← Chapters

သွေးပန်းပွင့် ပွင့်လာခြင်း

Vol. 60 Ch. 821

သွေးပန်းပွင့် ပွင့်လာခြင်း

Vol. 60 Ch. 821

ထိုသေမင်းတမန် အငွေ့အသက်ကြီးမှာ စကားလုံးများနှင့် ရှင်းပြ၍ မရနိုင်လောက်အောင် လျှို့ဝှက်ဆန်းကြယ်နေ၏။ ၎င်းမှာ ဝမ်ပေါင်လဲ့၏ ဝိညာဉ်စွမ်းအင်နှင့် အသိစိတ်များကို ချည်နှောင်ကာ ၎င်းတို့အား ဂြိုဟ်ကြီး၏ သဘာဝစွမ်းအင်များနှင့် အတူတကွ ပေါင်းစည်းပေးထားသကဲ့သို့ပင်။ ထို့ကြောင့် မျက်လုံးဖြင့်မမြင်နိုင်ပါသော်လည်း ရှိသမျှအရာအားလုံးကို သတ်ဖြတ်ဖြစ်နိုင်စွမ်းရှိသော စွမ်းအားတစ်မျိုးမှာ လေထုထဲ၌ ကိန်းအောင်းနေတော့သည်။

ထိုစွမ်းအားမှာ မျက်လုံးဖြင့် မမြင်နိုင်သည့်တိုင်အောင် နတ်ဘုရားအာရုံနှင့် အာရုံခံကြည့်၍ ရပေသည်။ ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်တွင် နံရံများ ရှိမနေပါသော်လည်း လေပြင်းများမှာ သူ ရှိနေသည့် စစ်မြေပြင်ကြီး၏ အပြင်ဘက်တွင် ရပ်တန့်သွားပြီး အထဲသို့ ရောက်လာနိုင်စွမ်းမရှိပေ။ ထို့ကြောင့် ဖုန်မှုန့်သဲမှုန့်များမှာလည်း ‌စစ်မြေပြင်ထဲသို့ ကျရောက်လာနိုင်စွမ်းမရှိဘဲ ဖြစ်နေ၏။ သို့ဖြစ်ရာ စစ်မြေပြင်ကြီးမှာ အလုံပိတ်ခံလိုက်ရပြီး ပြင်ပကမ္ဘာကြီးနှင့် အ‌ဆက်အသွယ် ဖြတ်တောက်ခံလိုက်ရသကဲ့သို့ပင်။

၎င်းမှာ သီးခြားနယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။

ဝမ်ပေါင်လဲ့ တစ်ယောက်တည်းသာဆိုပါက ထိုကဲ့သို့ ဆောင်ရွက်နိုင်မည် မဟုတ်ပေ။ သူသည် အလွန်အင်မတန်မှ ကံကောင်းနေပြီး သူ၏ သတ်ဖြတ်လိုစိတ်များနှင့် သူ၏မန္တန်စွမ်းအားများ ထပ်တူကျသွားလျှင်တောင် သူ၏ကိုယ်ပိုင်နယ်မြေတစ်ခုအား ဖန်တီးနိုင်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။ သို့သော်... သူတပ်ထားသည့် ဝက်ခေါင်းမျက်နှာဖုံးမှာ သာမန် မျက်နှာဖုံးတစ်ခု မဟုတ်ပေ။ သေမင်းတမန် ထောင်ချောက်ကြီးနှင့် လေထုထဲရှိ ရက်စက်ကြမ်းကြုတ်မှု အငွေ့အသက်များ ကိန်းအောင်းနေသော စွမ်းအားများ ပေါ်ပေါက်လာရသည့် အကြောင်းအရင်းမှာ ... ထို မျက်နှာဖုံးကြီးကြောင့်သာ ဖြစ်ပေသည်။

လေထုထဲရှိ ရက်စက်ကြမ်းကြုတ်မှု အငွေ့အသက်များသာ ၎င်းတို့၏ စွမ်းအားများအားလုံးကို ထုတ်လွှတ်လိုက်မည်ဆိုပါက မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ သိမ်သိမ့်တုန်သွားရမည်မှာ မလွဲဧကန်ပင်။ ထို့အပြင် ကောင်းကင်ယံကြီးမှာ မှောင်မိုက်သွားပြီး လေပြင်းများ စတင်တိုက်ခတ်လာမည်လည်း ဖြစ်သည်။

မီးတောက်ခေါင်းဆောင်ကြီးမှာ သူပြောထားသည့်အတိုင်း ဝမ်ပေါင်လဲ့အား ကူညီပေးလိုက်ပြီဖြစ်သည်။ သူသည် ဝမ်ပေါင်လဲ့အား ယခုမှ စတင်ကူညီပေးခြင်းမဟုတ်ဘဲ သူ ဝမ်ပေါင်လဲ့အား သတိထားမိခဲ့သည့် အချိန်ကတည်းက ကူညီပေးနေခဲ့ခြင်း ဖြစ်၏။ အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီး ထိုသေမင်းတမန် ထောင်ချောက်အား သတိမထားမိစေရန် သူ၏ နတ်ဘုရားအာရုံကို နှောက်ယှက်ခဲ့သူမှာလည်း မီးတောက်ခေါင်းဆောင်ကြီး ဖြစ်ပေသည်။ ထို့အပြင် သူသည် ထိုအဘိုးကြီးအား သူ လုံးဝ မ‌မေ့ထားသင့်သည့် အချက်တစ်ချက်ကိုလည်း မေ့ပျောက်သွားအောင် လုပ်ခဲ့သေးသည်။

ဝမ်ပေါင်လဲ့၏ နောက်တွင်မူ ဧရာမ နတ်ဆိုးမျက်လုံးကြီးတစ်လုံး ပေါ်ပေါက်လာပြီး ၎င်းမှာ သူ၏ ရှေ့ရှိ စစ်မြေကြီးတစ်ခုလုံးအား အကဲခတ်ကြည့်ရှုနေ၏။ သူ၏ ပတ်ပတ်လည်တွင်လည်း အမှောင်မီးတောက်များ တောက်လောင်လာပြီး အနက်ရောင် မီးပင်လယ်ကြီးတစ်စင်းကဲ့သို့ စစ်မြေပြင်ကြီးအား လွှမ်းခြုံသွား၏။ ဝမ်ပေါင်လဲ့၏ ပုံပန်းသွင်းပြင်မှာ သေမင်းတမန်တော်ကြီးနှင့် တူနေသောကြောင့် အလွန်အင်မတန်မှ ကြောက်မက်ဖွယ်ရာ ကောင်းနေသည်။ ထိုအချိန်တွင် သူ၏ မျက်နှာဖုံးပေါ်၌ ပေါ်ပေါက်လာသည့် ပန်းပွင့်ကြီးမှာ သက်ဝင်လှုပ်ရှားလာပြီး စတင်ဖူးပွင့်လာတော့သည်။

ထို ပန်းပွင့် ငွားငွားစွင့်စွင့် ပွင့်သွားချိန်တွင် ဝမ်ပေါင်လဲ့မှာ လက်နက်အပြည့်အစုံနှင့် အဆင်သင့်ဖြစ်နေပြီ ဖြစ်သလို မန္တန်အားလုံးနှင့် လျှို့ဝှက်ဆန်းကြယ် ပညာရပ်အားလုံးကိုလည်း အဆင်သင့် ပြင်ထားပြီးသွားပြီဖြစ်သည်။ ထိုအချိန်တွင် သူ၏ရှေ့ ပေတစ်ရာ့လေးဆယ် အကွာရှိ ဟင်းလင်းပြင်ကြီးမှာ တွန့်လိမ်ပုံပျက်သွား၏။ ထို့နောက် နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီးမှာ ဝဲကြီးတစ်ခုထဲမှ ထွက်ပေါ်လာတော့သည်။

ထိုဝဲကြီးထဲမှ သူ၏ မျက်နှာကြီး အရင်ဆုံး ထွက်ပေါ်လာပြီးနောက် သူ၏ခန္ဓာကိုယ်ကြီး ဆက်လက် ထွက်ပေါ်လာ၏။ သူ၏ ပုံပန်းသွင်ပြင်များ ကြည်လင်ပြတ်သားသွားချိန်တွင် သူသည် ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ အရှိန်အဟုန်ဖြင့် ပြေးလာတော့သည်။

ထို အခြင်းအရာ အားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။

အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီးမှာ နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ရာ ဝှက်ဖဲအမြောက်အမြား ပိုင်ဆိုင်ထား၏။ ထို့ကြောင့် သူသည် သူ၏ ခြေထောက် အောက်သို့ကျလာသည်နှင့် တစ်ပြိုင်နက် မျက်လုံးများ ပြူးသွားရတော့သည်။ သူသည် ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ ထူးဆန်းနေပြီး လုံးဝပြောင်းလဲသွားပြီဖြစ်ကြောင်း သတိထားမိလိုက်ခြင်းဖြစ်၏။ ဝမ်ပေါင်လဲ့၏ နောက်တွင် ရစ်ဝဲနေသည့် အနက်ရောင်မျက်လုံးကြီး၊ သူ၏ပတ်လည်တွင် ငရဲမီးများကဲ့သို့ တောက်လောက်နေသည့် အနက်ရောင်မီးတောက်များနှင့် သူ၏မျက်နှာပေါ်တွင် တလက်လက် တောက်ပနေသည့် ကြောက်မက်ဖွယ်ရာ ပန်းပွင့်ကြီးတို့ကြောင့် အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီးမှာ ရင်ခုန်နှုန်းများ တစ်ခဏမျှ ရပ်တန့်သွားရတော့သည်။

ထိုအချိန်တွင် သူသည် သူ၏အသိစိတ်ထဲ၌ စကားလုံးများနှင့် ဖော်ပြ၍ မရနိုင်လောက်အောင် ကြီးမားသော အန္တရာယ်ကြီးတစ်ခုကို အာရုံခံမိလိုက်သည်။ ထိုခံစားချက်ကြီးမှာ မိုးကောင်းကင်ကြီး သူ့အပေါ်သို့ ပြိုကျလာပြီး မြေပြင်ကြီး အပေါ်သို့ မြင့်တက်သွားသကဲ့သို့ပင်။ သူသည် ၎င်းတို့၏ ကြား၌ ညှပ်သွားတော့မည် ဖြစ်သည်။

ထို ကြောက်မက်ဖွယ်ရာ ခံစားချက်ကြီးကြောင့်ကြောင့် သူသည် နှလုံးသားတစ်ခုလုံး ဆတ်ခနဲ တုန်ရီသွားရပြီး မျက်နှာအမူအရာ ပြောင်းလဲသွား၏။ သူသည် မယုံကြည်နိုင်လောက်အောင် ဖြစ်နေပြီဖြစ်သည်။ သူ၏ နတ်ဘုရားအာရုံများမှာလည်း သူ့အား ထိုနေရာမှ ချက်ချင်းထွက်ခွာသွားသင့်ကြောင်း သတိပေးနေ၏။ သူ့အား အထူးတဆန်းဖြစ်သွားစေသည့် အချက်မှာ သူသည် ထို အန္တရာယ်များအားလုံးကို ကြိုတင်အာရုံမခံမိခဲ့ခြင်းပင်။

" တစ်ယောက်ယောက်က ငါ့ရဲ့ နတ်ဘုရားအာရုံကို နှောင့်ယှက်ပြီး ငါ့ကို လှည့်စားနေတာပဲ ဖြစ်ရမယ်။ ငါက... ဆင်းသက်သူတွေရဲ့ မျက်နှာဖုံးတွေထဲမှာ ရှိတဲ့ ကျိန်စာအကြောင်းကို မေ့သွားခဲ့တာပဲ... "

သူသည် အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရပြီဟု ခံစားနေရသဖြင့် ရင်ခုန်နှုန်းများ မြန်ဆန်လာပြီး နောက်သို့ ချက်ချင်းဆုတ်ခွာသွားပါသော်လည်း နောက်ကျသွားပြီ ဖြစ်သည်။ နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် အဘိုးကြီး ထိုနယ်မြေထဲ၌ ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် ဝမ်ပေါင်လဲ့၏ မျက်ဝန်းများမှာ အေးစက်စွာ တောက်ပသွား၏။ ထို့နောက် သူ၏ မျက်နှာဖုံးပေါ်ရှိ လျှို့ဝှက်ဆန်းကြယ် ပန်းပွင့်ကြီးမှာ ပေါက်ကွဲသွားတော့သည်။

" နတ်ဆိုးမျက်လုံး၊ သူ့ရဲ့ နာကျင်မှုတွေကို စုပ်ယူလိုက်စမ်း " ဝမ်ပေါင်လဲ့မှာ အော်ဟစ်အမိန့်ပေးလိုက်၏။ ထိုအခါ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ တုန်ရီသွားကာ လေပြင်းများ စတင်တိုက်ခတ်လာပြီး တိမ်တိုက်များလည်း လူးလွန့်လာတော့သည်။ ဝမ်ပေါင်လဲ့၏ နောက်တွင် ရှိနေသော အနက်ရောင် မျက်လုံးကြီးမှာ မကြာသေးမီတုန်းက ခပ်ရေးရေးမျှသာ ပွင့်နေခဲ့ပါသော်လည်း ဝမ်ပေါင်လဲ့၏ အမိန့်ပေးသံကို ကြားလိုက်ရသောအခါ ဖျတ်ခနဲ ပွင့်သွားတော့သည်။

ထို့နောက် ကောင်းကင်ယံကြီးထဲ၌ ထစ်ချုန်းသံကြီးတစ်သံ ပဲ့တင်ထပ်သွားပြီး ထိုအဘိုးကြီး၏ ပုံရိပ်မှာ အနက်ရောင်မျက်လုံးကြီးထဲတွင် ပေါ်ပေါက်လာသည်။ ထိုအခါ ထိုအဘိုးကြီးမှာ သူ၏ဦးခေါင်းထဲ၌ မိုးကြိုးအချက်ရေ သိန်းပေါင်းများစွာ ပစ်ခတ်သွားသကဲ့သို့ ခံစားလိုက်ရတော့သည်။

ထို့ကြောင့် သူသည် တစ်ကိုယ်လုံး အပြင်းအထန်သွားရပြီး သူ၏ခန္ဓာကိုယ်မှာ မျက်လုံးဖြင့် မမြင်နိုင်သည့် စွမ်းအားတစ်မျိုးဖြင့် ချုပ်နှောင်ခံလိုက်ရပြီဖြစ်ကြောင်း သိလိုက်ရ၏။ သူသည် တစ်လက်မလေးပင် လှုပ်ရှားနိုင်စွမ်းမရှိတော့ပေ။

ထိုမျှလောက်နှင့် ပြီးဆုံးသွားခြင်း မရှိသေးပေ။

သူ မလှုပ်မယှက်နှင့် ရပ်ကာ တုန်လှုပ်ချောက်ချားနေစဉ်မှာပင် မချိတင်ကဲ ဝေဒနာတစ်မျိုးမှာ သူ၏ ညာဘက်လက်ဝါးထဲ၌ ပျံ့နှံ့သွား၏။ ၎င်းမှာ သူ ဝမ်ပေါင်လဲ့နှင့် စတင်တိုက်ခိုက်ခဲ့စဉ်တုန်းက တစ်စစီ ကြေမွပျက်စီးသွားခဲ့ပါသော်လည်း ထို တိုက်ပွဲကြီးပြီးနောက် ပြန်လည်ပေါ်ပေါက်လာခဲ့၏။ ယခုတွင်မူ ထိုအဘိုးကြီး နာကျင်ခံစားခဲ့ရပါသော်လည်း အံကြိတ်ကာ ချုပ်တည်းထားခဲ့သည့် ဝေဒနာကြီးမှာ ပြန်လည်ပေါ်ပေါက်လာသကဲ့သို့ပင်။

၎င်းမှာ နတ်ဆိုးမျက်လုံးပညာရပ်၏ အစွမ်းတော့ မဟုတ်ပေ။ သို့သော် ထိုပညာရပ်ထဲရှိ မန္တန်၏ ချုပ်နှောင်ခြင်းစွမ်းအားမှာ ရန်သူ၏ ခန္ဓာကိုယ်တစ်ခုလုံးပေါ်တွင် အကျိုးသက်ရောက်မှုရှိပေသည်။ ထို့ကြောင့် ထိုမန္တန်စွမ်းအားများ ပျံ့နှံ့သွားသောအခါ ပျောက်ကင်းသက်သာခြင်းမရှိသေးဘဲ အပေါ်ယံမျှသာ ထိန်းချုပ်ထားသည့် ဒဏ်ရာများမှာ နတ်ဆိုးမျက်လုံးပညာရပ်၏ လက်ချက်ဖြင့် ပြန်လည်ပေါ်ပေါက်လာရခြင်း ဖြစ်သည်။

" တောက်ကွာ " အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီးမှာ မချိတင်ကဲဝေဒနာများကို ခံစားနေရပြီး အမျက်ချောင်းချောင်း ထွက်နေတော့သည်။ သူသည် ထွက်ပြေးလွတ်မြောက်နိုင်ရန် အလို့ငှာ သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို အလျင်အမြန် ထုတ်လွှတ်လိုက်၏။ တစ်ချိန်ထဲမှာပင် သူ အာရုံခံမိနေသည့် အန္တရာယ် အငွေ့အသက်ကြီးမှာလည်း တဖြည်းဖြည်းနှင့် ပို၍ အားကောင်းလာသဖြင့် သူ၏ စိုးရိမ်စိတ်များမှာ ပိုမိုကြီးထွားလာရတော့သည်။

သူတို့နှစ်ယောက်၏ ကြားမှ ကျင့်ကြံခြင်းအဆင့် ခြားနားချက်ကြောင့် ထိုမန္တန်မှာ အဘိုးကြီးအား တစ်ခဏမျှသာ ချုပ်တည်းနိုင်စွမ်းရှိပေသည်။ သို့သော်... ဝမ်ပေါင်လဲ့မှာ အသက်စွန့်၍ တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေသည် မဟုတ်ပါလော။ ထို့ကြောင့် သူ အသံကုန် အော်ဟစ်မြည်တမ်းလိုက်ချိန်တွင် သူ၏နောက်၌ ရစ်ဝဲနေသည် ဧရာမ နတ်ဆိုးမျက်လုံးကြီးထဲတွင် သွေးကြောများ ပေါ်ပေါက်လာတော့သည်။ ထို နတ်ဆိုးမျက်လုံးမှာ အစွမ်းကုန်ထုတ်လွှတ်ကာ အဘိုးကြီးအား ဆက်လက်ချုပ်တည်းထားနိုင်ရန် ကြိုးစားနေသည့်ပုံပင်။

အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီး ထွက်ပြေးလွတ်မြောက်နိုင်ရန် ကြိုးစားနေစဉ် ဝမ်ပေါင်လဲ့မှာ သူ၏ညာဘက်လက်အား မြှောက်လိုက်ပြီးနောက် ကောင်းကင်ပေါ်သို့ လက်ညှိုးထိုးလိုက်၏။

" အမှောင်မီးတောက်၊ အဆိပ်ထုတ်လွှတ်စမ်း "

ထိုအခါ သူတို့၏ ပတ်ပတ်လည်တွင် ရှိနေသည့် အနက်ရောင်မီးပင်လယ်ကြီးမှာ ကောင်းကင်ပေါ်သို့ ထိုးတက်သွား၏။ ထို့နောက် မီးလှိုင်းများမှာ အဘိုးကြီးအား ရစ်ပတ်လွှမ်းခြုံသွားပြီး မီးမုန်တိုင်းကြီးတစ်ခုအသွင် ပြောင်းလဲသွားတော့သည်။ ၎င်းမှာ လေထဲ၌ လူးလွန့်နေသည့် နဂါးကြီးတစ်ကောင်နှင့် တူပေသည်။ ထိုနဂါးကြီးမှာ အသံကုန်အော်ဟစ်မြည်တမ်းကာ အရာအားလုံးကို ပြာချဖြစ်နိုင်စွမ်းရှိသော အမှောင်မီးတောက်များကို လေထဲသို့ မှုတ်ထုတ်နေ၏။

ဝမ်ပေါင်လဲ့၏ လက်ရှိကျင့်ကြံခြင်းအဆင့်ကြောင့် သူ၏ အမှောင်မီးတောက်မှာ နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် အဘိုးကြီးအား သတ်ဖြတ်နိုင်လောက်သည့်အထိ အစွမ်းထက်နေခြင်းမရှိသေးပေ။ သို့သော် အမှောင်မီးတောက်ထဲ၌ သေမင်းစွမ်းအားများ ကိန်းအောင်းနေသည့် အချက်မှာ ထိုတိုက်ကွက်ကြီး၏ အဓိကသော့ချက်ဖြစ်ပေသည်။ ၎င်းမှာ ဝမ်ပေါင်လဲ့ ရှာ‌တွေ့ခဲ့သည့် ဓားမြှောင်လေးလက်ပေါ်၌ သုတ်လူးထားသော အဆိပ်နှင့် အမျိုးအစားမတူသည့်တိုင်အောင် အလားတူ ဂုဏ်သတ္တိများစွာကို ပိုင်ဆိုင်ထားသည်။ အမှန်တွင် ဝမ်ပေါင်လဲ့မှာ သူ၏ကိုယ်ပွားများ ထိုအဘိုးကြီးအား ဒဏ်ရာရအောင် လုပ်ခဲ့စဉ်တုန်းက အသုံးပြုခဲ့သည့် ဓားမြှောင်များပေါ်တွင် အမှောင်မီးတောက် အနည်းငယ်ခန့် ရောနှောထားခဲ့၏။

ထို့ကြောင့်လည်း အမှောင်မီးတောက်များ ပေါက်ကွဲထွက်ပေါ်လာသည်နှင့် အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီး တစ်ချိန်လုံး ထိန်းချုပ်ထားခဲ့သည့် အဆိပ်များမှာလည်း ပြန်လည်ပေါ်ပေါက်လာရတော့သည်။

သူ၏ ခန္ဓာကိုယ်ထဲ၌ အဆိပ်များ အဆက်မပြတ်ပေါ်ပေါက်လာသောကြောင့် အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီး၏ အရေပြားပေါ်တွင် အနက်ရောင် အမျှင်အတန်းများ ပေါ်ပေါက်လာရ၏။ ထိုအနက်ရောင် အမျှင်အတန်းများမှာ အသက်ရှိနေသည့် ပုံပင်။ ၎င်းတို့မှာ သူ၏ ခန္ဓာကိုယ်ပေါ်၌ ပျံ့နှံ့သွားကြပြီး ၎င်းတို့ ဖြတ်သန်းသွားရာ လမ်းတစ်‌လျှောက်ရှိ သူ၏ အသွေးအသားများမှာ စတင်ဆွေးမြည့်လာတော့သည်။ သူ၏ ခန္ဓာကိုယ်ကြီးတစ်ခုလုံး ဆွေးမြည့်သွားချိန်တွင် ထိုအမျှင်အတန်းများမှာ စုစည်းသွားကြပြီး အဆိပ်အချုပ်အနှောင်တစ်ခုကို ဖန်တီးပေးလိုက်တော့သည်။

" မဖြစ်ဘူး " အဆုံးမဲ့မျိုးနွယ်စုဝင်အဘိုးကြီးမှာ သွေးပျက်ချောက်ချားသွားပြီး မျက်နှာအမူအရာပြောင်းလဲသွား၏။ သူ၏ ခန္ဓာကိုယ်ထဲရှိ ကလာပ်ဆည်းများအားလုံးမှာ အသံကုန်အော်ဟစ်မြည်တမ်း နေကြပြီး သူ့အား ထိုနေရာမှ ချက်ချင်းထွက်ပြေးသွားရန် သတိပေးနေတော့သည်။ အကယ်၍ သူ ထိုသို့သာ ထွက်ပြေးသွားခြင်းမရှိပါက အသက်သေဆုံးသွားရတော့မည် ဖြစ်သည်။

သူသည် သူ၏ညာဘက်လက်ထဲရှိ စူးရှနာကျင်သော ဝေဒနာကြီးနှင့် သူ၏ သွေးကြောများထဲ၌ လောင်ကျွမ်းနေသည့် တိုက်စားမှုအားကောင်းသော အဆိပ်များကြောင့် အသက်ဘေးအန္တရာယ် ခံစားနေရခြင်းမဟုတ်ပေ။ သူ ခံစားနေရသည့် အသက်ဘေးအန္တရာယ်ကြီးမှာ သူ၏‌ ရှေ့တည့်တည့်တွင် ရှိနေသည့် ဝက်ခေါင်းမျက်နှာဖုံး တပ်ထားသော ကျင့်ကြံသူကြီးနှင့် ထို မျက်နှာဖုံပေါ်၌ တလက်လက်တောက်ပနေသည့် သွေးရောင်ပန်းပွင့်ကြီးဆီမှ ထွက်ပေါ်လာနေခြင်း ဖြစ်သည်။

" ငါ အရှုံးမပေးဘူးဟေ့ " နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူကြီးမှာ သွေးရူးသွေးတန်း အော်ဟစ်မြည်တမ်းလိုက်၏။ ထို့နောက် သူ ကြိုးစားရုန်းကန်နေရင်း သူ၏ ဦးခေါင်းနှစ်လုံးနှင့် လက်လေးဘက်မှာ သူ၏ ခန္ဓာကိုယ်ထဲမှ ထိုးထွက်လာတော့သည်။ သူသည် သူ၏ ပုံသဏ္ဍာန်အစစ်အမှန်အား ထုတ်ပြလိုက်ရပြီဖြစ်သည်။

သို့သော်... အချည်းနှီးပင်။

" ကျိန်စာကို ထုတ်လွှတ်လိုက်တော့ " ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို ခေါင်းမော့လာပြီး အမိန့်ပေးလိုက်၏။ သူသည် မျက်ဝန်းများအရောင်တောက်ပလာပြီး အသံကုန်အော်ဟစ်ကာ တိုက်ပွဲကြီး၏ အခြေအနေအား ပြောင်းလဲပေးမည့် နတ်ဘုရားစွမ်းရည်ကို ထုတ်သုံးလိုက်တော့သည်။

ထိုအခါ သူ၏ မျက်နှာဖုံးပေါ်ရှိ သွေးရောင်ပန်းပွင့်ကြီးမှာ တစ်စစီ ကြေမွပျက်စီးသွားကာ သွေးရောင် အမျှင်အတန်းပေါင်း မြောက်မြားစွာအဖြစ် ပြောင်းလဲသွားပြီးနောက် နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် အဘိုးကြီးဆီသို့ စီးဆင်းသွားတော့သည်။ ၎င်းတို့မှာ အလွန်အင်မတန်မှ မြန်ဆန်နေသောကြောင့် သူ၏ရှေ့တွင် ချက်ချင်းပေါ်ပေါက်လာ၏။ ထို့နောက် ၎င်းတို့မှာ ပန်းပွင့်တစ်ပွင့်အဖြစ် ပြန်လည်ပြောင်းလဲသွားပြီး အဘိုးကြီး၏ မျက်နှာပေါ်သို့ ကျရောက်သွားတော့သည်။

ထိုအချိန်တွင် ကျိန်စာကြီး၏ စွမ်းအားများ ထွက်ပေါ်လာပြီဖြစ်သည်။

All Chapters