← Chapters

ပညာရှိ တာအိုအဆောင်ကို သန့်စင်ခြင်း

Vol. 62 Ch. 852

ပညာရှိ တာအိုအဆောင်ကို သန့်စင်ခြင်း

Vol. 62 Ch. 852

မိုချင်းချယ်က ရှီးဟယ် တက္ကသိုလ်ရှေ့မှာ ရပ်လိုက်ပြီးတော့ အားလုံးနည်းတူ ဖြည်းဖြည်းချင်း ကြည်လင်လာသည့် ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ ထို့နောက် စက္ကန့်နှင့်အမျှ သန့်စင်လာသည့် လေအေးများကို ရှူရှိုက်လိုက်သည်။

လူများစွာကလည်း ပြုံးပျော်နေကြပြီး တချို့လူများက ဒူးထောက်ကာ ဟစ်ကြွေးနေကြသည်။ သူတို့ကြောင့် ပျက်စီးခဲ့ရသော အမိကမ္ဘာမြေကြီးက နောက်ဆုံးတော့ ပြန်လည် ကောင်းမွန်လာလေပြီ။ အခု သူတို့သည်လည်း လွတ်လွတ်လပ်လပ် အသက်ပြန်ရှုနိုင်လေပြီ။

မိုချင်းချယ်၏ စိတ်ထဲတွင်လည်း တူညီသော ခံစားချက်မျိုး ရှိနေ၏။ မိုချင်းချယ်က အပြာရောင် ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ သူမွေးဖွားလာစဉ်ကတည်းက ကမ္ဘာမြေ၏ အနေအထားမှာ ဆိုးရွားသည့် အခြေအနေအတွင်းသို့ ရောက်ရှိနေပြီဖြစ်ကာ သူမ၏ ဖခင်က သူမအား ချင်းချယ်ဟု အမည်ပေးခဲ့ခြင်း ဖြစ်သည်။ ယခု သူမက ကြည်ကြည်လင်လင် ကောင်းကင်ပြာကြီးနှင့် ၀၀လင်လင် အသက်ရှူနိုင်လေပြီ။

သူမက မိုဝူကျိကို မမြင်မိသော်လည်း သူမ စိတ်အတွင်း၌ သူမ၏ အဖိုးသာ ဤသို့ကိစ္စရပ်မျိုး လုပ်နိုင်လိမ့်မည်ဟု သေချာသိနေသည်။ ထိုစဉ် သူမက သူမအဖိုးဖြစ်သူ လုပ်ခဲ့သည့် ကိစ္စအတွက် ဂုဏ်ယူမိသွားသည်။

ဤကမ္ဘာမြေမှ ထွက်မသွားခင် နှုတ်ဆက်လက်ဆောင်အဖြစ် ချန်ထားပေးနိုင်ခဲ့သည်။

သူမ၏ စိတ်အတွင်းမှ မှတ်ဉာဏ်ဆိုးများလည်း အကုန်ပျောက်ပျက်သွားကာ ဝမ်ရုန်ကို တွေ့ချင်စိတ်လည်း ပျောက်ကွယ်သွားသည်။ သူမက ဝမ်ရုန်ကို နောက်ထပ် မရှာတော့ပေ။ သူမ၏ အတိတ်ကို ချိုးနှိမ်လိုက်ပြီး ဖြတ်ကျော်သွားပြီ ဖြစ်သည့် ရေကဲ့သို့သာ သဘောထားလိုက်သည်။

“ ချင်းချယ် နောက်ဆုံးတော့ မင်းငါ့ကို လာရှာပြီပဲ ...."

တအံ့တသြအသံ ထွက်ပေါ်လာပြီး အဝါရောင် ဝတ်စုံနှင့် အမျိုးသားက တက္ကသိုလ်ထဲမှ ပြေးထွက်လာသည်။ ခြေလှမ်းအနည်းငယ်ဖြင့် သူက မိုချင်းချယ်ရှေ့သို့ ရောက်ရှိလာပြီး တက်တက်ကြွကြွ ပြောလိုက်သည်။

“ နောက်ဆုံးတော့ မင်း သဘောတူလိုက်ပြီလား။ ငါတို့တွေ ရှားမိသားစုနဲ့သာ လက်တွဲလိုက်ရင် တိယွမ်ဂြိုလ်ဆီ သွားဖို့ ဘာလိုတော့မှာလဲ။ ချင်းချယ် ငါတို့တွေအခု တိယွမ်ဂြိုလ် ကို သွားစရာ မလိုတော့ဘူး။ ဒီကမ္ဘာမြေကြီးရဲ့ ပတ်ဝန်းကျင်ကလည်း ပြန်ကောင်းလာပြီ။ ငါတို့တွေ ရှားမိသားစုရဲ့ ဆေးဝါးအဖွဲ့ကိုပဲ သွားကြစို့။ “

ဝမ်ရုန်က ရှီလီ မဟုတ်ပေ။ ယခင် အစောပိုင်းလေးတွင်  ရှားမိသားစု ပျက်စီသွားခဲ့သည်ကို သူမသိသေးပေ။

“ ဝမ်ရုန် ”

မိုချင်းချယ်က ဖြတ်ပြောလိုက်သည်။ သူမက  ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ရင်း သူမက ပြန်ဖြေလိုက်သည်။

“ အစကတော့ ရှင့်ကို နှုတ်ဆက်ဖို့ရောက်လာတာ။ ဒါပေမဲ့ ဒီကိုရောက်လာပြီးတဲ့နောက်မှာ ကျွန်မ အကြောင်းအရာအများကြီးကို နားလည်သွားခဲ့ပြီ။ အဲ့ဒါကြောင့် ရှင့်ကို ထပ်ပြီးတော့ မရှာချင်တော့ဘူး။ ပြီးတော့ နှုတ်ဆက်နေဖို့လည်း မလိုဘူးလို့ ထင်တယ်။ အစမရှိမှတော့ ဘယ်လိုလုပ် အဆုံးသတ်ဆိုတာ ရှိလာနိုင်တော့မှာလဲ။ ကျွန်မက အရင် ဒီမှာ စာသင်ခဲ့ရတဲ့ အချိန်တွေကို လွမ်းလို့ပဲ ပြန်ရောက်လာမိတယ် ထင်ပါတယ်။ ကျွန်မ ထွက်မသွားခင် ဒီနေရာကို နောက်ဆုံးအဖြစ် မြင်ခဲ့ချင်တာ နေလိမ့်မယ် …. ”

မိုချင်းချယ်၏ မိသားစုမှာ အရမ်းဆင်းရဲပြီး သူမတွင်လည်း သာမန်ရုပ်ရည်သာ ရှိသည်။ ထို့အပြင် သူမအဖွားဖြစ်သူဆီမှ အမွေရထားသော အနည်းငယ် ဂုဏ်မောက်သည့် အကျင့်စရိုက်ကိုသာ ထည့်ပေါင်းလိုက်လျှင် တက္ကသိုလ်၌ သူငယ်ချင်းများစွာ ရှိမနေသည်မှာ အံ့သြစရာတော့ မဟုတ်ချေ။

“ မင်းက တိယွမ်ဂြိုလ်ကို သွားမလို့လား။ ငါ့ကိုပါ ခေါ်သွားလို့မရဘူးလား ”

ဝမ်ရုန်က တအံ့တသြပြောကာ သူမ၏ လက်ကို ဆွဲရင်းမေးလိုက်သည်။ သို့သော်လည်း သူမလက်ကို မထိခင် မှိန်ဖျော့ဖျော့အလင်းလေးက သူ့ကို နောက်ပြန်ဆုတ်သွားစေသည်။ ဝမ်ရုန်က သူ့လက်ကိုသူ တအံ့တသြ ကြည့်ကာ ဘာဖြစ်သွားသည်ကို သတိမမူမိပေ။ ဝမ်ရုန်ကို လျစ်လျူရှုလိုက်ပြီး မိုချင်းချယ်က ကောင်းကင်သို့မော့ကာ

“ ဖိုးဖိုး … ဒီမှာ သမီးအတွက် ဘာမှမှတ်မိစရာ မကျန်တော့ဘူး။ သမီးထွက်သွားချင်ပြီ ”

နောက်ဆုံးစကား ထွက်လာသည်နှင့် သူမဘေးပတ်လည်၌ မှိန်ဖျော့ဖျော့ သက်တန့်တစ်ခု ပေါ်လာသည်။ ဝမ်ရုန်က သူမ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း အဖြစ်အပျက်ကို နားမလည်နိုင်သေးချေ။

“ ဖိုးဖိုး ….  ဖိုးဖိုးက ဒီကမ္ဘာမြေရဲ့ အနေအထားကို ပြန်လည်ပြုပြင်လိုက်တာလား”

မိုချင်းချယ်က မိုဝူကျိ ဘေးနားပေါ်လာသည်နှင့် စိတ်လှုပ်ရှားစွာမေးလိုက်သည်။ မိုဝူကျိက ရယ်မောလိုက်ရင်း

“ ဟုတ်တယ် … ငါလုပ်လိုက်တာ။ အခု ကမ္ဘာမြေအတွက် ကာကွယ်ရေးအစီအရင်ကို ခင်းပေးမှာမလို့ အရင်ဆုံး ငါ့ကမ္ဘာထဲ ပို့ထားလိုက်မယ်  ”

ထိုစဉ် သူသည်လည်း အရမ်းစိတ်လှုပ်ရှားမိနေသည်။ သူက အမိကမ္ဘာမြေကြီးမှ သူ့အားပေးနေသော သဏ္ဍာန်မဲ့စွမ်းအင်ကို ခံစားမိ၏။ သူက အပြည့်အ၀ အသုံးမချနိုင်သော်လည်း ထိုအင်အားမှာ အရမ်းအရေးကြီးဟန် ပေါ်သည်။

“ ဘယ်ကမ္ဘာကို ပြောတာလဲဟင် …”

မိုချင်းချယ်က နားမလည်စွာ မေးလိုက်သည်။ သို့သော်လည်း မိုဝူကျိက မိုချင်းချယ်အား ထာဝရကမ္ဘာငယ်လေးထဲသို့ မပို့တော့ပေ။ အကြောင်းမှာ မည်သူကမှ သူ့ထာဝရ ကမ္ဘာငယ်လေးထဲသို့ မဝင်ဖူး၍ မဟုတ်ပေ။ ယခင် အောင်းစန်းကျီ နှင့် အောင်းရှား တို့က သူ့ကမ္ဘာငယ်လေးထဲ ခဏတာ ပုန်းအောင်းခဲ့ဖူး၏။

“ ဘာဖြစ်လို့လဲ”

မိုချင်းချယ်က သူ့အဖိုး အနည်းငယ် မျက်မှောင်ကျုတ်ထားသည်ကို မြင်၍ မေးလိုက်သည်။

“ ဘာမှ မဟုတ်ပါဘူး။ အခု ကမ္ဘာမြေကို ကာကွယ်ဖို့ အစီအရင် ခင်းပြီးတာနဲ့ ငါမင်းကို ခေါ်သွားပေးမယ် ”

မိုဝူကျိက ဆက်လက် မတွေးချင်တော့ပေ။ ထာဝရကမ္ဘာငယ်မှာ သူ့အပိုင်ဖြစ်ပြီး မည်သည်ကြောင့်ဖြစ်လာသည်ကို ဖော်ထုတ်ရန် အချိန်တစ်ခု လိုအပ်သေးသည်။

“ ဖိုးဖိုး … ကမ္ဘာမြေကို ကာကွယ်လိုက်တာဆိုရင် အဲ့ဒါဆို ယာဉ်ပျံတွေက သူတို့စိတ်ကြိုက်ဝင်လို့မရတော့ဘူးပေါ့ …. ”

“ မဟုတ်ဘူး။ ငါ့ကာကွယ်ရေးအစီအရင်က ယာဉ်ပျံတွေအပေါ်မှာ သက်ရောက်မှုမရှိဘူး။ ကျင့်ကြံနိုင်တဲ့ သက်ရှိတွေအပေါ်မှာပဲ သက်ရောက်မှုရှိတာ။ ငါ့အစီအရင်အောက်မှာဆိုရင် အင်မတန် အားကောင်းတဲ့ ကျင့်ကြံသူတွေ ဒါမှမဟုတ် အင်မတန် အားကောင်းတဲ့ သားရဲတွေ ရောက်လာရင် သူတို့ချက်ချင်း အသတ်ခံရလိမ့်မယ်။ ”

“ သားရဲတွေဆိုတာ ဘယ်လိုမျိုးလဲဟင် ”  မိုချင်းချယ်က သိချင်စွာ မေးလိုက်သည်။

…………..

ရက်အနည်းငယ်အကြာအတွင်း မိုဝူကျိက ကမ္ဘာမြေ၏ ကာကွယ်ရေး အစီအရင်ကို ခင်းကျင်းပြီးသွားလေပြီ။ ထို့နောက် သူက သူ့ယာဉ်ပျံလေးကို ထုတ်ကာ မိုချင်းချယ်အား ကမ္ဘာမြေ၏ အဝေးသို့ ခေါ်ဆောင်သွားတော့သည်။ ယာဉ်ပျံလေးက အာကာပြင်ထဲ ဝင်လိုက်သည့်အချိန် မိုဝူကျိက ရွိုက်ကောနှင့် တာ့ဟွမ် ကို ခေါ်ထုတ်လိုက်သည်။ ယခု သူက ပညာရှိတာအို အဆောင်ကို သန့်စင်မည့်နည်းလမ်း ရှာလိုသည်။ သူ့အနေနှင့် သန့်စင်ပြီးမှသာ အထဲတွင်ရှိသော ပစ္စည်းကို ရနိုင်ပေလိမ့်မည်။ ထို့ကြောင့် ယာဉ်ပျံကို ရွိုက်ကောဆီ လွှဲပေးလိုက်၏။ မိုချင်းချယ်က တစ်ခါမှ မကျင့်ကြံဖူးသေး၍ တာ့ဟွမ်ကို ဘေးမှ အစောင့်အဖြစ် ထားပေးလိုက်သည်။

အာသာသထဲတွင်ရှိသော စည်းမျဉ်းများမှာ အားနည်းလာ၏။ ယာဉ်ပျံပေါ်တွင် ကာကွယ်ရေး အစီအရင်များ ခင်းကျင်းထားသောကြောင့် ရွိုက်ကောနှင့် တာ့ဟွမ်တို့သည်လည်း သူတို့ထွက်လာသည့်အခါ မိုးမြေ စည်းမျဉ်း၏ ဖိနှိပ်ခြင်းကို မခံစားရပေ။

“ ချင်းချယ် …. တာ့ဟွမ် နဲ့ရွိုက်ကောတို့က မိတ်ဆွေတွေလေ။ ငါခဏလောက် တံခါးပိတ်ကျင့်ကြံမှာမလို့ အဲ့အချိန်အတွင်းမှာ သူတို့က မင်းကို အဖော်ပြုပေးလိမ့်မယ်။ ငါတို့ဂိုဏ်းကို ရောက်တာနဲ့ မင်းကို ဘယ်လိုကျင့်ကြံရမလဲဆိုတာ သင်ပေးမယ်။ ငါတို့က အခု အာကာသထဲမှာဆိုတော့ မိုးမြေစည်းမျဉ်းတွေက မပြီးပြည့်စုံသေးဘူး။ အဲ့ဒါကြောင့် အခု ကျင့်ကြံဖို့ မလိုသေးဘူး။ ”

မိုဝူကျိက ပညာရှိတာအို အဆောင်ကို အလောတကြီး သန့်စင်လိုနေသည်။ ထို့ကြောင့် တာ့ဟွမ်နှင့် ရွိုက်ကောကိုပါ  ညွှန်ကြားထားလိုက်သည်။

“ သခင်ကြီး စိတ်မပူပါနဲ့။ အားလုံးကို ကျွန်တော့်ဆီသာ အပ်ထားလိုက် ….”  ရွိုက်ကောက ရင်ဘတ်ကို ပုတ်ကာ ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။ ထိုအရာကို ကြားပြီး မိုချင်းချယ်က ရွိုက်ကောအား တအံ့တသြကြည့်ကာ

“ ဒီငှက်ကြီးက စကားပြောနိုင်တယ်လား ”

မိုဝူကျိက အင်မိုတယ်လောကသို့ တတ်နိုင်သမျှ မြန်မြန် ပြန်သွားလိုလေသည်ဖြစ်ရာ သူ့အတွက် အရာအားလုံးကို ရှင်းပြနေဖို့ အချိန်မရှိပေ။ ထို့ကြောင့် အခန်းငယ်လေးသို့ သွားကာ အတားအဆီးများ ချထားလိုက်သည်။ သူ့အသိစိတ်မှာ သူ့အသိစိတ်ပင်လယ်အတွင်းသို့ ရောက်ရှိသွားလေ၏။ ဤသို့ အဆင့်နိမ့်ကမ္ဘာမျိုး၌ အာကာပြင်မှာ ဘာမှကြောက်စရာ မရှိပေ။

သို့သော်လည်း တာ့ဟွမ်က ဝင်ပြောလိုက်သည်။

“ အဲ့ဒါက ငှက်မဟုတ်ဘူး။ ခြင်တစ်ကောင်ပဲ”

“ဟား ဟား ဟား …  သွေးဆာခြင်နက်ကလည်း ခြင်ပဲလေ။ ဒါပေမဲ့ သွေးဆာခြင်နက်ထက် အံ့သြဖို့ကောင်းတဲ့ငှက်ကို မင်း မြင်ဖူးလို့လား ….  ငါက ငှက်တောင် မဖြစ်ချင်ဘူး။ ဒီမှာ အစ်မကြီး …. ဒီက အစ်မကြီးက ကျွန်တော့်သခင်ကြီးရဲ့ တပည့်လား … ”

ရွိုက်ကောက ရယ်မောရင်း မိုချင်းချယ်ကို ပြောလိုက်သည်။ အသိပြန်ဝင်လာသည့် မိုချင်းချယ်က မြန်မြန်ပြန်ဖြေလိုက်သည်

“ မိုဝူကျိက ငါ့အဖိုးလေ။ ငါ့နာမည်က မိုချင်းချယ် ”

“ သြော် မင်းက သခင်ကြီးရဲ့ မြေးမလေးလား ”

ရွိုက်ကောက ထိုအရာကို ကြားပြီး ဦးညွှတ်လိုက်သည်။ သူ့စိတ်ထဲ၌လည်း အရမ်းကို ပျော်ရွှင်မိနေပြီး လေးလေးနက်နက် ပုံစံဖြင့် ပြောလိုက်သည်။

“ ဟုတ်တာပေါ့ ၊ ဟုတ်တာပေါ့။ မင်းရဲ့မျိုးရိုးနာမည်က ‘မို’ ဖြစ်မှတော့ အဲဒီလိုပဲ ဖြစ်လောက်မယ်။ နောင်ကျရင် မင်း ငါ့ကို ‘အစ်ကိုကြီးရွိုက်ကော’ လို့ခေါ်လို့ရတယ် ”

မိုဝူကျိရှေ့တွင် တာ့ဟွမ်က သူ့အကြောင်း ထုတ်ဖော်မည်ကို စိုးရိမ်၍ ရွိုက်ကောက အရင်ဦးစွာ ပြောထားလိုက်သည်

“ ဒါက တာ့ဟွမ်လေ။ သူ့ကို ‘အစ်ကိုတာ့ဟွမ် ’လို့ ခေါ်လို့ရတယ်။ ဒါပေမဲ့ သူ့ကိုတော့ ‘ဒုတိယအစ်ကို’ လို့ပဲ သဘောထားပေါ့။ ဒါနဲ့ မင်းကို ပြောဖို့မေ့နေတာ။ ငါက သခင်ကြီးနဲ့အရင်ဆုံး သိတာလေ။ တာ့ဟွမ်က နောက်မှ သိတာ။ အဲ့ဒါကြောင့်မလို့ အစ်ကိုကြီးနဲ့ဒုတိယအစ်ကို ဆိုတာ ဘယ်သူ့ကို ဘယ်လိုခေါ်ရမလဲဆိုတာ မင်းကိုယ်မင်းပဲ သတ်မှတ်လိုက်ပေါ့ ”

တာ့ဟွမ်က ဝင်ပြန်ခံပြောလိုက်သည်  “ ငါက မင်းထက် အားကောင်းတယ်ကွ ”

ယခု မိုချင်းချယ်က ရွိုက်ကောသည် အနည်းငယ် ထူးဆန်းနေကြောင်း သတိထားမိလိုက်ပြီး မည်သူက အစ်ကိုကြီး မည်သူက ဒုတိယအစ်ကို ဖြစ်ကြောင်း ဘာမှဝင်မပြောပေ။ သူမက သိချင်စွာ မေးလိုက်သည်

“ ရွိုက်ကော က တကယ့်ကို သွေးဆာခြင်နက်လား ”

“ မင်းလည်း သွေးဆာခြင်နက်ကို သိတာလား … ”

ရွိုက်ကောက မိုချင်းချယ် မေးသည်ကို ကြားသည်နှင့် ချက်ချင်းကို တုံ့ပြန်လိုက်သည်။ မိုချင်းချယ်က ခေါင်းညိမ့်ကာ

“ ဒါပေါ့၊ သိတာပေါ့။ သွေးဆာခြင်နက်ဆိုတာ ရှေးခေတ်အချိန်အခါတုန်းက အရက်စက်ဆုံး သတ္တဝါထဲမှာ ပါတယ်လေ။ ရှင်ကလည်း အဲ့လိုမျိုးပဲလား။ ပြီးတော့ ရှင်က အဆင့် ၁၂  မွန်မြတ်ရွှေကြာကိုတောင် အဆင့် ၉ ဖြစ်တဲ့အထိ စားနိုင်တယ်ဆို ”

ထိုအရာကို ကြားပြီး တာ့ဟွမ်က ဆက်၍ သည်းမခံနိုင်တော့ဘဲ စိတ်မရှည်စွာ ဝင်ပြောလိုက်သည်

“ အမလေး အိမ်မက် မက်နေတာ။ သွေးမျိုးဆက် နည်းနည်းလေး ဆက်ခံထားတာနဲ့ သူ့ကိုယ်သူ အဟုတ်မှတ်နေတာ ”

“ အဲ့ဒါဆိုရင်တောင် အတော်လေးအံ့သြဖို့ ကောင်းနေပါပြီ ”

မိုချင်းချယ်က သွေးဆာခြင်နက်သည် ဒဏ္ဍာရီထဲမှ ဖြစ်ကြောင်း သိ၍ ပြောလိုက်သည်။ သို့သော် သူမက တစ်ရက်ရက်၌ ဤသို့သတ္တဝါမျိုးကို အရှင်လတ်လတ် မြင်တွေ့ရလိမ့်မည်ဟု တစ်ခါမျှ စိတ်ကူးမထားခဲ့ပေ။ ထိုစကားများ ထွက်လာသည့်အခါ ရွိုက်ကော က အလွန်ပျော်ရွှင်လာမိပြီး မိုချင်းချယ်အား လှည့်ပြောလိုက်သည်

“ တာ့ဟွမ်က အဲ့လောက်ကြီး လုပ်ရည်ကိုင်ရည် မရှိဘူး။ သူက ငါ့နာမည်တောင် လိုချင်နေတာ။ ဒါပေမဲ့ သခင်ကြီးက ငါ့ကို အကောင်းဆုံးနာမည် ပေးထားတာလေ။ အဲ့ကြောင့်မို့ သူ့ကို တာ့ဟွမ်လို့ ခေါ်တာ ”

“ ရွိုက်ကောက အကောင်းဆုံး နာမည်လား ”

မိုချင်းချယ်က ရွိုက်ကောအား တအံ့တသြကြည့်ရင်း ပြောလိုက်သည်။ ရွိုက်ကောက ဂုဏ်ယူစွာ တုံ့ပြန်လိုက်သည်

“ ဟုတ်တာပေါ့။ ‘ရွိုက်ကော’ ဆိုတာ ဘာအဓိပ္ပာယ်တုန်း သိလား။ မသိရင် သင်ပေးမယ်။ ‘ရွိုက်ကော’ ဆိုတာ ‘ကြီးကျယ်မြင့်မြတ်တဲ့ ခန့်ချောကြီး’ ဆိုတဲ့ အဓိပ္ပာယ်ပဲ ”

“ ဖူး ဖူး ”

သူမက ဆက်၍ သည်းမခံနိုင်တော့ဘဲ အားရပါးရ ရယ်မောလိုက်တော့သည်  “ ဟုတ်တာပေါ့ ၊ ဟုတ်တာပေါ့ ။ ဒီနာမည်က အရမ်းကို ကြီးကျယ်မြင့်မြတ်တဲ့ နာမည်မျိုးပဲ ”

……………..

အသိစိတ်ပင်လယ်အတွင်းမှ ပညာရှိတာအို အဆောင်ကြီးကို သင်္ကေတများစွာဖြင့် ဖိနှိပ်ထားသော်လည်း မိုဝူကျိ က ထိုဝန်းကျင်၌ လှည့်ပတ်နေသော တာအို လှိုင်းတွန့်လေးများကို ခံစားမိဆဲ ဖြစ်သည်။

သူ့အသိစိတ်ပင်လယ်မှာ အရင်ကထက် အားကောင်းလာသော်လည်း ပညာရှိတာအို အဆောင်ကို အထင်မသေးရဲပေ။ ဤအဆောင်ကို ချိုးနှိမ်ဖို့ရန် အစီအရင်အလံ ဆယ်ခုကို ပစ်လွှတ်လိုက်ပြီးနောက် မိုဝူကျိက ဤပညာရှိတာအိုအဆောင် ထိန်းသိမ်းနိုင်ရန် အာမခံချက် ရလို ရငြား ခွန်းဝူဓားကို ထုတ်လိုက်သည်။ ထို့အဆင့်များ ပြီးသွားပြီးနောက် မိုဝူကျ၏ စိတ်စွမ်းအားက ပညာရှိတာအိုအဆောင်ထဲ စိမ့်ဝင်သွားသည်။ သူ့ စိတ်စွမ်းအား ဝင်ရောက်သွားသည်နှင့် ရေကာတာကြီး ကျိုးပျက်လာသည့်အလား ခံစားလိုက်ရသည်။

အဆင့်ကွဲသော ညွှန်ကြားချက်အမျိုးမျိုးက မိုဝူကျိ၏ အသိစိတ်ပင်လယ်အတွင်း ဆက်တိုက်စီးဝင်လာလေ၏။ အင်မော်တယ်ဧကရာဇ်ကိုပင် ကျော်လွန်နိုင်သည့် သူ့အသိစိတ်ပင်လယ်မှာလည်း ဆက်၍ အောင့်မခံနိုင်တော့ပေ။ လက်ရှိ ရွေးချယ်စရာ နှစ်ခုမျှသာ ကျန်ရှိတော့သည်။ ပထမတစ်ခုမှာ ချက်ချင်း လက်ငင်း ပညာရှိတာအိုအဆောင်မှ ထွက်ဖို့ ဖြစ်ပြီး သူက ဝင်ရောက်လာခါစ ဖြစ်ကာ ထွက်ဖို့ရာအချိန် လုံလုံလောက်လောက် ရှိသေး၏။

ဒုတိယ ရွေးချယ်မှု့မှာ ထိုညွှန်ကြားချက်အားလုံးကို စုပ်ယူပြီး သူ့ကိုယ်ပိုင်အဖြစ် ပြောင်းလဲခြင်း ဖြစ်သည်။ အဆုံးသတ်၌ မိုဝူကျိက ပညာရှိတာအိုအဆောင်မှ မထွက်ခွာလိုက်ပေ။ သူက ဤပညာရှိတာအိုအဆောင်ထဲ ဝင်သည်မှာ ဒုတိယအကြိမ်ဖြစ်၍ အကယ်၍သာ နောက်ဆုတ်လိုက်လျှင် ဘယ်တော့မှ အသိအမှတ် အပြုခံရတော့မည် မဟုတ်ကြောင်း ခံစားမိ၍ ဖြစ်သည်။ ဆိုလိုသည်မှာ သူ အပြင်သို့ ထွက်လိုက်သည်နှင့် ဤပညာရှိတာအိုအဆောင်အား နောက်တစ်ကြိမ် ထပ်မံ သန့်စင်နိုင်တော့မည် မဟုတ်ပေ။

***

All Chapters