← Chapters

အခန်း (၈၅၄)

Vol. 62 Ch. 854

အခန်း (၈၅၄)

Vol. 62 Ch. 854

“ ယာဉ်ပျံတွေ နီးကပ်လာပြီ။ လေထုထဲ ဝင်ဖို့ ၅၉ မိနစ်အလို ” ခန်းမအတွင်းမှ AI ဆီကနေ အသံထွက်ပေါ်လာသည်။

မော်နီတာပေါ်မှ ယာဉ်ပျံများ အုပ်လိုက် လာနေသည်ကို  ကြည့်နေသည့် ရှီလီက အကြောက်တရားတို့ကို ခံစားမိလိုက်သည်။

“ လေထုထဲ ရောက်ရှိဖို့ ၄၉ မိနစ်အလို ”

AI ၏ အသံက ထပ်မံထွက်ပေါ်လာသောကြောင့် ထိုအသံက ကြောင်အမ်းနေသော ရှီလီအား အသိပြန်ဝင်လာစေသည်။

သူက ရုတ်တရပ် ညွှန်ကြားလိုက်သည်   “ အားလုံး အာရုံစိုက်ကြ။ ယာဉ်ပျံတွေ လေထုထဲရောက်လာတာနဲ့ သူတို့ကို ပိတ်ဆို့ပြီးတော့ ပစ်ခတ်မယ်။ ဒုံးကျည်တွေ ရှောင်ရှားနိုင်တဲ့ ယာဉ်ပျံတွေကို ကမ္ဘာမြေပေါ် ရောက်လာတာနဲ့ အပြင်းထန်ဆုံး ယမ်းဗုံးတွေနဲ့ တိုက်ခိုက်မယ် ”

ရှီလီက ယာဉ်ပျံများအတွင်း အတင်းအကျပ် စေခိုင်းခံရသော လူသားများရှိကြောင်း သိပေ၏။ ယာဉ်ပျံများကို ဖျက်ဆီးလိုက်ခြင်းက အထဲရှိ သားရဲများကို မသတ်ကောင်း မသတ်နိုင်သော်လည်း အထဲရှိ လူသားများမှာမူ သေချာပေါက် သေဆုံးသွားပေလိမ့်မည်။ သို့သော်လည်း သူ့မှာ ဤသို့အမိန့်ပေးရုံမှလွဲ၍ ရွေးချယ်စရာ မရှိပေ။

လူမည်မျှ သေဆုံးစေကာမူ ယာဉ်ပျံများအား တောင်ဝန်ရိုးစွန်းသို့ ရောက်ရှိလာခြင်းကို ခွင့်မပြုနိုင်ပေ။

ထို့အပြင် ရှီလီက တောင်ဝန်ရိုးစွန်း၌ ဒုံးကျည်များစွာ ရှိသော်လည်း ယာဉ်ပျံမည်မျှကို ဖျက်ဆီးနိုင်လိမ့်ဟု အာမခံနိုင်မှုမရှိပေ။

တိယွမ်ဂြိုလ်တွင် ပြုလုပ်ထားသော ယာဉ်ပျံများမှာ ကမ္ဘာမြေ၏ ရှေ့ပြေးနည်းပညာများကို ကိုယ်စားပြု၏။ ထို့ကြောင့် သူတို့သည် ဒုံးကျည်နှင့် အခြားတိုက်ခိုက်မှုများ၏ လမ်းကြောင်းကို ကြိုတင်ခန့်မှန်းနိုင်ပြီး ရှောင်ရှားနိုင်ပေသည်။

“ ယာဉ်ပျံရဲ့ ရုတ်တရက် လှုပ်ရှားမှုကို သတိပြုမိတယ်။ သူတို့တွေက အရှိန်လျော့သွားပြီ။ ယာဉ်ပျံတွေက လေထုနားမှာ ရပ်သွားပြီးတော့ ကမ္ဘာမြေကို လှည့်ပတ်နေတယ် ”

AI ဆီမှ ထွက်ပေါ်လာသောသတင်းမှာ အားလုံးကို ကြောင်အန်းသွားစေသည်။

မှန်ပေ၏။

တောင်ဝင်ရိုးစွန်းတွင် အာကာသယာဉ်ပျံ ရပ်နားကွင်းသို့ လက်နက် မည်မျှနှင့် ချိန်ရွယ်ထားသည်ကို မည်သူက သိမည်နည်း။

အကယ်၍ ယာဉ်ပျံများသာ တောင်ဝန်ရိုးစွန်း၌ ဆင်းသက်မလာဘဲ အခြားနေရာ၌ ဆင်းသက်သွားလျှင် သူတို့အနေနှင့် တိုက်ခိုက်မှုများ ပြုလုပ်နိုင်မည် ဖြစ်သော်လည်း အကျိုးသက်ရောက်မှုမှာ နည်းသွားပေလိမ့်မည်။

တိုက်ခိုက်မှုများက သေဆုံးမှုများကို ဖြစ်စေသော်လည်း အစကတည်းက ထိုအရာကို လျစ်လျူရှုထားပြီးလေပြီ။

“ ဆရာရှီလီ၊ ကျွန်တော်တို့ဘာလုပ်ရမလဲ ”

ကာဆာနိုအပါအဝင် လူများစွာက ရှီလီအား လှည့်၍မေးလိုက်သည်။ ရှီလီသည် အာကာသညွှန်ကြားရေးအဖွဲ့မှ နည်းပြဖြစ်ပြီး တိယွမ်ဂြိုလ်ပေါ်တွင် သားရဲများနှင့် ရင်ဆိုင်သည့် တိုက်ပွဲ၌ ခေါင်းဆောင်လည်း ဖြစ်ပေသည်။

ယခုအခါ သူသည်သာ မည်သို့ဆက်လုပ်ရမည်ကို လမ်းညွှန်ပေးနိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်သည်။

ရှီလီက အသက်ပြင်းပြင်း ရှူလိုက်ပြီး တိုက်ခိုက်ရန် ကြေညာတော့မည့်ဆဲဆဲတွင် အမိန့်ခန်းမမှ အရေးတကြီး ကြားဝင် အကြောင်းကြားစာ ရောက်လာသည်။

“ အရေးကြီးသတင်း၊ အရေးကြီးသတင်း။ ကျုပ်က အာကာသညွှန်ကြားရေးအဖွဲ့ရဲ့ အာကာသတာဝန်ခံ ဝေယီယုပါ။ ယာဉ်ပျံပေါ်က သားရဲရဲ့ ချိန်းခြောက်မှုက ပျောက်ပျယ်သွားပြီ။ ယာဉ်ပျံတွေကို တောင်ဝန်ရိုးစွန်း အာကာသယာဉ်ရပ်နားကွင်းမှာ ဆင်းသက်ခွင့် တောင်းပါတယ်။ ဆင်းသက်ခွင့်တောင်းပါတယ်။ ကျေးဇူးပြု၍ သတင်းပြန်ပါ ”

“ ဘယ်လို ”

ရှီလီ၊ ကာဆာနိုနှင့် အခြားမည်သူပင်ဖြစ်နေစေကာမူ သူတို့ရှေ့တွင်ရှိနေသော အမှန်တရားကို မယုံနိုင်ပေ။ ရှီလီက သားရဲများသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကို ကောင်းကောင်း သိထား၍ ထိုယာဉ်ပျံများ ဆင်းသက်မလာခင် သားရဲများကို နှိမ်နင်းပြီးပြီဆိုသည်မှာ မည်သို့ဖြစ်နိုင်မည်နည်း။

“ သူက သားရဲတွေရဲ့ အကျပ်ကိုင်မှုကို ခံနေရတာများလား ”

ဝန်ထမ်းတစ်ဦးက သတိဝင်ပေးလိုက်သည်။

မည်သူမျှ ဝင်မပြောလျှင်ပင် ရှီလီက ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

“ ဒါမဖြစ်နိုင်ဘူး။ ငါ ယီယုနဲ့ ဘေးချင်းယှဉ်ပြီး တိုက်ခိုက်လာတာ အတော်လေး ကြာနေပြီ။ သူက ဘယ်လိုလူမျိုးဆိုတာကို အခြားသူတွေထက် ကောင်းကောင်းသိတယ် ”

ရှီလီက ဝေယီယုကို ယုံကြည်ရသည်မှာ အကြောင်းပြချက်ကောင်း ရှိပေသည်။ အကယ်၍ သူတို့နေရာချင်း လဲသွားလျှင်ပင် ဝေယီယုကလည်း သူ့စကားများကို ယုံကြည်မည်သာ ဖြစ်၏။

သူတို့အတွက် သူတို့အသက်နှင့် ကမ္ဘာမြေကြီး ဘေးကင်းမှုတို့ယှဉ်လာလျှင် သူတို့သည် တုံ့ဆိုင်းခြင်းမရှိ၊ သူတို့အသက်ကို ပစ်ပယ်ကြလိမ့်မည်သာ ဖြစ်၏။

AI မှ နောက်တစ်ဖန် အသံ ထွက်ပေါ်လာလေသည်။

“ အဖွဲ့ YL021 ၊ အဖွဲ့YL102 ၊ အဖွဲ့ MH199 ၊ အဖွဲ့MH311၊ အဖွဲ့ DK0015 တို့က ယာဉ်ပျံ အခန်းတွင်း အခြေအနေကို မျှဝေပြသဖို့ ခွင့်တောင်းနေပါတယ် ”

“ လက်ခံလိုက်။ လက်ခံလိုက် ”

ရှီလီက ချက်ချင်းသဘောတူလိုက်သည်။ ရှီလီသည် ယာဉ်ပျံများက သူတို့၏ ယာဉ်တွင်းအခြေအနေ မျှဝေပြသခွင့် မတောင်းလျှင်ပင် သူက မေးမိမည် ဖြစ်၏။ ပြောရမည်ဆိုလျှင် ရှီလီအနေနှင့် ထိုအခြေအနေကို မမြင်မချင်း ယာဉ်ပျံအား ဆင်းသက်ခွင့် ပြုနိုင်မည့် အခွင့်အရေး မပေးနိုင်ပေ။

မော်နီတာပေါ်၌ အတော်လေးကျယ်ဝန်းသည့် အခန်းပေါ်လာကာ ထိန်းချုပ်ရေးအခန်းတွင်ရှိသော လူများအားလုံးကို ထိတ်လန့်သွားစေသည်။ အာကာသညွှန်ကြားရေးအဖွဲ့၏ ယာဉ်ပျံများမှာ ကမ္ဘာမြေ၏  နောက်ဆုံးနည်းပညာနှင့် နာမည်ကျော်ကြားသော ဒုံးကျည်ပညာရှင်များက သေချာ ဒီဇိုင်းဆွဲကာ တည်ဆောက်ထားခြင်းဖြစ်သည်။

ထိုကဲ့သို့သော ယာဉ်မျိုး အတွင်းပိုင်းမှာ နေရာကျယ်ဝန်းရုံသာမက အနုစိပ်လည်း ပုံဖော်ထားသေး၏။ သို့သော်လည်း သူတို့ရှေ့မှ မြင်ကွင်းမှာ  မည်ကဲ့သို့ဖြစ်နေသနည်း။

အခန်းတစ်ခန်းလုံးမှာ သွေးများနှင့် ပေပွနေလေသည်။ သားရဲများမှာ အမည်မသိဓားမျိုးဖြင့် အဖြတ်ခံထားရပြီး၊ တချို့မှာ တစ်ချက်ဖြင့် သေဆုံးနေကြပြီး တချို့မှာ အချက်များစွာဖြင့် သေဆုံးနေကြသည်။

ယာဉ်ပျံ၏ အခန်းအတွင်း၌ သားရဲအမျိုးမျိုး၏ အလောင်းများ စုပုံနေလေသည်။

“ ယာဉ်ပျံအခန်း စိစစ်ပြီးသွားတဲ့ ယာဉ်ပျံတွေ အားလုံးကို ဆင်းသက်ခွင့်ပြုတယ်။ တိုက်ခိုက်မှုတွေ ရပ်တန့်ထားလိုက် ”

ရှီလီက အမိန့်ပေးလိုက်သည်။

ထိုယာဉ်ပျံများက ဆင်းသက်ခွင့်ရသည်နှင့် မြန်မြန်ဆန်ဆန် လေထုထဲသို့ဝင်လာကာ တောင်ဝန်ရိုးစွန်း၌ ဆင်းသက်လိုက်ကြသည်။ ထိုစဉ် ရှီလီက ကာဆာနိုနှင့် လူအုပ်ကိုခေါ်ကာ စောင့်ဆိုင်းနေလေ၏။ ယာဉ်ပျံမှ ပထမဦးဆုံးထွက်လာသူမှာ လက်တစ်ဖက်သာရှိသည့် သွေးများပေပွနေသော လူလတ်အရွယ် အမျိုးသားတစ်ဦး ဖြစ်ပေသည်။

ရှီလီက သူ့ကိုမြင်ကာ မြန်မြန်သွား၍

“ ယီယု .. မင်းလက်က… ”

ဝေယီယုက သူ့လက်ကို လုံးဝဂရုမစိုက်ဘဲ ရှီလီ့အား ကျန်ရှိနေသောလက်ဖြင့် ဖက်ထားကာ ပြုံးလျက် ပြောလိုက်သည်။

“ ရှီလီ ….. ကျေးဇူးပဲကွာ ”

ရှီလီက မြန်မြန်ပြောလိုက်သည်။

“ ယီယု …. မင်းလက်ကို ဆုံးရှုံးလိုက်ရတာလေ။ ငါ့ကို ဘာလို့ကျေးဇူးတင်နေတာလဲ ”

ကြည်ပြာပြာ ကောင်းကင်ကြီးကို မော့ကြည့်ကာ ဝေယီယုက နေလုံးကြီးကို မျက်မှောင်ကြုတ် ကြည့်လိုက်ရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ မင်းသိလား… ကမ္ဘာမြေရဲ့အနေအထားကို ထူးခြားဆန်းကြယ်တဲ့ ပညာရှင်တစ်ယောက်က ပြုပြင်ပေးလိုက်တယ် ဆိုတာကို ငါကြားတုန်းက ငါ့စိတ်ထဲမှာ အရမ်းကို ပျော်မိသွားတယ်။ ပြောရမယ်ဆို ငါမျှော်လင့်ထားတာထက်ကို အဆပေါင်း တစ်သောင်းလောက် ပိုကောင်းနေတယ်။ တိယွမ်ဂြိုလ်ပေါ်မှာတောင် ဒီလို ပတ်ဝန်းကျင်အနေအထားမျိုး မရှိနိုင်ဘူး ”

ရှီလီက အားတင်းပြုံးကာ တုံ့ပြန်လိုက်၏။

“ ဒါ ငါလုပ်တာမဟုတ်ဘူး။ မိုဝူကျိလို့ ခေါ်တဲ့ စီနီယာတစ်ယောက်က လုပ်ပေးသွားတာ။ ငါလည်း စီနီယာမိုကို တစ်ခါမှ မတွေ့လိုက်ရဘူး ”

“ စီနီယာမိုရဲ့ တပည့် ထန်ကျန်းမန်ကကော… ”

ဝေယီယုက မေးလိုက်သည်။ ရှီလီ့ ဘေးတွင် ရပ်နေသည့် ထန်ကျန်းမန်က ရှေ့တက်လာကာ နှုတ်ဆက်လိုက်သည်။

“ ထန်ကျန်းမန်က အာကာသ တာဝန်ခံ ဝေယီယုကို နှုတ်ဆက်ပါတယ် ”

ထန်ကျန်းမန်အနေနှင့် ဝေယီယုအပေါ်တွင် အမြင့်မားဆုံး လေးစားအားကျမှု ရှိပေသည်။

သူ၏ ဦးဆောင်မှုဖြင့် ကမ္ဘာမြေက တိယွမ်ဂြိုလ်ကို တွေ့ကာ  ဂလက်ဆီများအတွင်း သွားလာနိုင်သော ယာဉ်ပျံကို ဖန်တီးနိုင်ခဲ့သည်။ ထိုတိယွမ်ဂြိုလ်မှာ ကမ္ဘာမြေ၏ နောက်ထပ် အကူဂြိုလ်တစ်လုံးအဖြစ် ထားရှိထားခြင်း ဖြစ်သည်။ သူမကို သူနှင့်ပိုပြီး နီးစပ်စေသည်ဟု ထင်စေသည်မှာ ဝေယီယုကလည်း သူမကဲ့သို့ တရုတ်လူမျိုးတစ်ယောက် ဖြစ်သောကြောင့် ဖြစ်သည်။

ဝေယီယုက သူမအား နှုတ်ဆက်ကာ

“ ကျန်းမန်၊ မင်းက စီနီယာမိုရဲ့ တပည့်ဆို… စီနီယာမိုက ငါတို့ကမ္ဘာမြေရဲ့ကျေးဇူးရှင်ပဲ။ ငါ ဝေယီယုက မင်းဆရာကို ကျေးဇူးတင်ချင်တယ်။ ပြီးတော့ ငါတို့တွေက တရုတ်တွေပဲ ဆိုတော့ မင်းငါ့ကို လေးစားတယ်ဆိုရင် ‘ အစ်ကိုဝေ ’ လို့ပဲခေါ်ပေါ့ ”

ထန်ကျန်းမန်က ထိုအရာကိုကြားပြီး ပြန်ဦးညွှတ်ကာ

“ အစ်ကိုဝေ … စီနီယာမိုက ကျွန်မကို တပည့်အဖြစ် လက်မခံခဲ့ပါဘူး။ ဒါပေမဲ့ သူက ကျွန်မတို့လို တရုတ်လူမျိုးတစ်ယောက်ပဲ ”

ထိုစဉ် လူအများအပြားလည်း စုစည်းလာကြ၍ ရှီလီက မေးလိုက်သည်။

“ ယီယု ….ဘယ်လိုဖြစ်ခဲ့တာတုန်း။ တိယွမ်ဂြိုလ်ပေါ်က သားရဲတွေ  ထိန်းချုပ်မှုပျောက်ဆုံးပြီးတော့ ကမ္ဘာမြေကို ရောက်လာတဲ့အခါ ဘယ်လိုလုပ် ရုတ်တရက် အသတ်ခံလိုက်ရတာလဲ ”

ရှီလီက ကမ္ဘာမြေယာဉ်ပျံများအကြောင်း ကောင်းကောင်းသိပေသည်။ ကောင်းမွန်လှသော လုပ်ဆောင်ချက်များ ပါဝင်နေသော်လည်း သားရဲများကို သတ်နိုင်သည့် လက်နက်မျိုး မပါရှိပေ။

ဝေယီယုက အထိတ်တလန့်ဖြင့် ပြောလိုက်သည်။

“ မင်းထွက်သွားပြီးတော့ သိပ်မကြာဘူး၊ သားရဲတွေက သောင်းကျန်းကုန်တယ်။ သူတို့က ငါတို့ကာကွယ်ရေးပစ္စည်းတွေကို ဖျက်ပြီး လူသားတွေကိုလည်း သတ်ဖြတ်ပစ်ကြတယ်။

အဲ့ဒီ့သားရဲတွေက ဉာဏ်ကောင်းရုံတင်မကဘူး၊ သူတို့က လူတချို့ကို အသက်ရှင်ရက် ထားပြီးတော့ ကမ္ဘာမြေဆီကို လာဖို့ယာဉ်ပျံတွေကို မောင်းဖို့ အတင်းအကျပ် စေခိုင်းခဲ့တယ်။

အဲ့ဒီ့တုန်းက ငါတောင် အာကာသထဲမှာ ယာဉ်ပျံကို ဖောက်ခွဲမလို့ ပြင်ဆင်ခဲ့သေးတယ်။ ဒါပေမဲ့ ငါတို့တွေ ဒီသားရဲတွေရဲ့အသိဉာဏ်ကို လျော့တွက်မိခဲ့တယ်။ သူတို့က ယာဉ်ပျံတွေ ထိန်းချုပ်မှုကို မြန်မြန်ဆန်ဆန် သင်ယူနိုင်ရုံတင်မကဘူး၊ ငါတို့ကို တစ်နေရာထဲမှာပဲ ပိတ်လှောင်ထားသေးတယ် ….

ဒါနဲ့မင်းသိလား… ကမ္ဘာမြေရဲ့ အနေအထားကို ပြုပြင်ပြီးသွားပြီ ဆိုတာကို ပထမဦးဆုံး လက်ခံရရှိတဲ့သူတွေက ငါတို့လူသားတွေ မဟုတ်ဘူး။ အဲ့ဒီ့သားရဲတွေပဲ။ ပြောရမယ်ဆိုရင် ငါတို့ယာဉ်ပျံတွေ ကမ္ဘာမြေဆီ ချဉ်းကပ်လာတုန်းက ငါ မျှော်လင့်ချက်ကို လုံး၀ လက်လျော့ပစ်လိုက်ပြီ ”

“ အဲ့တာဆို သားရဲတွေက ဘယ်လို အသတ်ခံလိုက်ရတာလဲ ”

ကာဆာနိုက မနေနိုင်ဘဲ မေးလိုက်သည်။ ဝေယီယုက ဆက်ပြောလိုက်သည်။

“ တကယ်တော့ ငါလည်း ဘယ်လိုဖြစ်သွားမှန်း မသိလိုက်ဘူး။ ယာဉ်ပျံတွေ ကမ္ဘာမြေကို ချဉ်းကပ်လာတော့ အသွင်မဲ့ဓားတွေက ယာဉ်ပျံအပြင်ဘက်ကနေ ရုတ်တရက်ကြီး ဝင်လာတယ်။ အဲ့ဒီ့ဓားတွေက မျက်လုံးပါနေတဲ့ အတိုင်းပဲ။ ဒီအချိန်တိုလေးအတွင်းမှာ သားရဲတွေ အကုန်လုံးကို သတ်ဖြတ်ပစ်လိုက်တယ် ”

“ အာ…”

အားလုံးက ဝေယီယု စကားတွေကို ကြားပြီးနောက် ကြောင်အမ်းနေကြသည်။ ယာဉ်ပျံကို အာကာသအတွင်း သွားလာနိုင်အောင် အကောင်းဆုံး လုပ်ဆောင်ထားသည်ဖြစ်ရာ မည်သို့သော အသွင်မဲ့ဓားမျိုးက အပြင်ဘက်ကနေ ထိုးဖောက်နိုင်မည်နည်း။

ဒီဟာက စိတ်ကူးယဉ်ဇာတ်လမ်းများလား…

“ အားလုံးက ငါ့ကို မယုံမှန်း သိတယ်။ တကယ်တော့ ငါ့ကိုယ်တိုင်လည်း မယုံနိုင်ဘူး။ အခုထိကို ငါအိမ်မက်မက်နေတယ်လို့တောင် ထင်မိနေတုန်းပဲ။ ဒါပေမဲ့ ငါတို့မမြင်နိုင်တဲ့အရာကြီးက ယာဉ်ပျံထဲ ဝင်လာပြီးတော့ သားရဲတွေကို သတ်ဖြတ်သွားတယ် ဆိုတာကတော့ အမှန်ပဲ ”

ဝေယီယုက အသက်ပြင်းပြင်းရှူရင်း ရှင်းပြလိုက်သည်။

“ ကျွန်မသိတယ်။ အဲ့ဒါ စီနီယာမို လုပ်ပေးတာပဲ ဖြစ်ရမယ်။ ဘာလို့လဲဆိုတော့ သားရဲတွေ ကမ္ဘာမြေပေါ် ရောက်မလာအောင် ကာကွယ်ပေးဖို့က  သူတစ်ယောက်ပဲ တတ်နိုင်မှာ ”

ထန်ကျန်းမန်က စိတ်လှုပ်ရှားစွာ ဝင်ပြောလိုက်သည်။

“ ဒါပေမဲ့.. ”

တစ်ယောက်က သံသယဖြင့် ဝင်မေးလိုက်သည်။

“ ဒါပေမဲ့… အဲ့ဒါကြီးက မဖြစ်နိုင်ဘူးလေ။ ကမ္ဘာမြေရဲ့အပြင်ဘက်မှာ ဘယ်လိုလူမျိုးက အသွင်မဲ့လေဓားတွေကို ဘယ်လိုလုပ် ထိန်းချုပ်နိုင်မှာလဲ။ ပြီးတော့ သားရဲတွေကိုတောင် သတ်ပေးသွားသေးတယ် ”

ထိုအရာမှာ အတော်လေး ထူးဆန်းနေသောကြောင့် မိုဝူကျိ လုပ်ပေးခဲ့သည်ဟု ယုံကြည်နေသည့် ထန်ကျန်းမန်ပင် ထိုလူအား ပြန်လည် မချေပရဲတော့ပေ။ သူမက ထိုအရာမှာ လုံး၀ သဘောတရား မကျကြောင်း ခံစားမိလေသည်။

ရှီလီက မိုဝူကျိ လုပ်ဆောင်ပေးလိုက်သည်ဟု မပြောရဲသော်လည်း သူက သူတစ်ခါမှ မတွေ့ဖူးသည့် မိုဝူကျိအား အရမ်းကို လေးစားမိနေဆဲ ဖြစ်သည်။ ယာဉ်ပျံများမှ သွေးသံရဲရဲ လူများ ထွက်လာကြသည်နှင့် သူက မြန်မြန် ညွှန်ကြားပေးလိုက်သည်။

“ အားလုံး၊ အားလုံး၊ အရင်ဆုံး နားလိုက်ကြပါဦး။ ငါတို့တွေ မနက်ဖြန်ကျမှ ဒီကိစ္စကို ဆွေးနွေးဖို့ အစည်းအဝေး ဆက်ပြီး ထိုင်ကြမယ် ”

ရှီလီ့စကားဆုံးသည်နှင့် ကောင်းကင်မှ အသံတစ်သံ ထွက်ပေါ်လာသည်။

“ မင်းတို့တွေ ….  ငါက ကမ္ဘာမြေရဲ့အနေအထားကို ပြန်လည် ပြုပြင်ပေးထားပြီးတော့ ကာကွယ်ရေးအစီအရင်လည်း ချပေးထားတယ်။ ဒါပေမဲ့ မင်းတို့က သားရဲတွေကို ပြန်ခေါ်လာကြတယ်။ မင်းတို့ကို ပြောရဦးမယ်။ ငါ့ကာကွယ်ရေးအစီအရင်က အဆင့်မြင့်တယ်ဆိုပေမဲ့ ဆက်လက်ထိန်းသိမ်းဖို့ရာ အင်မော်တယ် ဝိညာဉ်စွမ်းအားတွေ လိုအပ်တယ်။

တကယ်လို့မင်းတို့တွေ သားရဲတွေကို ထပ် ထပ်ပြီး ခေါ်လာမယ်ဆိုရင် ငါ့အစီအရင်က ဘယ်လောက်ပဲ အဆင့်မြင့်မြင့် ဖြည်းဖြည်းချင်းနဲ့အကျိုးသက်ရောက်မှု  လျော့နည်းသွားလိမ့်မယ်။

ကမ္ဘာမြေရဲ့အနေအထားက အရင်လို ပြန်ဖြစ်သွားပြီဆိုတော့ အားလုံး ကမ္ဘာမြေပေါ်မှာပဲ အတူတူ နေနေတာ မကောင်းဘူးလား ……

ပြီးတော့ ဒီကမ္ဘာမြေကို ကာကွယ်ဖို့အားလုံးမှာ တာဝန်ရှိတယ် ဆိုတာကလည်း မှတ်ထားသင့်တယ်။ ဒီလို ကိစ္စမျိုး နောက်ထပ် ထပ်ပြီးတော့ မဖြစ်စေနဲ့တော့။

ပြီးတော့ တိယွမ်ဂြိုလ်ကိုလည်း သွားပြီးတော့ သားရဲတွေကိုလည်း ပြန်ပြန်ခေါ်မလာနဲ့တော့။ နောက်တစ်ကြိမ် ထပ်ဖြစ်လာရင် ငါလည်း မင်းတို့ကို မကူညီနိုင်တော့ဘူး။ ငါထွက်သွားတာ ကြာလှပြီ… ”

အသံက ဖြည်းဖြည်းချင်း တိုးသွားကာ အာကာသထဲ ပျောက်ကွယ်သွားလေ၏။

“ အစ်ကိုမို၊ စီနီယာမို ”

ထန်ကျန်းမန်က အရမ်းကို စိတ်လှုပ်ရှားနေပြီး သူမ ပါးစပ်မှ စကားလုံးတွေကို မထိန်းချုပ်နိုင်တော့ပေ။

ထိုသူတို့မှာ ကမ္ဘာမြေပေါ်ရှိ အဆင့်တန်းမြင့်သောသူများ ဖြစ်သော်လည်း မိုဝူကျိစကားကြားပြီးသည်နှင့် မြေပေါ်သို့ ဒူးထောက်ကာ မိုဝူကျိအား ကျေးဇူးတင်လိုက်ကြသည်။

“ တကယ်ကို စီနီယာမို ဖြစ်နေတာကိုး… ”

ရှီလီ၏ မျက်နှာမှာလည်း နီရဲနေလေ၏။ သူ၏ တစ်ခုတည်းသော နောင်တမှာ မိုဝူကျိနှင့် မျက်နှာချင်းဆိုင် မတွေ့လိုက်ရခြင်းသာ ဖြစ်သည်။

ဝေယီယုကလည်း လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိသည်။ သူက စီနီယာမိုကို တွေ့ရန် ရှီလီနှင့်အတူ ပြန်လိုက်မလာခဲ့မိသည့်အတွက်  နောင်တရနေမိသည်။

***

All Chapters