ဖြစ်အံ့သော ဘေးဒုက္ခ
Vol. 82 Ch. 1134
ကျန်းရီသည် ဖန်စေတီကို ရလိုက်ပြီဖြစ်သည်။ ၎င်းက ကျန်ထျန်းလဲ့၏ ရှေးဟောင်းနတ်ဘုရားလက်စွပ်ထဲတွင် ဖြစ်သည်။ ထို့ကြောင့် ကျန်းရီသည် အခြားမည်သည်ကိုမှ မလုပ်လိုတော့ဘဲ စုလောရွှယ်ကို သွားခေါ်၍ အပြစ်သားကျွန်းသို့သာ ပြန်သွားလိုနေသည်။ ဝူမျိုးနွယ်အား လက်စားချေမည့်ကိစ္စကို နောက်ပိုင်းမှ အစီအစဉ်ဆွဲနိုင်သည်။
“အို့...ဟုတ်သား”
ကျန်းရီသည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးလိုက်မိ၏။ သူ သက်ငယ်မိုးအိမ်ဆီသို့သွား၍ လက်ဝှေ့ယမ်းလိုက်သည်။ သက်ငယ်မိုးအိမ်၏တံခါး ပွင့်လာပြီး အထဲမှနေ၍ ပြိုင်ဘက်ကင်း အလှပဂေးလေးနှစ်ယောက် ထွက်လာသည်။ ကျန်ဝူရွှမ်း၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွား၏။ သူ ကျန်းရီကို ပြုံး၍ ကြည့်ကာ ပြောလိုက်သည်။
“ဒီနှစ်ယောက်က မင်းရဲ့ ဇနီးတွေပဲ ဖြစ်ရမယ်။ နှစ်ယောက်လုံးကို တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်က ကျန်းရီရဲ့အစ်ကို ကျန်ဝူရွှမ်းပါ”
‘ဇနီး’ဟူသော စကားလုံးက ယဉ်ရို့ပင်းနှင့် ရီချန်တို့ကို အလွန်ရှက်ရွံ့သွားစေသည်။ သူမတို့သည် ရှက်လွန်းသဖြင့် ရေခဲလွှာထဲပင် တိုးဝင်သွားလိုနေသည်။ ယဉ်ရို့ပင်းက ရှက်ရုံသာ ရှက်နေသော်လည်း ရီချန်ကမူ ရှက်ဒေါသလေးထွက်နေသည်။ သို့သော် ထိုသူက ကျန်းရီ၏အစ်ကိုဖြစ်၍ သူမ သူ့အပေါ် ဒေါသမထွက်လိုပေ။ ထို့ကြောင့် ရီချန် ကျန်းရီကိုသာ စိုက်ကြည့်လိုက်သည်။
ကျန်းရီသည်လည်း အိုးတိုးအန်းတန်းဖြစ်သွားပြီး နှာခေါင်းကုတ်ကာ ရှင်းပြလိုက်သည်။
“အာ... သူက ကျွန်တော့်ရဲ့ ဇနီး ယဉ်ရို့ပင်းပါ။ တခြားတစ်ယောက်ကတော့ ကျွန်တော့်ရဲ့ ဇနီး.. မဟုတ်သေးပါဘူး...”
“ခစ်ခစ်...”
ယဉ်ရို့ပင်းက ရုတ်တရက် ရယ်လိုက်ပြီး ရီချန်ကို စနောက်ဟန်ဖြင့် ကြည့်လိုက်သည်။ ရီချန်သည် အမှန်ပင် ဒေါသထွက်သွားပြီး ကျန်းရီကို မျက်လုံးစိမ်းကြီးများနှင့်ကြည့်ကာ ပြောလိုက်လေသည်။
“ကျန်းရီ... ရှင် ဘာပြောတာလဲ။ မဟုတ်သေးဘူးဆိုတာက ဘာအဓိပ္ပာယ်လဲ”
“အာ... ငါ မှားတာပါ၊ ငါ မှားတာ”
ကျန်းရီက ပြာပြာသလဲ ရှင်းပြလိုက်သည်။
“အဟမ်း... အစ်ကိုဝူရွှမ်း... ကျွန်တော်နဲ့ သခင်မလေးရီချန်က ဘာမှ မဆိုင်ပါဘူး”
“အင်းပါ...အင်းပါ။ မင်း ဆက်ရှင်းပြမနေပါနဲ့တော့။ ငါ နားလည်ပါတယ်”
ကျန်ဝူရွှမ်းက ရယ်မောကာ ပြောလိုက်သည်။ ရီချန်သည် သက်ငယ်မိုးအိမ်ထဲသို့ ပြန်လျှောက်သွားလိုက်ပြီး အေးစက်စက် ပြောလိုက်သည်။
“ကျန်းရီ... ကျွန်မကို အပြင်ပြန်ပို့ပေးတော့။ ကျွန်မ အိမ်ပြန်ချင်ပြီ”
“ကောင်းပြီလေ”
ကျန်းရီ သက်ပြင်းသဲ့သဲ့ချ၍ ပြောလိုက်သည်။
“ငါက နှင်းဒေသကို သွားတော့မလိုပဲ။ လမ်းမှာ ငါ မင်းကို အိမ်ပြန်ပို့ပေးနိုင်ပါတယ်”
ယဉ်ရို့ပင်းသည် ထိုစကားကို ကြားသောအခါ မျက်လုံးလေးများ အရောင်မှိန်သွား၏။ ယဉ်ဧကရာဇ်၏ စကားများက သူမကို စိတ်ထိခိုက်စေနေသေးကြောင်း ထင်ရှားပေသည်။ ကျန်းရီသည် သူမကို ကြည့်လိုက်ပြီး သူမ၏လက်ကို ဆွဲကိုင်ကာ ပြောလိုက်သည်။
“ရို့ပင်း... ငါ့ကို ယုံပါ။ အနှေးနဲ့အမြန်ဆိုသလို ယဉ်မျိုးနွယ်က ငါတို့ကို လက်ခံလာမှာပါ။ ငါ မင်းကို တခမ်းတနားနဲ့ အိမ်ပြန်စေရပါတယ်။ ယဉ်မျိုးနွယ်က မင်းရဲ့ ဆုံးဖြတ်ချက်အတွက် ဂုဏ်ယူလာရစေမယ်”
ယဉ်ရို့ပင်းက ခေါင်းညိတ်လိုက်၏။ ထို့နောက် သူမ စိတ်ဝင်တစား မေးလိုက်သည်။
“ကျန်းရီ... အပြင်မှာ အခြေအနေ ဘယ်လိုရှိလဲ။ ဆန်းကြယ်နတ်ဘုရားနန်းတော်က လုံခြုံသွားပြီလား”
“လုံခြုံသွားပြီ”
ကျန်းရီက ယုံကြည်မှုရှိရှိ ပြောလိုက်သည်။
“ဆန်းကြယ်နတ်ဘုရားနန်းတော်က ကောင်းကင်ကြယ်တာရာနယ်နမိတ်တစ်ခွင်လုံးမှာ အလုံခြုံဆုံးနေရာပဲ။ နတ်ဘုရားတစ်ပိုင်းတွေ အကုန်လုံး လာတိုက်ခိုက်ရင်တောင် ဘာအန္တရာယ်မှရှိမှာ မဟုတ်ဘူး။ မင်း စိတ်အေးလက်အေး နေနိုင်ပါတယ်... ဘာကိုမှ စိုးရိမ်နေစရာမလိုဘူး။ ဘာပဲဖြစ်လာဖြစ်လာ ငါ ဖြေရှင်းမှာပါ”
ကျန်းရီသည် ယဉ်ရို့ပင်းအား အပြင်ဘက်မှ အခြေအနေကိုတော့ မရှင်းပြလိုက်ပေ။ ယဉ်ရို့ပင်းက ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှ မျိုးနွယ်ဝင်တစ်ယောက် မဟုတ်ပါလား။ ထို့ပြင် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို သုံး၍ ကျန်မျိုးနွယ်ဝင်များကို သတ်ဖြတ်ခဲ့သည့်ကိစ္စမှာ ကြွားဝါနေရမည့်ကိစ္စမဟုတ်ပေ။
ထို့ကြောင့် ကျန်းရီ စကားလမ်းကြောင်းလွှဲလိုက်သည်။ သူ လက်ဝှေ့ယမ်းလိုက်ရာ အကန့်အသတ်အစီအရင်များက ရုတ်တရက် တုန်ခါသွားသည်။ ထို့နောက် သူတို့အားလုံးသည် ထိုနေရာမှ ပျောက်ကွယ်သွားပြီး လှပသော ခန်းမတစ်ခုထဲတွင် ပြန်ထွက်ပေါ်လာလေသည်။
“ဒါက ဘယ်နေရာလဲ။ အရမ်းလှတာပဲ”
ယဉ်ရို့ပင်းက လှည့်ပတ်ကြည့်လိုက်၏။ သူမ အာရုံစိုက်သောအရာက ပြောင်းလဲသွားပေပြီ။ ရီချန်သည်လည်း ထိုခန်းမထဲသို့ ပါလာ၏။ သူမသည် ထိုနေရာ၏ လှပမှုကို ကြည့်ကာ မျက်လုံးများ အရောင်လက်လာသည်။ ထိုခန်းမက အလွန်ခမ်းနားထည်ဝါသည်။ ခန်းမနံရံအနှံ့တွင် ရတနာများ အစီအရီ ရှိနေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် စွမ်းအားကြီး အရှိန်အဝါ ရှိသော ရှေးဟောင်းအသုံးအဆောင် ဒါဇင်အနည်းငယ်ကို မြင်နိုင်ပေသည်။ အတုအယောင် နတ်ဘုရား အသုံးအဆောင်များမှာမူ မရေမတွက်နိုင်ပေ။
ကျန်းရီ ပြုံးကာ ရှင်းပြလိုက်သည်။
“ဒါက ဆန်းကြယ်ဧကရာဇ်စံအိမ်ပဲ။ ဆန်းကြယ်ဧကရာဇ်က သူ့ရဲ့ရတနာတွေကို သိမ်းတဲ့နေရာပေါ့။ ဒီမှာ မူလရတနာတွေ ထောင်နဲ့ချီ ရှိတယ်။ မင်းတို့ ကြိုက်တဲ့ရတနာတွေကို တွေ့ရင် ယူလိုက်ကြ။ ဘေးမှာ မင်းတို့ အနားယူပြီး ကျင့်ကြံနိုင်တဲ့ အခန်းလေးတွေလည်း ရှိသေးတယ်။ အဲ့က ကျင့်ကြံနှုန်းက အပြင်ကထက် အဆတစ်ထောင် ပိုမြန်တယ်။ ပြီးတော့ ဘယ်ဘက်ခြမ်းက အခန်းလေးထဲမှာ ကောင်းကင်ပန်းချီကားသုံးချပ် ရှိတယ်။ အဲ့ပန်းချီကားတွေက ဆန်းကြယ်ဧကရာဇ်ကိုယ်တိုင် ဆွဲထားတဲ့ ပန်းချီကားတွေပဲ... စွမ်းအားကြီးတဲ့ တာအိုအရှိန်အဝါကို ပိုင်ဆိုင်ထားကြတယ်။ မင်းတို့ သွားပြီး လေ့လာချင်ရင် လေ့လာကြည့်ကြပေါ့”
“ထောင်နဲ့ချီပြီလား...”
ယဉ်ရို့ပင်းနှင့် ရီချန်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ အတိတ်တွင် ဆန်းကြယ်နတ်ဘုရားနန်းတော်က နှစ်တစ်ထောင်လျှင်တစ်ခါ ထွက်ပေါ်လာခဲ့သည်။ မရေမတွက်နိုင်သော လူများသည် ရတနာဆယ်ခုမျှ ရနိုင်ရန်အတွက် သေသည်အထိ တိုက်ခိုက်ခဲ့ကြရသည်။ သို့သော် ကျန်းရီကမူ တစ်ချီတည်းနှင့် ထောင်ချီသော ရတနာများကို ရလိုက်သည်လော။
ကျန်ဝူရွှမ်းသည်လည်း မျက်လုံးများ အရောင်လက်သွားသည်။ ထို့နောက် သူသည် သူနှင့်သင့်တော်မည့် လက်နက်များကို လိုက်ရှာလိုက်သည်။ သူသည် အားနာမနေဘဲ မကြာမကြာဆိုသလို ကျန်းရီကို လှည့်ကြည့်၍ ပြောနေသည်။
“ဒါက ပစ္စည်းကောင်းပဲ... ပစ္စည်းကောင်း၊ ကျန်းရီ မင်းက အခု တော်တော်ချမ်းသာနေပြီပဲ... ဒီမူလရတနာတွေကိုသာ ရောင်းလိုက်ရင် ကောင်းကင်ကျောက်တုံးတွေကို မရေမတွက်နိုင်အောင် ရမှာပဲ”
“ဟားဟားဟား...”
ကျန်းရီက ကျယ်လောင်စွာ ရယ်လိုက်သည်။ ကျန်ဝူရွှမ်းသည် နတ်ဘုရားတစ်ပိုင်း ဖြစ်သွားပြီဖြစ်သော်လည်း ကျန်းရီကဲ့သို့သာဖြစ်သည်။ သူတို့က နယ်မြေအသေးလေးတစ်ခုတွင် ကြီးပြင်းခဲ့သူများဖြစ်၍ လောကကြီးအကြောင်းကို များစွာမသိပေ။ ထိုအခိုက်တွင် ကျန်ဝူရွှမ်းက ကောင်းကင်ကျောက်တုံးများအကြောင်းကို တွေးနေပေသေးသည်။
“ကဲ... အားလုံး အနားယူပြီး ကျင့်ကြံနေကြပါ။ ကျွန်တော် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ဗုဒ္ဓဒေသဆီ အရင်ဆုံး သွားခိုင်းလိုက်မယ်”
ကျန်းရီသည် တင်ပျဉ်ခွေထိုင်လိုက်ပြီး စိတ်အာရုံကို အသုံးပြုကာ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ထိန်းချုပ်လိုက်သည်။ သူသည် ဖန်စေတီကို ရထားပြီဖြစ်၍ အချိန်ထပ်ဖြုန်းမနေလိုတော့ဘဲ နှင်းဒေသသို့ ချက်ချင်းသွားကာ စုလောရွှယ်ကို ပြန်ခေါ်လိုနေသည်။ သူ အခြားအရာများကို မတွေးလိုတော့ပေ။
ရွှီး...
ဆန်းကြယ်နတ်ဘုရားနန်းတော်က တုန်ခါသွားပြီး ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံးကာ ပျောက်ကွယ်သွားသည်။ ထို့နောက်တွင် ပတ်ဝန်းကျင်အာကာပြင်သည် မည်သည့်ကိစ္စမှ မဖြစ်ခဲ့သည့်အလား ပြန်တည်ငြိမ်သွားလေသည်။
***
ကျန်းရီက ခြေရာလက်ရာပင် မချန်ခဲ့ဘဲ ပျောက်ကွယ်သွားခဲ့သည်။ ယခုတွင် အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခွင်လုံး အုတ်အော်သောင်းနင်း ဖြစ်နေပေပြီ။ တော်ဝင်နယ်မြေတွင် သတင်းများက အလွန်လျင်မြန်စွာ ပျံ့နှံ့ကြသည်။ ထို့ပြင် ၎င်းနေ့၌ လူများစွာလည်း ရှိနေခဲ့ရာ သတင်းက တောမီးလောင်သကဲ့သို့ ပျံ့နှံ့သွားသည်။
အရှေ့ဘက် တော်ဝင်နယ်မြေမှ လူအားလုံးသည် အတန်ငယ် စိတ်မသက်မသာ ဖြစ်နေကြ၏။ ကျန်းရီက အပြစ်သားကျွန်းမှ သူလျှိုတစ်ယောက်ဖြစ်ပြီး လူသားမျိုးနွယ်၏ သစ္စာဖောက်တစ်ယောက်လည်း ဖြစ်သည်။ ယခုတွင် သူက လူများ၏ခေါင်းအထက်တွင် တွဲလောင်းကျနေသော ဓားတစ်ချောင်း ဖြစ်လာပေပြီ။ ထိုဓားက မည်သည့်အချိန်၊ မည်သည့်နေရာတွင် မည်သူ၏ခေါင်းပေါ်သို့ ကျမည်နည်း။ မည်သူက ကံဆိုးသူ ဖြစ်မည်နည်း။
ဝူမျိုးနွယ်လော၊ ရှီးမျိုးနွယ်လော၊ ထူမျိုးနွယ်လော။
သို့တည်းမဟုတ် ကျန်းရီက အပြစ်သားကျွန်းမှ မျိုးနွယ်(၁၃)ခုကို ဦးဆောင်ကာ အရှေ့ဘက် တော်ဝင်နယ်မြေကို ကျူးကျော်လာမည်လော။ သူတို့က ဧကရာဇ်ကိုးပါးမျိုးနွယ်စုကို ရှင်းပစ်မည်လော။ အရှေ့ဘက် တော်ဝင်နယ်မြေမှ လူများကို ကျွန်ပြုမည်လော။
အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခွင်လုံးတွင် ကျန်းရီ၏အမည်ကို ကြားနေရသည်။ လူအားလုံးက သူ့ကို ရှုံ့ချနေကြသည်။ သူတို့၏ အကြောက်တရာများနှင့် စိုးရိမ်မှုများက ကျန်းရီအပေါ် စော်ကားသည့် စကားလုံးများအဖြစ် ပြောင်းလဲသွားသည်။
သစ္စာဖောက်၊ သူလျှို၊ မိစ္ဆာကောင်၊ မကောင်းဆိုးဝါး... စသည်ဖြင့် ကျန်းရီကို အမည်မျိုးစုံ ပေးကြသည်။
လူများစွာသည် ဆန်းကြယ်ဧကရာဇ်အား အရှေ့ဘက် တော်ဝင်နယ်မြေကို ကာကွယ်ပေး၍ မိစ္ဆာကျန်းရီကို သတ်ပေးရန်ပင် ဆုတောင်းကြသည်။ သို့သော် ကျန်းရီက ဆန်းကြယ်ဧကရာဇ်ကိုယ်တိုင် ရွေးချယ်ထားသော သူ၏ဆက်ခံသူဖြစ်နေကြောင်းကိုမူ သူတို့မသိကြပေ။
မြောက်ဘက်ဧကရာဇ်၊ မိစ္ဆာဧကရာဇ်၊ သားရဲဧကရာဇ်နှင့် သူတို့၏ မျိုးနွယ်များမှ မျိုးနွယ်ဝင်များသည် အချိန်ပြည့် ကြောက်ရွံ့နေကြရသည်။ သူတို့၏ လက်အောက်ခံမျိုးနွယ်များမှ မျိုးနွယ်ခေါင်းဆောင်များကလည်း အိပ်ကောင်းချင်းမအိပ်နိုင်၊ စားကောင်းချင်မစားနိုင် ဖြစ်နေကြသည်။ မျိုးနွယ်ကြီးသုံးခုသာ ပျက်သုဉ်းသွားလျှင် သူတို့သည်လည်း အတူလိုက်ပါပျက်သုဉ်းရမည်ဖြစ်သည်။ သူတို့သည် မျိုးနွယ်ကြီးများကို ကျောထောက်နောက်ခံပြု၍ မောက်မာနေခဲ့ကြပြီး အခြားမျိုးနွယ်များကို အနိုင်ကျင့်ခဲ့ကြသည် မဟုတ်ပါလား။ မျိုးနွယ်ကြီးများ ပျက်သုဉ်းသွားပြီးနောက် ထိုအခြားမျိုးနွယ်များက သူတို့ကို တိုက်ခိုက်လျှင် သူတို့ အဆုံးသတ်သွားရပေလိမ့်မည်။
မြောက်ဘက်ဧကရာဇ်၊ မိစ္ဆာဧကရာဇ်နှင့် သားရဲဧကရာဇ်တို့သည် သူတို့၏ မြို့များသို့ မပြန်ဘဲ လျှို့ဝှက်ပုန်းအောင်းနေခဲ့ကြသည်။ သူတို့က မည်သည့်ကိစ္စကို ကြံစည်နေကြောင်း မည်သူမှ မသိပေ။ သို့သော် ကျန်းရီ ပျောက်ကွယ်သွားခဲ့သဖြင့် အရှေ့ဘက် တော်ဝင်နယ်မြေက ယာယီငြိမ်းချမ်းနေပေသည်။ သို့သော် ယင်းငြိမ်းချမ်းမှုမှာ မုန်းတိုင်းမကျခင် လေပြေတိုက်သကဲ့သိုဖြစ်ကြောင်း လူတိုင်း သိကြသည်။ အမှန်တကယ် မုန်းတိုင်းကျလာသည့်အခါကျလျှင် အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခုလုံး ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားပေလိမ့်မည်။
သုံးရက်အတွင်းမှာပင် သတင်းက အပြစ်သားကျွန်းသို့လည်း ရောက်သွားသည်။ ရှန်းစီမျိုးနွယ်စုတစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်သွားသည်။ မျိုးနွယ်(၁၃)ခုမှ လူများ၏ မျက်နှာများကလည်း ဝင်းပနေကြသည်။ စစ်ထူအောင်း၊ ဟွမ်ဖူချီနှင့် အခြားမျိုးနွယ်ခေါင်းဆောင်များသည် သုံးရက်သုံးညတိုင်တိုင် စားသောက်ပွဲကြီး ကျင်းပခဲ့ပြီး ရှန်းစီမြို့ကို ဖွင့်ပေးကာ ကျန်းရီ၏ အောင်မြင်မှုအတွက် တစ်မြို့လုံးကို ဆင်နွှဲစေခဲ့သည်။
ထိုအောင်မြင်မှုမှာ နှစ်ပေါင်းခုနစ်သိန်းကျော်အတွင်း အပြစ်သားကျွန်းက အရှေ့ဘက် တော်ဝင်နယ်မြေအပေါ်တွင်ရသည့် အကြီးမားဆုံး အောင်မြင်မှုဖြစ်သည်။ ကျန်းရီက ရှန်းစီကျွန်းကို ဇောက်ထိုးမိုးမျှော်ဖြစ်လုနီးပါး ဖြစ်သွားအောင် တစ်ကြိမ်လုပ်ခဲ့ဖူးသော်လည်း သူ၏ အမျိုးသမီးများနှင့် ညီနောင်များက အပြစ်သားကျွန်းတွင် နေထိုင်နေကြပေသည်။ ထို့ကြောင့် ကျန်းရီက သူတို့ဘက်မှဟု ဆိုနိုင်ပေသည်။
“ဟားဟားဟား... ငါ လူကဲခတ် မမှားဘူးပဲ။ အဲ့ကောင်လေးက တကယ်ပဲ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ရယူနိုင်ခဲ့တယ်”
ဆန်းကြယ်သိုင်းမြို့ထဲတွင် အောင်းလုက အားရကျေနပ်သော မျက်နှာဖြင့် ချီးကျူးလိုက်သည်။ သူ့ဘေးတွင် ရပ်နေကြသော အရိပ်ဧကရာဇ်နှင့် ချမ်ချမ်တို့ကလည်း စိတ်လှုပ်ရှားကာ ဝမ်းသာနေကြသည်။ ကျန်းရီက အဆုံးမဲ့ပင်လယ်နက်နှင့် ရင်းနှီးသောဆက်ဆံရေးရှိပေသည်။ သူက အရှေ့ဘက် တော်ဝင်နယ်မြေကို ရှုပ်ထွေးသွားအောင် လုပ်နိုင်လေလေ၊ အဆုံးမဲ့ပင်လယ်နက်က လုံခြုံလေလေပင်။ သို့ဆိုလျှင် မိစ္ဆာမျိုးနွယ်သည် အရှေ့ဘက် တော်ဝင်နယ်မြေ၏ အန္တရာယ်ကို စိုးရိမ်ရန် မလိုတော့ဘဲ အေးချမ်းစွာ နေထိုင်နိုင်မည်ဖြစ်သည်။
“ဒါပေမဲ့...”
အောင်းလုက ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားပြီး မျက်လုံးများ အရောင်လက်သွားသည်။ ထို့နောက် သူသည် စိတ်အနှောင့်အယှက်ဖြစ်သွားဟန်ဖြင့် သက်ပြင်းချကာ ပြောလိုက်လေသည်။
“ငါ ဆန်းကြယ်နတ်ဘုရားနန်းတော်က ထွက်လာခဲ့တုန်းက ဆန်းကြယ်ဧကရာဇ်က ငါ့ကို တစ်ခုပြောခဲ့တယ်။ ဆန်းကြယ်နတ်ဘုရားနန်းတော် ထပ်ပြီး ထွက်ပေါ်လာတဲ့အခါကျရင် ကောင်းကင်ကြယ်တာရာနယ်နမိတ်က ကြီးမားတဲ့ဘေးဒုက္ခကြီးတစ်ခုနဲ့ ရင်ဆိုင်ရလိမ့်မယ်တဲ့။ ဆန်းကြယ်ဧကရာဇ်ကိုတောင် စိုးရိမ်စေခဲ့တဲ့ အဲ့ဘေးဒုက္ခက ဘယ်လိုဘေးဒုက္ခမျိုးလဲဆိုတာကို ဘယ်သူ သိနိုင်မလဲ။ အဲ့ဒါက အဆုံးမဲ့ပင်လယ်နက်က မိစ္ဆာမျိုးနွယ်တွေကို မထိခိုက်ပါစေနဲ့လို့ပဲ မျှော်လင့်ရတော့မှာပေါ့...”
***