← Chapters

ကျော်လွှား၍မရနိုင်သော အဟန့်အတားများကို ဖြတ်ကျော်ခြင်း

Vol. 82 Ch. 1133

ကျော်လွှား၍မရနိုင်သော အဟန့်အတားများကို ဖြတ်ကျော်ခြင်း

Vol. 82 Ch. 1133

ကျန်ဝူရွှမ်းနှင့် ကျန်းရီတို့က အတိုင်အဖောက်ညီညီ ပြောဆို၍ တိုက်ပွဲဧကရာဇ်နှင့် ကျန်မျိုးနွယ်ကို အလွန်လွယ်ကူသည့် ဂယ်ပေါက်တစ်ခု ပေးနေသည်။ အကယ်၍ တိုက်ပွဲဧကရာဇ်က မည်သည့်အချိန်တွင် အလျှော့ပေးရမည်ကို မသိလျှင် အရူးတစ်ယောက်သာ ဖြစ်ပေလိမ့်မည်။

သို့သော် တိုက်ပွဲဧကရာဇ်က သူ၏မာန်မာနကို ဆုပ်ကိုင်ထားနေသေးသည်။ သူက အရေးမစိုက်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်မှ သူ့ဘေးရှိ အကြီးအကဲတစ်ယောက်က လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

“ကျန်ဝူရွှမ်း... မင်း ဒီကိစ္စကို ကျန်မျိုးနွယ်ရဲ့ကိုယ်စား ဆွေးနွေးနိုင်တယ်။ တကယ်လို့ လျော်ကြေးက ကျန်မျိုးနွယ်ကို မကျေနပ်စေဘူးဆိုရင်တော့ ကျန်မျိုးနွယ်က ဆက်တိုက်ခိုက်မှာပဲ...”

ကျန်းရီက ထိုအကြီးအကဲကို အေးစက်စက် ကြည့်လိုက်၏။ ထိုအကြီးအကဲ ဆက်မပြောဝံ့တော့ဘဲ ပါးစပ်ပိတ်သွားသည်။ ထို့နောက် ကျန်းရီက ခပ်သဲ့သဲ့ပြုံးကာ ပြောလိုက်လေသည်။

“အစ်ကိုဝူရွှမ်း... ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲ လာခဲ့ပါ။ ကျွန်တော်တို့ စကားပြောကြမယ်”

ရွှီ...ရွှီ...

ဆန်းကြယ်နတ်ဘုရားနန်းတော်က ပျံသန်းသွား၏။ ၎င်း၏ အနက်ရောင်တံခါးကြီးကလည်း ဖြည်းဖြည်းချင်း ပွင့်သွားသည်။ ထို့နောက် ကျန်ဝူရွှမ်းက ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲသို့ ပျံဝင်သွားလေသည်။

တိုက်ပွဲဧကရာဇ်နှင့် နတ်ဘုရားတစ်ပိုင်း အကြီးအကဲများ၏ မျက်လုံးများက အရောင်လက်သွား၏။ သူတို့အားလုံးသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲသို့ ဝင်လိုကြသည်။ သို့သော် သူတို့သည် တွေး‌တောဆင်ခြင်ကာ မစွန့်စားရန် ဆုံးဖြတ်လိုက်ကြသည်။ ဆန်းကြယ်နတ်ဘုရားနန်း‌တော်အတွင်းရှိ အကန့်အသတ်အစီအရင်များက အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ အကယ်၍ သူတို့သာ အထဲတွင် ပိတ်မိသွားလျှင် ပြဿနာတက်သွားပေလိမ့်မည်။

“အဘိုးကျန်... နောက်မှ အတူတူ လက်ဖက်ရည်သောက်ကြတာပေါ့”

ဆန်းကြယ်နတ်ဘုရားနန်းတော်၏ တံခါးက ပြန်ပိတ်သွား၏။ ထို့နောက် အာကာပြင်က တုန်ခါလာပြီး ဧရာမအပေါက်ကြီးတစ်ပေါက် ထပ်မံ ထွက်ပေါ်လာသည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်သည် ထိုအပေါက်အတွင်းသို့ ဝင်ကာ ပျောက်ကွယ်သွားလေသည်။

ကြီးမားသော တိုက်ပွဲကြီးတစ်ပွဲနှင့် ကျန်မျိုးနွယ်ဝင်များ၏ ဘေးဒုက္ခက ကျန်ဝူရွှမ်း ထွက်ပေါ်လာခြင်းကြောင့် ရုတ်တရက် ပြီးဆုံးသွားသည်။ ကြောက်မက်ဖွယ် တိုက်ပွဲကြီး အဆုံးသတ်သွားပေပြီ။

ဆန်းကြယ်ဧကရာဇ်မြို့က ပြန်၍ ငြိမ်းချမ်းလာသည်။ ပတ်ဝန်းကျင်တစ်ခွင်လုံးကလည်း လုံးဝတိတ်ဆိတ်နေသည်။ သို့သော် မြို့ထဲရှိ အလောင်းများနှင့် လေထုထဲရှိ သွေးမှုန်သွေးမွှားများက တိုက်ပွဲက မည်မျှ ဆိုးရွားခဲ့ကြောင်း လူများကို အမှတ်ရနေစေသည်။ မြို့ထဲရှိ လူများစွာက မှင်တက်နေဆဲပင်။ သူတို့ သေလုမတတ် ကြောက်ရွံ့ခဲ့ရသည် မဟုတ်ပါလား။ ကလေးများ၏ မျက်ဝန်းများအတွင်း၌လည်း အကြောက်တရားများ ပြည့်နှက်နေသေးသည်။ သူတို့သည် တစ်သက်လုံး ထိုနေ့ကို မေ့နိုင်လောက်တော့မည် မဟုတ်ပေ။ မိစ္ဆာတစ်ကောင်ကဲ့သို့ သတ်ဖြတ်ခဲ့သည့် လူငယ်ကိုလည်း သူတို့ မေ့နိုင်ကြမည် မဟုတ်ချေ။

“အိမ်ပြန်ကြစို့”

ဓားဧကရာဇ်က လက်ဝှေ့ယမ်းကာ ပြောလိုက်ပြီး သူ့လူများနှင့်အတူ ထွက်ခွာသွားသည်။ ယဉ်ဧကရာဇ်ကလည်း ကောင်းကင်ထက်သို့ ခေတ္တမျှ ငေးကြည့်ပြီးနောက် သူ့လူများကို ခေါ်၍ ထွက်သွားလေသည်။ ရွှမ်ဧကရာဇ်လည်း တိတ်တဆိတ်ထွက်သွားသည်။ အသံလှိုင်းဧကရာဇ်သည်လည်း ချန်မျိုးနွယ်မှ လူများနှင့်အတူ ထွက်သွားလိုက်သည်။ ကျန်းရီက သူတို့၏အကူအညီကို မလိုတော့ပေ။ ယခုတွင် သူ၏စွမ်းရည်များက အသံလှိုင်းဧကရာဇ်၏ စွမ်းရည်များထက်ပင် စွမ်းအားကြီးနေပြီဖြစ်သည်။

တိုက်ပွဲကို ကြည့်နေကြသော မျိုးနွယ်ကြီး၊ မျိုးနွယ်ငယ်များမှ သိန်းချီသော လူများကလည်း ထွက်ခွာသွားကြသည်။ ယခုတွင် တိုက်ပွဲက ပြီးဆုံးသွားပြီဖြစ်၍ မည်သူမှ ဆက်မနေဝံ့ကြတော့ပေ။ ကျန်မျိုးနွယ်၏ ဒေါသက သူတို့အပေါ်သို့ ပုံကျလာမည်ကို သူတို့ ကြောက်ပေသည်။ ယနေ့တိုက်ပွဲက ပြီးဆုံးသွားပြီး ကျန်းရီက ထွက်သွားခဲ့သော်လည်း ကျန်းရီ၏ အကျင့်စရိုက်အရ အရှေ့ဘက် တော်ဝင်နယ်မြေသည် ဆက်၍ အေးချမ်းနိုင်တော့မည် မဟုတ်ပေ။ တိုက်ပွဲဧကရာဇ်ကလည်း ယနေ့ဖြစ်ခဲ့သောကိစ္စကို အခဲကျေနိုင်မည် မဟုတ်ချေ။ မြောက်ဘက်ဧကရာဇ်၊ မိစ္ဆာဧကရာဇ်နှင့် သားရဲဧကရာဇ်တို့ကလည်း ငြိမ်နေကြမည်မဟုတ်။ ထိုဧကရာဇ်များက ကျန်းရီကို သတ်နိုင်မည့် နည်းလမ်းများကို ရှာကြပေလိမ့်မည်။ ဆက်ဖြစ်လာမည့် တိုက်ပွဲများကို ရှောင်လွှဲ၍ မရနိုင်ပေ။ မကြာခင်တွင် ယနေ့တိုက်ပွဲထက် ပို၍ကြီးသော တိုက်ပွဲများ ဖြစ်ပွားလာမည်ဖြစ်သည်။

***

ကျန်းရီသည် ဆန်းကြယ်ဧကရာဇ်မြို့နှင့် အလွန်ဝေးသောနေရာသို့ မသွားလိုပေ။ သို့သော် ဆန်းကြယ်နတ်ဘုရားနန်းတော်က အလွန်စွမ်းအားကြီးသဖြင့် ၎င်း၏ ကောင်းကင်ရှောင်တိမ်းခြင်းက ပိုဝေးဝေးရောက်ကြောင်း သူ သိလိုက်ရသည်။ ငါးမိနစ်အတွင်းမှာပင် ဆန်းကြယ်နတ်ဘုရားနန်းတော်က ကီလိုမီတာငါးသိန်း သွားပြီးပေပြီ။ ၎င်းက တော်ဝင်နယ်မြေအရှေ့ဘက်ရှိ တောင်တစ်လုံးပေါ်တွင် ပြန်ထွက်ပေါ်လာသည်။

ကျန်းရီသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ရပ်တန့်လိုက်ပြီး ကောင်းကင်နားလည်သိမြင်ခြင်းကို ထုတ်လွှတ်၍ ကီလိုမီတာငါးသိန်းပတ်လည်အတွင်း  စူးစမ်းလိုက်သည်။ ပတ်ဝန်းကျင်တွင် မည်သည့် စွမ်းအားကြီး နတ်ဘုရားတစ်ပိုင်းမှ ရှိမနေကြောင်း အတည်ပြုပြီးသောအခါ သူ ကျန်ဝူရွှမ်းကို ကြည့်ကာ ပြောလိုက်သည်။

“အစ်ကိုဝူရွှမ်း... အစ်ကို့ရဲ့မျိုးရိုးက ကျန်မျိုးနွယ်က မဟုတ်ဘူးလို့ အစ်ကို ပြောခဲ့တယ်မလား။ ဘာလို့ အစ်ကိုက ရုတ်တရက်ကြီး ကျန်မျိုးနွယ်က တပည့်တစ်ယောက် ဖြစ်သွားရတာလဲ။ ကျွန်တော် တကယ်တောင်းပန်ပါတယ်... အစ်ကိုက ကျန်မျိုးနွယ်နဲ့ ပတ်သတ်နေတယ်ဆိုတာကို ကျွန်တော် မသိခဲ့ဘူး...”

“ကျန်းရီ... မင်း တောင်းပန်စရာ မလိုပါဘူးကွာ”

ကျန်ဝူရွှမ်းက လက်ခါကာ ပြောလိုက်သည်။

“မင်း ကျန်မျိုးနွယ်တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်ရင်တောင် ငါက သိပ်အရေးထားမှာ မဟုတ်ပါဘူး။ ငါက ကျန်မျိုးနွယ်အပေါ် သံယောဇဉ်မရှိပါဘူး။ တကယ်တော့ ဒီမှာနေခဲ့ရတဲ့ နှစ်ပိုင်းအတွင်း ငါ ကျန်မျိုးနွယ်ကို မုန်းတီးလာတယ်။ အဲ့လိုမျိုးနွယ်ကြီးတစ်ခုမှာ သစ္စာဖောက်တာတွေ၊ နောက်ကျောကို ဓားနဲ့ထိုးတာမျိုးတွေ အများကြီးပဲ။ ကျန်မျိုးနွယ်က သခင်လေးတွေကလည်း ငါ့ကို သတ်ဖို့ ကြိုးစားခဲ့တယ်။ ငါသာ နှစ်နှစ်လုံးလုံး အခန်းအောင်းကျင့်ကြံမနေခဲ့ရင် အခုလောက်ဆို သေနေလောက်ပြီ...”

“ငါက ဘာလို့ ကျန်မျိုးနွယ်က တပည့်တစ်ယောက် ဖြစ်နေလည်းဆိုတာကတော့ ရှင်းပြရမှာ ရှည်တယ်...”

ကျန်ဝူရွှမ်းက သက်ပြင်းသဲ့သဲ့ချကာ စတင်ရှင်းပြလိုက်သည်။ ကျန်းရီသည် အရှေ့ဘက် တော်ဝင်နယ်မြေတွင် သူမည်သူဖြစ်ကြောင်း ပေါ်သွားလျှင် ကျန်ဝူရွှမ်းကို တော်ဝင်နယ်မြေဆီ လာခဲ့ဖို့ ပြောခဲ့သည်။ ကျန်ဝူရွှမ်းက ထိုစကားကို လိုက်နာခဲ့သည်။ ကျန်ရီက ဝူမျိုးနွယ်၏ ဒေသလေးခုတွင် သွေးချောင်းစီးစေခဲ့သောအခါ ကျန်ဝူရွှမ်း တော်ဝင်နယ်မြေဆီသို့ စတင် ထွက်ခွာခဲ့သည်။ ချမ်ဝမ်ကွမ်း၏ အစီအစဉ်များအောက်တွင် သူ အရှေ့ဘက် တော်ဝင်နယ်မြေကို လျှို့ဝှက်စွာ ရောက်လာနိုင်ခဲ့သည်။

ကျန်ဝူရွှမ်းသည် အမြဲ သိုသိုသိပ်သိပ် နေခဲ့သည်။ သူက စွမ်းအားကြီးသူတစ်ယောက် မဟုတ်ပေ။ ထို့ကြောင့် သူက ရှန်းစီမြို့တွင် ကျန်းရီနှင့်အတူ နေထိုင်ခဲ့သော်လည်း တော်ဝင်နယ်မြေမှ မျိုးနွယ်ကြီးများတွင် သူနှင့်ပတ်သတ်သော သတင်းအချက်အလက်များ များစွာမရှိချေ။ သူက အာရုံစိုက်ခံရရန် မထိုက်တန်သော ပမွှားလေးတစ်ယောက်သာ။ သို့ဖြစ်၍ သူ အရှေ့ဘက် တော်ဝင်နယ်မြေသို့ ရောက်ပြီးနောက်တွင် လုံလုံခြုံခြုံ နေနိုင်ခဲ့သည်။

ကျန်ဝူရွှမ်းသည် သူ့မိသားစုက သူ့ကိုပေးခဲ့သော အမိန့်ပြားကို သုံး၍ သူ၏မျိုးနွယ်ကို ကြိုးစားရှာဖွေခဲ့၏။ ချမ်ဝမ်ကွမ်းက သူ့ကို ကောင်းကင်ကျောက်တုံး အမြောက်အမြား ပေးလိုက်၍ သူသည် သွားလိုရာနေရာတိုင်းသို့ တည်နေရာပြောင်းရွှေ့ကာ သွားနိုင်ခဲ့သည်။ လမ်းတစ်လျှောက်တွင် သူ မည်သည့်အန္တရာယ်နှင့်မှ မကြုံခဲ့ရပေ။ လအနည်းငယ်ကြာပြီးနောက် သူ သူ၏မျိုးနွယ်ကို ရှာတွေ့ခဲ့သည်။ သို့သော် ထိုမျိုးနွယ်က ကျန်မျိုးနွယ်၏ မျိုးနွယ်ခွဲတစ်ခု ဖြစ်နေသည်။

ကျန်ဝူရွှမ်းသည် သူမည်သူဆိုသောအကြောင်းကို ဖုံးကွယ်ထားပြီး သူက အပြင်ဘက်တွင် လေလွင့်နေသော တပည့်တစ်ယောက်ဟုသာ ပြောခဲ့သည်။ သူက ကောင်းကင်ကြယ်တာရာနယ်မြေမှ လာခဲ့သည်ဆိုသော အကြောင်းကိုလည်း ထုတ်မပြောခဲ့ပေ။ ထိုမျိုးနွယ်ခွဲတွင် သူနှင့်ပတ်သတ်သော မှတ်တမ်းများ မရှိသော်လည်း သူက အမှန်ပင် ကျန်မျိုးနွယ်နှင့် သွေးသားတော်စပ်နေ၍ ကျန်မျိုးနွယ်က သူ့ကို တပည့်အဖြစ် လက်ခံခဲ့သည်။

ကျန်မျိုးနွယ်က ထူးခြားသော မျိုးနွယ်တစ်ခုပင်။ ဆန်းကြယ်ဧကရာဇ်မြို့ထဲရှိ တိုက်ပွဲဧကရာဇ်ရဲတိုက်ဝန်းထဲတွင် တိုက်ပွဲဝိညာဉ်ရေကန်တစ်ကန် ရှိသည်။ ကျန်မျိုးနွယ်မှ တပည့်တိုင်းသည် ထိုတိုက်ပွဲဝိညာဉ်ရေကန်ထဲတွင် စိမ်၍ သူတို့၏ ရိုးတွင်းချဉ်ဆီများနှင့် သွေးကြောများကို သန့်စင်နိုင်သည်။ ထိုသို့သန့်စင်လိုက်လျှင် သွေးလည်ပတ်မှုက ပိုကောင်းသွားမည်ဖြစ်သည်။ ကျန်ဝူရွှမ်းကလည်း တပည့်တစ်ယောက် ဖြစ်လာပြီဖြစ်၍ ရေကန်ထဲတွင် စိမ်ခွင့်ရခဲ့သည်။

မမျှော်လင့်ထားစွာပင် ကျန်ဝူရွှမ်း ရေကန်ထဲသို့ ဆင်းလိုက်သည်နှင့် ရေကန်က ထူးဆန်းစွာ တုံ့ပြန်လာခဲ့သည်။ ကျန်ဝူရွှမ်းသည်လည်း ချက်ချင်း အထွတ်အထိပ်အဆင့်သို့ ရောက်သွားခဲ့သည်။ ထိုအဖြစ်က ကျန်မျိုးနွယ်မှ အကြီးအကဲများနှင့် တိုက်ပွဲဧကရာဇ်ကို အံ့အားသင့်သွားစေခဲ့သည်။ ထိုစဉ်မှစ၍ ကျန်ဝူရွှမ်းသည် တိုက်ပွဲဧကရာဇ်ရဲတိုက်ထဲတွင် နေခွင့်ရခဲ့ပြီး အတွင်းတပည့်ဆိုသော ဂုဏ်ပုဒ်ကို ရခဲ့သည်။ ထို့ပြင် သူသည် ကိုယ်ပိုင်ရဲတိုက်တစ်လုံးကိုလည်း ရခဲ့သည်။

ရိုးတွင်းချဉ်ဆီများနှင့် သွေးကြောများကို သန့်စင်ပြီးနောက်တွင် သွေးလည်ပတ်မှုအား ကောင်းလာ၍ ကျန်ဝူရွှမ်းသည် ကျော်လွှားရန်မဖြစ်နိုင်သော အဟန့်အတားများကို ဖြတ်ကျော်နိုင်ခဲ့သည်။ နှစ်နှစ်အတွင်းမှာပင် သူ နတ်ဘုရားတစ်ပိုင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ ကျန်းရီ၏ တိုက်ပွဲကြောင့်သာ မဟုတ်လျှင် ကျန်ဝူရွှမ်း၏အမည်က လောကတစ်ခွင်လုံးတွင် ‌ကျော်ကြားသွားတော့မည်ဖြစ်သည်။ ထို့အပြင် သူသည် နောက်တက်မည့် မျိုးနွယ်ခေါင်းဆောင်ငယ်အဖြစ် လျာထားခံရမည်လည်းဖြစ်သည်။

“အာ...”

ကျန်းရီသည် ကျန်ဝူရွှမ်း၏ ရှင်းပြချက်များကို နားထောင်ပြီးနောက် ခါးသက်သက်ပြုံးကာ ပြောလိုက်၏။

“အစ်ကိုဝူရွှမ်း... အစ်ကို လွန်ခဲ့တဲ့ တစ်လ၊ နှစ်လလောက်ကသာ အဆင့်တက်ခဲ့ရင် ကောင်းမှာ။ အဲ့လိုဆိုရင် ကျွန်တော်လည်း ကျန်မျိုးနွယ်နဲ့ တိုက်ခိုက်မိတော့မှာ မဟုတ်ဘူး။ အခုတော့ အခြေအနေက ဒီအဆင့်အထိ ရောက်လာပြီဆိုတော့ အစ်ကိုက မျိုးနွယ်ခေါင်းဆောင်ငယ် ဖြစ်နိုင်တော့မှာ မဟုတ်ဘူး။ အစ်ကိုက ကျွန်တော်နဲ့ ပတ်သတ်နေတယ်မလား။ အဲ့တော့ တိုက်ပွဲဧကရာဇ်က သေချာပေါက် ခွင့်ပြုမှာ မဟုတ်ဘူး”

“ဟားဟားဟား...”

ကျန်ဝူရွှမ်းက ကျယ်လောင်စွာ ရယ်လိုက်၏။ သူသည် တဖြည်းဖြည်းဖြင့် ပို၍ယုံကြည်မှုရှိလာပုံပေါ်၏။ သူ၏ပုံစံက ယခင် ဝိညာဉ်သားရဲကျောင်းတော်မှ ကျန်မျိုးနွယ်သခင်လေး၏ပုံစံ ပြန်ပေါက်လာသည်။ သူသည် ရယ်ပြီးနောက် ခေါင်းခါကာ ပြောလိုက်လေသည်။

“ကျန်းရီ... မင်း မှားနေပြီ။ တိုက်ပွဲဧကရာဇ်က ငါ့ကို မျိုးနွယ်ခေါင်းဆောင်ငယ် လုပ်ခိုင်းရင်တောင် ငါက ငြင်းမှာပဲ။ အဲ့လိုမျိုးနွယ်ကြီးတွေက အညစ်ပတ်ဆုံး၊ ရုပ်အဆိုးဆုံးပဲ...”

“ကျန်ထျန်းလဲ့က ငါ့ကို သတ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တယ်။ တခြားသခင်လေးတွေကလည်း ငါ့ကို လှောင်ပြောင်စော်ကားခဲ့ကြတယ်... ငါ အခက်တွေ့အောင် လုပ်ခဲ့ကြတယ်။ ကျန်မျိုးနွယ်က အစေခံတွေကတောင် ငါ့ကို မျိုးနွယ်ခွဲတစ်ခုက မျိုးမစစ်တစ်ယောက်ဆိုပြီး အထင်သေးခဲ့ကြတယ်။ ငါ့အတွက် အဲ့လိုကျန်မျိုးနွယ်က ဘာမှ အသုံးမဝင်ဘူး။ ငါ ကျန်ဝူရွှမ်းက ကိုယ်ပိုင်ကျန်မျိုးနွယ်တစ်ခုကို တည်ထောင်လို့ မရဘူးလား။ ငါက မျိုးနွယ်ခေါင်းဆောင် ဖြစ်မလာနိုင်ဘူးလား”

“ကောင်းတယ်... အဲ့ဒါမှ ကျွန်တော်သိတဲ့ အစ်ကိုဝူရွှမ်းပဲ”

ကျန်းရီက အားရစွာ ပြောလိုက်သည်။ ထို့နောက် သူ တစ်စုံတစ်ခုကို တွေးမိသွား၍ မေးလိုက်လေသည်။

“ဒါနဲ့ အစ်ကိုဝူရွှမ်း... အစ်ကို ကျန်မျိုးနွယ်ကို ပြန်ချင်သေးလား။ မပြန်ချင်တော့ဘူးဆိုရင် ကျွန်တော်နဲ့အတူ လိုက်ခဲ့ပါ”

“ငါ မပြန်တော့ဘူး။ မင်းနဲ့ အတူနေရတာက ပိုကောင်းတယ်”

ကျန်ဝူရွှမ်းက အလွန်ပြတ်သားနေသည်။ ထို့နောက် သူ ဆက်ပြောလိုက်သည်။

“မင်းရဲ့အစွမ်းအစက မဆိုးဘူး။ ဆန်းကြယ်နတ်ဘုရားနန်းတော်တောင် မင်းလက်ထဲကို ရောက်လာခဲ့တယ်။ မင်းက ဆန်းကြယ်ဧကရာဇ်မြို့ထဲမှာလည်း လူတွေအမျာကြီးကို သတ်နိုင်ခဲ့တယ်။ မင်းရဲ့စွမ်းအားက ကြယ်ကိုးပွင့်အဆင့်ကို ရောက်သွားပြီလား”

“ကျွန်တော့်ပုံစံက ကြယ်ကိုးပွင့်အဆင့် သိုင်းပညာရှင်တစ်ယောက်နဲ့ တူနေလို့လား”

ကျန်းရီက မျက်လုံးပင့်ကာ ပြောလိုက်သည်။

“ကျွန်တော်က နတ်ဘုရားတစ်ပိုင်းအဆင့်ကိုတောင် မရောက်သေးဘူး။ ကျွန်တော် တိုက်ပွဲဧကရာဇ်နဲ့ ယှဉ်နိုင်ခဲ့တာက ဒီဆန်းကြယ်နတ်ဘုရားနန်းတော်ရဲ့ ကျေးဇူးကြောင့်ပဲ။ အဲ့ဇာတ်လမ်းက ရှည်တယ်... ကျွန်တော် နောက်မှပဲ အစ်ကို့ကို အေးအေး‌ဆေးဆေး ရှင်းပြပါမယ်”

“အင်း...”

ကျန်ဝူရွှမ်း ခေါင်းညိတ်ကာ ပြောလိုက်သည်။

“အခု ငါတို့ ဘယ်ကိုသွားကြမလဲ။ အပြစ်သားကျွန်းကို ပြန်ကြမလား။ ငါ မပြန်ဖြစ်တာ နှစ်နဲ့ချီကြာပြီ။ ယွင်ဖေးတစ်ယောက် နေထိုင်ကောင်းရဲ့လားမသိဘူး။ အို့..ဟုတ်သား... ကျန်းရီ... အခု ငါ့မှာ ကလေးတစ်ယောက် ရှိနေပြီ.. ယောက်ျားလေး... အခုလောက်ဆို သူက သုံးနှစ်လောက်တော့ ရှိရောပေါ့”

“ဟားဟားဟား... ဂုဏ်ပြုပါတယ်၊ ဂုဏ်ပြုပါတယ်။ ကျွန်တော်လည်း ဦးလေးတစ်ယောက် ဖြစ်လာပြီပေါ့”

ကျန်းရီသည် အလွန်ဝမ်းသာသွားပြီး ကျန်ဝူရွှမ်းအတွက် အမှန်ပင် ဝမ်းမြောက်နေမိပေသည်။ သူ အံ့အားသင့်၍လည်း နေမိသည်။ အချိန်က အမှန်ပင် လျင်မြန်စွာ ကုန်ဆုံးနေသည်။ သူက ဦးလေးတစ်ယောက်ပင် ဖြစ်နေပေပြီ။

ထို့နောက် ကျန်းရီသည် ခေတ္တမျှ တွေးတောလိုက်ပြီး ခေါင်းခါကာ ပြောလိုက်သည်။

“ကျွန်တော်တို့ အခု ပြန်သွားလို့ မဖြစ်သေးဘူး။ ကျွန်တော် နှင်းဒေသကို သွားပြီး လောရွှယ်ကို ပြန်ခေါ်ရဦးမယ်။ လောရွှယ်ကို ပြန်ခေါ်ပြီးတာနဲ့ ကျွန်တော်တို့ အပြစ်သားကျွန်းကို ချက်ချင်းပြန်ကြမယ်။ ဖက်တီးတို့၊ ဖုန်းလန်တို့နဲ့ တခြားသူတွေ ဘာတွေများ လုပ်နေကြမလဲ...”

***

All Chapters