← Chapters

ကျန်ဝူတိ

Vol. 82 Ch. 1145

ကျန်ဝူတိ

Vol. 82 Ch. 1145

ညရောက်လာသောအခါ စစ်တူအိမ်တော်က စည်းကားလာ၏။ မျိုးနွယ်(၁၃)ခုလုံးမှ မျိုးနွယ်ခေါင်း‌ဆောင်များအားလုံး ရောက်ရှိလာသည်။ နတ်ဘုရားတစ်ပိုင်းအိုကြီးများကမူ ရောက်မလာခဲ့ပေ။ သူတို့က မြို့ပြင်သို့ ထွက်၍ ကျန်းရီကို ကြိုဆိုခဲ့သည်ဆိုသော အချက်ကပင် သူတို့၏ သဘောထားကို ဖော်ပြနေပြီဖြစ်သည်။ သူတို့အတွက် ကြိုဆိုပွဲတက်ရန်မှာမူ အဆင်မပြေချေ။

ဤတစ်ကြိမ်တွင် ကျန်းရီသည် အားလုံးကို သူနှင့်အတူ ခေါ်သွားတော့မည်ဖြစ်သည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်ထက် မည်သည့်နေရာကမှ ပို၍ မလုံခြုံပေ။ ထိုနန်းတော်က ကောင်းကင်ရှောင်တိမ်းခြင်းကို အသုံးပြုနိုင်သည်။ အရှေ့ဘက် တော်ဝင်နယ်မြေရှိ မည်သူကမှလည်း နန်းတော်၏ အကန့်အသတ်အစီအရင်များကို အချိန်တိုအတွင်း ဖျက်ဆီးပစ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ကျန်းရီသည် နန်းတော်ထဲတွင် နေထိုင်ခြင်းက အလုံခြုံဆုံးဟု ယုံကြည်နေပေသည်။

ကျန်းရီတို့က ချမ်ဝမ်ကွမ်းကို ဆက်သွယ်ခဲ့ပြီဖြစ်၍ စစ်ထူရီနန်ကလည်း သူတို့နှင့်အတူ လိုက်လိုနေသည်။ ကျန်းရီသည် သူမကို ခေါ်သွားရန် ဝန်မလေးပေ။ စစ်ထူရီနန်က လိုက်လိုနေ၍ စစ်ထူရီရှောင်နှင့် ဟွမ်ဖူထောင်ထျန်းတို့ကလည်း သူတို့၏ အလုပ်များကို ပစ်ထားခဲ့ကာ လိုက်လိုနေသည်။ မျိုးနွယ်(၁၃)ခုမှ လူများသည် ယခင်က အပြစ်သားကျွန်းမှနေ၍ ခြေတစ်လှမ်းပင် မထွက်ဝံ့ခဲ့ကြပေ။ သို့သော် ယခုတွင် အခြေအနေများက ပြောင်းလဲသွားပေပြီ။ သူတို့တွင် ဆန်းကြယ်နတ်ဘုရားနန်း‌တော် ရှိနေပြီဖြစ်သည်။ ထို့ကြောင့် သူတို့သည် ထိုအခွင့်အရေးကို အသုံးချ၍ အပြင်လောကကြီးကို လုံလုံခြုံခြုံဖြင့် သွားကြည့်လိုနေကြသည်။

ကျန်းရီက စစ်ထူအောင်းနှင့် ဟွမ်ဖူချီတို့၏ သဘောထားကို မေးလိုက်၏။ သူတို့နှစ်ယောက်စလုံးက မငြင်းသည့်အပြင် အတော်လေး စိတ်လှုပ်ရှားနေကြသည်။ မျိုးနွယ်(၁၃)ခုမှ မျိုးနွယ်ဝင်များက ယခုမှ ပထမဆုံးအကြိမ် အပြစ်သားကျွန်းက ထွက်ကြမည် မဟုတ်ပါလား။ ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲတွင် လူတစ်သန်းလောက် ချောင်ချောင်ချိချိ နေနိုင်ပေသည်။ ထို့ကြောင့် ကျန်းရီသည် လက်ဝှေ့ယမ်း၍ လိုက်ပါလိုသူတိုင်း လိုက်ပါနိုင်ကြောင်း ကြေညာလိုက်သည်။ ထို့နောက် သူသည် လိုက်ပါလိုသူများကို နန်းတော်ထဲသို့ ဝင်စေ၍ ဆန်းကြယ်နယ်မြေဆယ့်ရှစ်ခုထဲမှ တစ်ခုဖြစ်သော လကြေးမုံရေကန်တွင် နေစေလိုက်သည်။

ထိုနယ်မြေမှာ နန်းတော်ထဲရှိ (၁၃)ခုမြောက် ဆန်းကြယ်နယ်မြေဖြစ်သည်။ ထိုနယ်မြေတွင် ဧရာမရေကန်ကြီးတစ်ကန်ရှိပြီး ရေကန်ဘေးတွင် သစ်ပင်စိမ်းများ ထူထပ်စွာ ပေါက်ရောက်နေသည်။ ထိုနေရာက အလွန်အန္တရာယ်များသော နေရာဖြစ်သည်။ ရေကန်ထဲတွင် ဆယ်ချီသော မိစ္ဆာအရှင်များ ပုန်းအောင်းနေကြသည်။ သို့သော် ယခုတွင် ကျန်းရီက နန်းတော်၏ ပိုင်ရှင် ဖြစ်သွားပြီဖြစ်၍ ထိုမိစ္ဆာအရှင်များကို အခြားနေရာများသို့ တည်နေရာပြောင်းရွှေ့လိုက်နိုင်သည်။

“လှလိုက်တာ”

ဖုန်းလန်နှင့် အခြားသူများက ထိုနေရာကို အလွန်သဘောကျနေကြ၏။ စစ်ထူရီရှောင်နှင့် အခြားသူများ၏ မျက်လုံးများကလည်း အရောင်တောက်ပလာကြသည်။ ထိုနေရာရှိ မိုးမြေအတွင်းအားက အလွန်ထူထပ်သည်။ သို့ဖြစ်၍ ထိုနေရာတွင် နေရခြင်းက နိဗ္ဗာန်ဘုံတွင် နေရခြင်းကဲ့သို့ သက်တောင့်သက်သာ ရှိပေသည်။ တစ်ခုတည်းသော ပြစ်ချက်မှာ ထိုနေရာ၌ မည်သည့်နန်းဆောင်၊ မည်သည့်အိမ်မှ မရှိခြင်းဖြစ်သည်။

စစ်ထူရီရှောင်နှင့် ဟွမ်ဖူထောင်ထျန်းတို့က သူတို့နှင့်အတူ ကောင်းကင်ဧကရာဇ်အဆင့် သိုင်းသမားဆယ်ယောက်ကျော်နှင့် အစေခံမလေးအချို့ကို ခေါ်လာခဲ့သည်။ ကောင်းကင်ဧကရာဇ်များအတွက် အိမ်ဆောက်ရန်မှာ လွယ်ကူသော တာဝန်ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ချက်ချင်းပင် သစ်ပင်များကို လှဲ၍ အိမ်များ ဆောက်လိုက်ကြသည်။ ဖုန်းလန်၊ စစ်ထူရီနန်နှင့် အခြားမိန်းမပျိုလေးများက စုဝေးကာ သူမတို့၏ အိမ်အသစ်များကို မည်သည့်အလှဆင်ရမည်ကို ဆွေးနွေးလိုက်ကြသည်။ စုလောရွှယ်သည်ပင် သူမတို့နှင့် ဝင်ရောက်ဆွေးနွေးခဲ့သည်။ မိန်းမပျိုလေးများ၏ အသံလွင်လွင်လေးများက ထိုနေရာကို သက်ဝင်တောက်ပနေစေလေသည်။

“အင်း.. မဆိုးပါဘူး”

ကျန်းရီ မျက်ခုံးပင့်၍ ရေရွတ်လိုက်၏။ သူ အတန်ငယ်လည်း စိတ်အေးသွားသည်။ ထို့နောက် သူသည် ကျန်ဝူရွှမ်း၏ သုံးနှစ်အရွယ် သားလေးကို ပွေ့ချီကာ ပြုံး၍ မေးလိုက်သည်။

“မင်း နာမည်က ဘာလဲကွ...”

ကျန်ဝူရွှမ်း၏ သားလေးက ကျန်ဝူရွှမ်းနှင့် အလွန်တူသည်။ သူတို့နှစ်ယောက်စလုံးက အသားညိုပြီး ယောက်ျားပီသကြသည်။ ကလေးငယ်က ရဲရင့်ပုံပေါ်၏။ သူ ဂုဏ်ယူစွာ ပြန်ဖြေလိုက်သည်။

“သားနာမည်က ကျန်ဝူတိပါ။ ဦးဦးကျန်း... သားမေမေနဲ့ တခြားဒေါ်ဒေါ်လေးတွေက ဦးဦးအကြောင်းကို အမြဲ ပြောနေတာပဲ။ ဦးဦးက သူတို့ရဲ့ သူရဲကောင်းတဲ့”

“ဟားဟားဟား... အဲ့ဒါက တကယ့်ကို ပြိုင်ဘက်ကင်း နာမည်ပဲကွ...”

ကျန်းရီ ရယ်၍ ပြောလိုက်သည်။ ထိုစဉ် သူ တစ်စုံတစ်ခုကို ‌တွေးမိသွား၍ ကျန်ဝူတိကို အောက်ပြန်ချပေးလိုက်သည်။ ထို့နောက် သူ့လက်ထဲတွင် လှပသော ဓားမြှောင်လေးတစ်ချောင်း ထွက်ပေါ်လာသည်။ ထိုဓားမြှောင်ပေါ်တွင် သင်္ကေတပုံသဏ္ဌာန်များ လင်းလက်နေသည်။ ထိုပုံသဏ္ဌာန်များက ရှုပ်ထွေးပြီး စွမ်းအားကြီး အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။ ဓားမြှောင်သည် ဓားအိမ်ရော၊ ဓားသွားပါ လှပပေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ၎င်းက သာမန်လက်နက်တစ်ခု မဟုတ်ကြောင်း ပြောနိုင်သည်။ ကျန်းရီက ထိုဓားမြှောင်ကို ကျန်ဝူတိအား ပေးကာ ပြောလိုက်သည်။

“ဒါက ဦးဦးကျန်းရဲ့ လက်ဆောင်ပဲ။ မင်း ကြီးလာတဲ့အခါက ဒီဓားမြှောင်နဲ့ လောကကြီးကို ကြီးစိုးပေါ့ကွာ”

“အာ...”

ကျန်ဝူရွှမ်း မျက်ခုံးပင့်လိုက်၏။ စစ်ထူရီရှောင်နှင့် ဟွမ်ဖူထောင်ထျန်းတို့ကလည်း ဓားမြှောင်ကို အံ့ဩတကြီးဖြင့် လှမ်းကြည့်လိုက်ကြသည်။ ကျန်ဝူရွှမ်းက ချက်ချင်း လက်ယမ်းကာ ပြောလိုက်သည်။

“ကျန်းရီ... အဲ့ဒါက ရှေးဟောင်းအသုံးအဆောင်တစ်ခုပဲ။ အဲ့ဒါကို ဝူတိကို ပေးမယ်ဆိုရင် ဖြုန်းပစ်သလို ဖြစ်မနေဘူးလား။ မင်း ငါ့ကိုလည်း ရတနာနှစ်ခု ပေးပြီးပြီပဲကွာ...”

“အစ်ကို့ရတနာက အစ်ကို့ရတနာပေါ့... ဒါက ကျွန်‌တော့်တူလေးအတွက်ပါ”

ကျန်းရီ လှည့်ကြည့်လိုက်ရာ စစ်ထူရီရှောင်နှင့် ဟွမ်ဖူထောင်ထျန်းတို့၏ မျက်ဝန်းများထဲမှ အကြည့်များကို တွေ့လိုက်ရသည်။ သူ့လက်ထဲတွင် လှံရှည်တစ်ချောင်းနှင့် ဓားတစ်လက် ထပ်မံ ထွက်ပေါ်လာသည်။ သူသည် ထိုလက်နက်နှစ်ခုကို စစ်ထူရီရှောင်နှင့် ဟွမ်ဖူထောင်ထျန်းတို့အား တစ်ယောက်တစ်ခုစီပေးကာ ပြောလိုက်သည်။

“ဒီလက်နက်နှစ်ခုကလည်း ရှေးဟောင်းအသုံးအဆောင်တွေပါပဲ။ ပြီးတော့ အဲ့လက်နက်တွေထဲက တာအိုပုံသဏ္ဌာန်တွေက အရမ်းနက်ရှိုင်းတယ်။ အဲ့ဒါတွေက ‌တော်တော်လေး အစွမ်းထက်တယ်လို့ ကျွန်‌တော်ထင်တယ်။ ဒီလက်နက်တွေက အစ်ကိုတို့နှစ်ယောက်အတွက်ပါ”

“ဟီးဟီး.. ပစ္စည်းကောင်းပဲ။ ကျန်းရီ... ညီလေးကတော့ တကယ့်ကောင်ပဲ”

ဟွမ်ဖူထောင်ထျန်းက အနည်းငယ်ပင် ရှက်သည့်ပုံ မပေါ်ပေ။ သူသည် ဓားကို ခပ်သွက်သွက် လှမ်းယူလိုက်ပြီး ကျေနပ်စွာ ကြည့်လိုက်သည်။ စစ်ထူရီရှောင်ကလည်း သူ၏ လှံရှည်ကို သဘောကျနေသည်။ သိုင်းသမားများ၏ အားနည်းချက်မှာ လက်နက်ကောင်းများ မဟုတ်ပါလော။ မျိုးနွယ်(၁၃)ခုမှ မျိုးနွယ်ဝင်များမှာ အပြစ်သားကျွန်းတွင် ပိတ်မိနေခဲ့ရာ လောကကြီးထဲရှိ ရှေးဟောင်းဒေသများသို့သွား၍ ထိုကဲ့သို့ စွမ်းအားကြီး လက်နက်များကို မရှာနိုင်ခဲ့ပေ။ ထို့ကြောင့် ဟွမ်ဖူထောင်ထျန်းနှင့် စစ်ထူရီရှောင်တို့ မဆိုထားနှင့် လဲ့ပန်းရှန်းတို့သည်ပင် ရှေးဟောင်းအသုံးအဆောင်များကို မပိုင်ဆိုင်ကြချေ။

ကျန်းရီတို့ စကားပြောနေစဉ်မှာပင် အိမ်များကို တည်ဆောက်၍ ပြီးသွားသည်။ ကောင်းကင်ဧကရာဇ်များထဲမှ အကြီးအကဲတစ်ယောက်က ကျန်းရဲတိုက်ကို တစ်ကိုယ်တော် တည်ဆောက်ခဲ့သည်။ ထိုတာဝန်က သူ့အတွက် အသေးအဖွဲသာဖြစ်ကြောင်း သိသာပေသည်။ သူတို့အုပ်စု အိမ်တည်ဆောက်သည့် အမြန်နှုန်းက ကြောက်မက်ဖွယ်ပင် ကောင်းသည်။ နှစ်နာရီအတွင်းမှာပင် ရေကန်ဘေးတွင် အိမ်ဆယ်လုံးကို တည်ဆောက်ပြီးသွားသည်။ ထိုအခါ စစ်ထူရီရှောင်သည် အပြင်သို့ ပြန်ထွက်၍ ပရိဘောဂများနှင့် အခြားအလှဆင်ပစ္စည်းများကို ယူလာခဲ့သည်။ အစေခံမလေးများက ထိုပစ္စည်းများဖြင့် အိမ်များကို စတင် အလှဆင်လိုက်လေသည်။

“အင်း... အိမ်တွေလည်း ပြီးတော့မှာဆိုတော့ သွားကြတာပေါ့”

ကျန်းရီက ကျေကျေနပ်နပ် ခေါင်းညိတ်ကာ ပြောလိုက်သည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်က ရှန်းစီကျွန်းမှ ပျောက်ကွယ်သွားသည်။ ၎င်းသည် ကောင်းကင်ရှောင်တိမ်းခြင်းကို သုံး၍ သွေးညအကြောက်တရားပင်လယ်ဆီသို့ ဦးတည်လိုက်လေသည်။ ယခုတွင် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ထိန်းချုပ်ရန်မလိုပေ။ ကောင်းကင်ရှောင်တိမ်းခြင်းကို သုံးနေလျှင် သူတို့၏ လမ်းခရီးက ချောမွေ့ကာ အေးချမ်းနေမည်ဖြစ်သည်။

စစ်ထူရီရှောင်က လမ်းခရီးအတွက် ရှေးဟောင်းနတ်ဘုရားလက်စွပ် စုစုပေါင်းဆယ်ကွင်း ယူလာခဲ့သည်။ ထိုလက်စွပ်များထဲ၌ ပစ္စည်းမျိုးစုံ ပါပေသည်။ ထို့ပြင် သူသည် အစေခံမလေး ဆယ်ယောက်ကျော်ကိုလည်း ခေါ်လာခဲ့သည်။ ဖုန်းလန်နှင့် အခြားမိန်းမပျိုလေးများသည် အလုပ်များနေသော်လည်း အိမ်များကို အလှဆင်ရသည်ကို အလွန်ပျော်နေကြသည်။ မကြာခင်မှာပင် သူမတို့က အိမ်ဆယ်လုံးစလုံးကို အလှဆင်၍ ပြီးသွားသည်။ အိမ်များက လှပကာ အိမ်နှင့် ပိုတူလာပေသည်။ သို့သော် အတိအကျဆိုရလျှင်မူ ၎င်းတို့က အိမ်နှင့်မတူဘဲ ရဲတိုက်များနှင့် တူနေသည်ဟု ဆိုရပေမည်။

‘အင်း... ဒီမှာနေရတာက ဆန်းကြယ်ဧကရာဇ်စံအိမ်ထဲမှာ နေရတာထက် ပိုသက်တောင့်သက်သာရှိတယ်။ နောက်ကျရင် ငါ မိုယောင်အာနဲ့ ယဉ်ရို့ပင်းကိုလည်း ဒီနေရာကို ခေါ်လာရမယ်။ ဒါပေမဲ့ သူတို့ ဒီနေရာကို လာချင်ပါ့မလား...’

ထိုနေရာတွင် မျိုးနွယ်(၁၃)ခုမှ သခင်လေးများနှင့် သခင်မလေးများ စုဝေးနေသည်။ ယဉ်ရို့ပင်းက အရှေ့ဘက် တော်ဝင်နယ်မြေ၏ ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှ မျိုးနွယ်ဝင်တစ်ယောက်ဖြစ်သည်။ အကယ်၍ ကျန်းရီက သူမကို ထိုလူများနှင့်အတူ နေစေလိုက်လျှင် သေချာပေါက် ပဋိပက္ခများ ရှိလာနိုင်သည်။ ထို့ကြောင့် ကျန်းရီ ခေါင်းကိုက်သွားသည်။ မိုယောင်အာကမူ ပို၍ နာခံတတ်သည်။ ကျန်းရီ၏ တစ်ခုတည်းသော စိုးရိမ်မှုမှာ သူမက ဖုန်းလန်တို့နှင့် အဆင်မပြေဖြစ်မည်ကိုပင်။ ထို့ကြောင့် သူ့တွင် ရွေးချယ်စရာမရှိတော့ဘဲ ထိုပြဿနာကို နောက်မှ ဖြေရှင်းရန်သာ ဆုံးဖြတ်လိုက်လေတော့သည်။

မတွေ့ရသည်မှာကြာလျှင် ပို၍ချစ်ခင်လာတတ်သည်။

ဆိုးသည်မှာ ကျန်းရီ၏ ရင်ထဲတွင် ကောင်းကင်ကြယ်တာရာနယ်မြေမှ ကိစ္စက နေရာယူထားခြင်းပင်။ သူ့တွင် ဖုန်းလန်တို့နှင့် ပျော်ပါးလိုစိတ် ရှိမနေပေ။ သို့သော် သူသည် သူမတို့နှင့် နှစ်ရက်အတူနေ၍ အရှေ့ဘက် တော်ဝင်နယ်မြေတွင် ဖြစ်ပျက်ခဲ့သော ကိစ္စအနည်းငယ်ကို ပြောပြခဲ့သည်။ သူသည် သူမတို့ကို ရတနာအနည်းငယ်စီလည်း ပေးလိုက်သည်။

စုလောရွှယ်သည် ဖုန်းလန်၊ ချင်းယွီ၊ ယွင်ဖေး၊ စစ်ထူရီနန်၊ အစ်မကြီးဆည်းလည်းတို့နှင့် ရက်အနည်းငယ် အတူနေပြီးနောက် ပို၍ ပျော်ရွှင်လာပုံ ပေါ်၏။ ဖုန်းလန်၊ ချင်းယွီနှင့် အစ်မကြီးဆည်းလည်းတို့ကလည်း အခြေအနေကို အတော်လေးကောင်းမွန်စွာ ကိုင်ကွယ်နိုင်ကြသည်။ သူမတို့သည် စုလောရွှယ်က မည်သူဖြစ်ကြောင်းနှင့် မည်သည့်ကိစ္စများကို ကြုံတွေခဲ့ရကြောင်းကို ယွင်ဖေးထံမှ သိလိုက်ရသောအခါ စုလောရွှယ်ကို အလွန်ကြင်နာစွာ ဆက်ဆံခဲ့ကြသည်။ စုလောရွှယ်ကို သူမတို့နှင့် အိုးတိုးအန်းတန်း ဖြစ်မနေစေရန်လည်း ဖော်ဖော်ရွေရွေ ပြောဆိုခဲ့ကြသည်။

‘အာ... ငါတို့ အဆုံးမဲ့ပင်လယ်နက်ကို သွားဖို့ အချိန်မရလိုက်တော့ ကျန်းရှောင်နူကိုတောင် မခေါ်ခဲ့ရဘူး။ သူ အဆင်ရောပြေလောက်ရဲ့လား’

လကြေးမုံကန်ထဲတွင် တံတားအနည်းငယ်နှင့် အပန်းဖြေအဆောက်အုံလေးများကိုလည်း တည်ဆောက်ထား၏။ ကျန်းရီနှင့် ကျန်ဝူရွှမ်းတို့သည် အပန်းဖြေအဆောက်အအုံတစ်ခုထဲတွင် ထိုင်၍ လက်ဖက်ရည် သောက်နေကြသည်။ သို့သော် ကျန်းရီ၏ အတွေးထဲတွင် ကျန်းရှောင်နူ၏ ပုံရိပ်များနှင့်သာ ပြည့်နှက်နေသည်။ သူသည် ကောင်းကင်မြေခွေးနယ်မြေရှိ မြေခွေးလေးအကြောင်းကိုလည်း တွေးလိုက်သည်။ ထိုမြေခွေးလေးက ယခုလောက်ဆို အတော်လေး အရွယ်ရောက်နေလောက်ပေပြီ။

“ဟိုးဟိုး...”

ရေကန်တစ်ဘက်ခြမ်းမှနေ၍ ရယ်သံလေးတစ်သံ ထွက်ပေါ်လာ၏။ ကျန်းရီ ရယ်သံ ထွက်ပေါ်လာသောနေရာသို့ လှမ်းကြည့်လိုက်ရာ စစ်ထူရီနန်၊ ယွင်ဖေး၊ စုလောရွှယ်နှင့် အခြားမိန်းမပျိုလေးများက ကျန်ဝူတိနှင့် ရေကန်ထဲတွင် ကစားနေသည်ကို တွေ့လိုက်ရ၏။ ထိုမြင်ကွင်းက နှလုံးသားကို အလွန်နွေးထွေးသွားစေသည်။

ကျန်းရီ ကျေနပ်နှစ်သိမ့်စွာ ပြုံးလိုက်သည်။ သူ့မျက်ဝန်းများထဲတွင်လည်း ပြတ်သားသော အရိပ်အယောင်များ ပြည့်နှက်နေသည်။ ထိုမိန်းမပျိုလေးများနှင့် ကလေးများ၏ အနာဂတ်ပျော်ရွှင်မှုအတွက် သူ သန်မာလာရန် လိုအပ်ပေသည်။ သူ ဝူမျိုးနွယ်ကို အပြီးပိုင် ရှင်းထုတ်ပစ်ရပေမည်။ ထိုပျော်ရွှင်မှုကို နှောင့်ယှက်မည့် မည်သည့်ရန်သူကိုမဆိုလည်း သူ ရှင်းထုတ်ပစ်ရမည်ဖြစ်သည်။

***

All Chapters