အရမ်းအားကောင်းသော ပြိုင်ဖက်
Vol. 62 Ch. 856
မကြာခင် တအံ့တသြ ဖြစ်နေသည့် အမူအရာက ပျောက်ကွယ်သွားပြီး ခရမ်းရောင်ဝတ်ရုံနှင့် လူငယ်လေးက စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။
“ အစ်ကိုကြီး မြန်မြန်နောက်ဆုတ် …. ဒီလူက အရမ်းကြောက်ဖို့ ကောင်းတယ် ”
မိုဝူကျိက ရယ်မောကာ ပြောလိုက်၏။
“ နောက်ဆုတ်ဖို့ အရမ်းနောက်ကျသွားပြီ။ အဲ့ဒီလူက အခု ဒီရောက်နေပြီ။ ယန်လီ ငါမင်းကို အဲ့ဒီတုန်းက နှစ်သန်းတစ်ထောင် သစ်သားအဆီအနှစ် ပေးခဲ့ရဲ့သားနဲ့မင်းက ဘာမှမတိုးတက်လာပါ့လား။ ပြီးတော့ မင်းရဲ့ အသွင်ပြောင်းထားတာကလည်း ထိပ်မှာ ရွှေရောင်ချိုနှစ်ခု ရှိနေတုန်းပဲ ”
ထိုခရမ်းရောင်ဝတ်ရုံနှင့် လူငယ်လေးမှာ မိုဝူကျိ ကယ်တင်ပေးလိုက်သည့် ရွှေရောင်ဦးချို ခရမ်းနဂါးဖြစ်သည့် ယန်လီဖြစ်သည်။
ယခင်အခါက မိုဝူကျိသည် ကျင့်ကြံခြင်းလောကမှ ထွက်၍ အင်မော်တယ်လောကသို့ ပြန်သွားနိုင်ခြင်းမှာ ယန်လီပြောပြခဲ့သည့် လျှို့ဝှက်နဂါးရေကန်ကြောင့် ဖြစ်သည်။
လျှို့ဝှက်နဂါးရေကန်က သူ့အား အင်မော်တယ်လောကသို့ ပြန်ရောက်စေသည်သာမက များစွာအကူအညီပေးခဲ့ပြီး သူ့ရုပ်ခန္ဓာလည်း သိသိသာသာ တိုးတက်လာသလို သူ့ကျင့်ကြံစဉ်လည်း မြင့်တက်လာပေသည်။
ဤနှစ်များအတွင်း မိုဝူကျိက ယန်လီ၏ ကျင့်ကြံဆင့်မှာ ကောင်းကင်အင်မော်တယ်အဆင့်သို့ ရောက်ရှိတော့မည်ဟု ခံစားနေမိသည်။ ယန်လီ၏ ကျင့်ကြံဆင့်ဖြင့် သူက ဤလောကမှ ထွက်ခွာဖို့ရာ ခြေတစ်လှမ်းမျှသာ လိုပေလိမ့်မည်။
ယန်လီက စိုးရိမ်တကြီး ပြောလိုက်သည်။
“ အစ်ကိုကြီး ဘာလို့ ထွက်မသွားရသေးမှန်း မသိပေမဲ့ ကျွန်တော်တို့ကိစ္စတွေကို နောက်မှ ပြောရအောင်။ အခု ကျွန်တော်တို့မြန်မြန်ထွက်သွား… ”
ယန်လီ အသံမှာ တစ်ဝက်တစ်ပျက် ရပ်တန့်သွားသည်။ မီးခိုးရောင် ပုံရိပ်က သူနှင့် မိုဝူကျိကြားကို ရုတ်တရက် ပေါ်လာလေ၏။
“ တီကောင်လေး မင်းဆက်ပြေးလေ ”
အေးစက်စက် မထီမဲ့မြင် အသံတစ်သံထွက်ပေါ်လာလေ၏။ ထိုသူမှာ အလွန်ငယ်ရွယ်ဟန်ပေါ်သော လူငယ်လေးတစ်ဦး ဖြစ်သည်။ သူ့တွင် ဆံပင်အညိုရောင်ရှိပြီး ကျောနောက်သို့ ချထားလေသည်။ သူ့အသံမှာ လူပျိုဖော် မဝင်သေးသည့် အသံမျိုးဖြစ်နေသည်။
မိုဝူကျိက အံ့သြမိသွားသည်။ ဤလူငယ်လေး၏ ကျင့်ကြံဆင့်မှာ သေချာပေါက် သူတွေ့ ခဲ့သမျှ လူများထက် ကျော်လွန်ပေလိမ့်မည်။ တာအိုဧကရာဇ်များပင် ဤလူငယ်လေး ရှေ့၌ ပါးမွှားလေးအဖြစ်သာ သတ်မှတ်ခံရမည်ဖြစ်ကြောင်း သူ သိနေသည်။ ထိုလူငယ်လေး ဘေးပတ်လည်၌ မြောက်များစွာသော အဆောင်သင်္ကေတများက လှည့်ပတ်နေသည်။
မိုဝူကျိက ထိုအဆောင်သင်္ကေတများကြား ကမ္ဘာကူးအဆောင်ကိုလည်း တွေ့လိုက်ရသည်။ မိုဝူကျိက အင်မော်တယ်ဧကရာဇ် အလယ်အလတ်ဆင့် ကျင့်ကြံသူ တစ်ယောက်ဖြစ်ပြီး ကိုယ်ပိုင်တာအို တည်ထောင်သူတစ်ဦးလည်း ဖြစ်ပေသည်။
သူက တစ်ချက်တည်း ကြည့်ရုံမျှဖြင့် သိသွားသည်။ ဤလူငယ်လေးသည် သူ့ထက် သေချာပေါက် အားကောင်းပေမည်။
သူ့အား စိတ်သက်သာရာရသွားစေသည့် တစ်ခုတည်းသောအရာမှာ လူငယ်လေးတွင် အဆင့်မြင့် ပြောင်းလဲမျှခြေအဆောင် ရှိနေခြင်းပင် ဖြစ်သည်။ ထိုပြောင်းလဲမျှခြေ အဆောင်ကြောင့် မိုးမြေစည်းမျဉ်းများက ထိုလူငယ်လေးအား အသားစိုင်အဖြစ် တိုက်ရိုက် ချေမွမသွားခြင်း ဖြစ်သည်။
သို့သော် ဤလူငယ်လေးတွင် ပြောင်းလဲမျှခြေအဆောင် ရှိနေသော်လည်း မိုးမြေဖိအားကြောင့် သူ့ခန္ဓာကိုယ်အပေါ်၌ သွေးရာများ ရှိနေသည်။ မိုဝူကျိ၏ ခန့်မှန်းမှုမှာ ဤလူငယ်လေးသည် အင်မော်တယ်ဘုရင်အဆင့် အထက်နှင့် အင်မော်တယ်ဧကရာဇ် အောက် မျှသာ အင်အားပြသနိုင်ပေလိမ့်မည်။
ယန်လီက အလောတကြီး အော်ပြောလိုက်သည်။
“ ခင်ဗျား ကျုပ်ကို ဘာလို့ သတ်ချင်နေတာလဲဆိုတာကို မသိဘူး။ ဒါပေမဲ့ မိုဝူကျိက ကျုပ်မိတ်ဆွေပဲ။ သူနဲ့ ဘာမှ မပတ်သက်ဘူး ”
“ ဟား ဟား ဟား ဟား… တီကောင်လေး သေပေတော့ ”
ဆံပင်ညိုညို အမျိုးသားက စိတ်လှုပ်ရှားစွာ ရယ်မောရင်း သူ့လက်ကို မြောက်ကာ ယန်လီအား ဆွဲဖို့ ပြင်လိုက်သည်။
မိုဝူကျိက ယာဉ်ပျံမှ ခုန်ထွက်လာကာ ထိုလူငယ်လေးအား လက်သီးတစ်ချက် ပစ်ထိုးလိုက်သည်။ ယန်လီက သူ့မိတ်ဆွေဖြစ်၏။ သူ့ရှေ့၌ ယန်လီအား မည်သို့ သတ်ခွင့်ပြုနိုင်မည်နည်း။
“ အစ်ကိုကြီး မြန်မြန်ထွက်ပြေးတော့။ ဒီလူက အရမ်းကို အားကောင်းတယ် ”
ယန်လီက အလောတကြီး မိုဝူကျိအား ထွက်ပြေးရန် ပြောလိုက်သည်။
သူက မိုဝူကျိသည် ယခင်ကထက် အားကောင်းနေလျှင်ပင် မိုဝူကျိအနေဖြင့် ဤဆံပင်ညိုညို အမျိုးသားဆီမှ လက်သီးတစ်ချက်ကိုပင် ခံနိုင်မည်မဟုတ်ကြောင်း သိနေ၏။
“ ဟွန့် .. မင်းက သတ္တိတွေ သိပ်ရှိနေတယ်ပေါ့ ”
ဆံပင်ညိုညို အမျိုးသားက အေးစက်စွာ ပြောလိုက်သည်။
သူက ယန်လီဆီ တွန်းထားသော လက်ဖဝါးကို လက်ထိုးအသွင်ပြောင်းကာ မိုဝူကျိဆီ ချိန်ရွယ်လိုက်သည်။ သူ့လှုပ်ရှားပုံမှာ မိုဝူကျိနှင့် တထပ်တည်း ဖြစ်၏။ သူက မိုဝူကျိ သုံးသည့်နည်းလမ်းကို အသုံးပြု၍ မိုဝူကျိအား တစ်စစီ ချေမွပစ်လိုသည်။
‘ ဝုန်း ’
သဘာဝစွမ်းအားများက အပြင်းအထန် ပေါက်ကွဲထွက်သွားသည်။ အလယ်တွင် ပိတ်မိနေသော ယန်လီမှာလည်း ထိုစွမ်းအားများ ရိုက်ခက်မှုကြောင့် လွင့်စင်သွားလေ၏။ ထို့အပြင် ထိုသည်မှာ မိုဝူကျိက သူ့အား တန်ပြန်သက်ရောက်မှုမှ ကာဆီးပေးထားသည့် အချိန်တွင် ဖြစ်သည်။
မဟုတ်လျှင် ယန်လီမှာ သေဆုံးသွားလောက်လေပြီ။
‘ ဘန်း ’
တစ်စုံတစ်ခု ကြေမွသွားသည့် အသံကို ကြားလိုက်ရ၏။
‘ အား…’
ထို့နောက် ကြောက်မက်ဖွယ် စူးစူးဝါးဝါး အော်ဟစ်သံကြီးတစ်ခု ထွက်ပေါ်လာသည်။ ဆံပင်ညိုညို အမျိုးသား၏ မျက်လုံးမှာ အနီရင့်ရင့် ပြောင်းလဲသွားပြီး အမုန်းတရားနှင့်အတူ ဒေါသတရားများ တောက်ပနေသည်။
“ မင်းကဘယ်သူလဲ …. ဒီနေရာမှာတောင် ဧကရာဇ်ရဲ့ စွမ်းအားကို ထုတ်သုံးနိုင်တယ်လား။ ငါမင်းကို ဝါးမြိုပစ်မယ် ”
ထိုဆံပင်ညိုညို အမျိုးသားက ထိုစကားများ ပြောလိုက်သော်လည်း သူ့ခန္ဓာကိုယ်မှာ တစ်စစီ ကြေမွနေပြီ ဖြစ်သည်။ သူ့ဘေးတွင် ပတ်လည်ဝိုင်းနေသော အဆောင်များမှာလည်း စတင် ပေါက်ကွဲလာလေပြီ။ ယခု သူ့မျက်ဆံများပင် အနီရောင် ပြောင်းလဲနေလေပြီ။ သူက မိုဝူကျိထံ လက်သီးတစ်ချက် ပစ်ထိုးလိုက်သည်။ ယခင် လက်သီးချက်နှင့်ယှဉ်လျှင် ဤလက်သီးချက်မှာ အစများစွာ အားကောင်းပေသည်။
‘ ဘန်း ’
လက်သီးချက် ထုတ်လွှတ်လိုက်သည်နှင့် ထိုဆံပင်ညိုညို အမျိုးသားမှာ သွေးမြူများအဖြစ် ပေါက်ကွဲထွက်သွားသည်။ မိုဝူကျိက သူ့ ပြောင်းလဲမျှခြေအဆောင်ကို ဖျက်ဆီးလိုက်ပြီးနောက် သူ့အနေနှင့် မိုးမြေစည်းမျဉ်းများအား ခုခံနိုင်စွမ်း မရှိတော့ပေ။
သူ့ခန္ဓာကိုယ်မှာ သွေးမြူများအဖြစ် ပေါက်ကွဲသွားရုံသာမက သူပိုင်ဆိုင်သမျှ အရာအားလုံးလည်း မိုးမြေဖိအားကြောင့် အမှုန့်ဖြစ်သွားလေသည်။ ဤလူငယ်လေးမှာ မိုးမြေဖိအားကို ခံလိုက်ရသော်လည်း သူ၏ လက်သီးချက်မှာ မိုဝူကျိအား လွင့်ထွက်သွားစေသည်။
ထိုလက်သီးချက်အတွင်းရှိ တာအိုစွမ်းအားများမှာ ထိုအမျိုးသား သေဆုံးသွားသည့်အတွက် မပြီးပြည့်စုံတော့ပေ။ ထို့ကြောင့် မိုဝူကျိက အပေါ်ယံဒဏ်ရာများမျှသာ ရလိုက်သည်။
“ အစ်ကိုကြီး၊ ဒီလူကို ဘယ်လိုလုပ် တစ်ချက်တည်းနဲ့ ရှင်းနိုင်သွားတာလဲ ”
ယန်လီက အလောတကြီး ရောက်လာကာ စိတ်လှုပ်ရှားမှု အပြည့်နှင့် မေးလိုက်သည်။ မိုဝူကျိက အသက်၀၀ရှူကာ သူကိုယ်တိုင်လည်း မယုံမကြည် ဖြစ်နေမိသည်။
ထို့နောက် သူက ပြောလိုက်သည်။
“ ယန်လီ၊ မင်းက ကောင်းကင် အင်မော်တယ်အဆင့်ကို ရောက်တော့မယ့် ခရမ်းနဂါးမလား။ ဘယ်လိုလုပ် ဒီလိုအားကောင်းတဲ့ ရန်သူမျိုးနဲ့တွေ့လာတာလဲ ”
ယန်လီက သူ့ခေါင်းသူ ပွတ်ကာ
“ အစ်ကိုကြီး၊ ကျွန်တော် ဒီကိစ္စကို တွေးတောင် မတွေးချင်ပါဘူးဗျာ။ ဒီလူက ကျွန်တော့်ကို သည်းကြီးမည်းကြီးကို လိုက်ရှာနေတာ။ သူ ကျွန်တော့်နောက်က လိုက်နေတာ လဝက်ကျော်ပြီ။ ကျွန်တော် သူ့ကို သိတောင်မသိဘူး ”
မိုဝူကျိက ယန်လီအား သံသယဖြင့် ကြည့်ကာ
“ယန်လီ၊ ငါမင်းကို အထင်သေးတာတော့ မဟုတ်ပေမဲ့ ဒီလူရဲ့ ကျင့်ကြံဆင့်က အရမ်းကြောက်ဖို့ကောင်းတယ်။ မင်း ပုံစံတစ်သောင်းလောက် တူတူတွဲပြီးတော့ တိုက်ရင်တောင် ဒီလူ့ပြိုင်ဘက်ဖြစ်မှာ မဟုတ်ဘူး။ ဘယ်လိုလုပ် လဝက်လောက် လိုက်နေရတာတုန်း ”
“ အစ်ကိုကြီး၊ တကယ်တော့ နားလည်မှု လွဲနေပြီ ….. ကျွန်တော့်ရဲ့သွေးမျိုးဆက်ထဲမှာ ထူးခြားတဲ့ စွမ်းရည်တစ်ခုရှိတယ်။ ကျွန်တော်က အလွှာတစ်ခုတည်းမှာ ရှိတဲ့ နေရာကွဲတွေရဲ့ ထိစပ်နေတဲ့နေရာကို အလွယ်တကူ ရှာနိုင်တယ်။ ပြီးသွားရင် အဲ့ကြားမှာ ကူးပြောင်းပြီး သွားလာနိုင်တယ်။
အဲ့ဒါကြောင့် အာကာပြင် တစ်ခုကနေ တစ်ခုကို သွားနေလို့ဒီလူက ကျွန်တော့်ကို တော်တော်ကြာကြာ လိုက်နေရတာ။
ဒါပေမဲ့ ဒီလူက ကျွန်တော့်ကို လုံး၀ အလျော့မပေးဘဲ လိုက်နေတာ။ အဲ့ဒါကြောင့် ကျွန်တော်က အာကာပြင် ဆက်ထားတဲ့နေရာတွေကို လိုက်ရှာပြီးတော့ တစ်ခုပြီးတစ်ခု ကူးပြောင်းပြီး သွားလာနေတာ။ မဟုတ်ရင် ကျွန်တော် မိပြီးတာ ကြာနေလောက်ပြီ ”
ယန်လီက ရှင်းပြလိုက်သည်။
“ သွေးမျိုးဆက် လျို့ဝှက်ပညာရပ်လား ” မိုဝူကျိက တအံ့တသြ ရေရွတ်လိုက်သည်။
ဤမျှ ကျင့်ကြံလာပြီးပြီဖြစ်ကာ မိုဝူကျိက ဤသည်မှာ သွေးမျိုးဆက် လျို့ဝှက်ပညာရပ်ဖြစ်ကြောင်း သိလေသည်။ ထူးဆန်းသည့် စွမ်းရည်မျိုး မဟုတ်ပေ။ အမြင်နှင့်ပင် ဤခရမ်းနဂါး၏ နောက်ခံမှာ မရိုးရှင်းလှပေ။
“ ဒါက လျို့ဝှက်ပညာရပ်လား ”
ယန်လီ၏ မျက်ခုံးများမှာလည်း တွန့်ချိုးသွားပြီး အတော်လေးကို တွေးတောနေဟန် ပေါ်သည်။ သူ့ကျင့်ကြံခြင်းမှာ လိုအပ်နေသေးသည့်အတွက် သူ့ အမွေအနှစ် အပြည့်အဝကို မရရှိသေးပေ။ ထို့ကြောင့် သူမသိသေးသည့် အရာများမှာ များစွာကျန်နေပေသေးသည်။
မိုဝူကျိက ယန်လီအတွေးကို ဖြတ်ကာ အလောတကြီး မေးလိုက်သည်။
“ အဲ့ဒါဆို မင်းက လျှိူ့ဝှက်နဂါးရေကန်ရဲ့ နေရာကိုရော ရှာနိုင်တယ်ပေါ့ ”
ယန်လီက ခေါင်းခါကာ
“ အစ်ကိုကြီး၊ ကျွန်တော် ဘယ်လောက်ကြာကြာ ပြေးလာတယ်ဆိုတာ ကိုယ့်ကိုယ်ကိုတောင် မသိတော့ဘူး။ အခု လာမေးရင် ကျွန်တော် ဘယ်လိုလုပ်ရှာနိုင်မှာတုန်း။ ဒါပေမဲ့ ကျွန်တော့်မှာ နည်းလမ်းရှိတယ်။ ကျွန်တော်က အခု အချိန်မရွေး တက်လှမ်းလို့ရပြီဆိုတော့ ကျွန်တော် တက်လှမ်းတဲ့ အခါ အစ်ကိုကြီး လိုက်ခဲ့လေ ”
မိုဝူကျိက ခေါင်းညိမ့်ပြလိုက်သည်။
ယန်လီ အဆင့်တက်သည့်အခါ ကျင့်ကြံခြင်းလောကနှင့် အင်မော်တယ်လောကကြားမှ လမ်းကြောင်းသည် ပွင့်လာပေလိမ့်မည်။ ထိုလမ်းကြောင်း ပွင့်လာသည်နှင့် သူ့အတွက် အင်မော်တယ်လောကသို့ ပြန်ရောက်ဖို့ရာ မခက်ခဲတော့ပေ။
“ ငါ မင်းကို မေးရဦးမယ်။ မင်းက ကောင်းကင် အင်မော်တယ်အဆင့်နဲ့နီးနေတာတောင် ဘာလို့အခုထိ မတက်လှမ်းရသေးတာတုန်း ”
မိုဝူကျိက မေးလိုက်သည်။ ယန်လီက ခါးသက်သော အမူအရာဖြင့်
“ ကျွန်တော် မလုပ်ချင်လို့ မဟုတ်ပါဘူးဗျာ။ ကျွန်တော် မလုပ်ရဲလို့။ ကျွန်တော့်မှာ ရွှေရောင်ဦးချို ခရမ်းနဂါးရဲ့ သွေးမျိုးဆက် ရှိတယ်ဆိုပေမဲ့ ကျွန်တော်သာ အင်မော်တယ် လောကကို တက်သွားရင် ကျွန်တော့်အရိုးတွေတောင် ဝါးစားခံရလိမ့်မယ် ”
မိုဝူကျိက ယန်လီ ပခုံးကို ပုတ်ပေးကာ “ မစိုးရိမ်ပါနဲ့။ အခု မင်း တက်လှမ်းလို့ရပြီ။ ဒီအင်မော်တယ်လောက လမ်းကြောင်းပွင့်လာရင် ငါလည်း မင်းနဲ့ တူတူလိုက်ခဲ့မယ် ”
“ အစ်ကိုကြီး စိတ်ချလက်ချသာနေလိုက်။ ကျွန်တော် တက်လှမ်းနိုင်သ၍ ကျွန်တော်လုပ်နိုင်တယ် ”
ယန်လီက ကိုယ့်ရင်ဘတ်ကိုယ် ပုတ်ကာ ပြောလိုက်သည်။ သူက မိုဝူကျိအပေါ်တွင် အပြည့်အဝကို ယုံကြည်ချက်ရှိသည်။ မိုဝူကျိက သူ့နောက်ကို လိုက်နေသော ထိုနှာဘူးအား အဆုံးသတ်နိုင်စွမ်းရှိလေရာ သူ့အစ်ကိုကြီးက အရမ်းကို အားကောင်းပေသည်။
“ ခဏ၊ ငါမင်းကို ဒါပြန်ပေးရဦးမယ်။ အဲ့ဒီ့နှစ်တွေတုန်းက ငါမင်းအမေကို ရှာမတွေ့ခဲ့ဘူး။ အဲ့ဒါကြောင့် မင်းကို ငါ ဒီပုလဲ ပြန်ပေးလိုက်မယ် ”
မိုဝူကျိက အစိမ်းရောင်ပုလဲကို ထုတ်ကာ ပေးလိုက်သည်။ ထိုအစိမ်းရောင်ပုလဲမှာ ယန်လီက မိုဝူကျိကို ပေးထားသော ပုလဲဖြစ်သည်။ သူက မိုဝူကျိအား သူ့မိခင်ဆီ တစ်ဆင့် ပြန်ပေးပေးဖို့ တောင်းဆိုထားခြင်း ဖြစ်သည်။
မိုဝူကျိက ယန်လီ၏ မိခင်နှင့် မတွေ့ဆုံရသေးလေရာ ယခု ယန်လီက အင်မော်တယ်လောကသို့ တက်လှမ်းတော့မည်ဖြစ်၍ ယန်လီအား ပြန်ပေးခြင်း ဖြစ်သည်။ ယန်လီက ကြောင်အမ်းသော အမူအရာဖြင့် ပုလဲကို လက်ခံလိုက်သည်။ သူ့အမေကို လွမ်းနေခြင်းမှာ သိသာလှသည်။
“ မင်းအများကြီး တွေးမနေပါနဲ့။ မင်းရဲ့ စွမ်းရည်တွေက လိုအပ်နေသေးတယ်။ ပြီးတော့ မင်းဘယ်လို အသွင်ပြောင်းဖို့ စိတ်ကူးထားတုန်း။ ပြောရမယ်ဆိုရင် အရူးတောင်မှပဲ မင်းက နဂါးမှန်း သိသာတယ်။ ကဲ မင်းကို နောက်ထပ်တစ်ခု ပေးရဦးမယ်။ ဒါကို မင်းသန့်စင်ပြီးသွားရင် မင်းတက်လှမ်းလို့ရပြီ။ ”
မိဝူကျိက သူ့စကားအဆုံးတွင် ကျောက်စိမ်းသေတ္တာကို ယန်လီအား ပေးလိုက်သည်။ ယန်လီက ကျောက်စိမ်းသေတ္တာအား ဖွင့်ကာ သူ့နဂါးမျိုးနွယ် အသွင်ပြောင်းမှုအား မည်သည့်အရာကများ ကူညီပေးနိုင်မှာလဲဟု တွေးတောနေစဉ် ကျောက်စိမ်းသေတ္တာကို ဖွင့်လိုက်သည်နှင့် တအံ့တသြ ရေရွတ်လိုက်မိတော့သည်။
“ ပြောင်းလဲရေး တာအိုအသီးလား ”
“ အစ်ကိုကြီး၊ အစ်ကိုကြီးဆီမှာ ဒီလိုဟာတောင် ရှိနေတာပဲ။ အရင်တုန်းက ကျွန်တော့်ကို နှစ်သန်းတစ်ထောင် သစ်သားအဆီအနှစ် ပေးလိုက်တယ်။ အခု ဒီအသီးပါ ပေးနေတယ်။ အစ်ကိုကြီးဆီမှာ ဟိုဟာလေးကော ရှိသေးလား ”
“လျှောက်မပြောစမ်းနဲ့။ လုပ်… မြန်မြန်သာ သန့်စင်လိုက် ”
မိုဝူကျိက ယန်လီ နဖူးအား ဂွတ်ခနဲ ခေါက်ပစ်လိုက်သည်။
သူက ဤလူငယ်လေးသည် ရွိုက်ကောနှင့် လုံး၀ မတွေ့ဆုံသင့်ကြောင်း ခံစားနေမိသည်။
သူတို့နှစ်ဦးသာ တွေ့ဆုံသွားပါက တုံ့ပြန်မှုအကြီးကြီး ဖြစ်သွားပေလိမ့်မည်။
“ ဟုတ်ပြီ ဟုတ်ပြီ။ ကျွန်တော်အခုချက်ချင်းပဲ သန့်စင်လိုက်မယ် ”
ယန်လီက ပြောင်းလဲရေး တာအိုအသီးအား ဆုပ်ကိုင်ကာ မိုဝူကျိ၏ ယာဉ်ပျံထဲသို့ ခုန်ဝင်သွားသည်။
သူက သူ့ကိုယ်သူ အပြင်လူအဖြစ် သတ်မှတ်မထားပေ။
တစ်လအကြာတွင် ယန်လီက မတ်တပ်ရပ်လိုက်သည်။ သူ့မျက်လုံးများတွင် စိတ်ပေါ့ပါးမှုများနှင့် ပြည့်နေသည်။ သူ့ကျင့်ကြံဆင့်မှာ မြင့်တက်မလာသော်လည်း တာအိုအပေါ် နားလည်နိုင်စွမ်းက သိသိသာသာ တိုးတက်လာပေသည်။
ထိုမျှတင်မကပေ။ သူ့ရွှေရောင်ဦးချို ခရမ်းနဂါး အရှိန်အဝါမှာလည်း လုံး၀ ပျောက်ကွယ်သွားပြီဖြစ်ကာ သူ့ဦးခေါင်းထက်ရှိ ရွှေရောင်ဦးချို နှစ်ခုမှာလည်း ပျောက်ကွယ်သွားလေပြီ။ သူ့ဘေးတွင် လှည့်ပတ်နေသော ခရမ်းစွမ်းအားများမှာလဲ လုံး၀ ရုပ်သိမ်းသွားနိုင်ပြီ ဖြစ်သည်။
“ မဆိုးဘူးပဲ ”
မိုဝူကျိက အလွန်ပျော်ရွှင်နေမိသည်။ သူက ယန်လီ၏ အနာဂတ်မှာ အလွန်တောက်ပနေပြီဖြစ်ကြောင်း ပြောနိုင်ပေသည်။
ထိုကောင်စုတ်လေး ရွိုက်ကောသည်လည်း ယှဉ်မပြိုင်နိုင်သည့် သွေးမျိုးဆက် အမွေအနှစ် ရထားသော်လည်း တကယ်တမ်းတော့ ယန်လီ၏ သွေးမျိုးဆက်မှာလည်း ရွိုက်ကောထက် မနှိမ့်ကျပေ။
ထို့အပြင် ရွိုက်ကောက ယန်လီလောက် ကြိုးစားခြင်း မရှိပေ။ ထို့ကြောင့် ယန်လီက ရွိုက်ကောကို ကျော်တက်သွားလျှင်ပင် ဘာမှထူးဆန်းနေမည် မဟုတ်ပေ။
တစ်ဖက်တွင် တာ့ဟွမ်၏ အလားအလာမှာ မိုဝူကျိပင် အတိအကျ မတွက်ဆနိုင်ပေ။ သူက တာ့ဟွမ်အား ချီသွေးကြောတစ်ရာ့ရှစ်ခုနှင့် ဝိညာဉ်လမ်းကြောင်းတစ်ရာ့ရှစ်ခု ပေးထားလေ၏။ အကယ်၍ တာ့ဟွမ်သာ သူ့ဝိညာဉ်လမ်းကြောင်းနှင့် ချီသွေးကြောများအား ပေါင်းစပ်နိုင်သွားလျှင် တာ့ဟွမ်သည် သူ့ထက်ပင် အားကောင်းသွားနိုင်ပေသည်။
“ အစ်ကိုကြီး၊ ကျွန်တော် မိုးကြိုးစမ်းသပ်ချက်ကို လက်ခံဖို့ အဆင်သင့်ဖြစ်ပြီ ”
ယန်လီက မိုဝူကျိသည် သူ့ယာဉ်ပျံအား လူသူကင်းမဲ့သည့် ဂြိုလ်တစ်ခုပေါ်တွင် ရပ်ထားကြောင်း သတိပြုမိလိုက်သည်။
“ ကောင်းပြီ။ အဲ့ဒါဆို မင်းသွားပြီးတော့ မိုးကြိုးစမ်းသပ်ချက်ကို ခံယူလိုက်။ မင်းတက်လှမ်းတဲ့အခါမှာ ငါ့ကို ဘာမှဂရုစိုက်နေဖို့မလိုဘူး။ ငါချက်ချင်း လိုက်ခဲ့မယ် ”
မိုဝူကျိက လက်ကို ဝှေ့ကာ ယန်လီအား ပြောလိုက်သည်။
ယန်လီ မိုးကြိုးချက်စမ်းသပ်မှု ရင်ဆိုင်တာကို စောင့်ရင်း မိုဝူကျိက တာ့ဟွမ်နှင့် ရွိုက်ကောအား သူ့ထာဝရ ကမ္ဘာငယ်လေးသို့ ပြန်ပို့လိုက်သည်။
ထို့နောက် မိုချင်းချယ်အား ခေါ်လိုက်သည်။ ဤလပိုင်းလေးအတွင်း မိုချင်းချယ်၏ အရှိန်အဝါမှာလည်း မိုဝူကျိနှင့် ပိုတူလာပြီး သေမျိုးတစ်ယောက်ကဲ့သို့ ဖြစ်လာသည်။ သူမ၏ ကျင့်ကြံစဉ်လည်း တိုးတက်လာပေသည်။
သူမသည် ဝိညာဉ်လမ်းကြောင်းဖွင့် အဆင့်သုံးသို့ ရောက်ရှိသွားလေပြီ။
**