အဆောင်အဆိပ်
Vol. 82 Ch. 1139
သူတော်စင်တောင်၏ တောင်ဘက်ရှိ ကောင်းကင်တွင် အနက်ရောင်အလင်းတန်းတစ်တန်း ထွက်ပေါ်လာ၏။ ထို့ကြောင့် သူတော်စင်တောင်မှ ကောင်းကင်လျှို့ဝှက်ဂိုဏ်းသူ ဒါဇင်အနည်းငယ် လန့်သွားကြသည်။ သို့သော် သူတို့ထဲမှ အချို့က အံ့အားသင့်မသွားကြပေ။ ကျန်းရီ ရောက်လာတော့မည်ဟူသော သတင်းက ပျံ့နှံ့နေပြီးဖြစ်ကြောင်း သိသာပေသည်။
ရွှီး...
တည်နေရာပြောင်းရွှေ့အစီအရင်က ရုတ်တရက် လင်းလက်လာပြီး ပဉ္စမအကြီးအကဲက လူတစ်ရာနီးပါးလောက်ကို ခေါ်၍ တည်နေရာပြောင်းရွှေ့လာသည်။ သူမနှင့်အတူ နတ်ဘုရားတစ်ပိုင်း ပညာရှင် လေးယောက်၊ ငါးယောက် ပါလာသည်။ သူမတို့အားလုံးက အလွန် စိတ်လှုပ်ရှားနေပုံပေါ်သည်။ အထူးသဖြင့် ပဉ္စမအကြီးအကဲ၏ မျက်နှာထားက ရှုပ်ထွေးနေသည်။
ဆန်းကြယ်နတ်ဘုရားနန်းတော်က သူတော်စင်တောင်၏ တောင်ဘက်တွင် ရပ်တန့်သွားသည်။ ထို့နောက် နန်းတော်တံခါး ပွင့်သွားပြီး ကျန်းရီ ပျံထွက်လာသည်။ ကျန်းရီ၏ လက်မှနေ၍ အဖြူရောင်အလင်းတန်း တောက်ပလာပြီး ဆန်းကြယ်နတ်ဘုရားနန်းတော်က လျင်မြန်စွာ အရွယ်အစား ကျုံ့သွားပြီး ကျန်းရီ၏ လက်ပေါ်သို့ ဆင်းသက်သွားသည်။ ကျန်းရီသည် နန်းတော်ကို သူ၏ရှေးဟောင်းနတ်ဘုရားလက်စွပ်ထဲတွင် သိမ်းလိုက်လေသည်။
“အန်...”
ကောင်းကင်လျှို့ဝှက်ဂိုဏ်းမှ တပည့်အချို့နှင့် အကြီးအကဲအချို့သည် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို လိုချင်တပ်မက်သော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။ သူမတို့သည် ၎င်းကို လုယူလိုစိတ် မရှိကြသော်လည်း လိုချင်စိတ်တော့ ဖြစ်မိကြသည်။ ၎င်းက လောကနံပါတ်(၁) ရတနာ မဟုတ်လော။ ထို့အပြင် ၎င်းအထဲ၌ နတ်ဘုရားအသုံးအဆောင်နှစ်ခုလည်း ရှိနေသေးသည်။
ဝှစ်...
ကျန်းရီသည် အနည်းငယ်ပင် တုံ့ဆိုင်းမှု မရှိခဲ့ချေ။ သူက ကောင်းကင်လျှို့ဝှက်ဂိုဏ်းအတွက် ဖန်စေတီကို ပြန်ယူလာပေးခဲ့ပြီဖြစ်သည်။ ထို့အပြင် သူတော်စင်ဧကရီကလည်း သူ့အမေအပေါ်တွင် အကြွေးတင်နေသည်။ သို့ဖြစ်ရာ ကောင်းကင်လျှို့ဝှက်ဂိုဏ်းက သူ့ကို အခက်တွေ့အောင် မလုပ်လောက်ပေ။ သူ၏ခန့်မှန်းချက် မှန်ခဲ့သည်။ ပဉ္စမအကြီးအကဲနှင့် အဖော်များက သူ့ကို အခက်တွေ့အောင် မလုပ်ရုံသာမက သူ သူမတို့ဆီသို့ ပျံသွားသောအခါ ဒူးထောက်၍ပင် နှုတ်ဆက်လိုက်ကြသေးသည်။
“သခင်လေးကို နှုတ်ခွန်းဆက်ပါတယ်”
“သခင်လေးတဲ့လား”
ကျန်းရီတစ်ယောက် ခေတ္တမျှ မှင်တက်သွားပြီး အကြည့်များ အေးစက်သွားသည်။ ကောင်းကင်လျှို့ဝှက်ဂိုဏ်းက သူ့အား လူပုမျိုးနွယ်ကို တစ်ယောက်တည်း သွားရောက်ရင်ဆိုင်စေခဲ့ဖူးသဖြင့် သူသည် သူမတို့ထံမှ ထိုသို့နှုတ်ဆက်ခံရသောအခါ အလွန်စိတ်မသက်မသာ ဖြစ်နေသည်။ ထို့ကြောင့် သူ လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“အားလုံး ထကြပါ။ ကျွန်တော် အကြီးအကဲတို့ အရိုအသေပေးတာကို လက်မခံဝံ့ပါဘူး။ ကျွန်တော့်ကို သူတော်စင်ဧကရီဆီကိုပဲ ခေါ်သွားပေးပါ”
ပဉ္စမအကြီးအကဲနှင့် အဖော်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မည်သို့ တုံ့ပြန်ရမည်မသိဖြစ်သွားကြ၏။ သို့သော် သူမတို့သည် စကားများစွာ ပြောမနေတော့ဘဲ ကျန်းရီကို တည်နေရာပြောင်းရွှေ့အစီအရင်အတွင်းသို့ ခေါ်သွားလိုက်သည်။ ကျန်းရီသည် လှပသောနိဗ္ဗာန်ဘုံဟု တင်စားနိုင်သည့် ကောင်းကင်လျှို့ဝှက်ဂိုဏ်းသို့ ထပ်မံရောက်ရှိသွားသည်။
“သခင်လေး ကြွပါ။ သူတော်စင်ဧကရီက သခင်လေး ရောက်လာမှာကို စောင့်နေပါတယ်”
ပဉ္စမအကြီးအကဲက ရှေ့မှ ဦးဆောင်ခေါ်သွားပြီး ကျန်းရီက နောက်မှ တိတ်တဆိတ် လိုက်သွားလိုက်သည်။ ကျန်းရီသည် လမ်းလျှောက်နေရင်း ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်၍ အာရုံခံလိုက်သော်လည်း စုလောရွှယ်ကို ရှာမတွေ့ပေ။ ထို့ကြောင့် သူ ခြေလှမ်းရပ်ကာ မေးလိုက်သည်။
“လောရွှယ်ရော ဘယ်မှာလဲ”
“လောရွှယ်က သူတော်စင်ဧကရီနဲ့ အတူရှိနေပါတယ်”
ပဉ္စမအကြီးအကဲက ရှင်းပြလိုက်သည်။ ထိုမှ ကျန်းရီသည် ပဉ္စမအကြီးအကဲ ရှိနေသော စံအိမ်သို့ ဆက်လျှောက်သွားလိုက်သည်။ ယခင်တစ်ခေါက်ကဲ့သို့ပင် ပဉ္စမအကြီးအကဲက စံအိမ်ထဲတွင် ရှိမနေပေ။ ပဉ္စမအကြီးအကဲက ကျန်းရီကို အနောက်ဘက်ခြံဝန်းထဲသို့ ထပ်မံခေါ်သွားသည်။
“လောရွှယ်...”
အနောက်ဘက်ခြံဝန်းထဲသို့ ရောက်သောအခါ ကျန်းရီ၏ အကြည့်က ရေခဲတမျှ အေးစက်နေသော မိန်းမပျိုလေးပေါ်သို့ ကျရောက်သွားသည်။ ယဉ်ရို့ပင်းနှင့် ရီချန်တို့၏ အေးစက်မှုနှင့် ယှဉ်လျှင် စုလောရွှယ်၏ အေးစက်မှုက ပို၍အေးစက်သည်။ သူမ၏ မျက်နှာထားနှင့် စိတ်ထားက ရေခဲမြစ်တစ်စင်းအလား အေးစက်နေသည်။ သူမသည် သူတော်စင်ဧကရီ၏ဘေးတွင် ရေခဲရုပ်တုတစ်ခုကဲ့သို့ ရပ်နေပေသည်။
စုလောရွှယ်သည် ကျန်းရီ၏အသံကို ကြားလိုက်၍ ခေါင်းမော့ကာ ကြည့်လိုက်သည်။ သူမ၏ အကြည့်က အတန်ငယ် ဝေဝါးနေ၏။ ထို့နောက် သူမသည် ကျန်းရီကို ဆက်မကြည့်တော့ဘဲ ချက်ချင်း ခေါင်းပြန်ငုံ့လိုက်သည်။ သူတော်စင်ဧကရီမှာမူ ယခင်တစ်ခေါက်ကအတိုင်းပင် ရှိသေးသည်။ သူမက အပန်းဖြေအဆောက်အအုံထဲတွင် လှဲနေပြီး ကျန်းရီကို စကားတစ်ခွန်းမှ မပြောဘဲ ပြုံး၍သာ ကြည့်နေလေသည်။
ကျန်းရီ လျှောက်လာသောအခါ သူတော်စင်ဧကရီက ပဉ္စမအကြီးအကဲနှင့် အစေခံမလေးများကို ထွက်သွားစေလိုက်သည်။ သူမသည် ထမထိုင်သေးဘဲ ကျန်းရီကို ပြုံး၍ကြည့်ကာ ပြောလိုက်သည်။
“ကျန်းရီ... ဆန်းကြယ်ဧကရာဇ်ရဲ့ ဆက်ခံသူ ဖြစ်သွားတာအတွက် ဂုဏ်ပြုပါတယ်။ မင်းရဲ့အမေသာ အဲ့အကြောင်းကိုသိရင် သေချာပေါက် မင်းအတွက် ဂုဏ်ယူနေမှာပဲ”
သူတော်စင်ဧကရီက ရီဖျောင်ဖျောင်အကြောင်းကို ပြောလိုက်သော်လည်း ကျန်းရီသည် ယခင်ကလောက် ရင်ခုန်စိတ်လှုပ်ရှားမသွားတော့ပေ။ သူသည် သူတော်စင်ဧကရီအား ရီဖျောင်ဖျောင်အကြောင်းကိုပင် မမေးလိုချေ။ သူ၏အကြည့်က စုလောရွှယ်အပေါ်တွင်သာ ရှိနေသည်။ ထို့နောက် သူ၏ လက်စွပ်က လင်းလက်လာပြီး သပ္ပာယ်သော စေတီလေးတစ်ဆူ ထွက်ပေါ်လာသည်။ သူသည် ဖန်စေတီကို စားပွဲပေါ်တွင် တင်လိုက်ပြီး သူတော်စင်ဧကရီကို ကြည့်ကာ ပြောလိုက်သည်။
“ကျွန်တော် ဧကရီပြောတဲ့ပစ္စည်းကို ပြန်ယူလာခဲ့ပြီ။ ဧကရီက စုလောရွှယ်ကို မှတ်ဉာဏ်တွေ ပြန်ရလာအောင်နဲ့ ဝိညာဉ်သန့်စင်ရေကန်ကို မစွဲလမ်းတော့အောင် ကူညီပေးမှာလား”
“ဖန်စေတီ... နှစ်ပေါင်းခုနစ်သိန်းကျော်တောင် ကြာခဲ့ပြီပဲ”
သူတော်စင်ဧကရီက ကျန်းရီကို လျစ်လျူရှုလိုက်ပြီး ဖန်စေတီကို ကြည့်ကာ ထထိုင်လိုက်သည်။ ထို့နောက် သူမ ခံစားချက်များဖြင့် သက်ပြင်းချကာ ပြောလိုက်သည်။
“ငါ့ဂိုဏ်းက အထွတ်အမြတ်ရတနာက နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့။ ငါ သေရမယ်ဆိုရင်တောင် ငါ့ဘိုးဘေးတွေကို ရဲရဲဝံ့ဝံ့ မျက်နှာချင်းဆိုင်နိုင်ပြီ”
သူတော်စင်ဧကရီသည် ထိုသို့ပြောရင်း မျက်ရည်များ စီးကျလာသည်။ သူမသည် ဖန်စေတီကို ဖက်၍ အချိန်အတော်ကြာကြည့်ပြီးမှ သိမ်းလိုက်သည်။ ထို့နောက်မှ သူမ ကျန်းရီကိုကြည့်ကာ ပြောလိုက်သည်။
“ကျန်းရီ... မင်း ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ရလိုက်ပြီဆိုတဲ့ သတင်းကို ကြားကတည်းက ငါ စုလောရွှယ်ရဲ့ ဝိညာဉ်သန့်စင်ရေကန်အပေါ် စွဲလမ်းမှုကို ဖျောက်ပေးပြီးသွားပြီ။ အခု သူ လွတ်လပ်သွားပြီ... မင်း သူ့ကို ကြိုက်တဲ့အချိန် ခေါ်သွားလို့ရပြီ။ ဒါပေမဲ့ သူ မှတ်ဉာဏ်တွေ ပြန်ရလာအောင် လုပ်ပေးနိုင်မယ့်နည်းလမ်း ငါ့မှာမရှိဘူး... ငါတောင်းပန်ပါတယ်”
“ဗျာ...”
ကျန်းရီ၏ မျက်လုံးများ အေးစက်သွား၏။ သူ၏ပုံစံက လည်ဆံမွေးထောင်လိုက်သော ခြင်္သေ့တစ်ကောင်ကဲ့သို့ ဖြစ်သွားသည်။ သူ စုလောရွှယ်ကို တစ်ချက်ကြည့်လိုက်ပြီး သူတော်စင်ဧကရီကို စိုက်ကြည့်လိုက်သည်။ ထို့နောက် သူ အံကြိတ်ကာ စကားကို တစ်လုံးချင်း ပြောလိုက်လေသည်။
“သူတော်စင်ဧကရီ... ဧကရီက ကျွန်တော့်ကို ထပ်ပြီး အရူးလုပ်နေတာလား။ ဧကရီ ကျွန်တော့်ကို အရူးလုပ်ခဲ့တာ ကြာပြီ... အဲ့ဒါကို ဆက်ပြီး လုပ်ချင်သေးတာလား။ ဗုဒ္ဓဧကရာဇ်က ကျွန်တော့်ကို ကိစ္စတွေအများကြီး ပြောပြီးသွားပြီ... ကျွန်တော့်ကို ထပ်အရူးလုပ်လို့ မရတော့ဘူး”
“ငါ တောင်းပန်ပါတယ်”
သူတော်စင်ဧကရီက နောင်တရဟန်ဖြင့် ပြောလိုက်သည်။
“ဒီတစ်ခေါက်က ငါ မင်းကို အရူးလုပ်နေတာ မဟုတ်ပါဘူး။ မင်း ငါ့ကို မယုံဘူးဆိုရင် စုလောရွှယ်ကို ခေါ်ပြီး တခြားနတ်ဘုရားတစ်ပိုင်းတွေနဲ့ သွားတွေ့နိုင်တယ်၊ အောင်းလုနဲ့လည်း သွားတွေ့နိုင်တယ်။ သူ့ရဲ့ စိတ်ဝိညာဉ်ထဲမှာ အဆိပ်ရှိတဲ့အရာတချို့ ရှိနေတာ။ ငါ အမျိုးမျိုး ကြိုးစားခဲ့ပြီးပြီ... ဒါပေမဲ့ ငါ အဲ့အဆိပ်ကို မဖယ်နိုင်ဘူး”
“ဧကရီ ကျွန်တော့်ကို လိမ်နေတာ မဟုတ်ဘူးဆိုတာ သေချာလား”
ကျန်းရီ၏ အရှိန်အဝါက တဖြည်းဖြည်း အားကောင်းလာသည်။ သူသည် သူတော်စင်ဧကရီက လိမ်နေခြင်းဆိုလျှင် သူမနှင့် တိုက်ခိုက်တော့မည့်ပုံပင်။ သူ အမှန်ပင် ဒေါသထွက်နေပေပြီ။
မိမိချစ်ရသူမှာ မျက်စိရှေ့တွင် ရှိနေသော်လည်း မိမိက ကြည့်နေရုံမှလွဲ၍ မည်သို့မှ မလုပ်နိုင်ဖြစ်နေခြင်းက ကျန်းရီကို ဒေါသထွက်လာစေသည်။ သူက ကိစ္စများစွာကို လုပ်ပေးခဲ့ရသည်။ လူပုမျိုးနွယ်ကို ရှင်းပစ်ခဲ့ရသည်။ ဖန်စေတီကို ပြန်ယူပေးခဲ့ရသည်။ သို့သော် ယခုတွင် သူတော်စင်ဧကရီက စုလောရွှယ်၏ မှတ်ဉာဏ်များကို ပြန်ဖော်မပေးနိုင်ဟု ပြောနေသည်လော။ ကျန်းရီ မည်သို့ ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။ သူတော်စင်ဧကရီက သူ့အသက်ကို တစ်ခါကယ်ခဲ့ဖူးခြင်းကြောင့်သာ မဟုတ်လျှင် သူသည် ထိုအခိုက်တွင် ဒေါသထွက်လွန်း၍ လူများကို စတင် သတ်ဖြတ်ပြီးနေလောက်ပေပြီ။
“ဒီတစ်ခေါက်တော့ ငါ မင်းကို လိမ်နေတာ မဟုတ်ပါဘူး။ ငါ နတ်ဘုရားတွေကို တိုင်တည်ပြီးတော့ ကျိန်ဆိုနိုင်တယ်”
သူတော်စင်ဧကရီက သက်ပြင်းသဲ့သဲ့ချကာ ပြောလိုက်သည်။
“တကယ်တော့... ငါလည်း အရင်က မသိခဲ့ဘူး။ မင်း ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ရလိုက်ပြီဆိုတဲ့ သတင်းကို ကြားလို့ စုလောရွှယ်ရဲ့ မှတ်ဉာဏ်တွေကို ပြန်ဖော်ပေးဖို့ စကြိုးစားမှ ငါလည်း သိလိုက်ရတာ။ သူ့ရဲ့ စိတ်ဝိညာဉ်ထဲမှာ ထူးခြားတဲ့စွမ်းအင်တစ်ခုရှိနေတယ်။ အဲ့ဒါက အပြင်းဆုံးအဆိပ်ထက်တောင် ပိုပြင်းတဲ့ အဆိပ်ရှိအရာတစ်ခုပဲ။ မယုံဘူးဆိုရင် မင်းဘာသာ စစ်ဆေးကြည့်နိုင်တယ်။ အဲ့ဒါကို အဆောင်အဆိပ်လို့ခေါ်တယ်။ အောင်းလု ဒါမှမဟုတ် အဆိပ်ပညာကို လေ့လာလိုက်စားတဲ့ တခြားသူတွေကိုလည်း မေးကြည့်နိုင်တယ်။ အဲ့ဒါဆို ငါက အမှန်ကို ပြောနေတယ်ဆိုတာ မင်း သိသွားမှာပဲ”
“အဆောင်အဆိပ်တဲ့လား...”
ကျန်းရီသည် ကောင်းကင်စိတ်အာရုံကိုသုံး၍ စုလောရွှယ်၏ စိတ်ဝိညာဉ်ကို စေ့စေ့စပ်စပ် စူးစမ်းလိုက်၏။ သူ အကြိမ်အနည်းငယ် စူးစမ်းလိုက်သော်လည်း ထိုအဆောင်အဆိပ်ကို မတွေ့ပေ။ ထို့ကြောင့် သူ မျက်လုံးမှိတ်ကာ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ဝင်၍ ထပ်မံကြိုးစားကြည့်လိုက်သည်။ ထိုအခါမှ သူသည် စုလောရွှယ်၏ စိတ်ဝိညာဉ်ထဲတွင် နစ်မြုပ်နေသော ငွေရောင်စွမ်းအင်တန်းတစ်တန်းကို တွေ့လိုက်လေသည်။ ၎င်းက သူမ၏ စိတ်ဝိညာဉ်နှင့် တစ်သားတည်းဖြစ်နေရာ ၎င်းကို ဖယ်ရှားပစ်ရန် မလွယ်လောက်ပေ။ ဂရုတစိုက် မဖယ်လျှင် သူမ၏ စိတ်ဝိညာဉ်က ပျက်စီးသွားနိုင်သည်။
ကျန်းရီ မျက်လုံးပြန်ဖွင့်လိုက်ပြီး ခက်ထန်သော မျက်နှာထားဖြင့် အံကြိတ်ကာ မေးလိုက်သည်။
“အဲ့ဒါက ဘယ်လိုအဆိပ်မျိုးလဲ”
သူတော်စင်ဧကရာဇ်က ထ၍လျှောက်သွားလိုက်ပြီး စုလောရွှယ်၏ ခေါင်းကို ညင်သာစွာထိ၍ သက်ပြင်းချကာ ပြောလိုက်သည်။
“ဒီအဆောင်အဆိပ်က အရမ်းကျော်ကြားတယ်။ မျိုးနွယ်ခေါင်းဆောင်အများစုက အဲ့အဆိပ်အကြောင်းကို ကြားဖူးကြတယ်။ အဲ့ဒါက ကောင်းကင်တမလွန်ဂိုဏ်းရဲ့ ထူးခြားတဲ့အဆိပ်တစ်မျိုးပဲ”
“ကောင်းကင်တမလွန်ဂိုဏ်း...”
ကျန်းရီသည် ထိုအမည်ကို ဒုတိယအကြိမ် ကြားဖူးခြင်းပင်။ ထိုအမည်ကို ဗုဒ္ဓဧကရာဇ်က တစ်ကြိမ်ပြောခဲ့ဖူးသည်။ ထို့ကြောင့် သူ သံသယဖြင့် ပြောလိုက်သည်။
“သူတော်စင်ဧကရီ... ဧကရီတို့က ထပ်ပြီး ကျွန်တော့်ကို အရူးလုပ်ဖို့ ကြိုးစားနေတာလား။ စုလောရွှယ်က ကောင်းကင်ကြယ်တာရာနယ်မြေကနေ တည်နေရာပြောင်းရွှေ့သွားကတည်းက ဝူမျိုးနွယ်မှာ ရှိနေခဲ့တာ... နောက်တော့ သူ့ကို ဧကရီတို့ဂိုဏ်းက ခေါ်သွားခဲ့တာပဲ။ သူက ဘယ်လိုလုပ် ကောင်းကင်တမလွန်ဂိုဏ်းရဲ့ အဆိပ်ကို မိနေရမှာလဲ။ ပြီးတော့ ကျွန်တော် အဲ့ကောင်းကင်တမလွန်ဂိုဏ်းဆိုတာကို အရင်က မကြားခဲ့ဖူးဘူး။ အဲ့လို လျှို့ဝှက်တတ်တဲ့ ကောင်းကင်တမလွန်ဂိုဏ်းက ဘာလို့ ဘာအကြောင်းမှမရှိဘဲနဲ့ စုလောရွှယ်ကို အဆိပ်ခတ်ရမှာလဲ”
“ဟင်းဟင်း...”
သူတော်စင်ဧကရီ အတန်ငယ် ရှက်သွား၏။ ကျန်းရီ သူမကို မယုံကြည်သည်မှာ သဘာဝကျပေသည်။ ထို့ကြောင့် သူမ ကျန်းရီကို အပြစ်မတင်ဘဲ အနောက်တောင်ဘက်သို့ ကြည့်ကာ ပြောလိုက်သည်။
“မင်းက ကောင်းကင်တမလွန်ဂိုဏ်းကို မသိဘူးလား။ ထိပ်တန်းလျှို့ဝှက်ဂိုဏ်းဆယ်ဂိုဏ်း ဆိုတာကိုတော့ မင်းကြားဖူးမှာပေါ့။ အဲ့ဆယ်ဂိုဏ်းထဲမှာ ကောင်းကင်လျှို့ဝှက်ဂိုဏ်းက နံပါတ်(၂)၊ ကောင်းကင်တမလွန်ဂိုဏ်းက နံပါတ်(၁)ပဲ။ ကံဆိုးချင်တော့ လက်ရှိ မြောက်ဘက်ဧကရာဇ်ရဲ့ ကြင်ရာတော်၊ ဝူနီရဲ့အမေက အရင်တုန်းက ကောင်းကင်တမလွန်ဂိုဏ်းရဲ့ အပျိုစင်တစ်ယောက်ဖြစ်နေတာပဲ။ မင်း မယုံရင် အဲ့အကြောင်းကို အပြစ်သားကျွန်းက လူတိုင်းကို မေးကြည့်လို့ရတယ်။ အဲ့ဒါဆို ငါ အမှန်ကို ပြောနေတယ်ဆိုတာ မင်းသိသွားမှာပဲ”
“အာ...”
သူတော်စင်ဧကရီ၏ပုံစံက အမှန်ကို ပြောနေသောပုံစံနှင့် တူပေသည်။ သူမ၏ မျက်နှာထားက လိမ်နေသာမျက်နှာထားနှင့် မတူပေ။ ထို့ကြောင့် ကျန်းရီ၏ဒေါသများ အတန်ငယ် ပြေလျော့သွားသည်။ ထို့နောက် သူ အေးစက်စက် မေးလိုက်လေသည်။
“အဲ့အဆောင်အဆိပ်ကို မဖြေနိုင်ရင် လောရွှယ်က သူ့မှတ်ဉာဏ်တွေကို တစ်သက်လုံး ပြန်မရနိုင်တော့ဘူးလား။ ပြီးတော့ အဆောင်အဆိပ်က သူ့ရဲ့ စိတ်ဝိညာဉ်ကို ထိခိုက်စေမှာလား”
“အဲ့အဆိပ်ကို မဖြေနိုင်သေးဘဲနဲ့ သူ့မှတ်ဉာဏ်တွေကို ပြန်ဖော်ဖို့က အန္တရာယ်များတယ်။ မင်း အောင်းလုကို အကူအညီတောင်းကြည့်ချင် တောင်းကြည့်ပေါ့... သူ့မှာ နည်းလမ်းတွေ ရှိနိုင်တယ်”
သူတော်စင်ဧကရီက အလွန်လေးနက်စွာ ပြောလိုက်သည်။
“အဆောင်အဆိပ်က သူ့ရဲ့ စိတ်ဝိညာဉ်ကို ထိခိုက်စေမှာလားဆိုတာကိုတော့ ငါလည်း မသိဘူး။ ကောင်းကင်တမလွန်ဂိုဏ်းက ငါတို့ထက်ပိုပြီး လျှို့ဝှက်တယ်။ သူတို့က လွန်ခဲ့တဲ့ နှစ်နှစ်သိန်းအတွင်း အကြိမ်နည်းနည်းလောက်ပဲ ထွက်ပေါ်လာခဲ့တာ။ နောက်ဆုံးတစ်ခေါက် သူတို့ ထွက်ပေါ်လာတာက သူတို့ဂိုဏ်းက အပျိုစင်ကို မြောက်ဘက်ဧကရာဇ်နဲ့ ထိမ်းမြားပေးဖို့ပဲ...”
“လခွမ်းပဲ...”
ကျန်းရီ ဆဲဆိုလိုက်ပြီး သူ့အရှေ့ရှိ စားပွဲကို ဒေါသတကြီးဖြင့် ထုချလိုက်သည်။ ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာကာ စားပွဲက အမှုန့်ဖြစ်သွားလေသည်။
***