← Chapters

ရန်သူဟောင်း

Vol. 82 Ch. 1144

ရန်သူဟောင်း

Vol. 82 Ch. 1144

“ဘာ...”

ကျန်းရီ၏ အကြည့်က တင်းမာသွား၏။ ကောင်းကင်ကြယ်တာရာနယ်မြေမှာ သူ၏ မွေးရပ်မြေဖြစ်သည်။ ထိုနယ်မြေတွင် သူ၏ အမှတ်တရများစွာ ရှိသည်။ သူ၏မိတ်ဆွေများစွာကလည်း ထိုနယ်မြေတွင် ရှိနေသေးသည်။ ကျန်းယွင်ဟိုင်ကလည်း အရှေ့ဘက် တော်ဝင်နယ်မြေ ဘေးရှိ ကျွန်းငယ်လေးတစ်ကျွန်းတွင် နေထိုင်နေသေးသည်။ အကယ်၍ ကောင်းကင်ကြယ်တာရာနယ်မြေတွင် တစ်ခုခု ဖြစ်ခဲ့လျှင် ကျန်းယွင်ဟိုင်လည်း တစ်ခုခု ဖြစ်ခဲ့နိုင်သည်။

ရွှီး...

ဆန်းကြယ်နတ်ဘုရားနန်းတော်က ရုတ်ခြည်း အရွယ်သေးသွား၏။ ကျန်းရီ၊ စုလောရွှယ်၊ ကျန်ဝူရွှမ်းနှင့် ပဉ္စမအကြီးအကဲတို့ မြေပြင်ပေါ်သို့ ဆင်းသက်သွားကြသည်။ ကျန်ဝူရွှမ်းကလည်း စိတ်လှုပ်ရှားနေပုံပေါ်ပေသည်။ သူ၏အဖေနှင့် မျိုးနွယ်ဝင်များအားလုံးက ကောင်းကင်ကြယ်တာရာနယ်မြေတွင် မဟုတ်လော။ သူတို့ ဘာမှမဖြစ်ရန် သူ မျှော်လင့်နေပေသည်။

“အရင်ဆုံး မြို့ထဲကို ဝင်ကြတာပေါ့”

ကျန်းရီက လက်ဝှေ့ယမ်းလိုက်ပြီး ဖုန်းလန်နှင့် အခြားသူများကို ဦးဆောင်၍ စစ်ထူမျိုးနွယ်အိမ်တော်ဆီသို့ သွားလိုက်သည်။ လဲ့ပန်းရှန်းနှင့် အခြားသူများက သူတို့နောက်မှ လိုက်မလာခဲ့ပေ။ သူတို့သည် ကျန်းရီကို ဂုဏ်ပြုစကားများ ပြောပြီးနောက် သူတို့၏ အိမ်တော်များဆီသို့ ပြန်သွားကြသည်။ စစ်ထူအောင်းနှင့် သူ့အဖော်များကသာ ကျန်းရီတို့နောက်သို့ လိုက်လာကြသည်။

စစ်ထူအိမ်တော်မှာ ယခင်ကကဲ့သို့ပင် ရှိနေသေးသည်။ ကျန်းရဲတိုက်မှာလည်း များစွာကွဲပြားမသွားသေးပေ။ ကျန်းရီသည် ရင်းနှီးသော နေရာများကို လှည့်ပတ်ကြည့်၍ နောက်ဆုံးတွင် သူ အိမ်ပြန်ရောက်လာပြီဟု ခံစားလိုက်ရလေသည်။ ကောင်းကင်ကြယ်တာရာနယ်မြေက သူ၏ မွေးရပ်မြေဖြစ်သော်လည်း သူ့အတွက် အိမ်မရှိတော့ပေ။ အရှေ့ဘက် တော်ဝင်နယ်မြေနှင့် နှင်းဒေသတို့ကိုမူ ထည့်တွက်ရန်ပင် မလိုချေ။ ကျန်းရီ၏ အိမ်မှာ ကျန်းရဲတိုက်သာဖြစ်သည်။

“တူလေး... ထိုင်ပြီး စကားလေးဘာလေး ပြောကြဦးပေါ့။ ဦးလေးတို့က ဒီညနေကျရင် တူလေးအတွက် ကြိုဆိုပွဲကျင်းပပေးဖို့ စီစဉ်ထားတယ်။ ကောင်းကင်ကြယ်တာရာနယ်မြေက ကိစ္စအတွက်တော့ မပူပါနဲ့။ ဝမ်ကွမ်းက လူထောင်ချီခေါ်ပြီး ထွက်သွားပါပြီ။ ဘာပြဿနာကြီးကြီးမားမားမှ မဖြစ်လောက်ပါဘူး”

စစ်ထူအောင်းသည် ကျန်းရဲတိုက်ထဲသို့ ဝင်ပြီး‌နောက် အခြေအနေကို ရိပ်မိလိုက်၍ အခြားလူများကိုခေါ်၍ နှုတ်ဆက်ကာ ထွက်သွားသည်။ ကျန်းရဲတိုက်ထဲတွင် လူငယ်များသာ ကျန်ခဲ့သည်။ ကျန်းရီသည် စစ်ထူအောင်းကို နှုတ်ဆက်ပြီးနောက် ထိုင်ခုံတစ်လုံးတွင် ဝင်ထိုင်လိုက်ပြီး ဖုန်းလန်ကို ကြည့်ကာ မေးလိုက်သည်။

“ဘာဖြစ်ခဲ့တာလဲ။ ငါ့ကို အကုန်လုံး ပြောပြပါ”

ဖုန်းလန်သည် ထိုကိစ္စက အရေးကြီးကြောင်းသိ၍ ဝေ့ဝိုက်ကာ အချိန်ဖြုန်းမနေတော့ဘဲ ရှင်းပြလိုက်သည်။

“ပြီးခဲ့တဲ့ နှစ်တွေတုန်းက ဝမ်ကွမ်းက ကောင်းကင်ကြယ်တာရာနယ်မြေရဲ့ အခြေအနေကို စောင့်ကြည့်နေခဲ့တယ်။ ပြီးတော့ သူက ချမ်မျိုးနွယ်နဲ့ ကျန်မျိုးနွယ်က လူတွေကို ဒီကို ခေါ်နိုင်မလားဆိုပြီး လူတချို့ကိုလည်း လျှို့ဝှက်စေလွှတ်ခဲ့တယ်။ အို့...ဟုတ်သား.. သခင်လေးရဲ့ အဘိုးကလည်း အဲ့ကိစ္စမှာပါတယ်။ ဒါပေမဲ့ အဲ့အချိန်တုန်းက မျိုးနွယ်နှစ်ခုကလူတွေက ကောင်းကင်ကြယ်တာရာနယ်မြေကနေ ထွက်မသွားချင်ခဲ့ကြဘူး။ ဘာဖြစ်ခဲ့တာလည်းတော့ ကျွန်မလည်း သေချာမသိဘူး... ဒါပေမဲ့ အဲ့ကို လျှို့ဝှက်စေလွှတ်ခံခဲ့ရတဲ့ လူတချို့က အဲ့မှာ ဆက်နေခဲ့ကြတယ်၊ သူတို့က အရေးပေါ်အခြေအနေမှာ သုံးဖို့ ကျောက်စိမ်းအဆောင်တွေလည်း ယူသွားခဲ့တယ်ပေါ့...”

“အင်း... ဆက်ပြောပါ”

ချမ်မျိုးနွယ်နှင့် ကျန်မျိုးနွယ်တို့က ကောင်းကင်ကြယ်တာရာနယ်မြေတွင် အမြစ်တွယ်နေပြီဖြစ်သည်။ ထို့ကြောင့် သူတို့ ထိုနယ်မြေမှ ထွက်မသွားလိုခြင်းကို နားလည်ပေးနိုင်သည်။ ကျန်ယွင်ဟိုင်ကလည်း ကျန်းရီနှင့် ချမ်ဝမ်ကွမ်းတို့ကိုယ်တိုင် သွားမခေါ်လျှင် ထွက်လာလိုမည် မဟုတ်ပေ။ ယခုတွင် ကျန်းရီ နောင်တရနေပေပြီ။ အကယ်၍ သူသာ ထိုအကြောင်းကို အစောကသိခဲ့လျှင် သူကိုယ်တိုင် သွားခဲ့မည်ဖြစ်သည်။

ဖုန်းလန်က ခေါင်းညိတ်ကာ ဆက်ပြောလိုက်သည်။

“လွန်ခဲ့တဲ့လဝက်ကျော်လောက်က ကောင်းကင်ကြယ်တာရာနယ်မြေမှာရှိတဲ့ အရေးပေါ် ကျောက်စိမ်းအ‌ဆောင်တွေအကုန်လုံး  ကျိုးပျက်ကုန်တာကို ဝမ်ကွမ်း သိလိုက်ရတယ်။ အရင်တစ်ခေါက်တည်းက အရေးပေါ်ရင် အဆောင်တွေကို ချက်ချင်း ချိုးပစ်လိုက်ဖို့ လူလွှတ်ပြီး ဦးလေးနှစ်ယောက်ကို မှာထားပြီးပြီလေ။ အဲ့ဒါ ကျောက်စိမ်းအဆောင်ငါးခုလုံး ကျိုးပျက်သွာဆိုတော့ အဲ့မှာ ပြဿနာကြီးတစ်ခု ဖြစ်နေလောက်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲပေါ့။ ပြီးတော့... အဲ့အချိန်တုန်းက ကျွန်မတို့ သခင်လေးကိုလည်း မရှာနိုင်ခဲ့ဘူးလေ။ အဲ့ဒါကြောင့် ဝမ်ကွမ်းက ကောင်းကင်ဧကရာဇ်တစ်ထောင်ကို ခေါ်ပြီး သူကိုယ်တိုင် လျှို့ဝှက်သွားဖို့ ဆုံးဖြတ်ခဲ့တာ။ အခုလောက်ဆို သူ သွေးညအကြောက်တရားပင်လယ်ကို ဖြတ်နေလောက်ပြီပေါ့။ သူတို့က ဒီမှာရှိတဲ့ အကောင်းဆုံး ကောင်းကင်ကံကြမ္မာသင်္ဘောတွေနဲ့ သွားကြတာပါ”

“ကျောက်စိမ်းအဆောင်ငါးခုစလုံး ကျိုးပျက်သွားတာလား”

ကျန်းရီ ခေတ္တမျှ ရင်ခုန်ရပ်သွား၏။ မျိုးနွယ်နှစ်ခုက ကောင်းကင်ကြယ်တာရာနယ်မြေတွင် နေထိုင်ခဲ့သည်မှာ နှစ်ပေါင်းသောင်းနှင့်ချီခဲ့ပြီဖြစ်သည်။ ချမ်မျိုးနွယ်ဆိုလျှင် နယ်မြေတစ်ခုလုံးတွင် အင်အားဖြန့်ကျက်ထားနိုင်သည်။ ကိစ္စကြီးတစ်ခုသာ မဟုတ်ပါက ချမ်ကွေ့နှင့် ကျန်ရီမင်တို့က အကူအညီလှမ်းတောင်းမည် မဟုတ်ချေ။

“ကျန်းရီ ငါတို့ ဘာလုပ်ကြမလဲ”

ယခုတွင် ကျန်ဝူရွှမ်းတစ်ယောက် စိတ်လှုပ်ရှားလာပေပြီ။ ထို့ကြောင့် သူ ထရပ်ကာ ကျန်းရီကို မေးလိုက်သည်။ ယွင်ဖေးကလည်း အလွန်စိုးရိမ်နေပုံပေါ်သည်။ သူမက ရှန်မိနိုင်ငံမှ မင်းသမီးတစ်ပါးဖြစ်သည်။ သူမ၏အဖေ၊ သူမ၏အစ်ကိုနှင့် သူမတို့ တစ်မျိုးနွယ်လုံးက ကောင်းကင်ကြယ်တာရာနယ်မြေတွင် ရှိနေသေးဆဲဖြစ်သည်။

“ပြန်သွားဖို့ အချိန်ကျပြီ”

ကျန်းရီက ပြတ်သားစွာ လက်ဝှေ့ယမ်းလိုက်သည်။

“ညကျရင် ငါတို့ ထွက်မယ်။ ဝမ်ကွမ်းကို ဆက်သွယ်ဖို့ လူတွေ စေလွှတ်လိုက်။ သူ့ကို သွေးညအကြောက်တရားပင်လယ်မှာ ငါတို့ကို စောင့်နေဖို့ ပြောလိုက်။ သူတို့ရှိနေတဲ့ နေရာအတိအကျကိုလည်း အတည်ပြုလိုက်ပါ။ ငါတို့ သုံးရက်အတွင် သူတို့နောက်ကို အမီလိုက်မယ်”

ကျန်းမျိုးနွယ်မှ လူအချို့က ကောင်းကင်ကြယ်တာရာနယ်မြေတွင် နေထိုင်နေသေးဆဲဖြစ်သည်။ ကျန်းရီသည် သူ့မျိုးနွယ်ကို မည်သည့်အခါတွင်ကမှ မကြိုက်ခဲ့သော်လည်း ကျန်းပိုင်လီက သေဆုံးသွားခဲ့ပြီဖြစ်၍ မျိုးနွယ်ကို ကာကွယ်ရမည့်တာဝန်မှာ သူ့ပခုံးပေါ်သို့ ရောက်လာပြီဖြစ်သည်။ ထို့ပြင် သူက ဝိညာဉ်သားရဲကျောင်း၏ ကျောင်းဆရာဖြစ်ခဲ့သည်။ ယခုကိစ္စတွင် ချမ်မျိုးနွယ်၊ ကျန်မျိုးနွယ်နှင့် ကျန်းယွင်ဟိုင်တို့လည်း ပါဝင်နေရာ ကျန်းရီ၏တာဝန်က ပိုကြီးလာသည်။ သူ ကောင်းကင်ကြယ်တာရာနယ်မြေသို့ ပြန်သွား၍ မည်သည့်ကိစ္စဖြစ်နေခြင်းဖြစ်ကြောင်းကို မစုံစမ်းရလျှင် အေးအေးချမ်းချမ်း စားနိုင်၊ အိပ်နိုင်မည် မဟုတ်ပေ။

“သုံးရက်လား...”

စစ်ထူရီရှောင် အံ့အားသင့်သွား၏။ သို့သော် သူ ကျန်းရီကို ဆက်မမေးလိုက်ပေ။ ထိုအစား သူ အစီအစဉ်များ စတင် ရေးဆွဲလိုက်သည်။ ချမ်ဝမ်ကွမ်းထံတွင် ထိပ်တန်းအဆင့် ဆက်သွယ်ရေး ကျောက်စိမ်းအဆောင်ရှိသည်။ ချမ်ဝမ်ကွမ်းက အလွန်ဝေးသောနေရာသို့ ရောက်နေပြီဖြစ်သော်လည်း သူ့ကို ဆက်သွယ်နိုင်လိမ့်မည်ဟု စစ်ထူရီရှောင် သေချာသည်။ ကျန်းရီသည် စီစဉ်ညွှန်ကြားပြီးသည်နှင့် စုလောရွှယ်ကို ကြည့်၍ ပြောလိုက်၏။

“လောရွှယ်... ငါတို့ အောင်းလုနဲ့သွားတွေ့ဖို့ အချိန်မရှိတော့ဘူး။ ငါတို့ ငါတို့ရဲ့မွေးရပ်မြေကို ချက်ချင်း ပြန်သွားရမယ်”

စုလောရွှယ်သည် မည်သို့မှ ပြန်မပြောဘဲ ခေါင်းသာညိတ်လိုက်သည်။ ယွင်ဖေးက စုလောရွှယ်ကို ကြည့်လိုက်၏။ အစောတွင် သူမသည် သူမ၏မိသားစုအတွက် စိုးရိမ်ပူပန်နေခဲ့၍ စုလောရွှယ်ကို သတိမပြုမိခဲ့ပေ။ သို့သော် ယခုတွင်မူ သူမ စိတ်ဝင်စားလာသည်။ ထို့ကြောင့် သူမ ကျန်းရီထံသို့ အသံပို့လွှတ်ကာ မေးလိုက်သည်။

“ကျန်းရီ... လောရွှယ်က ဘာဖြစ်နေတာလဲ”

“သူက မှတ်ဉာဏ်တွေ ဆုံးရှုံးခဲ့တာ။ သူနဲ့ စကားလေးဘာလေး ပြောပေးပါ”

ကျန်းရီ အသံပြန်ပို့လွှတ်လိုက်သည်။ ထို့နောက် သူ နန်ကုန်ချီလင်းကို ကြည့်၍ ခါးသက်သက်ပြုံးကာ ပြောလိုက်သည်။

“အစ်မကြီးဆည်းလည်း... ကျွန်တော်တို့က အခုမှ ပြန်ရောက်လာတာဆိုပေမယ့် ပြန်ထွက်သွားရတော့မယ်။ ကျွန်တော်တို့နဲ့အတူ လိုက်ခဲ့ပါလား”

“အင်း...”

နန်ကုန်းချီလင်းသည် ယခုအထိ မည်သည့်စကားမှ ဝင်မပြောသေးပေ။ သူမ ကျန်းရီကို ကြည့်လိုက်သောအခါ ရင်ထဲတွင် နွေးသွားသည်။ ထို့ကြောင့် သူမ ‌ခေါင်းညိတ်ပြလိုက်လေသည်။

“ကောင်းပြီ... မင်းတို့ စကားပြောကြဦး.... ငါ ဦလေးစစ်ထူကို သွားတွေ့လိုက်ဦးမယ်”

ကျန်းရီ ခပ်သုတ်သုတ် ထွက်သွားလိုက်၏။ ဖုန်းလန်၏ ရှင်းပြချက်က အသေးစိတ်မကျလောက်ပေ။ စစ်ထူမျိုးနွယ်၏ မျိုးနွယ်ခေါင်းဆောင် စစ်ထူအောင်းကသာ သူ့ကို အသေးစိတ် ရှင်းပြနိုင်လောက်သည်။ ထို့ပြင် ချမ်ဝမ်ကွမ်းက သူ၏ကိုယ်ရေးကိုယ်တာ ကိစ္စများကို ဖုန်းလန်နှင့် အခြားသူများအား မပြောပြလောက်ပေ။ သို့သော် သူသည် သေချာပေါက် စစ်ထူအောင်းကိုတော့ ပြောပြပေလိမ့်မည်။

“ကျန်းရီ... ရောက်လာပြီလား”

စစ်ထူအောင်းက သူ၏စာကြည့်ခန်းထဲတွင် ထိုင်နေ၏။ ကျန်းရီက အချိန်မရွေး ရောက်လာနိုင်ကြောင်း သူ သိထားသည်။ သူသည် ကျန်းရီအတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်ပြီး သူ့လူများကို အပြင်ထွက်သွားစေလိုက်သည်။

“ကျန်းရီ... ဒီတစ်ခေါက် ငါ ရထားတဲ့ သတင်းက သိပ်မရှင်းဘူး။ ငါ မှန်းတာ မမှားရင်တော့ အဲ့ကိစ္စက မင်းရဲ့ ရန်သူဟောင်းကြီးနဲ့ ပတ်သတ်နေလိမ့်မယ်”

“ကျွန်တော့်ရဲ့ ရန်သူဟောင်းလား”

ကျန်းရီ၏ အကြည့်က တင်းမာသွားသည်။ ထို့နောက် သူ လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။

“ဝူမျိုးနွယ်လား”

“အဲ့ဒါက ငါ့ရဲ့ ခန်းမှန်းချက်ပဲ”

စစ်ထူအောင်းက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“မင်း ဆန်းကြယ်ဧကရာဇ်မြို့က ထွက်သွားပြီးတဲ့နောက်မှာ ဝူနန်က မြောက်ဘက်ဧကရာဇ်မြို့ကို ပြန်သွားခဲ့တယ်။ သူက စစ်တပ်တွေ၊ မြို့ထဲက မြို့သူမြို့သားတွေနဲ့ ထိပ်တန်းတိုက်ခိုက်ရေးသမားတွေကို စုစည်းခဲ့တယ်။ ပြီးတော့ ဝူမျိုးနွယ်က အားနည်းတဲ့လူတွေကိုလည်း အဝေးကို လျှို့ဝှက်ပို့ဆောင်ခဲ့တယ်။ ဝူမျိုးနွယ်ရဲ့ ပတ်ဝန်းကျင်ဒေသတွေက စစ်တပ်တွေနဲ့ သိုင်းသမားတွေကလည်း လှုပ်ရှားလာတယ်။ သူတို့က ငါတို့ကို အာရုံလွှဲဖို့ ကြိုးစားနေတဲ့ပုံပဲ။ ပြီးတော့ ဝူမျိုးနွယ်က နတ်ဘုရားတစ်ပိုင်း ပညာရှင်ငါးယောက်က ရုတ်တရက်ကြီး ပျောက်သွားခဲ့တယ်လို့လည်း အရိပ်ဧကရာဇ်က ငါ့ဆီကို သတင်းပို့ထားတယ်။ ဒီနေ့အထိ သူတို့ကို ဘယ်နေရာမှာမှ ရှာမတွေ့သေးဘူး...”

“အဲ့နတ်ဘုရားတစ်ပိုင်းတွေ ပျောက်သွားပြီး ဆယ်ရက်နေတော့ ကောင်းကင်ကြယ်တာရာနယ်မြေမှာ ပြဿနာတက်တာပဲ။ အဲ့မှာ ဘာဖြစ်ခဲ့တာလဲဆိုတာတော့ ငါတို့ သေချာမသိရသေးပါဘူး။ အရင်တစ်ခေါက် ဝမ်ကွမ်း လူတွေ စေလွှတ်တုန်းက အဲ့ကလူတွေကို ကာကွယ်ဖို့ ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့် သိုင်းသမားဆယ်ယောက်ကို အဲ့မှာ ဆက်နေခိုင်းထားတယ်။ အဲ့ဆယ်ယောက်ကလည်း ငါတို့ကို သတင်းလှမ်းမပို့ဘူး။ ကြည့်ရတာတော့ သူတို့အကုန်လုံး သေသွားပြီထင်တယ်။ အဲ့ဒါကြောင့် အဲ့ကိစ္စနောက်ကွယ်မှာ ဝူမျိုးနွယ် ရှိရမယ်လို့ ငါ ခန့်မှန်းတာပဲ”

ခွမ်း...

ကျန်းရီ၏ လက်ထဲမှ လက်ဖက်ရည်ခွက်က ကွဲသွား၏။ လက်ဖက်ရည်များကလည်း ချက်ချင်း အငွေ့ပျံသွားသည်။ ကျန်းရီ၏ မျက်ဝန်းများက ဒေါသခိုးများ တောက်ပနေသည်။ သူသည် စစ်ထူအောင်း၏ ခန့်မှန်းချက်ကို လက်ခံ၏။ သူ့လက်ထဲတွင် ဆန်းကြယ်နတ်ဘုရားနန်းတော် ရှိနေသည်။ ယင်းမှာ လောကထဲရှိ အကောင်းဆုံးဓားကို ပိုင်ဆိုင်ထားသကဲ့သို့ပင်။ သူက ဝူမျိုးနွယ်၊ ရှီးမျိုးနွယ်နှင့် ထူမျိုးနွယ်တို့ကို အချိန်မ‌ရွေး တိုက်ခိုက်နိုင်သည်။ ထို့ကြောင့် ဝူမျိုးနွယ်သည် သူတို့၏ လုံခြုံရေးအတွက် ကောင်းကင်ကြယ်တာရာနယ်မြေမှနေ၍ ဓားစာခံအချို့ကို ဖမ်းထားလိုခြင်း ဖြစ်မည်။

“ဝူနန်... ကျွန်တော်က ခင်ဗျားကို ဘာပြဿနာမှ မရှာခဲ့ဘူး။ ဒါပေမဲ့ ခင်ဗျားက ကျွန်တော့်ကို ပြဿနာလာရှာတယ်ပေါ့လေ။ ကျွန်တော့်ကို ချောင်ထဲတွန်းပို့လို့ကတော့ ကျွန်တော် ခင်ဗျားတို့ ဝူမျိုးနွယ်တစ်ခုလုံးကို ရှင်းပစ်မယ်”

ကျန်းရီက အံကြိတ်၍ ကြိမ်းဝါးလိုက်သည်။ သူ၏အပြစ်က သူ့မိသားစုနှင့် မဆိုင်ပေ။ သူသည် ဝူမျိုးနွယ်၏ ဒေသလေးခုတွင် သွေးချောင်းစီးစေခဲ့သော်လည်း သူ သတ်ခဲ့သည့်သူများမှာ ဝူမျိုးနွယ်မှ တပ်သားများသာ ဖြစ်သည်။ အရပ်သူ၊ အရပ်သားများနှင့် အားနည်းသူများကို သူ ထိပင် မထိခဲ့ပေ။ ဝူမျိုးနွယ်က ကောင်းကင်ကြယ်တာရာနယ်မြေမှ လူများကို ပြဿနာရှာခြင်းမှာမူ ကျန်းရီ၏ အားနည်းချက်ကို ဖိနင်းခြင်းဖြစ်သည်။

“ကျွန်တော် ကောင်းကင်ကြယ်တာရာနယ်မြေကိုသွားပြီး စုံစမ်းကြည့်ရမယ်။ ကျွန်တော်တို့ ဒီနေ့ည ထွက်မယ်”

ကျန်းရီ ထရပ်ကာ ပြောလိုက်သည်။ အခြေအနေကို ကိုယ်တိုင် မမြင်ရ‌သေးသ၍ အတိအကျ ကောက်ချက်ချနိုင်မည် မဟုတ်ချေ။ ကြားသမျှကို ယုံကြည်၍လည်း မဖြစ်ပေ။ သူ ကောင်းကင်ကြယ်တာရာနယ်မြေသို့ ရောက်ပြီးမှ မည်သို့ဆက်လုပ်ရမည်ကို ဆုံးဖြတ်ရမည် ဖြစ်သည်။

***

All Chapters