← Chapters

တိုက်ခိုက်လိုသလော၊ ငြိမ်းချမ်းရေးယူလိုသလော

Vol. 81 Ch. 1130

တိုက်ခိုက်လိုသလော၊ ငြိမ်းချမ်းရေးယူလိုသလော

Vol. 81 Ch. 1130

ကျန်းရီတွင် အမှန်ပင် ယုံကြည်မှုရှိသည်။ သူ၏ ယုံကြည်မှုမှာ ဆန်းကြယ်နတ်ဘုရားနန်း‌တော်ပင်။

တိုက်ပွဲဧကရာဇ်နှင့် မြောက်ဘက်ဧကရာဇ်တို့၏ ခန့်မှန်းချက်က မှန်ခဲ့သည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်တွင် စွမ်းအင်များစွာ ရှိပေသည်။ သိုင်းပညာရှင်များစွာ၏ အချီချီ တိုက်ခိုက်ခြင်းကို ခံရပြီးနောက်တွင်ပင် ဆန်းကြယ်နတ်ဘုရားနန်းတော်၏ စွမ်းအင်က တစ်ထောင်ပုံတစ်ပုံသာ ကျဆင်းသွားကြောင်း ကျန်းရီသိခဲ့ရသည်။ သူတို့ အဆက်မပြတ် ဆက်၍တိုက်ခိုက်နေမည်ဆိုလျှင် ဆန်းကြယ်နတ်ဘုရားနန်းတော် ပျက်စီးသွားရန် လအနည်းငယ် လိုပေလိမ့်မည်။

ထို့ပြင် ကျန်းရီကို ပို၍ ယုံကြည်မှုရှိလာစေသည်မှာ ဆန်းကြယ်နတ်ဘုရားနန်းတော်၏ အကန့်အသတ်အစီအရင်များပင်။ ၎င်းတို့က အလွန်စွမ်းအားကြီးသည်။ တစ်စုံတစ်ယောက် အကန့်အသတ်အစီအရင်များကို ထိမိသည်နှင့် အကန့်အသတ်အစီအရင်များက အလိုလို တန်ပြန်တိုက်ခိုက်မည်ဖြစ်သည်။ ထိုတန်ပြန်တိုက်ခိုက်မှုက မည်မျှ စွမ်းအားကြီးသနည်း။

နတ်ဘုရားတစ်ပိုင်းများစွာ၏ နတ်ဘုရားဒိုင်းများပင် ရုတ်ခြည်း ပျက်စီးသွားရာ တန်ပြန်တိုက်ခိုက်မှုက မည်မျှ စွမ်းအားကြီးကြောင်းကို သိနိုင်ပေသည်။ ထို့ပြင် တန်ပြန်တိုက်ခိုက်မှုက သာမန်နတ်ဘုရားတစ်ပိုင်းများကို အလွယ်တကူ သတ်ပစ်နိုင်လောက်သည်။

ကျန်းရီကလည်း အစွမ်းကုန် ထုတ်သုံးခဲ့သည်။ တိုက်ပွဲဧကရာဇ်၊ မြောက်ဘက်ဧကရာဇ်၊ မိစ္ဆာဧကရာဇ်နှင့် သားရဲဧကရာဇ်တို့က လက်မလျှော့လိုလျှင်ပင် လက်လျှော့သွားရအောင် သူ လုပ်မည်ဖြစ်သည်။ သို့သော် သူသည် ထိုဧကရာဇ်လေးပါးကိုတော့ တိုက်ရိုက် မတိုက်ခိုက်ဝံ့ဘဲ အတတ်နိုင်ဆုံး ရှောင်ခဲ့သည်။ သူတို့က မည်သို့သော စွမ်းအားကြီးစွမ်းရည်မျိုးကို ပိုင်ဆိုင်ထားကြောင်း မည်သူ သိနိုင်သနည်း။

ကျန်းရီသည် ဧကရာဇ်ကိုးပါးမျိုးနွယ်စုနှင့် ငြိမ်းချမ်ရေးယူရန် အကောင်းဆုံးကြိုးစားမည်ဟု ဆန်းကြယ်ဧကရာဇ်ကို ကတိပေးခဲ့သည်။ ထို့ကြောင့် သူသည် ကျန့်ဝူယင်းကို လွှတ်ပေးကာ ပြီးခဲ့သည်များကို သင်ပုန်းချေ၍ ကျန့်မျိုးနွယ်နှင့် ငြိမ်းချမ်းရေးယူခဲ့ခြင်းပင်။ ထို့အပြင် ဧကရာဇ်ကိုးပါးမျိုးနွယ်စုကိုလည်း သူနှင့် ရန်သူမဖြစ်ရန် အကြိမ်များစွာ သတိပေးခဲ့သည်။ သို့သော် သူတို့က နားမထောင်ခဲ့ပေ။

ကျန်းရီက ကြင်နာသနားတတ်သူ၊ တုံ့ဆိုင်းတတ်သူတစ်ယောက် မဟုတ်ပေ။ ဆန်းကြယ်ဧကရာဇ်ကလည်း သူ့အား မည်သူ့ကိုမှ မသတ်ရဟု မပြောခဲ့။ ထို့ကြောင့် သူသည် သူတို့ အရှုံးပေးသည်အထိ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ဧကရာဇ်ကိုးပါးမျိုးနွယ်စုက အမှန်ပင် အင်အားကြီးသည်။ ကျန်းရီသာ ဤတစ်ကြိမ်တွင် သူတို့ကို လက်လျှော့သွားအောင် မလုပ်နိုင်ပါက နောင်တွင် သူတို့က သူ့ကိုသတ်ရန် သေချာပေါက် နည်းလမ်းရှာကြပေလိမ့်မည်။ ထို့ပြင် သူတို့သည် တပ်သားများစုစည်း၍ အပြစ်သားကျွန်းကို တိုက်ခိုက်ကာ စစ်ပွဲကြီးတစ်ပွဲကို စနိုင်သည်။ ကျန်းရီသည် အစောတွင် မရက်စက်မိရန် ကြိုးစားထိန်းချုပ်နေခဲ့သော်လည်း ယခုတွင်မူ မည်သည့်ရက်စက်မှုမျိုးကိုမဆိုသုံးရန် အသင့်ဖြစ်နေပေပြီ။

ဝုန်း...ဝုန်း...ဝုန်း...

ဆန်းကြယ်နတ်ဘုရားတောင်နှင့် ဆန်းကြယ်ဧကရာဇ်မြို့က ကီလိုမီတာငါးဆယ်သာ ကွာဝေးသည်။ သို့သော် ထိုလမ်းခရီးက တမလွန်ဘုံသို့ သွားရာလမ်းကဲ့သို့ပင်။ လမ်းတစ်လျှောက်တွင် လူများစွာ သေဆုံးခဲ့သည်။ သေဆုံးသူများထဲတွင် ကျန်မျိုးနွယ်မှ သိုင်းသမားများက အများဆုံးဖြစ်သည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်၏ အမြန်နှုန်းကလည်း အလွန်လျင်မြန်သည်။ ၎င်း ဝင်တိုက်လိုက်တိုင်း လူရာနှင့်ချီ၍ သေကြေသွားကြသည်။

ဤတစ်ခေါက်တွင် ကျန်မျိုးနွယ်က နတ်ဘုရားတစ်ပိုင်း ပညာရှင် ဒါဇင်အနည်းငယ်ကို စေလွှတ်ခဲ့သည်။ ဆန်းကြယ်ဧကရာဇ်မြို့ထဲရှိ အခြားမျိုးနွယ်များမှ နတ်ဘုရားတစ်ပိုင်းများကလည်း ပူးပေါင်းခဲ့သည်။ ထို့ကြောင့် နတ်ဘုရားတစ်ပိုင်း အရေအတွက်က အနည်းဆုံး တစ်ရာရှိသည်။ သို့သော် သူတို့ထဲက တစ်ဝက်မရှိတရှိသာ ပြန်လာနိုင်ခဲ့သည်။ သောင်းချီသော ကောင်းကင်ဧကရာဇ်အဆင့် တပ်သားများကလည်း ငါးထောင်မပြည့်တပြည့်သာ ကျန်တော့သည်။

တိုက်ပွဲဧကရာဇ်သည် ကျန်းရီက ဆန်းကြယ်ဧကရာဇ်မြို့ကို တိုက်ခိုက်မည်စိုး၍ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို အကြိမ်အနည်းငယ် တိုက်ခိုက်လိုက်သည်။ သို့သော် သူသည် ၎င်း၏ အကန့်အသတ်အစီအရင်များကို မဖျက်ဆီးနိုင်ပေ။ ထိုအစား သူ၏ တိုက်ခိုက်မှုများက သူ့လူများကိုသာ ထိခိုက်စေနေကြောင်း သူ သိလိုက်သည်။ မိစ္ဆာဧကရာဇ်၊ သားရဲဧကရာဇ်နှင့် မြောက်ဘက်ဧကရာဇ်တို့ကလည်း အကြိမ်အနည်းငယ် တိုက်ခိုက်လိုက်သည်။ သို့သော် သူတို့လည်း မအောင်မြင်ကြပေ။ သူတို့သည် မြို့ပြင်တွင် ဆက်နေလျှင် ကျန်းရီ၏ တိုက်ခိုက်မှုကို ခံရမည်ဖြစ်၍ တိုက်ပွဲဧကရာဇ်နောက်သို့ လိုက်ကာ ဆန်းကြယ်ဧကရာဇ်မြို့ထဲသို့ ဝင်သွားလိုက်ကြသည်။

ကောင်းကင်က လုံးဝ မှောင်သွားပေပြီ။ သို့သော် အခြား မျိုးနွယ်ကြီး၊ မျိုးနွယ်ငယ်များမှ သိန်းချီသောလူများက မြို့ထဲသို့ မဝင်ကြသေးပေ။ မည်သူကမှလည်း ကောင်းကင်ထက်သို့ ပျံမတက်ဝံ့ကြတော့ပေ။ ကျန်းရီက သူတို့ကို မတိုက်ခိုက်၍လည်း သူတို့ စိတ်အေးနေခြင်းဖြစ်သည်။ သူတို့သည် ဆန်းကြယ်ဧကရာဇ်မြို့နှင့် ဆယ်ကီလိုမီတာအကွာတွင် တိတ်တဆိတ် ရပ်နေကြသည်။ အခြေအနေက မည်သို့ ဆက်ဖြစ်လာမည်ကို သူတို့ မြင်လိုပေသည်။

ဓားဧကရာဇ်၊ ယဉ်ဧကရာဇ်၊ ရွှမ်ဧကရာဇ်၊ အသံလှိုင်းဧကရာဇ်နှင့် သူတို့၏ လက်အောက်ငယ်သားများသည်လည်း မြို့ထဲသို့ မဝင်လိုက်ကြပေ။ သူတို့သည် မြေပေါ်သို့ ဆင်းသက်လာကြပြီး ဆန်းကြယ်ဧကရာဇ်မြို့နှင့် ငါးကီလိုမီတာအကွာတွင် ရပ်ကာ မြို့က သက်တန့်ရောင်အလင်းများ တောက်ပနေသည်ကို ကြည့်နေကြသည်။ ထို့ပြင် သူတို့သည် လေထဲရှိ ဆန်းကြယ်နတ်ဘုရားနန်းတော်ကိုလည်း ကြည့်လိုက်ကြသည်။ နန်းတော်နံရံများက မည်းနက်နေပြီး အနက်ရောင်အလင်း ထုတ်လွှတ်နေသည်။

လူများစွာသည် ထိုနေရာတွင် ရပ်နေရသည်ကိုပင် စိတ်မသက်မသာ ဖြစ်လာကြသည်။ ကျန်းရီက အရူးတစ်ယောက်ပင်။ ယနေ့ သူ ပြုလုပ်ခဲ့သော ရူးသွပ်သည့်လုပ်ရပ်များက နှစ်ပေါင်းများစွာတိုင်အောင် သမိုင်းတွင်တော့မည်ဖြစ်သည်။ အကယ်၍ ကျန်းရီသာ အမှန်တကယ် ရူးသွပ်သွားပြီး မြင်မြင်ရာ စတင်သတ်ဖြတ်ပါက ထိုနေရာရှိ လူအားလုံး သေသွားပေလိမ့်မည်။ သို့သော် အခြေအနေက ထိန်းမနိုင်သိမ်းမရ ဖြစ်နေ၍ မည်သူကမှ ထွက်မသွားဝံ့ကြပေ။ သူတို့အားလုံးသည် မယုံနိုင်ဖွယ်အဖြစ်အပျက်များ ဖြစ်လာမည်ကို ကြည့်လိုနေကြသည်။

တိုက်ပွဲဧကရာဇ်၊ မြောက်ဘက်ဧကရာဇ်၊ သားရဲဧကရာဇ်နှင့် မိစ္ဆာဧကရာဇ်တို့က မြို့ရိုးပေါ်တွင် ရပ်နေကြသည်။ သူတို့အနောက်တွင် နတ်ဘုရားတစ်ပိုင်း ပညာရှင် အယောက်တစ်ရာကျော်က တန်းစီရပ်နေသည်။ မြို့ထဲရှိ နတ်ဘုရားတစ်ပိုင်းများ အားလုံးကလည်း ကျန်းရီက ဆန်းကြယ်ဧကရာဇ်မြို့၏ မဟာဧကရာဇ်အစီအရင်ကို တိုက်ခိုက်ပါက မြို့ထဲရှိ လူသန်းပေါင်းများစွာ၏ အသက်များကို ကာကွယ်နိုင်ရန် စုဝေးနေကြသည်။

အကယ်၍ ကျန်းရီက အမှန်တကယ် တိုက်ခိုက်လိုက်လျှင် နတ်ဘုရာတစ်ပိုင်းများသည် အချိန်အတော်ကြာ ခုခံထားနိုင်လောက်သည်။ ထိုအချိန်အတွင်း ကျန်မျိုးနွယ်ဝင်များနှင့် အရပ်သူအရပ်သားများကို တည်နေရာပြောင်းရွှေ့နိုင်သည်။

“ကျန်းရီ... ယုတ်မာတဲ့ အရူးကောင်၊ မင်း ဒီနေ့လုပ်ခဲ့တာတွေအတွက် ပြန်ပေးဆပ်ရလိမ့်မယ်”

တိုက်ပွဲဧကရာဇ်၏ မျက်နှာထားက တည်ငြိမ်နေသော်လည်း မျက်ဝန်းများထဲတွင်မူ မီးဟုန်းဟုန်းတောက်နေသည်။ သူက ကောင်းကင်ကြယ်တာရာနယ်နမိတ်မှ နံပါတ်(၁)မျိုးနွယ်၏ မျိုးနွယ်ခေါင်းဆောင်ဖြစ်ပြီး အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခွင်လုံးရှိ စွမ်းအားအကြီးဆုံးသိုင်းပညာရှင်များထဲမှ တစ်ယောက်ဖြစ်ရာ မာန်မာန ရှိပေသည်။ သို့သော် ယနေ့တွင် သူသည် အကြိမ်အနည်းငယ် အရှက်ခွဲခံခဲ့ရသည်။ သူ ထိုအဖြစ်ကို သည်းမခံနိုင်ပေ။ ထိုအခိုက်တွင် သူ ခံစားနေရသော ဒေါသကို တွေးကြည့်၍ပင် မရနိုင်ပေ။

“ဟင်းဟင်း...”

ကျန်းရီ၏ ရယ်သံက ဆန်းကြယ်နတ်ဘုရားနန်းတော် အပြင်ဘက်သို့ ရောက်လာသည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်အထက်ရှိ လေများနှင့် တိမ်များက စုဝေးသွားပြီး ဧရာမပုံရိပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုပုံရိပ်ကြီးက ပေသုံးရာ မြင့်ပေရာ နတ်ဘုရားတစ်ပါး၏ပုံရိပ်နှင့်ပင် တူနေသည်။ ကျန်းရီသည် နှစ်သိမ့်ဖွယ် အပြုံးတစ်ပွင့် ပြုံးလိုက်၏။ သို့သော် ထိုအပြုံးက ပြောင်းပြန်သက်ရောက်မှုရှိပြီး လူအားလုံးကို တုန်လှုပ်သွားစေသည်။  ထိုအပြုံက နတ်ဆိုးအစစ်တစ်ကောင်၏ အပြုံးကဲ့သို့ပင်။

ကျန်းရီ၏ ပုံရိပ်ကြီးက ဆန်းကြယ်နတ်ဘုရားနန်းတော်၏ အကန့်အသတ်အစီအရင်များကိုသုံး၍ ဖန်တီးထားခြင်းဖြစ်သော်လည်း အစစ်အမှန်နှင့် တူပေသည်။ ၎င်းက ပေသုံးရာကျော်မြင့်သည်မှလွဲ၍ လူအစစ်တစ်ယောက်နှင့် မည်သည့်ခြားနားချက်မှ မရှိချေ။ သူ၏မျက်နှာက ဓားတစ်လက်ကဲ့သို့ စူးရှနေပြီး သူ၏အနီရောင်ဆံပင်များက လေထဲတွင် ဝဲလွင့်နေသည်။ သူက အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ခန္ဓာကိုယ်က အတန်ငယ် နွမ်းနယ်နေပုံပေါ်သည်။ သူသည် အားနည်းသော စာသင်သားတစ်ယောက်ကဲ့သို့ပင်။

ကျန်းရီသည် တိုက်ပွဲဧကရာဇ်နှင့် အခြားဧကရာဇ်များကို ကြည့်လိုက်၏။ ထို့နောက် မြို့ရိုးပေါ်တွင် စီတန်းရပ်နေသော ကျန်မျိုးနွယ်မှ သိန်းချီသော တပ်သားများကို ဆက်ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူသည် တိုက်ပွဲဧကရာဇ်၏ မျက်နှာကို စိုက်ကြည့်ကာ ပြောလိုက်လေသည်။

“တိုက်ပွဲဧကရာဇ်... ကျွန်တော် ခင်ဗျားကို အခွင့်အရေး ပေးခဲ့တယ်ဆိုတာကို မြို့ပြင်မှာရှိတဲ့ လူသိန်းချီက သက်သေခံနိုင်တယ်။ ကျန်ထျန်းလဲ့က ကျွန်တော့်ကို သတ်ချင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်က သူ့ကို ခွင်လွှတ်ပေးပြီး ကျန်မျိုးနွယ်နဲ့ မိတ်ဆွေဖွဲ့ချင်ခဲ့တယ်။ ခင်ဗျားကတော့ ကျွန်တော့်ကို အထင်သေးခဲ့ပြီး ကျွန်တော့်လိုလူတစ်ယောက်နဲ့ မိတ်ဆွေမဖွဲ့ချင်ခဲ့ဘူး။ အဲ့တော့ ကျွန်တော့်မှာ ဘာများရွေးချယ်စရာရှိသေးလဲ။ ကျွန်တော်တို့က မိတ်ဆွေတွေ မဖြစ်နိုင်မှတော့ ရန်သူတွေပဲ ဖြစ်ရတော့မှာပေါ့။ ခင်ဗျားတို့ကလည်း ခင်ဗျားတို့ရဲ့ ရန်သူတွေကို မသက်ညှာဘူးမလား။ အဲ့တော့ တရားမျှတပါတယ်”

“ထွီ...”

တိုက်ပွဲဧကရာဇ်က မြေပေါ်သို့ တံတွေးထွေးချလိုက်ပြီး အေးစက်စက်ပြုံးကာ ပြောလိုက်သည်။

“မင်းက အပြစ်သားကျွန်းက သူလျှိုတစ်ယောက်ပဲ။ ပြီးတော့ မိစ္ဆာမျိုးနွယ်နဲ့လည်း ပတ်သတ်နေတယ်။ မင်းက လူသားမျိုးနွယ်ရဲ့ သစ္စာဖောက်ပဲ။ မင်းက ကျန်မျိုးနွယ်ရဲ့ မိတ်ဆွေဖြစ်ဖို့ မထိုက်တန်ဘူး။ အဓမ္မက ဓမ္မကို ဘယ်တော့မှ နိုင်မှာ မဟုတ်ဘူး။ လူသားမျိုးနွယ်က ဘယ်တော့မှ ကျွန်ခံမှာ မဟုတ်ဘူး။ မင်းလို လူသားမျိုးနွယ်ကို သစ္စာဖောက်တဲ့ကောင်ကို သတ်ပစ်ရမှာပဲ”

“ဟားဟားဟား”

ကျန်းရီက ကျယ်လောင်စွာ ရယ်လိုက်၏။ သူ၏အသံက ကောင်းကင်ကိုပင် တုန်ခါသွားစေသည်။ သူသည် အတော်ကြာအောင် ဟက်ဟက်ပက်ပက် ရယ်ပြီးမှ ပြောလိုက်သည်။

“တိုက်ပွဲဧကရာဇ်... ခင်ဗျားမှာ အရှက်မရှိဘူးလား။ ကိုယ်ပြောခဲ့တဲ့စကားတွေကို ကိုယ့်ဘာသာ မရှက်ဘူးလား။ ခင်ဗျားက ခင်ဗျားရဲ့ ဂုဏ်သိက္ခာကိုပဲ အရေးစိုက်တာ... ပြီးတော့ ခင်ဗျားက ဆန်းကြယ်နတ်ဘုရားနန်းတော်နဲ့ နန်းတော်ထဲက နတ်ဘုရားအသုံးအဆောင်နှစ်ခုကို လိုချင်နေတာ။ အဲ့ဒါကိုများ ဘာလို့ သူတော်ကောင်းကြီးလို ဟန်ဆောင်နေရသေးတာလဲ။ ခင်ဗျားတို့ ကျန်မျိုးနွယ်ကရော တစ်ခါမှ မကောင်းမှု မလုပ်ဖူးဘူးလား။ ကျွန်တော်က အပြစ်သားကျွန်းကို သွားခဲ့ပေမယ့်၊ အောင်းလုနဲ့ မိတ်ဆွေတွေဆိုပေမယ့် တစ်ခါမှ အရပ်သူအရပ်သားတွေကို မသတ်ခဲ့ဖူးဘူး။ တစ်ခါမှလည်း မဆင်မခြင် မသတ်ခဲ့ဖူးသလို မိစ္ဆာတွေကိုလည်း လူသားမျိုးနွယ်ကို သတ်နိုင်အောင် မကူညီပေးခဲ့ဖူးဘူး...”

“ဆန်းကြယ်ဧကရာဇ်က ဘယ်လိုလူစားမျိုးလဲ။ ကျွန်တော်က တကယ်ပဲ လူသားမျိုးနွယ်ကို သစ္စာဖောက်ခဲ့ရင် သူက ကျွန်တော့်ကို သူ့ရဲ့ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ပေးပါ့မလား။ သူက စမ်းသပ်ချက်တွေ အများကြီးကို စီစဉ်ခဲ့တာ။ ခင်ဗျား ကျန့်ဝူယင်းကို မေးကြည့်နိုင်တယ်၊ ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲကို ဝင်ခဲ့တဲ့ ဘယ်သူ့ကိုမဆို မေးကြည့်နိုင်တယ်.. ဆန်းကြယ်ဧကရာဇ်ရဲ့ စမ်းသပ်ချက်တွေက ဘာတွေလဲ ဆိုတာကို...၊ ပါရမီမပါရင်၊ မငယ်ရွယ်ရင်၊ ကိုယ်ကျင့်တရားမကောင်းရင်.. ဆန်းကြယ်ဧကရာဇ်ရဲ့ ဆက်ခံသူ ဖြစ်မလာနိုင်ဘူး။ ဘာလဲ... ခင်ဗျားက ဆန်းကြယ်ဧကရာဇ်ရဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်နေတာလား။ ဒါမှမဟုတ် ဆန်းကြယ်ဧကရာဇ်က မိစ္ဆာမျိုးနွယ်နဲ့ ပူးပေါင်းပြီး လူသားမျိုးနွယ်ကို ရှင်းပစ်ဖို့ ကြိုစားနေတယ်လို့ ပြောချင်တာလား”

“အာ...”

ကျန်းရီ၏ စကားများက မဟာဧကရာဇ်အစီအရင်ကို ဖြတ်ကာ ဆန်းကြယ်ဧကရာဇ်မြို့ တစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွားသည်။ သူ၏စကားများက အလွန်အကျိုးအကြောင်းညီပေသည်။

ဆန်းကြယ်ဧကရာဇ်က လူသားမျိုးနွယ်၏ ကာကွယ်သူဖြစ်သည်။ သူ၏ အင်အားနှင့် မြော်မြင်ဉာဏ်က ပြိုင်ဘက်ကင်းဖြစ်သည်။ သူက အနာဂတ်ကိုလည်း သိမြင်နိုင်သည်။ သူ ကျန်းရီကို ဆန်းကြယ်နတ်ဘုရားနန်းတော် ပေးခဲ့ခြင်းမှာ အကြောင်းတစ်ခုခုတော့ ရှိပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ ယခုတွင် ကျန်းရီက ဆန်းကြယ်ဧကရာဇ်၏ ဆက်ခံသူ ဖြစ်နေပြီဖြစ်သည်။

ဆန်းကြယ်ဧကရာဇ်ကိုယ်တိုင် အသိအမှတ်ပြုခဲ့သူတစ်ယောက်က ကိုယ်ကျင့်တရားမကောင်းသူတစ်ယောက် ဖြစ်နိုင်ပါမည်လော။

“တကယ်‌တော့ ကျွန်တော် ဒီစကားတွေကို ပြောမနေချင်ဘူး။ ခင်ဗျားတို့နဲ့ လိုက်လျောညီထွေ နေနိုင်မယ်ဆိုရင် ခင်ဗျားတို့နဲ့ ရန်သူမဖြစ်အောင် အကောင်းဆုံး ကြိုးစားပါမယ်လို့ ကျွန်တော် ဆန်းကြယ်ဧကရာဇ်ကို ကတိပေးခဲ့တယ်”

ကျန်းရီ၏ မျက်နှာထားက အလွန်လေးနက်လာသည်။ သူ၏ပုံရိပ်က ထုတ်လွှတ်နေသော အရှိန်အဝါက အကန့်အသတ်မဲ့ပေသည်။ ထို့နောက် သူ ဆက်ပြောလိုက်သည်။

“ကျွန်တော် ခင်ဗျားကို‌ နောက်ဆုံးတစ်ခေါက် မေးမယ်။ တိုက်ပွဲဧကရာဇ် ခင်ဗျား တိုက်ခိုက်ချင်လား၊ ငြိမ်းချမ်းရေးယူချင်လား။ ခင်ဗျား တိုက်ခိုက်ချင်တယ်ဆိုရင်တော့ ငါးမိနစ်အတွင်း ကျွန်တော် တိုက်ပွဲဧကရာဇ်ရဲတိုက်ဝန်းကို ဖျက်ဆီးပစ်မယ်”

***

All Chapters