပြားကပ်နေ၍ပင်။ သူတို့က မရှုမလှ သေဆုံးသွားပေပြီ။

“အဲ့ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

လူများစွာ၏ အတွေးထဲတွင် တူညီသောမေးခွန်းတစ်ခု ထွက်ပေါ်လာသည်။ နတ်ဘုရားတစ်ပိုင်းများက ထိုသို့ အလွယ်တကူ အသတ်ခံလိုက်ရလျှင် နတ်ဘုရားတစ်ပိုင်းဟုပင် သတ်မှတ်ခံရနိုင်ပါဦးမည်လော။ ဆန်းကြယ်နတ်ဘုရားနန်းတော်၏ အရှိန်က မည်မျှပင် မြန်ပါစေ၊ သက်ရောက်မှုက မည်မျှပင် အားကြီးပါစေ အဘယ်သို့ နတ်ဘုရားတစ်ပိုင်းများ၏ နတ်ဘုရားဒိုင်းများက ထိုမျှအလွယ်တကူ ပျက်စီးသွားရသနည်း။ ထို့ပြင် ထိုနတ်ဘုရားတစ်ပိုင်း ပညာရှင်ဆယ်ယောက်သည် ဖိခြေခံနေရစဉ်တွင် လှုပ်ပင်မလှုပ်ခဲ့ချေ။ သူတို့သည် အသိစိတ်မရှိတော့သူများကဲ့သို့ မြေပြင်ပေါ်တွင် လှဲကာ သေခြင်းတရားကို စောင့်နေခဲ့သကဲ့သို့ပင်။

“အားလုံး လူစုခွဲကြ။ ဆန်းကြယ်နတ်ဘုရားနန်းတော်ရဲ့ အကန့်အသတ်အစီအရင်တွေက နတ်ဘုရားဒိုင်းတွေကို ဖျက်ဆီးပစ်နိုင်တယ်”

တိုက်ပွဲဧကရာဇ်သည် မြောက်ဘက်ဧကရာဇ်နှင့် အကြည့်ချင်းဖလှယ်ပြီးနောက် ကျယ်လောင်စွာ အော်ပြောလိုက်၏။ နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်၏ နတ်ဘုရားဒိုင်းက ထိုမျှ အားမနည်းပေ။ တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ ဆန်းကြယ်နတ်ဘုရားနန်းတော်၏ အကန့်အသတ်အစီအရင်များက နတ်ဘုရားဒိုင်းများကို ရုတ်ခြည်း ဖျက်ဆီးပစ်နိုင်ခြင်းသာဖြစ်ရမည်။ ထို့ပြင် ၎င်းကျဆင်းလာသောအခါ ၎င်း၏အကန့်အသတ်အစီအရင်များမှ အရှိန်အဝါက နတ်ဘုရားတစ်ပိုင်းများကို ထွက်မပြေးနိုင်ရန် ဖိနှိပ်ထားသည်။ ထို့ကြောင့် သူတို့က သေခြင်းတရားကို စောင့်နေရန်သာ တတ်နိုင်ခဲ့ခြင်းဖြစ်သည်။

“ပြေးကြ...”

လူများစွာသည် ကြောက်ရွံ့လွန်းလှသဖြင့် တဆတ်ဆတ် တုန်ယင်နေကြသည်။ အထူးသဖြင့် ကျန်မျိုးနွယ်၊ ရှီးမျိုးနွယ်၊ ဝူမျိုးနွယ်နှင့် ထူမျိုးနွယ်တို့မှ သိုင်းသမားများက ချက်ချင်းပင် ကြောက်ရွံ့တကြီးဖြင့် အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးကြသည်။

ရွှီး...ရွှီး...

ဆန်းကြယ်နတ်ဘုရားနန်းတော်က ခေတ္တမျှ တောက်ပသွားပြီး ကောင်းကင်ထက်သို့ တောင်ကြီးတစ်လုံးအလား ပျံတက်သွားသည်။ ၎င်းသည် ကျန်မျိုးနွယ်မှ နတ်ဘုရားတစ်ပိုင်းအချို့နှင့် တပ်သားရာကျော်ဆီသို့ လျင်မြန်စွာ ဦးတည်ပျံသန်းသွားသည်။ ကျန်းရီသည် အခြားမျိုးနွယ်များမှ သိုင်းပညာရှင်များကို မခွဲခြားနိုင်၍ ခွဲခြားရန် အလွယ်ကူဆုံးဖြစ်သော ချပ်ဝတ်အဖြူရောင် ဝတ်ဆင်ထားသည့် ကျန်မျိုးနွယ်ဝင်များကိုသာ ပစ်မှတ်ထားလိုက်ခြင်းဖြစ်သည်။ ထို့ပြင် ထိုနေရာရှိ ကျန်မျိုးနွယ်တပ်သားများက သောင်းချီနေသည်။ မည်သည့်နေရာကိုကြည့်ကြည့် ကျန်မျိုးနွယ်ဝင်များကို တွေ့နေရသည်။

ဝုန်း...ဝုန်း...ဝုန်း...

ကျန်းရီ၏ ပစ်မှတ်ထားခြင်းကို ခံနေရသော ကျန်မျိုးနွယ်မှ နတ်ဘုရားတစ်ပိုင်းအချို့နှင့် တပ်သားရာကျော်တို့ ဒုက္ခအကြီးအကျယ်ရောက်နေသည်။ သူတို့က ဆန်းကြယ်နတ်ဘုရားနန်းတော်၏အရှိန်ထက် ပိုမြန်အောင် ပျံသန်းနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် တဒင်္ဂအတွင်းမှာပင် ဆန်းကြယ်နတ်ဘုရားနန်းတော်က သူတို့ကို ဝင်တိုက်သွားလေသည်။ ဤတစ်ကြိမ်က ယခင်အကြိမ်နှင့် ကွဲပြားသည်။ ကောင်းကင်ဧကရာဇ်အဆင့် တပ်သားများ၏ နတ်ဘုရားဒိုင်းများက ရုတ်ခြည်း ပျက်စီးသွားသည်။ ထို့နောက် သူတို့၏ခန္ဓာကိုယ်ရှိ အရိုးများက အပိုင်းပိုင်းကျိုးသွားပြီး သူတို့၏ဦးနှောက်အပိုင်းအစများကလည်း ခေါင်းထဲမှ ပန်းထွက်သွားကြသည်။ သူတို့က စက္ကန့်ပိုင်းအတွင်းမှာပင် သေဆုံးသွားကြပြီး အောက်ဘက်သို့ ဖြည်းဖြည်းချင်း ပြုတ်ကျသွားသည်။

နတ်ဘုရားတစ်ပိုင်း လေး၊ ငါးယောက်က များစွာမထိခိုက်ခဲ့ပေ။ သို့သော် သူတို့၏ နတ်ဘုရားဒိုင်းများက ပျက်စီးသွားခဲ့သည်။ သူတို့သည် ပျံပြေးနေရင်းဖြင့် သွေးများအန်နေကြသည်။ ထိုအခိုက်တွင် သူတို့သည် အစောမှ နတ်ဘုရားတစ်ပိုင်း ပညာရှင်ဆယ်ယောက်က အဘယ်ကြောင့် ထွက်မပြေးခဲ့ဘဲ သေခြင်းတရားကိုသာ စောင့်နေခဲ့ကြောင်း သဘောပေါက်သွားကြသည်။  ဆန်းကြယ်နတ်ဘုရားနန်းတော်က သူတို့ကို ဝင်တိုက်လိုက်သောအခါ သူတို့ကိုယ်တွင်းသို့ ဆန်းကြယ်သော စွမ်းအင်တစ်ခု ဝင်သွားသည်။ သူတို့၏ အတွင်းအားက လုံးဝရှုပ်ထွေးသွားပြီး သူတို့ အတွင်းအားအနည်းငယ်ကိုပင် မထုတ်နိုင်တော့ချေ။ အတွင်းအားကို ပြန်တည်ငြိမ်သွားအောင် လုပ်လိုက်နိုင်သည့် အခိုက်တွင်မူ ဆန်းကြယ်နတ်ဘုရားနန်းတော်က ကောင်းကင်ထက်မှ ကျဆင်းလာပြီဖြစ်သည်။ ထို့ကြောင့် သူတို့၏ မြင်ကွင်းက ရုတ်တရက် မည်းမှောင်သွားသည်။ ထို့နောက်တွင်မူ ထာဝရ မည်းမှောင်သွားလေတော့သည်။

“ဒီကိစ္စက ကျွန်တော်နဲ့ တိုက်ပွဲဧကရာဇ်၊ မြောက်ဘက်ဧကရာဇ်၊ မိစ္ဆာဧကရာဇ်၊ သားရဲဧကရာဇ်တို့ကြားက ကိစ္စပဲ။ မသေချင်တဲ့သူတွေ ဦးတည်ချက်မရှိ လျှောက်ပျံမနေနဲ့။ ကိုယ့်နေရာမှာပဲ ရပ်နေကြ”

ဆန်းကြယ်နတ်ဘုရားနန်းတော်မှနေ၍ အသံတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံက အရပ်မျက်နှာအနှံ့သို့ ပျံ့လွင့်သွားသည်။ မျိုးနွယ်ကြီး၊ မျိုးနွယ်ငယ်များမှ ကြောက်ရွံ့စွာဖြင့် ဦးတည်ချက်မရှိ လှည့်ပတ်ပျံသန်းနေသော သိုင်းသမားများသည် သူတို့ကိုယ်သူတို့ စိတ်ငြိမ်သွားအောင် လုပ်လိုက်ပြီး အောက်ဘက်သို့ ပျံဆင်းသွားကာ မြေပြင်ပေါ်တွင် မလှုပ်မယှက် ရပ်နေလိုက်ကြသည်။

ထို့နောက်တွင် ထိုသိုင်းသမားများသည် ကောင်းကင်ထက်တွင် အဆက်မပြတ် ပျံသန်း၍ ကျန်မျိုးနွယ်မှ သိုင်းသမားများကို တိုက်ခိုက်နေသော ဧရာမနန်းတော်ကြီးကို တုန်လှုပ်စွာဖြင့် မော့ကြည့်လိုက်ကြသည်။ အလောင်းများက ကောင်းကင်ထက်မှနေ၍ အဆက်မပြတ် ကျဆင်းလာနေပြီး မြောက်ဘက်ဧကရာဇ်၊ တိုက်ပွဲဧကရာဇ်၊ မိစ္ဆာဧကရာဇ်နှင့် သားရဲဧကရာဇ်တို့က မည်သို့လုပ်ရမည်မသိ ဖြစ်နေပုံပေါ်သည်။

ဧကရာဇ်လေးပါးက အမှန်ပင် စိတ်ရှုပ်ထွေးနေပြီး မည်သို့လုပ်ရမည်မသိ ဖြစ်နေကြသည်။ အောက်ဘက်မှ လူများမဆိုထားနှင့် သူတို့ဧကရာဇ်များသည်ပင် ထိုကဲ့သို့ ထူးဆန်းသော၊ သိက္ခာမရှိသော တိုက်ခိုက်မှုမျိုးကို မမြင်ဖူးကြပေ။

ထိုအခိုက်တွင် ဧကရာဇ်များသည် အဘယ်ကြောင့် ကျန်းရီက အလွန်ခေါင်းမာနေခဲ့ကြောင်း၊ အဘယ်ကြောင့် ယုံကြည်မှုရှိနေခဲ့ကြောင်း၊ အဘယ်ကြောင့် မကြောက်မရွံ့၊ မဆင်မခြင် ပြုမူနေခဲ့ကြောင်း သိရှိသွားကြသည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲတွင် သိုလှောင်ထားသော စွမ်းအင်ပမာဏက အလွန်များပေသည်။ မျိုးနွယ်လေးခုစလုံးမှ နတ်ဘုရားတစ်ပိုင်းများအားလုံး ပေါင်းတိုက်လျှင်ပင် ဆန်းကြယ်နတ်ဘုရားနန်းတော်၏ အကန့်အသတ်အစီအရင်များကို အချိန်တိုအတွင်း ဖျက်ဆီးပစ်နိုင်မည် မဟုတ်ပေ။

ဆန်းကြယ်နတ်ဘုရားနန်းတော်၏ အကန့်အသတ်အစီအရင်များက နတ်ဘုရားတစ်ပိုင်းများ၏ နတ်ဘုရားဒိုင်းများကို ဖျက်ဆီးပစ်နိုင်သည်။ ထို့ပြင် နတ်ဘုရားနန်းတော်၏ အမြန်နှုန်းက ကြယ်ရှစ်ပွင့်အဆင့် သိုင်းပညာရှင်တစ်ယောက်၏ အမြန်နှုန်းနှင့်ပင် ယှဉ်နိုင်သည်။ ဧကရာဇ်အချို့သာ ၎င်း၏အမြန်နှုန်းကို မီနိုင်သည်။ သို့သော် ထိုအချို့က ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ဖျက်ဆီးနိုင်ပါမည်လော။ ဖျက်ဆီးနိုင်မည်ဆိုလျှင်လည်း အချိန်မည်မျှ ယူရမည်နည်း။ ထို့ပြင် ကျန်းရီက ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ထိန်းချုပ်၍ ဦးတည်ချက်မရှိ ပျံသန်းစေနေသ၍ သူတို့က ၎င်းအနောက်သို့ ခွေးများကဲ့သို့ လိုက်နေရမည်ဖြစ်သည်။

အကယ်၍ ကျန်းရီက ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ထိန်းချုပ်၍ အပြစ်သားကျွန်းသို့ ပြန်သွားလျှင်ပင် ဧကရာဇ်အချို့သည် လက်မှိုင်ချ၍သာ ကြည့်နေရမည်ဖြစ်သည်။ ထို့ပြင် အကယ်၍ ကျန်းရီက ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ဆန်းကြယ်ဧကရာဇ်မြို့ထဲသို့ သို့မဟုတ် မြောက်ဘက်ဧကရာဇ်မြို့ထဲသို့ ပျံသန်းသွားစေလျှင် အခြေအနေက ပို၍ပင် ဆိုးဝါးသွားပေလိမ့်မည်။ သူတို့သည် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ဖျက်ဆီးရန် အတွက်နှင့် တစ်မြို့လုံးကို အပျက်စီးမခံနိုင်ပေ။

‘ဆန်းကြယ်ဧကရာဇ်မြို့...’

တိုက်ပွဲဧကရာဇ်သည် တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွား၍ အော်ပြောလိုက်သည်။

“အားလုံး ဆန်းကြယ်ဧကရာဇ်မြို့ထဲကို ပြန်ဆုတ်ကြ။ မြို့ထဲကလူတွေကိုလည်း မဟာဧကရာဇ်အစီအရင်ကို နှိုးခိုင်းလိုက်”

နာရီဝက်အတွင်းမှာပင် ကျန်မျိုးနွယ်မှ ကောင်းကင်ဧကရာဇ်အဆင့် သိုင်းသမား ထောင်ဂဏန်းအနည်းငယ် အသတ်ခံလိုက်ရပြီဖြစ်သည်။ အကယ်၍ ကျန်မျိုးနွယ်မှ လူများသာ ဦးတည်ချက်မရှိ ဆက်ပျံသန်းနေပါက အကုန်လုံး ကျန်းရီ၏ သတ်ဖြတ်မှုကို ခံလိုက်ရပေလိမ့်မည်။ မဟာဧကရာဇ်အစီအရင်မှာ လွန်ခဲ့သော နှစ်ပေါင်းများစွာက ဆန်းကြယ်ဧကရာဇ် ချန်ထားခဲ့သော အစီအရင်တစ်ခုဖြစ်ပြီး အလွန်စွမ်းအားကြီးသည်။ ထို့ပြင် ဆန်းကြယ်ဧကရာဇ်မြို့မှာ ဆန်းကြယ်ဧကရာဇ် နေထိုင်ခဲ့သောမြို့ဖြစ်သည်။ ကျန်းရီက ဆန်းကြယ်ဧကရာဇ်၏မြို့ကို မတိုက်ခိုက်လောက်သည် မဟုတ်လော။

“မင်းတို့လည်း ဆန်းကြယ်ဧကရာဇ်မြို့ထဲကို ဝင်သင့်တယ်”

မိစ္ဆာဧကရာဇ်၊ မြောက်ဘက်ဧကရာဇ်နှင့် သားရဲဧကရာဇ်တို့ကလည်း သူတို့လက်အောက်မှ နတ်ဘုရားတစ်ပိုင်းများကို ဆန်းကြယ်ဧကရာဇ်မြို့ထဲသို့ ဝင်ရန် အသံပို့လွှတ်လိုက်ကြသည်။ သူတို့ မြို့ပြင်တွင် ဆက်နေပါက ကျန်းရီ၏ သတ်ဖြတ်မှုကို ခံရပေလိမ့်မည်။

“ဒါက...”

ယဉ်ဧကရာဇ်၊ ရွှမ်ဧကရာဇ်၊ ဓားဧကရာဇ်၊ အသံလှိုင်းဧကရာဇ်နှင့် သူတို့၏ လက်အောက်ငယ်သားများက တစ်စုတစ်ဝေးထဲ ရပ်နေကြသည်။ သူတို့သည် လေထဲတွင် လှည့်ပတ်ပျံသန်းနေသော ဆန်းကြယ်နတ်ဘုရားနန်းတော်နှင့် အောက်ဘက်သို့ အဆက်မပြတ် ပြုတ်ကျနေသော အလောင်းများကို ကြည့်ကာ ဆွံ့အနေကြသည်။ ထို့နောက် သူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထိုအခိုက်တွင် ယဉ်ဧကရာဇ်နှင့် ဓားဧကရာဇ်တို့က တူညီသော အတွေးတစ်ခုကို တွေးမိနေသည်။ ကျန်းရီနှင့် မိတ်ဆွေဖြစ်ရခြင်းက ရန်သူဖြစ်ရခြင်းထက် ပိုကောင်းပေသည်။

***

All Chapters