← Chapters

ဒီနေ့ လူအများကြီး သေကိုသေရမယ်

Vol. 62 Ch. 857

ဒီနေ့ လူအများကြီး သေကိုသေရမယ်

Vol. 62 Ch. 857

ယန်လီ၏ ကျင့်ကြံဆင့်မှာ မြေကမ္ဘာအင်မော်တယ် အထွတ်အထိပ်အဆင့် ရောက်ရှိသည်မှာ ကြာမြင့်လှပြီဖြစ်ရာ သူ့အရှိန်အဝါ ထုတ်ဖော်လိုက်သည်နှင့် လေထုအတွင်း မိုးကြိုးသံများ ထွက်ပေါ်လာသည်။

အသက်ရှိုက်စာ အနည်းငယ်အတွင်း မိုးကြိုးချက် ကိုးချက်က ကျဆင်းလာသည်။

ယန်လီ၏ ရုပ်ခန္ဓာမှာ အားမနည်းပေ။ သူက မိုဝူကျိကဲ့သို့ မိုးကြိုးချက်များကို ရင်ဆိုင်ခြင်း မရှိသော်လည်း သူ့အနေနှင့် ကာကွယ်ရေးရတနာများ ထုတ်သုံးဖို့ရန် မလိုအပ်ပေ။ သူက မိုးကြိုးချက်များကို လက်ခံရုံသာ ဖြစ်၏။

မိုးကြိုးချက်များက ယန်လီအပေါ် ကျရောက်လာသည်။ သူတို့က ယန်လီ၏ အရေပြားကို ဆွဲဖြဲသွားကာ သွေးများ ထွက်လာစေသည်။ ယန်လီက အမှန်ပင် အကြမ်းအတမ်း ခံနိုင်လှ၏။ သူက မည်သည့်နာကျင်မှုမျိုးမျှ မငြီးငြူသလို မည်သည့် ကာကွယ်ရေးပစ္စည်းမျှလည်း မထုတ်ပေ။

မိုဝူကျိ၏ ဘေးတွင် ရပ်နေသည့် မိုချင်းချယ်က ထိုမြင်ကွင်းကို မြင်ကာ စိုးရိမ်တကြီး မေးလိုက်သည်။

“ ဖိုးဖိုး …  ဒီမိုးကြိုးချက်တွေက အရမ်းကြောက်ဖို့ ကောင်းတာပဲနော်။ နောင်ကျ သမီးလည်း ဒီလိုမျိုးနဲ့ ရင်ဆိုင်ရမှာလားဟင် ”

မိုဝူကျိက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

“ ဟုတ်တယ်။ မင်း အဆင့်မြင့်တဲ့ဆီကို တက်လှမ်းချင်ရင်တော့ မိုးကြိုးစမ်းသပ်ချက် ခံယူဖို့ လိုအပ်တယ်။ တကယ်လို့ ကျရှုံးသွားရင် မင်း အမှုန့်ဖြစ်သွားလိမ့်မယ် ”

မိုဝူကျိက မိုချင်းချယ်အား အားပေးနှစ်သိမ့်ဖို့ ကြိုးစားမနေပေ။ ကျင့်ကြံသူတစ်ယောက်အနေဖြင့် ဤအရာကို သူမက လက်ခံနိုင်စွမ်း မရှိလျှင် မည်သည့် အားပေးမှုမျိုးမဆို အသုံးမဝင်ပေ။

သူက မိုချင်းချယ်၏ ဘေးတွင် တစ်ချိန်လုံး နေနိုင်မည် မဟုတ်ချေ။ မိုချင်းချယ်သည် သူမ လမ်းကြောင်းပေါ်၌ သူမဘာသာ လျှောက်လှမ်းရမည် ဖြစ်သည်။

မိုချင်းချယ်သည် မိုဝူကျိ၏ ရည်ရွယ်ချက်ကို နားလည်သွားဟန်ပေါ်သည်။ သူမက ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် ပြောလိုက်သည်။

“ ဖိုးဖိုး၊ စိတ်ချနေပါ။ နောင်ကျ မိုးကြိုးစမ်းသပ်ချက် ခံယူတဲ့အခါ သမီး လုံး၀ တုန့်ဆုတ်မနေပါဘူး ”

တစ်ရက်အကြာတွင် မိုးကြိုးစမ်းသပ်ချက်က ပျောက်ကွယ်သွားလေပြီ။ သွေးသံရဲရဲနှင့် နှုံးချိနေသည့် ယန်လီက အောင်မြင်သွားပြီ ဖြစ်ရာ ပြန်လည်ကုသရေး သက်တန့်တိမ်တိုက်က သူ့အား စောင့်ကြိုနေလေ၏။

နေ့ဝက်အတွင်း ယန်လီက စိတ်လှုပ်ရှားစွာ မိုးကြိုးချက်နေရာမှ ခုန်ထွက်လာသည်။

“ အစ်ကိုကြီးမို၊ ဒီမိုးကြိုးစမ်းသပ်ချက်က အရမ်းကို လန်းဆန်းသွားစေတာပဲ။ ကျွန်တော် အခု တက်လှမ်းနိုင်တော့မယ့် အင်အားမျိုးကို ခံစားမိနေပြီ။ ကောင်းကင်အင်မော်တယ် အရှိန်အဝါကို ထုတ်လိုက်တာနဲ့ ချက်ချင်း တက်လှမ်းလို့ ရလိမ့်မယ် ”

ယန်လီက စိတ်လှုပ်ရှားစွာ ပြေးလာရင်း ပြောလိုက်သည်။ မိုဝူကျိက ယန်လီအတွင်းမှ သိသိသာသာ ပြောင်းလဲမှုကို ခံစားမိပြီး ယန်လီသည် ယခင်ကထက် များစွာ အားကောင်းလာကြောင်း သိပေသည်။

မိုဝူကျိက ခေါင်းငြိမ့်ကာ ပြောလိုက်သည်။

“ အဲ့ဒါဆို မင်းအခု တက်လှမ်းလိုက်တော့။ ငါလည်း မင်းနောက်က လိုက်ခဲ့မယ် ”

မိုဝူကျိက အင်မော်တယ်လောကမှ ထွက်သွားသည်မှာ မကြာသေးပေ။ အင်မော်တယ်လောကမှ အဆင့်မြင့်ကျင့်ကြံသူများအတွက် ဤအချိန်လေးမှာ ဘာဆိုဘာမျှ မဟုတ်ပေ။

သို့သော်လည်း မိုဝူကျိ စိုးရိမ်ပူပန်နေသည့် အကြောင်းအရင်းမှာ သူ ချန်ထားခဲ့သည့် အရာကြောင့် ဖြစ်သည်။

သူက မဟာဓားလမ်းစဉ်ဂိုဏ်းကို ဖျက်ဆီးခဲ့သော်လည်း ထိုဂိုဏ်း၏ အားအကောင်းဆုံး ကျင့်ကြံသူ ဖြစ်သည့် ယီမင်ရှုမှာ အသက်ရှင်သန်နေသေးကြောင်း သိထားသည်။

ယီမင်ရှုအကြောင်းကို ပြောနေစရာ မလိုသေးပေ။ သူ့အား ဝိုင်းကာ သတ်ဖို့ ကြံရွယ်ခဲ့သည့် မဟာဧကရာဇ် သုံးယောက်နှင့် ဧကရာဇ်တစ်ပိုင်းအဆင့်တို့ပင် အသက်ရှင်လျက် ကျန်ရှိနေသေး၏။

ထို့အပြင် သူ့ရန်သူများမှာ ထိုလေးယောက်မျှပင် မကပေ။ မဟာဧကရာဇ် လွန်ချိူက်နှင့် ဆေးလုံးတာအို အင်မော်တယ်မဟာမိတ်အဖွဲ့လည်း ရှိနေသေးသည်။

သူ ရှိမနေသည့် အချိန်အတွင်း ဖင်းဖန်မှာ ပြိုလဲမည့်အခြေအနေအတွင်းသို့ ကျရောက်နေနိုင်ပေသည်။ သူ့ ဖင်းဖန်ရှိလူများမှာ မည်သို့သောလူများ ဖြစ်သနည်း။

ယခုအသစ်တက်လှမ်းကာစ မဟာဧကရာဇ် ဖြစ်သည့် ဝေကျီတောက်သာ ရှိသည်။ ဝေကျီတောက်၏ စွမ်းရည်မှာ မဆိုးလှပေ။ သူက ဓားအကျဉ်းထောင်အတွင်း နယ်မြေတစ်ခုကိုပင် ထိန်းချူပ်နိုင်စွမ်း ရှိခဲ့သည်။

သို့သော်လည်း တကယ့်အစစ်အမှန် အဆင့်မြင့်ကျင့်ကြံသူများနှင့် နှိုင်းယဉ်ပါက ဝေကျီတောက်ကား ဘာမျှ မဟုတ်သေးပေ။

“ ဟုတ်ပါပြီ … ဟုတ်ပါပြီ ”

ယန်လီက တုန့်ပြန်လိုက်ပြီး သူ့အရှိန်အဝါကို ထုတ်ဖော်လိုက်သည်။ အာကာပြင်မှ ကျယ်လောင်သည့် အသံကြီး ထွက်လာကာ ယန်လီ၏ ခေါင်းပေါ်သို့ လမ်းကြောင်းတစ်ခု ဆင်းသက်လာသည်။

အားကောင်းသည့် စုပ်အားက ယန်လီအား ဆွဲခေါ်သွားလေ၏။ မိုဝူကျိက လက်ကို မြောက်ကာ မိုချင်းချယ်အား ပွေ့လိုက်ပြီး ထိုလမ်းကြောင်းအတွင်းသို့ ခုန်ဝင်လိုက်သည်။

မိုဝူကျိ လမ်းကြောင်းထဲ ဝင်လိုက်သည်နှင့် အားပြင်းလွန်းသည့် တွန်းကန်အားတစ်ခုက မိုဝူကျိအား တွန်းလွှတ်နေသည်။

ဤလမ်းကြောင်း၌ အတားအဆီးတစ်ချို့ ရှိနေဟန်ပေါ်သည်။

ယန်လီက ထိုအတားအဆီးများကို မမှုဘဲ တက်လှမ်းနိုင်စွမ်း ရှိသော်လည်း မိုဝူကျိနှင့် မိုချင်းချယ်တို့မှာ တားဆီးခံထားရ၏။

မိုဝူကျိ၏ နှလုံးခုန်နှုန်းတွေ မြန်ဆန်မိသွားသည်။ သူက ယန်လီသာ အပြည့်အ၀ တက်လှမ်းပြီးသည်နှင့် ဤလမ်းကြောင်းမှာလည်း အလိုလို ပျောက်ကွယ်သွားမည် ဖြစ်ကြောင်း သိပေသည်။ ထိုအခါ သူက အင်မော်တယ်လောကသို့ ပြန်နိုင်မည် မဟုတ်တော့ချေ။ ထိုစဉ် မိုဝူကျိက လုံး၀ တုန့်ဆိုင်းမနေတော့ဘဲ လော့ကျမ်းစာရွက်ကို ထုတ်ကာ မိုချင်းချယ်အား ကာကွယ်ပေးလိုက်သည်။

ထို့နောက် သူက ခွန်းဝူဓားကို ဆွဲကိုင်ကာ သူ့အတားအဆီးများ အားလုံးကို ပိုင်းဖြတ်ပစ်လိုက်သည်။

ပြင်းထန်လွန်းသည့် ဓားအငွေ့အသက် ထွက်ပေါ်လာသည်နှင့် အတားအဆီးများပေါ်တွင် အက်ကြောင်းဖြစ်ပေါ်လာသည်။ မိုဝူကျိက ထိုအက်ကြောင်းပေါ်သို့ လက်သီးတစ်ချက် ပစ်ခွင်းလိုက်ပြီး ဖောက်ခွဲပစ်လိုက်သည်။ သေးငယ်သည့် အက်ကြောင်းလေးတစ်ခုက မိုဝူကျိရှေ့ ပေါ်လာသည်။ မိုဝူကျိက မိုချင်းချယ်ကို မြန်မြန်ပွေ့ကာ ထိုအက်ကြောင်းလေးကြား ခုန်ဝင်လိုက်သည်။

အမျိုးမျိုးသော အာကာပြင် ဓားသွားများက သူ့အား ဖြတ်ကျော်သွားလေသည်။  မိုဝူကျိက နတ်ဘုရားရုပ်ခန္ဓာ နောက်ပိုင်းအဆင့် ဖြစ်သော်လည်း သူ့ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများ ရှိနေသေးသည်။

မိုဝူကျိက မိုချင်းချယ်အား လော့ကျမ်းစာရွက်ကို ထုတ်ပြီး ကာကွယ်ပေးခဲ့မိသည့်အတွက် အရမ်းကို ဝမ်းမြောက်နေမိသည်။ မဟုတ်လျှင် ဤကြောက်မက်လှဖွယ်သော အာကာသဓားချက်များအတွင်း သူ မိုချင်းချယ်အား ကာကွယ်နိုင်လိုက်မည် မဟုတ်ပေ။

မိုးမြေစည်းမျဉ်းများကား အမှန်တကယ် ကြောက်ဖို့ကောင်းလှသည်။ ယခု သူက ထိုစည်းမျဉ်းများကို ဆန့်ကျင်ဖို့ ကြိုးစားနေခြင်း ဖြစ်သည်။ အကယ်၍ သူသာ အားနည်းနေပါက သေဆုံးသွားပေလိမ့်မည်။

ထိုအတားအဆီးကို ဖြတ်ကျော်ပြီးသည်နှင့် မိုဝူကျိက အင်မော်တယ် ဝိညာဉ်စွမ်းအားကို ခံစားမိလိုက်သည်။ မိုဝူကျိ့ ရှေ့မှောက်၌ သဘာဝ သင်္ကေတများနှင့် ပြည့်နေသည့် လှိုင်းတွန့်လေးများ ပေါ်လာလေသည်။

မိုဝူကျိက အစီအရင် ဆရာတစ်ယောက် ဖြစ်သည့်အပြင် အဆောင်အမျိုးမျိုး အကြောင်းကိုလည်း လတ်တလောလေးတွင်မှ သင်ယူထားပြီးသည် ဖြစ်ရာ တစ်ချက်တည်း ကြည့်ရုံဖြင့် ထိုသည်မှာ မိုးမြေတာအိုအရှိန်အဝါမှ ထွက်ပေါ်နေသော ကူးပြောင်းရေး တာအိုသင်္ကေတများ ဖြစ်ကြောင်း သိလိုက်သည်။

မိုဝူကျိက တစ်ခါမှ သဘာဝအတိုင်း မတက်လှမ်းဖူးပေ။ သို့သော်လည်း သူ့စိတ်စွမ်းအား၌ ယန်လီက ထိုတာအိုသင်္ကေတများကြား ဝင်သွားကြောင်း သိလိုက်သည်။

မိုချင်းချယ်ကို ဆွဲကာ သူလည်း တာအိုသင်္ကေတထဲသို့ ခုန်ဝင်လိုက်တော့သည်။ ထိုသင်္ကေတများထဲ ခုန်ဝင်ပြီးနောက် ထူးခြားသည့် ခံစားချက်က သူ့ကို လွှမ်းခြုံသွားလေ၏။

နောက်အခိုက်အတန့်လေး၌ မိုဝူကျိက ဝိညာဉ်စွမ်းအားမြူများ ဖုံးလွှမ်းနေသည့် ရေကန်အတွင်းသို့ ကျရောက်သွားလေသည်။

ထိုရေကန်အပေါ်၌ ရွှေရောင်စာလုံးကြီးများနှင့် ရေးသားထားသော စာတန်းကြီး ရှိပေသည်။

 လော့လင်အင်မော်တယ်နယ်မြေ၏ ဆယ်ခုမြောက် တက်လှမ်းခြင်း ရေကန် 

“ အစ်ကိုကြီး … ဒီက အင်မော်တယ်စွမ်းအားတွေက အရမ်းကို ကြွယ်ဝတာပဲ ”

ယန်လီက အလွန်အမင်း စိတ်လှုပ်ရှားနေမိသည်။ သူက ပြောနေရင်း ထိုင်ကာ သူ့ကျင့်ကြံဆင့်အား အခြေတည်ဖို့ကိုပဲ ကြိုးစားလိုက်သည်။ တဖက်တွင် မိုချင်းချယ်၏ ကျင့်ကြံဆင့်မှာ ဤတက်လှမ်းခြင်းရေကန်၏ အကျိုးကျေးဇူးကို ခံစားနိုင်ရန်အတွက် အရမ်းကို နိမ့်ကျနေသေးသည်။

မိုဝူကျိက ယန်လီအား နေ့တစ်ဝက်စာလောက် စောင့်ဆိုင်းလိုက်ရသည်။  ယန်လီက သူ့ကောင်းကင် အင်မော်တယ်အဆင့်ကို အခြေတည်ပြီးသွားသည်နှင့် ကျင့်ကြံခြင်းကို ရပ်တန့်လိုက်သည်။

မိုဝူကျိက အင်မော်တယ်နယ်မြေတိုင်းတွင် တက်လှမ်းခြင်း ရေကန်အမျိုးမျိုး ရှိကြောင်း သိပေသည်။

သူက အင်မော်တယ်လောကသို့ ပုံမှန်နည်းလမ်းဖြင့် မလာဖူး၍သာ ဖြစ်သည်။ ထို့ကြောင့် ဤတက်လှမ်းခြင်းရေကန်နှင့် ပတ်သက်၍ သူ့နားလည်နိုင်စွမ်းမှာ ကန့်သတ်ချက်ရှိပေသည်။

တက်လှမ်းခြင်းရေကန်၌ အင်မော်တယ်များကို ခွင့်ပြုမထားပေ။

ပထမအကြောင်းအရင်းမှာ ဤလမ်းကြောင်းမှာ ကျင့်ကြံခြင်းလောကမှ ပွင့်လာသည့်လမ်းကြောင်း ဖြစ်သည့်အချက် ဖြစ်သည်။ သာမန်လူပင် ဤလမ်းကြောင်းကို မဖွင့်နိုင်သော်လည်း အင်မော်တယ်လောက၏ ထိပ်တန်း လျှို့ဝှက်ချက်အဖြစ် ရှိနေဆဲ ဖြစ်သည်။

မိုဝူကျိတို့က ဤရေကန်မှ ထွက်လာသည်နှင့် ဧရာမ ခန်းမကျယ်ကြီးထဲသို့ ရောက်ရှိသွားသည်။ သူတို့သုံးယောက် ဘာမျှမမေးနိုင်ခင် အင်မော်တယ် ကျင့်ကြံသူ နှစ်ယောက်က ရောက်လာကာ

“ ခင်ဗျားတို့သုံးယောက်က အသစ် တက်လှမ်းလာတာလား ”

မေးလိုက်သူမှာ ကျင်းရှန်းအဆင့် ကျင့်ကြံသူ ဖြစ်သည်။ သူ့မေးခွန်းဆုံးသည်နှင့် သူက တစ်ခုခု လွဲမှားနေကြောင်း ခံစားမိလိုက်သည်။ ယန်လီတွင် အသစ်တက်လှမ်းလာသည့် ကောင်းကင်အင်မော်တယ် တစ်ယောက်၏ အရှိန်အဝါမျိုး ရှိနေသော်လည်း မိုဝူကျိနှင့် မိုချင်းချယ်တို့မှာ သေမျိုးနှင့် ဘာမျှ မကွာခြားပေ။

သူတို့တွင် တက်လှမ်းလာသည့် အရိပ်အယောင်မျိုး ရှိမနေပေ။ သူတို့က ဘယ်လိုလုပ် အသစ်တက်လှမ်းလာသည့် အင်မော်တယ်များ ဖြစ်နိုင်မည်နည်း။

“ မင်းက သေမျိုးတွေကို ဒီအင်မော်တယ်လောကဆီကို ခေါ်လာတာလား ”

တခြားတစ်ယောက်က ယန်လီအား ကြည့်ကာ အော်ဟစ်လိုက်သည်။ ခန်းမအတွင်း လူများစွာ မရှိသော်လည်း ထိုသူများက ဤစကားကို ကြားသည့်အခါ လှည့်ကြည့်လိုက်ကြသည်။

သူတို့အမြင်၌ တက်လှမ်းနေစဉ်အတွင်း သေမျိုးများကို ခေါ်လာနိုင်သောသူတွင် အားကောင်းသော ရတနာ ရှိရမည်ဟု ထင်ကြသည်။

ပုံမှန်အားဖြင့် အသစ်တက်လှမ်းလာသော အင်မော်တယ်များက အန္တရာယ်ကင်းလေ့ရှိသည်။ အင်မော်တယ်နယ်မြေက အသစ်တက်လှမ်းလာသည့် အင်မော်တယ်များကို ကာကွယ်ပေးထားရုံသာမက အဆင့်မြင့် ကျင့်ကြံသူများမှာလည်း သူတို့ကဲ့သို့ အသစ်ကလေးနှင့် တိုက်ခိုက်ရလောက်အောင်ထိ မနိမ့်ကျကြပေ။

ထို့အပြင် အသစ်တက်လှမ်းလာသော အင်မော်တယ်တွင် မည်သို့ တိုက်ဖို့ရာ ထိုက်တန်မည့် ပစ္စည်းမျိုး ပါရှိမည်နည်း။

သို့သော် ယခု ယန်လီက သူ့တွင် တကယ့်ထိပ်တန်း အဆင့်မြင့်ရတနာ ရှိနေကြောင်း ထုတ်ဖော်လိုက်သည့်အခါ ကိစ္စများက ခြားနားသွားလေပြီ။

မိုဝူကျိလည်း အမှန်ပင် ဆွံ့အနေမိသည်။ သာမန်ကျင့်ကြံသူတစ်ယောက်က သေမျိုးများကို အင်မော်တယ်လောကသို့ ခေါ်လာနိုင်သည်လား။ ဤလူများက ဉာဏ်ရည် လိုအပ်ချက်တွေ ရှိနေသည်လား။

သူက အင်မော်တယ်ဧကရာဇ် တစ်ယောက် ဖြစ်သည့်အပြင် မိုးမြေစည်းမျဉ်းများ၏ တားဆီးချက်ကိုလည်း မခံရပေ။ ထိုသို့ဆိုလျှင်ပင် ဤအင်မော်တယ်လောကသို့ တက်လာနိုင်ရန် သူအတွက် ခွန်းဝူဓားကို ထုတ်သုံးဖို့ လိုအပ်ပေသည်။

မည်သို့သော သာမန်လူမျိုးက ဤသို့ကိစ္စမျိုးကို လုပ်နိုင်မည်နည်း။

ယန်လီက မကျေမနပ် ပြောလိုက်သည်။

“ ခင်ဗျားတို့တွေ ရူးနေလား။ ကျုပ်ဆီမှာ အင်မော်တယ်လောကထဲကို သေမျိုးတွေ ခေါ်လာနိုင်တဲ့ ရတနာရှိနေမှတော့ ဘာလုပ်ဖို့ ဒီသေမျိုးတွေကို ဒီခန်းမထဲ ခေါ်လာတော့မှာတုန်း ”

“ ယန်လီ….  သွားကြစို့ ”

မိုဝူကျိက အချိန်ဖြုန်းနေဖို့ စိတ်အခြေအနေ မရှိပေ။ သူက လော့လင်အင်မော်တယ်နယ်မြေ အကြောင်း ကောင်းကောင်း သိပေသည်။

အင်မော်တယ် ဧကရီ ဝမ်လန်မှာလည်း လော့လင်အင်မော်တယ်နယ်မြေမှ ဖြစ်ပြီး သူ သုတ်သင်ပစ်ခဲ့သည့် မဟာဓားလမ်းစဉ် ဂိုဏ်းသည်လည်း လော့လင် အင်မော်တယ်နယ်မြေမှ ဖြစ်ပြန်သည်။

မိုဝူကျိတို့ ထွက်သွားသည်ကို ကြည့်ကာ တချို့ကျင့်ကြံသူများက အချင်းချင်း မျက်စပစ်ပြလိုက်ပြီးနောက် မိုဝူကျိတို့နောက် လိုက်သွားကြသည်။ အသစ်တက်လှမ်းလာသော ကျင့်ကြံသူများနှင့် ရင်ဆိုင်ရာ၌ သူတို့သည် အင်မော်တယ်မြို့အတွင်း လူသိရှင်ကြား မတိုက်ခိုက်ရဲကြပေ။

အကယ်၍ သူတို့သာ အင်မော်တယ်မြို့ကို ဖြတ်ကျော်သွားလျှင် ကိစ္စများက လွယ်ကူတော့မည် မဟုတ်ပေ။

မိုချင်းချယ်က မေးလိုက်သည်။

“ ဖိုးဖိုး … သေမျိုးတွေက တက်လမ်းကြောင်းကို သုံးပြီးတော့ တက်လာလို့မရဘူးလား။ တားမြစ်ထားတာလား။ အဲ့လူတွေက သမီးတို့ကို တားချင်တဲ့ပုံ ပေါ်တယ်နော်။ ဒီလိုဆိုရင်လည်း သူတို့က ဘာလို့ အဲ့အကြောင်းပြချက်ကို မသုံးတာလဲ ”

ယန်လီက နှာခေါင်းရှုံ့ကာ

“ သူတို့ အဲ့အကြောင်းပြချက်ကို သုံးလိုက်ရင် ငါတို့ ရတနာတွေက သူတို့အပိုင်ဖြစ်မှာ မဟုတ်ဘူးလေ ”

မိုဝူကျိက ထိုလူများကို မျက်စိထဲပင် မထည့်ပေ။ သူ့စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်ပြီးနောက် အင်မော်တယ်မြို့၏ အတားအဆီးကို ချိုးဖောက်ရန် မလိုအပ်ကြောင်း သိလိုက်သည်။ သူ့စိတ်စွမ်းအားဖြင့် မိုဝူကျိက ကူးသန်းရေးအစီအရင် နေရာကို မြန်မြန်ဆန်ဆန် ရှာဖွေနိုင်လိုက်သည်။

မြို့တစ်လျှောက် စစ်ဆေးပြီးနောက် မိုဝူကျိက သူတို့ရောက်ရှိနေသည့် နေရာကို သိရှိသွားလေသည်။ ထိုသည်မှာ လော့လင်အင်မော်တယ်နယ်မြေ၏ နာမည်ကျော် အင်မော်တယ်မြို့ဖြစ်သည့် တင်းပိုအင်မော်တယ်မြို့ ဖြစ်သည်။

မိုဝူကျိက တင်းပိုအင်မော်တယ်မြို့နှင့် အလွန်ရင်းနှီးပေသည်။

ထိုနှစ်များတုန်းက ဂိုဏ်းကြီးများသည် ဤနေရာတွင် ထောင်ချောက်အစီအရင် လုပ်ကာ သူ့အား လုပ်ကြံဖို့ ကြိုးစားခဲ့ကြသည်။ ဟန်ချင်းရု၏ သတိပေးမှုကြောင့် သူက ရှောင်ရှားနိုင်ခဲ့သော်လည်း ဤတင်းပိုမြို့၌ ပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့ရသည်။

မိုဝူကျိက တင်းပိုမြို့မှ ချန်းဟူအမည်ရှိ ကျင့်ကြံသူတစ်ယောက်ကို သိပေသည်။ ချန်းဟူသည် ကြယ်ရှစ်လုံးပါရမီရှင် တစ်ယောက်ဖြစ်ပြီး သူ ကျိုးပျက်ကမ္ဘာ တတိယအလွှာတွင် ရှိစဉ်အခါက ချန်းဟူနှင့် အပေးအယူ လုပ်ခဲ့ဖူးသည်။

ချန်းဟူ၏ အကျင့်စရိုက်မှာ မဆိုးလှပေ။

သူက တည်ငြိမ်ကာ စိတ်သဘောထားကြီးသူ တစ်ဦးဖြစ်၏။ မိုဝူကျိက ချန်းဟူ၏ဖခင်မှာလည်း အင်မော်တယ်ဧကရာဇ် တစ်ယောက်ဖြစ်ကြောင်း ကြားဖူးပေသည်။

သို့သော်လည်း ချန်းဟူသည် စကြဝဠာ၏ အစွန်း၌ သေဆုံးသွားပြီ ဖြစ်ကြောင်း ကြားလိုက်ရသေးသည်။

မိုဝူကျိက တင်းပိုမြို့သို့ ပြန်ရောက်လာလိမ့်မည်ဟု တစ်ခါမျှ မျှော်လင့်မထားပေ။ အမြင်နှင့်ပင် သူက ဤအင်မော်တယ်မြို့နှင့် အတော်လေး ကံစပ်နေပေသည်။

မိုဝူကျိ၏စိတ်စွမ်းအားကို တင်းပိုအင်မော်တယ်မြို့ တစ်လျှောက် ဖြန့်ကျက်လိုက်လေသည်။ တင်းပိုအင်မော်တယ်မြို့ အပြင်၌ ဧရာမ ဖမ်းဝရမ်းကြီးကို စိုက်ထူထားလေသည်။

မိုဝူကျိက ထိုဖမ်းဝရမ်းမှလူကို ကောင်းကောင်းသိပေသည်။ သူကိုယ်တိုင် ဖြစ်နေ၏။

ဖမ်းဝရမ်း၌ ရေးထားသည်မှာ သူက အင်မော်တယ်လောက၌ အရင်းအမြစ်များကို အပိုင်စီးကာ အပြစ်မဲ့သူများအား သတ်ဖြတ်ခဲ့ပြီး မြောက်များစွာသော ပြစ်မှုများကို ကျူးလွန်ခဲ့သည်။

ထို့ကြောင့် ကျင့်ကြံသူများက မိုဝူကျိကို သတ်၍ ကောင်းသော အကျိုးပြုရန် ဆိုထားခြင်း ဖြစ်၏။

တချိန်တည်းဆိုသလို မိုဝူကျိ့သတင်း ပေးနိုင်သည့်သူအား ဆုလာဘ်အကြီးကြီး ပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။ ထိုဖမ်းဝရမ်းကိုမြင်ပြီး မိုဝူကျိ၏ စိတ်ထဲ လေးလံမိသွားသည်။

သူက အဖမ်းခံရမည်ကို မကြောက်ပေ။ သူ့အင်အားဖြင့် အင်မော်တယ်လောက၌ မည်သူကများ သူ့အား ဖမ်းဆီးရဲမည်နည်း။ ထိုအစား သူက သူ့ဖင်းဖန် အင်မော်တယ်ကျောင်းတော်အား စိုးရိမ်မိသွားသည်။

အကယ်၍ ဖင်းဖန်ဂိုဏ်းချုပ်က အလိုရှိသူဖြစ်နေလျှင် သူ့ဖင်းဖန်ဂိုဏ်းမှာ အထိအခိုက်မရှိ ကျန်ရှိနေခြင်းကသာ အလွန်ထူးဆန်းနေပေလိမ့်မည်။

မိုဝူကျိက သူ့စိတ်စွမ်းအားအား အပြင်ဘက်သို့ ဆက်လက်ဖြန့်ကျက်လိုက်သည်။ သူက ထိုဖမ်းဝရမ်းအောက်၌ မြောက်များစွာသော အလောင်းများကို မြင်လိုက်ရသည်။

ထိုအလောင်းများအောက်တွင် သိသာသော ဖော်ပြချက် တစ်ခုရှိ၏။

 မိုဝူကျိရဲ့ အပေါင်းအပါများ 

မိုဝူကျိက ရွိုက်ကောနှင့်တာ့ဟွမ်တို့ကို ထုတ်လိုက်သည်။ ထို့နောက် သူက ပြောလိုက်သည်။

“ တာ့ဟွမ်၊ မင်းနဲ့ ရွိုက်ကောက ယန်လီနဲ့ချင်းချယ်ကို ကာကွယ်ထားလိုက်။ ဒီနေ့ လူအများကြီး သေကိုသေရတော့မယ် ”

***

All Chapters