အချစ်ရဆုံးသူ
Vol. 82 Ch. 1140
နှင်းဒေသ၏ အုပ်စိုးသူအရှေ့တွင် သူမပိုင်သော စားပွဲကို ဖျက်ဆီးပစ်သည့် ကိစ္စမျိုးကို ကျန်းရီတစ်ဦးတည်းသာ လုပ်ဝံ့ပေသည်။ ကျန်းရီနေရာတွင် အခြားသူတစ်ယောက်ဆိုပါက သူတော်စင်ဧကရီသည် ဒေါသထွက်ကာ ထိုသူကို သတ်ပစ်မည်ဖြစ်သည်။ ထိုသို့ ပြုမူသူက ဗုဒ္ဓဧကရာဇ်ဆိုလျှင်ပင် သူမ ခွင့်လွှတ်မည် မဟုတ်ချေ။
သို့သော် ယခုတွင် သူတော်စင်ဧကရီ၏ မျက်နှာထားက အနည်းငယ်ပင် ပြောင်းလဲမသွားပေ။ သူမသည် ကျန်းရီ၏ ခံစားချက်များကို ကောင်းစွာ နားလည်သည်။ သူ မည်သို့သော ဖိအားကို ခံနေရကြောင်း သူမ သိသည်။ ထို့ကြောင့် သူမ ကျန်းရီကို ကိုယ်ချင်းစားမိနေသည်။ သို့သော် သူမသည် မည်သည့်စကားမှ မဆိုဘဲ တိတ်တဆိတ်သာ ရပ်နေပြီး ကျန်းရီ ဒေါသပြေလာမည့်အချိန်ကို စောင့်နေလိုက်သည်။
စုလောရွှယ်၏ မျက်နှာထားကလည်း မပြောင်းလဲပေ။ သို့သော် ကျန်းရီနှင့် သူတော်စင်ဧကရီ၏ စကားများက သူမကို အတန်ငယ် စိတ်ရှုပ်ထွေးလာစေသည်။ ထို့ကြောင့် သူမ ကျန်းရီကို တွေဝေစွာ ကြည့်လိုက်သည်။ သူမသည် ကျန်းရီကို ရင်းနှီးသလိုလို၊ မရင်းနှီးသလိုလို ခံစားလိုက်ရသည်။ သူမ၏ မျက်ဝန်းများထဲတွင် အပန်းဖြေအဆောက်အုံဘေးရှိ ရေကန်ထဲမှ ရေဂယက်ကလေးများကဲ့သို့ ဝမ်းနည်းမှု ဂယက်ကလေးများ ရှိနေသည်။
ကျန်းရီသည် မျက်လုံးမှိတ်၍ ငါးမိနစ်မျှ တိတ်ဆိတ်နေပြီးမှ ပြန်တည်ငြိမ်လာသည်။ သူ စုလောရွှယ်ကို ကြင်နာမှုများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ကြည့်လိုက်ပြီး အားတင်း၍ပြုံးကာ ပြောလိုက်သည်။
“လောရွှယ်... မစိုးရိမ်ပါနဲ့။ ဒီကိစ္စက ဘယ်လောက်ခက်ခက် မင်းရဲ့ မှတ်ဉာဏ်တွေ ပြန်ရအောင် ငါ ကူညီပေးမှာပါ”
“ဟင့်အင်း...”
တစ်ချိန်လုံး နှုတ်ဆိတ်နေခဲ့သော စုလောရွှယ်က ရုတ်တရက် ပါးစပ်ဟလိုက်သည်။ သူမ၏ မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များကို မြင်နိုင်သည်။ ထို့နောက် သူမ ခေါင်းခါကာ ပြောလိုက်သည်။
“ကျွန်မ မှတ်ဉာဏ်တွေ ပြန်မရချင်ဘူး။ အခုအတိုင်းလည်း အရမ်းအဆင်ပြေနေတာပဲ”
ကျန်းရီသည် စိတ်ရှပ်ထွေးကာ ကြောက်ရွံ့နေသော စုလောရွှယ်ကို ကြည့်၍ ရင်နာလာ၏။ ထို့ကြောင့် သူ စုလောရွှယ်ကို ထပ်မကြည့်တော့ဘဲ သူတော်စင်ဧကရီကို မျက်နှာချင်းဆိုင်၍သာ မေးလိုက်သည်။
“သူတော်စင်ဧကရီ... ဧကရီက ဗုဒ္ဓဧကရာဇ်နဲ့ အတူတူပဲလား။ အများကြီး မသိထားဘူးလား။ ယွီဝမ်က ကျွန်တော့်ကို လာရှာမှ ကျွန်တော် အရာအားလုံးကို သိနိုင်မှာလား”
“အင်း...”
သူတော်စင်ဧကရီက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ငါက မင်းအမေကို ဗုဒ္ဓဧကရာဇ် သိတာလောက်တောင် မသိပါဘူး။ သူ နှင်းဒေသကို ရောက်လာခဲ့တုန်းက ကောင်းကင်လျှို့ဝှက်ဂိုဏ်းထဲကို မတော်တဆရောက်လာပြီး ငါ့ကို ညွှန်ပြချက်တချို့ ပေးခဲ့တယ်၊ နှင်းဒေသကို ကျူးကျော်လာတဲ့ အင်အားကြီးရန်သူကို ကူပြီးမောင်းထုတ်ပေးခဲ့တယ်။ သူ့ရဲ့နောက်ကြောင်းကိုတော့ ယွီဝမ်ပဲသိမှာ။ ယွီဝမ်က မင်းကို လာမရှာသေးဘူးဆိုတော့ မင်းရဲ့စွမ်းအားက မလုံလောက်သေးဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ။ ကြိုးစားကျင့်ကြံပါ ကျန်းရီ။ အခု မင်းက ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ပိုင်ဆိုင်ထားပြီဆိုတော့ မင်းရဲ့အနာဂတ်က အကန့်အသတ်မဲ့သွားပြီ။ ဆန်းကြယ်ဧကရာဇ်ရဲ့ ဆက်ခံသူက ဆန်းကြယ်ဧကရာဇ်လို့ နတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်မလားဆိုတာ ငါ စောင့်ကြည့်နေမယ်”
“ဟုတ်ကဲ့ပါ... အဲ့ဒါဆို ကျွန်တော် သွားပါတော့မယ်”
ကျန်းရီသည် စုလောရွှယ်ကို ပြုံး၍ကြည့်လိုက်ပြီး လက်ကမ်းပေးကာ ပြောလိုက်၏။
“လောရွှယ်... သွားကြစို့။ ငါနဲ့အတူ ပြန်လိုက်ခဲ့ပါ။ ငါ မင်းကို ကောင်းကင်ကြယ်တာရာနယ်မြေကို ပြန်ခေါ်သွားမယ်။ အဲ့လိုဆို မင်းရဲ့ မှတ်ဉာဏ်တွေ ပြန်ထွက်ပေါ်လာနိုင်လောက်တယ်”
“ဟင့်အင်း...”
စုလောရွှယ်က ကြောက်ရွံ့နေဆဲဖြစ်၍ ခေါင်းခါကာ ပြောလိုက်သည်။
“ကျွန်မ ရှင်နဲ့ မလိုက်ချင်ဘူး။ မှတ်ဉာဏ်တွေလည်း ပြန်မရချင်ဘူး။ အခု ကျွန်မ အေးအေးချမ်းချမ်း နေနိုင်နေပြီပဲ”
ကျန်းရီသည် မည်သို့မှ မပြောတော့ဘဲ စုလောရွှယ်ကို ခေါင်းမာစွာသာ ကြည့်လိုက်သည်။ သူ့မျက်ဝန်းများထဲမှ ချစ်ခင်ကြင်နာမှုများက ရေခဲတောင်တစ်လုံးကိုပင် အရည်ပျော်ကျသွားစေနိုင်သည်။ သူ့မျက်နှာပေါ်မှ အပြုံးသဲ့သဲ့ကလည်း လူတစ်ယောက်ကို သတိလွတ်သွားစေနိုင်သည်။ သူတော်စင်ဧကရီသည် မည်သို့မှ ဝင်မပြောဘဲ စုလောရွှယ် ဆုံးဖြတ်ချက်ချမည်ကိုသာ တိတ်တဆိတ် စောင့်နေလိုက်သည်။
စုလောရွှယ်သည် ကျန်းရီ၏ မျက်ဝန်းများကို ကြည့်၍ သူ၏ စိတ်ရင်းအမှန်နှင့် ချင်ခင်ကြင်နာမှုကို ခံစားနိုင်နေ၏။ ထိုအခိုက်တွင် သူမသည် မည်သည့်အရာကိုမှ မကြောက်တော့ပေ။ သို့သော် သူမသည် စိတ်ရှုပ်ထွေးနေဆဲဖြစ်၍ သူတော်စင်ဧကရီကို လှမ်းကြည့်လိုက်သည်။
သူတော်စင်ဧကရီက စုလောရွှယ်ကို လက်ကို ဆွဲကိုင်ကာ ခပ်သဲ့သဲ့ပြုံး၍ ပြောလိုက်သည်။
“ကလေး... မကြောက်ပါနဲ့။ ကျန်းရီက မင်းနဲ့ အရင်းနှီးဆုံးသူပါ။ မင်း သူနဲ့ လိုက်သွားသင့်တယ်။ မင်း အပြင်မှာ မနေချင်တော့တဲ့အခါကျ ဒီကို အချိန်မရွေး ပြန်လာခဲ့လို့ ရပါတယ်”
“ကျွန်မနဲ့ အရင်းနှီးဆုံးသူလား”
စုလောရွှယ်က ကျန်းရီကို ခေတ္တမျှ စိုက်ကြည့်လိုက်ပြီး နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။ သူမသည် သူတော်စင်ဧကရီ၏ စကားကြောင့် လက်ခံလိုက်ခြင်း မဟုတ်ပေ။ သူမ၏ ရင်ထဲတွင် ကျန်းရီနောက်သို့ လိုက်သွားလိုသော ခံစားချက်လေးတစ်ခု ရှိနေခြင်းကြောင့်သာဖြစ်သည်။
ကျန်းရီက စုလောရွှယ်၏လက်ကို ညင်သာစွာ ဆွဲကိုင်လိုက်၏။ သူမ၏ လက်က ရေခဲတမျှအေးစက်နေပြီး အတန်ငယ် တုန်ယင်နေသည်။ ထို့ကြောင့် သူ ပို၍ပင် ရင်နာသွားသည်။
ကျန်းရီသည် စုလောရွှယ်၏လက်ကို အနွေးဓာတ်ပေးရန် ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။ သူသည် ချက်ချင်းထွက်မသွားရက်သေးဘဲ စုလောရွှယ်၏ လက်များ အတုန်ရပ်သွားသည်အထိ စောင့်နေလိုက်သည်။ ပြီးနောက်မှ သူ သူမကို အပြင်သို့ ခေါ်သွားလိုက်သည်။ သူသည် လမ်းလျှောက်နေရင်း နူးညံ့စွာ ပြောလိုက်သည်။
“လောရွှယ်... မကြောက်ပါနဲ့။ ကိုယ်ရှိနေရင် ဘယ်သူမှ မင်းကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။ ပြီးတော့ ဘယ်သူကမှ မင်းမလုပ်ချင်တာကို လုပ်ဖို့ ဖိအားပေးမှာ မဟုတ်ပါဘူး။ ကိုယ် မင်းကို ဦးလေးငယ်၊ ချမ်ဝမ်ကွမ်း၊ ယွင်ဖေးတို့နဲ့ တွေ့ရအောင် ခေါ်သွားပေးမယ်... ဟုတ်သား... အစ်ကိုကျန်ဝူရွှမ်းက ကိုယ်နဲ့အတူ ပါလာတယ်။ သူတို့အကုန်လုံးက မင်းရဲ့ မိတ်ဆွေတွေပဲ”
“ကျန်ဝူရွှမ်း...”
စုလောရွှယ် မျက်တောင်ပုတ်ခတ်လိုက်၏။ သူမသည် ထိုသူများကို တစ်ယောက်မှ မမှတ်မိချေ။ ကျန်းရီသည် သူမကို ဖိအားမပေးဘဲ အပြင်သို့သာ ခေါ်သွားလိုက်သည်။ ပဉ္စမအကြီးအကဲသည် ကျန်းရီနှင့် စုလောရွှယ်တို့ အတူထွက်လာသည်ကို တွေ့လိုက်သောအခါ အတန်ငယ် ဝမ်းနည်းသွားမိ၏။ စုလောရွှယ် ထွက်သွားတော့မည်ကို သူမ စိတ်မကောင်းပေ။ စုလောရွှယ်သည်လည်း ပဉ္စမအကြီးအကဲကို တွေ့လိုက်သောအခါ ခြေလှမ်းများ ရပ်သွားသည်။ သူမကလည်း ထွက်မသွားလိုသည့်ပုံပင်။
ကျန်းရီသည် ခေတ္တမျှ တွေးလိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ပဉ္စမအကြီးအကဲ... ကျွန်တော်တို့နဲ့ အတူလိုက်ခဲ့ပြီး လောရွှယ်နဲ့ ခဏတစ်ဖြုတ်လောက် လိုက်နေပါလား။ အဲ့လိုဆို သူလည်း အရမ်းအထီးကျန်မနေရတော့ဘူးပေါ့”
“အဲ့ဒါက...”
ပဉ္စမအကြီးအကဲက အတန်ငယ် တုံ့ဆိုင်းသွားပြီး သူတော်စင်ဧကရီရှိနေသော စံအိမ်ကို လှမ်းကြည့်လိုက်သည်။ ထိုစဉ် စံအိမ်ထဲမှနေ၍ သူတော်စင်ဧကရီ၏အသံ ထွက်ပေါ်လာသည်။
“ရှောင်ဝူ... မင်း ကျန်းရီတို့နဲ့ ခဏတဖြုတ်လောက် လိုက်သွားလိုက်ပါ။ အဲ့အချိန်အတွင်း မင်းက ကောင်းကင်လျှို့ဝှက်ဂိုဏ်းရဲ့ တပည့်မဟုတ်ဘူး။ မင်း ကျန်းရီရဲ့ အမိန့်တွေကို နာခံပါ”
“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်”
ပဉ္စမအကြီးအကဲက သူတော်စင်ဧကရီ၏အမိန့်ကို မည်သို့ ဆန့်ကျင်ဝံ့မည်နည်း။ ထို့ပြင် သူမ လိုက်သွားလျှင် စုလောရွှယ်ကလည်း ပို၍ စိတ်သက်သာရာရပေလိမ့်မည်။ စုလောရွှယ်က ကောင်းကင်လျှို့ဝှက်ဂိုဏ်းသို့ ရောက်ကတည်းက သူမ၏လက်အောက်တွင် နေခဲ့သူ မဟုတ်ပါလား။ သူမသည် စုလောရွှယ်ကို သမီးအရင်းလေးတစ်ယောက်ကဲ့သို့ ဂရုစိုက်ပေသည်။
“သွားကြစို့...”
ကျန်းရီက သူတော်စင်ဧကရီ၏ စံအိမ်ဘက်သို့ လက်ဆုပ်ကာ အရိုအသေပေးလိုက်ပြီး စုလောရွှယ်နှင့် ပဉ္စမအကြီးအကဲတို့နှင့်အတူ သူတော်စင်တောင်ဆီသို့ တည်နေရာပြောင်းရွှေ့လိုက်သည်။ တည်နေရာပြောင်းရွှေ့အစီအရင်က လင်းလက်သွားပြီးနောက်တွင် သူတော်စင်ဧကရီက စံအိမ်အတွင်းမှ ထွက်လာလိုက်ပြီး တောင်ဘက်ရှိ ကောင်းကင်ကို အချိန်အတော်ကြာ ကြည့်နေလိုက်သည်။ ထို့နောက် သူမ သက်ပြင်းသဲ့သဲ့ချကာ ပြောလိုက်သည်။
“သခင်မရီ... ကျွန်မ ဒီလောက်ထိပဲ လုပ်နိုင်ပါတယ်။ အရှေ့ဘက် တော်ဝင်နယ်မြေက အရမ်းရှုပ်ထွေးတဲ့နေရာတစ်ခုပဲ။ ကျွန်မ အများကြီး မကူညီပေးနိုင်ပါဘူး။ ကျန်းရီက အခက်အခဲတွေကို ကျော်ဖြတ်ပြီး ကောင်းကင်ကိုးဘုံအထက်ထိ တက်လှမ်းနိုင်မလားဆိုတာကတော့ သူ့ရဲ့ ကံကြမ္မာအပေါ်မှာပဲ မူတည်ပါတယ်...”
***
ရွှီး...
သူတော်စင်တောင်ထိပ်တွင် ကျန်းရီက ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ထုတ်လိုက်သည်။ ၎င်းက သူ့လက်ထဲမှ ပျံထွက်သွားပြီး မူလအရွယ်အစားအဖြစ် လျင်မြန်စွာ ပြန်ပြောင်းသွားသည်။ နန်းတော်ပင်မတံခါးကလည်း ဖြည်းဖြည်းချင်း ပွင့်လာသည်။ ကျန်းရီသည် ပဉ္စမအကြီးအကဲနှင့် စုလောရွှယ်တို့ကို နန်းတော်ထဲဝင်ရန် ဖိတ်ခေါ်လိုက်လေသည်။
ကျန်းရီသည် စုလောရွှယ်ကို ဆန်းကြယ်ဧကရာဇ်စံအိမ်ဆီသို့ ခေါ်မသွားလိုက်ပေ။ ယဉ်ရို့ပင်းက သူ့ကို အခြားမိန်းမတစ်ယောက်နှင့် အတူရှိနေသည်ကို မမြင်လိုဟု ပြောခဲ့သည် မဟုတ်လော။ ထို့ပြင် သူသည် စုလောရွှယ်ကိုလည်း လန့်မသွားစေလိုပေ။ ထို့ကြောင့် သူသည် ပဉ္စမအကြီးအကဲနှင့် စုလောရွှယ်တို့ကို အခြားအခန်းတစ်ခုတွင် နေရာချထားပေးလိုက်သည်။
ဆန်းကြယ်နတ်ဘုရားနန်းတော်က အလွန်ကြီးသည်။ နန်းတော်ထဲတွင် ပင်မခန်းမဆောင် ဒါဇင်အနည်းငယ်ရှိပြီး ထူးဆန်းသောနေရာ ဆယ့်ရှစ်နေရာရှိသည်။ ထို့ပြင် ကျင့်ကြံခြင်းအခန်း၊ ဆေးဖော်အခန်းနှင့် အခြားအထွေထွေအခန်းလေးများစွာလည်း ရှိသည်။ သို့ဖြစ်ရာ နန်းတော်ထဲတွင် လူအနည်းငယ်အတွက်မဆိုထားနှင့် လူတစ်သန်းအတွက်ပင် နေရာအလုံအလောက် ရှိပေသည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲမှ နေရာများမှာ ကိုယ့်လောကနှင့်ကိုယ်ဟူ၍ပင် ခံစားရသည်။
“အစ်ကိုဝူရွှမ်း... အခန်းအောင်း ကျင့်ကြံနေတာကနေ ခဏလောက် ထွက်လာလို့ရမလား။ လောရွှယ် ပြန်ရောက်လာပြီ။ ဒါပေမဲ့ သူ့ရဲ့ မှတ်ဉာဏ်တွေက ချိပ်ပိတ်ခံထားရတော့ သူ အစ်ကို့ကို မှတ်မိမှာ မဟုတ်ဘူး။ အဲ့တော့ သူ့ကို မခြောက်ပါနဲ့”
ကျန်းရီက ကျန်ဝူရွှမ်းထံသို့ အသံပို့လွှတ်လိုက်ပြီး သူ့ကို တည်နေရာပြောင်းရွှေ့ကာ ခေါ်လိုက်လေသည်။ ကျန်ဝူရွှမ်း ထွက်ပေါ်လာ၏။ သူက အလွန်ဝမ်းမြောက်စွာဖြင့် ပြောလိုက်သည်။
“လောရွှယ်... ငါက ကျန်ဝူရွှမ်းလေ”
“အာ...”
စုလောရွှယ် စိတ်ရှုပ်သွားပြီး ခေါင်းခါကာ ပြန်ပြောလိုက်သည်။
“ကျွန်မ ရှင့်ကို မသိဘူး”
“သူက တကယ်ကို မှတ်ဉာဏ် ချိပ်ပတ်ခံထားရတာပဲ”
ကျန်ဝူရွှမ်းက မျက်နှာတည်သွားပြီး ကျန်းရီထံ အသံပို့လွှတ်လိုက်သည်။ စုလောရွှယ်က ကျီထင်ယွီ၏ လက်ထဲတွင် အဆောင်အဆိပ်မိခဲ့ကြောင်းကို သိလိုက်ရသောအခါတွင်မူ ကျန်ဝူရွှမ်း၏ မျက်ဝန်းများထဲ၌ သတ်ဖြတ်လိုသော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။ သူ၏သတ်ဖြတ်အရှိန်အဝါကလည်း အားကောင်းလာသည်။
ကျန်းရီသည် ကျန်ဝူရွှမ်းအား စုလောရွှယ်ကို လန့်သွားအောင် မလုပ်ရန် လက်ဟန်ပြလိုက်သည်။ ထိုမှ ကျန်ဝူရွှမ်း ပြန်တည်ငြိမ်သွားပြီး မေးလိုက်သည်။
“ကျန်းရီ... အခု မင်း ဘယ်ကိုသွားဖို့ စဉ်းစားထားလဲ။ ငါတို့ အရင်ဆုံး အပြစ်သားကျွန်းကို ပြန်ကြမလား။ ယွင်ဖေးကို စုလောရွှယ်နဲ့ အဖော်ပြုပေးခိုင်းလို့ ရတာပေါ့။ အဲ့လိုဆို သူ တစ်ခုခုကို ပြန်မှတ်မိလာလောက်တယ်”
“အွန်း...”
ကျန်းရီ ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ကျွန်တော်လည်း အဲ့လိုပဲ တွေးတယ်။ ပြီးတော့ ကျွန်တော် အောင်းလုနဲ့လည်း ဆွေးနွေးချင်တယ်... သူ့မှာ ဘာအကြံကောင်းတွေရှိမလဲ ကြည့်ရတာပေါ့။ အောင်းလုရဲ့ စွမ်းအားက မယုံနိုင်လောက်အောင်ပဲ။ သူတို့မျိုးနွယ်က မင်းသမီးချမ်ချမ်ကလည်း သေစေလောက်တဲ့ အဆိပ်တစ်ခု မိခဲ့တယ်... ဒါပေမဲ့ နောက်ဆုံးကျတော့ အောင်းလုက သူ့ရဲ့အဆိပ်ကို ဖြေပေးနိုင်ခဲ့တာပဲ။ အဲ့တော့ သူ လောရွှယ်ကိုလည်း အဆိပ်ဖြေပေးနိုင်လောက်တယ်။ သူ မဖြေပေးနိုင်ဘူးဆိုရင်လည်း ကျွန်တော်တို့ ကောင်းကင်ကြယ်တာရာနယ်မြေကို တစ်ခေါက်ပြန်သွားကြတာပေါ့”
“အင်း အဲ့အစီအစဉ်က မဆိုးပါဘူး...”
ကျန်ဝူရွှမ်းသည် အောင်းလုက စုလောရွှယ်၏ အဆိပ်ကို ဖြေပေးနိုင်လောက်ကြောင်း ကြားလိုက်ရသောအခါ စိတ်ဓာတ်တက်ကြွသွား၏။ သူသည်လည်း ယွင်ဖေးနှင့် သူ့သားကို သတိရနေပြီဖြစ်သည်။ သူ သူမတို့ကို မတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပေပြီ။ ထို့ကြောင့် သူ အပြစ်သားကျွန်းသို့ ချက်ချင်း ပျံသွားလိုနေသည်။ ထို့ပြင် ယခုတွင် သူတို့က ကောင်းကင်ကြယ်တာရာနယ်မြေသို့လည်း သွားရနိုင်ကြောင်းကို သူ သိလိုက်ရသည်။ သူ့အဖေနှင့် သူ့မိသားစုက ကောင်းကင်ကြယ်တာရာနယ်မြေတွင်ဖြစ်သည်။ ယခု သူက နတ်ဘုရားတစ်ပိုင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်၍ ဂုဏ်ယူဝံ့ကြွားစွာ ပြန်နိုင်ပြီဖြစ်သည်။
***