ဗုဒ္ဓဧကရာဇ်
Vol. 82 Ch. 1135
ကျန်းရီတို့သည် အပြင်ဘက်တွင် ဖြစ်ပျက်နေသော ကိစ္စများကို မသိပေ။ ဆန်းကြယ်နတ်ဘုရားနန်းတော်သည် အာကာပြင်အက်ကြောင်းအတွင်းသို့ ဝင်သွားပြီးနောက် ထပ်မံ ထွက်ပေါ်မလာသေးချေ။ ကျန်းရီသည် ယခင်က ကောင်းကင်ရှောင်တိမ်းခြင်း အတွေ့အကြုံကို အခြေခံ၍ ဗုဒ္ဓဒေသသို့ ရောက်ရှိရန် ခုနစ်ရက်၊ ရှစ်ရက် ကြာလိမ့်မည်ဟု ခန့်မှန်းတွက်ချက်ထားသည်။ ထို့ကြောင့် သူသည် အပြင်သို့ ထွက်ရန် မလိုဟုတွေးကာ ပတ်ဝန်းကျင်ကို နန်းတော်ထဲမှနေ၍သာ စူးစမ်းနေခဲ့သည်။
ထိုခုနစ်ရက်၊ ရှစ်ရက်အတွင်း၌ အရှေ့ဘက် တော်ဝင်နယ်မြေက အလွန်အေးချမ်းနေခဲ့သော်လည်း မြောက်ဘက်ဧကရာဇ်မြို့၊ မိစ္ဆာဧကရာဇ်မြို့နှင့် သားရဲဧကရာဇ်မြို့တို့တွင်မူ အတန်ငယ် လှုပ်လှုပ်ရှားရှား ဖြစ်နေသည်။ အထူးသဖြင့် မြောက်ဘက်ဧကရာဇ်မြို့ထဲရှိ မြို့သူမြို့သားများက မြို့ထဲမှ ရွှေ့ပြောင်းသွားကြသည်။ ဝူမျိုးနွယ်မှ သက်ကြီးရွယ်အိုများ၊ အားနည်းသူများ၊ မိန်းမများနှင့် ကလေးများကလည်း လျှို့ဝှက်၍ မြို့မှထွက်ခွာသွားကြသည်။ မြို့ထဲတွင် ထွက်မပြေးလိုသူများသာ ကျန်ခဲ့သည်။
မြောက်ဘက်ဧကရာဇ်မြို့တွင် နေထိုင်သူအရေအတွက် သန်းဆယ်ချီ၍ ရှိ၏။ ထို့ကြောင့် ပြီးခဲ့သော ရက်ပိုင်းအတွင်းတွင် တည်နေရာပြောင်းရွှေ့အစီအရင်များသည် နားရသည်မရှိဘဲ လူများကို အဆက်မပြတ် တည်နေရာပြောင်းရွှေ့ပေးနေရလေသည်။ မြို့ဂိတ်တံခါးလေးခုကိုလည်း ဖွင့်ပေးထားရသည်။ မြို့သူမြို့သား အများစုက ထွက်သွားပြီဖြစ်ပြီး မြို့ထဲတွင် လူငါးသန်းလောက်သာ ကျန်ခဲ့တော့သည်။ မြောက်ဘက်ဧကရာဇ်ကိုယ်တိုင် မြို့ကိုစွန့်ခွာရန် အမိန့်ပေးခဲ့သည်ဟု ဆိုကြ၏။ မဟုတ်လျှင် ထွက်ခွာမှုက ထိုမျှ လျင်မြန်ခဲ့မည် မဟုတ်ပေ။
မြောက်ဘက်ဧကရာဇ်၏ မျိုးနွယ်မှ သိုင်းပညာရှင်များကလည်း မြို့မှ ထွက်သွားကြသည်။ မြောက်ဘက်ဧကရာဇ်က မည်သည်ကို ကြံစည်နေကြောင်းကို မည်သူမှ မသိပေ။ မည်သို့ပင်ဖြစ်စေ ဒေသလေးခုရှိ ဝူမျိုးနွယ်ဝင်များကတော့ စိတ်မသက်မသာ ဖြစ်နေကြသည်။ ကျန်းရီနှင့် ဝူမျိုးနွယ်ကြားတွင် မည်သည့်ရန်ငြိုးရှိနေခြင်းနည်း။ သာမန်လူအများစုက ထိုအကြောင်းကို မသိကြပေ။ သို့သော် ကျန်းရီက ဒေသလေးခုတွင် သွေးချောင်းစီးစေခဲ့သဖြင့် သူနှင့် ဝူမျိုးနွယ်ကြားမှ ရန်ငြိုးကို သင်ပုန်းချေ၍ ရတော့မည် မဟုတ်ချေ။ ကျန်းရီ၏ အကျင့်စရိုက်အရ သူက သေချာပေါက် မြောက်ဘက်ဧကရာဇ်မြို့သို့ လာကာ လက်စားချေမည်ဖြစ်သည်။
လက်ရှိတွင် ကျန်းရီသည် ဝူမျိုးနွယ်ကို အရေးမစိုက်အားသေးပေ။ သူက ဗုဒ္ဓဒေသသို့ ရောက်နေပြီဖြစ်သည်။
ဗုဒ္ဓဒေသ၏ တောင်ပိုင်းရှိ လွင်တီးခေါင်တစ်ခုတွင် အာကာပြင်က စတင်တုန်ခါလာသည်။ ထို့နောက် ဧရာမအပေါက်ကြီးတစ်ပေါက် ထွက်ပေါ်လာကာ အပေါက်ထဲမှနေ၍ အနက်ရောင်နန်းတော်ကြီးတစ်ခု ပျံထွက်လာသည်။ ထိုနန်းတော်ပေါ်တွင် ‘ဆန်းကြယ်နတ်ဘုရားနန်းတော်’ဟူ၍ ရေးထိုးထား၍ ချုံခိုစောင့်ဆိုင်းနေသော ဓားပြအုပ်စုတစ်စုက လိပ်ပြာလွင့်မတတ် ကြောက်ရွံ့သွားသည်။
သို့သော် ကျန်းရီသည် ထိုဓားပြများကို အာရုံစိုက်နေရန် အချိန်မရှိပေ။ ဆန်းကြယ်နတ်ဘုရားနန်းတော်က ထပ်မံတုန်ခါသွားပြီး အာကာပြင်အက်ကြောင်းအတွင်းသို့ ဝင်ကာ ပြန်လည်ပျောက်ကွယ်သွားသည်။ ငါးမိနစ်ကြာပြီးနောက် ၎င်းက အစောမှနေရာ၏မြောက်ဘက် ကီလိုမီတာငါးရာအကွာတွင် ပြန်လည်ထွက်ပေါ်လာသည်။
“ဝိုး...”
ကိုးရက်အတွင်းမှာပင် ဆန်းကြယ်နတ်ဘုရားနန်းတော်က ဗုဒ္ဓဒေသတွင် ထွက်ပေါ်လာခဲ့သည်။ ထိုသတင်းက ရီမျိုးနွယ်၏ ဒေသလေးခုတွင် ပျံ့နှံ့သွားသည်။ လူများစွာသည် စိတ်ဝင်စားသွား၏။ အဘယ်ကြောင့် ကျန်းရီက ဝူမျိုးနွယ်၏ ဒေသလေးခုဆီသို့ မသွားဘဲ ဗုဒ္ဓဒေသသို့ လာခဲ့ရသနည်း။ သူက ရီမျိုးနွယ်ကို တိုက်ခိုက်တော့မည်လော။
သတင်းက ဗုဒ္ဓဧကရာဇ်မြို့ဆီသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်က ပျောက်လိုက်၊ ပေါ်လိုက် ဖြစ်နေပြီး တစ်ခါပြန် ထွက်ပေါ်လာတိုင်း ဗုဒ္ဓဧကရာဇ်မြို့နှင့် နီးကပ်လာကြောင်းကို သိလိုက်ရသောအခါ တစ်မြို့လုံး အုတ်အော်သောင်းနင်း ဖြစ်သွားသည်။ မြို့ထဲရှိ မျိုးနွယ်ခေါင်းဆောင်များသည် ချက်ချင်း ဗုဒ္ဓတောင်သို့ ပျံသန်းသွားကြပြီး ဗုဒ္ဓအင်ပါယာ၊ ဗုဒ္ဓဧကရာဇ်တို့နှင့် တွေ့ခွင့်တောင်းခဲ့ကြသည်။
“အားလုံးပဲ ပြန်သွားကြပါ။ မစိုးရိမ်ပါနဲ့။ ကျန်းရီက ဒီဒေသကို ဖြတ်သွားရုံပါပဲ။ စိုးရိမ်စရာ မရှိပါဘူး”
ဗုဒ္ဓအင်ပါယာက မျိုးနွယ်ခေါင်းဆောင်များနှင့် ထွက်မတွေ့ဘဲ စကားတစ်ခွန်းသာ ပါး၍ သူတို့ကို နှစ်သိမ့်လိုက်သည်။ တစ်မြို့လုံးက ဗုဒ္ဓအင်ပါယာ၏ စကားကို ယုံကြည်ကြသည်။ သို့သော် ဆန်းကြယ်နတ်ဘုရားနန်းတော်က တဖြည်းဖြည်း မြို့နှင့် နီးကပ်လာသော မြို့ထဲရှိ သန်းဆယ်ချီသော လူများသည် အလွန်စိတ်ပူပန်လာမိကြသေးပေသည်။
တစ်နာရီအတွင်းမှာပင် ဆန်းကြယ်နတ်ဘုရားနန်းတော်က ထပ်မံ ထွက်ပေါ်လာသည်။ ဤတစ်ကြိမ်တွင် ၎င်းက ဗုဒ္ဓဧကရာဇ်မြို့၏တောင်ဘက် ငါးကီလိုမီတာအကွာတွင် ထွက်ပေါ်လာခြင်းပင်။ ကျန်းရီသည် ကောင်းကင်နားလည်သိမြင်ခြင်းကို ထုတ်လွှတ်၍ ပတ်ဝန်းကျင်ကို အာရုံခံလိုက်၏။ သူသည် ကောင်းကင်ရှောင်တိမ်းခြင်းကို ဆက်မသုံးတော့ဘဲ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ဗုဒ္ဓဧကရာဇ်မြို့ဆီသို့ ပျံ၍သာ သွားစေလိုက်သည်။
ဝှစ်...ဝှစ်...ဝှစ်...
ဗုဒ္ဓအင်ပါယာသည် မြို့ကာဒိုင်းကို နှိုးရန် မည်သူ့ကိုမှ အမိန့်ပေးမထားပေ။ ထို့ကြောင့် လူများစွာသည် စိတ်လှုပ်ရှားနေကြပြီး လေထဲသို့ ပျံတက်ထားကာ အချိန်မရွေး ထွက်ပြေးနိုင်ရန် ဟန်ပြင်ထားကြသည်။ မကြာခင်မှာပင် အဝေးရှိ ကောင်းကင်မှနေ၍ သူတို့ထံ ပျံသန်းလာသော အနက်ရောင် ဧရာမနန်းတော်ကြီးကို သူတို့ မြင်လိုက်ကြရသည်။ သူတို့၏မျက်နှာထားများက ပို၍လေးနက်သွားကြလေသည်။
ရွှီး...
ဆန်းကြယ်နတ်ဘုရားနန်းတော်က အနက်ရောင်အလင်းတန်းအဖြစ် ပြောင်းလဲကာ အရှေ့သို့ ပျံသန်းလာပြီး ဗုဒ္ဓဧကရာဇ်မြို့ပြင် တောင်ဘက်ခြမ်းသို့ ရောက်သောအခါ ရပ်တန့်သွားသည်။ ၎င်းသည် ဆက်၍ မလှုပ်ရှားတော့ဘဲ လေထဲတွင် ရပ်သွားသည်။ သို့သော် ထိုအခြင်းအရာက မြို့ထဲရှိ လူများကို ပို၍ပင် စိတ်လှုပ်ရှားလာစေသည်။
လူဆိုသည်မှာ အလိုရှိသောအရာရှိမှ လာတတ်ကြသည်။ ကျန်းရီက မည်သည့်အတွက်ကြောင့် ထိုနေရာသို့ ရောက်လာကြောင်းကို မည်သူမှ မသိပေ။
“ရီချန်... ငါတို့ ဗုဒ္ဓဧကရာဇ်မြို့ကို ရောက်ပြီ”
ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲတွင် ကျန်းရီသည် မျက်လုံးဖွင့်လိုက်ပြီး ယဉ်ရို့ပင်းနှင့် အခန်းထဲတွင် စကားပြောနေသော ရီချန်ထံသို့ အသံပို့လွှတ်လိုက်သည်။ ရီခန်၏ မျက်နှာလေး ညှိုးသွား၏။ ထို့နောက် သူမ ထရပ်ကာ ယဉ်ရို့ပင်းကို ပြုံးပြ၍ ပြောလိုက်သည်။
“ရို့ပင်း... ငါ သွားတော့မယ်။ မင်း ပျော်ရွှင်ရပါစေလို့ ငါ မျှော်လင့်ပါတယ်”
ရီချန်သည် နှုတ်ဆက်စကားပြောပြီးနောက် သူမ၏ လက်စွပ်ထဲမှနေ၍ မျက်နှာဖုံးတစ်ခုကို ထုတ်ယူကာ ဝတ်လိုက်သည်။ ထို့နောက် သူမ အခန်းအပြင်သို့ ထွက်သွားပြီး ကျန်းရီကို စိုက်ကြည့်ကာ ပြောလိုက်လေသည်။
“ကျန်းရီ... ညီမလေးရို့ပင်းကို သေချာဂရုစိုက်ပေးပါ။ သူ နည်းနည်းလောက် စိတ်ဆင်းရဲရတာနဲ့ ကျွန်မ ရှင့်ကို ခွင့်လွှတ်မှာ မဟုတ်ဘူး”
ကျန်းရီက ပြုံး၍ ပြန်ပြောလိုက်သည်။
“စိတ်မပူပါနဲ့။ ရို့ပင်းသာ စိတ်ဆင်းရဲရရင် ငါလည်း ငါ့ကိုယ်ငါ ခွင့်လွှတ်မှာ မဟုတ်ပါဘူး”
ထို့နောက် ရီချန်သည် ယဉ်ရို့ပင်းကို ထပ်ကြည့်ကာ ပြောလိုက်၏။
“အခု ရှင် ကျွန်မကို အပြင်ပို့ပေးလို့ရပြီ”
ကျန်းရီက အကန့်အသတ်အစီအရင်များကို ထိန်းချုပ်၍ ရီချန်ကို အပြင်သို့ ပို့ပေးရန် ဟန်ပြင်လိုက်ချိန်တွင် ခန်းမထဲ၌ အသံအိုတစ်သံ ထွက်ပေါ်လာလေသည်။
“ကောင်လေး... ရေကန်ကို လာခဲ့”
“အန်...”
ကျန်းရီ၏ မျက်လုံးများ အရောင်လက်သွား၏။ ထိုအသံက ဆန်းကြယ်သော အဘိုးအို၏ အသံမဟုတ်လော။ ရီချန်သည်လည်း တုန်ယင်သွားကာ အံ့အားသင့်ဟန်ဖြင့် ရေရွတ်လိုက်သည်။
“အဘိုး...”
“အဘိုးတဲ့လား”
ကျန်းရီ မျက်မှောင်ကြုတ်သွား၏။ ထို့နောက် သူ အံ့ဩတကြီးဖြင့် မေးလိုက်သည်။
“သူက မင်းရဲ့ အဘိုးလား”
“သူက ဘာလို့ ကျွန်မရဲ့ အဘိုး မဟုတ်ရမှာလဲ”
ရီချန်ကလည်း အံ့အားသင့်သွားကာ မေးလိုက်သည်။
“ရှင် သူ့ကို အရင်က တွေ့ခဲ့ဖူးလို့လား”
“တစ်ခုခုတော့ မှားနေပြီ...”
ကျန်းရီသည် ခေါင်းကုတ်ကာ ခန့်မှန်း၍ ပြောလိုက်၏။
“မင်းရဲ့ အဘိုးက ဘုန်းတော်ကြီးတစ်ပါး မဟုတ်ဘူးလား။ အဲ့အဘိုးက ဘုန်းတော်ကြီး မဟုတ်ဘူး။ ပြီးတော့ သူက ဗုဒ္ဓတောင်ပေါ်မှာနေတာ မဟုတ်ဘူး။ ဒီကနေ မြောက်ဘက် ကီလိုမီတာရာကျော်အကွာက ရေကန်လေးတစ်ခုဘေးမှာ နေတာ”
ယခင်တစ်ခေါက်တွင် ကျန်းရီ ထိုအဘိုးအိုကို တွေ့ခဲ့စဉ်က အဘိုးအိုသည် ဆံပင်များရှိပြီး ဗုဒ္ဓသင်္ကန်းကို မဝတ်ထားဘဲ သာမန် ကောက်ရိုးမိုးကာကိုသာ ခြုံထားခဲ့သည်။ ထို့ကြောင့် ကျန်းရီသည် ထိုအဘိုးအိုက ရီချန်၏အဘိုးဆိုသည်ကို ယုံရခက်နေခြင်းပင်။
“ကျွန်မရဲ့ အဘိုးက ချန်ရေကန်ဘေးမှာ နေတာပဲလေ။ ပြီးတော့ သူက ဘုန်းတော်ကြီးလို့ ရှင့်ကို ဘယ်သူ ပြောလဲ။ ကျွန်မအဘိုးရဲ့ ဉာဏ်အဆင့်က အရမ်းမြင့်နေပြီ... သူက ရုပ်တရားပေါ်မှာ မစွဲလမ်းတော့ဘူး။ သူ လူထွက်လိုက်တာ နှစ်နှစ်ဆယ်ကျော်ခဲ့ပြီ...”
“ပန်းချီကမ်းပါးက ပန်းချီကားထဲမှာတော့ မင်းရဲ့အဘိုးက ခေါင်းတုံးနဲ့မလား...”
ကျန်းရီသည် ရှက်ရွံ့ဟန်ဖြင့် နှာခေါင်းကုတ်လိုက်၏။ ပန်းချီကမ်းပါးမှ ပန်းချီကားတစ်ချပ်ထဲတွင် ဗုဒ္ဓဧကရာဇ်၏ပုံပါသည်။ သို့သော် ထိုပုံက နောက်ကျောဘက်မှပုံသာ။ မည်သို့ပင်ဖြစ်စေ ထိုပုံထဲမှ ဗုဒ္ဓဧကရာဇ်က ခေါင်းတုံးနှင့်ဖြစ်ပြီး ဗုဒ္ဓသင်္ကန်းကို ဝတ်ဆင်ထားသည်။ ထို့ကြောင့် ကျန်းရီသည် ငါးမျှားနေသော အဘိုးအိုက ဗုဒ္ဓဧကရာဇ်ဖြစ်လိမ့်မည်ဟု တစ်ခါမှ မဆက်စပ်မိခြင်းဖြစ်သည်။ ထိုအခိုက်တွင်မူ သူ သိရှိသွားပေပြီ။
ထိုဆန်းကြယ်သောအဘိုးအိုက ကျန်းရီကို ပန်းချီကမ်းပါးအတွင်းဝင်ရန် ပြောခဲ့ခြင်းမှာ အံ့ဩစရာ မရှိတော့ပေ။ သူ ပန်းချီကမ်းပါးအတွင်းသို့ ဝင်ခဲ့သည့်နေ့ကလည်း ဗုဒ္ဓအင်ပါယာကိုယ်တိုင် အသံပို့လွှတ်ကာ သူ့ကို ဝင်ခွင့်ပြုခဲ့သည်။ ထိုစဉ်က သူသည် ထိုအဘိုးအိုမှာ ရီမျိုးနွယ်က သိုင်းပညာရှင်တစ်ယောက် ဖြစ်ရမည်ဟုသာ ထင်ခဲ့သည်။ ထိုအဘိုးအိုက ဗုဒ္ဓဧကရာဇ် ဖြစ်နေလိမ့်မည်ဟု သူ တွေးပင် မတွေးမိခဲ့ချေ။
ယဉ်ရို့ပင်းကလည်း ဝင်၍ ထောက်ခံလိုက်သည်။
“ဟုတ်တယ်... ကျွန်မလည်း ဗုဒ္ဓဧကရာဇ်ကို မြင်ခဲ့ဖူးတယ်။ အဲ့အသံက သူ့ရဲ့အသံပဲ”
“သွားမယ်...”
ဗုဒ္ဓဧကရာဇ်ဖြစ်သည့် ထိုဆန်းကြယ်သောအဘိုးအိုသည် ကျန်းရီက နတ်ဘုရားတစ်ပိုင်း အဆင့်သို့ မရောက်သေးသ၍ ကျန်းရီကို ထပ်တွေ့တော့မည် မဟုတ်ဟု ပြောခဲ့သည်။ သို့ဆိုလျှင် အဘယ်ကြောင့် ယခုတွင် သူက ကျန်းရီကို တွေ့ရန် ပြောနေရသနည်း။ ကျန်းရီသည် ရေကန်လေးဆီသို့ ချက်ချင်း အပြေးအလွှား သွားလိုနေသည်။ ဗုဒ္ဓဧကရာဇ်က ရီဖျောင်ဖျောင်ကို မြင်ခဲ့ဖူးသည်။ ထို့ပြင် အဘယ်ကြောင့် ဗုဒ္ဓဧကရာဇ်က သူ့ကို ကယ်ခဲ့ခြင်းနည်းဆိုသည်ကိုလည်း ကျန်းရီ သိလိုနေသည်။ ထိုအခိုက်တွင် ကျန်းရီသည် သူ့မေးခွန်းများ၏ အဖြေများကို ရတော့မည်ဟု ခံစားနေရပေသည်။ ထို့ကြောင့် သူ ချက်ချင်း တင်ပျဉ်ခွေ ထိုင်လိုက်ပြီး ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ထိန်းချုပ်ကာ မြောက်ဘက်သို့ ပျံသန်းသွားစေလိုက်သည်။
“အာ...”
ဆန်းကြယ်နတ်ဘုရားနန်းတော်က ခေတ္တမျှ ရပ်ပြီးနောက် ထပ်မံ ပျံသန်းသွားခဲ့သည် ထို့ကြောင့် လူများ အလွန်စိတ်ဝင်စားသွားကြသည်။ သို့သော် ကံဆိုးကြယ်က ထွက်သွားပြီဖြစ်၍ သူတို့ ဝမ်းမြောက်၍လည်း နေကြသည်။
ရေကန်လေးက ဗုဒ္ဓတောင်နှင့် ကီလိုမီတာရာကျော်သာ ဝေးသည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်၏ အမြန်နှုန်းနှင့်ဆိုလျှင် ထိုရေကန်သို့ ငါးမိနစ်အတွင်းတွင် ရောက်သွားမည်ဖြစ်သည်။ သို့သော် အကြိမ်အနည်းငယ် လှည့်ပတ်ပျံသန်းပြီးနောက် အောက်ဘက်တွင် တောင်များသာ ရှိပြီး မည်သည့် ရေကန်လေးကိုမှ မတွေ့ရကြောင်း ကျန်းရီ သိရှိလိုက်သည်။
ရွှီး...
တောင်များကြားတွင် အလင်းတန်းတစ်တန်း တောက်ပလာသည်။ ထို့နောက် ရေကန်လေး ထွက်ပေါ်လာသည်။ ရေကန်အနီးတွင် သက်ငယ်အိမ်လေးတစ်အိမ် ရှိနေသည်။ ထိုအိမ်ဘေးတွင်မူ ဆံပင်ဖြူများနှင့် အဘိုးအိုတစ်ယောက်က ကောက်ရိုးမိုးကာကို ခြုံ၍ ငါးမျှားနေသည်။ အဘိုးအိုသည် ခေါင်းမော့မကြည့်ဘဲ ညင်သာစွာ ပြောလိုက်သည်။
“ဆင်းလာခဲ့ပါ။ ချန်အာကိုလည်း ခေါ်ခဲ့ပါ”
“ဆင်းသွားရမှာလား...”
ကျန်းရီ အတန်ငယ် ချီတုံချတုံ ဖြစ်သွားသည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်က သူပိုင်သမျှထဲတွင် တန်ဖိုးအကြီးဆုံးရတနာဖြစ်ပြီး သူ၏ အကာအကွယ်လည်း ဖြစ်သည်။ သူသာ ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲက ထွက်သွားလိုက်လျှင် ဗုဒ္ဓဧကရာဇ်က သူ့ကို အလွယ်တကူ သတ်ပစ်နိုင်ပြီး ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ယူသွားနိုင်သည်။ အကယ်၍ မြောက်ဘက်ဧကရာဇ်နှင့် အခြားသူများက ပုန်းအောင်းစောင့်ဆိုင်းနေလျှင်လည်း သူ သေရပေလိမ့်မည်။ ဗုဒ္ဓဧကရာဇ်က ဧကရာဇ်ကိုးပါးထဲမှ တစ်ပါးပင် မဟုတ်ပါလား။ ဧကရာဇ်ကိုးပါးက သေအတူ၊ ရှင်မကွာများ ဖြစ်ကြသည်။
“သွားမယ်ကွာ...”
ကျန်းရီသည် ခေတ္တမျှ တုံ့ဆိုင်းပြီးနောက် အံကြိတ်ကာ ရီချန်ကို ခေါ်၍ အပြင်သို့ ထွက်လိုက်သည်။ အကယ်၍ ဗုဒ္ဓဧကရာဇ်က သူ့ကို အန္တရာယ်ပြုလိုလျှင်လည်း သူ ခုခံတော့မည် မဟုတ်ပေ။ ဗုဒ္ဓဧကရာဇ်က သူ၏အသက်ကို ကယ်တင်ခဲ့ဖူးသည် မဟုတ်ပါလား။ ဗုဒ္ဓဧကရာဇ်ကြောင့်သာ မဟုတ်လျှင် သူ သေသွားသည်မှာ ကြာလောက်ပေပြီ။ ထို့ကြောင့် သူ၏အသက်ကို ဗုဒ္ဓဧကရာဇ်ထံ ပေးရမည်ဆိုလျှင်လည်း သူ ကျေကျေနပ်နပ် ပေးနိုင်ပေသည်။
အရေးအကြီးဆုံးအချက်မှာမူ ကျန်းရီက ရီဖျောင်ဖျောင်ရှိနေသောနေရာကို အမှန်ပင် သိလိုနေခြင်းဖြစ်ပေသည်။
***