အဘိုးကျန်
Vol. 82 Ch. 1132
“ကျန်းရီ...”
တိုက်ပွဲဧကရာဇ် အံကြိတ်ကာ အော်လိုက်၏။ သူ၏ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ယင်နေသည်။ သူ့မျက်နှာပေါ်တွင်လည်း နောင်တတရားနှင့် ပြည့်နှက်နေသည်။ သူက သူ၏ဆုံးဖြတ်ချက်ကို နောင်တရနေခြင်းပင်။
သို့သော်...
တိုက်ပွဲဧကရာဇ်သည် တစ်စုံတစ်ခုကို ရှင်းရှင်းလင်းလင်းသိ၏။ ကျန်းရီက ပြတ်သားသူတစ်ယောက်ဖြစ်၍ ယနေ့အခြေအနေကို နောက်ပြန်မလှည့်နိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် တိုက်ပွဲဧကရာဇ်သည် ရွေးချယ်စရာမရှိတော့ဘဲ အော်ပြောလိုက်ရတော့သည်။
“မဟာဧကရာဇ်အစီအရင်ကို ဖွင့်... အကုန်လုံး လူခွဲပြီး ထွက်ပြေးကြ။ ကျန်းရီ... မင်းက ယောက်ျားတစ်ယောက်ဆိုရင် ငါနဲ့ ထိပ်တိုက်လာရင်ဆိုင်လိုက်”
ဝှစ်...
တိုက်ပွဲဧကရာဇ်သည် အော်လိုက်ပြီးနောက် ဆန်းကြယ်နတ်ဘုရားနန်းတော်နောက်သို့ လိုက်သွားလိုက်သည်။ သူသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို အစွမ်းကုန်သုံး၍ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ပေပြီ။ သူ ၎င်း၏ အကာအရံကို မဖျက်ဆီးနိုင်လျှင်ပင် ကျန်းရီ၏ သတ်ဖြတ်မှုများကို တားလိုနေသည်။ သူသည် ဆန်းကြယ်ဧကရာဇ်မြို့ထဲတွင် အသေခံရန် အသင့်ဖြစ်နေပြီဖြစ်သည်။ သူ၏အိမ်က ဖျက်ဆီးခံလိုက်ရပြီး သူ၏မျိုးနွယ်ဝင်များစွာက သတ်ဖြတ်ခံလိုက်ရ၍ သူ ထွက်ပြေးရန် မျက်နှာမရှိတော့ပေ။ ထို့ကြောင့် ဆန်းကြယ်ဧကရာဇ်မြို့က သူ၏သင်္ချိုင်းဟု သူ လက်ခံလိုက်ပြီဖြစ်သည်။
သို့သော် ကျန်းရီက တိုက်ပွဲဧကရာဇ်ကို ထိုအခွင့်အရေး ပေးမည်မဟုတ်ပေ။
ဆန်းကြယ်နတ်ဘုရားနန်းတော်သည် ကြောက်မက်ဖွယ် အနက်ရောင်အလင်းတန်းအဖြစ် ပြောင်းလဲကာ တိုက်ပွဲဧကရာဇ်၏ တိုက်ခိုက်မှုများကို ရှောင်တိမ်း၍ ကျန်မျိုးနွယ်ဝင်များကို ဆက်လက် သတ်ဖြတ်နေသည်။ ဆန်းကြယ်ဧကရာဇ်မြို့တွင် သွေးမိုးရွာနေပေပြီ။ သွေးညှီနံ့များကလည်း တစ်မြို့လုံးကို ဖုံးလွှမ်းထားသည်။
ရွှီး...
မဟာဧကရာဇ်အစီအရင် ပွင့်သွား၏။ ထိုအခါ ကျန်မျိုးနွယ်မှ သိုင်းသမားများအားလုံးက အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးကြတော့သည်။ မြောက်ဘက်ဧကရာဇ်က အခြေအနေကို စူးစမ်းလိုက်ပြီး လက်ဝှေ့ယမ်းကာ သူခေါ်လာသော နတ်ဘုရားတစ်ပိုင်းများကို အဝေးသို့ ပျံသန်းသွားစေလိုက်သည်။ မိစ္ဆာဧကရာဇ်နှင့် သားရဲဧကရာဇ်တို့ကလည်း တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ထို့နောက် မိစ္ဆာဧကရာဇ်က မြောက်ဘက်ဧကရာဇ်ထံ အသံပို့လွှတ်လိုက်လေသည်။
“ဝူရှန့်... ခင်ဗျား ဒီကိစ္စကို ဒီအတိုင်း ရပ်ကြည့်နေတော့မှာလား။ ကျန်းရီက ဆန်းကြယ်ဧကရာဇ်မြို့ကို ဖျက်ဆီးပြီးရင် မြောက်ဘက်ဧကရာဇ်မြို့ကို သွားဖျက်ဆီးမှာပဲ။ ပြီးရင်... ကျုပ်ရဲ့ မိစ္ဆာဧကရာဇ်မြို့အလှည့်လည်း ရောက်လာနိုင်တယ်...”
“ဟားဟား...”
မြောက်ဘက်ဧကရာဇ်က ခေတ္တမျှ အဝေးသို့ လှမ်းကြည့်လိုက်ပြီး အေးဆက်ဆက်ပြုံးကာ အသံပြန်ပို့လွှတ်လိုက်သည်။
“ကျန်းရီက မြောက်ဘက်ဧကရာဇ်မြို့ကို ရောက်လာရဲရင် ကျုပ် သူ့ကို အလွတ်ပေးမှာ မဟုတ်ပါဘူး။ စိတ်ချနေပါ... ကျန်းရီက ဒီအတိုင်း ဆက်လုပ်နိုင်မှာ မဟုတ်ပါဘူး။ နောက်မှ ကျုပ် ခင်ဗျားဆီ သတင်းပို့လွှတ်လိုက်ပါမယ်။ ခင်ဗျားတို့လည်း ပြန်ဆုတ်သွားသင့်ပြီ။ ဒီမှာဆက်နေနေလည်း ဘာအကျိုးမှ ရှိမှာ မဟုတ်ဘူး”
“ပြန်ဆုတ်ကြ...”
မိစ္ဆာဧကရာဇ်နှင့် သားရဲဧကရာဇ်တို့က ခေါင်းညိတ်ကာ အော်ပြောလိုက်သည်။ ထိုနေရာတွင်ဆက်နေလျှင်လည်း အမှန်ပင် မည်သည့်အကျိုးမှ ရှိမည် မဟုတ်ပေ။ သူတို့ မျက်နှာပျက်ရသည်သာ အဖက်တင်ပေလိမ့်မည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်က ကောင်းကင်ရှောင်တိမ်းခြင်းကို အသုံးပြုနိုင်ရာ ထူးခြားသောစွမ်းရည်များမရှိလျှင် ဆန်းကြယ်နတ်ဘုရားနန်းတော်၏ အကာအရံများကို ဖျက်ဆီးနိုင်မည် မဟုတ်ချေ။ သို့ဆိုလျှင် ကျန်းရီကိုလည်း သတ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ထိုနေရာတွင် ဆက်နေလျှင် သူတို့သာ အရှက်ကွဲရမည်ဖြစ်သည်။
မြောက်ဘက်ဧကရာဇ်၊ မိစ္ဆာဧကရာဇ်နှင့် သားရဲဧကရာဇ်တို့သည် သူတို့၏လူများကိုခေါ်၍ အဝေးသို့ လူစုခွဲကာ ပျံသန်းသွားကြသည်။ ကျန်းရီက သူတို့ကို မတားလိုက်ပေ။ ဧကရာဇ်သုံးပါး၏ အမြန်နှုန်းက အလွန်လျင်မြန်သည်။ သူ သူတို့ကို လိုက်မမီနိုင်ချေ။
အရေးအကြီးဆုံးအရာမှာ ကျန်းရီက ပြဿနာတစ်ခုကို တွေ့ခဲ့ခြင်းဖြစ်သည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်၏ အကန့်အသတ်အစီအရင်များက ကြယ်ခြောက်ပွင့်အဆင့် နတ်ဘုရားတစ်ပိုင်းများ၏ နတ်ဘုရားဒိုင်းများကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်သော်လည်း ကြယ်ခုနစ်ပွင့်အဆင့် နတ်ဘုရားတစ်ပိုင်းများ၏ နတ်ဘုရားဒိုင်းများကို ဖျက်ဆီးရာတွင် ပြဿနာအချို့နှင့် ကြုံတွေ့ရသည်။ ကျန်းရီသည် ကြယ်ရှစ်ပွင့်အဆင့် နတ်ဘုရားတစ်ပိုင်းများနှင့်မူ မစမ်းကြည့်ရသေးချေ။ အကယ်၍ သူသာ ကြယ်ရှစ်ပွင့်အဆင့် နတ်ဘုရားတစ်ပိုင်းများ၏ နတ်ဘုရားဒိုင်းများကို မဖျက်ဆီးနို်ငလျှင် လူများသည် သူ့တိုက်ခိုက်မှုများ၏ အကန့်အသတ်ကို သိရှိသွားပေလိမ့်မည်။ ထိုအခိုက်တွင် ကြယ်ရှစ်ပွင့် သို့မဟုတ် ကြယ်ကိုးပွင့် ပညာရှင်များနောက်သို့ မလိုက်ခြင်းက သူ့အတွက် ကောင်းပေသည်။
ဝှစ်...ဝှစ်...ဝှစ်...
ကောင်းကင်တွင် လူရိပ်များနှင့် ပြည့်နှက်သွား၏။ ကျန်မျိုးနွယ်မှ သောင်းချီသော သိုင်းသမားများက နေရာအနှံ့သို့ ထွက်ပြေးနေကြသည်။ သို့သော် သူတို့သည် ဆန်းကြယ်ဧကရာဇ်မြို့အပြင်သို့ ရောက်သောအခါ မည်သည့်နေရာသို့ ဆက်သွားရမည်မသိ ဖြစ်သွားကြသည်။ ကျန်မျိုးနွယ်တွင် မြို့တစ်မြို့သာရှိပြီး ဒေသများ မရှိပေ။ အကယ်၍ ဆန်းကြယ်ဧကရာဇ်မြို့သာ ဖျက်ဆီးခံလိုက်ရပါက လောကကြီးက မည်မျှကြီးပါစေ ကျန်မျိုးနွယ်ဝင်များအတွက် နေစရာနေရာရှိမည် မဟုတ်ချေ။
ကျန်မျိုးနွယ်မှာ ဧကရာဇ်ကိုးပါးမျိုးနွယ်စုထဲက အင်အားအကြီးဆုံးမျိုးနွယ်ဖြစ်သည်။ အကယ်၍ ကျန်မျိုးနွယ်ဝင်များသာ ခွေးများကဲ့သို့ ဟိုနေရာမှ ဒီနေရာ လျှောက်သွားနေရသော ခြေသလုံးအိမ်တိုင်များ ဖြစ်လာလျှင် အလွန်အရှက်ရစရာ ကောင်းပေလိမ့်မည်။ သူတို့သည် ထိုသို့အဖြစ်ခံမည့်အစား အသေသာခံကြမည်ဖြစ်သည်။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှ လူများက မာနကြီးကာ ဂုဏ်သိက္ခာရှိကြသည်။ သူတို့သည် မျက်နှာပျက် မခံနိုင်သလို ထိုနေရာမှလည်း ထွက်မသွားနိုင်ပေ။ ထို့ကြောင့် လူများစွာသည် ဆန်းကြယ်ဧကရာဇ်မြို့ ပတ်ပတ်လည်တွင်သာ ပုန်းအောင်းနေကြပြီး အံ့ဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်လာစေရန် မျှော်လင့်နေကြသည်။
သို့သော် မည်သည့် အံ့ဖွယ်ဖြစ်ရပ်မှ ဖြစ်မလာဘဲ သတ်ဖြတ်မှုများသာ ဆက်ဖြစ်လာသည်။ မိနစ်အနည်းငယ် ကြာပြီးနောက် ကောင်းကင်နှင့် မြေကြီးတွင် ထူးဆန်းမှုတစ်ခု ဖြစ်ပေါ်လာလေသည်။
ဝုန်း...ဝုန်း...ဝုန်း...
လေနှင့် တိမ်များက ရုတ်တရက် ရွေ့လျားသွားပြီး ကောင်းကင်ထဲတွင် စုဝေးသွားသည်။ အရပ်မျက်နှာအနှံ့မှ မိုးမြေအတွင်းအားများကလည်း ဆန်းကြယ်ဧကရာဇ်မြို့အထက်တွင် စုစည်းနေသည်။ ထို့နောက် ကောင်းကင်ထက်မှ ကြယ်တာရာများက လင်းလက်လာပြီး နတ်အလင်းတန်း သုံးတန်းက တိုက်ပွဲဧကရာဇ်ရဲတိုက်ဝန်းအတွင်းရှိ ရဲတိုက်ငယ်တစ်လုံးတည့်တည့်သို့ ကျဆင်းလာသည်။
“အာ... မျိုးနွယ်ဝင်တစ်ယောက်က နတ်ဘုရားတစ်ပိုင်းအဆင့်ကို တက်လှမ်းနိုင်သွားတာလား”
တိုက်ပွဲဧကရာဇ်သည် ရူးသွပ်စွာ ပျံသန်းနေခြင်းကို ခေတ္တမျှ ရပ်တန့်လိုက်၏။ ကျန်မျိုးနွယ်မှ သိုင်းပညာရှင်များစွာကလည်း အံ့အားသင့်သွားကြသည်။ သိုင်းပညာရှင်တစ်ယောက် နတ်ဘုရားတစ်ပိုင်းအဆင့်သို့ တက်လှမ်းနိုင်ခြင်းမှာ ပုံမှန်သာဖြစ်သည်။ သို့သော် ယခုအခြေအနေတွင် ထိုသူက နတ်ဘုရားတစ်ပိုင်း ဖြစ်သွားလျှင်လည်း သေရမည်သာ။ အချိန်အခါက အလွန်မသင့်မတော် ဖြစ်နေပေသည်။
ဝှစ်...
ရဲတိုက်ငယ်လေးအတွင်းမှနေ၍ လူရိပ်တစ်ခု ပျံထွက်လာပြီး လေထဲတွင် ရပ်လိုက်သည်။ ထိုသူက လူငယ်လေးတစ်ယောက်ပင်။ သူ၏ အသားအရေက အတန်ငယ် ညိုသော်လည်း သူ၏မျက်နှာက အလွန်ခံ့ညားသည်။ သူက အခန်းအောင်းကျင့်ကြံနေခဲ့သဖြင့် အပြင်ဘက်တွင် ဖြစ်သွားခဲ့သော ကိစ္စများကို မသိကြောင်း ထင်ရှားပေသည်။ သူသည် မြို့တစ်ခွင်လုံးမှ အုတ်အော်သောင်းနင်းအသံများကို ကြားလိုက်၍သာ ပျံထွက်လာခဲ့ခြင်းဖြစ်သည်။
“သူလား...”
တိုက်ပွဲဧကရာဇ်က မှင်တက်စွာ ငေးကြည့်နေ၏။ သူ့ဘေးရှိ နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်ကမူ အံ့ဩတကြီး အော်ပြောလိုက်သည်။
“အဲ့တခြားမျိုးရိုးကတပည့်က တကယ့်ကို ပါရမီထူးတာပဲ။ သူက လွန်ခဲ့တဲ့နှစ်နှစ်ကမှ တိုက်ပွဲဝိညာဉ်ရေကန်ထဲမှာ သန့်စင်ပြီးတာကို... အခု နတ်ဘုရားတစ်ပိုင်းအဆင့်ကို ရောက်သွားပြီတဲ့လား။ သူက ထျန်းလဲ့ထက်ပိုပြီး ပါရမီပါတာပဲ။ ဧကရာဇ် သူ့ကို မြန်မြန် ထွက်သွားဖို့ အမိန့်ပေးသင့်ပါတယ်။ သူက ကျွန်တော်တို့ မျိုးနွယ်ရဲ့ အနာဂတ်မျှော်လင့်ချက်ပါပဲ”
တိုက်ပွဲဧကရာဇ်၏ မျက်လုံးများ အရောင်လက်သွားသည်။ သူသည် အသားညိုသော လူငယ်လေးကို စိုက်ကြည့်ကာ အသံပို့လွှတ်လိုက်သည်။
“ကောင်လေး... အခုချက်ချင်း တောင်ဘက်ကို ထွက်သွားတော့။ ဒီကနေ ကီလိုမီတာငါးထောင်အကွာမှာ ဖူရွာရှိတယ်။ အဲ့ရွာကိုသွား... ဘာပဲဖြစ်လာဖြစ်လာ မင်း အသက်ဆက်ရှင်ပြီး ဆက်ကျင့်ကြံရမယ်။ အဲ့ဒါမှ အနာဂတ်မှာ မင်းက ငါတို့ကျန်မျိုးနွယ်ကို ထိပ်တန်းပြန်ရောက်အောင် စွမ်းဆောင်ပေးနိုင်မှာပဲ”
တိုက်ပွဲဧကရာဇ်၏ အသံပို့လွှတ်မှု အဆုံးသတ်သွားသည့်အချိန်တွင် ဆန်းကြယ်နတ်ဘုရားနန်းတော်က ထိုလူငယ်ထံသို့ ပြင်းထန်စွာ ပျံဝင်သွားသည်။ တိုက်ပွဲဧကရာဇ်နှင့် နတ်ဘုရားတစ်ပိုင်းအားလုံး ချက်ချင်း မျက်စိမျက်နှာ ပျက်သွားကြသည်။ တိုက်ပွဲဧကရာဇ် အော်ပြောလိုက်လေသည်။
“ကျန်းရီ ရပ်လိုက်။ ကောင်လေး... မြန်မြန် ထွက်ပြေးတော့”
“ကျန်းရီလား...”
လူငယ်လေးသည် ထွက်မပြေးရုံသာမက အံ့အားသင့်သော မျက်နှာထားဖြင့် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို လှမ်းကြည့်လိုက်၏။ ဆန်းကြယ်နတ်ဘုရားနန်းတော်ကလည်း လေထဲတွင် ရပ်သွားသည်။ ထို့နောက် ကောင်းကင်ထက်တွင် ဝိညာဉ်ပုံရိပ်တစ်ခု ထွက်ပေါ်လာလေသည်။ ကျန်းရီက အသားညိုသော လူငယ်လေးကို ကြည့်လိုက်ပြီး နာကျင်သော မျက်နှာထားဖြင့် ပြောလိုက်၏။
“ အစ်ကိုဝူရွှမ်း... နှစ်တွေတောင် ကြာခဲ့ပြီ။ အစ်ကိုနဲ့ အခုလို အခြေအနေမျိုးမှာ ပြန်တွေ့ရလိမ့်မယ်လို့ ကျွန်တော် မထင်ထားဘူး”
‘အစ်ကိုဝူရွှမ်းတဲ့လား’
ဆန်းကြယ်နတ်ဘုရားနန်းတော်နောက်သို့ လိုက်လာကြသော တိုက်ပွဲဧကရာဇ်နှင့် နတ်ဘုရားတစ်ပိုင်းများ အံ့အားသင့်သွားကြသည်။ အခြားမျိုးရိုးမှ ထိုတပည့်က အမှန်ပင် ကျန်ဝူရွှမ်းဟု ခေါ်ပေသည်။( ကျန့်ဝူရွှမ်းကိုလည်း ကျန်ဝူရွှမ်းဟု ဆက်ပြန်ပါမည်) ကျန်းရီက ထိုတပည့်ကို အစ်ကိုဝူရွှမ်းဟု ခေါ်နေခြင်းလော။
ထိုအသားညိုသော လူငယ်လေးက အမှန်ပင် ကျန်ဝူရွှမ်းပင်။ သူသည် ကျန်းရီနှင့် အလောင်းများ ပြည့်နှက်နေသော မြို့ကို ကြည့်လိုက်သည်။ ထို့နောက် သူ တိုက်ပွဲဧကရာဇ်နှင့် ကျန်မျိုးနွယ်မှ အကြီးအကဲများကို ဆက်ကြည့်လိုက်သည်။ သူ အခြေအနေကို နားလည်သွားပြီး ခါးသက်သက်ပြုံးကာ ပြောလိုက်လေသည်။
“ကျန်းရီ... ဒီတစ်ခေါက် မင်း ပြဿနာအကြီးကြီး ရှာလိုက်မိပြီ။ မင်းမှာ ကျန်မျိုးနွယ်နဲ့ ဘာရန်ငြိုး ရှိလို့လဲ။ ငါ့ မျက်နှာကိုထောက်ပြီး မင်း အဲ့ရန်ငြိုးကို သင်ပုန်းချေပေးလို့ ရမလား”
“အာ...”
ကျန်မျိုးနွယ်မှ မရေမတွက်နိုင်သော သိုင်းသမားများ၏ မျက်လုံးများက အရောင်လက်သွားသည်။ တိုက်ပွဲဧကရာဇ်နှင့် နတ်ဘုရားတစ်ပိုင်းများကလည်း မျက်မှောင်ကြုတ်ကာ ကျန်းရီကို ကြည့်လိုက်ကြသည်။ ကျန်းရီက ပြတ်သားသော စိတ်ဓာတ်ရှိပြီး လူမဆန်သူတစ်ယောက်ဖြစ်သည်။ သူ ရူးသွပ်နေချိန်တွင် နတ်ဘုရားများပင် သူ့ကို တားနိုင်မည် မဟုတ်ပေ။ သို့ဖြစ်ရာ ကျန်ဝူရွှမ်း၏ စကားတစ်ခွန်းက သူ့ကို ဆက်မသတ်ဖြတ်အောင် တားနိုင်ပါမည်လော။
“ဟင်းဟင်း...”
ကျန်းရီက ခပ်သဲ့သဲ့ပြုံးကာ တစ်မြို့လုံးကို အံ့အားသင့်သွားစေမည့် စကားကို ပြောလိုက်လေသည်။
“အစ်ကိုဝူရွှမ်းရဲ့ မျိုးရိုးက ကျန်မျိုးနွယ်က ဆိုမှတော့ ဒီနေ့ကိစ္စကို နားလည်မှုလွဲတယ်လို့ပဲ သဘောထားလိုက်တာပေါ့။ ကျွန်တော် တောင်းပန်ပါတယ် အစ်ကိုဝူရွှမ်း။ အစ်ကိုက ကျန်မျိုးနွယ်နဲ့ ပတ်သတ်နေတယ်ဆိုတာကို ကျွန်တော် မသိခဲ့လို့ပါ။ အဘိုးကျန်... ခင်ဗျားက ဘာလို့ ဒီအကြောင်းကို စောစောက မပြောတာလဲ။ အခုတော့ ကျွန်တော်တို့ အချင်းချင်းတွေ ပြန်တိုက်ခိုက်မိပြီ။ ဒီလိုဆိုဘယ်လိုလဲ.... အဘိုးကျန် ကျွန်တော့်ကို တစ်ခုခု ပြန်တောင်းဆိုပါ။ ကျွန်တော် ကျန်မျိုးနွယ်ရဲ့ ဆုံးရှုံးမှုတွေအတွက် အလျော်ပြန်ပေးပါမယ်။ ကျွတ်... ဒီကိစ္စက အရမ်းရှက်ဖို့ကောင်းတာပဲ...”
“...”
နေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။ လူများစွာသည်လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ မည်သို့ လုပ်ရမည်မသိ ဖြစ်ကုန်ကြသည်။
ယဉ်ဧကရာဇ်၊ ဓားဧကရာဇ်နှင့် မြို့အပြင်ဘက်မှ လူအားလုံးသည်လည်း မှင်တက်သွားကြသည်။ ကျန်းရီ၏ စိတ်က အလွန်လျင်မြန်စွာ ပြောင်းလဲသွားသည်လော။ အစောတွင်ပင် သူက ကျန်မျိုးနွယ်ဝင်များကို သတ်ဖြတ်နေခဲ့သည်။ ဆန်းကြယ်ဧကရာဇ်မြို့ထဲတွင်လည်း အလောင်းများနှင့် ပြည့်နှက်နေပြီး သွေးချောင်းစီးနေပြီဖြစ်သည်။ သို့သော် သူက လူတစ်ယောက်၏ စကားကြောင့် တိုက်ပွဲဧကရာဇ်ကို ‘အဘိုးကျန်’ဟု ခေါ်လိုက်ကာ ပြန်အလျော်ပေးရန် ပြောနေသည်လော။
ကျန်ဝူရွှမ်းက ခါးသက်သက် ရယ်လိုက်သည်။ သို့သော် သူက ထိုကိစ္စကို များစွာအလေးအနက်မထားကြောင်း သိသာသည်။ သူ့ရင်ထဲတွင် သူ၏ညီနောင်က သူ၏ ကျန်မျိုးနွယ်နှင့် ဆွေမျိုးတော်စပ်မှုထက် ပိုအရေးကြီးပေသည်။ ကျန်းရီက သူ့ကို အလွန်မျက်နှာသာပေးနေသည်နှင့်ပင် သူ အလွန်ကျေနပ်နေပြီဖြစ်သည်။ ကျန်ဝူရွှမ်းသည် ကျန်မျိုးနွယ်အပေါ် များစွာသံယောဇဉ်မရှိပေ။ ကျန်းရီက ဆက်တိုက်ခိုက်မည် ဆိုလျှင်ပင် ကျန်ဝူရွှမ်းသည် ကျန်းရီဘက်မှနေ၍ ကျန်မျိုးနွယ်ကို တိုက်ခိုက်မည်ဖြစ်သည်။
ကျန်ဝူရွှမ်းက တိုက်ပွဲဧကရာဇ်ကို လှမ်းကြည့်ကာ ပြောလိုက်သည်။
“အရှင်ဧကရာဇ်... ကျန်းရီက သူ့အမှားကို သိနေပြီဆိုတော့ ကျွန်တော်တို့ သူ့ကို အခွင့်အရေးတစ်ခုပေးလို့ ရမလားခင်ဗျာ။ ပြီးတော့ ကျွန်တော်က ကျန်မျိုးနွယ်ကို ကိုယ်စားပြုပြီး အလျော်ကိစ္စကို သူနဲ့ ဆွေးနွေးလိုက်ပါမယ်... အဲ့လိုဆို အဆင်ပြေမလားခင်ဗျာ”
ကျန်းရီကလည်း ခေါင်းညိတ်၍ ပြုံးကာ ပြောလိုက်သည်။
“ဟုတ်ပါတယ် အဘိုးကျန်... ကျွန်တော့်ကို အခွင့်အရေးတစ်ခုပေးပါ။ ကျွန်တော်တို့ လက်ဆွဲနှုတ်ဆက်ပြီး ငြိမ်းချမ်းရေးယူကြမလား။ လျော်ကြေးကိစ္စအတွက်လည်း မပူပါနဲ့... ကျန်မျိုးနွယ်က ကျေနပ်စေရမယ်လို့ ကျွန်တော် အာမခံပါတယ်။ ကျွန်တော်တို့က မိတ်ဆွေတွေ ဖြစ်သွားပြီဆိုတော့ ဆက်တိုက်ခိုက်နေရင် ငြိမ်းချမ်းမှုကို ထိခိုက်စေလိမ့်မယ်”
***