စစ်မှန်သော လွတ်လပ်မှု
Vol. 61 Ch. 851
ထန်ကျန်းမန်က ရှီလီအား အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် “ တကယ်လို့ စီနီယာပြောတဲ့ တစ်ယောက်ယောက်က ကယ်ပေးခဲ့တယ်ဆိုတာသာ အမှန်ဆိုရင် ကျမကို သင်ပေးလိုက်တဲ့လူပဲ နေမယ် ”
သူမက မိုဝူကျိအား မည်သို့ ခေါ်ရမည်ကို မသိတော့ပေ။ အစ်ကိုကြီးဟု ခေါ်လိုက်လျှင် မသင့်တော်သေးပေ။ ဆရာဆိုသည်မှာလည်း မဟုတ်သေးပေ။ သူမက သူ့အကြံပြုချက်အား ငြင်းပယ်ခဲ့သည် မဟုတ်ပါလော။ ထိုအရာမှာ သူမဘဝ၌ အကြီးမားဆုံး နောင်တသာ ဖြစ်ပေသည်။
“ မင်းရဲ့ ဆရာလား ” ရှီလီက မေးလိုက်သည်။
သို့သော် ထန်ကျန်းမန်က ပြုံးကာ ခေါင်းခါလိုက်ပြီး “ မဟုတ်ပါဘူး။ သူက ကျမကို နည်းနည်းသင်ပေးခဲ့ပေမဲ့ သူ့ကို ဆရာအဖြစ် လက်ခံဖို့ ငြင်းဆန်မိခဲ့တယ် ”
“…..” ယခုအခါ ရှီလီက ထန်ကျန်းမန်အား မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်မိသည်။ အကယ်၍ ဤသို့ပါရမီရှင်မျိုးက သူ့အား တပည့်အဖြစ် လက်ခံလျှင် သူ့အနေနှင့် သေချာပေါက် ငြင်းပယ်မည် မဟုတ်ပေ။ သူ့အနေနှင့် ထိုစဉ်အခါက ထန်ကျန်းမန်၏ အတွေးများကို နားမလည်နိုင်တော့ပေ။
ရှီလီ၏ တအံ့တဩ အမူအယာကို မြင်ကာ ထန်ကျန်းမန်က သက်ပြင်းချလိုက်ပြီး “ အရင်တုန်းက တိယွမ်ဂြိုဟ်ကို သွားဖို့ပဲ တွေးထားတာ … ကမ္ဘာမြေမှာ မကျန်နေချင်ဘူးလေ။ ဒါပေမဲ့ အဲဒီလူက သူ့တပည့်အဖြစ် လက်ခံဖို့ ကျမ ကမ္ဘာမြေမှာ ဆက်နေဖို့ လိုတယ် ”
“ အာ ” ရှီလီလည်း နောက်ကွယ်မှ သဘောတရားကို နားမလည်တော့ပေ။ ကမ္ဘာမြေ၏ ပတ်ဝန်းကျင်မှာ ဂြိုဟ်တစ်ခုလုံး ပျက်စီးသွားတော့မည့်အထိ ကြောက်ခမန်းလိလိ ညစ်ညမ်းနေပြီ ဖြစ်၏။ ကမ္ဘာမြေတွင် ဆက်နေ၍ မည်သို့အကျိုးရှိမည်နည်း။ ထို့အပြင် သူက ထန်ကျန်းမန်သည် ထိုလူ၏ တပည့်ဖြစ်ခွင့်ကို လက်လွှတ်ခံလိုက်သည့်အထိ တိယွမ်ဂြိုဟ်ဆီ သွားချင်နေသည့်အကြောင်းကိုလည်း နားမလည်ပေ။
“ စီနီယာရှီလီ … ကျမတို့ အခုဘာလုပ်ကြမလဲ ” ထန်ကျန်းမန်ကို မိုဝူကျိက သန့်စင်ပေးထားသော်လည်း သူမတွင် တိုက်ပွဲအတွေ့အကြုံမျိုး မပိုင်ဆိုင်သေးပေ။ ထို့ကြောင့် ဆက်နေရမည်လား ဒါမှမဟုတ် ထွက်သွားရမည်လားကို မသိပေ။
ရှီလီက အသံနှိမ့်ကာ “ ငါတို့တွေ အခုထွက်သွားမယ်။ တကယ်လို့ အဲဒီလူက ငါတို့ကို ကယ်ခဲ့တာဆိုရင် ရှားမိသားစုရဲ့ ရှားကျစ်ကိုလည်း အဲဒီလူက သတ်ပြီးလောက်ပြီ။ မဟုတ်ရင် ငါတို့ကို ကယ်တာက အရေးပါမှာ မဟုတ်ဘူး။ ရှားကျစ်က ငါတို့ ဒီနေရာက ထွက်သွားတာနဲ့ သတ်နိုင်တယ်လေ။ ငါတို့တွေ ဒီနေရာက ထွက်တဲ့အထိ ရှားကျစ် ပေါ်မလာရင် ဘာဖြစ်ခဲ့လဲဆိုတာ သိနိုင်ပြီ ”
“ ကလင် ကလင် ….” ရှီလီ၏ ဖုန်းက ရုတ်တရက် အသံထွက်ပေါ်လာ၍ အရေးပေါ် ကိုင်လိုက်တော့သည်။ ကိုင်ပြီးသည့်နောက်တွင် စကားနည်းနည်းသာ ကြားလိုက်ရသော်လည်း ဖုန်းချပြီးနောက် သူ့မျက်နှာ၌ အံ့ဩတုန်လှုပ်နေသည့် အမူအယာ ထွက်ပေါ်လာလေ၏။
“ စီနီယာရှီလီ … ဘာကိစ္စဖြစ်လို့လဲ ” ထန်ကျန်းမန်က မြန်မြန် မေးလိုက်သည်။
ရှီလီက အသက်ပြင်းပြင်း ရှုပြီးနောက် ထူးဆန်းလှသော အခြေအနေကို ရှင်းပြလိုက်သည် “အခုလေးတင် အာကာသ ညွှန်ကြားရေး အဖွဲ့က အကြောင်းကြားလာတာ …. ကျင်းယန်မြို့ လျန့်မိုင်နယ်မှာရှိတဲ့ ရှားမိသားစုရဲ့ စက်ရုံအားလုံး ပျက်စီးသွားပြီတဲ့၊ တစ်ခုတလေတောင် မကျန်ဘူးတဲ့။ ပြီးတော့ ရှားမိသားစုရဲ့ အရွယ်ရောက်နေတဲ့ အမျိုးသားတိုင်းလည်း အသတ်ခံလိုက်ရတယ် ”
သူတို့နှစ်ယောက်လုံးက တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြပြန်သည်။ ထန်ကျန်းမန်က ကျောင်းတက်နေဆဲ ဖြစ်သော်လည်း ရှားမိသားစုက မည်မျှကြောက်ဖို့ကောင်းကြောင်း ကောင်းကောင်း သိထားသည်။ ရှားကျစ်ကိုပါ ထည့်တွက်လိုက်လျှင် ရှားမိသားစုက ကမ္ဘာမြေတွင် သေချာပေါက် နံပါတ်တစ် ဖြစ်ပေလိမ့်မည်။ သူတို့ အားအကောင်းဆုံးနှင့် အချမ်းသာဆုံး ဖြစ်၏။ သူတို့အား အချိန်တိုလေးအတွင်း ဖျက်စီးပစ်နိုင်ဖို့ရာ မည်သို့သော အင်အားမျိုး လိုအပ်မည်နည်း။
“ ကျန်းမန် …. မင်းကို သင်ပေးတဲ့ အကြီးအကဲက ဘယ်ကလဲ။ သူက ဘယ်မှာနေတာလဲ။ ငါရော သူ့ကို သွားတွေ့လို့ ရမလား ” ရှီလီက ထန်ကျန်းမန်အား မေးလိုက်သည်။
အကယ်၍ သူသာ မိုဝူကျိအား တိယွမ်ဂြိုဟ်သို့ ဖိတ်ခေါ်နိုင်လျှင် ကမ္ဘာမြေ ပြောင်းရွေ့မှုမှာ ပို၍ အောင်မြင်ပေလိမ့်မည်။ တိယွမ်ဂြိုဟ်ပေါ်ရှိ သားရဲများက ထိုသို့မျိုး ပါရမီရှင်၏ အရည်အသွေးနှင့် ပြိုင်ဖက် ဖြစ်မည် မဟုတ်ပေ။
ထန်ကျန်းမန်က ခေါင်းခါလိုက်ကာ “ သူ့နာမည်က မိုဝူကျိဆိုတာပဲ သိလိုက်တယ်။ ဟုတ်သား … သူ့ကို ကျမရဲ့ အတန်းဖော်က ကျောင်းကို ခေါ်လာပေးတာ ”
သူမက ထိုအထိ ပြောပြီးနောက် ဖုန်းသံမြည်လာလေ၏။ သူမက ဖုန်းကို မြန်မြန် ကောက်ကိုင်ပြီးနောက် ရှန်းကျစ်ယန်၏ အသံကို ကြားလိုက်ရသည့်အခါ ပို၍ စိတ်လှုပ်ရှားလာမိသည်။
“ ကျစ်ယန် … ရှင် ဘယ်မှာလဲ ” ထန်ကျန်းမန်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ သူမက မိုဝူကျိအား မရှာနိုင်ပေ။ ရှန်းကျစ်ယန် တစ်ယောက်သာ ရှာနိုင်ပေလိမ့်မည်။
သူက ထန်ကျန်းမန်၏ စိတ်လှုပ်ရှားမှုအပြည့်နှင့်အသံကို ကြားလိုက်သောအခါ ရှန်းကျစ်ယန်က ခဏတာ ကြောင်အမ်းသွားလေ၏။ သူက “ ငါက ကွာချန်းမြို့မှာ ”
သူက ထန်ကျန်းမန်နဲ့ ဘယ်တုန်းက အရမ်း ရင်းနှီးသွားတာလဲ ….
သူမက သူ့အား ကျစ်ယန်ဟု တိုက်ရိုက် ခေါ်ပြီး နှစ်များစွာ မတွေ့တာကြာသည့် သူငယ်ချင်းတစ်ယောက်ကို ပြောသည့်လေသံ ဖြစ်နေသေး၏။
“အခုချက်ချင်း လာခဲ့မယ်။ ရှင် ဘယ်မှမသွားဘူးမလား ” ထန်ကျန်းမန်၏ အသံက အနည်းငယ် တုန်လှုပ်နေသေး၏။
ရှန်းကျစ်ယန်က သူ့ဖုန်းအား ဆွံ့အစွာ စိုက်ကြည့်မိသွားသည်။
သူမကို ရှာဖို့ ကြိုးစားနေတာက သူ မဟုတ်ဘူးလား ဒါမှမဟုတ် တခြားနည်းလမ်းလား …..
သူမကလည်း သူ့ကို အရမ်းတွေ့ချင်နေတဲ့ပုံ ပေါက်နေရတာလဲ ….
ထို့ကြောင့် သူက မြန်မြန်သာ ပြောလိုက်သည် “ ငါ ဘယ်မှမသွားပါဘူး … ဒါနဲ့ ထန်ကျန်းမန် ငါ မင်းအကူအညီ လိုနေတာလေး ရှိလို့ ”
“ဘာလဲ … ကျမ လုပ်ပေးနိုင်ရင် ရှင့်ကို ကူညီပေးမယ် ” ထန်ကျန်းမန်က တုံ့ဆိုင်းခြင်းမရှိ ပြောလိုက်သည်။
“ အဲဒါကလေ …” ရှန်းကျစ်ယန်က ခဏတာ တုံ့ဆိုင်းသွားပြီးနောက် ဆက်ပြောလိုက်သည် “ ငါမှာ ငွေကြေးနည်းနည်း ကျပ်တည်းနေလို့ … မင်းဆီကနေ ငါးသန်းလောက် ချေးချင်လို့။ ငါ့ပိုက်ဆံအားလုံးနဲ့ မြေဝယ်ပစ်လိုက်ပြီ။ မြေဈေးတက်သွားတာနဲ့ မင်းပိုက်ဆံကို မြန်မြန် ပြန်ဆပ်ပါ့မယ် …. ”
ထန်ကျန်းမန်က နောက်ထပ်နှစ်ခါပြန် မတွေးနေဘဲ ပြန်ဖြေပေးလိုက်သည် “ ရတာပေါ့ … ရှင့်ကတ်နံပါတ် ပို့လိုက်လေ။ ဖုန်းကနေ ငွေလွဲပေးလိုက်မယ် ”
ထန်ကျန်းမန်က ဖုန်းချလိုက်သောအခါ ရှီလီက တွေးလိုက်မိ၏
“ ဘယ်သူများလဲ …. ထန်ကျန်းမန် တစ်ယောက် ဒီလောက် စိတ်လှုပ်ရှားနေတာလား … ”
“ စီနီယာရှီလီ …. အဲဒီသူက ကျမရဲ့ အတန်းဖော်ပါ။ သူက စီနီယာမိုကို ကျမတို့ကျောင်းဆီ ခေါ်လာပေးတာလေ။ သူကြောင့် စီနီယာမိုနဲ့ သိကျွမ်းခွင့်ရခဲ့တာ ” ထန်ကျန်းမန်က မြန်မြန် ရှင်းပြလိုက်သည်။
ရှီလီက စိတ်ပျော်လာကာ “ အဲဆို ငါတို့တွေ အဲဒီအတန်းဖော်နဲ့ တွေ့လို့ရတယ်မလား ”
“ တီတီ ..” ထန်ကျန်းမန် ဖုန်း၌ မက်ဆေ့ချ် အသစ်တစ်ခု ဝင်လာသည်။ ထိုသည်မှာ ရှန်းကျစ်ယန်၏ ကတ်နံပါတ် ဖြစ်၏။
“ ရတယ်လေ …. သူက ကွာချန်းမြို့မှာ ရှိနေတာ။ သူ့ကိုလည်း ပြောပြီးပြီဆိုတော့ ကျမတို့တွေ တန်းသွားရုံပဲ ” ထန်ကျန်းမန်က ရှန်းကျစ်ယန်ဆီ ပိုက်ဆံလွဲပေးရင်း ပြောလိုက်သည်။
“ အဲဆို အခုပဲ သွားကြစို့ ” သူ့အပေါင်းအပါများကို မနှုတ်ဆက်တော့ဘဲ ရှီလီက ရင်ပြင်မှ ထွက်သွားလိုက်သည်။
သူတို့တွေ ရင်ပြင်မှ ထွက်လိုက်သည်နှင့် မည်သည့်အန္တရာယ်မှ ဖြစ်မလာ၍ ရှီလီက ရှားကျစ်ကိုလည်း ထိုစီနီယာက သတ်လိုက်ကြောင်း သေချာသိလိုက်တော့သည်။
………….…
ရှန်းကျစ်ယန်က ဖုန်းချပြီးနောက် ထန်ကျန်းမန် တစ်ယောက် ကြယ်သုံးလုံး စာမေးပွဲ အောင်မြင်လား မေးဖို့ရာ ကိစ္စအား မေ့သွားကြောင်း သတိပြုမိလိုက်သည်။
သူမက ဖုန်းထဲတွင် အရမ်းစိတ်လှုပ်ရှားနေသောကြောင့် သူတို့တွေ သူငယ်ချင်းကောင်း ဖြစ်နေသည်ဟုပင် တွေးမိသွားသည်။
“ ပိုက်ဆံချေးပြီးပြီလား ” ရှန်းကျစ်ယန်က နောက်ထပ် ဖုန်းထပ်ဆက်ရမလား တွေးနေစဉ် ရှန်းတုံ့ရှီက မေးလိုက်၏။
“ တီတီ …”သူ့ဖုန်း၌ မက်ဆေ့ချ် ဝင်လာလေ၏။ ရှန်းကျစ်ယန်က ဖုန်းအားကြည့်ကာ အားလုံးကို ပြောလိုက်သည် “ ပိုက်ဆံရောက်လာပြီ။ အားလုံးပဲ စာချုပ်ကို လက်မှတ်ထိုးပေးကြပါ။ ထိုးပြီးတာနဲ့ အားလုံးဆီ ပိုက်ဆံလွဲပေးပါ့မယ် ”
လက်ထဲတွင် ငွေရှိနေလျှင် အရာအားလုံးမှာ အလွယ်တကူ ဖြေရှင်းနိုင်လေသည်။ ရှယ်ယာပြောင်းခြင်း စာချုပ်များကား အဆင့်သင့် ဖြစ်၍ အားလုံးလည်း လက်မှတ်ထိုးပြီးလေပြီ။ ထို့နောက် ရှန်းကျစ်ယန်က အားလုံးဆီ ပိုက်ဆံလွဲပေးလိုက်တော့သည်။
ရှန်းတုံ့ရှီက ပိုက်ဆံ ရရှိသည်နှင့် သူ့မျက်မှောင်မှာ အနည်းငယ် ပြေလျော့သွားလေ၏။ သူက ရယ်မောကာ ရှန်းကျစ်ယန်အား ပြောလိုက်၏ “ ကျစ်ယန် … ပိုက်ဆံရှာရတာ အဲလောက် မလွယ်ဘူးကွာ …. မင်းကိုယ်မင်း မြို့ကြီးမှာ ကျောင်းတက်ရတယ်ဆိုပြီး အဲဒီမိသားစုကြီးကဟာတွေနဲ့ လိုက်ယှဉ်မနေနဲ့။ ”
ရှန်းကျစ်ယန်က အေးစက်စွာ ပြန်ဖြေပေးလိုက်သည် “ ကျုပ်တို့ မိသားစု ပိုက်ဆံကို ဘယ်လိုသုံးသုံး လိုက်စိတ်ပူပေးနေဖို့ မလိုပါဘူး။ ခင်ဗျားတို့ကို လိုက်မပို့တော့ဘူး … နှုတ်ဆက်ပါတယ် ”
“ အစ်ကိုကြီး တစ်ခုခုတော့ မဟုတ်တော့ဘူး ” ထိုစဉ် ရှန်းကျစ်ယန်၏ ညီမလေးက အခန်းအတွင်းသို့ ပြေးဝင်လာကာ ပြောလိုက်သည်။
“ ဘာဖြစ်တာလဲ” ရှန်းတုံ့ဟိုင်က မေးလိုက်၏။
“ နေထွက်လာပြီးတော့ မြူခိုးတွေလည်း ပျောက်သွားပြီ။ ပြီးတော့ လေထဲမှာ ထူးထူးဆန်းဆန်း အနံ့တွေလည်း မရှိတော့ဘူး ”
ထပ်ရှင်းပြစရာ မလိုတော့ဘဲ အိမ်ထဲရှိ အားလုံးက အပြင်သို့ ထွက်သွားလိုက်ကြသည်။ သူတို့အနေနှင့် နေကို နောက်ဆုံးဘယ်အချိန်က မြင်တွေ့ခဲ့ကြမှန်း မမှတ်မိကြတော့ပေ။
ကောင်းကင်၌ နေမင်းကြီးက ထွန်းလင်းတောက်ပနေလေ၏။ ပို၍ အတိအကျပြောရလျှင် နေကို ဖုံးကွယ်ထားသော မြူခိုးများမှာ လုံးဝ ကင်းစင်သွားပြီ ဖြစ်ရာ ထိုမြူများအားလုံးကို စုပ်ယူပစ်လိုက်သည့်အလား မြင်တွေ့လိုက်ရသည်။ မြူခိုးများသာ ပျောက်ကွယ်သွားရုံသာမက လေထုထဲမှ အနံ့အသက်ဆိုးများလည်း ပျောက်ကွယ်သွားလေပြီ။
နေရောင် ထိတွေ့ခွင့်မရသည်မှာ မည်မျှ ကြာမြင့်နေပြီ ဖြစ်ကြောင်း မည်သူကမှ မသိကြပေ။ ဂြိုဟ်တစ်ခုလုံးက နိဗ္ဗာန်ဘုံ ရောက်နေသည့်အလား ကောင်းကင်ကြီးမှာ ပြာလဲ့နေပြီး လေထုမှာ သန့်ရှင်းနေပေသည်။
ရှန်းမိသားစုအပြင် အားလုံးကလည်း အိမ်ထဲ၊ ရုံးထဲမှ ပြေးထွက်လာကြပြီး ခေါင်းကို မော့ကာ ကောင်းကင်ပြာကြီးကို ကြည့်ရင်း လေထုသန့်သန့်လေးကို အားရပါးရ ရှုရှိုက်နေကြသည်။
ကမ္ဘာအနှံ့ လက်ခုပ်ဩဘာသံများနှင့် ပြည့်နှက်သွားပေသည်။ လူများစွာက မြေပေါ်တွင် ဒူးထောက်၍ သူတို့အိမ်ကို နဂိုအခြေအနေဖြစ်အောင် ပြန်လည် လုပ်ဆောင်ပေးလိုက်သည့်အတွက် ဘုရားသခင်အား ကျေးဇူးတင်နေကြသည်။
ထိုစဉ် အားလုံးက လွတ်လပ်မှု အစစ်အမှန်ကို ခံစားမိလာကြသည်။ လေကောင်းလေသန့် ရှုနိုင်ခြင်းက အမှန်တကယ် လွတ်လပ်မှု ဖြစ်၏။ ဘာမှ ရှုပ်ရှုပ်ထွေးထွေး တွေးနေစရာ မလိုပေ။ အားလုံး လိုအပ်နေသည်က လေကောင်းလေသန့်လေး ဖြစ်၏။
“ မြူခိုးတွေ ကင်းသွားပြီ ” ရှားတုံ့ရှီက အသိပြန်ဝင်လာသည်။ သူက ရှန်းကျစ်ယန်နှင့် ရှန်းတုံ့ဟိုင်တို့အား ကြည့်လိုက်ပြီး အလိမ်ခံရသလို ခံစားမိနေသည်။
“ တုံ့ဟိုင် …. မင်းတို့တွေ ဒီလို ဖြစ်လာမယ်ဆိုတာ သိပြီးသားမလား …. အဲဒါကြောင့် ငါတို့ကို ကန်ထုတ်လိုက်တာမလား ” ရှန်းတုံ့ရှီ၏ စိတ်ထဲ၌ နောင်တရနေမိသည်။ သူက သန်းရာပေါင်းများစွာ လက်လွှတ်ခံပြီး နှစ်သန်း၊ သုံးသန်းကို တောင်းဆိုမိခဲ့သည်။
သူက ရှန်းကျစ်ယန် ဝယ်ယူထားသော မြေမှာ မည်မျှဈေးပေါကြောင်း ကောင်းကောင်း သိထား၏။
ရှန်းကျစ်ယန်က လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း ပျော်ရွင်မိနေသည်။ သူက ထန်ကျန်းမန်အား မေးကြည့်ဖို့ပင် မလိုတော့ပေ။ မိုဝူကျိ ပြောလိုက်သည့်အရာတိုင်းက အမှန်ဖြစ်လာသည်မှာ သိသာလှသည်။ ကမ္ဘာမြေရှိ ပတ်ဝန်းကျင် အနေအထားမှာ လွန်ခဲ့သည့်ရာစုနှစ်ထက်ပင် ပိုမို ကောင်းမွန်လာပေရာ အဘယ်ကြောင့် တိယွမ်ဂြိုဟ်ကို သွားရမည်နည်း။
သူ ဝယ်ယူထားသော မြေကွက်များက သူ့အား ချမ်းသာလာစေတော့မည်။
…………….…
လေယာဉ်ပေါ်မှ မဆင်းရသေးသည့် ထန်ကျန်းမန်လည်း ရုတ်ချည်း ရပ်တန့်မိသွားသည်။ ချီရှုမြို့ တစ်ခုလုံးမှာ ရှင်းလင်းလာပြီး မြို့ကို ဖုံးလွှမ်းထားသော အကာမှာ စုပ်ယူခံလိုက်ရသည့်အလား ပျောက်ကွယ်သွားကာ ကောင်းကင်ပြာကြီး၊ အဖြူရောင်တိမ်တိုက်များ၊ နေရောင်နှင့် စိမ်းစိမ်းစိုစို မြက်ပင်များကိုပင် တွေ့မြင်နေရသည်။ အနံ့ဆိုးဆိုးလေထုကို ရနံ့ချိုချိုလေး သယ်ဆောင်လာသည့် လေထုလေးက အစားထိုးဝင်ရောက်လာသည်။
ရှီလီက လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ရင်း ကောင်းကင်ပြာကြီးကို မော့ကြည့်လိုက်မိသည်။ အကယ်၍ ကမ္ဘာမြေသာ ပြန်လည် ကောင်းမွန်လာလျှင် တိယွမ်ဂြိုဟ်ကို အဘယ်ကြောင့် လိုမည်နည်း။
“ အခု နားလည်သွားပြီ ”
ထန်ကျန်းမန်နှင့် ရှီလီတို့ နှစ်ယောက်လုံး တစ်ပြိုင်နက် ပြောမိလိုက်ကြသည်။ ထန်ကျန်းမန်သည် ရှီလီ စကားကိုလည်း နားလည်ပေ၏။ မိုဝူကျိသည် သူမအား တိယွမ်ဂြိုဟ်ပေါ်သို့ မသွားဖို့ရာ ပြောခဲ့သည်။ အကြောင်းမှာ ကမ္ဘာမြေက နဂိုအခြေအနေတိုင်း အနံ့အသက်ဆိုးများ မရှိတော့ဘဲ ပြန်လည်ကောင်းမွန်လာမည် ဖြစ်၏။
သူမက မိုဝူကျိသည် ရှန်းကျစ်ယန်အား မြေဝယ်ထားခိုင်းသည့် အကြောင်းအရင်းကိုလည်း နားလည်သဘောပေါက်သွားတော့သည်။ ကမ္ဘာမြေ ပြန်လည်ကောင်းမွန်လာပြီ ဖြစ်ရာ မြေဈေးများမှာ ခေါင်ခိုက်လာမည် ဖြစ်၏။ သူမက ရှန်းကျစ်ယန်သည် မြေကွက်မည်မျှ ဝယ်ယူထားကြောင်း မသိသော်လည်း သူ့ပိုင်ဆိုင်မှုမှာ ထန်မိသားစုကိုပင် ကျော်လွန်သွားနိုင်သည်။
“ အဲဒါ စီနီယာ လုပ်ပေးတာ နေမယ်။ သူက အရမ်းအားကောင်းလိုက်တာ …” ရှီလီက သူ့ကိုယ်သူ ရေရွတ်လိုက်ရင်း စိတ်လှုပ်ရှားမှုကြောင့် ကြက်သီးများပင် ထလာမိသည်။
ထန်ကျန်းမန်က လက်သီးဆုပ်ထားလိုက်ရင်း ခိုင်မာစွာ ပြောလိုက်သည် “စီနီယာရှီလီ … ကမ္ဘာမြေမှာ ကောင်းကင်ပြာနဲ့ လေထု သန့်ရှင်းအောင် လုပ်ပေးလိုက်တာ အဲဒီ စီနီယာပဲ နေမယ် … သူပဲ ဖြစ်မယ် … ဘာလို့လဲဆိုတော့ သူက …. ”
ယခုအခိုက်အတန့်လေး၌ မိုဝူကျိသည် ထန်ကျန်းမန် စိတ်နှလုံးသား၌ နတ်ဘုရားနှင့်တူသော တည်ရှိမှုမျိုး ဖြစ်နေလေပြီ။ သူမက ထိုသို့မျိုးလူဆီက ညွှန်ကြားမှု ခံယူခွင့် ရသည်ကိုပင် မယုံကြည်နိုင်တော့ပေ။
***