← Chapters

ကောင်းကင်ကြယ်တာရာနယ်နမိတ်ထဲတွင် မဟုတ်

Vol. 82 Ch. 1136

ကောင်းကင်ကြယ်တာရာနယ်နမိတ်ထဲတွင် မဟုတ်

Vol. 82 Ch. 1136

ရွှီး...

ဆန်းကြယ်နတ်ဘုရားနန်းတော်၏ တံခါးက ပွင့်သွားပြီး လူရိပ်နှစ်ခု ပျံထွက်လာသည်။ ကျန်းရီသည် ပတ်ဝန်းကျင်ကို ကောင်းကင်နားလည်သိမြင်ခြင်းဖြင့်ပင် မထောက်လှမ်းလိုက်ဘဲ ဗုဒ္ဓဧကရာဇ်ကို အပြည့်အဝ ယုံကြည်ရန်သာ ရွေးချယ်ခဲ့သည်။ ကျန်းရီနှင့် ရီချန်တို့ ပျံဆင်းသွားပြီးနောက်တွင် ကောင်းကင်က အဖြူရောင်အလင်း တောက်ပလာကာ ပတ်ဝန်းကျင်ရှိ တောင်များ ပျောက်ကွယ်သွားသည်။ ယင်းမှာ ရေကန်လေး၏ ပုံရိပ်ယောင်နယ်မြေ ပြန်ပွင့်လာခြင်းဖြစ်သည်။

“ကျန်းရီ ဗုဒ္ဓဧကရာဇ်ကို အရိုအသေပေးပါတယ်”

ကျန်းရီက အရှေ့မှ ပျံဆင်းလိုက်ပြီး တလေးတစား ဦးညွှတ်လိုက်သည် ရီချန်ကမူ ဗုဒ္ဓဧကရာဇ်ဘေးသို့ ဆင်းသက်၍ ဦးညွှတ်လိုက်သည်။ ထို့နောက် သူမ မျက်နှာဖုံးကို ချွတ်ကာ ချိုသာသော အသံလေးဖြင့် ပြောလိုက်လေသည်။

“ဘိုးဘိုး...”

“ဟင်းဟင်း... ချန်အာလေး... ဒီတစ်‌ခေါက် အပြင်မှာ ပျော်ခဲ့ရဲ့လား”

ဗုဒ္ဓဧကရာဇ်က ကျန်းရီကို လျစ်လျူရှုလိုက်ပြီး ရီချန်ကို ကြည့်ကာ ပြောလိုက်သည်။ ထို့နောက် သူသည် ရီချန်၏ ခေါင်းလေးကို ပုတ်ပေးကာ ပြုံး၍ ဆက်ပြောလိုက်သည်။

“သမီးက ဘယ်လောက်ပဲ သန်မာပါစေ လောကထဲမှာ သမီးထက် ပိုသန်မာတဲ့သူတွေ အမြဲရှိနေမယ်ဆိုတာကို အခု သိသွားပြီမလား။ သမီးက နယ်ပယ်တိုင်းမှာ ထူးချွန်ပါတယ်... ကိုယ့်ကိုယ်ကိုယ် စိတ်ကြီးဝင်တတ်တာလေးတစ်ခုပဲ ဆိုးနေတာ။ ဒီလောကထဲက လူစွမ်းကောင်းတွေကို လျှော့တွက်လို့မရဘူး”

“ဟွန်း..ဟွန်း...”

ရီချန်က နှာခေါင်းရှုံ့ကာ ခေါင်းမာစွာဖြင့် ပြန်ပြောလိုက်သည်။

“ကျန်ထျန်းလဲ့နဲ့ ရှီးဖေးတို့ နှစ်ယောက်စလုံးက သမီးထက် ပိုကြီးတာပဲ။ ကျန်းရီကကျတော့... ကံကောင်းတာပဲရှိတာ”

“ဟားဟား...”

ဗုဒ္ဓဧကရာဇ်က ကျယ်လောင်စွာ ရယ်လိုက်ပြီး ထရပ်ကာ ပြောလိုက်သည်။

“တကယ်တော့ ကံကောင်းတယ်ဆိုတာကလည်း လူတစ်ယောက်ရဲ့ အရည်အသွေးပဲ။ ဒါပေမဲ့ ဆန်းကြယ်ဧကရာဇ်ရဲ့ အသိအမှတ်ပြုမှုကို ခံရဖို့က ကံကောင်းရုံနဲ့ မဖြစ်နိုင်ဘူး။ ပြီးတော့ ကောင်းကင်တမလွန်ဂိုဏ်းက အဲ့ကောင်မလေးကလည်း သမီးနဲ့ အသက်အတူတူလောက်ပဲ။ သူက အခု ကြယ်ခုနစ်ပွင့် သိုင်းပညာရှင်ဖြစ်နေပြီ”

“ကောင်းကင်တမလွန်ဂိုဏ်း...”

ကျန်းရီ မျက်ခုံးပင့်လိုက်၏။ သူသည် ထိုကောင်းကင်တမလွန်ဂိုဏ်းဆိုသည်ကို ယခုမှ ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။ ကြယ်ခုနစ်ပွင့်အဆင့်ကိုပင် ရောက်နေသည့် ရီချန်နှင့် အသက်တူသော မိန်းမပျိုတစ်ယောက် ရှိနေသည်လော။ အဘယ်ကြောင့် သူ ထိုအကြောင်းကို ယခင်က မကြားဖူးရသနည်း။

ရီချန် နှုတ်ဆိတ်သွား၏။ ဗုဒ္ဓဧကရာဇ်ကလည်း ဆက်မပြောတော့ပေ။ ထို့ကြောင့် ကျန်းရီသည် ဆက်မမေးဝံ့ဘဲ တိတ်တဆိတ်သာ ရပ်နေရသည်။ ခေတ္တကြာပြီးနောက် ဗုဒ္ဓဧကရာဇ်က ကျန်းရီကို ကြည့်ကာ ပြောလိုက်သည်။

“ကျန်းရီ... အစကတော့ မင်း နတ်ဘုရားတစ်ပိုင်းအဆင့်ကို မရောက်သေးသ၍ ငါ မင်းနဲ့ ထပ်မတွေ့ဘဲ နေမလို့ပဲ။ ဒါပေမဲ့ မင်းက ဆန်းကြယ်ဧကရာဇ်ရဲ့ ဆက်ခံသူ ဖြစ်လာပြီဆိုတော့ နတ်ဘုရားတစ်ပိုင်းအဆင့်ကို တက်လှမ်းနိုင်ဖို့က သိပ်ခက်တော့မှာ မဟုတ်ဘူး။ အခု မင်း တချို့အရာတွေကို သိရဖို့ အဆင့်မီလာပြီ”

“အာ...”

ကျန်းရီ ရင်တုန်သွားပြီး အသက်အောင့်ကာ ဗုဒ္ဓဧကရာဇ်ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်သည်။ သူ သိလိုနေခဲ့သော အဖြေများကို သိရတော့ပေမည်။ ဗုဒ္ဓဧကရာဇ်က သူ၏ မုတ်ဆိတ်ဖြူကို သပ်ကာ ပြောလိုက်သည်။

“မင်း ဘာမေးချင်လဲ။ ငါ ဖြေနိုင်တဲ့ဟာဆို ငါ ဖြေပေးမယ်”

ကျန်းရီ တွေးတောလိုက်၏။ သူသည် တစ်စုံတစ်ခုကို နားမလည်နိုင် ဖြစ်နေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် သူ ထိုကိစ္စကို အရင်ဆုံး မေးလိုက်သည်။

“ဗုဒ္ဓဧကရာဇ်က ဘာလို့ ကျွန်တော့်အသက်ကို ကယ်ခဲ့ရတာပါလဲ”

“အရမ်းရိုးရှင်းပါတယ်”

ဗုဒ္ဓဧကရာဇ်က ခပ်သဲ့သဲ့ ရယ်၍ ရှင်းပြလိုက်သည်။

“ဘာလို့လဲဆိုတော့ ငါက မင်းအမေအပေါ် အကြွေးတင်နေလို့ပဲ။ ပန်းချီကမ်းပါးမှာ မင်း ငါ့ရဲ့ ကောင်းကင်ပန်းချီကားကို တွေ့ခဲ့တယ်မလား။ အဲ့တိုက်ပွဲမှာ မင်းအမေက ငါ့ကို ညွှန်ပြချက်တချို့ ပေးခဲ့တယ်.. အဲ့ဒါကြောင့် ငါ့ရဲ့ စွမ်းအားက ဆနဲ့ချီ တိုးတက်သွားပြီး ငါက ကြယ်ကိုးပွင့်အဆင့်ကို ရောက်သွားခဲ့တာပဲ”

“ဗျာ...”

ကျန်းရီနှင့် ရီချန်တို့နှစ်ယောက်စလုံး အံ့အားသင့်သွားသည်။ ကျန်းရီသည် သူကြားလိုက်ရသော စကားကို မယုံနိုင်ဖြစ်နေသည်။ ရီဖျောင်ဖျောင်၏ ညွှန်ပြချက်အချို့က လူတစ်ယောက်ကို ကြယ်ကိုးပွင့်အဆင့် ပညာရှင် ဖြစ်သွားအောင် ကူညီပေးနိုင်သည်လော။ ယင်းက မည်သို့ ဖြစ်နိုင်မည်နည်း။ ကျန်းရီသည် ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်သို့ ရောက်နေပြီဖြစ်၍ သိုင်းသမားတစ်ယောက်အတွက် အဆင့်တက်နိုင်ရန်မှာ မည်မျှ ခက်ခဲကြောင်းကို သိပေသည်။ ထိုသို့အဆင့်တက်နိုင်ရန် မိမိကိုယ်တိုင် ကြိုးစားရမည်ဖြစ်ပြီး မည်သူကမှ ကူညီမပေးနိုင်ပေ။ ထို့ပြင် တာအိုပုံသဏ္ဌာန်များကလည်း မိမိကိုယ်တိုင် သိမြင်နားလည်မှ ရသောအရာများဖြစ်သည်။

ရီချန်က ကျန်းရီကို စိတ်ဝင်တစား ကြည့်လိုက်သည်။ သူမသည် ကျန်းရီက နယ်မြေအသေးလေးတစ်ခုမှ တောသားတစ်ယောက်ဟု ထင်ထားခဲ့၏။ သို့သော် သူ့အမေက ထိုမျှအရေးပါသူတစ်ယောက်  ဖြစ်နေသည်လော။  သူမ အလေးစားရဆုံး သူမ၏အဘိုးသည်ပင် ကျန်းရီ၏အမေ၏ ညွှန်ပြချက်ကို လက်ခံခဲ့ရသည်လော။

“အဲ့အကြောင်းကို ငါပြောပြရင်တောင် မင်းတို့နှစ်ယောက် ယုံမှာ မဟုတ်ဘူး”

ဗုဒ္ဓဧကရာဇ်၏ မျက်ဝန်းများထဲတွင် နက်နဲသောအကြည့်တစ်ချက် ထွက်ပေါ်လာသည်။ ထို့နောက် သူသည် ခေတ္တမျှတွေးတောလိုက်ပြီး သက်ပြင်းသဲ့သဲ့ချ၍ ဆက်ပြောလိုက်လေသည်။

“ကျန်းရီ... ငါတင်မဟုတ်ဘူး ဒီလောကထဲက လူတွေအများကြီးကလည်း မင်းအမေရဲ့ ကြင်နာမှုကို လက်ခံရရှိခဲ့တယ်။ အဲ့လူတွေထဲက နှစ်ယောက်တော့ ငါ့နဲ့ စွမ်းအားအဆင့်အတူတူပဲ။ ပြောရမယ်ဆိုရင်... မင်း ကောင်းကင်ကြယ်တာရာနယ်မြေထဲက ထွက်လာခဲ့ကတည်းက ငါတို့ မင်းရဲ့ဖြစ်တည်မှုကို သိခဲ့ကြတယ်။ မင်း ဖီးနစ်အော်သံနယ်မြေကို သွားခဲ့တာ၊ နတ်မြင်းပျံနယ်မြေကို သွားခဲ့တာ၊ သွေးညအကြောက်တရားပင်လယ်၊ အပြစ်သားကျွန်းနဲ့ ကောင်းကင်မြေခွေးနယ်မြေကို သွားခဲ့တာတွေ အကုန်လုံးကို ငါတို့ သိထားကြတယ်”

ဂျိန်း...

ကျန်းရီသည် မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားလိုက်ရ၏။ သူ လုံးဝ မှင်တက်နေပေပြီ။ ထိုအခိုက်တွင် သူ တစ်စုံတစ်ခုကို နားလည်သွားပေပြီ။ သူ၏ဘဝကို ကြိုးကိုင်နေသည့် လက်တစ်စုံ ရှိနေသည်ဟု သူခံစားနေခဲ့ရခြင်းမှာ သူ အထင်မှားခြင်း မဟုတ်ပေ။ ဗုဒ္ဓဧကရာဇ်နှင့် အခြားစွမ်းအားကြီးလူနှစ်ယောက်က သူ့ကို လျှို့ဝှက်စောင့်ကြည့်နေခဲ့ကြသည်။ သူတို့သည် သူ၏တိုးတက်မှုကို စောင့်ကြည့်ရင်း သူ့ကို လမ်းညွှန်ပေးနေခဲ့ကြသည်။

ကျန်းရီ အလျင်အမြန် တွေးတောလိုက်ပြီး အေးစက်စက် မေးလိုက်သည်။

“ဧကရာဇ်ပြောတဲ့ လူနှစ်ယောက်ထဲက တစ်ယောက်က ‌ကောင်းကင်လျှို့ဝှက်ဂိုဏ်းက သူတော်စင်ဧကရီလား။ စုလောရွှယ်က တိုင်ဆိုင်လို့ ခေါ်သွားခံခဲ့ရတာ မဟုတ်ဘဲ တမင် ခေါ်သွားခံခဲ့ရတာပေါ့... ဟုတ်ပါသလား။ ဧကရာဇ်က ကျွန်တော့်ကို နှင်းဒေသဆီ သွားခိုင်းတာကလည်း တမင်သွားခိုင်းခဲ့တာပေါ့”

“ဟုတ်တယ်...”

ဗုဒ္ဓဧကရာဇ်က အလွန်ရိုးသားစွာဖြင့် ခေါင်းညိတ်ကာ ပြောလိုက်သည်။

“တကယ်တော့ သူတော်စင်ဧကရီကို စုလောရွှယ်ကို ခေါ်သွားဖို့ ပြောခဲ့တဲ့သူက ငါပဲ။ ရည်ရွယ်ချက်ကတော့ မင်းကို နှင်းဒေသဆီ ပို့ဖို့ပဲ။ ငါက မင်းရဲ့ အကျင့်စရိုက်ကို ကောင်းကောင်းသိတယ်။ တကယ်လို့ စုလောရွှယ်သာ ခေါ်သွားမခံခဲ့ရဘူးဆိုရင် မင်းက အရှေ့ဘက် တော်ဝင်နယ်မြေမှာ သေသွားတော့မှာပဲ။ ဝူရှန်းက မင်းကို အရှင်ထားမှာ မဟုတ်ဘူး”

“ပြဿနာက...”

ကျန်းရီသည် သူ၏ဒေါသကို မျိုသိပ်၍ အော်ပြောလိုက်သည်။

“ကျွန်တော်က နှင်းဒေသမှ သေတော့မလို ဖြစ်ခဲ့တာပဲ။ ပြီးတော့ ကောင်းကင်လျှို့ဝှက်ဂိုဏ်းရဲ့ သူတော်စင်ဧကရီက ကျွန်တော့်ကို လူပုမျိုးနွယ်ကို တစ်ယောက်တည်း ဖျက်ဆီးပစ်ခိုင်းခဲ့တယ်။ ဖန်စေတီကိုလည်း ယူခိုင်းခဲ့သေးတယ်။ ဧကရာဇ်တို့က ကျွန်တော့်ကို ကူညီဖို့ ကြိုးစားနေတာလား၊ ထိခိုက်အောင်လုပ်ဖို့ ကြိုးစားနေတာလား”

ရီချန်သည် ကျန်းရီက ဒေါသထွက်နေကြောင်းကို တွေ့လိုက်ရပြီး သူနှင့် ဗုဒ္ဓဧကရာဇ်တို့၏ စကားများကို ကြားပြီးနောက် အသက်ပင်ကျယ်ကျယ်မရှူဝံ့တော့ချေ။ သူမသည် ကောင်းကင်လျှို့ဝှက်ဂိုဏ်း၏ သူတော်စင်ဧကရီအကြောင်းကို ကြားခဲ့ဖူးသည်။ ကျန်းရီက အရေးပါသောပုဂ္ဂိုလ်များစွာနှင့် ပတ်သတ်နေလိမ့်မည်ဟု သူမ တွေးပင် မတွေးမိခဲ့ချေ။ ကြည့်ရသည်မှာ ထွက်ပေါ်မလာသေးသော လျှို့ဝှက်ချက်ကြီးတစ်ခု ရှိနေသေးသည့်ပုံပင်။

“ဟင်းဟင်း...”

ဗုဒ္ဓဧကရာဇ် ရယ်လိုက်သောအခါ သူ၏မုတ်ဆိတ်ဖြူများ လှုပ်ယမ်းသွားသည်။ သူ၏ မျက်နှာထားကလည်း အိမ်နီးချင်း အဘိုးအိုတစ်ယောက်ကဲ့သို့ ကြင်နာသည့်ပုံ ပေါ်နေသည်။ ထို့နောက် သူ ခေါင်းခါကာ ပြောလိုက်သည်။

“ကျန်းရီ... မင်း အသက်ရှင်နေသေးတာပဲ မဟုတ်ဘူးလား။ လူပုတောင်မှာတုန်းက သူတော်စင်ဧကရီက မင်းကို မကယ်ခဲ့ဘူးလား။ သိပ်ပြီး စိတ်အနှောင့်အယှက် ဖြစ်မနေပါနဲ့... ငါတို့က မင်းကို ထိခိုက်အောင် လုပ်ချင်တဲ့ဆန္ဒ မရှိပါဘူး”

“ဟားဟားဟား...”

ကျန်းရီသည် အလွန်ဒေါသထွက်နေသဖြင့် ဗုဒ္ဓဧကရာဇ်၏ စကားကို နားမဝင်တော့ဘဲ ခနဲ့ဟန်ဖြင့် ရယ်မောကာ ရွဲ့၍ ပြောလိုက်လေသည်။

“ဟုတ်ပါတယ်... ဧကရာဇ်တို့က ကျွန်တော့်ကို ထိခိုက်အောင် လုပ်ချင်တဲ့ဆန္ဒ မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော် အန္တရာယ်တွေ တစ်ခုပြီးတစ်ခုနဲ့ ကြုံတွေ့ခဲ့ရတာ၊ ကျွန်တော့်အမေနဲ့ ယွီဝမ်ကို အသည်းအသန် လိုက်ရှာခဲ့တာ၊ စွမ်းအားကြီး သိုင်းပညာရှင်တွေရဲ့ အဆက်မပြတ် လိုက်သတ်ခံနေခဲ့ရတာတွေကိုတော့ ဧကရာဇ်တို့က ထိုင်ကြည့်နေခဲ့ကြတာပဲ။ ဧကရာဇ်တို့က ကျွန်တော့်ကို မဖြစ်နိုင်တဲ့ တာဝန်တွေ ပေးခဲ့ကြတယ်။ ဧကရာဇ်တို့က ကျွန်တော့်ကို အရုပ်တစ်ရုပ်လို ထိန်းချုပ်ခဲ့ပြီး ကျွန်တော့်ဘဝကို ကြိုးကိုင်ခဲ့တာပဲ...”

“ကျွန်တော် ဧကရာဇ်တို့ကို မေးချင်တယ်.. တကယ်လို့ ကျွန်တော် အပြစ်သားကျွန်းမှာ သေရတော့မယ်ဆိုရင် ဧကရာဇ်တို့က ကျွန်တော့်ကို ဘယ်လိုကယ်မှာလဲ။ ကျွန်တော် ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲမှာ သေသွားမယ်ဆိုရင်ရော ဘယ်လိုလုပ်မလဲ။ အဆုံးမဲ့ပင်လယ်နက်မှာဆိုရင်ရော... ဧကရာဇ်တို့ ဘာတတ်နိုင်မလဲ။ ဧကရာဇ်တို့က အရေးပါတဲ့ ပုဂ္ဂိုလ်တွေပါ။ အဲ့လိုပုဂ္ဂိုလ်တွေက ကျွန်တော့်ကို အရုပ်တစ်ရုပ်လို ကစားနေခဲ့ကြတာပေါ့လေ။ ဧကရာဇ်တို့မှာ တခြားလုပ်စရာတွေ မရှိကြဘူးလား”

“ကျန်းရီ... ငါတို့က မင်းကို ထိန်းချုပ်ချင်ခဲ့တာ မဟုတ်ပါဘူး။ ငါတို့ လုပ်ခဲ့တာတွေ အကုန်လုံးက မင်း ကောင်းဖို့အတွက်ပါပဲ။ တစ်နေ့ကျရင် မင်း ငါတို့ရဲ့စိတ်ကို နားလည်လာပါလိမ့်မယ်”

ဗုဒ္ဓဧကရာဇ်က မျက်နှာထားတည်သွားပြီး အလေးအနက် ပြောလိုက်သည်။

“တကယ်လို့ မင်း ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲမှာ၊ အပြစ်သားကျွန်းမှာ၊ ဒါမှမဟုတ် အဆုံးမဲ့ပင်လယ်နက်မှာ သေသွားမယ်ဆိုရင်လည်း အဲ့ဒါက မင်းရဲ့ကံကြမ္မာပဲ။ မင်း ကောင်းကင်ကြယ်တာရာနယ်မြေထဲက ထွက်လာတဲ့နေ့ကတည်းက မင်းရဲ့ ကံကြမ္မာကို သတ်မှတ်ပြီးသွားပြီ။ မင်းက ထိပ်ဆုံးကို ရောက်မလား ဒါမှမဟုတ် သေမလား... အဲ့နှစ်ခုပဲ ရှိတယ်။ မင်းမှာ တခြားရွေးချယ်စရာတွေ မရှိဘူး”

“ဒါက...”

ရီချန် တုန်ယင်သွားပြီး ကျန်းရီအတွက် စိတ်မကောင်းဖြစ်သွားသည်။ ကျန်းရီ ကောင်းကင်ကြယ်တာရာနယ်မြေမှ ထွက်လာစဉ်က အသက်မည်မျှသာ ရှိသေးသနည်း။ ထိုစဉ်ကတည်းက ဂုဏ်သရေရှိ အကြီးအကဲများက သူ့ဘဝကို ထိန်းချုပ်နေခဲ့သည်လော။ ယင်းက မည်မျှ ရက်စက်ပါသနည်း။

“တစ်နေ့ကျရင် ဟုတ်လား...”

ကျန်းရီသည် ထိုစကားကို ကြားလိုက်သောအခါ ပို၍ပင် ဒေါသထွက်သွားသည်။ ထို့ကြောင့် သူ ခနဲ့တဲ့တဲ့ ပြောလိုက်သည်။

“ထပ်ပြီးတော့ အဲ့စကားပဲလား... အဲ့တစ်နေ့ရောက်လာဖို့က ဘယ်လောက်ကြာဦးမှာလဲ။ ဧကရာဇ်တို့ ကျွန်တော့်ကို ကိစ္စအကုန်လုံး ပြောပြလာအောင် ငါးနှစ်စောင့်ရမှာလား၊ ဆယ်နှစ်စောင့်ရမှာလား...”

“ငါက မင်းကို မပြောပြချင်လို့ မဟုတ်ပါဘူး”

ဗုဒ္ဓဧကရာဇ်က ခါးသက်သက်ပြုံးကာ သက်ပြင်းချ၍ ပြောလိုက်သည်။

“ငါနဲ့ သူတော်စင်ဧကရီတို့တောင် မသိသေးတဲ့ ကိစ္စတွေ အများကြီး ရှိနေသးတယ်။ အတိတ်မှာ ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေအကုန်လုံးကို လူတစ်ယောက်ကပဲ သိထားတယ်။ သူက အခုထိ လူလုံးထွက်မပြေးသေးတော့ အချိန်မကျသေးဘူးဆိုတဲ့ အဓိပ္ပာယ်ပဲပေါ့။ အဲ့အချိန်မတိုင်ခင်အထိ ငါတို့လည်း ဘာမှ ပြောလို့မရဘူး”

“သူ...”

ကျန်းရီ၏ မျက်လုံးများ အရောင်လက်သွားသည်။

“အဲ့ ‘သူ’ ဆိုတာက ယွီဝမ်လား”

“ဟုတ်တယ်”

ဗုဒ္ဓဧကရာဇ်သည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားပြီး ခပ်သဲ့သဲ့ပြုံးကာ ပြောလိုက်သည်။

“တကယ်တော့... မင်းတို့နှစ်ယောက် အရင်တုန်းက တစ်ယောက်ကိုတစ်ယောက် တွေ့ခဲ့ဖူးလောက်တယ်။ ဒါပေမဲ့ သူက သူဘယ်သူဆိုတာကို မင်းကို မပြောပြခဲ့ဘူး။ အရင်တုန်းက သူက မင်းအမေရဲ့ ကိုယ်ရံတော်ပဲ။ အဲ့တော့ သူက မင်းအမေနဲ့ ပတ်သတ်တဲ့ ကိစ္စတိုင်းကို သိထားတယ်။ သူ မင်းကို လာတွေ့တဲ့အချိန်ကျရင် အရာအားလုံး ရှင်းသွားပါလိမ့်မယ်။ ငါကတော့ မင်းရဲ့အမေက အသက်ရှင်နေသေးတယ်ဆိုတာပဲ မင်းကို ပြောပြနိုင်တယ်။ ဒါပေမဲ့ သူက ကောင်းကင်ကြယ်တာရာနယ်နမိတ်မှာတော့ မဟုတ်ဘူး”

***

All Chapters