← Chapters

ကံဆိုးကြယ် ပြန်လာပြီ

Vol. 82 Ch. 1138

ကံဆိုးကြယ် ပြန်လာပြီ

Vol. 82 Ch. 1138

“ကျန်းရီ ဘာဖြစ်လို့လဲ”

ယဉ်ရို့ပင်းသည် ကျန်းရီက ပြန်ရောက်လာပြီးနောက် မျက်နှာပျက်နေကြောင်းကို တွေ့လိုက်ရ၏။ သူ၏ပုံစံက ငေးမှိုင်နေသည်။ သူ၏ မျက်ဝန်းများကလည်း အသက်ကင်းမဲ့နေသည်။

“ဘာမှ မဖြစ်ပါဘူး”

ကျန်းရီက အားတင်း၍ ပြုံးလိုက်သည်။ ထို့နောက် သူသည် ယဉ်ရို့ပင်းကို သူ့ရင်ခွင်ထဲသို့ ညင်သာစွာ ဆွဲခေါ်လိုက်ပြီး လေသံဖျော့ဖျော့ဖြင့် ပြောလိုက်သည်။

“အရင်က ငါ မင်းကို ငါ့အ‌မေအကြောင်း ပြောပြခဲ့ဖူးတယ်မလား။ အခု ငါ့အမေက ကောင်းကင်ကြယ်တာရာနယ်နမိတ်မှာ မရှိဘူးဆိုတာကို ငါ သိခဲ့ရပြီ။ အဲ့တော့ ငါ သူ့ကို တွေ့ချင်ရင်၊ သူ့ကို ကူညီပေးချင်ရင် ဆန်းကြယ်ဧကရာဇ်လို နတ်ဘုရားအဆင့်ကို တက်လှမ်းပြီး နတ်ဘုရားဘုံ ဒါမှမဟုတ် မသေမျိုးဘုံကို သွားရလိမ့်မယ်”

ကျန်းရီသည် အမြဲလိုပင် စိတ်ညစ်စရာများကို ရင်ထဲတွင်သာထား၍ တစ်ယောက်တည်း ကြိတ်ရင်ဆိုင်ခဲ့သည်။ သို့သော် ဤတစ်ခေါက်တွင်မူ သူ ခြွင်းချက်ထားလိုက်သည်။ ဤတစ်ခေါက်၏ ဖိအားက အလွန်ကြီးသဖြင့် သူ တစ်ယောက်တည်း ရင်မဆိုင်နိုင်ပုံပင်။ ထို့ကြောင့် သူသည် ရင်ဖွင့်ရမည့်သူတစ်ယောက်ကို အလိုရှိနေသည်။ မဟုတ်လျှင် သူ စိတ်ဖိစီးကာ သေသွားနိုင်သည်။

“ကောင်းကင်ကြယ်တာရာနယ်နမိတ်မှာ မရှိဘူးလား။ နတ်ဘုရားအဆင့်... နတ်ဘုရားဘုံ... မသေမျိုးဘုံ”

ယဉ်ရို့ပင်း အံ့အားသင့်သွားသည်။ ကျန်းရီသည် ယခင်က သူမကို သူ၏ငယ်ဘဝအကြောင်း ပြောပြခဲ့ဖူးသည်။ ကျန်းရီက သူ့အမေကို မည်မျှရှာလိုနေကြောင်း သူမသိသည်။ သို့သော် ကျန်းရီ၏အမေက ကောင်းကင်ကြယ်တာရာနယ်နမိတ်တွင် မရှိလောက်ဟု သူမ မမျှော်လင့်ထားပေ။ ထို့ပြင် ကျန်းရီက သူ့အမေကို ရှာတွေ့နိုင်ရန် အတိတ်မှ ဆန်းကြယ်ဧကရာဇ်လောက် စွမ်းအားကြီးလာရန် လိုအပ်နေသည်။

ထိုအကြောင်းများကို ကျန်းရီကိုယ်တိုင် ပြောပြခြင်း မဟုတ်ပါက ယဉ်ရို့ပင်း ယုံနိုင်မည် မဟုတ်ပေ။ သို့သော် သူမသည် ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှ သခင်မလေးတစ်ယောက်ဖြစ်၍ နတ်ဘုရားဘုံနှင့် မသေမျိုးဘုံတို့ တည်ရှိကြောင်းကို ယုံကြည်ပေသည်။ ဆန်းကြယ်ဧကရာဇ် နတ်ရွာစံသွားသော အကြောင်းကို မျိုးနွယ်တိုင်းတွင် ရှင်းလင်းစွာ မှတ်တမ်းတင်ထားသည် မဟုတ်ပါလား။

ပြဿနာမှာ နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ရန် မလွယ်ခြင်းပင်။

ကောင်းကင်ကြယ်တာရာနယ်နမိတ် တည်ရှိနေခဲ့သည်မှာ နှစ်‌ပေါင်းတစ်သန်းကျော်ခဲ့ပြီဖြစ်သော်လည်း ဆန်းကြယ်ဧကရာဇ်က တစ်ပါးသာ ထွက်ပေါ်လာသေးသည်။ ထိုနယ်နမိတ်တွင် လူပေါင်းမည်မျှ ရှိပါသနည်း။ မျိုးဆက်တိုင်းတွင် လောကအဆင့် သိုင်းပညာရှင်များ မည်မျှ ပေါ်ထွက်ခဲ့သနည်း။ နှစ်ပေါင်းခုနစ်သိန်းအတွင်း ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှ ထွက်ပေါ်လာခဲ့သော အံ့အားသင့်ဖွယ် ပါရမီရှင်များထဲတွင် မည်မျှက နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ခဲ့သနည်း။

တစ်ယောက်မှ မတက်လှမ်းနိုင်ခဲ့ပေ။

ထို့ကြောင့် ကျန်းရီ နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်မည့် ဖြစ်နိုင်ခြေရာခိုင်နှုန်းမှာ သုညနားကပ်နေသည်။ ယင်းမှာ သူက သူ့အမေကို ဤတစ်သက်တွင် မတွေ့နိုင်လောက်တော့ဟူသော အဓိပ္ပာယ်ပင်။ မိမိ၏ မိခင်က အသက်ရှင်နေသေးကြောင်း သိရသော်လည်း၊ သူမကို နေ့ညမပြတ် အောင်းမေ့နေရသော်လည်း သူမနှင့် တွေ့ခွင့်မရခြင်းမှာ မည်မျှ ဆိုးဝါးသနည်း။ ထို့ကြောင့် ယဉ်ရို့ပင်းသည် ကျန်းရီတစ်ယောက် မည်သို့ခံစားနေရကြောင်းကို နားလည်ပေသည်။ သူမ သူ့အတွက် ရင်နာမိသည်။

ယဉ်ရို့ပင်းသည် ကျန်းရီကို တင်းကြပ်စွာဖက်၍ နူးညံ့စွာ ပြောလိုက်သည်။

“ကျန်းရီ... စိတ်မလောပါနဲ့။ ဒီလောကထဲမှာ ဆန်းကြယ်မှုလို့ခေါ်တဲ့အရာ ရှိပါတယ်။ ဆန်းကြယ်မှု ရှိတယ်ဆိုတာ ရှင်က သက်သေပဲလေ။ အရှေ့ဘက် တော်ဝင်နယ်မြေရဲ့ နှစ်ပေါင်းခုနစ်သိန်းကျော် သမိုင်းတစ်လျှောက်အတွင်းမှာ ဘယ်သူက ဝူမျိုးနွယ်ရဲ့ ဒေသလေးခုမှာ သွေးချောင်းစီးအောင် လုပ်နိုင်ခဲ့လို့လဲ။ ဘယ်သူက ဆန်းကြယ်ဧကရာဇ်မြို့ကို တိုက်ခိုက်နိုင်ခဲ့သလဲ။ ဘယ်သူက ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ရယူနိုင်ခဲ့လဲ...”

“ရှင့်မှာ ဆန်းကြယ်နတ်ဘုရားနန်းတော်၊ ဆန်းကြယ်နတ်ဘုရားဓားနဲ့ ဆန်းကြယ်နတ်ဘုရားချပ်ဝတ် ရှိနေပြီ။ အခု ရှင့်ရဲ့ အနာဂတ်က အကန့်အသတ်မရှိတော့ဘူး။ ပြီးတော့ ရှင့်မှာ ကျွန်မလည်းရှိတယ်။ ကျွန်မက ရှင့်ဘေးမှာ ထာဝရရှိနေပြီး ရှင့်အမေကို ကူရှာပေးမှာပါ။ နတ်ဘုရားဘုံ၊ မသေမျိုးဘုံတင် မဟုတ်ဘူး တမလွန်ဘုံကို သွားရမယ်ဆိုရင်တောင် ကျွန်မ ရှင်နဲ့အတူ သွားမယ်”

“အင်း...”

ယဉ်ရို့ပင်း၏ စကားများက အလွန်ကဗျာဆန်သည်။ သူမသည် အလွန်လည်း မွှေးပျံ့သလို ရေကဲ့သို့လည်း နူးညံ့ပျော့ပြောင်းသည်။ ကျန်းရီ၏ လေးလံနေသော စိတ်က အတန်ငယ် ပြန်၍ပေါ့ပါးလာသည်။

ကျန်းရီ အလေးအနက် ခေါင်းညိတ်လိုက်ပြီး ယဉ်ရို့ပင်းကို ညင်သာစွာ ဖက်လိုက်သည်။ သူသည် ဆန်းကြယ်နတ်ဘုရားနန်းတော်၏ လျှို့ဝှက်ချက်အချို့ကို သိထားပြီဖြစ်သည်။ သူက ကောင်းကင်ရှောင်တိမ်းခြင်းကို တစ်ဖြောင့်တည်း သုံးမည်ဆိုလျှင် နန်းတော်ကို ထိန်းချုပ်နေရန် လိုတော့မည် မဟုတ်ပေ။ နှင်းဒေသက မြောက်စူးစူးတွင် ရှိနေသည်။ ထိုဒေသသို့ရောက်ရန် ရက်အနည်းငယ်လောက် သွားရပေလိမ့်ဦးမည်။ သူတို့နှစ်ယောက်သည် စကားဆက်မပြောတော့ဘဲ တစ်ယောက်ကိုတစ်ယောက်ဖက်ကာ နွေးထွေးမှုကို ခံစားနေကြလေသည်။

ကျန်ဝူရွှမ်းက အခန်းအောင်း ကျင့်ကြံနေသည်။ သူသည် နတ်ဘုရားတစ်ပိုင်းအဆင့်သို့ ရောက်ခါစဖြစ်၍ သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်ရန် လိုအပ်ပေသည်။ သူက ကျန်မျိုးနွယ်သို့ မပြန်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သော်လည်း ကျန်းရီ စုလောရွှယ်ကို ကယ်ပြီးသည်အထိ စောင့်၍ သူတို့နှင့်အတူ အပြစ်သားကျွန်းသို့ အတူတကွ ပြန်မည်ဖြစ်သည်။

ရက်အနည်းငယ်က လျှပ်တစ်ပြက်အတွင်း ကုန်ဆုံးသွားသည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံး၍ အရှေ့သို့ အဖြောင့်အတိုင်း သွားနေသည်။ နှစ်ရက်အတွင်းမှာပင် ကျန်းရီတို့ နှင်းဒေသသို့ ရောက်သွားသည်။ သို့သော် နှင်းဒေသ၏ အာကာပြင်က အလွန်ခိုင်မာသဖြင့် ဆန်းကြယ်နတ်ဘုရားနန်း‌တော်၏ ကောင်းကင်ရှောင်တိမ်းခြင်းအရှိန်က နှေးသွားသည်။ နောက်ဆုံးတွင် ကျန်းရီသည် ကောင်းကင်ရှောင်တိမ်းခြင်းကို ရပ်ရန် ဆုံးဖြတ်လိုက်ပြီး နန်းတော်ကို သူတော်စင်တောင်ဆီသို့ ရိုးရိုးပျံသန်း၍သာ သွားစေလိုက်သည်။

နှင်းဒေသတွင် နတ်ဘုရားတစ်ပိုင်းများစွာ ရှိသည်။ သို့သော် ကြယ်ရှစ်ပွင့် သို့မဟုတ် ကြယ်ကိုးပွင့် ပညာရှင် အနည်းငယ်သာ ရှိသည်။ သူတော်စင်ဧကရီ၏ ကာကွယ်ပေးမှုကြောင့် နှင်းဒေသက ကျန်းရီအတွက် အလွန်လုံခြုံသည်။ သူသည် မည်သည်ကိုမှ ကြောက်စရာမလို၍ မြောက်ဘက်သို့ ရဲတင်းစွာ ပျံသန်းသွားလိုက်သည်။

ဤတစ်ကြိမ်တွင် နှင်းဒေသက အလွန်အေးချမ်းနေသည်။ သူတော်စင်ဧကရီ၏ တိုက်ခိုက်မှုတစ်ခုက နှင်းဒေသရှိ ဂိုဏ်းများနှင့် မျိုးနွယ်များ အားလုံးကို နိုးထသွားစေသည်။ ယခုတွင် မည်သူက ပြဿနာရှာဝံ့တော့မည်နည်း။ ရေခဲပင်လယ်သို့သွား၍ ရေခဲသားရဲများကို အမဲလိုက်ကြသော သိုင်းသမားအရေအတွက်သည်ပင် လျော့ကျသွားခဲ့သည်။

သို့သော် ဆန်းကြယ်နတ်ဘုရားနန်းတော်က ကောင်းကင်ကိုဖြတ်၍ ပျံသန်းသွားသောအခါ ရုတ်ရုတ်သဲသဲ ဖြစ်သွားသေးသည်။ ထိုသို့ဖြစ်ရခြင်းမှာ နန်းတော်ပေါ်တွင် ရေးထိုးထားသော ‘ဆန်းကြယ်နတ်ဘုရားနန်းတော်’ဟူသော စာလုံးများကြောင့်လည်း ပါသည်။

ထိုသတင်းက လျင်မြန်စွာ ပျံ့နှံ့သွားသော်လည်း မျိုးနွယ်ကြီးများက လာရောက် မတိုက်ခိုက်ကြပေ။ သူတို့၏ သူလျှိုများက ကျန်းရီ ဆန်းကြယ်ဧကရာဇ်မြို့တွင် လုပ်ခဲ့သော လုပ်ရပ်များကို သတင်းပြန်ပို့ခဲ့ပြီးပေပြီ။ မျိုးနွယ်လေးများနှင့် ဂိုဏ်းငယ်လေးများသာ ထိုအကြောင်းကို မသိကြခြင်းဖြစ်သည်။

သို့သော် ဤလောကထဲတွင် စွန့်စားလိုသည့်လူများ အမြဲရှိနေသည်။

ဆန်းကြယ်နတ်ဘုရားနန်းတော်၏ ဆွဲဆောင်မှုက အလွန်ကြီးသည်။ တစ်ရက်မပြည့်ခင်မှာပင် မျိုးနွယ်လေးများသည် စိတ်မထိန်းနိုင်ကြတော့ဘဲ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ် ဒါဇင်အနည်းငယ်ကို စေလွှတ်ကာ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို တားရန် ပြင်ဆင်ကြသည်။ သူတို့သည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ဆန်းကြယ်ဧကရာဇ် ချန်ထားခဲ့သော မူလရတနာကို လုယူလိုနေကြသည်။

ရလဒ်ကမူ သွေးလွှမ်းခဲ့သည်။ သူတို့အားလုံး အသတ်ခံလိုက်ရလေသည်။ ကျန်းရီသည် နှင်းဒေသသို့ မလာခင်ကတည်းက ဒေါသထွက်နေခဲ့သော်လည်း ဒေါသပုံချစရာနေရာ မရှိခဲ့၍ ဒေါသကို မျိုသိပ်ထားခဲ့ရသည်။ ယခုတွင် လူအချို့က ကိုယ့်သေတွင်းကိုယ် လာတူးနေရာ ကျန်းရီက ကျေကျေနပ်နပ်ကြီး သတ်ပေးလိုက်လေသည်။ အချိန်နှင့်အမျှ သတ်ဖြတ်မှုများက ပိုဆိုးလာသည်။ ကျန်းရီ နှင်းဒေသသို့ ရောက်လာပြီးနောက် ငါးရက်မြောက်နေ့တွင် မျိုးနွယ်ငယ် ဒါဇင်အနည်းငယ်က အင်အားပူးပေါင်းခဲ့သည်။ သူတို့သည် နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်၏ ဦးဆောင်မှုအောက်တွင် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ဝန်းရံပိတ်ဆို့လိုက်ကြသည်။

“ထွက်သွားကြ...”

ကျန်းရီက ကျယ်လောင်စွာ အော်ပြောလိုက်သည်။ ထိုလူများထဲတွင် သိုင်းပညာရှင်များစွာ ပါသဖြင့် သူ သူတို့အားလုံးကို သတ်ပစ်ရမည်ကို လက်တွန့်နေသည်။ နှင်းဒေသက သူတော်စင်ဧကရီ၏ ပိုင်နက် မဟုတ်ပါလား။ သူ သူမ၏မျက်နှာကို ထောက်ထားရပေမည်။

“တိုက်ခိုက်ကြ...”

နတ်ဘုရားတစ်ပိုင်းက ကျန်းရီ၏အသံကို မသိပေ။ ထို့ကြောင့် သူသည် ဟိတ်ဟန်အပြည့်ဖြင့် လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

“အထဲက လူတွေ နားထောင်ကြ.. မင်းတို့ မသေချင်ဘူးဆိုရင် နန်းတော်ကို ပေးလိုက်။ မဟုတ်ရင်တော့ ငါတို့က အထဲကလူတိုင်းကို သတ်ပစ်မယ်”

ရွှီး...

ဆန်းကြယ်နတ်ဘုရားနန်းတော်၏အထက်တွင် မိုးမြေအတွင်းအား စုစည်းသွားပြီး ဝိညာဉ်ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။ ကျန်းရီသည် နန်းတော်ကို ဝန်းရံထားသော လူစုကို ကြည့်ကာ ဒေါသတကြီး ပြောလိုက်သည်။

“မင်းတို့လိုကောင်တွေက ဆန်းကြယ်နတ်ဘုရားနန်းတော်ကို လိုချင်တာလား။ စက္ကန့်နှစ်ဆယ်အတွင်း မင်းတို့ ငါ့မျက်စိရှေ့က ထွက်မသွားဘူးဆိုရင် ငါ မင်းတို့အကုန်လုံးကို သတ်ပစ်မယ်”

“ကျန်းရီလား...”

လူများ မျက်မှောင်ကြုတ်သွားသည်။ ကျန်းရီသည် မကြာခဏဆိုသလို ပုံရိပ်ယောင် နတ်ဘုရားစွမ်းရည်ကိုသုံး၍ ရုပ်ဖျက်ခဲ့သော်လည်း လူများသည်  သူ၏မူလရုပ်သွင်ကို မှတ်မိကြသေးသည်။ ထိုအခိုက်တွင် အားလုံး ကြောက်ရွံ့တုန်လှုပ်သွားသည်။ ထိုသူက မြစ်ရေပင် နီရဲသွားသည်ရသည်အထိ လူများကို သတ်ခဲ့သော ကံဆိုးကြယ်ဖြစ်သည်။ နတ်ဘုရားတစ်ပိုင်းများစွာလည်း သူ၏ သတ်ဖြတ်မှုကို ခံခဲ့ရသည်။ သူတို့သာ ထိုသို့သောသူတစ်ယောက်ကို အပြစ်ပြုမိပါက ကိုယ့်သေတွင်းကိုယ်တူးခြင်းသာ ဖြစ်ပေလိမ့်မည်။

ဝှစ်...ဝှစ်...ဝှစ်...

တစ်ယောက်မှ တုံ့ဆိုင်းမနေခဲ့ချေ။ လူအားလုံး အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးကြသည်။ နတ်ဘုရားတစ်ပိုင်းသည်လည်း အလွန်ကြောက်ရွံ့သွားပြီး ပြာပြာသလဲ လက်ဆုပ်ကာ ပြောလိုက်သည်။

“အရှင်ကျန်းကိုး... ကျွန်တော် အပြစ်ပြုမိတဲ့အတွက် တောင်းပန်ပါတယ်။ ပြန်ဆုတ်ကြ...”

ဝှစ်...ဝှစ်...

လူတစ်သောင်းနီးပါးသည် ငှက်အုပ်ပျံသကဲ့သို့ ပျံသွားကြ၏။ ဆယ်စက္ကန့်အတွင်းမှာပင် လူအားလုံး ကြက်ပျောက်ငှက်ပျောက် ပျောက်သွားပေပြီ။ ဆန်းကြယ်နတ်ဘုရားနန်းတော်က တောက်ပလာပြီး ‌မြောက်ဘက်သို့ ဆက်သွားလိုက်၏။ ဤတစ်ကြိမ်တွင်မူ မည်သူမှ လမ်းမပိတ်ဝံ့တော့ချေ။ သူတော်စင်တောင်သို့ ရောက်ရန် တစ်ရက်၊ နှစ်ရက်လောက် လိုလိမ့်ပေဦးမည်။

ရွှီး...

ကောင်းကင်နတ်ဆိုးတောင်၏ ပင်မဂိတ်တံခါးက ရုတ်တရက် ပွင့်သွား၏။ ထို့နောက် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်ရှိသည့် မိန်းမပျိုတစ်ယောက် ပျံထွက်လာသည်။ သူမက မြောက်ဘက်သို့ ငံ့လင့်တကြီး ကြည့်လိုက်၏။ သူမ၏ ပါးပြင်ထက်တွင်လည်း မျက်ရည်များ စီးကျနေသည်။ ထို့နောက် သူမ တီးတိုးရေရွတ်လိုက်လေသည်။

“သခင်... နောက်ဆုံးတော့ ရှင် ပြန်လာပြီပေါ့”

“ဟူး...”

ကောင်းကင်နတ်ဆိုးနန်းတော်မှနေ၍ လူရိပ်တစ်ခု ပျံထွက်လာပြီး မိုယောင်အာဘေးတွင် ရပ်လိုက်သည်။

“ယောင်အာ... သမီး သူ့ကို မမေ့နိုင်သေးဘူးလား။ သူက နှင်းဒေသကို ပြန်လာပြီဆိုပေမယ့် ကောင်းကင်နတ်ဆိုးတောင်ကို မလာလောက်ဘူး။ သူက... သမီးကို မေ့သွား‌လောက်ပြီ”

“ဟင့်အင်း... သူက သမီးကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး”

မိုယောင်အာတစ်ယောက် စတင်၍ ရှိုက်ကြီးတငင် ငိုကြွေးလိုက်၏။ သူမ ခေါင်းကို အဆက်မပြတ် ခါယမ်းကာ ပြောလိုက်သည်။

“သမီး သူ့ကို နားလည်တယ်။ သူက သမီးအပေါ်မှာ ခံစားချက်ရှိတုန်းပဲ”

“အဲ့လိုဆိုရင်တော့...”

မိုရှန်းသည် စကားကို ခေတ္တမျှရပ်လိုက်ပြီး မြောက်ဘက်သို့ကြည့်ကာ လက်ဝှေ့ယမ်း၍ ဆက်ပြောလိုက်သည်။

“အဲ့လိုဆိုရင် အဖေတို့ သူ့ကို သွားရှာကြတာပေါ့။ အဲ့ကောင်လေးက သမီးကို ငြင်းဝံ့ရင် အဖေ အသက်ကိုရင်းပြီး သမီးအတွက် လက်စားချေပေးမယ်”

***

All Chapters