← Chapters

သေစေလောက်သည့်အန္တရာယ်

Vol. 62 Ch. 853

သေစေလောက်သည့်အန္တရာယ်

Vol. 62 Ch. 853

အဆင့်အမျိုးမျိုး၏ ညွှန်ကြားချက်များက မိုဝူကျိ၏ အသိစိတ်ပင်လယ်အတွင်း တရှိန်ထိုး ပြေးဝင်လာကြသည်။  သူ့အနေဖြင့် ထိုအရာအားလုံးကို ချက်ချင်းသန့်စင်ဖို့ စွမ်းရည် မရှိသော်လည်း သူက ပညာရှိတာအိုအဆောင်မှလည်း မထွက်သွားလိုပေ။ ထို့ကြောင့် သူတွေးနိုင်သမျှ တစ်ခုတည်းသော ရွေးချယ်မှုမှာ ထိုညွှန်ကြားချက်များကို စီစစ်ထုတ်ဖို့ ဖြစ်သည်။ မိုဝူကျိ၏ အသိစိတ်ပင်လယ်အတွင်းသို့ ဝင်မလာခင် ညွှန်ကြားချက်များက တစ်ခုပြီးတစ်ခု ဖြတ်တောက်ခံလိုက်ရ၏။ ပမဏ နည်းနည်းမျှသာ စုပ်ယူခံလိုက်ရပြီး သူ၏ ကိုယ်ပိုင်အဖြစ်သို့ ပြောင်းလဲလိုက်သည်။

တခြားလူများက ဤအရာကို ဖြုန်းတီးနေသည်ဟု ထင်ကောင်း ထင်နိုင်လောက်၏။

တချို့သူများအနေနှင့်လည်း ထိုသို့ မလုပ်ဆောင်ရဲလောက်ချေ။ အကြောင်းမှာ ပညာရှိတာအိုအဆောင်၏ အင်အားကို သက်ရောက်မှု ရှိလေမလားဟူ၍ ကြောက်ရွံ့နေကြ၍ ဖြစ်သည်။ သို့သော်လည်း မိုဝူကျိက ထိုအရာအားလုံးကို လုံးဝ ဂရုမစိုက်ခဲ့ပေ။

သူက အင်မော်တယ် မော်တယ် ကျင့်စဉ်ကို ကျင့်ကြံသောကြောင့် ပညာရှိတာအိုအဆောင်မှ ညွှန်ကြားချက်များစွာကို မလိုအပ်ပေ။

သူက အခြေခံ ညွှန်ကြားချက်များကို သိရှိသွားသည်နှင့် သူ့တာအို အသိဉာဏ်ပွင့် လမ်းကြောင်းကို အသုံးပြု၍  သူ့အပိုင် ဖြစ်နိုင်သည့် တာအိုအဆောင်အား လေ့လာနိုင်ပေလိမ့်မည်။

သူက ညွှန်ကြားချက်အမျိုးမျိုးကို ဖြတ်တောက်လိုက်သောကြောင့် အသိစိတ်ပင်လယ်မှ ဖိအားကလည်း သိသိသာသာ လျော့ဆင်းသွားသည်။ သူ့ဘေးပတ်လည်၌ ငွေရောင် ညွှန်ကြားချက်များက စတင် ဖြစ်တည်လာသည်။

ထိုငွေရောင် ညွှန်ကြားချက်များက ဖြတ်ခနဲဖြစ်သွားကာ သူ့အား အပြည့်အ၀ လွှမ်းခြုံသွားလေ၏။

………….

ကွာချန်းမြို့၊ ရှန်းကျစ်ယန်၏ ယာယီ ရုံးခန်းအတွင်း

ရှန်းကျစ်ယန်က ဖုန်တလုံးလုံးနှင့် ဖြစ်နေသော ထန်ကျန်းမန်ကို တအံ့တသြ ကြည့်လိုက်သည်။  သူမ အမှန်တကယ် ရောက်ရှိလာလိမ့်မည်ဟု တစ်ခါမျှ တွေးမထားမိပေ။

သူက သူမ ဘေးနားမှ ရှီလီကို မြင်လိုက်သည့်အခါ တစ္ဆေတစ်ကောင်ကို မြင်လိုက်သည့်အလား လန့်ဖြန့်သွားလေ၏။ သူက ရှီလီအား လက်ညိုးထိုးကာ ထစ်ထစ်အအဖြင့် ပြောလိုက်သည်။

“ ခင် … ခင် … ခင်ဗျားက နံပါတ်တစ် နံပါတ်တစ် ပညာရှင် ရှီလီမလား ”

ရှီလီက ပြုံးရင်း နှုတ်ဆက်ကာ တုံ့ပြန်လိုက်သည်။

“ ဟုတ်တယ်။ ကျုပ်က ရှီလီပါ။ စီနီယာ မိုဝူကျိနဲ့စာရင်တော့ ကျုပ်က ဘာမှမဟုတ်ပါဘူး။ ကျုပ်ကို နံပါတ်တစ် ပညာရှင်လို့ မပြောပါနဲ့လား ”

ရှန်းကျစ်ယန်က သူ့ဘာသာသူ ပြန်ထိန်းလိုက်ပြီး ထန်ကျန်းမန်အား တအံ့တသြဖြင့်ကြည့်ကာ

“ ထန်ကျန်းမန် …. မင်းက အာကာသ ညွှန်ကြားရေး အဖွဲ့ချုပ်ရဲ့ ကြယ်သုံးလုံး စာမေးပွဲကို အောင်သွားပြီလား ”

ရှီလီက အရင်ဦးစွာ ဝင်ဖြေလိုက်သည်။

“ ထန်ကျန်းမန်ရဲ့ အရည်အချင်းနဲ့ဆိုရင် တိယွမ်ဂြိုလ်ပေါ်က ကြယ်ငါးလုံး စာမေးပွဲတောင် ဘာဆိုဘာမှမဟုတ်တော့ဘူး ”

ထန်ကျန်းမန်က မြန်မြန်ဝင်ပြောလိုက်သည်။

“ ဟုတ်တယ် …. ငါက ကြယ်သုံးလုံးစာမေးပွဲကို အောင်သွားပြီ။ အစ်ကိုကြီး မိုဝူကျိ သင်ပေးတာတွေက အရမ်းကို အားကောင်းလွန်းတယ် ”

ရှန်းကျစ်ယန်နှင့် မိုဝူကျိတို့က မိတ်ဆွေဖြစ်ကာ သူက သူမ၏ အတန်းဖော် ဖြစ်သောကြောင့် သူမအနေဖြင့် သူ့ရှေ့မှောက်၌ မိုဝူကျိအား စီနီယာဟု မသုံးစွဲလိုပေ။  ရှန်းကျစ်ယန်က အရူးမဟုတ်ပေ။ သူက အရူးမဟုတ်သည်သာမက အလွန်မြင့်မားသော အသိဉာဏ်လည်း ပိုင်ဆိုင်ပေသည်။ မဟုတ်လျှင် သူက မိုဝူကျိသည် ထူးခြားကြောင်း အာရုံခံမိမည် မဟုတ်ပေ။

သူက ထန်ကျန်းမန်၏ စကားကို ကြားပြီး ရှီလီသည်လည်း ဤကွာချန်းမြို့ငယ်လေးသို့ ရောက်လာသည်ကို မြင်သောအခါ သူက သူတို့ရောက်လာသည့် အကြောင်းအရင်းကို သေချာပေါက် သိလိုက်သည်။  မိုဝူကျိကို လာရှာချင်တာ ဖြစ်လိမ့်မည်။ သို့သော်လည်း သူက မိုဝူကျိ၏ တည်နေရာကို မသိပေ။ မိုဝူကျိကို သူ ကယ်တင်ဖူးသည်မှာ အခွင့်ကြုံ၍သာ ဖြစ်သည်။ မိုဝူကျိနှင့် ဆက်ဆံရမည့် နည်းလမ်းမရှိသည့်အတွက် မည်သည့်နေရာမှာ အစရှာရမည်နည်း။

မျှော်လင့်ထားသည့်အတိုင်း ထန်ကျန်းမန်က ဝင်ပြောလိုက်သည်။

“ ရှန်းကျစ်ယန် … အရင်က ငါ မျက်လုံးစုံမှိတ် ကန်းနေလို့ အစ်ကိုကြီးမိုဝူကျိကို ဆရာအဖြစ် မသတ်မှတ်လိုက်ရဘူး။ အခု စီနီယာရှီလီက အစ်ကိုကြီးမိုကို ရှာချင်တယ်ဆိုလို့ သူရဲ့လိပ်စာကို ပြောပြလို့ ရမလား ”

ရှန်းကျစ်ယန်က အနည်းငယ်သက်ပြင်းချကာ

“ ထန်ကျန်းမန် … ငါလည်း အစ်ကိုကြီးမို ဘယ်သွားတယ်ဆိုတာကို မသိဘူး။ အရင်တုန်းက သူ့ကို လော့ယန်တောင်ခြေမှာ မတော်တဆတွေ့လို့ ဆေးရုံပို့ပေးခဲ့ရုံပဲ ”

ရှန်းကျစ်ယန်၏ ရှင်းပြချက်ကို ကြားပြီး ထန်ကျန်းမန်နှင့် ရှီလီတို့၏ မျက်ဝန်းများမှာ စိတ်ပျက်မှုများနှင့် ပြည့်နှက်သွားသည်။

ရှီလီက လော့ယန်တောင်၏ တည်နေရာအကြောင်း မေးချင်သော်လည်း သူ့ဖုန်းက မြည်လာလေသည်။ ဖုန်းတစ်ဝက်တစ်ပျက် ဖြေကြားရင်း သူ့လက်များက တုန်ယင်လာကာ ဖုန်းက မြေပေါ်သို့ လွတ်ကျသွားလေ၏။

ဘေးတွင်ရှိနေသော ထန်ကျန်းမန်က ဖုန်းအား မြေပေါ်သို့မကျခင် ဆွဲဖမ်းယူနိုင်လိုက်သည်။

“ စီနီယာရှီလီ…”

သူမက ထပ်မေးတော့မည့်ဆဲဆဲတွင် ဖုန်းမှ အသံတစ်သံ ထွက်ပေါ်လာသည်။

“ အရင်ကထက် အားကောင်းတဲ့ သားရဲတွေ အများကြီး ရောက်လာပြီ။ ငါတို့တွေ တစ်ကောင်မှကို မနှိမ်နင်းနိုင်ဘူး။ တိယွမ်ဂြိုလ်ရဲ့ ကာကွယ်ရေးပစ္စည်းတွေ အကုန်လုံးကလည်း ပျက်စီးသွားပြီ။ လူသားတွေ တော်တော်များများလည်း  သားရဲတွေရဲ့ သတ်ဖြတ်ခြင်းကို ခံနေရတယ်။ ပြီးတော့ သူတို့တွေက ဉာဏ်ရှိတဲ့ပုံပဲ။ သူတို့က လူသားတွေကို မသတ်တော့ဘဲ ကမ္ဘာမြေဆီ လွှတ်ဖို့လုပ်နေကြတယ် ”

‘ ဒေါက် ’

ထန်ကျန်းမန်က ဖုန်းကို ကိုင်မထားနိုင်တော့ဘဲ မြေပေါ်သို့ လွတ်ကျသွားလေသည်။

ဖုန်း၏ အရည်အသွေး ကောင်းမွန်မှုကြောင့် အသံက ဆက်လက် ထွက်ပေါ်နေဆဲ ဖြစ်သည်။

“ ဆရာရှီလီ ….  ဆရာရှီလီ … ဒီဟာကို ကြားရင် ချက်ချင်း တုံ့ပြန်ပါ။ ချက်ချင်း တုံ့ပြန်ပါ ….. ”

“ ဟာ သွားပြီ၊ သွားပြီ၊ အဆုံးသတ်သွားပြီ ” ရှီလီ၏ အသံ၌ ခိုကိုးရာမဲ့ဖြစ်သည့် အရိပ်အယောင်များ ပါဝင်နေသည်။

“ စီနီယာရှီလီ .... မစိုးရိမ်ပါနဲ့။ အစ်ကိုကြီးမို ရှိနေသေးတာဆိုတော့ အဲ့ဒီ့သားရဲတွေက ကမ္ဘာမြေကို ရောက်လာရင်တောင် ဘာမှလုပ်နိုင်မှာမဟုတ်ပါဘူး ”

ထန်ကျန်းမန်က ဝင်နှစ်သိမ့်ပေးလိုက်သည်။ ရှီလီက ခေါင်းခါကာ ပြောလိုက်သည်

“ ကျန်းမန် …..  မင်းနားလည်မှာမဟုတ်ဘူး။ ငါဘာလို့အလောတကြီး ပြန်လာရတယ်ဆိုတာကို သိလား။ ငါက တိယွမ်ဂြိုလ်မှာ ပုန်းနေတုန်း သားရဲနှစ်ကောင် တိုက်နေတာကို မြင်လိုက်ရတယ်။ သူတို့တွေက မီတာတော်တော်လေး မြင့်မားပြီးတော့ ဓားသွားတွေကိုတောင် ထုတ်နိုင်ကြတယ်။ အဲ့ဒီဓားသွားတွေက သစ်ပင်ကြီးကိုတောင် နှစ်ပိုင်း ပြတ်သွားနိုင်စေတယ်။ စီနီယာမိုက ဘယ်လောက်ပဲ အားကောင်းကောင်း တစ်ယောက်တည်းပဲလေ။ အဲ့ဒီ့ သားရဲတွေသာ ကမ္ဘာမြေပေါ်ရောက်လာရင် လူသားမျိုးနွယ်တော့ အဆုံးသတ်သွားတော့မှာပဲ ”

ရှီလီ၏ စိတ်ထဲ၌ စိတ်ပျက်မှုများ အမြစ်တွယ်လာလေ၏။ သူက ကမ္ဘာမြေမှ တိယွမ်ဂြိုလ်သို့ သွားသော နံပါတ်တစ်ပညာရှင် ဖြစ်သော်လည်း ဤသားရဲများနှင့် ရင်ဆိုင်ရသည့်အခါ သူ့အနေဖြင့် ဓားသွားတစ်ခုကိုမျှ တားဆီးနိုင်မည် မဟုတ်ပေ။

အမိကမ္ဘာမြေ၏ ပတ်ဝန်းကျင်အနေအထားကို ထိန်းသိမ်းပြီးနောက် ဤသားရဲများက တိုက်ခိုက်လာလိမ့်မည်ဟု မည်သူကများ တွေးမိမည်နည်း။

ထိုအရာက ထန်ကျန်းမန်ကိုလည်း ကြောင်အမ်းသွားစေသည်။ သူမက ရှီလီနှင့် တစ်ခါမျှ မတိုက်ခိုက်ဖူးသော်လည်း သူမအနေဖြင့် သူ့ပြိုင်ဘက် မဟုတ်ကြောင်း သိလေသည်။

ယခုမူ စီနီယာရှီလီက ထိုသားရဲများကို ကြောက်ရွံ့နေလေရာ သူတို့သာ ကမ္ဘာမြေသို့ရောက်လာလျှင် မည်သို့ဖြစ်သွားမည်နည်း။

အကယ်၍ တစ်ကောင် နှစ်ကောင်ဆိုပါက နျူကလီးယား လက်နက်များဖြင့် ချေမှုန်းနိုင်သော်လည်း အုပ်စုလိုက်ကြီး ဖြစ်နေလျှင် နျူကလီးယားကို သုံးခြင်းက ကိုယ့်သေတွင်းကိုယ် တူးနေသလို ဖြစ်လိမ့်မည်။

ရှီလီက သက်ပြင်းချကာ

“ငါတို့တွေ ယာဉ်ပျံကို ဆောက်ဖို့မလိုတော့ဘူး။ ငါတို့တွေ ထွက်သွားတာနဲ့ရန်သူတွေကို ပြန်ခေါ်လာသလို ဖြစ်လိမ့်မယ်။ ”

“ အဲ့ဒါဆို ကျွန်မတို့ ဘာလုပ်သင့်တုန်း။ ဘာလုပ်ရမလဲ၊ ဘာလုပ်ရမလဲ …. ”

ထန်ကျန်းမန်က သူမသည် ရှီလီကို နှစ်သိမ့်နေသည့်အကြောင်း မေ့လျော့သွားပြီး ဘာဆက်လုပ်လို့လုပ်ရမှန်း မသိတော့ပေ။ ရှီလီ၏ မျက်ဝန်းများက ကောင်းကင်ပြာကြီးကို ကြည့်ကာ ခိုင်မာစွာ ပြောလိုက်သည်။

“ ငါသေရင်တောင် ရှေ့တန်းမှာပဲ တိုက်ခိုက်ရင်းနဲ့ သေမယ်။ ကျန်းမန် …. မင်းက အလားအလာ ကောင်းတယ်။  ဒီသားရဲတွေ ကမ္ဘာမြေပေါ် ရောက်လာရင်တောင် အသက်ရှင်တဲ့ လူသားမျိုးနွယ်စုတော့ ကျန်ရှိဦးမှာပဲ။  မင်းအနေနဲ့ ဆက်လက်အသက်ရှင်ပြီးတော့ မင်းရဲ့အလားအလာနဲ့အင်အားကို တိုးတက်အောင်လုပ်ဖို့မျှော်လင့်တယ်။ နောက်ပိုင်းကျရင် လူတွေကို ဦးဆောင်ပြီးတော့ အဲ့ဒီသားရဲတွေကို မောင်းထုတ်နိုင်လိမ့်မယ်။ ငါတို့ လူသားမျိုးနွယ်စုတွေက ပျက်သုန်းမသွားသ၍ သူတို့ကို မောင်းထုတ်နိုင်တဲ့နေ့ရက်ဆိုတာ ရောက်လာလိမ့်မယ်။ ”

ရှီလီက သူ့စကားကို ပြောပြီးနောက် လှည့်ထွက်သွားလိုက်သည်။  ထိုသားရဲများမှာ အာကာသထဲ ရောက်နေပြီ ဖြစ်ရာ ကမ္ဘာမြေသို့ ရောက်လာဖို့ရန် လအနည်းငယ်မျှသာ လိုတော့၏။

ဤလပိုင်းလေးအတွင်း  သူက ပြင်ဆင်မှုများ လုပ်ထားသင့်သည်။

“ စီနီယာရှီလီ …. ကျွန်မလည်း လိုက်ခဲ့မယ်။ အစ်ကိုကြီးမိုရဲ့ ညွှန်ကြားချက်ကြောင့်သာ မဟုတ်ရင် ကျွန်မ ထန်ကျန်းမန်လည်း ဘာမှမသိတတ်တဲ့ ကျောင်းသားပဲ ဖြစ်နေဦးမှာ။ အခု အင်အားရလာပြီဆိုတော့ တစ်ကောင်ဖြစ်ဖြစ် နှစ်ကောင်ဖြစ်ဖြစ် သတ်နိုင်ရင်တောင် ကျေနပ်ပါတယ်။ ”

ရှီလီ၏ ခံစားချက်က သူမကို စိတ်လှုပ်ရှားသွားစေသည်။ ရှီလီက ကမ္ဘာမြေမှ ထွက်သွားသည့် ပထမပညာရှင် ဖြစ်စဉ်အခါက ကမ္ဘာမြေ၏ ပညာရှင်များကို ဦးဆောင်၍ တိယွမ်ဂြိုလ်ပေါ်၌ ခြေကုပ် နေရာရယူနိုင်ခဲ့သည်။

ယခုအခါ သားရဲများက ကမ္ဘာမြေသို့ရောက်လာပြီဖြစ်ရာ သူက ဤကမ္ဘာမြေကို ကာကွယ်ဖို့ရာအတွက် သူ့အသက်ကို စတေးထားလိုသည်။ ရှီလီက ဘယ်သောအခါမှ သူ့အတွက် ထည့်မတွက်ပေ။ အကယ်၍ ထန်ကျန်းမန်သာ ဤသို့စိတ်အနေအထားမျိုး ရှိခဲ့လျှင် ယခုအခါ မိုဝူကျိ၏ တပည့် ဖြစ်နေလောက်လေပြီ။ သို့သော် သူမက တစ်ကိုယ်ကောင်းဆန်ကာ တိယွမ်ဂြိုလ်ပေါ်သို့ သွား၍ ကောင်းကောင်းမွန်မွန် နေချင်သည့်အတွက် သူမ ပိုင်ဆိုင်သင့်သောအရာအား ဆုံးရှုံးခဲ့ပေသည်။

ထန်ကျန်းမန်အား စိုက်ကြည့်ပြီးနောက် ရှီလီက ခေါင်းညိမ့်ကာ

“ ရတယ်လေ။ အဲ့ဒါဆို ငါတို့နဲ့အတူတူ သွားကြမယ်။ ”

သူက သူမအား ပုန်းနေရန် ပြောသော်လည်း ထိုသားရဲများ ရောက်လာသည်နှင့် မည်သည့်နေရာ၌ ပုန်းကွယ်နေနိုင်မည်နည်း။

“ ထန်ကျန်းမန် ….  စီနီယာ ရှီလီ၊ ကျွန်တော်လည်း ကူညီပေးပါရစေ … ”

ရှန်းကျစ်ယန်ကလည်း မြန်မြန်ထပ်ပြောလိုက်သည်။ သို့သော်လည်း ရှီလီက သူ့ပခုံးကို ပုတ်ကာ

“ မင်းက လူကောင်းပါ။ ဒါပေမဲ့ ဒီဟာက မင်းကူညီနိုင်တဲ့အရာ မဟုတ်ဘူး … ”

………………

တောင် ဝင်ရိုးစွန်း

ရှီလီနှင့် ထန်ကျန်းမန်တို့ ရောက်ရှိလာသည့်အခါ ပေါက်ကွဲရေး လက်နက်များကိုလည်း တပ်ဆင်ပြီးသွားလေပြီ။ ကမ္ဘာမြေသို့ ရောက်ရှိလာမည့် သားရဲများကို အချိန်တိုတိုအတွင်း အမြန်အဆန် သုတ်သင်နိုင်ဖို့ မျှော်လင့်ချက်ဖြင့် ထိပ်တန်းအဆင့် ဒုံးကျည်များကိုလည်း တပ်ဆင်ထားသည်။

“ ဆရာရှီလီ ”

ရှီလီ ယာဉ်ပျံပေါ်က ဆင်းလာသည်နှင့် စောစောလေးကမှ ပြန်ရောက်လာသည့် ကာဆာနိုက လေးနက်သော အမူအယာဖြင့် ပြေးလာသည်။

ရှီလီက လက်ဝေ့ပြကာ ပုံမှန်အတိုင်း ရှိနေဖို့ရာ ကြိုးစားလိုက်ပြီး ပြောလိုက်သည်။

“ ငါတို့တွေ တိယွမ်ဂြိုလ်ပေါ် စရောက်ခါစတုန်းက ငါတို့တွေ သားရဲတွေနဲ့ ရင်ဆိုင်ခဲ့ကြရတာပဲ မဟုတ်ဘူးလား။ ဒီမှာ အခြေချပြီးသွားပြီဆိုတော့ ငါတို့တွေ သားရဲတွေကို တားဆီးနိုင်မှာပါ ”

ကာဆာနိုက ဘာမှပြန်မပြောဘဲ သူက ရှီလီ၏စကားများသည် သူ့အတွက် မဟုတ်ဘဲ စစ်သားများအတွက် ဖြစ်ကြောင်း သိ၏။ လက်ရှိ ရှိနေသော စစ်သားများတွင် တိယွမ်ဂြိုလ်သို့ မရောက်ဖူးသည်ဟူ၍ မရှိပေ။ အများစုတွင် အထူးနောက်ခံအားအင်စု ရှိကြသည်။

“ မင်းတို့တွေ လေဆာတံတိုင်းကိုရော လုပ်ပြီးသွားကြပြီလား ”

ရှီလီက သူ့ဘေးပတ်လည်မှ တည်ဆောက်မှုများ၊ ပြုပြင်မှုများကို ကြည့်ကာ မေးလိုက်သည်။

ကာဆာနိုက ခေါင်းငြိမ့်ပြပြီး

“ ဟုတ်ကဲ့ ”

သို့သော် ရှီလီက ဘာမှ ထပ်မပြောတော့ချေ။ သူ့အနေနှင့် လေဆာတံတိုင်း ရှိခြင်း၊ မရှိခြင်းက ခြားနားချက် သိပ်ကြီးမည် မဟုတ်ကြောင်း သိနေပြီးသားဖြစ်၏။  တိယွမ်ဂြိုလ်တွင်လည်း နှစ်များစွာ ကြာသည့်၊ သာမန် လေဆာတံတိုင်းများ လိုက်မမှီနိုင်သည့် လေဆာတံတိုင်း ရှိခဲ့သော်လည်း ထိုသားရဲများက တိယွမ်ဂြိုလ်ပေါ်က ထိုလေဆာတံတိုင်းကို ဖျက်ဆီးနိုင်ပြီး ယာဉ်ပျံများကိုပါ  ခိုးယူနိုင်ခဲ့သည်ဆိုလျှင် ဤလေဆာတံတိုင်းက မည်သို့များ အသုံးဝင်မည်နည်း။

ထိုစဉ် ဝုဖ် က လျှောက်လာကာ မေးလိုက်သည်။

“  ဆရာရှီလီ၊ ကျုပ်တို့တွေ နျူကလီးယားလက်နက်တွေကိုကော ပြင်လိုက်ရမလား ”

“ မလိုဘူး။ ငါတို့တွေ ဒီသားရဲတွေကို နျူကလီးယားလက်နက်နဲ့ သတ်မယ်ဆိုရင် ဒီကမ္ဘာကြီးပဲ ပျက်စီးသွားလိမ့်မယ်။ သူတို့တွေကို မသုံးဘဲနဲ့ နောက်ထပ်နှစ်တွေ ကြာလာရင် ငါတို့လူသားမျိုးနွယ်တွေက ငါတို့အပိုင်ဖြစ်တဲ့ နယ်မြေကို အပိုင်ပြန်လည်ရယူနိုင်ဦးမှာပဲ ”

………………………

တောင်ဝင်ရိုးစွန်းတွင် စစ်သားများ ဆက်တိုက် သွားလာနေကြသော်လည်း ကမ္ဘာမြေရှိ အခြားနေရာတိုင်း၌မူ ပျော်ရွှင်မှုများ အတိ ပြည့်နှက်နေသည်။ ပို၍ ပျော်ရွှင်စေသည်က နှစ်များစွာ ခံစားပြီးသည့်နောက် လေကောင်းလေသန့် ရှူနိုင်ပြီး ကောင်းကင်ပြာကြီးကို တဖန်ပြန်လည် မြင်တွေ့ရသောကြောင့်သာ ဖြစ်သည်။ မကျေနပ်မှုများနှင့် ငြီးတွားမှုများလည်း လျော့ကျသွားဟန် ပေါ်သည်။

လူသားများသည်ကား လိုက်လျောညီထွေ အနေတတ်ဆုံး မျိုးစိတ် ဖြစ်ပေသည်။

လပိုင်းလေးအတွင်း စတော့ပ် ဈေးနှုန်းများက သိသိသာသာ မြင့်တက်လာသည်။ အကယ်၍ ဈေးနှုန်းကျသွားသည့် ကုမ္ပဏီသာ ရှိခဲ့မည်ဆိုလျှင် ထိုအရာများမှာ လေထုသန့်စင်ခြင်း သို့မဟုတ် ဆင်တူသည့် ကုမ္ပဏီမျိုးသာ ဖြစ်ပေ၏။

သို့သော်လည်း တောင်ဝင်ရိုးစွန်း၌ လေထုမှာ တင်းကြပ်နေဆဲ ဖြစ်သည်။

ဧရာမ အမိန့်ပေးစင်တာ အတွင်းရှိ ဖန်သားပြင်များက ကမ္ဘာမြေဆီသို့ ချဉ်းကပ်လာနေသည့် ယာဉ်ပျံအုပ်ကို ပြသနေသည်။ သူတို့၏ ပျံသန်းနှုန်းအရ တောင်ဝင်ရိုးစွန်းသို့ ရောက်ရှိရန် အများဆုံး လဝက်ခန့်သာ လိုပေလိမ့်မည်။

ပို၍ စိတ်ခြောက်ခြားစေသော ကိစ္စမှာ ထိုယာဉ်ပျံများသည် ကမ္ဘာမြေမှ ထုတ်လုပ်ထားသော ယာဉ်ပျံများ ဖြစ်နေခြင်း ဖြစ်သည်။

***

All Chapters