ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ယှဉ်ပြိုင်တိုက်ခိုက်ခြင်း
Vol. 60 Ch. 822
ထို သွေးနီရောင်ပန်းပွင့် သူ၏မျက်နှာပေါ်သို့ ကျရောက်လာသောအခါ အဘိုးကြီးမှာ ထိတ်လန့်တုန်လှုပ်သွား၏။ ထို့နောက် သူသည် ဝေဒနာပြင်းပြစွာ အော်ဟစ်မြည်တမ်းလိုက်ရတော့သည်။ သူ၏ မျက်နှာပေါ်ရှိ ပန်းပွင့်ပုံစံ အမှတ်အသားထဲမှ အနီရောင်မြူခိုးများ ထွက်ပေါ်လာသလို သူ၏ ညာဘက်လက်ထဲမှာလည်း အနီရောင်မြူခိုးများ ဆက်လက်စီးထွက်လာကြ၏။
ထိုမြင်ကွင်းကြီးမှာ ကျောချမ်းဖွယ်ရာ ကောင်းလှပေသည်။ ထို မြူခိုးအမျှင်အတန်း နှစ်ခုမှာ အတူတကွ ပေါင်းစည်းသွားကြပြီးနောက် ရက်စက်ကြမ်းကြုတ်သော အနီရောင် နဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွား၏။ ၎င်းမှာ ခြေထောက်သုံးချောင်းနှင့် ဦးချိုတစ်ချောင်းကို ပိုင်ဆိုင်ထားသည်။ ၎င်းမှာ အရွယ်အစားကြီးမားခြင်း မရှိပါသော်လည်း ၎င်း၏ ပုံပန်းသွင်ပြင်နှင့် ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများမှာ ရှင်းလင်းပြတ်သားနေ၏။ ထိုအချိန်တွင် သွေးနီရောင်နဂါးကြီးမှာ ပါးစပ်ဟလိုက်ပြီးနောက် အနီရောင်ဓားတစ်လက်အသွင် ပြောင်းလဲသွားပြီး အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီး၏ နဖူးဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာတော့သည်။
ထို အဘိုးကြီးမှာ သူ၏ရှေ့တွင် အကာအရံ အတားအဆီးပေါင်း မြောက်မြားစွာ နေရာချထားသည့်တိုင်အောင် ထိုအနီရောင် နဂါးကြီးမှာ အရာအားလုံးကို ရှောင်တိမ်းကျော်ဖြတ်လာခဲ့၏။ သို့ဖြစ်ရာ ထိုနဂါးကြီး ပေါ်ပေါက်လာသည်နှင့် အဘိုးကြီး၏ အကာအရံများမှာ ပျက်စီးသွားကြသည့် အလားပင်။ ထို့အပြင် ကျိန်စာကြီးကြောင့် သူ၏ ကျင့်ကြံခြင်း စွမ်းအားများမှာ အားပျော့နေရသည် မဟုတ်ပါလော။
ထို့ကြောင့် ထိုဓားကြီး အဘိုးကြီးပေါ်သို့ ကျရောက်လာချိန်တွင် သူ ဝမ်ပေါင်လဲ့နှင့် ပထမဆုံးအကြိမ်အဖြစ် တိုက်ခိုက်ခဲ့စဉ်တုန်းက ဒဏ်ရာရသွားခဲ့သည့် သူ၏ ညာဘက်လက်ကြီးမှာ စတင်ဆွေးမြည့်လာတော့သည်။ ထို့ကြောင့် သူ၏ အော်ဟစ်မြည်တမ်းသံများမှာလည်း ပို၍ကျယ်လောင်လာရ၏။ တစ်ချိန်ထဲမှာပင် သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာ မတည်မငြိမ်ဖြစ်လာပြီး သူ၏ ဝိညာဉ်စွမ်းအင်များမှာလည်း စတင်ယိမ်းယိုင်လာတော့သည်။ အနီရောင်ဓားကြီး သူ့အား ခုတ်ထစ်လိုက်သည့်အချိန်တွင် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့်မှ အလယ်အလတ် ထာဝရဝိညာဉ်အဆင့်သို့ ကျသွား၏။
သို့ဖြစ်ရာ သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာ အတင်းအဓမ္မ လုယူခံလိုက်ရသကဲ့သို့ပင်။ ထိုအချိန်တွင် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာလည်း ပြောင်းလဲသွားသည့်ပုံ ပေါက်နေ၏။ သို့သော် သေသေချာချာ အကဲခတ်ကြည့်ရှုလိုက်မည်ဆိုပါက ထိုကျိန်စာကြီးမှာ ထင်ထားသလောက် အစွမ်းမထက်ကြောင်း သိလိုက်ရမည်သာဖြစ်သည်။
ထိုကျိန်စာမှာ အတိုင်းအတာတစ်ခုအထိ အစွမ်းထက်ပါသော်လည်း အဘိုးကြီး၏ ညာဘက်လက်မှာ ဒဏ်ရာရထားသောကြောင့်သာ ယခုလောက်အထိ အခြေအနေ ဆိုးသွားရခြင်းဖြစ်သည်။ ယခင်တုန်းက သူ၏ ညာဘက်လက်မှာ ဖျက်ဆီးခံခဲ့ရသည် မဟုတ်ပါလော။ သူသည် ၎င်းအား အသစ်ပြန်လည်ပေါ်ပေါက်လာအောင် ဖန်တီးနိုင်ခဲ့သည့်တိုင်အောင် အချိန်မရှိသဖြင့် ဒဏ်ရာများအားလုံးကို ပျောက်ကင်းအောင် မကုသနိုင်ခဲ့ပေ။ သို့ဖြစ်ရာ ၎င်းမှာ အပေါ်ယံတွင် အကောင်းပတိအတိုင်း ဖြစ်နေသည့်ပုံ ပေါက်နေပါသော်လည်း လက်တွေ့တွင်မူ ယခင်တုန်းက ဒဏ်ရာဟောင်းများကို ခံစားနေရဆဲပင်။
ထိုကဲ့သို့သော ဒဏ်ရာမျိုးမှာ ရေးကြီးခွင်ကျယ်မဟုတ်ပါသော်လည်း မျက်နှာဖုံး၏ ကျိန်စာကြီးမှာ ထိုဒဏ်ရာအား ပို၍ ဆိုးရွားလာအောင် လုပ်ကာ သူ၏စွမ်းအင်များကို ဝါးမျိုနိုင်စွမ်း ရှိနေသည် မဟုတ်ပါလော။ ထို့ကြောင့် ထိုအဘိုးကြီးမှာ အားအင်များဆုတ်ယုတ်သွားရပြီး သူ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း တစ်ဆင့် လျော့ကျသွားရခြင်း ဖြစ်သည်။
ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ အဘိုးကြီး နာကြည်းစွာ အော်ဟစ်မြည်တမ်းနေစဉ် သူ၏မျက်နှာပေါ်ရှိ သွေးနီရောင်ပန်းပွင့်မှာ နောက်ထပ်တစ်ကြိမ်ထပ်၍ ပေါက်ကွဲသွားသဖြင့် အနီရောင်မြူခိုးများ စီးထွက်လာပြန်သည်။ ထိုအခါ အဘိုးကြီး၏ အခြား ခန္ဓာကိုယ် အစိတ်အပိုင်းများထဲမှလည်း မြူခိုးများ အဆက်မပြတ် စီးထွက်လာကြ၏။ ၎င်းတို့မှာ မျက်နှာဖုံးထဲမှ ထွက်ပေါ်လာနေသည့် မြူခိုးများနှင့် အတူတကွ ပေါင်းစည်းသွားကြပြီးနောက် ဒုတိယမြောက် သွေးနီရောင်နဂါးကြီးတစ်ကောင်အဖြစ် ထပ်မံပြောင်းလဲသွားပြန်သည်။
ထို နဂါးကြီးမှာ ပထမနဂါးကြီးထက်ပင် ပို၍ ရက်စက်ကြမ်းကြုတ်သည့်ပုံ ပေါက်နေ၏။ ၎င်းမှာလည်း ဓားတစ်လက်အသွင် ပြောင်းလဲသွားပြီးနောက် အော်ဟစ်မြည်တမ်းကာ ထိုအဘိုးကြီး၏ ဦးခေါင်းပေါ်သို့ ကျဆင်းလာတော့သည်။
ထို့ကြောင့် ပေါက်ကွဲသံများ အဆက်မပြတ်ထွက်ပေါ်လာပြီး အဘိုးကြီးမှာ တစ်ကိုယ်လုံးအပြင်းအထန် တုန်ရီသွားရ၏။ သူသည် ထိုတိုက်ကွက်ကြီးအား ရှောင်တိမ်းနိုင်စွမ်းမရှိသလို ခုခံကာကွယ်နိုင်စွမ်လည်း မရှိသဖြင့် ခိုကိုးရာမဲ့နေသည့် မျက်ဝန်းများဖြင့်သာ ထိုဓားကြီး သူ့ပေါ်သို့ ကျရောက်လာပြီး သူ၏ခန္ဓာကိုယ်အား ထိုးဖောက်သွားသည်ကို ငေးကြည့်နေရတော့သည်။ ထို့နောက် သူ၏ အတွင်းကလီစာများမှာ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အရေပြားကဲ့သို့ စတင်ဆွေးမြည့်လာတော့သည်။ ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်းတွင် သူ၏ ခန္ဓာကိုယ်မှာ ခြောက်သွေ့ပျက်စီးသွားတော့မည့်ပုံ ပေါက်နေ၏။ ဆွေးမြည့်နေသည့် ခန္ဓာကိုယ် အစိတ်အပိုင်းများမှာ သူ၏ခန္ဓာကိုယ်ပေါ်မှ ပြုတ်ကျလာပြီးနောက် အနက်ရောင်မြူခိုးများအဖြစ် ပြောင်းလဲသွားကြ၏။
ထို အနက်ရောင် မြူခိုးများမှာ ဝမ်ပေါင်လဲ့ ထို အဘိုးကြီးအား ထပ်ခါတလဲလဲ တိုက်ခိုက်ခဲ့ရာ၌ အသုံးပြုခဲ့သည့် အနက်ရောင် ဓားမြှောင်များပေါ်တွင် သုတ်လူးထားသော အဆိပ်များကြောင့် ပေါ်ပေါက်လာခြင်းဖြစ်သည်။ အဘိုးကြီးမှာ ထိုအဆိပ်များကို ပျံ့နှံ့မသွားအောင် ထိန်းချုပ်ထားခဲ့ပါသော်လည်း သူ၏ ခန္ဓာကိုယ်အပြင်ဘက်သို့ ထုတ်ရန် အချိန်မလုံအလောက် မရခဲ့ပေ။ ယခုတွင် ကျိန်စာကြီးမှာ သူ၏ခန္ဓာကိုယ်ထဲမှ အဆိပ်များကို လှုံ့ဆော်ပေးလိုက်ပြီးနောက် ၎င်း၏ စွမ်းအားများကို နောက်ထပ်တစ်ကြိမ် ထပ်၍ ထုတ်လွှတ်လိုက်သဖြင့် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ထပ်၍ ကျဆင်းသွားရပြန်သည်။
သူသည် အလယ်အလတ် ထာဝရဝိညာဉ်အဆင့်မှ အစောပိုင်း ထာဝရဝိညာဉ်အဆင့်သို့ ကျဆင်းသွားရသဖြင့် တစ်ကိုယ်လုံး နုံးချည့်သွား၏။ သူ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားများနှင့် သက်စောင့်စွမ်းအင်များ ဝါးမျိုစုပ်ယူခံလိုက်ရသည့် ခံစားချက်ကြီးကြောင့် အဘိုးကြီးမှာ တစ်ကိုယ်လုံး တုန်ရီသွားပြီး မျက်ဝန်းများထဲ၌ တုန်လှုပ်ချောက်ချားမှု အရိပ်အယောင်များ ပေါ်ပေါက်လာရတော့သည်။
သူသည် အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရပြီဟု ခံစားနေရသောကြောင့် ကတုန်ကယင်နှင့် နောက်သို့ အလျင်အမြန် ဆုတ်ခွာသွားလိုက်၏။ သူသည် တိုက်ခိုက်ချင်စိတ်မရှိတော့ဘဲ ထွက်ပြေးလွတ်မြောက်နိုင်ရန်သာ တွေးနေမိတော့သည်။
သို့သော် ဝမ်ပေါင်လဲ့မှာ ဤစစ်မြေပြင်ကြီးအား အပင်ပန်းခံ၍ ဖန်တီးထားခဲ့သည် မဟုတ်ပါလော။ သူသည် တစ်ကြိမ်သာ အသုံးပြုခွင့်ရှိသော မျက်နှာဖုံးထဲမှ ကျိန်စာအား ထုတ်သုံးခဲ့ရသည်အပြင် သူ၏ အစွမ်းအထက်ဆုံးသော ပညာရပ်များကိုလည်း အသုံးပြုထားရခြင်း ဖြစ်ပေသည်။ သို့ဖြစ်ရာ သူသည် သူ၏ရန်သူအား အလွယ်တကူ ထွက်ပြေးလွတ်မြောက်ခွင့် ပေးနိုင်မည် မဟုတ်ပေ။ အကယ်၍ သူ၏ရန်သူမှာ နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့်တွင် ရှိနေပါက သူသည် ထိုကဲ့သို့ တွေးနေမည် မဟုတ်ပါသော်လည်း ယခုတွင် ထိုအဘိုးကြီးမှာ အစောပိုင်း ထာဝရဝိညာဉ်အဆင့်အထိ ကျဆင်းသွားပြီဖြစ်ရာ သူသည် ဤတိုက်ပွဲကြီးအား အနိုင်ယူနိုင်လောက်သည်ဟု ယုံကြည်နေသည်...
သို့ဖြစ်ရာ သူသည် တိုက်ခိုက်ရန်လိုအပ်သလို အနိုင်ရရှိရန်လည်း လိုအပ်ပေသည်။ သူသည် အခွင့်အရေးတစ်ခုသာ ရမည်ဖြစ်သောကြောင့် အစွမ်းကုန်ထုတ်ကာ ထိုအဘိုးကြီးအား သတ်ဖြတ်နိုင်ရန် ကြိုးစားရမည် ဖြစ်သည်။ ပုံမှန်အတိုင်းဆိုလျှင် ကျိန်စာကြီးမှာ ဆယ့်ငါးမိနစ်သာ ခံသည် မဟုတ်ပါလော။
ထို့အပြင် ထိုအဘိုးကြီးမှာ အဆင့်မြင့် ကျင့်ကြံခြင်းအဆင့်တစ်ခုကို ပိုင်ဆိုင်ထားသောကြောင့် ထိုကျိန်စာကြီးမှာ သူ့အား ဆယ့်ငါးမိနစ်ပြည့်အောင် ချုပ်နှောင်ထားလိမ့်မည်ဟု မဟုတ်ဟု ဝမ်ပေါင်လဲ့က မှတ်ယူထား၏။ သို့သော်... ထိုကျိန်စာကြီး အစွမ်းပြယ်သွားသည်နှင့် သူသည် ခက်ခဲကြမ်းတမ်းသော တိုက်ပွဲကြီးတစ်ခုနှင့် ရင်ဆိုင်ရမည်မှာ မလွဲဧကန်ပင်။ ထိုသို့သာဆိုလျှင် သူသည် အသာစီး မရနိုင်တော့ပေ။ ထိုမျှသာမက သူသည် တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ် စတင်မည့် အချိန်အထိပင် တောင့်ခံထားနိုင်ခြေ မရှိပေ။
" အဲတာမလို့.... ငါ ဒီအဘိုးကြီးကို သတ်ပစ်မှ ရမယ် " ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ နီမြန်းသွားပြီး သူ၏ ခန္ဓာကိုယ်ထဲမှ သတ်ဖြတ်လိုစိတ် အငွေ့အသက်များ ထွက်ပေါ်လာ၏။ ထို့နောက် သူသည် စွမ်းအင်များ ကုန်ခန်းသွားမည်ကို ဂရုစိုက်မနေတော့ဘဲ သူ၏ ကျင့်ကြံခြင်းစွမ်းအားများအားလုံးကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် လေပြင်းများ စတင်တိုက်ခတ်လာပြီး သူသည် လျှပ်စီးကဲ့သို့သော အမြန်နှုန်းမျိုးဖြင့် ထိုအဘိုးကြီးဆီသို့ ပြေးသွားလိုက်တော့သည်။
သူသည် အလွန်အင်မတန်မှ မြန်ဆန်လွန်းနေသောကြောင့် သူ၏နောက်တွင် ထစ်ချုန်းသံများနှင့် ပုံရိပ်ယောင်များ ကျန်ရစ်ခဲ့၏။ ထို့နောက် သူသည် ထို အဘိုးကြီး၏ ရှေ့တွင် ချက်ချင်းဆိုသလိုပင် ပေါ်ပေါက်လာပြီး သူ၏လက်သီးဖြင့် အားပါပါ လှမ်းထိုးလိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာ ထိုလက်သီးချက်ထဲ၌ သူ၏ ကျင့်ကြံခြင်းစွမ်းအားများအားလုံးကို ထည့်သွင်းထား၏။ သို့ဖြစ်ရာ ၎င်းမှာ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ကိုပင် တုန်ရီသွားစေနိုင်ပေသည်။ သို့သော် သူ၏ရန်သူမှာ... သာမန်လူတစ်ယောက် မဟုတ်ပေ။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အစောပိုင်း ထာဝရဝိညာဉ်အဆင့်အထိ ကျဆင်းသွားရသည့်တိုင်အောင် သူ၏ ကျင့်ကြံခြင်းအဆင့် အစစ်အမှန်မှာ နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် ဖြစ်နေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် စွမ်းအင်အမြောက်အမြား ပိုင်ဆိုင်ထားဆဲပင်။
ထို့အပြင် သူသည် ထာဝရဝိညာဉ်အဆင့်တွင် ရှိနေဆဲဖြစ်သည်။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့ သူ့ဆီသို့ ရုတ်တရက်ဆိုသလို ပြေးလာသည်ကို မြင်လိုက်ရသဖြင့် တစ်ခဏမျှ အံ့ဩတုန်လှုပ်သွားပြီးနောက် သူ၏ ဘယ်ဘက်လက်အား ရုတ်တရက်ဆိုသလို ရှေ့သို့ ဆန့်ထုတ်လိုက်၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား နီမြန်းနေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်ပြီး သူ၏ ဘယ်လက်လက်ဝါးဖြင့် သူ၏နဖူးအား အားပါပါ ရိုက်နှက်လိုက်တော့သည်။
ထိုအခါ သူ၏နဖူးထဲမှ အစိမ်းရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ သူ၏ ခန္ဓာကိုယ်အား လွှမ်းခြုံသွားပြီး သူ့အား ဧရာမ သစ်ပင်ကြီးတစ်ပင်အဖြစ် ပြောင်းလဲပစ်လိုက်တော့သည်။
ထိုသစ်ပင်ကြီးမှာ ပင်စည် တုတ်ခိုင်သန်မာပြီး သစ်ရွက်ကြီးများဖြင့် အုပ်ဆိုင်းနေ၏။ ထို့အပြင် ရှေးဟောင်း အငွေ့အသက်တစ်မျိုးမှာ ၎င်းအား ဝန်းရံထားသေးသည်။ ဝမ်ပေါင်လဲ့မှာ အာရုံခံနိုင်စွမ်း မြင့်မားသောကြောင့် ၎င်းမှာ ထိုအဘိုးကြီး သူ၏ ခန္ဓာကိုယ်ထဲ၌ ဖွက်ထားသော ဓမ္မစစ်သင်္ဘောကြီးဖြစ်ကြောင်း ချက်ချင်းခန့်မှန်းမိလိုက်သည်။
ထို ဓမ္မစစ်သင်္ဘောကြီး ပေါ်ထွက်လာသည်နှင့် ကျိန်စာစွမ်းအားများ ထိုးဖောက်နိုင်စွမ်းမရှိသော အကာအရံတစ်မျိုးမှာ ထို အဘိုးကြီး၏ ပတ်ပတ်လည်တွင် ပေါ်ပေါက်လာသည်။ ဝမ်ပေါင်လဲ့မှာမူ လေထုကြီးအား ထိုးနှက်မိလိုက်သကဲ့သို့ ခံစားလိုက်ရ၏။ သူ၏ထိုးနှက်ချက်ကြောင့် အသံအကျယ်ကြီး ထွက်ပေါ်လာသည့်တိုင်အောင် ထိုအဘိုးကြီးမှာ အနည်းငယ်မျှပင် တုန်ရီသွားခြင်းမရှိပေ။
" မျိုးမစစ်ကောင်လေး။ မင်း အခုလို အလောတကြီး တိုက်ခိုက်နေတာကို ကြည့်ရင်း ငါ အချက်တစ်ချက်ကို ပြန်မှတ်မိသွားပြီကွ။ မင်းတို့လို ဆင်းသက်သူတွေ ပိုင်ဆိုင်ထားတဲ့ ကျိန်စာက အချိန်အကန့်အသတ် ရှိတယ်မလား "
" သိပ်မကြာခင်မှာ ဒီကျိန်စာအစွမ်းတွေ ပျောက်ကွယ်သွားတော့မှာ။ အဲဒီအချိန်ကျရင် မင်း သေခွင့်ပေးပါတော့လို့ ဆုတောင်းရတဲ့ အခြေအနေအထိ ရောက်အောင် ငါ လုပ်ပေးမယ်။ မင်းကို အရှင်လက်လက် အရေဆုတ် အရိုးနွှာပြီးရင် မင်းရဲ့ဝိညာဉ်ကို မီးမြှိုက်ပစ်မယ်။ မင်း တစ်ဘဝလုံး နာကျင်ခံစားရဖို့သာ ပြင်ထားပေတော့။ ပြီးရင် မင်းရဲ့ ဇာတိမြေကိုလည်း ဖျက်ဆီးပစ်မယ်။ မျိုးနွယ်စုတစ်ခုလုံးကို ဆုံးရှုံးရတဲ့ဝေဒနာက ဘာလဲဆိုတာကို မင်း သိသွားစေရမယ်ကွ " ထိုအဘိုးကြီးမှာ လက်စားချေလိုသည့် အရိပ်အယောင်များ တောက်ပနေသည့် မျက်ဝန်းတစ်စုံဖြင့် ဧရာမသစ်ပင်ကြီး၏ အကာအရံထဲ၌ ရပ်နေရင်း ကြိမ်းဝါးလိုက်၏။ သူသည် ထာဝရဝိညာဉ်အဆင့်သို့ ရောက်ရှိလာခဲ့စဉ်ကတည်းက ယခုလောက် အရှက်တကွဲအကျိုးနည်း မဖြစ်ခဲ့ဖူးပေ။
ဝမ်ပေါင်လဲ့ကြောင့် သူသည် သူ၏ ခန္ဓာကိုယ်ထဲ၌ ပြုစုပျိုးထောင်ထားသော ဓမ္မစစ်သင်္ဘောသစ်ပင်ကြီးအား ထုတ်သုံးလိုက်ရပြီဖြစ်သည်။ သူသည် ထို ဓမ္မစစ်သင်္ဘောကြီးအား အာဟာရဖြည့်ပေးနေခဲ့သည်မှာ နှစ်ပေါင်းသုံးဆယ်တိတိ ရှိနေပြီ ဖြစ်သည်။ သူ အသုံးပြုနေသည့် လျှို့ဝှက်ဆန်းကြယ် ပညာရပ်အတိုင်းသာဆိုလျှင် ၎င်းအား နောက်တစ်ဆင့်သို့ မြှင့်တင်နိုင်ရန် နောက်ထပ် အနှစ်သုံးဆယ်ခန့်သာ လိုတော့သည်ဖြစ်သည်။ ထို ဓမ္မစစ်သင်္ဘောကြီးအား အဆင့်မြှင့်တင်ပြီးသွားပါက ၎င်းမှာ သူ့အား ဂြိုဟ်အဆင့်သို့ ဖောက်ထွက်နိုင်ရန်အတွက် အများကြီး အထောက်အကူပြုနိုင်မည် ဖြစ်သည်။ သို့သော် ယခုတွင်မူ နှစ်ပေါင်းသုံးဆယ်တိတိ ကြာမြင့်ခဲ့သည့် သူ၏ ကြိုးစားအားထုတ်မှုများ အားလုံးမှာ အလဟဿ ဖြစ်သွားရပြီမဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် စိတ်ကို တည်တည်ငြိမ်ငြိမ် မထားနိုင်တော့ပေ။
သို့သော် သူသည် ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် ထို ဓမ္မစစ်သင်္ဘောကြီးအား ထုတ်သုံးခဲ့ခြင်းဖြစ်၏။ သူသည် အခြားသော ဓမ္မရတနာများကို ပိုင်ဆိုင်ထားပါသော်လည်း ၎င်းတို့မှာ သူ၏ ဓမ္မစစ်သင်္ဘောကြီးလောက် အစွမ်းမထက်ကြောင်း သိထားသည်။ သူသည် ဤတိုက်ပွဲကြီးအား သေချာပေါက် အနိုင်ရရှိရန် ဆန္ဒပြင်းပြနေ၏။
" မျိုးမစစ်ကောင်။ မင်း ဒီအကာအရံကြီးကို ဘယ်လိုဖျက်ဆီးပြမလဲဆိုတာ ကြည့်ကြတာပေါ့ " အဘိုးကြီးမှာ ဝမ်ပေါင်လဲ့ သူ ထုတ်လွှတ်လိုက်သည့် တိုက်ကွက်ကြီးထဲမှ ပြန်လည်ထွက်ပေါ်လာသည့် တန်ပြန်အားများကြောင့် သူ နောက်သို့ ဒယိမ်းဒယိုင် ဖြစ်သွားရသည်ကို ကြည့်ရင်း ကြိမ်းဝါးလိုက်၏။ သူ၏ ခန္ဓာကိုယ်မှာမူ သစ်ပင်ကြီး၏ ကာကွယ်မှုအောက်တွင် ရှိနေသောကြောင့် အနည်းငယ်မျှပင် ထိခိုက်ဒဏ်ရာရသွားခြင်းမရှိပေ။ ထို့ကြောင့် သူသည် စိတ်အေးသွားရပြီး သက်ပြင်းချလိုက်၏။ သူ၏ မျက်ဝန်းများထဲမှ မကျေမချမ်းဖြစ်နေသည့် အရိပ်အယောင်များနှင့် အမုန်းမီးတောက် များမှာမူ ပို၍ အားကောင်းလာပြီ ဖြစ်သည်။ ထိုအချိန်တွင် သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို စတင်ထုတ်လွှတ်လိုက်ပြီး ကျိန်စာကြီးအား ခုခံတွန်းလှန်ကာ အားလျော့သွားအောင်လုပ်ပြီး ၎င်း၏ အစွမ်းများကို ဖျောက်ဖျက်နိုင်ရန် ကြိုးစားလိုက်တော့သည်။
သို့သော် သူသည် ဝမ်ပေါင်လဲ့၏ စိတ်ဓာတ်ပြင်းထန်မှုအား လျှော့တွက်မိသွားပြီ ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ အဘိုးကြီး၏ လှောင်ပြောင်စကားများကို ကြားလိုက်ရပြီးနောက် မျက်ဝန်းများထဲ၌ ရက်စက်ကြမ်းကြုတ်မှု အငွေ့အသက်များ တောက်ပလာ၏။
" ကျုပ် အဲဒီအကာအရံကို ဘယ်လိုဖျက်ဆီးပြမလဲဆိုတာကို အရမ်းကို သိချင်နေတယ်ပေါ့။ အဲတာဆိုမှတော့လည်း ဖေဖေကြီးက အစွမ်းတွေထုတ်ပြရတာပေါ့ " ဝမ်ပေါင်လဲ့မှာ တန်ပြန်အားများကြောင့် နောက်သို့ ဒယိမ်းဒယိုင်ဖြစ်သွားစဉ် အော််ဟစ်ကြိမ်းဝါးလိုက်၏။ ထို့နောက် သူသည် သူ၏ခန္ဓာကိုယ်အား တည်ငြိမ်သွားအောင်ထိန်းသိမ်းလိုက်ပြီး ညာလက်ကိုမြှောက်လိုက်၏။ နောက်ဆုံးတွင် သူသည် မိုးကောင်းကင်ကြီးအား လက်ညှိုးထိုးကာ နောက်တစ်ကြိမ် ထပ်၍ အော်ဟစ်လိုက်ပြန်သည်။
" ဓမ္မစစ်သင်္ဘောကြီး "
အဘိုးကြီးမှာ ဝမ်ပေါင်လဲ့၏ စကားကို ကြားလိုက်ရသောအခါ အံ့ဩတုန်လှုပ်သွား၏။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့၏ ဓမ္မစစ်သင်္ဘောကြီးဖြစ်သော အနီရောင် ပုစဉ်းကြီးမှာ ကောင်းကင်ထဲမှ ဆင်းသက်လာပြီး ဧရာမသစ်ပင်ကြီး၏ အထက်တွင် ပေါ်ပေါက်လာတော့သည်။ ထို့နောက် ဝမ်ပေါင်လဲ့၏ စကားသံကြီးမှာ လေထဲ၌ နောက်ထပ်တစ်ကြိမ် ထပ်၍ ပဲ့တင်ထပ်သွားပြန်သည်။
" ပေါက်ကွဲစေ "
ထိုအခါ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ တုန်သွားပြီး တကျွီကျွီမြည်သံများ စတင်ထွက်ပေါ်လာတော့သည်။ ထို့နောက် ဝမ်ပေါင်လဲ့၏ ဓမ္မစစ်သင်္ဘောကြီးမှာ မီးများတောက်လောင်သွားပြီး ဝိညာဉ်စွမ်းအင်လှိုင်းများကို အရပ်မျက်နှာအနှံ့သို့ ထုတ်လွှတ်လိုက်၏။ သို့ဖြစ်ရာ အာကာသထဲ၌ အရှိန်အဟုန်ဖြင့် မျောလွင့်လာနေခဲ့သည့် ဥက္ကာပျံကြီးတစ်လုံးမှာ ဂြိုဟ်ကြီး၏ လေထုထဲသို့ ရောက်ရှိလာသကဲ့သို့ပင်။ ယခုတွင် ၎င်းမှာ ထို ဧရာမသစ်ပင်ကြီးဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားနေပြီဖြစ်သည်။
ထိုတိုက်ကွက်ကြီး၏ ပြင်းအားကြောင့် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ သိမ့်သိမ့်တုန်သွားရသည်။ ထို့ကြောင့် တိမ်တိုက်များ လူးလွန့်သွားရပြီး ဂြိုဟ်ကြီးတစ်ခုလုံးမှာ တုန်ရီသွားရတော့သည်။ ထိုဂြိုဟ်ကြီး၏ နေရာတိုင်းနေရာတိုင်းတွင် ရှိနေသော ကျင့်ကြံသူများအားလုံးမှာလည်း ဆွံ့အမှင်တက်ကာ ကြောက်ရွံ့တုန်လှုပ်သွားကြပြီး ဝမ်ပေါင်လဲ့နှင့် အဘိုးကြီး တိုက်ခိုက်နေသည့် စစ်မြေပြင်ကြီး ရှိရာဘက်သို့ တစ်ပြိုင်နက်တည်း လှမ်းကြည့်လိုက်ကြတော့သည်။