မီးနဂါးဓား၏ လျှို့ဝှက်ချက်
Vol. 82 Ch. 1142
ဆန်းကြယ်နတ်ဘုရားနန်းတော်က နှင်းဒေသမှ ထွက်လာသောအခါ ကျန်းရီသည် ကောင်းကင်ရှောင်တိမ်းခြင်းကို သုံးလိုက်၏။ ဤတစ်ကြိမ်တွင် သူတို့ အရှေ့ဘက် တော်ဝင်နယ်မြေသို့ မသွားလိုက်ကြပေ။ ထိုအစား အပြစ်သားကျွန်းသို့သာ ဦးတည်လိုက်ကြသည်။
ကျန်းရီသည် မြောက်ဘက်ဧကရာဇ်ကို လက်စားချေလိုသေးသော်လည်း လက်ရှိအချိန်တွင် သူ မြောက်ဘက်ဧကရာဇ်ကို သတ်နိုင်လိမ့်မည် မဟုတ်ကြောင်း သိပေသည်။ သူ မြောက်ဘက်ဧကရာဇ်၏ ရဲတိုက်ကို ဖျက်ဆီး၍ ဝူမျိုးနွယ်၏ ဒေသလေးခုတွင် သွေးချောင်းစီးအောင် လုပ်နိုင်လျှင်ပင် အရေးပါမည် မဟုတ်ချေ။ မလိုအပ်လျှင် မသတ်ဟု သူ ဆန်းကြယ်ဧကရာဇ်ကို ကတိပေးခဲ့သည် မဟုတ်ပါလား။ ထို့ကြောင့် သူသည် ရွေးချယ်စရာမရှိတော့ဘဲ လက်စားချေလိုသည့် ဆန္ဒကို မျိုသိပ်ထားလိုက်ရသည်။ သူ့တွင် လုံလောက်သော အစွမ်းအစ ရှိလာသောအခါမှ အရှေ့ဘက် တော်ဝင်နယ်မြေသို့ ပြန်သွား၍ မြောက်ဘက်ဧကရာဇ်၊ ဝူမျိုးနွယ်ခေါင်းဆောင်နှင့် ဝူမျိုးနွယ်မှ အကြီးအကဲအားလုံးကို သတ်ပစ်ရပေမည်။
ကျန်းရီသည် ရီဖျောင်ဖျောင်၏အကြောင်းကိုလည်း အနည်းငယ် သိထားရပြီဖြစ်၍ စိတ်ဖိစီးနေသည်။ ထိုကိစ္စက မြောက်ဘက်ဧကရာဇ်ကိစ္စထက် ပိုကြီးသည်။ အကယ်၍ သူသာ နတ်ဘုရားအဆင့်သို့ တက်လှမ်း၍ ရီဖျောင်ဖျောင်ကို ရှာနိုင်မည်ဆိုလျှင် မြောက်ဘက်ဧကရာဇ်ကို သတ်ရန် အနည်းငယ်သာ အားစိုက်ထုတ်ရတော့မည် ဖြစ်သည်။ ယခုတွင် သူ ထိုမျှ စိတ်အားမထက်သက်နေပေ။
စုလောရွှယ်၏ပြဿနာက များစွာပို၍ အရေးကြီးနေသည်။ အကယ်၍ သူမ၏ စိတ်ဝိညာဉ်အတွင်းရှိ အဆောင်အဆိပ်ကို မဖယ်ရှားနိုင်လျှင် သူမက တစ်သက်လုံး မှတ်ဉာဏ်များ ပြန်ရတော့မည် မဟုတ်ပေ။ ကျန်းရီသည်လည်း တစ်သက်လုံး ရင်နာစွာဖြင့် နေရပေလိမ့်မည်။
ထို့ကြောင့် ကျန်းရီသည် အပြစ်သားကျွန်းသို့ ပြန်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အပြစ်သားကျွန်းသို့ ရောက်လျှင် သူ အဆုံးမဲ့ပင်လယ်နက်သို့ ဆက်သွားကာ အောင်းလုနှင့် ဆွေးနွေးလိုနေသည်။ ထို့ပြင် သူ အရှေ့ဘက် တော်ဝင်နယ်မြေသို့ ထွက်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီဖြစ်သည်။ သူ ချမ်ဝမ်ကွမ်း၊ ဖုန်းလန်နှင့် အခြားသူများကို လွမ်းနေပေပြီ။ သူ အစိုးရိမ်ဆုံးသူမှာမူ အဆုံးမဲ့ပင်လယ်နက်တွင် တစ်ယောက်တည်း ကျန်ခဲ့ရသည့် ကျန်းရှောင်နူဖြစ်သည်။
ဆန်းကြယ်နတ်ဘုရားနန်းတော်က အာကာပြင်ကိုဖြတ်၍ လုံခြုံစွာ သွားနေသည်။ ခရီးတစ်လျှောက်လုံးက အေးချမ်းနေခဲ့သော်လည်း ကျန်းရီက အလုပ်များနေခဲ့သည်။ သူ့တွင် မီးနဂါးဓားကို လေ့လာရန် မဆိုထားနှင့် ကျင့်ကြံရန်နှင့် ဆန်းကြယ်ဧကရာဇ် ချန်ခဲ့သော ကောင်းကင်ပန်းချီများကို လေ့လာရန်ပင် အချိန်မရှိခဲ့ပေ။
ကျန်းရီသည် နေ့စဉ်နေ့တိုင်း တစ်ခန်းဝင်၊ တစ်ခန်းထွက်နှင့် ခြေများနေခဲ့ရသည်။ သူသည် ယဉ်ရို့ပင်း၊ စုလောရွှယ်နှင့် မိုယောင်အာတို့ဆီသို့ တစ်လှည့်စီ သွားနေရသည်။ ကျန်ဝူရွှမ်း၏ အကြံပေးချက်အတိုင်း သူ သူမတို့ကို တစ်ခန်းထဲတွင် အတူ ထည့်မထားဝံ့ပေ။ ယဉ်ရို့ပင်းက မာနခဲလေးဖြစ်သည်။ စုလောရွှယ်ကလည်း မှတ်ဉာဏ်များ ပျောက်ဆုံးနေ၍ သူ့ကို သတိထားနေသည်။ မိုယောင်အာက အထီးကျန်နေသည်။ သူမသည် သူ့အနောက်သို့ လိုက်ရန် နှင်းဒေသမှ ပထမဆုံးအကြိမ်အဖြစ် ထွက်လာခြင်းပင်။ ထို့ကြောင့် သူမ ကြောက်ရွံ့ကာ စိတ်လှုပ်ရှားနေလောက်သည်။ အကယ်၍ သူသာ ထိုမိန်းမပျိုသုံးယောက်ကို အခန်းတစ်ခန်းထဲတွင် အတူတူ ထည့်ထားလိုက်လျှင် တစ်ခဏအတွင်းမှာပင် ပြဿနာတက်လာပေလိမ့်မည်။
ထို့ကြောင့် ကျန်းရီသည် သူမတို့ဆီ အလှည့်ကျသွားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ထိုမှ သူမတို့ စိတ်အေးသက်သာ ရှိပေလိမ့်မည်။ ယဉ်ရို့ပင်း၏ အခြေအနေက အခြားမိန်းမပျိုနှစ်ယောက်ထက် ပိုကောင်းနေသည်။ သူမက အခြားနှစ်ယောက်ထက်ပို၍ အမှီအခိုကင်းသည် မဟုတ်ပါလား။ ကျန်းရီသည် သူမနှင့် ရက်အနည်းငယ် နေပြီးနောက်တွင် ကောင်းကင်ပန်းချီကားများကို စတင်လေ့လာရန် ဆုံးဖြတ်လိုက်သည်။ စုလောရွှယ်၏အခြေအနေကလည်း ယခင်ကထက်စာလျှင် ပိုကောင်းလာသည်။ သူမနှင့်အတူ ပဉ္စမအကြီးအကဲလည်း ရှိနေသည် မဟုတ်လော။ မိုယောင်အာတစ်ယောက်သာ မှိုင်တွေနေဆဲဖြစ်သည်။ သူမက မိုရှန်းနှင့် ကောင်းကင်နတ်ဆိုးတောင်ကို ခွဲခွာခဲ့ရသည်။ ထို့ကြောင့် လွမ်းဆွတ်တမ်းတမိနေခြင်းမှာ သဘာဝကျပေသည်။
“ဟူး...”
ကျန်းရီသည် ယဉ်ရို့ပင်း၏ အခန်းမှနေ၍ မိုယောင်အာ၏ အခန်းသို့ ကူးခဲ့၏။ မိုယောင်အာက အိပ်ရာထဲတွင် ကွေး၍ အိပ်နေသည်။ သူမ အိပ်မောကျနေပုံပေါ်ပေသည်။ ကျန်းရီ သက်ပြင်းလေးလေးတစ်ချက် ချလိုက်ပြီး တင်ပျဉ်ခွေထိုင်ကာ သူမကို တိတ်တဆိတ် ကြည့်နေလိုက်သည်။
ထိုနတ်ဆိုးမလေး၏ အကျင့်စရိုက်က ယခင်ထက်နှင့်ယှဉ်လျှင် များစွာတိုးတက်လာပြီဖြစ်သည်။ သူမက ရင့်ကျက်လာခြင်းလည်း ဖြစ်နိုင်သည်။ ယခင်ကကဲ့သို့ ဆူပူသောင်းကျန်းခြင်းမျိုးကို မလုပ်တော့ပေ။ ယခုတွင် သူမသည် အေးချမ်းချိုသာသော မိန်းမလှလေးတစ်ယောက်ကဲ့သို့ အိပ်စက်နေလေသည်။
ကျန်းရီသည် ခေတ္တမျှ ထိုင်နေပြီးနောက် ပျင်းလာ၍ မီးနဂါးဓားကို ထုတ်လိုက်၏။ မီးနဂါးဓားက ဆန်းကြယ်နတ်ဘုရားဓားကို ဝါးမျိုခဲ့သည်။ သူသည် ထိုထူးဆန်းသောအဖြစ်အပျက်အကြောင်းကို စဉ်းစားသုံးသပ်ရန်ပင် အချိန်မရှိခဲ့ချေ။ ယခုတွင် သူ့၌ အချိန်ပိုအနည်းငယ် ရှိနေပြီဖြစ်၍ သူ မီးနဂါးဓားကို လေ့လာရန် ဆုံးဖြတ်လိုက်သည်။
ဆန်းကြယ်နတ်ဘုရားဓားက နတ်ဘုရားအသုံးအဆောင်တစ်ခု ဖြစ်သည်။ မီးနဂါးဓားသည် ၎င်းကို ဝါးမျိုပြီးနောက် ၎င်းထက်ပင် များစွာပို၍ စွမ်းအားကြီးလာခဲ့သည်။ အကယ်၍ သူသာ ထိုဓားအကြောင်းကို အပြည့်အဝ နားလည်သွားပြီး ဓားစွမ်းအားကို အပြည့်အဝ ထုတ်သုံးနိုင်မည်ဆိုပါက သူ၏တိုက်ခိုက်စွမ်းအားက များစွာ တိုးတက်လာပေလိမ့်မည်။ အတိတ်တွင် ဆန်းကြယ်ဧကရာဇ်က ဆန်းကြယ်နတ်ဘုရားဓားကို သုံး၍ မရေမတွက်နိုင်သော မိစ္ဆာများကို သတ်ခဲ့သည် မဟုတ်ပါလား။ နောက်ဆုံးတွင် သူသည် ထိုဓားကိုပင်သုံး၍ အာကာသကို ကျော်ဖြတ်ကာ နတ်ဘုရားအဆင့်သို့ တက်လှမ်းသွားခဲ့သည်။
ချပ်...ချပ်...
မီးနဂါးဓားက အပြင်သို့ ရောက်လာသည်နှင့် ထိန်းမရအောင် စတင်တုန်ခါလာ၏။ ကျန်းရီသည် ဓားသံများကြောင့် မိုယောင်အာ နိုးသွားမည်ကို စိုး၍ အခန်းထဲမှထွက်ကာ အနီးရှိ ခန်းမတစ်ခုထဲသို့ သွားလိုက်သည်။ သူသည် ဓားကို လက်နှစ်ဘက်ဖြင့် ကိုင်၍ တည်ငြိမ်သွားအောင် လုပ်လိုက်၏။ သို့သော် ဓားက ပို၍ပင် ပြင်းထန်စွာ တုန်ခါလာသည်။ ထိုဓားကို ဆက်မထိန်းထားနိုင်တော့ဟု သူ ခံစားလိုက်ရသည်။
ကျန်းရီ၏ လက်ထဲတွင် အတွင်းအားလုံးတစ်လုံး လင်းလက်လာ၏။ သူသည် ၎င်းကို သုံး၍ မီးနဂါးဓားကို နှိုးလိုက်၏။ သို့သော် သူ၏အတွင်းအားက ဓားအတွင်းသို့ မဝင်နိုင်ပေ။ ထိုမီးနဂါးဓားကို မည်သူမှ မထိန်းချုပ်နိုင်လောက်ပေ။ ထို့နောက် သူသည် မျက်မှောင်ကြုတ်၍ ဓားပေါ်ရှိ နဂါးပုံသဏ္ဌာန်သုံးခုကို လေ့လာလိုက်၏။ မိနစ်အနည်းငယ် ကြာပြီးသည်အထိ သူ မည်သည်ကိုမှ နားမလည်နိုင်သေးပေ။
ကျန်းရီ ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်လိုက်၏။ သို့သော် ကောင်းကင်စိတ်အာရုံသည် ဓားအနားသို့ ရောက်သွားသောအခါ တားဆီးခံလိုက်ရသည်။ ကျန်းရီသည် မည်သည့်အရာကိုမှ မမြင်နိုင်သေးပေ။ သူနှင့် ထိုမီးနဂါးဓား၏ ချိတ်ဆက်မှုကိုသာ ခံစားမနေရလျှင် ထိုဓားက သူ နှစ်ပေါင်းများစွာ အသုံးပြုခဲ့သော လက်နက်တစ်ခုဟု သူ ယုံနိုင်မည် မဟုတ်ပေ။
‘ဟုတ်သား... ကောင်းကင်နဲ့လူသား ပေါင်းစည်းခြင်း’
ကျန်းရီသည် မျက်လုံးမှိတ်၍ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်လိုက်သည်။ ထိုအခြေအနေတွင် သူက မိုးမြေနှင့် တစ်သားတည်းလို ဖြစ်သွားပြီး မီးနဂါးဓားအတွင်းသို့ အာရုံခံနိုင်လိုက်သည်။ နောက်ဆုံးတွင် သူ ပြဿနာကို ရှာတွေ့သွားလေသည်။
‘ဒါက... ဘာလို့ မီးနဂါးဓားထဲက ပျောက်နေတဲ့ အကန့်အသတ်တွေက ပြန်ပေါ်လာရတာလဲ။ အဲ့ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ’
ကျန်းရီ အံ့ဩတကြီးဖြင့် မျက်လုံး ဖွင့်လိုက်သည်။ မီးနဂါးဓားမှာ ပထမနိုင်ငံစစ်ပွဲပြီးနောက်တွင် မိုးနဂါးအင်ပါယာက သူ့ကို ချီးမြှင့်ခဲ့သော လက်နက်ဖြစ်သည်။ ထိုစဉ်က ဓားထဲတွင် အကန့်အသတ်များစွာ ပျောက်နေကြောင်း သူသိခဲ့ရသည်။ ထို့ကြောင့် သူသည် သူ နှပ်ချခံခဲ့ရသည်ဟုပင် ထင်ခဲ့သည်။
သို့သော် မီးနဂါးဓားက မီးဝိညာဉ်ပုလဲနှင့် ပေါင်းစည်းနိုင်ခဲ့ပြီး စွမ်းအားများ သိသိသာသာ တိုးတက်လာခဲ့သည်။ ထိုအခါ ၎င်းက သူတော်စင် အသုံးအဆောင်တစ်ခုနှင့် ယှဉ်နိုင်သွားခဲ့သည်။ ယခုတွင်မူ ၎င်းက ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာပြီဖြစ်သည်။ ဆန်းကြယ်နတ်ဘုရားဓားကို ဝါးမျိုပြီးနောက်တွင် မီးနဂါးဓားပေါ်၌ နဂါးပုံသဏ္ဌာန်တစ်ခု ထပ်ပေါ်လာရုံသာမက ပျောက်ဆုံးနေခဲ့သော အကန့်အသတ်အချို့လည်း ရုတ်တရက် ပြန်ပေါ်လာခဲ့သည်။
လက်နက်တစ်ခု၏ စွမ်းအားမှာ လက်နက်ထဲရှိ အကန့်အသတ်အစီအရင်များအပေါ်တွင် မူတည်သည်။ အဆင့်မြင့် အသုံးအဆောင်များမှာမူ ၎င်းတို့၏ စွမ်းအားကို ၎င်းတို့အတွင်းရှိ အသုံးအဆောင်ဝိညာဉ်မှ ရရှိသည်။ အဆင့်အမြင့်ဆုံး ရှေးဟောင်းအသုံးအဆောင်များက ၎င်းတို့၏ စွမ်းအားကို ၎င်းတို့ထဲရှိ တာအိုပုံသဏ္ဌာန်များမှ ရယူကြသည်။
ကျန်းရီသည် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း၌ မီးနဂါးဓားကို အသုံးမပြုခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဓား၏ အကန့်အသတ်များ ပျောက်ဆုံးနေခဲ့၍ ဓားထဲတွင် မည်သည့် အသုံးအဆောင်ဝိညာဉ်၊ မည်သည့် တာအိုပုံသဏ္ဌာ်မှ မရှိခဲ့၍ဖြစ်သည်။ ထို့ကြောင့် ဓားက အလွန်စွမ်းအားနည်းခဲ့သည်။ ဓားမှာ အခွံသက်သက်သာ ဖြစ်ခဲ့ပြီး မည်သည့်စွမ်းအားမှ မရှိခဲ့ပေ။
လက်နက်ထဲမှ ပျောက်ဆုံးနေသော အကန့်အသတ်များကို လက်နက်ဆရာများကသာ ပြန်ဖြည့်နိုင်သည်။ ကျန်းရီသည် အပြစ်သားကျွန်းမှ ထွက်လာပြီးနောက်တွင် လက်နက်များစွာကို ရရှိခဲ့သည်။ ထို့ကြောင့် သူသည် ထိုမီးနဂါးဓားကို ပြန်ပြင်ရန် အရေးမစိုက်ခဲ့ခြင်းဖြစ်သည်။
ယခုတွင်မူ မီးနဂါးဓားအတွင်းမှ အကန့်အသတ်တစ်ဝက်နီးပါးက အလိုလို ပြန်ပေါ်လာခဲ့ပြီဖြစ်သည်။
ကျန်းရီသည် ထိုအကြောင်းကို အချိန်အတော်ကြာ တွေးနေခဲ့၏။ သူသည် တွေးနေရင်းဖြင့် သူ မှားယွင်း၍ အာရုံခံမိခြင်းလောဟု သံသယဖြစ်လာ၏။ ထို့ကြောင့် သူ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ထပ်ဝင်လိုက်ပြီး ဓားအတွင်းကို ထပ်မံအာရုံခံလိုက်သည်။ တစ်ခဏမျှ အာရုံခံပြီးနောက်တွင် သူမမှားကြောင်း သိသွားသည်။ ယခင်တွင် မီးနဂါးဓားထဲ၌ အကန့်အသတ်အနည်းငယ်သာ ရှိခဲ့သည်။ ယခုတွင်မူ အကန့်အသတ်တစ်ဝက်နီးပါး ရှိနေပြီဖြစ်သည်။
‘ဟင်.. မဟုတ်သေးပါဘူး’
ကျန်းရီသည် ဆက်၍ အာရုံခံကြည့်ပြီးနောက် စိတ်လှုပ်ရှားသွား၏။ မီးနဂါးဓားထဲတွင် တစ်စုံတစ်ခုက လည်ပတ်နေကြောင်း သူ အာရုံခံမိလိုက်သည်။ ၎င်းမှာ သူ မီးတိမ်သံချပ်ကာထဲတွင် အာရုံခံမိခဲ့သော အရာကဲ့သို့ ဖြစ်သည်။ မီးနဂါးဓားထဲတွင် အသုံးအဆောင်ဝိညာဉ်တစ်ခု ရှိနေသည်လော။
‘အဲ့ဒါက တကယ့်ကို အသုံးအဆောင်ဝိညာဉ်ပဲ’
ကျန်းရီသည် ဝိညာဉ်ကို ခံစားနိုင်ရန် အာရုံစိုက်လိုက်၏။ မကြာခင်မှာပင် မီးနဂါးဓားထဲ၌ အသုံးအဆောင်ဝိညာဉ်တစ်ခု ရှိနေကြောင်း သူ သိလိုက်ရသည်။ သူ မျက်လုံးပိုပြူးသွားကာ အံ့ဩသွားသည်။
“အဲ့ အသုံးအဆောင်ဝိညာဉ်က ဆန်းကြယ်နတ်ဘုရားဓားရဲ့ အသုံးအဆောင်ဝိညာဉ်လား။ မီးနဂါးဓားက ဆန်းကြယ်နတ်ဘုရားဓားကို ဝါးမျိုးပစ်ပြီး အဲ့ဒါရဲ့ အသုံးအဆောင်ဝိညာဉ်ကိုပါ ယူလိုက်တာလား”
ကျန်းရီ သူ့ဘာသာ ရေရွတ်လိုက်သည်။ သူသည် သူ့လက်ထဲတွင် တုန်ခါနေသေးသော မီးနဂါးဓားကို ကြည့်လိုက်၏။ ဓားက သူ့လက်ထဲမှ ရုန်းထွက်နေသကဲ့သို့ပင်။ ယင်းမှာ ထူးခြားဆန်းကြယ်ပေသည်။
ကျန်းရီသည် ခေတ္တမျှ အလေးအနက် တွေးတောလိုက်၏။ ရုတ်တရက် သူ၏မျက်လုံးများ တောက်ပသွားသည်။ ယခုတွင် သူ ကိစ္စများစွာကို သေချာသွားပေပြီ။ ပထမတစ်ခုမှာ မီးနဂါးဓားက သေချာပေါက် တိုးတက်လာခြင်းပင်။ ယခုတွင် ၎င်းက ဆန်းကြယ်နတ်ဘုရားဓားထက်ပင် စွမ်းအားကြီးနေပြီဖြစ်သည်။ မဟုတ်လျှင် ၎င်းသည် နတ်ဘုရားအသုံးအဆောင်တစ်ခုကို ဝါးမျိုပစ်နိုင်မည် မဟုတ်ချေ။
ဒုတိယတစ်ခုမှာ မီးနဂါးဓားက မီးဝိညာဉ်ပုလဲကို ဝါးမျိုပြီးနောက်တွင်ပင် အလွန်စွမ်းအားကြီးလာခဲ့ခြင်းပင်။ ယခုတွင် ၎င်းက ဆန်းကြယ်နတ်ဘုရားဓားကို ဝါးမျိုပြီးပြီဖြစ်၍ များစွာပို၍ စွမ်းအားကြီးနေလောက်ပေပြီ။ ထို့ပြင် ၎င်းပေါ်၌ နဂါးပုံသဏ္ဌာန်တစ်ခုလည်း ထပ်မံ ထွက်ပေါ်လာခဲ့ပြီး ၎င်းထဲ၌ အကန့်အသတ်များ ထပ်မံပေါ်လာခဲ့သည်။ ယင်းတို့က မည်သည့်အဓိပ္ပာယ်နည်း။
မီးနဂါးဓားက အထွတ်အထိပ်သို့ မရောက်သေးဟူသော အဓိပ္ပာယ်ပင်။ ၎င်းသည် ပို၍စွမ်းအားကြီးလာရန် အခြားလက်နက်များနှင့် အခြားရတနာများကို ထပ်၍ဝါးမျိုနိုင်သေးသည်။
“ဘုရားမတာပဲ”
ကျန်းရီ အံ့ဩဝမ်းသာ ဖြစ်နေသည်။ သို့သော် ထိုအခိုက်တွင် သူ့အတွေးထဲ၌ မေးခွန်းကြီးတစ်ခု ထွက်ပေါ်လာသည်။ မီးနဂါးဓားက ထိုမျှ စွမ်းအားကြီးသည်ဆိုလျှင် အဘယ်ကြောင့် ကောင်းကင်ကြယ်တာရာနယ်မြေတွင် ရှိနေခဲ့ရသနည်း။
***