ပြဿနာက ပြဿနာအစစ်အမှန်မဟုတ်
Vol. 82 Ch. 1141
ဆန်းကြယ်နတ်ဘုရားနန်းတော်က တောင်ဘက်သို့ ပျံသန်းနေသည်။ တစ်ရက်အတွင်းမှာပင် ကျန်းရီတို့ ရေခဲပင်လယ်အလယ်ရှိ ရေခဲကျွန်းသို့ ရောက်သွားသည်။ ကျန်းရီသည် ကောင်းကင်စိတ်အာရုံဖြင့် ပတ်ဝန်းကျင်ကို အာရုံခံရင်း အတိတ်မှ အကြောင်းများကို ပြန်တွေးမိသွားသည်။ သူ ကျောက်စိမ်းအဆောင်အတွင်းသို့ အတွင်းအားထည့်၍ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ရပ်တန့်စေလိုက်သည်။ ထို့နောက် သူသည် မလှမ်းမကမ်းရှိ ရေခဲတောင်တစ်လုံးအပေါ်သို့ ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံလိုက်သည်။ သူ့ခေါင်းထဲတွင် အတွေးများစွာ ထွက်ပေါ်လာသည်။
ကျန်းရီသည် ဤတစ်ခေါက် ထွက်သွားပြီးနောက်တွင် နှင်းဒေသကို ပြန်မလာတော့ရန် ကြံရွယ်ထားသည်။ သူ့ရင်ထဲမှ တစ်စိတ်တစ်ပိုင်းက မိုယောင်အာဆီ သွားလိုနေသည်။ သို့သော် သူ ကြောက်လည်းကြောက်နေမိသည်။ အကယ်၍ မိုယောင်အာက သူ့ကို မေ့သွားပြီဆိုလျှင် ဒဏ်ရာဟောင်းကို ပြန်ဆွမိသလိုသာ ရှိပေလိမ့်မည်။ ထို့ပြင် မိုရှန်းသည် သူ၏အဖိုးတန်သမီးက ကျန်းရီကဲ့သို့ အန္တရာယ်များသောဘဝတွင် နေထိုင်နေသူတစ်ယောက်နောက်သို့ လိုက်မည်ကို မည်သို့မှ ခွင့်ပြုမည် မဟုတ်ပေ။ သူက သူ၏သမီးကို အရှေ့ဘက် တော်ဝင်နယ်မြေ၏ ရန်သူ၊ အပြစ်သားကျွန်းမှ အပြစ်သားတစ်ယောက်နောက်သို့ ထည့်လိုက်နိုင်ပါမည်လော။
ထိုအခိုက်တွင် ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲ၌ မိန်းမလှလေးနှစ်ယောက် ရှိနေပေသည်။ အကယ်၍ ယဉ်ရို့ပင်းနှင့် စုလောရွှယ်တို့က သူ အခြားမိန်းမတစ်ယောက်အား သွားခေါ်သည်ကို တွေ့လိုက်ပါက စိတ်ဆိုးကာ ထွက်သွားနိုင်သည်။ သို့ဆိုလျှင် သူ ဖွတ်မရ၊ ဓားမဆုံး ဖြစ်ရပေလိမ့်မည်။
“ဟူး...”
ကျန်းရီသည် ထိုအကြောင်းများကို တွေးရုံဖြင့်ပင် ခေါင်းကိုက်လာသည်။ သူ့ဘေးတွင် မိန်းမများစွာ ရှိခြင်းက ကောင်းသောကိစ္စ မဟုတ်ပေ။ အပြစ်သားကျွန်းတွင်လည်း သူပြန်လာမည်ကို စောင့်နေသော မိန်းမသုံးယောက် ရှိနေပေသေးသည်။ စုလောရွှယ် မှတ်ဉာဏ်ပြန်ရလာလျှင် သူ ထိုကိစ္စများကို သူမအား မည်သို့ ရှင်းပြရမည်နည်း။ ယဉ်ရို့ပင်းကလည်း တော်ဝင်မျိုးနွယ်ကြီးတစ်ခုမှ လာခဲ့သူဖြစ်သည်။ သူမကို ဖုန်းလန်၊ ချင်းယွီနှင့် အခြားသူများနှင့် သွားနေခိုင်းလျှင် သူမ ရင်ကွဲရပေလိမ့်မည်။ သို့သော် ကျန်းရီသည် သူမကို ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲတွင် တစ်သက်လုံးထား၍မရသည် မဟုတ်လော။
‘အရှေ့ဘက် တော်ဝင်နယ်မြေက မြို့အရှင်တွေအကုန်လုံးက မိန်းမတွေ၊ ကိုယ်လုပ်တော်တွေ အများကြီး ရှိကြတာပဲ။ သူတို့ အိမ်တွင်းရေးကိစ္စတွေကို ဘယ်လိုများ စီမံခန့်ခွဲလဲ မသိဘူး’
ကျန်းရီသည် မိန်းမများကို သင့်သင့်မြတ်မြတ်ရှိအောင် လုပ်ရသည်ထက် နတ်ဘုရားတစ်ပိုင်း ပညာရှင် အယောက်တစ်ရာကို သတ်ရသည်က ပိုလွယ်သည်ဟု ခံစားလိုက်ရ၏။ သူသည် ခေတ္တမျှ တွေးတောနေပြီးနောက် ဆက်တွေးလျှင်လည်း အကျိုးမရှိဟု ကောက်ချက်ချလိုက်၏။ နောင်ခါလာ နောင်ခါဈေးဟုသာ သဘောထား၍ မီးစဉ်ကြည့်ကရမည်ဖြစ်သည်။
ကျန်းရီသည် မိုယောင်အာကို သွားမရှာတော့ရန်လည်း ဆုံးဖြတ်လိုက်သည်။ အတိတ်တွင် သူသည် မိုယောင်အာက သူ့ကို ငါးနှစ်တိုင်သည်အထိ အမှတ်ရနေသေးလျှင် သူမကို စိတ်မပျက်စေရဟု ကတိပေးခဲ့သည်။ သို့သော် ငါးနှစ်က မပြည့်သေးပေ။ အကယ်၍ ငါးစိမ်းရော၊ ငါးကင်ပါ လွတ်သွားခဲ့လျှင် သူ ကောင်းကင်နတ်ဆိုးတောင်သို့ ပြန်သွား၍ မိုယောင်အာက သူ့ကို အမှတ်ရနေသေးသလောဟု သွားကြည့်နိုင်ပေသည်။
“သွားမယ်...”
ကျန်းရီ အပြစ်သားကျွန်းဆီသို့ ပြန်သွားရန် ဆုံးဖြတ်လိုက်သည်။ ရုတ်ခြည်းပင် သူ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ထိန်းချုပ်၍ တောင်ဘက်သို့ ဆက်ပျံသန်းသွားစေလိုက်သည်။ ထိုအခိုက်တွင် အနောက်ဘက်မှနေ၍ အရိပ်နက်တစ်ခုက နန်းတော်ဆီသို့ ပျံသန်းလာသည်။ ကျန်းရီသည် ကောင်းကင်စိတ်အာရုံထုတ်၍ ထိုအရိပ်နက်ကို အာရုံခံလိုက်သည်။ သူ ရုတ်ခြည်း အံ့အားသင့်သွားသည်။ သူ့မျက်နှာထားကလည်း ရှုပ်ထွေးသွားသည်။
ဝှစ်...
ကောင်းကင်တွင် လေနှင့်နှင်းတို့ ဝေ့ဝဲသွားသည်။ ဝတ်စုံနက်ဝတ်ဆင်ထားသော မိန်းမပျိုတစ်ယောက်က ဆန်းကြယ်နတ်ဘုရားနန်းတော်ဆီသို့ ပျံသန်းလာနေသည်။ သူမသည် လက်ထဲတွင် ကြာပွတ်တစ်ချောင်းကို ကိုင်ထားပြီး အလွန်လျင်မြန်စွာ ပျံသန်းနေသည်။ သူမ၏ ဇာမဏီမျက်ဝန်းများက နန်းတော်ကို မျက်ခြေမပြတ် စိုက်ကြည့်နေသည်။ ထို့နောက် သူမ လက်ဝှေ့ယမ်းကာ အော်ပြောလိုက်သည်။
“သခင်...သခင်... ကျွန်မ ယောင်အာပါ”
မိုယောင်အာက သူမ၏ မျက်ဝန်းမှ မျက်ရည်များကို သုတ်လိုက်ပြီး ဆန်းကြယ်နတ်ဘုရားနန်းတော်ဆီသို့ အသည်းအသန် လာနေသည်။ ကျန်းရီ တစ်စက္ကန့်မျှ ရင်ခုန်ရပ်သွားသည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်လည်း ရပ်တန့်သွားသည်။ ထို့နောက် သူ သက်ပြင်းချကာ ဆန်းကြယ်နတ်ဘုရားနန်းတော်အပြင်ဘက်သို့ ထွက်လိုက်လေသည်။
“သခင်...”
မိုယောင်အာသည် ကျန်းရီကို မြင်လိုက်သောအခါ တုန်ယင်သွားပြီး လေထဲတွင် ရပ်တန့်သွားသည်။ သူမသည် ကျန်းရီနှင့် ကီလိုမီတာအနည်းငယ်အကွာတွင် ရပ်၍ မျက်လုံးနှစ်ဘက်မှ မျက်ရည်များကို သုတ်လိုက်သည်။ သို့သော် မျက်ရည်များက သူမ၏ပါးပြင်ထက်သို့ ကျဆင်းနေဆဲပင်။
ကျန်းရီ၏ မျက်နှာထားက အေးစက်နေသည်။ သူသည် လေထဲတွင် ရပ်ကာ စကားတစ်ခွန်းမှ မဆိုဘဲ မိုယောင်အာကိုသာ စိုက်ကြည့်နေသည်။ ထို့ကြောင့် မိုယောင်အာတစ်ယောက် ပို၍ပင် ဝမ်းနည်းလာလေသည်။ သူမ၏ မျက်ရည်များကလည်း တမံကျိုးသကဲ့သို့ ဒလဟော စီးကျလာတော့သည်။ သူမသည် မည်သို့စကားစရမည်ကို မသိ၍ ကျန်းရီကိုသာ ရပ်ကြည့်နေမိလေသည်.
စက္ကန့်နှစ်ဆယ်ကြာပြီးနောက် ကျန်းရီ ထပ်မံ၍ သက်ပြင်းချလိုက်သည်။ ထို့နောက် သူ မိုယောင်အာကို လက်ဝှေ့ယမ်းပြလိုက်ပြီး ရုတ်တရက် ရွှင်ပြစွာ ပြုံးလိုက်သည်။ ထိုအခါ မိုယောင်အာသည် သခင်ကို တွေ့လိုက်သော ခွေးတစ်ကောင်ကဲ့သို့ လျင်မြန်စွာ ပျံသန်း၍ ကျန်းရီ၏ ရင်ခွင်ထဲသို့ တိုးဝင်သွားလေသည်။ သူမ ကျန်းရီ၏ ရင်ခွင်ထဲတွင် ထပ်မံ ငိုကြွေးလိုက်သည်။
“အရူးမလေး... ငါက ဘာတွေများ ကောင်းနေလို့လဲ။ အရင်တုန်းက ငါ မင်းကို အသုံးချခဲ့တာ။ မင်း ဘာလို့ ငါ့ကို မမေ့သေးတာလဲ”
ကျန်းရီက သက်ပြင်းချလိုက်ပြီး မိုယောင်အာ၏နောက်ကျောကို ညင်သာစွာ ပွတ်ပေးလိုက်သည်။ သူမ၏ဆံပင်မှ မွေးရနံ့က သူ့နှာခေါင်းအတွင်းသို့ ဝင်ရောက်နေသည်။ ထိုရနံ့က မည်သည့်ရနံ့နည်းဟု သူ စဉ်းစားလိုက်သည်။
“သခင်... သခင်က အကုန်လုံးကောင်းပါတယ်”
မိုယောင်အာက ရှိုက်သံဖြင့် ပြောလိုက်သည်။
“သခင်ရဲ့ အသုံးချမှုကို ခံရတာက ကျွန်မရဲ့ ကံကောင်းမှုပါ။ ကျွန်မ သခင့်ကို ချစ်တယ်။ ငါးနှစ်မပြောနဲ့ သခင် ပြန်လာပြီး ကျွန်မကို လာရှာမယ့်အချိန်ကို ကျွန်မ ထာဝရ စောင့်နေမှာပါ”
“မင်းက အရမ်းလွယ်နေသေးတာပဲ”
ကျန်းရီ မျက်လုံးပင့်လိုက်သည်။ ထို့နောက် သူသည် သူမ၏လက်မောင်းကို ခပ်ဆတ်ဆတ် ရိုက်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“မင်း မင်းဘာသာ ခိုးထွက်လာခဲ့တာလား။ မင်းရဲ့အဖေက ဒေါသထွက်သွားမှာကို မင်းမကြောက်ဘူးလား”
“မဟုတ်ပါဘူး...”
မိုယောင်အာက ဝံ့ကြွားစွာဖြင့် ခေါင်းမော့လိုက်၏။
“ဒီတစ်ခေါက် အဖေကိုယ်တိုင် ကျွန်မကို သခင့်ကို သွားရှာခိုင်းတာပါ။ ပြီးတော့ သူက မိုချီနဲ့ တခြားသူတွေကိုလည်း လမ်းတစ်လျှောက်မှာ ကျွန်မကို ကာကွယ်ပေးဖို့ တာဝန်ပေးလိုက်သေးတယ်။ ကြည့်လိုက်... သူတို့က ကျွန်မ အနောက်မှာ”
ကျန်းရီတစ်ယောက် အံ့ဩတကြီးဖြင့် ခေါင်းမော့ကာ အဝေးသို့ လှမ်းကြည့်လိုက်၏။ မိုဖူ၊ မိုချီနှင့် အခြားသူများက အမှန်ပင် သူ့ကို နားမလည်နိုင်သော မျက်နှာထားဖြင့် ကြည့်နေကြပေသည်။ ထို့ကြောင့် သူ ခပ်သဲ့သဲ့ပြုံးကာ သူတို့ကို လက်ဝှေ့ယမ်းပြလိုက်သည်။
“အားလုံးပဲ ပြန်သွားကြပါတော့။ ကျွန်တော် ယောင်အာကို ခေါ်သွားပါတော့မယ်။ နောက်အချိန်ရမှ ကျွန်တော် ကောင်းကင်နတ်ဆိုးတောင်ကို လာပြီး အကြီးအကဲတို့နဲ့ လာတွေ့ပါမယ်။ ဂိုဏ်းချုပ်မိုရှန်းကိုလည်း ပြောလိုက်ပါ... ကျွန်တော် ယောင်အာကို ကောင်းကောင်းဂရုစိုက်မှာပါလို့”
“တော်ဝင်သခင်မလေး...”
မိုဖူ၊ မိုချီနှင့် အခြားသူများက မိုယောင်အာကို လှမ်းကြည့်လိုက်ကြ၏။ ထို့နောက် သူတို့ ကျန်းရီကို ဦးညွှတ်လိုက်သည်။ မိုချီကလည်း အော်ပြောလိုက်သည်။
“သခင်လေးကျန်း၊ တော်ဝင်သခင်မလေး... ဂရုစိုက်ကြပါ”
မိုယောင်အာသည် ဤနေ့ကို အမြဲစိတ်ကူးယဉ်ခဲ့သော်လည်း ထိုအခိုက်တွင် အတန်ငယ်တုန်လှုပ်သွားသည်။ သူမ နောက်လှည့်ကာ မိုချီနှင့် အခြားသူများကို နီရဲနေသော မျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်သည်။ သူမသည် တစ်စုံတစ်ခု ပြောလိုနေသော်လည်း စကားတစ်လုံးမှ မပြောနိုင် ဖြစ်နေသည်။
“သွားကြမယ်...”
မိုဖူက လက်ဝှေ့ယမ်းလိုက်ပြီး အကြီးအကဲဆယ်ယောက်ကျော်ကို ဦးဆောင်၍ ကောင်းကင်နတ်ဆိုးတောင်ဆီသို့ ပြန်သွားလိုက်သည်။ မိုယောင်အာ၏ မျက်ဝန်းများမှနေ၍ မျက်ရည်စများ ထပ်မံစီးကျလာသည်။ သို့သော် သူမ အသံထွက်၍ မငိုဝံ့ပေ။ သူမသည် ကျန်းရီ၏နှင့် လည်ချင်းယှက်၍သာ ဖက်ထားလိုက်သည်။
“ဒီတစ်ခေါက် ငါတို့ နည်းနည်းအလျင်လိုနေတယ်။ ငါ့မှာ အရေးကြီးလုပ်စရာကိစ္စတွေ ရှိသေးတယ်။ နောက်မှ ငါ မင်းကို ကောင်းကင်နတ်ဆိုးတောင်ဆီ လိုက်ပို့ပြီး မင်းနဲ့ လက်ထပ်ခွင့်ပြုဖို့ မင်းအဖေဆီက တရားဝင် ခွင့်ပြုချက် တောင်းပါမယ်”
ကျန်းရီက မိုယောင်အာ၏ ကျောကို ပုတ်ပေးကာ သူမကို နှစ်သိမ့်လိုက်သည်။ သူ့တွင် လုပ်စရာကိစ္စများစွာ ရှိနေသည်။ ထို့ပြင် သူသည် ယခုတွင် မိုရှန်းနှင့်လည်း မျက်နှာချင်း မဆိုင်ဝံ့သေးပေ။ သူက သူ့သမီးနှင့် ကောင်းကင်နတ်ဆိုးဂိုဏ်းတစ်ခုလုံးကို အသုံးချခဲ့သည့်သူ မဟုတ်ပါလား။ ယခုတွင်လည်း သူက သူ့သမီးကို ခေါ်သွားတော့မည်ဖြစ်သည်။ ထိုကဲ့သို့သော အခြေအနေများအောက်တွင် မည်သည့်သားမက်ကမှ သူ၏ယောက္ခမကို သွားတွေ့ဝံ့မည် မဟုတ်ချေ။
“ကျန်းရီ... ငါ့သမီးကို ကောင်းကောင်းဆက်ဆံပါ။ မဟုတ်ရင်တော့ ငါ အသက်စွန့်ရမယ်ဆိုရင်တောင် မင်းကို ရအောင်လက်စားချေမယ်”
ထိုအခိုက်တွင် ကျန်းရီ၏ ခေါင်းထဲသို့ အသံပို့လွှတ်မှုတစ်ခု ရောက်ရှိလာ၏။ သူ ဘယ်ဘက်သို့ တုန်လှုပ်စွာ လှမ်းကြည့်လိုက်၏။ သို့သော် မည်သူ့ကိုမှ မတွေ့ပေ။ သူ ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်၍ အာရုံခံလိုက်မှ ကီလိုမီတာငါးဆယ်အကွာရှိ တောင်ကုန်းလေးတစ်ခု၏ ထိပ်တွင် ထိုင်နေသော မိုရှန်းကို တွေ့လိုက်ရသည်။
ဝှစ်...
မိုရှန်းသည် ကျန်းရီထံ အသံပို့လွှတ်ပြီးနောက် ကောင်းကင်ထက်သို့ ပျံတက်သွား၏။ ထို့နောက် သူသည် နဂါးတစ်ကောင်အလား အရှေ့ဘက်သို့ ပျံသန်းသွားလိုက်လေသည်။ တဒင်္ဂအတွင်းမှာပင် သူက နှင်းထုအကြားတွင် ပျောက်ကွယ်သွားပေပြီ။ ကျန်းရီသည် ကောင်းကင်စိတ်အာရုံကို ဆန့်တန်း၍ မိုရှန်းကို လိုက်အာရုံခံရန် ကြိုးစားလိုက်၏။ မိုရှန်းက အမှန်တကယ် ထွက်ခွာသွားပြီဖြစ်ကြောင်း အတည်ပြုပြီးမှ သူ ကောင်းကင်စိတ်အာရုံကို ပြန်ရုတ်သိမ်းလိုက်သည်။
ယောက်ျားကောင်း မောင်းမတစ်ထောင်ဟူသော ဆိုရိုးစကားရှိပေ၏။ သို့သော် ယောက်ျားတစ်ယောက်သည် တွေ့သည့်မိန်းမတိုင်းနှင့်တော့ မပတ်သတ်သင့်ပေ။ ယခုတွင် ကျန်းရီက နှလုံးသားကင်းမဲ့ကာ သွေးအေးသော တိရိစ္ဆာန်တစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ သူက လူများစွာအပေါ် များစွာအကြွေးတင်နေသည်ဟု သူ ခံစားနေရပေသည်။ သူသည် ထိုမိန်းမလှလေးအပေါ် အပြစ်ပြုမိခဲ့ပေပြီ။
‘ကျန်းရီ... နောက်ကျရင် မင်း တခြားမိန်းမတွေနဲ့ မပတ်သတ်နဲ့တော့။ သူများတွေရဲ့ ခံစားချက်ကို ကစားတဲ့ကောင်က လူ့တိရစ္ဆာန်ပဲ။ မင်း ဒီအတိုင်း ဆက်လုပ်နေရင် ဘာဂုဏ်သိက္ခာမှ ကျန်တော့မှာ မဟုတ်ဘူး’
ကျန်းရီသည် သူ့ကိုယ်သူ သတိပေးလိုက်ပြီး အခြားမိန်းမများနှင့် ထပ်မပတ်သတ်တော့ရန် စိတ်ထဲမှ ကျိန်ဆိုလိုက်သည်။ ထို့နောက် သူ မိုယောင်အာကိုခေါ်ကာ ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲသို့ ဝင်သွားလိုက်သည်။ သူသည် မိုယောင်အာကို ဆန်းကြယ်ဧကရာဇ်စံအိမ်သို့ ခေါ်မသွားသလို စုလောရွှယ်ရှိနေသော နန်းဆောင်အတွင်းသို့လည်း ခေါ်မသွားဝံ့ပေ။ ထိုအစား သူ သူမကို အခြားနန်းဆောင်တစ်ခုတွင် နေရာချထားပေးလိုက်သည်။ ထိုမိန်းမပျိုလေးများကို မည်သို့ ကိုင်တွယ်ရမည်ကို သူ ယခုအထိ မသိသေးပေ။ လောလောဆယ်တွင်တော့ သူမတို့ကို တစ်ယောက်နှင့်တစ်ယောက် မတွေ့အောင် လုပ်ရပေမည်။
ကျန်းရီသည် တစ်နေ့လယ်လုံး မိုယောင်အာနှင့်အတူ နေလိုက်သည်။ ထို့နောက် သူသည် ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍ ကျန်ဝူရွှမ်းကို အာရုံခံလိုက်၏။ ကျန်ဝူရွှမ်းက အနားယူနေသေးဆဲဖြစ်ပြီး မကျင့်ကြံသေးပေ။ ထို့ကြောင့် သူသည် ကျန်ဝူရွှမ်ဆီသွားကာ သူ၏ အခက်အခဲကို ရင်ဖွင့်လိုက်သည်။ ထို့ပြင် အကြံအချို့လည်း တောင်းလိုက်သည်။
“ဟိုက်... မင်းကတော့ သပွတ်အူပဲ”
ကျန်ဝူရွှမ်းက မျက်လုံးပင့်ကာ ပြောလိုက်သည်။
“ငါ့အဖေမှာ မိန်းမတွေနဲ့ ကိုယ်လုပ်တော်တွေ ဆယ်ယောက်ကျော်ရှိတယ်။ ဦးလေးချမ်မှာလည်း မိန်းမတွေနဲ့ ကိုယ်လုပ်တွေ အယောက်သုံးဆယ်ကျော်ရှိတယ်။ မင်းရဲ့ ပြဿနာက ပြဿနာအစစ်အမှန်တစ်ခု မဟုတ်ဘူး။ ငါ မင်းကို အရိုးရှင်းဆုံး ဖြေရှင်းနည်းတစ်ခု ပြောပြမယ်... မင်းရဲ့ မိန်းမတွေကို အခန်းတစ်ခန်းထဲမှာ အတူတူ ထည့်ထားလိုက်၊ ပြီးရင် သူတို့ကို အရေးမစိုက်နဲ့တော့။ သူတို့ဘာသာ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုအဆင်ပြေအောင် နေရမလဲဆိုတာ သင်ယူပါစေ။ အဲ့ဒါဆို အကုန်လုံး အဆင်ပြေသွားလိမ့်မယ်”
“အာ... အဲ့ဒါက တကယ်အလုပ်ဖြစ်မှာရော သေချာရဲ့လား”
ကျန်းရီက မျက်မှောင်ကြုတ်၍ ခေါင်းခါလိုက်သည်။
“သူတို့ အချင်းချင်း ထချကုန်ရင် ဘယ်လိုလုပ်မလဲ။ သူတို့ တစ်ယောက်ကိုတစ်ယောက် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ကြရင်ရော ဘယ်လိုလုပ်မလဲ”
“ဟားဟားဟား... အဲ့လို ဖြစ်မလာနိုင်ပါဘူး”
ကျန်ဝူရွှမ်းက လက်ယမ်းကာ ဆက်ပြောလိုက်သည်။
“မင်းရဲ့ မိန်းမတွေထဲမှာ ပါချီပါချက် တစ်ယောက်မှ မပါဘူး။ သူတို့က အချင်းချင်း ပြေလည်ရုံတင်မကဘူး.. မင်းကိုတောင် အုပ်လိုက်ကြီး... အဟင်း.. အဟင်း.. ကျန်းရီ မင်း သူတို့အပေါ် ထပ်ပြီး အပြစ်ပြုမိရင်တော့ ကြမ်းပြင်ပေါ်မှာ အိပ်ဖို့ ပြင်ထားလိုက်ပေတော့...”
***