ပြဿနာကြီး...
Vol. 82 Ch. 1137
“ကောင်းကင်ကြယ်တာရာနယ်နမိတ်မှာ မဟုတ်ဘူးလား”
ကျန်းရီ မှင်တက်သွား၏။ ရီချန်၏ မျက်လုံးကလေးများလည်း ဝိုင်းစက်သွားသည်။ ထိုစကား၏ သက်ရောက်မှုက အလွန်ကြီးပေသည်။ ရီချန်သည်ပင် ကောင်းကင်ကြယ်တာရာနယ်နမိတ်အလွန်တွင် မသေမျိုးဘုံက အမှန်တကယ် တည်ရှိသလောကို မသိပေ။ ကျန်းရီကမူ တိကျသော အဖြေကို ဆန်းကြယ်ဧကရာဇ်ထံမှ ရခဲ့ပြီဖြစ်သည်။
“ဘာလို့ ကျွန်တော့်ရဲ့ အမေက ကောင်းကင်ကြယ်တာရာနယ်နမိတ်မှာ မရှိရတာလဲ”
ကျန်းရီ အံ့အားသင့်နေသည်။ ရီဖျောင်ဖျောင်ကလည်း ဆန်းကြယ်ဧကရာဇ်ကဲ့သို့ နတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်ခဲ့ခြင်းလော။ သို့သော် ထိုသို့ဆိုလျှင် ရီဖျောင်ဖျောင်၏အသက်က မည်မျှ ရှိနေမည်နည်း။ ကျန်းရီ အသက် နှစ်နှစ်သား၊ သုံးနှစ်သား အရွယ်တွင် ရီဖျောင်ဖျောင်က အရှေ့ဘက် တော်ဝင်နယ်မြေသို့ ပြန်လာခဲ့သည် မဟုတ်လော။ ထိုစဉ်က သူမသည် အသက်နှစ်ဆယ်ပတ်ချာလည်သာ ရှိခဲ့သည် မဟုတ်လော။ သို့တည်းမဟုတ် သူမက အသက်နှစ်ဆယ်ဝန်းကျင်တွင် နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ခဲ့၍ ရုပ်က မပြောင်းတော့ခြင်းလော။ ယင်းက အမှန်ဖြစ်လျှင် ထိုအကြောင်းက အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခွင်လုံးတွင် ကျော်ကြားနေသင့်သည် မဟုတ်လော။
ဗုဒ္ဓဧကရာဇ်သည် ကျန်းရီ၏ နားမလည်နိုင်ဖြစ်နေသော မျက်နှာထားကို တွေ့လိုက်သောအခါ ခါးသက်သက်ပြုံး၍ ပြောလိုက်သည်။
“ငါ့ကို မကြည့်နဲ့။ ငါကိုယ်တိုင်တောင် သေချာမသိသေးတဲ့ကိစ္စတွေ အများကြီး ရှိသေးတယ်။ ငါ ပြောတာလည်း မှန်ချင်မှ မှန်မှာ။ မင်း အချိန်ယူပြီးတော့သာ ကြိုးစားကျင့်ကြံပါ။ အချိန်ကျလာရင် ယွီဝမ်က မင်းကို လာရှာပါလိမ့်မယ်”
“အဲ့ဒါပဲ ထပ်လာပြန်ပြီလား...”
ကျန်းရီ သည်းမခံနိုင်တော့ပေ။ စကားကို မတင်မကျ ပြောတတ်သူများကို သူ အမုန်းဆုံးဖြစ်သည်။ လူတစ်ယောက်သည် အကြောင်းစုံမသိလျှင် အစကတည်းက စ၍ပင် မပြောသင့်ပေ။ ထိုမှသာ နားထောင်ရသူက အကြောင်းစုံ မသိရ၍ မချင့်မရဲ ဖြစ်နေရသည့်အဖြစ်မျိုးကို မခံစားရတော့မည်ဖြစ်သည်။ သို့သော် ဗုဒ္ဓဧကရာဇ်က မပြောပြလိုလျှင် ကျန်းရီ မည်သို့မှ မတတ်နိုင်ပေ။ ထို့ကြောင့် သူ စိတ်ပြန်လျှော့လိုက်ပြီး အသည်းအသန် တွေးတောကာ သူ သိထားပြီးသော ကိစ္စများကို ဆက်စပ်ရန် ကြိုးစားလိုက်သည်။
ဗုဒ္ဓဧကရာဇ်ကဲ့သို့သော ပုဂ္ဂိုလ်တစ်ယောက်က မလိမ်လောက်ပေ။ ကျန်းရီ၏အမေက အမှန်ပင် ကောင်းကင်ကြယ်တာရာနယ်နမိတ်၌ ရှိမနေခြင်း ဖြစ်နိုင်သည်။ မဟုတ်လျှင် သူမက သူ့ကို ယခင်ကတည်းက လာတွေ့ပြီးနေလောက်ပြီ မဟုတ်လော။
‘ယွီဝမ်...’
ကျန်းရီက ယွီဝမ်နှင့် တွေ့ခဲ့ဖူးသည်ဟု ဗုဒ္ဓဧကရာဇ်က ပြောခဲ့သည်လော။ သို့သော် အပြစ်သားကျွန်းသို့ သူ့အမေနှင့်အတူ လိုက်လာခဲ့သော အဘိုးအိုနှင့် ပန်းချီကမ်းပါးရှိ ပန်းချီကားထဲမှ အဘိုးအိုကို ကျန်းရီ တစ်ခါမှ မမြင်ဖူးပေ။ ထို့ပြင် ကျန်းရီသည် ယွီဝမ်၏အကြောင်းကို အကြိမ်များစွာ စုံစမ်းခဲ့ဖူးသည်။ အရိပ်ဧကရာဇ်သည်ပင် ယွီဝမ်အကြောင်းကို မကြားဖူးချေ။
ထို့ကြောင့် ယွီဝမ်ဆိုသော အမည်မှာ အမည်တုသာ ဖြစ်လောက်သည်။ သူ၏အဘိုးအိုပုံစံကလည်း ရုပ်ဖျက်ထားခြင်း ဖြစ်နိုင်သည်။
ယွီဝမ်က သူမည်သူဖြစ်ကြောင်းကို ထုတ်မပြသေးဟုလည်း ဗုဒ္ဓဧကရာဇ်က ပြောခဲ့သည်။ ထိုစကားတွင် အဓိပ္ပာယ်များစွာ ပါပေသည်။ ထို့ပြင် စစ်ထူမျိုးနွယ်၏ တိုက်ပွဲအာကာပြင်နယ်မြေထဲတွင် မြင်ခဲ့ရသည်များအရ ယွီဝမ်က အလွန်အင်အားကြီးကြောင်း သိနိုင်သည်။ ဗုဒ္ဓဧကရာဇ်ကလည်း သူတို့၏ စွမ်းအားအဆင့်က တူကြောင်း ပြောခဲ့သည်။ သို့ဆိုလျှင် ယွီဝမ်က ကြယ်ရှင်ပွင့်အဆင့်နှင့်အထက်တွင် ရှိလောက်မည်။ ထိုအချက်ကို ထည့်စဉ်းစားလျှင် ယွီဝမ်ကိုရှာရန် ပိုလွယ်သွားပေလိမ့်မည်။ ယွီဝမ်က ဧကရာဇ်ကိုးပါးထဲမှ တစ်ပါး သို့မဟုတ် လျှို့ဝှက်ဂိုဏ်းကြီးတစ်ဂိုဏ်းမှ ဂိုဏ်းချုပ် ဖြစ်နိုင်သည်။
ထိုခန့်မှန်းချက်သာ မှန်ပါက ရီဖျောင်ဖျောင်၏ ဇစ်မြစ်က ပို၍ပင် အဆင့်အတန်းမြင့်ပေလိမ့်မည်။ မိန်းမပျိုလေးတစ်ယောက်က ကြယ်ရှစ်ပွင့်၊ ကြယ်ကိုးပွင့် ပညာရှင်တစ်ယောက်ကို ကိုယ်ရံတော်အဖြစ် ခန့်အပ်ထားနိုင်သည်လော။ ထိုမိန်းမပျိုလေးက ဗုဒ္ဓဧကရာဇ်ကိုပင် ညွှန်ပြချက်များ ပေးခဲ့သည်လော။ ထို့ပြင် သူမက ကောင်းကင်ကြယ်တာရာနယ်နမိတ်တွင် ရှိမနေသည်လော။
ကျန်းရီသည် သူရရှိထားသာ သတင်းအချက်အလက်များအရ ရီဖျောင်ဖျောင်က ရတနာများစွာကို ပိုင်ဆိုင်ထားသည့် ခေါင်းမာသူတစ်ယောက်ဖြစ်ကြောင်း သိထား၏။ သူမက အကျိုးဆက်များကို မတွေးတောဘဲ ပြုမူတတ်သူဖြစ်သည်။ ထိုအခိုက်တွင် ကျန်းရီ၏ ဦးနှောက်ထဲ၌ အလွန်ရဲတင်းသော အတွေးတစ်ခု ထွက်ပေါ်လာသည်။ ထို့ကြောင့် သူ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းကာ မေးလိုက်သည်။
“ဗုဒ္ဓဧကရာဇ်... ကျွန်တော့်အမေက ပိုမြင့်တဲ့ ဘုံကလား။ သူက ကောင်းကင်ကြယ်တာရာနယ်နမိတ်က လူသားတစ်ယောက် မဟုတ်ဘူးမလား”
ဗုဒ္ဓဧကရာဇ်က ကျန်းရီကို ခေတ္တမျှ စိုက်ကြည့်လိုက်ပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။
“မင်းက ခန့်မှန်းမိနေပြီဆိုမှတော့ ငါ မင်းကို ဖုံးကွယ်မထားတော့ပါဘူး။ ဟုတ်တယ်... မင်းအမေက ကောင်းကင်ကြယ်တာရာယ်နယ်နမိတ်က မဟုတ်ဘူး”
“အာ...”
ကျန်းရီ၏ မျက်နှာထားက များစွာ မပြောင်းလဲသွားပေ။ သို့သော် ရီချန်မှာမူ အာမေဋိတ်သံပင် ပြုမိသွားသည်။ သူမ၏ ပါးစပ်သည် ကြက်ဥတစ်လုံးပင် ဝင်နိုင်လောက်သည်အထိ အဟောင်းသားဖြစ်သွားသည်။ အစောကပင် သူမသည် ကျန်းရီ၏ နောက်ခံက မရိုးရှင်းကြောင်းကို သိခဲ့ရသည်။ ယခုတွင်မူ ကျန်းရီ၏ အမေက လူသားတစ်ယောက် မဟုတ်ဘဲ အထက်ဘုံမှ နတ်သမီးတစ်ပါး ဖြစ်နေကြောင်းကို သူမ သိလိုက်ရပေပြီ။
အထက်ဘုံသို့ တက်လှမ်းနိုင်သူက နတ်ဘုရား မဟုတ်လျှင် ဘာဖြစ်နိုင်သေးသနည်း။
“ဟူး...ဟူး...”
ကျန်းရီ အသက်ပြင်းပြင်း ရှူထုတ်လိုက်၏။ သူသည် ထိုအဖြေကြောင့် မပျော်သွားပေ။ အမှန်တွင် သူ၏စိတ်က ပို၍ပင် လေးလံသွားသည်။
ရီဖျောင်ဖျောင်က အထက်ဘုံမှ လာခဲ့ခြင်းပင်။ သို့ဆိုလျှင် သူမ၏ နောက်ခံအကြောင်းက အလွန်ထူးခြားပေလိမ့်မည်။ ဆန်းကြယ်ဧကရာဇ်သည်ပင် အထက်ဘုံမှနေ၍ အောက်ဘုံသို့ ပြန်လာရန် မလွယ်ကြောင်း ပြောခဲ့သည်။ သို့သော် အဘယ်ကြောင့် ရီဖျောင်ဖျောင်က ကောင်းကင်ကြယ်တာရာနယ်နမိတ်အတွင်းသို့ စိတ်ကြိုက် ဝင်ထွက်သွားလာနေနိုင်ခဲ့ခြင်းနည်း။ သူမကဲ့သို့သော နတ်သမီးတစ်ပါးက သူမ၏သားကို ပစ်ထားခဲ့မည်လော။ မည်သို့သော အခက်အခဲများ ရှိနေခဲ့၍ မိခင်တစ်ယောက်က မိမိ၏သားကို စွန့်ပစ်ခဲ့ရခြင်းနည်း။
ရီဖျောင်ဖျောင်က ကြယ်တံခွန်ကျွန်းတွင် ချန်ခဲ့သည့် ဝိညာဉ်ပုံရိပ်ကလည်း သူမတွင် သူမ၏အခက်အခဲများရှိကြောင်း ကျန်းရီကို ပြောခဲ့သည်။ ရီဖျောင်ဖျောင်ကဲ့သို့သော သူတစ်ယောက်ကိုပင် အခက်အခဲဖြစ်စေခဲ့သော ပြဿနာများမှာ သေချာပေါက် ကြီးမားပေလိမ့်မည်။
ထို့ပြင် ရှောင်နူလည်း ရှိသေးသည်။
ရှောင်နူ၏ မျိုးနွယ်က အလွန်ထူးခြားကာ မှော်ဆန်သည်။ သူမ၏ စွမ်းအားများက အလွန်အားကောင်းသည်။ သူမသည် မင်ရည်တောင်ပံနတ်ဘုရားအတတ်ကို စတင်ကျင့်ကြံပြီးနောက် နှစ်အနည်းငယ်အတွင်းမှာပင် အားနည်းသော မိန်းမပျိုလေးအဖြစ်မှနေ၍ လောကအဆင့် သိုင်းပညာရှင်တစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ကျန်းရီ ရုတ်တရက် စိတ်ဝင်စားသွား၏။ ကျန်းရှောင်နူသည်လည်း အထက်ဘုံမှ လာခဲ့ခြင်းလော။ မဟုတ်လျှင် အရိပ်နက်ဧကရာဇ်၏ သတင်းအချက်အလက်များမှနေ၍ မင်ရည်တောင်ပံမျိုးနွယ်အကြောင်းကို သိရပြီးနေလောက်ပေပြီ။
‘သားမှာ ကျင့်ကြံနိုင်မယ့် နည်းလမ်း မရှိရင်လည်း တစ်သက်လုံး ကောင်းကင်တောင်ပံမြို့မှာပဲ အေးအေးချမ်းချမ်း နေသွားပေါ့။ အများကြီး သိလာရရင် သား ပိုစိတ်ဆင်းရဲလာရတာပဲ ရှိမှာပါ...’
‘သားရဲ့အမေကို ခွင့်လွှတ်ပါ။ အမေ သားကို မလိမ်ချင်ခဲ့ပါဘူး။ သားကိုလည်း မစွန့်ပစ်ခဲ့ချင်ပါဘူး။ အမေ့မှာလည်း အမေ့ရဲ့အခက်အခဲနဲ့အမေမို့ပါ’
‘သားလေး... အမေကို လိုက်မရှာပါနဲ့၊ အမေ ဘယ်ကိုရောက်သွားတာလဲဆိုတာကိုလည်း လိုက်မမေးပါနဲ့။ မင်းရဲ့အဖေတောင် အမေ ဘယ်ကလာခဲ့တာလည်းဆိုတာကို မသိဘူး...’
ကျန်းရီ၏ အတွေးထဲတွင် ရီဖျောင်ဖျောင်၏ နောက်ဆုံးစကားများ ပဲ့တင်ထပ်နေသည်။ နောက်ဆုံးတွင် သူသည် ထိုစကားများ၏နောက်ကွယ်မှ နက်ရှိုင်းမှုကို နားလည်သွားပေပြီ။ အဘယ်ကြောင့် သူမက သူ့အတွက် မည်သည့်အရာမှ မချန်ခဲ့ခြင်းဖြစ်ကြောင်းကိုလည်း သူ နားလည်သွားသည်။
ရီဖျောင်ဖျောင်က ပြဿနာကြီးတစ်ခုနှင့် ကြုံခဲ့ရခြင်းဖြစ်မည်။ သူမ၏ အဆင့်အတန်း၊ သူမ၏စွမ်းအားနှင့်ပင် ထိုပြဿနာကို မဖြေရှင်းနိုင်ခဲ့သည့်ပုံပင်။ ထို့ကြောင့် သူမက သူမ၏သေဆုံးမှုကို အတုလုပ်၍ ကျန်းရီအတွက် မည်သည့်ရတနာမှ မချန်ပေးခဲ့ခြင်းဖြစ်မည်။ သူမက ကျန်းရီကို ကောင်းကင်ကြယ်တာရာနယ်မြေတွင်သာ တစ်သက်လုံး အပူအပင်ကင်းကင်းဖြင့် နေထိုင်စေလိုခဲ့ခြင်း ဖြစ်မည်။ အတိတ်အကြောင်းများကို ပိုသိရလျှင် ပိုစိတ်ဆင်းရဲရသည်သာရှိမည်။
ရီဖျောင်ဖျောင်သည် ထွက်မသွားခင်တွင် အကယ်၍ ကျန်းရီက သူ့ဒန်တျန်မှ ချိပ်စည်းကို မဖျက်နိုင်ခဲ့လျှင်၊ မကျင့်ကြံနိုင်ခဲ့လျှင်၊ ကြယ်တံခွန်ကျွန်းသို့ သူ့ဘာသာ မလာနိုင်ခဲ့လျှင် ကျန်းရီကို သူမ သေသည်၊ ရှင်သည်ကို ပေးမသိရန် ရွှေယို့လန်အား မှာခဲ့သည်။ သို့ဆိုလျှင် ကျန်းရီသည် သူမ၏ ဝိညာဉ်ပုံရိပ်ကိုလည်း တွေ့ခွင့်ရမည် မဟုတ်ပေ။
ထို့ပြင် ရီဖျောင်ဖျောင်က အရှေ့ဘက် တော်ဝင်နယ်မြေတွင်လည်း ပြင်ဆင်မှုများ လုပ်ခဲ့ကြောင်း ထင်ရှားသည်။
ဗုဒ္ဓဧကရာဇ်သည် ကျန်းရီ ကောင်းကင်ကြယ်တာနယ်မြေမှ ထွက်လာကတည်းက ကျန်းရီ၏ ဖြစ်တည်မှုကို သိခဲ့သည်ဟု ပြောခဲ့သည်။ သို့သော် မည်သူကမှ သူ့ကို ကူညီမပေးခဲ့ပေ။ သူတို့၏ ရည်ရွယ်ချက်က ရှင်းလင်းပေသည်။ အကယ်၍ သူက သူ့ကိုယ်သူ အားကိုး၍ ကြိုးစားမရှင်သန်နိုင်ခဲ့လျှင်၊ အဆင့်မတက်နိုင်ခဲ့လျှင်၊ လက်ရှိအဆင့်သို့ မရောက်နိုင်ခဲ့လျှင် သူသည် ယခုလျှို့ဝှက်ချက်များကိုပင် သိခွင့်ရမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် လုံလောက်သောအစွမ်းအစ မရှိသေးချိန်တွင် အမှန်တရားကို သိလိုက်ရပါက သူ မည်သို့မှ မလုပ်နိုင်ဘဲ မချင့်မရဲဖြစ်ကာ တစ်ဘဝလုံး အပြစ်ရှိစိတ်ဖြင့် စိတ်ဆင်းရဲစွာ နေထိုင်သွားရမည်ဖြစ်၍ပင်။
ထိုအခိုက်တွင်...
ကျန်းရီသည် ဗုဒ္ဓဧကရာဇ်နှင့် ယွီဝမ်တို့၏ အတွေးကို အနည်းငယ် နားလည်လာသည်။ သူတို့က သူ့ဘဝကို ထိန်းချုပ်၍ သူ့အား အခက်အခဲများနှင့် ရင်ဆိုင်စေခဲ့သည်မှာ အမှန်တရားကို ခံနိုင်ရည်ရှိအောင် ပျိုးထောင်ပေးခြင်းဖြစ်သည်။ အကယ်၍ ကျန်းရီသာ ပို၍ပို၍ သန်မာလာပါက နောက်ဆုံးတွင် ရီဖျောင်ဖျောင်ကို ကိုယ်တိုင်သွားရှာနိုင်မည်ဖြစ်သည်။ သူမ၏ ပြဿနာကြီးကိုလည်း ကူညီဖြေရှင်းပေးနိုင်ပေလိမ့်မည်။
‘ပြဿနာကြီး...’
ကျန်းရီသည် ရုတ်တရက် ပခုံးထက်တွင် တောင်ကြီးနှစ်လုံးကို ထမ်းထားရသကဲ့သို့ ခံစားလိုက်ရသည်။ ထို့ကြောင့် သူ အသက်ပင်မရှူနိုင် ဖြစ်လာသည်။
ကျန်းရီသည် ဗုဒ္ဓဧကရာဇ်ကို ဒေါသထွက်မနေတော့ဘဲ တည်ငြိမ်လာပြီဖြစ်သည်။ သူ မေးခွန်းများ ထပ်၍ မမေးလိုတော့ပေ။ အဖြေအနည်းငယ်ကို သိလိုက်ရရုံဖြင့်ပင် သူခံစားနေရသော ဖိအားက အဆပေါင်းများစွာ တိုးလာပြီဖြစ်သည်။ အစွမ်းအစမရှိသူတစ်ယောက်က ကိစ္စများစွာကို သိထားခြင်းမှာ ကောင်းသောကိစ္စ မဟုတ်ပေ။
ကျန်းရီသည် ဆယ်မိနစ်ကြာ တွေးတောပြီးနောက် မည်သည့်စကားမှ မဆိုတော့ဘဲ ဗုဒ္ဓဧကရာဇ်ကို သုံးကြိမ်ဦးညွှတ်၍သာ ဆန်းကြယ်နတ်ဘုရားနန်းတော်ဆီသို့ ပျံတက်သွားလိုက်တော့သည်။
“ဘိုးဘိုး...”
ရီချန်သည် ကျန်းရီ၏ အတန်ငယ်ကိုင်းနေသော နောက်ကျောပြင်ကိုကြည့်၍ ကျန်းရီ၏ရင်ထဲမှ လေလံမှုကို ခံစားလိုက်ရ၏။ ထို့နောက် သူမသည် ရင်ထဲမချိသည့်ဟန်ဖြင့် ဗုဒ္ဓဧကရာဇ်ကို ကြည့်လိုက်သည်။
“သူ့ကို သွားခိုင်းလိုက်ပါ”
ဗုဒ္ဓဧကရာဇ်က လက်ခါ၍ ပြောလိုက်၏။ ထို့နောက် သူ ထိုင်လိုက်ပြီး မျက်လုံးမှိတ်ကာ ငါးဆက်မျှားနေလိုက်သည်။ မကြာခင်မှာပင် ဆန်းကြယ်နတ်ဘုရားနန်းတော်က တောက်ပသွားပြီး အာကာပြင်အက်ကြောင်းအတွင်းသို့ဝင်ကာ ပျောက်ကွယ်သွားသည်။ ရီချန် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်၏။ ထို့နောက် သူမ ဗုဒ္ဓဧကရာဇ်ကို ကြည့်လိုက်သည်။ ဗုဒ္ဓဧကရာဇ် ကျန်းရီထွက်သွားသည်ကို လုံးဝအရေးမစိုက်ပေ။ ထို့ကြောင့် သူမ ခြေဆောင့်ကာ စိတ်လှုပ်တရှား ပြောလိုက်သည်။
“ဘိုးဘိုး... ဘိုးဘိုးတို့ကတောင် သူ့ကို မကူညီချင်ဘူး။ ကျန်းရီက အရမ်းသနားစရာကောင်းတာပဲ...”
“အဘိုးတို့ သူ့ကို ကူညီပေးလို့မရဘူး”
ဗုဒ္ဓဧကရာဇ်က မျက်လုံးပြန်ဖွင့်လိုက်ပြီး သက်ပြင်းလေးလေးချကာ ပြောလိုက်သည်။
“သူ ကောင်းကင်ကြယ်တာရာနယ်မြေက ထွက်လာကတည်းက၊ သူ့အမေကို လိုက်ရှာဖို့ ဆုံးဖြတ်လိုက်ကတည်းက သူ့လမ်းကြောင်းကိုသူ လျှောက်ရတော့မှာပဲ။ သူ့ကံကြမ္မာကို သတ်မှတ်ပြီးသွားပြီ။ သူက ထိပ်ဆုံးကိုရောက်မလာ ဒါမှမဟုတ် သေမလား... အဲ့နှစ်ခုတည်းကပဲ ရွေးချယ်လို့ရတယ်။ ချန်အာလေး... အရှေ့ဘက် တော်ဝင်နယ်မြေက သမီးထင်သလောက် မရိုးရှင်းဘူး။ အဘိုးတို့ရဲ့ အစွမ်းအစလောက်နဲ့ ဝင်မပါနိုင်တဲ့ ကိစ္စတွေ အများကြီးရှိတယ်...”
***