တစ်ဘဝစာ ကဲ့ရဲ့ရှုံ့ချမှုများ
Vol. 81 Ch. 1131
တိုက်ပွဲဧကရာဇ်ရဲတိုက်ဝန်းက ဆန်းကြယ်ဧကရာဇ်မြို့၏ မြောက်ပိုင်းတွင် တည်ရှိသည်။ မြို့မြောက်ပိုင်း၏ ဧရိယာအများစုကို တိုက်ပွဲဧကရာဇ်ရဲတိုက်ဝန်းက နေရာယူထားသည်။ သန်းချီသော ကျန်မျိုးနွယ်ဝင်များကလည်း ထိုတိုက်ပွဲဧကရာဇ်ရဲတိုက်ဝန်းတွင် နေထိုင်ကြသည်။ ကျန်မျိုးနွယ်က ဒေသများကို မထိန်းချုပ်ဘဲ ထိုမြို့တစ်မြို့ကိုသာ ပိုင်ဆိုင်ထားရာ မျိုးနွယ်၏ အဖွဲ့ခွဲအားလုံးနီးပါးက ထိုမြို့တွင်သာ နေထိုင်ကြသည်။ သူတို့၏ အစေခံများကိုပါ ပေါင်းထည့်လိုက်လျှင် လူအရေအတွက်စုစုပေါင်းက သန်းချီသွားပေသည်။
ကျန်းရီ၏ စကားများက မှန်သော်လည်း သူ၏ပြောပုံဆိုပုံက မောက်မာလွန်းသည်။ ယခင်ကသာဆိုလျှင် လူအားလုံးသည် သူ့ကို နှာခေါင်းရှုံ့မိကြပေလိမ့်မည်။ သို့သော် ယခုတွင်မူ လူများသည် ခဲမှန်ဖူးသော စာသူငယ်လေးများကဲ့သို့ ဖြစ်နေပြီဖြစ်၍ ကျန်းရီက အလကားသက်သက် စိတ်ကြီးဝင်နေခြင်းဟု မထင်ကြတော့ပေ။ သူ ထိုမျှယုံကြည်မှုရှိနေခြင်းမှာ ကိုယ်တိုင်က အစွမ်းအစရှိ၍ ဖြစ်သည်။
သို့သော်...
လူများစွာသည် ကျန်းရီ၏စကားကို မယုံနိုင်သေးပေ။ သူက ဆန်းကြယ်ဧကရာဇ်မြို့ကို ကာကွယ်ထားသော မဟာဧကရာဇ်အစီအရင်ကို ငါးမိနစ်အတွင်း ဖျက်ဆီးနိုင်ပါမည်လော။ ထိုအစီအရင်ကို ဆန်းကြယ်ဧကရာဇ်ကိုယ်တိုင် ဆင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းက အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ မြောက်ဘက်ဧကရာဇ်က နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်စုကို ခေါ်လာပြီး ၎င်းအား ဖျက်ဆီးမည်ဆိုလျှင်ပင် လအနည်းငယ်တော့ အချိန်ယူရပေလိမ့်မည်။
တိုက်ပွဲဧကရာဇ်ကလည်း မယုံနိုင်သောအုပ်စုထဲတွင် ဖြစ်သည်။ မဟာဧကရာဇ်အစီအရင်၏ ခုခံစွမ်းအားကို သူ ကောင်းစွာသိသည်။ ထို့ကြောင့် ကျန်းရီ၏ စကားက သူ့အတွက် လက်တွေ့မဆန်ပေ။ ကျန်းရီက သူ့ကို အရှက်ခွဲလိုနေခြင်းသာဖြစ်မည်။ သူသည် အရှေ့ဘက် တော်ဝင်နယ်မြေရှိ စွမ်းအားအကြီးဆုံးသူသုံးယောက်ထဲမှ တစ်ယောက်ဖြစ်၍ တစ်ခါမှ အညံ့မခံခဲ့ဖူးပေ။ အကယ်၍ သူသာ လူအများရှေ့တွင် အညံ့ခံလိုက်ပါက နောင်တွင် မည်သို့ မျက်နှာပြရတော့မည်နည်း။
“ဟွန်း...”
တိုက်ပွဲဧကရာဇ်က နှာမှုတ်လိုက်ပြီး ကျန်းရီ၏ပုံရိပ်ကို ကြည့်ကာ ဝံ့ဝံ့ကြွားကြွား ပြောလိုက်သည်။
“ကျန်းရီ... မင်း ငါ့ရဲ့ တိုက်ပွဲဧကရာဇ်ရဲတိုက်ဝန်းကို ငါးမိနစ်အတွင်း ဖျက်ဆီးနိုင်မယ်ဆိုရင် ငါ မင်းဆီးမှာ အညံ့ခံမယ်။ မင်း လုပ်ချင်တာ လုပ်လို့ရတယ်။ အဲ... မင်း မဖျက်ဆီးနိုင်ဘူးဆိုရင်ရော ဘာဖြစ်မလဲ”
“ဟားဟားဟား...”
ကျန်းရီက ကျယ်လောင်စွာ ရယ်လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။
“တိုက်ပွဲဧကရာဇ်... ခင်ဗျား တစ်ခုကိုတော့ ရှင်းရှင်းလင်းလင်း သိထားရမယ်။ ကျွန်တော်က လောင်းကစားကို ဝါသနာမပါဘူး။ ကျွန်တော့်ကို စိတ်ဆွဖို့ မတွေးနဲ့။ ကျွန်တော်က ခင်ဗျား တိုက်ခိုက်ချင်လား၊ ငြိမ်းချမ်းရေးယူချင်လားလို့ပဲ ရိုးရိုးလေး မေးနေတာ။ ကျွန်တော့်ကို တိုက်ရိုက်အဖြေပဲ ပေးပါ”
“မင်း တိုက်ခိုက်ချင်တယ်ဆိုရင် တိုက်ခိုက်ကြတာပေါ့”
တိုက်ပွဲဧကရာဇ်က ကျန်းရီ၏ပုံရိပ်ကို မျက်နှာချင်းဆိုင်ကာ အော်ပြောလိုက်သည်။
“မင်း ဒီနေ့ ချခဲ့တဲ့ ဆုံးဖြတ်ချက်အတွက် နောင်တမရပါစေနဲ့လို့ ငါ မျှော်လင့်ပါတယ်...”
တိုက်ပွဲဧကရာဇ်၏စကား မဆုံးသေးခင်မှာပင် ကျန်းရီ၏ပုံရိပ်ကြီးက ဆန်းကြယ်နတ်ဘုရားနန်းတော်အထက်မှ ပျောက်ကွယ်သွားသည်။ ထို့နောက်တွင် ဆန်းကြယ်နတ်ဘုရားနန်းတော်က ပြင်းထန်စွာ တုန်ခါလာသည်။ တစ်ချိန်တည်းမှာပင် တိုက်ပွဲဧကရာဇ်နှင့် ကျန်မျိုးနွယ်ဝင် သိုင်းပညာရှင်များကို အံ့အားသင့်သွားစေသည့် တစ်စုံတစ်ခု ဖြစ်ပေါ်လာလေသည်။
ရွှီး...
ဆန်းကြယ်နတ်ဘုရားနန်းတော်က မရေမတွက်နိုင်သော အနက်ရောင် အလင်းတန်းများကို ဖြာထုတ်လိုက်သည်။ ၎င်းပတ်ပတ်လည်ရှိ အာကာပြင်တွင် အက်ကြောင်းများ စတင် ဖြစ်ပေါ်လာသည်။ ယင်းနောက် ဆန်းကြယ်နတ်ဘုရားနန်းတော်အထက်တွင် ဧရာမ အပေါက်ကြီးတစ်ပေါက် ထွက်ပေါ်လာ၏။ နန်းတော်က အပေါက်ကြီးအတွင်းသို့ ပျံသန်းဝင်ရောက်ကာ ပျောက်ကွယ်သွားလေသည်။
“ချီးပဲ...”
တိုက်ပွဲဧကရာဇ် မျက်နှာပျက်သွားပြီး အော်ပြောလိုက်သည်။
“ကျန်မျိုးနွယ်ဝင်တွေ တိုက်ပွဲဧကရာဇ်ရဲတိုက်ဝန်းကနေ ချက်ချင်းခွာကြ”
“ဝိုး...”
တိုက်ပွဲဧကရာဇ်၏အသံက အလွန်ကျယ်လောင်ပြီး ဆန်းကြယ်ဧကရာဇ်မြို့တစ်ခွင်လုံးသို့ ပျံ့လွင့်သွားသည်။ တိုက်ပွဲဧကရာဇ်ရဲတိုက်ဝန်းအတွင်းရှိ ရဲတိုက်များမှနေ၍ မရေမတွက်နိုင်သောလူများ ပျံထွက်လာ၏။ ထိုလူများထဲတွင် ယောက်ျား၊ မိန်းမ၊ လူကြီး၊ လူငယ် အစုံအလင်ပါသည်။ ကျန်မျိုးနွယ်တွင် အစေခံများလည်း အများအပြားရှိသည်။ သူတို့သည် မည်သည့်ကိစ္စဖြစ်နေကြောင်းကို မသိသော်လည်း အံ့ဩကြောက်ရွံ့နေကြသည်။
“အဲ့ဆန်းကြယ်နတ်ဘုရားနန်းတော်က ကောင်းကင်ရှောင်တိမ်းခြင်းကို သုံးနိုင်တာလား”
ယဉ်ဧကရာဇ်နှင့် ဓားဧကရာဇ်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့သည် မျက်စိမျက်နှာပျက်ကာ အလွန်တုန်လှုပ်နေကြပေသည်။ ရွှမ်ဧကရာဇ်က ခပ်သဲ့သဲ့ပြုံးကာ ပြောလိုက်သည်။
“နှစ်တစ်ထောင်ပြည့်တိုင်း ဆန်းကြယ်နတ်ဘုရားနန်းတော်က ရတနာရှာပွဲပြီးတာနဲ့ ပျောက်သွားလိုက်၊ ပြန်ပေါ်လာလိုက် ဖြစ်ခဲ့တာကို ခင်ဗျားတို့ မေ့သွားပြီလား။ အဲ့နှစ်တစ်ထောင်အတွင်းမှာ ဘယ်သူကမှ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို မရှာနိုင်ခဲ့ဘူးမလား။ အဲ့ဒါက ကောင်းကင်ရှောင်တိမ်းခြင်းကို မသုံးနိုင်ဘူးဆိုရင် ကျန်းရီရဲ့ ကောင်းကင်ရှောင်တိမ်းခြင်းစွမ်းရည်က ဘယ်ကရောက်လာမှာလဲ”
“အမှန်ပဲ”
ယဉ်ဧကရာဇ်၊ ဓားဧကရာဇ်နှင့် လူတစ်စုသည် နောက်ဆုံးတွင် နားလည်သွားကြသည်။ ယဉ်ဧကရာဇ်နှင့် ဓားဧကရာဇ်တို့သည် အစောတွင် သူတို့ မဆင်မခြင် မပြုမူခဲ့၍ စိတ်ထဲမှကြိတ်၍ ဝမ်းသာသွားကြသည်။ အကယ်၍ သူတို့သာ ကျန်းရီနှင့် ရန်သူများဖြစ်လာလျှင် ယဉ်ဧကရာဇ်မြို့နှင့် ဓားဧကရာဇ်မြို့က ဖျက်ဆီးခံရပေလိမ့်မည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်က ကောင်းကင်ရှောင်တိမ်းခြင်းကို သုံးနိုင်ပြီး ကြောက်မက်ဖွယ်ကောင်းသော အကန့်အသတ်အစီအရင်များကိုလည်း ပိုင်ဆိုင်ထားရာ ဖျက်ဆီး၍ မရနိုင်ပေ။ မည်သူမှ ဆန်းကြယ်နတ်ဘုရားနန်းတော်၏ အကန့်အသတ်အစီအရင်များကို ဖျက်ဆီးနိုင်မည် မဟုတ်သလို မည်သူမှလည်း ကျန်းရီကို သတ်နိုင်မည် မဟုတ်ချေ။
ရွှီး...
ထိုအခိုက်တွင် ဆန်းကြယ်ဧကရာဇ်မြို့အထက်ရှိ ကောင်းကင်က ပြင်းထန်စွာ တုန်ခါလာသည်။ ထို့နောက် အာကာပြင်အက်ကြောင်းကြီးနှင့် ဧရာမအပေါက်ကြီးတစ်ယောက် ထွက်ပေါ်လာလေသည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်က ထိုအပေါက်ထဲမှ ပျံထွက်လာသည်။ ကျန်းရီသည် မဟာဧကရာဇ်အစီအရင်ကို ချိုးဖျက်ရန် မလိုတော့ဘဲ ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံးကာ မြို့အတွင်းသို့ တိုက်ရိုက်ဝင်သွားသည်။
ဝှစ်...ဝှစ်...
ကျန်းရီ မတုံ့ဆိုင်းခဲ့ပေ။ တိုက်ပွဲဧကရာဇ်က တိုက်ခိုက်လိုနေ၍ သူသည် တိုက်ပွဲဧကရာဇ်ကို အညံ့ခံသွားအောင်လုပ်ကာ ကျန်မျိုးနွယ်ကို ဖျက်ဆီးပစ်ရန် ဆုံးဖြတ်ထားပြီးပေပြီ။ သူ့ကို ဆန့်ကျင်ဝံ့သူများ ထပ်ရှိမလာစေရန် သာဓကတစ်ခု ပြရပေမည်။
နှစ်ဦးနှစ်ဘက်ကြားတွင် ငြိမ်းချမ်းရေး ပျက်စီးသွားပြီဖြစ်၍ မည်သည့်မျက်နှာကိုမှ ထောက်ထားနေရန် မလိုတော့ပေ။ ကျန်းရီက ‘အရင်သတ်၊ နောက်မှပြော’ဟူသော ဆောင်ပုဒ်ကို ကျင့်သုံးပေတော့မည်။
ဆန်းကြယ်နတ်ဘုရားနန်းတော်က အနက်ရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ အရှေ့သို့ ပျံထွက်သွားသည်။ ၎င်း၏ပစ်မှတ်က မြို့တစ်ခွင်လုံးရှိ အဖြူရောင်ချပ်ဝတ် ဝတ်ဆင်ထားသော တပ်သားများဖြစ်သည်။ ကျန်းရီသည် ကျန်မျိုးနွယ်ကို ရှင်းပစ်လိုနေ၏။ အထူးသဖြင့် ကျန်မျိုးနွယ်၏ သိုင်းပညာရှင်များကို အပြတ်ရှင်းထုတ်ပစ်ရမည်ဖြစ်သည်။ သူ ထိုသူအားလုံးကို သတ်လိုနေသည်။
ဝုန်း...ဝုန်း...ဝုန်း...
အရှေ့ရှိ လေထဲတွင် ထောင်ချီသော တပ်သားများ ရပ်နေသည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်က ထိုနေရာသို့ ထက်ရှသော ဓားတစ်ချောင်းအလား ပျံသန်းသွားပြီး တပ်သားများကို အလွယ်တကူ ဝင်တိုက်ခိုက်သည်။ ထိုတပ်သားများသည် အသားအပိုင်းအစများအဖြစ် ပြောင်းလဲသွားပေပြီ။ ဆန်းကြယ်နတ်ဘုရားနန်းတော်က တစ်စက္ကန့်မျှပင် ရပ်တန့်မသွားပေ။ ၎င်းသည် ကျန်မျိုးနွယ်မှ သိုင်းပညာရှင်များ ရှိနေရာနေရာတိုင်းသို့ ပျံသန်းသွားနေသည်။ ၎င်း ပျံသန်းသွားသောအခါ ကောင်းကင်ထက်မှနေ၍ အလောင်းများ ပြုတ်ကျလာသည်။ သွေးများကလည်း နေရာအနှံ့တွင် ရှိနေပြီဖြစ်သည်။
ကြောက်ရွံ့နာကျင်စွာ အော်လိုက်သံများ၊ တုန်လှုပ်တကြီး အော်လိုက်သံများနှင့် ကလေးငယ်လေးများ၏ ငိုကြွေးသံများက နေရာအနှံ့မှ ထွက်ပေါ်လာသည်။ ထိုအသံများကို ထပ်ခါထပ်ခါ ကြားနေရပေသည်။
“မြို့ထဲက အရပ်သူအရပ်သားတွေနဲ့ ကျန်မျိုးနွယ်က မိန်းမတွေ၊ ကိုယ်လုပ်တော်တွေနဲ့ အစေခံတွေ အားလုံး နားထောင်ကြ... မင်းတို့တွေအကုန်လုံး မြို့ရင်ပြင်မှာ စောင့်နေကြပါ။ ငါ ကျန်းရီက အပြစ်မဲ့တဲ့သူတွေကို မသတ်ဘူး။ ဒီနေ့ ငါ ဒီကိုလာခဲ့တာ ကျန်မျိုးနွယ်က သိုင်းသမားတွေကို ရှင်းပစ်ဖို့ပဲ။ သူတို့တွေနဲ့ အတူရပ်နေမယ်ဆိုရင်တော့ မင်းတို့ရဲ့ သေခြင်းအတွက် ငါ့ကို အပြစ်မတင်နဲ့”
ကျန်းရီ၏ အေးစက်စက်အသံကြီး ထွက်ပေါ်လာသည်။ သို့သော် ထိုအသံက ဆန်းကြယ်ဧကရာဇ်မြို့ထဲရှိ ရုတ်ရုတ်သဲသဲ အခြေအနေကို တည်ငြိမ်သွားစေသည်။ မြို့ထဲမှ ထွက်သွားမည့် အကြံနှင့် တည်နေရာပြောင်းရွှေ့အစီအရင်များသို့ အသည်းအသန် ပြေးသွားနေကြသော လူများသည်လည်း ဆက်၍ မလှုပ်ရှားဝံ့ကြတော့ပေ။ မြို့ထဲမှ အခြားမျိုးနွယ်အသီးသီးသည်လည်း သူတို့၏ မျိုးနွယ်ဝင်များကို ငြိမ်ငြိမ်နေရန် ပြောလိုက်ကြသည်။ မဟုတ်လျှင် သူတို့သည် လူမှား၍ အသတ်ခံရနိုင်ပေသည်။
“ကျန်းရီ... ရပ်လိုက်၊ ရပ်လိုက်...”
တိုက်ပွဲဧကရာဇ်သည် ဆက်၍ မတည်ငြိမ်နိုင်တော့ပေ။ သူ ဒေါသူပုန်ထကာ အော်ပြောလိုက်သည်။ လူတစ်ယောက်က မည်မျှ စိတ်ဓာတ်ခိုင်မာ၍ စွမ်းအားကြီးပါစေ မိမိအရှေ့တွင် မိမိ၏အိမ်က အဖျက်ဆီးခံနေရပြီး မိမိ၏မျိုးနွယ်ဝင်များက အသတ်ခံနေရသည်ကို မြင်နေရသော်လည်း မိမိက မည်သို့မှ မလုပ်နိုင်လျှင် ဒေါသထွက်ကာ စိတ်ဓာတ်ပျက်ပြားလာမည်ဖြစ်သည်။
တိုက်ပွဲဧကရာဇ်က အမှန်ပင် စွမ်းအားကြီးပြီး အရှေ့ဘက် တော်ဝင်နယ်မြေရှိ ထိပ်သီးသုံးယောက်ထဲမှ တစ်ယောက်ဖြစ်သည်။ သို့သော် သူ့တွင် ထိုစွမ်းအားများ ရှိသော်လည်း၊ သူ့ခေါင်းထဲတွင် နည်းဗျူဟာများ ရှိနေသော်လည်း ယခုတွင် သူ ၎င်းတို့ကို အသုံးမပြုနိုင်ပေ။ လူများက မြို့ထဲရှိ နေရာအနှံ့တွင် ရှိနေသည်။ သူသည်လည်း ဆန်းကြယ်နတ်ဘုရားနန်းတော်၏ အကာအရံကို မဖျက်ဆီးနိုင်ပေ။ ထို့ပြင် သူ၏တိုက်ခိုက်မှုများက သူ့လူများကိုပင် ပို၍ သေကြေပျက်စီးစေမည်လည်းဖြစ်သည်။
ကျန်းရီက တိုက်ပွဲဧကရာဇ်၏ အော်သံကို အရေးမစိုက်ပေ။ ဆန်းကြယ်နတ်ဘုရားနန်းတော်သည် အနက်ရောင်အလင်းတန်းတစ်တန်းအဖြစ် ပြောင်းလဲ၍ သေမင်း၏ တံစဉ်းကြီးအလား ကျန်မျိုးနွယ်မှ သိုင်းပညာရှင်များ၏ ဇီဝန်ကို ခြွေနေလေသည်။ ၎င်းသည် အဖြူရောင်ချပ်ဝတ် ဝတ်ဆင်ထားသော ကျန်မျိုးနွယ် သိုင်းပညာရှင်များ ရှိသည့်နေရာတိုင်းကို တိုက်ခိုက်နေသည်။
ဝုန်း...ဝုန်း...ဝုန်း...
ကျန်မျိုးနွယ်၏ ရဲတိုက်များကလည်း ဆန်းကြယ်နတ်ဘုရားနန်းတော်၏ ဖျက်ဆီးမှုကို ခံနေရသည်။ ကျန်မျိုးနွယ်မှ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ၊ ကလေးများနှင့် အစေခံများက မြို့ရင်ပြင်တွင် သွားနေနေ၍သာ တော်သေးပေသည်။ ထို့ကြောင့် သူတို့ တစ်ယောက်မှ မသေခဲ့ပေ။ လူတိုင်းက သေရမည်ကို ကြောက်၏။ သေခြင်းတရားကိုသာ ရှောင်နိုင်မည်ဆိုလျှင် ရှောင်ကြမည့်သူတွေချည်းသာ။
ငါးထောင်၊ တစ်သောင်း... တစ်သောင်းခွဲ...
သုံးမိနစ်အတွင်းမှာပင် ကျန်မျိုးနွယ်မှ သိုင်းသမား တစ်သောင်းခွဲနီးပါး အသတ်ခံလိုက်ရသည်။ ကျန်မျိုးနွယ်တွင် သိုင်းသမားများ သိန်းနှင့်ချီ၍ရှိသည်။ ထိုသိုင်းသမားအများစုကလည်း ဉာဏ်ကောင်းကြသည်။ သူတို့သည် ကျန်းရီ၏ သတ်ဖြတ်မှုကို မခံရရန် အဖြူရောင်ချပ်ဝတ်များကို ချက်ချင်း ချွတ်ပစ်လိုက်ကြပြီး လမ်းကြားများတွင် ပုန်းအောင်းနေလိုက်ကြသည်။
သို့သော် သတ္တိကောင်းသူများလည်း အများအပြားရှိနေသည်။ သူတို့သည် ပျံသန်း၍ ထွက်ပြေးနေသော်လည်း ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ပြန်လည် တိုက်ခိုက်နေကြသေးသည်။
“ကျန်းရီ ဆက်မသတ်နဲ့တော့”
တိုက်ပွဲဧကရာဇ်က ခါးသီးစွာ မျက်လုံးမှိတ်လိုက်ပြီး သက်ပြင်းသဲ့သဲ့ချ၍ အော်ပြောလိုက်သည်။
“မင်း နိုင်ပါတယ်။ ငါ အရှုံးပေးပါပြီ။ ငါ ဘယ်တော့မှ မင်းရဲ့ရန်သူ ထပ်ဖြစ်တော့မှာ မဟုတ်ပါဘူး။ ကျေးဇူးပြုပြီး ရပ်လိုက်ပါတော့”
“ဟားဟားဟား...”
ဆန်းကြယ်နတ်ဘုရားနန်းတော်က ရပ်တန့်သွားပြီး ကျန်းရီ၏ ရယ်သံကြီး ထွက်ပေါ်လာသည်။ ထို့နောက်တွင် သူက ခနဲ့တဲ့တဲ့လေသံဖြင့် ပြောလိုက်လေသည်။
“အရမ်းနောက်ကျသွားပြီး တိုက်ပွဲဧကရာဇ်။ ကျွန်တော် ခင်ဗျားကို အခွင့်အရေးပေးပြီးသွားပြီ။ ဒါပေမဲ့ ခင်ဗျားက အဲ့အခွင့်အရေးကို ပုတ်ချခဲ့တယ်။ အမှားကို လုပ်မိသူတိုင်းက အကျိုးဆက်တွေကို ရင်ဆိုင်ရမှာပဲ။ ကျန်မျိုးနွယ်က သိုင်းသမားတိုင်းက ခင်ဗျားလုပ်ခဲ့တဲ့ အမှားအတွက် ပေးဆပ်ရမယ်”
ဝှစ်...ဝှစ်...
ဆန်းကြယ်နတ်ဘုရားနန်းတော်သည် အနက်ရောင်အလင်းတန်းအဖြစ် ထပ်မံ ပြောင်းလဲသွားပြီး ဆက်၍ ပျံသန်းကာ ကျန်မျိုးနွယ်မှ သိုင်းသမားများကို သတ်ဖြတ်လိုက်သည်။ ကျန်းရီက သက်ညှာမည့်ပုံ မပေါ်ချေ။
ကျန်းရီသည် တိုက်ပွဲဧကရာဇ်ကို အခွင့်အရေးနှစ်ကြိမ် ပေးခဲ့၏။ သို့သော် တိုက်ပွဲဧကရာဇ်က ထိုအခွင့်အရေးများကို တန်ဖိုးမထားခဲ့ဘဲ ကျန်းရီကို သတ်ကာ ဆန်းကြယ်နတ်ဘုရားနန်းတော်၊ ဆန်းကြယ်နတ်ဘုရားဓားနှင့် ဆန်းကြယ်နတ်ဘုရားချပ်ဝတ်တို့ကို ရယူလိုခဲ့သည်။ ကျန်းရီက ကြင်နာသနားတတ်သူတစ်ယောက် မဟုတ်ပေ။ သူသည် လောကကြီး၏ လေးစားမှုနှင့် ချစ်ခင်မှုကို မရနိုင်တော့သဖြင့် လူအားလုံးက သူ့ကို ကြောက်ရွံ့သွားအောင် လုပ်တော့မည်ဖြစ်သည်။
ကျန်းရီသည် တစ်ဘဝစာ ကဲ့ရဲ့ရှုံ့ချမှုများကို ခံရန် ပြင်ဆင်ပြီးပေပြီ။
***