← Chapters

လက်သီးငါးချက်

Vol. 62 Ch. 858

လက်သီးငါးချက်

Vol. 62 Ch. 858

ယခင် သူ မဟာဓားလမ်းစဉ်ဂိုဏ်အား ချေမှုန်းစဉ်က အင်မော်တယ်ဘုရင်အဆင့်ပင် မရောက်သေးပေ။ ယခု သူက အင်မော်တယ်ဧကရာဇ် အလယ်အလတ်အဆင့်သို့ ရောက်ရှိနေလေပြီ။ ထို့ကြောင့် အထက်ဘုံက သူ့ဖင်းဖန်အား ဖျက်ဆီးဖို့ ကြိုးစားလာလျှင်ပင် သူ့အနေနှင့် သူတို့အား ဖျက်ဆီးပစ်ဖို့ တုံ့ဆိုင်းနေမည် မဟုတ်ပေ။

“ ညီမချင်းချယ် … ကျုပ်သခင်ကြီးက စိတ်ဆိုးနေတဲ့ပုံပဲ။ ဘာတွေဖြစ်လို့လဲ ”

ရွိုက်ကောက မိုချင်းချယ်ဘေးသို့ ရောက်လာကာ မေးလိုက်သည်။ မိုချင်းချယ်က ဘာဖြစ်သွားမှန်းပင် မသိလိုက်ပေ။ သူမက ခေါင်းကိုခါကာ

“ ကျွန်မလည်း မသိဘူး။ စောစောက ဟိုခန်းမထဲက လူတွေက အစ်ကိုကြီးယန်လီရဲ့ ပစ္စည်းတွေကို လုချင်နေကြတာ ”

“ ဘာ…ဒီပါးမွှားလေးတွေက ငါ့ညီလေးဆီက ပစ္စည်းတွေကို လုချင်သေးတယ်ပေါ့။ အဲ့ပါးမွှားတွေက ဘယ်မှာတုန်း။ သူတို့ကို အရည်ခန်းတဲ့ထိ အကုန်စုပ်ပစ်ဦးမယ် ”

ရွိုက်ကောက ဒေါသတကြီး အော်ဟစ်လိုက်သည်။ တာ့ဟွမ်က ရွိုက်ကောအား မကျေမနပ် ကြည့်လိုက်သည်။  သူက ရွိုက်ကောအား သိလာသည်မှာ ကြာမြင့်လှပြီဖြစ်ရာ ဤကောင်စုတ်လေး၏ စရိုက်အား ကောင်းစွာ သိလေသည်။ ဤကောင်စုတ်လေးမှာ ယခု အမှန်တကယ် ဒေါသထွက်နေဟန် ပေါ်သော်လည်း လက်တွေ့၌ ယန်လီက ထိုလူများကို မောင်းထုတ်လျှင်ပင် ရွိုက်ကောက ဘာမှဝင်လုပ်မည် မဟုတ်ပေ။

ပို၍ အတိအကျ ပြောရလျှင် ရွိုက်ကောက ဘာမှကို မလုပ်ရဲပေ။ အကြောင်းမှာ ရွိုက်ကောက ထိုလူများကို ကြောက်ရွံ့နေ၍ မဟုတ်ဘဲ သခင်ကြီး စိတ်ဆိုးဒေါသထွက်လာမည်ကို စိုးရိမ်၍ ဖြစ်သည်။

တာ့ဟွမ်က သရုပ်ဆောင်ခြင်းနှင့် ပတ်သက်လာလျှင် ရွိုက်ကောထက် များစွာ နောက်ကောက်ကျနေသေးကြောင်း သိလိုက်သည်။ သခင်ကြီးက ကိုယ်တိုင် အမိန့်မပေးသ၍ ရွိုက်ကောရဲ့ စကားများမှာ လေလုံးအဖြစ်သာ ပျောက်ကွယ်သွားလိမ့်မည်။

ယန်လီက ရွိုက်ကော၏ အင်အားမှာ သူ့ထက်များစွာ အားကောင်းနေကြောင်း ခံစားမိလိုက်ပြီး ရှေ့သို့တိုးလာကာ လက်နှစ်ဖက်ယှက်လိုက်ရင်း ပြောလိုက်သည်။

“ အစ်ကိုကြီး … ကျုပ်အတွက် ပြောပေးလို့ ကျေးဇူးတင်ပါတယ်။ ကျုပ်နာမည်က ယန်လီပါ။ ကျုပ်က အစ်ကိုကြီးမိုရဲ့ မိတ်ဆွေဟောင်းပါ ”

ရွိုက်ကောက လက်ဝှေ့ပြကာ

“ မင်းက ငါ့သခင်ကြီးနဲ့မိတ်ဆွေဆိုမှတော့ ငါ့ရဲ့ညီလေးပဲပေါ့။ အခုကစပြီး ငါရွိုက်ကောက မင်းကို ကာကွယ်ပေးမယ်။ ဒါနဲ့ဒီလူက တာ့ဟွမ်။ တာ့ဟွမ်ကတော့ သူ့ကိုယ်သူ အရမ်းအားကောင်းတယ်လို့ ပြောတာပဲ။ ဒါပေမဲ့ တစ်ခါက တစ်ယောက်နဲ့ တိုက်ခိုက်ပြီးတော့ တစ်စစီဖြစ်သွားတာပဲ။ ငါ့သခင်ကြီးက သူ့ကို ပြန်ပြီး ဖန်တီးပေးထားတာ။ တာ့ဟွမ်က တကယ်တော့ မဆိုးပါဘူး။

ဒါပေါ့၊ ငါလည်း သခင်ကြီးနဲ့အတူတူ တိုက်ပွဲတွေ အများကြီး ဆင်နွဲခဲ့တာပဲ။ ဒါပေမဲ့ ငါ့အရိုးတွေက မာကျောလွန်းလို့ ဘယ်လောက်တိုက်တိုက် မမှုဘူးလေ ”

ရွိုက်ကောက တာ့ဟွမ် အားမကောင်းကြောင်း မပြောခဲ့ပေ။ သို့သော် သူက တာဟွမ်သည် သူ့ထက်များစွာ အားကောင်းနေသည့် အကြောင်းလည်း မပြောခဲ့ပေ။ ယန်လီက ရွိုက်ကော၏ စကားများကို ကြားသည့်အခါ သူ့အနေနှင့် ရွိုက်ကောသည် တာ့ဟွမ်ထက် များစွာအားကောင်းနေကြောင်း ခံစားသွားရမည်မှာ ပုံမှန်ပင် ဖြစ်သည်။

ရွိုက်ကော၏ စကားများကို  အသေအချာ ကြားလိုက်ရဲ့လား။

တာ့ဟွမ်က သခင်ကြီးကို တစ်ကြိမ်ကူညီပြီး သူ့ခန္ဓာကိုယ်မှာ တစ်စစီ ဖြစ်သွားခဲ့ကြောင်း ပြောခဲ့သည်။ တစ်ဖက်တွင် ရွိုက်ကောက သခင်ကြီးအား တိုက်ပွဲ၌ ခဏခဏ ကူညီနေသော်လည်း အသက်ရှင်လျက် ကောင်းကောင်းမွန်မွန် ရှိနေဆဲ ဖြစ်သည်။

“ အစ်ကိုကြီးရွိုက်ကော၊ အစ်ကိုတာ့ဟွမ်၊ ကျုပ်ကို စောင့်ရှောက်ပေးပါဦး ”

ယန်လီက ဝါစဉ်သတ်မှတ်ကာ ရွိုက်ကောအား တာ့ဟွမ်၏ အပေါ်၌ သတ်မှတ်ပေးလိုက်သည်။ ထိုစဉ် မိုဝူကျိက မြို့တံတိုင်း၌ တွယ်ကပ်ထားသော အလောင်း လေးလောင်းဆီ ရောက်သွားလေ၏။ သူ့မျက်လုံး၌ ဒေါသများပြည့်နှက်လာသည်။ သူက ထိုလူများသည် မည်သူဖြစ်ကြောင်း မည်သည့်နေရာမှ ရောက်လာကြောင်း မသိပေ။

လက်တစ်ချက်အဝှေ့ဖြင့် ထိုအလောင်း လေးလောင်းလုံးမှာ မြေပြင်ပေါ်သို့ ကျရောက်လာသည်။ ထို့နောက် သူက ဆေးလုံးများကို ထုတ်ကာ ပါးစပ်အတွင်းသို့ လိုက်ထည့်ပေးလိုက်သည်။

ထိုလေးယောက်၌ တစ်ယောက်တည်းသာ အသက်မျှင်မျှင် ကျန်ရှိတော့သည်။ မိုဝူကျိ၏ စွမ်းရည်နှင့် အရင်းအမြစ်များဖြင့် ဝိညာဉ်က ခန္ဓာကိုယ်မှာ တွယ်ကပ်နေပြီး အသက်မျှင်မျှင် ရှိနေသ၍ သူက ထိုလူကို ကယ်တင်နိုင်သည်။

“ မင်း တကယ် လုပ်ရဲတယ်လား ”

မိုဝူကျိနောက်မှ လိုက်ပါလာကြသော ကျင့်ကြံသူအချို့က ထိုမြင်ကွင်းကို မြင်လိုက်သောအခါ မိုဝူကျိအား တအံ့တသြ ကြည့်ရင်း မည်သည့်စကားကို ဆက်ပြောရမှန်းမသိ ဆွံ့အကုန်ကြသည်။ တစ်ချိန်တည်းဆိုသလို သူတို့က ဆိုးဆိုးဝါးဝါးအချက်ကို နားလည်သွားပေသည်။

မိုဝူကျိသည် အသစ်တက်လှမ်းလာသည့် အင်မော်တယ်တစ်ယောက် မဟုတ်ပေ။ အသစ်တက်လှမ်းလာသည့် အင်မော်တယ်အကြောင်း ပြောနေစရာမလိုပေ။ မိုဝူကျိက အင်မော်တယ်ဘုရင်ပင် မဟုတ်ပေ။

ဤအလောင်းများကို လွတ်မြောက်စေလိုက်သည်က သေချာပေါက် ရိုးရှင်းသည့်ကိစ္စမျိုး မဟုတ်ပေ။ ထိုလူများက တစ်ယောက်နှင့် တစ်ယောက် ကြည့်ကာ အမြန်ထွက်ပြေးဖို့ ကြိုးစားလိုက်ကြသည်။

သူတို့လှည့်ထွက်လိုက်သည်နှင့် လေဓားတစ်ချက်က ရောက်ရှိလာကာ သူတို့အားလုံးအား နှစ်ပိုင်း ပိုင်းဖြတ်သွားလေ၏။ သူတို့၏ ကမ္ဘာဦးစိတ်ဝိညာဉ်ဖြင့် မလွတ်မြောက်နိုင်ကြပေ။

မြို့တံတိုင်းပေါ်ရှိ အစောင့်နှစ်ဦးက မိုဝူကျိတစ်ယောက် အလောင်းများအား မြေပြင်ပေါ်သို့ ရွေ့ပြောင်းလိုက်သည်ကို ကြည့်ကာ အလွန်ပင် အံ့သြနေကြသည်။ ယခု သူတို့က မိုဝူကျိသည် တင်းပိုအင်မော်တယ်မြို့၌ အများရှေ့ လူသတ်လိုက်သည်ကို မြင်သောအခါ ဤကိစ္စသည် မရိုးရှင်းကြောင်း သိလိုက်ကြသည်။

ဆိုးဆိုးဝါးဝါး အချက်ပေးသံများ ထွက်ပေါ်လာသည်။ ဤပတ်လည်ရှိ ရန်သူများမှာလည်း လွတ်ရာလမ်းသို့ ထွက်ပြေးကုန်ကြသည်။

ရွိုက်ကောက စိတ်လှုပ်ရှားမှု အပြည့်ဖြင့် ပါးစပ်ဟောင်းလောင်း ဖြစ်နေမိသည်။ သူက ကျင့်ကြံခြင်းကို မနှစ်သက်သော်လည်း ဤသို့ ရုတ်ရုတ်သဲသဲဖြစ်မှုကို အလွန်နှစ်ခြိုက်ပေသည်။ ရွိုက်ကောက သခင်ကြီး စိတ်ဆိုးမည်ကို ကြောက်ရွံ့နေသောကြောင့်သာ သူအကျင့်အား ချိုးနှိမ်ထားခြင်း ဖြစ်၏။

အသက်ဆယ်ရှိုက်စာအတွင်း မိုဝူကျိ ဆေးလုံးတိုက်လိုက်သော ကျင့်ကြံသူက မျက်လုံးပွင့်လာလေသည်။ သူ့ကျင့်ကြံဆင့်မှာ ကျင်းရှန်း နောက်ဆုံးအဆင့်မျှသာ  ရှိသေး၏။

ထို့အပြင် မိုဝူကျိ၏ ဆေးလုံးမှာ ကုသဆေးလုံး၌ အမြင့်ဆုံးအဆင့် ဆေးလုံးများ ဖြစ်ပေသည်။ ထို့ကြောင့် ဤလူက မကြာခင်ပင် သက်သာလာပေ၏။

“ စီနီယာ … ကျုပ်ကို ကယ်ပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ် ”

ထိုလူက မတ်တပ်ရပ်ကာ လက်နှစ်ဖက်ယှက်ရင်း ပြောလိုက်သည်။

“ ခင်ဗျားက ချူယန်လား ”

ဤကျင့်ကြံသူ၏ တစ်ကိုယ်လုံးမှာ သွေးများဖုံးလွှမ်း၍ မျက်နှာတွင် အသားစများ မရှိသော်လည်း သူ ပါးစပ်ဟကာ ပြောလိုက်သည်နှင့် မိုဝူကျိက တန်းမှတ်မိလိုက်သည်။

ထိုလူမှာ အမှန်တကယ် ချူယန်ဖြစ်သည်။ ဟိုးအရင် ကျင့်ကြံခြင်းလောက၌ သူ နိုက်ဟော်ကြောင့် ထွက်ပြေးရစဉ် အာကာပြင်ချောက်နက်အတွင်းသို့ ကျရောက်ခဲ့ရသည်။ ထိုချောက်နက်အတွင်း၌  ချူယန်နှင့် တွေ့ခဲ့ခြင်းဖြစ်၏။

ထို့အပြင် ချူယန်သည် သူကဲ့သို့ ကျန်းရှင်း ကျင့်ကြံသူ တစ်ယောက်ဖြစ်၏။

သို့သော်လည်း ချူယန်၏ဂိုဏ်းကား ပျောက်ကွယ်သွားသည်မှာ ကြာမြင့်လှပေပြီ။ ချူယန်က ဓားတာအိုကို ကျင့်ကြံသောကြောင့် သူ့အကျင့်စရိုက်မှာလည်း ဓားတစ်ချောင်းကဲ့သို့ ဖြောင့်မတ်၏။

မိုဝူကျိက ချူယန်ကို ပထမဆုံး တွေ့စဉ်အခါက ချူယန်၏နောက်ကျောတွင် ရိုးရှင်းသော ဓားတစ်ချောင်း ရှိနေသည်။ ချူယန်က ထင်းရှူးပင်ကဲ့သို့ ဖြောင့်မတ်သည့် ပုံစံမျိုးရှိသည်။

မိုဝူကျိ အင်မော်တယ်တစ်ပိုင်း နယ်ပယ်မှ ထွက်လာစဉ်ကတည်းက ချူယန်နှင့် မတွေ့ဆုံခဲ့ပေ။ အကယ်၍ သူသာ တွေ့ခဲ့လျှင် ချူယန်အား သူနှင့်တူတူ သွားဖို့ ဖိတ်ခေါ်မိပေလိမ့်မည်။

အကျင့်စရိုက်အားဖြင့် မိုဝူကျိက ချူယန်သည် ပြန့်ရွန်းပိနှင့် မုယင်ချောင်တို့ထက် ကောင်းကြောင်း ခံစားမိသည်။ သူက ချူယန်သည် အင်မော်တယ်တစ်ပိုင်း နယ်ပယ်မှ ထွက်လာပြီး ဤကဲ့သို့ ခံစားနေရလိမ့်မည်ဟု မထင်ထားပေ။

“ ခင်ဗျားက မိုဝူကျိလား ”

ချူယန်က အသိပြန်ဝင်လာကာ သူ့ရှေ့တွင်ရှိနေသောလူမှာ မိုဝူကျိ ဖြစ်ကြောင်း သိလိုက်သည်။

သူက မိုဝူကျိကို အမှန်တကယ် လေးစားမိ၏။ မိုဝူကျိကြောင့်သာ မဟုတ်လျှင် သူသည် ထိုချောက်နက်အတွင်း၌သာ ပိတ်မိနေဆဲ ဖြစ်လိမ့်မည်။ အကယ်၍ မိုဝူကျိကြောင့်သာ မဟုတ်လျှင် သူ့အနေနှင့် အင်မော်တယ်တစ်ပိုင်း နယ်ပယ်မှ ထွက်လာနိုင်မည်လည်း မဟုတ်ပေ။

မိုဝူကျိက သူနှင့်အတူ ခေါ်ဆောင်မသွားခဲ့သော်လည်း သူက အင်မော်တယ်တစ်ပိုင်း နယ်ပယ်နှင့် ယုံရင်အစွန်းအဖျား နယ်မြေကြားမှ ကူးသန်းရေးအစီအရင်ကို အတင်းအကြပ် ဖွင့်ပေးခဲ့သည်။ ထိုအရာက မြောက်များစွာသော အသက်များကို ကယ်တင်ပေးနိုင်ခဲ့သည်။

ထို့အပြင် မိုဝူကျိ၏ အကျင့်စရိုက်မှာ လေးစားဖို့ ထိုက်တန်ပေ၏။ အင်မော်တယ်တစ်ပိုင်း နယ်ပယ်တွင် ရှိစဉ် မိုဝူကျိက မုန့်ထျန်းယွီနှင့် တာအိုသခင် ကွမ်းချွမ်တို့ကို ပြန်ပြောရဲသည့်  တစ်ဦးတည်းသောသူ ဖြစ်ပေသည်။ မိုဝူကျိအပြင် မည်သူကများ လုပ်ရဲမည်နည်း။

“ ဟုတ်ပါတယ်။ ကျုပ်ပါ …  ဒီမှာ ပြန်တွေ့ရလိမ့်မယ်လို့ ထင်မထားဘူး။ အခု ဘာတွေဖြစ်နေတာတုန်း။ ဒီလူတွေကကော ဘယ်သူတွေတုန်း။ ခင်ဗျား ဒီလို နှိပ်စက်ခံနေရတာ ကျုပ်ကြောင့်လား ”

မိုဝူကျိက အတော်လေး ဝမ်းမြောက်မိနေသည်။ သူကယ်လိုက်သည့်သူမှာ ချူယန်ဖြစ်နေလိမ့်မည်ဟု ထင်မထားပေ။ ချူယန် မဖြေကြားခင် အေးစက်စက်အသံတစ်ခုက ပျံ့လွင့်လာလေသည်။

“ မိုဝူကျိ၊ မင်းက တကယ်ကို သတ္တိတွေကောင်းနေတာပဲ။ မင်းကိုယ်မင်း တင်းပိုမြို့ထဲကို ရောက်လာရဲသေးတယ်ပေါ့ ”

‘ ရွမ် ’

ကောင်းကင်မှ ပုံရိပ်ဆယ်ခုကျော် ဆင်းသက်လာကာ မိုဝူကျိအား ဝိုင်းရံထားလေ၏။ မိုဝူကျိက သူ့ကို ဝိုင်းရံထားသောသူများကို မြင်သော်လည်း မျက်တောင်ပင် တစ်ချက်မခတ်ပေ။

ထိုလူများအကြား အင်မော်တယ်ဧကရာဇ် လေးယောက်သာ ပါရှိပြီး အင်မော်တယ်ဧကရာဇ် နောက်ဆုံးအဆင့် တစ်ယောက်၊ အင်မော်တယ်ဧကရာဇ် အလယ်အလတ်အဆင့် တစ်ယောက်နှင့် အစောပိုင်းအဆင့် နှစ်ယောက်တို့ ပါရှိသည်။ ကျန်လူများမှာ အင်မော်တယ်ဘုရင်နှင့် အင်မော်တယ်အုပ်စိုးသူအဆင့်များ ဖြစ်ကြသည်။

မိုဝူကျိက ဆွံ့အသွားမိသည်။ သူ သွေးစောင်းအာကာပြင် ပင်လယ်ကျွန်းပေါ်တွင် ရှိစဉ်အခါက သူ့အား ဝိုင်းရံထားသူများမှာ တာအိုဧကရာဇ်အဆင့်များ ဖြစ်ကြသည်။ သွေးစောင်းအာကာပြင် ပင်လယ်ကျွန်းပေါ်အကြောင်း ပြောနေစရာ မလိုသေးပေ။ စကြဝဠာအစွန်း၌ပင် သူ့အား သတ်ဖို့ကြိုးစားသူများမှာ အင်မော်တယ်ဧကရာဇ်များနှင့် မဟာဧကရာဇ်များသာ ဖြစ်ကြသည်။

သူ့အင်အားမှာ သိသိသာသာ တိုးတက်လာပြီဖြစ်ရာ သူ့ကျင့်ကြံဆင့်သည်လည်း အင်မော်တယ်ဧကရာဇ် အလယ်အလတ်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။ သို့သော်လည်း သူ့အား ဝိုင်းရံထားသူများမှာ အမှန်တကယ် အားနည်းလွန်းလှ၏။

“ မိုဝူကျိ … ကောင်းကင်ဘုံက အမှန်တကယ် အကျိုးအကြောင်းသင့်တာပဲ။ ငါတို့က မင်းကို သတ်ဖို့ စိတ်ကူးမရှိပေမဲ့ မင်းကိုယ်မင်း ဒီထိရောက်လာတယ်။ ငါတို့က တင်းပိုမြို့ကို  ဖျက်ဆီးဖို့ စိတ်ကူးမရှိဘူး ”

ပြောလိုက်သူမှာ အင်မော်တယ်ဧကရာဇ် နောက်ဆုံးအဆင့် ဖြစ်ပေသည်။ သိသာလှစွာ သူက မိုဝူကျိ၏အကြောင်းများကို ကြားထားပြီး မိုဝူကျိသည် မရိုးရှင်းကြောင်း သိထားပေသည်။ မိုဝူကျိက သူ့ကိုမကြည့်ပေ။ ထိုအစား သူက အင်မော်တယ်ဧကရာဇ် အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦးအား ကြည့်ကာ

“ တကယ်လို့ ကျုပ်မမှားရင် ခင်ဗျားက ချန်းဟူရဲ့အဖေ ဖြစ်မယ်ထင်တယ် ဟုတ်လား ”

ထိုအင်မော်တယ်ဧကရာဇ်က ချန်းဟူနှင့် အမှန်တကယ် တူပေသည်။ ထို့အပြင် သူ့ကျင့်စဉ်၏ စွမ်းအားများမှာလည်း တူညီနေသည်။ မိုဝူကျိက ထိုလူသည် ချန်းဟူ၏အဖေ ဖြစ်လိမ့်မည်ဟု ခန့်မှန်းမိလိုက်သည်။

ထိုအင်မော်တယ်ဧကရာဇ် အလယ်အလတ်အဆင့်က လက်နှစ်ဖက်ယှက်ကာ မိုဝူကျိအား ခေါင်းညိမ့်ပြလိုက်ပြီး

“ ဟုတ်ပါတယ်။ ဒီဧကရာဇ်က ချန်းစန်ပါ။ ခင်ဗျားရဲ့အကြောင်းတွေကို ချန်းဟူဆီကနေ ကြားထားဖူးပါတယ်။ ခင်ဗျားက တကယ်တော့ မကောင်းတဲ့သူ မဟုတ်ပါဘူး။ ဒါပေမဲ့…”

ချန်းစန်က ထပ်မပြောတော့ပေ။ သူက ဆက်ပြောဖို့ရာ မသင့်တော်ကြောင်း ခံစားမိနေသည်။ မိုဝူကျိက အေးဆေးစွာ မေးလိုက်သည်။

“ ချန်းဟူနဲ့ ကျုပ်က မိတ်ဆွေတွေလို့ ယူဆလို့ရတယ်။ ခင်ဗျားက ချန်းဟူရဲ့အဖေဆိုတော့ တစ်ခုလောက်မေးချင်တယ်။ ကျုပ်ရဲ့ ဖင်းဖန်အင်မော်တယ်ကျောင်းက ဘယ်လိုဖြစ်နေပြီလဲ ”

မိုဝူကျိက ဖင်းဖန်ဆီ ပို့လွှတ်လိုက်သည့် သတင်းမှာ ပြန်ကြားချက် ရောက်မလာသေးပေ။

ချန်းစန်က ခဏလောက် တုံ့ဆိုင်းသွားပြီး ပြောလိုက်သည်။

“ ဖင်းဖန်အင်မော်တယ်ကျောင်းက နည်းနည်းတော့ ထိခိုက်ပျက်စီးသွားတယ်ဆိုပေမဲ့ နေရာမှာ ရှိနေပါသေးတယ် ”

မိုဝူကျိက ထိုစကားများ ကြားသောအခါ သူ့စိတ်ထဲ၌ သတ်ဖြတ်ငွေ့များက လောင်ကျွမ်းလာလေ၏။ ချန်းစန်၏ စကားများမှာ အမှန်တကယ် ရိုးရှင်းသော်လည်း မိုဝူကျိက ထိုမှ ကွာခြားမည် ဖြစ်ကြောင်း သိပေသည်။ အကယ်၍ သူ့ဖင်းဖန်သာ တကယ်ပျက်စီးသွားလျှင် သူ့အနေနှင့် ထိုဖျက်ဆီးရာ၌ ပါဝင်ခဲ့သောသူများ အားလုံးအား အမှန်တကယ် ပေးဆပ်ခိုင်းမည် ဖြစ်သည်။

ဖင်းဖန်က သူ၏ အမွေအနှစ် ဖြစ်ပြီး သူ့အမွေအနှစ် ဖျက်ဆီးသူတိုင်းက သူတို့အသက်နှင့် လျော်ကြေးပေးရမည်။

“ တာအိုရောင်းရင်းချန်းစန် … ကျုပ်မှာ ပြောစရာရှိတယ်။ ခင်ဗျား နားထောင်တာ နားမထောင်တာတော့ ခင်ဗျားသဘောပေါ့။ ကျုပ်က ချန်းဟူနဲ့ အရင်တုန်းက ပတ်သက်ဖူးလို့ ချန်းဟူက တကယ့်လူကောင်းဆိုတာကို သိတယ်။ အဲ့ဒါကြောင့် ချန်းဟူကို ကျုပ်ရန်သူအဖြစ် မသတ်မှတ်ထားဘူး  … ”

မိုဝူကျိ၏ စကားမဆုံးခင် ချန်းစန်က ချက်ချင်းပြောလိုက်သည်။

“ ဂိုဏ်းချုပ်မို …  ခင်ဗျားပြောချင်တာကို ကျုပ်သဘောပေါက်ပါပြီ ”

ထို့နောက် ချန်းစန်က လက်နှစ်ဖက်ယှက်ကာ အားလုံးဘက် လှည့်ပြီးပြောလိုက်သည်။

“ ကျုပ် ချန်းစန်က ဘယ်လိုလူမျိုးလဲဆိုတာကို အားလုံးလည်း သိကြမှာပါ။ ကျုပ်သားချန်းဟူက အခုထိပျောက်ဆုံးနေပြီးတော့ ရှင်လား သေလားတောင် မသိရသေးဘူး။ ဂိုဏ်းချုပ်မိုက ကျုပ်သားနဲ့ရင်းနှီးတဲ့ ဆက်ဆံရေးမျိုးရှိနေတော့ ဂိုဏ်းချုပ်မိုနဲ့ ပတ်သက်တဲ့နေရာမှာ ကျုပ် ဝင်မပါတော့ဘူး ”

တကယ်တော့ ချန်းစန်သည် လူအများကြီးက မိုဝူကျိအား ရင်ဆိုင်ဖို့ ကြိုးစားသည်က မသင့်တော်ကြောင်း ခံစားမိနေသည်။ မိုဝူကျိ ကြည့်ရသည်မှာ အင်မော်တယ်ဧကရာဇ်အဆင့်ပင် ရောက်သေးသည့်ဟန် မပေါ်ပေ။

ထို့အပြင် ချန်းဟူက တစ်ခါပြောဖူး၏။ မိုဝူကျိသည် မရိုးရှင်းဘဲ အလားအလာကောင်းသူဖြစ်ကြောင်း ပြောခဲ့ဖူးသည်။

သို့သော်လည်း ချန်းစန်က မိုဝူကျိ၏ အလားအလာမှာ အလကား ဖြစ်တော့မည်ဖြစ်ကြောင်း သိလိုက်သည်။

ဤသို့ဆိုလျှင်မူ သူ့သား၏ စကားများကို အမှတ်ရနေဆဲဖြစ်၏။  ထိုစဉ် အေးတိအေးစက် အသံတစ်ခု ထွက်ပေါ်လာကာ

“ ချန်းစန်၊မင်း ဒါက ဘယ်သူ့အမိန့်လဲဆိုတာကို သိသင့်တယ်။ အင်မော်တယ်လောကကလူတွေ က ဒီဟာကို အကုန် ထောက်ခံထားကြတာ။ ပြီးတော့ ဒီမိုဝူကျိက အများဆုံး အင်မော်တယ်အုပ်စိုးသူအဆင့်လောက်ပဲ ရှိဦးမှာ။ မင်း ဝင်ပါပါ မပါပါ ဘာမှထူးခြားမှာ မဟုတ်ဘူး။ တကယ်လို့ မင်းနောက်ဆုတ်နေမယ်ဆိုရင်တော့ တခြားသူတွေက မင်းအပေါ် အပြစ်တင်တဲ့အခါမှာ အကျိုးဆက်ကို ခံစားရလိမ့်မယ် ”

“ ဟား ဟား ဟား ဟား ”

ချန်းစန်က ရယ်မောလိုက်သည်။

“ ငါ ချန်းစန်က မင်းတို့ဘာလုပ်ဆိုတာနဲ့ လိုက်နားထောင်ရမဲ့သူမျိုး မဟုတ်ဘူး ”

ထို့နောက် ချန်းစန်၏ပုံရိပ်က ရုတ်တရက် ပျောက်ကွယ်သွားကာ ဘေးဘက်သို့ နောက်ဆုတ်ပေးလိုက်သည်။

“ တိုက် … တိုက်စမ်း ”

ချန်းစန် နောက်ဆုတ်သွားသည်ကို မြင်သော်လည်း မိုဝူကျိက သူ့ကိုယ်သူ အညံ့ခံရန် စိတ်ကူးမရှိသည်ကို တွေ့သောအခါ အင်မော်တယ်ဧကရာဇ် နောက်ဆုံးအဆင့် ကျင့်ကြံသူက အလောတကြီး အမိန့်ပေးလိုက်သည်။ သူက သူ့မှော်ရတနာနှင့် ပထမဆုံးတိုက်ခိုက်သူ ဖြစ်၏။

ချူယန်မှာ အမှန်တကယ် ကူညီချင်သော်လည်း သူ့အနေနှင့် ထိုလူများကြား၌ ပုရွက်ဆိတ်နှင့်ပင် မယှဉ်နိုင်ကြောင်း သိနေသည်။ ကူညီခြင်းကို ပြောစရာမလိုပေ။ ဘေးတွင်ရပ်နေသည်ကပင် ထိုအဆင့်မြင့် ကျင့်ကြံသူများ၏ ဖိအားက သူ့အား အသက်ရှူဖို့ကိုပင် ခက်ခဲစေလိမ့်မည်။

မိုဝူကျိက လုံး၀ မလှုပ်ရှားသေးပေ။ သူ့စွမ်းအားစက်ကွင်းအတွင်း ထိုဖိအားကြီးမှာ အစအနမရှိ ပျောက်ကွယ်သွားလေ၏။

သူ့ဆီ ချည်းကပ်လာသည့် ထိုမှော်ရတနာများကို ဂရုမပြုမိသည့်အလား သူက မတ်မတ်ရပ်နေကာ လက်သီးငါးချက် ပစ်ခွင်းလိုက်သည်။

***

All Chapters