ကျီချန်းလော့အား သတ်ဖြတ်ခြင်း
Vol. 62 Ch. 859
ဘုန်း … ဝုန်း ဝုန်း
ထိုလက်သီးချက်များအောက်တွင် သွေးမြူများ ဖြစ်ပေါ်လာသည်။ အကယ်၍ မိုဝူကျိက ထိုအင်မော်တယ်ဧကရာဇ် သုံးယောက်နှင့်ယှဉ်၍ လက်သီးချက် လေးချက်ကို အသုံးပြုခဲ့သည်ဆိုလျှင် ကျန်လူများအတွက် လက်သီးတစ်ချက်ကို အသုံးပြုခဲ့ခြင်း ဖြစ်၏။
ထို့အပြင် တစ်ဖက်လူ၏ တိုက်ခိုက်မှုမှာ မိုဝူကျိ၏ စွမ်းအားစက်ကွင်းကိုပင် ထိုးဖောက်ဝင်မလာနိုင်ပေ။
ထိုလက်သီးချက်များ အပြီးတွင် အင်မော်တယ်ဧကရာဇ် သုံးယောက်၊ အင်မော်တယ်အုပ်စိုးသူ ငါးယောက်နှင့် အင်မော်တယ်ဘုရင် ခြောက်ယောက်လုံးမှာ ချွင်းချက်မရှိ အသတ်ခံလိုက်ရသည်။
မိုဝူကျိ လက်သီးနှစ်ချက် အသုံးပြုလိုက်ရသည့် တစ်ဦးတည်းသောသူမှာ အင်မော်တယ်ဧကရာဇ် နောက်ဆုံးအဆင့် ကျင့်ကြံသူ ဖြစ်၏။ မိုဝူကျိ၏ အားကောင်းလွန်းသော ဝဲကတော့ စွမ်းအားစက်ကွင်းအောက်တွင် အင်မော်တယ်ဧကရာဇ် နောက်ဆုံးအဆင့်မှာ မိုဝူကျိ၏ လက်သီးချက်ကြောင့် မသေဆုံးသွားခင် ရုန်းကန်ရုံမျှသာ လုပ်ဆောင်နိုင်ခဲ့သည်။
ထိုရိုးရှင်းလှသော လက်သီးချက် ငါးချက်ဖြင့် ကျင့်ကြံသူ ဆယ်ယောက်ကျော် အသတ်ခံလိုက်ရသည်။ ထိုတိုက်ခိုက်မှုများ၏ နောက်ကွယ်မှ အင်အားအကြောင်းကို ထည့်ပြောနေဖို့ပင် မလိုပေ။
တိကျမှုမှာ ပို၍ အံ့သြဖွယ်ကောင်းလှ၏။
မိုဝူကျိ၏ တိုက်ခိုက်မှု၌ လက်ကျန်ရှိနေသော စွမ်းအားဟူ၍ပင် မရှိပေ။ လက်သီးငါးချက် အပိုအလိုမရှိ ကွက်တိ ဖြစ်နေ၏။
ထိုစဉ် ဘေးတွင် ကြည့်ရှုနေသူများက အသက်ပင် ရဲရဲ မရှူရဲကြတော့ပေ။ သူတို့ တွေးမိလိုက်သည့် တစ်ဦးတည်းသောသူမှာ အထက်ဘုံ၏ တာအိုဧကရာဇ် ကျီချန်းလော့ ဖြစ်သည်။
ကျီချန်းလော့တွင်သာ ထိုသို့အင်အားမျိုး ရှိပေလိမ့်မည်။
သူတို့က ကျီချန်းလော့ကို တွေးမိလိုက်သည်နှင့် တချို့သူများမှာ မိုဝူကျိကို ဖမ်းဆီးခိုင်းသည့်သူမှာ ကျီချန်းလော့ ဖြစ်မည်မှန်း သိလိုက်ကြသည်။ အထက်ဘုံက မိုဝူကျိ၏ ဖမ်းဝရမ်း ထုတ်ထားသောသူများ ဖြစ်၏။
ထိုဖမ်းဝရမ်း အထုတ်ခံထားရသည့် မိုဝူကျိသည်ကား အင်အား အရမ်းကောင်းလှပေသည်။
လူအများစုက အင်မော်တယ်လောက၌ မိုးမြေတုန်လှုပ်နိုင်သည့် ကိစ္စကြီး ဖြစ်တော့မည်ဖြစ်ကြောင်း ခန့်မှန်းမိလိုက်ကြသည်။
ပြောင်းလဲမှုမှာ မိုဝူကျိ၏ သေဆုံးမှု ဖြစ်လျှင်ဖြစ် သို့မဟုတ်ပါက အထက်ဘုံ ကျီချန်းလော့၏ အုပ်စိုးခြင်း ပြိုလဲမှုသာ ဖြစ်ပေလိမ့်မည်။
ချန်းစန်က မိုဝူကျိ၏ လက်ချက်ဖြင့် သွေးမြူများဖြစ်သွားသည့် အဆင့်မြင့် ကျင့်ကြံသူများကို ကြောင်အန်းကြည့်နေမိသည်။ သူက မိုဝူကျိသည် မည်သည့်စကားမျှ မပြောဘဲ လက်စွပ်ဆယ်ကွင်း ယူလိုက်သည်ကိုလည်း မြင်လိုက်ရသည်။
ယခု မိုဝူကျိက သူ့ကို နောက်ဆုတ်ခိုင်းသည်မှာ ကြောက်ရွံ့၍ မဟုတ်ကြောင်း သဘောပေါက်သွားလေသည်။ မိုဝူကျိက သူ့အား ချန်းဟူ၏ မျက်နှာကို ထောက်၍ အခွင့်အရေးတစ်ခု ပေးလိုခြင်း ဖြစ်သည်။ အခြားလူများက ကျီချန်းလော့သည် မိုဝူကျိလောက် အားကောင်းလိမ့်မည်ဟု တွေးကောင်း တွေးနိုင်သော်ငြား သူက ကျီချန်းလော့ပင် ထိုသို့အရာမျိုး မလုပ်နိုင်ကြောင်း သေချာသိထားသည်။
သူက ကျီချန်းလော့နှင့် တွေ့ဖူးသည့်အတွက် ကျီချန်းလော့သည် မိုဝူကျိကဲ့သို့ အံ့သြစရာကောင်းလောက်သည့်လူ မဟုတ်ကြောင်း သိထားသည်။
အချိန်တချို့ကြာပြီးသည့်နောက် ချန်းစန်က မိုဝူကျိအား လက်နှစ်ဖက်ယှက်ကာ လေးလေးစားစား ပြောလိုက်သည်။
“ ကျေးဇူးတင်ပါတယ်။ ဂိုဏ်းချုပ်မို ကျုပ်အသက်ကို ချမ်းသာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မဟုတ်ရင် ကျုပ် ချန်းစန်တော့ သေသွားရလောက်ပြီ ”
မိုဝူကျိက ခေါင်းငြိမ့်ပြကာ
“ ချန်းဟူက လူကောင်းပါ။ ပြီးတော့ ခင်ဗျားကလည်း ဖြောင့်မတ်တဲ့သူဆိုတာ သိပါတယ်။ အထက်ဘုံရဲ့ အမိန့်ကြောင့်နဲ့ ဘာလို့များ အပြစ်မဲ့တဲ့သူတွေကို သတ်နေရတာလဲ ”
ချန်းစန်က သက်ပြင်းချကာ
“ ဂိုဏ်းချုပ်မို… အထက်ဘုံဆီ ကျုပ်သား ချန်းဟူကို ရှာပေးဖို့ တောင်းဆိုခဲ့တယ်။ အဲ့ဒါကြောင့် ကျုပ်က ဒီလိုလုပ်နေရတာပါ ”
ချန်းစန်က ပြောပြနေစဉ် မိုဝူကျိက သဘာဝစွမ်းအားဖြင့် ဧရာမ လက်ကြီးတစ်ခု ဖွဲ့စည်းလိုက်သည်။ ရုတ်တရက် ဆွဲကိုင်မှုကြောင့် တင်းပိုအင်မော်တယ်မြို့၏ အစီအရင်မှာ စတင်၍ ကြေကွဲ ပျက်စီးလာတော့သည်။
တင်းပိုအင်မော်တယ်မြို့၏ လေထုတစ်ထပ်ကို ဖယ်ရှားလိုက်သလို ဖြစ်သွားကာ မြို့အနေနှင့်လေထုမှာ ပို၍ ကြည်လင်လာသလို မြင်ရသည်။
ချန်းစန်သည် အင်မော်တယ်ဧကရာဇ် အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သောကြောင့် မိုဝူကျိက တင်းပိုမြို့၏ အစီအရင်တစ်လွှာအား ဖျက်ဆီးလိုက်ကြောင်းကို သိလိုက်သည်။
အရိုးသားဆုံးပြောရလျှင် တင်းပိုအင်မော်တယ် မြို့စားဝမ်မီက ဖင်းဖန်အား တိုက်ခိုက်သည့်ထဲတွင် ပါဝင်ခဲ့သော်လည်း ထိုအရာမှာ တင်းပိုအင်မော်တယ်မြို့၏ အမှား မဟုတ်ပေ။
အကယ်၍ မိုဝူကျိသည် ထိုအကြောင်းအရင်းကြောင့် တင်းပိုအင်မော်တယ်မြို့ရှိ လူတိုင်းကို သတ်မည်ဆိုလျှင် မိုဝူကျိက အရမ်းရက်စက်လွန်းရာ ကျပေလိမ့်မည်။
ကျင့်ကြံသူများက မိုဝူကျိ၏ အပြုအမူကို မြင်လိုက်ကြသောအခါ သူတို့စိတ်ထဲ အထိတ်တလန့် ဖြစ်မိသွားကြသည်။ အများစုက မိုဝူကျိသည် တင်းပိုမြို့တစ်ခုလုံးအား အမြစ်ဖြတ် သုတ်သင်ပစ်မည်ကို စိုးရိမ်လာကြသည်။
သို့သော်လည်း မည်သူကမျှ ထွက်မသွားရဲကြပေ။ မိုဝူကျိကဲ့သို့ လူမျိုးရှေ့၌ ထွက်သွားခြင်းသည် ကိုယ့်သေတွင်းကိုယ် တူးသလို ဖြစ်သွားလိမ့်မည်။
“ ဂိုဏ်းချုပ်မို… မြို့စားဝမ်မီနဲ့ ဒီမြို့စားအိမ်တော်က လူတွေက ဖင်းဖန်အင်မော်တယ်ကျောင်းတော်ကို တိုက်ခိုက်တဲ့ထဲမှာ ပါကြတယ်ဆိုပေမဲ့ အခုလေးတင်ပဲ ဂိုဏ်းချုပ်မိုက ဝမ်မီကို သတ်လိုက်ပါပြီ။ အဲ့ဒါကြောင့် ဂိုဏ်းချုပ်မိုအနေနဲ့ ဒီမြို့ကို မဖျက်ဆီးဘဲ နေလို့ရမလား ”
ချန်းစန်၏ စိတ်ထဲတွင်လည်း စိုးရိမ်နေမိသည်။ သူက မိုဝူကျိသည် သူ့အားသတ်ဖို့ လက်သီးတစ်ချက်သာ လိုကြောင်း သိသည်။ သို့သော်လည်း သူက ထိုတောင်းဆိုချက်ကို ခက်ခက်ခဲခဲ ပြုလုပ်လိုက်ရသည်။ တင်းပိုမြို့ထဲတွင် အပြစ်ကင်းသော လူများစွာ ရှိနေသေးသည် မဟုတ်ပါလော။
မိုဝူကျိက တင်းပိုမြို့ကို ဖျက်ဆီးရန် ရည်ရွယ်ချက်မရှိပေ။ သူက မဟာဧကရာဇ် လွန်ချိုက် မဟုတ်ပေ။ ယခု သူက ချန်းစန်သည် တင်းပိုမြို့စားဝမ်မီက ဖင်းဖန်အင်မော်တယ်ကျောင်းတော် တိုက်ခိုက်မှုတွင် ပါဝင်ခဲ့ကြောင်း ပြောသောအခါ မိုဝူကျိက အစီအရင်အလံများစွာကို ပစ်လွှတ်လိုက်ပြီး မြို့စားအိမ်တော်ကို ပိတ်လှောင်ထားလိုက်သည်။
မိုဝူကျိက လူအုပ်ဘက်လှည့်ကာ လက်နှစ်ဖက် ယှက်လိုက်ရင်း
“ အင်မော်တယ်ရောင်းရင်းတို့… ကျုပ် ဘယ်သူလဲဆိုတာ ခင်ဗျားတို့အားလုံး သိကြမယ် ထင်တယ်။ အဲ့ဒီနှစ်တွေတုန်းက ကျုပ် ဂိုဏ်းကြီးတွေနဲ့ မဟာဧကရာဇ်တွေဆီကနေ ချောင်ပိတ်တာကို ခံခဲ့ရတယ်။ ကျုပ် ကံကောင်းမှုကြောင့်သာ မဟုတ်ရင် ဒီလောကမှာ မိုဝူကျိ ဆိုတာ မရှိလောက်တော့ဘူး ….
ကျုပ် ဘာကြောင့် လိုက်အဖမ်းခံရတယ် ဆိုတာကို ပြောနေဖို့တောင် မလိုပါဘူး။ အားလုံးလည်း သိကြမှာပါ။ ဒီဟာက လောဘကြီးတဲ့ အကြောင်းအရင်း တစ်ခုကြောင့်ပဲပေါ့ ”
လူအုပ်ကြီး တစ်ခုလုံး တိတ်ဆိတ်နေလေသည်။ မိုဝူကျိကဲ့သို့လူမျိုးက စကားပြောနေစဉ် မည်သူက အသံထွက်ရဲမည်နည်း။
မိုဝူကျိက လေးစားမှုတချို့နှင့် လက်ခံမှုတချို့ကို ခံစားမိပြီးနောက် ဆက်ပြောလိုက်သည်။
“ ကျုပ် မိုဝူကျိက လွန်ချိုက်လိုလူမျိုး မဟုတ်ဘူး။ ကျုပ် ဒေါသကို ဘယ်တော့မှ အပြစ်မဲ့တဲ့သူတွေဆီ ပုံမချဘူး။ ကျုပ် ဂိုဏ်းက ဖင်းဖန်အင်မော်တယ်ကျောင်း ….
ကျုပ် ဂိုဏ်းထဲမှာ သာမန်ဖြစ်တဲ့ သေမျိုးတွေတောင်မှပဲ သူတို့အတွက်သူတို့ ပြောဆိုခွင့်ရှိတယ်။ ပြီးတော့ ကျင့်ကြံသူတွေကိုလည်း သေမျိုးတွေကို သတ်ခွင့်မပြုထားဘူး။ အဲ့ဒါကြောင့် ကျုပ်က တင်းပိုအင်မော်တယ်မြို့ထဲက လူတွေကို ဘာလုပ်ရမှာလဲ။ ကျုပ် ဒီနေ့ ခင်ဗျားတို့ရှေ့မှာရပ်နေတာက မကောင်းတဲ့သူတွေကို ဖယ်ရှားပစ်ဖို့ပဲ။
ပြီးတော့ ကျုပ် ဖျက်ဆီးလိုက်တဲ့ အစီအရင်က ကာကွယ်ရေးအစီအရင်မဟုတ်ဘဲ ပိတ်လှောင်ရေး အစီအရင်တစ်ခုပဲ။ အဲ့ဒါက လူတွေကို ဖမ်းဆီးပိတ်လှောင်ဖို့အတွက်ပဲ သုံးတာ။
အဲ့ဒီနှစ်တုန်းက ကျုပ်ကို ဖမ်းဆီးဖို့ ဒီအစီအရင်ကို ခင်းကျင်းခဲ့တာ။ ဒါပေမဲ့ ကျုပ်ကို မဖမ်းနိုင်ခဲ့ဘူး။ ဒီအစီအရင်က အခုထိ ဒီမှာရှိနေမယ်လို့ ထင်မထားမိဘူး။
အဲ့ဒါကြောင့် ဒီဟာကို ကျုပ်အတွက်တင်မကဘူး ခင်ဗျားတို့အတွက်ပါ ဖျက်ဆီးပေးလိုက်တာ ”
မျှော်လင့်ထားသည့်အတိုင်း အားလုံးက မိုဝူကျိသည် တင်းပိုအင်မော်တယ်မြို့၏ ကာကွယ်ရေးအစီအရင်ကို ဖျက်ဆီးလိုက်သည် မဟုတ်ကြောင်း ကြားသောအခါ စိတ်အေးသွားကြ၏။
အားကောင်းသော ဂိုဏ်းများနှင့် အထက်ဘုံ၏ မိုဝူကျိအပေါ်စွပ်စွဲထားသော တဖက်သတ် ကြေညာချက်များကိုပဲ မကြည့်သင့်ပေ။
လက်တွေ့၌ ကောင်းကင်အင်မော်တယ်အဆင့်ထိ ကျင့်ကြံနိုင်သောသူများတွင် အရူးဟူ၍ မရှိပေ။ ထိုသို့ ယုံမှားဖွယ် သတင်းများအား အမှန်ဟူ၍ မည်သူကများ ယူဆမည်နည်း။
ထိုနှစ်များတုန်းက မိုဝူကျိသည် အနောက်ပိုင်း ကျုံးပင်လယ်၏ နဂါးမျိုးနွယ်ကို သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခဲ့သော်လည်း မိုဝူကျိက သတ်ဖြတ်ခဲ့သည့် လူယုတ်မာ မဟုတ်ဘဲ ကယ်တင်ရှင် ဖြစ်နေခဲ့သည်။
အနောက်ပိုင်း ကျုံးပင်လယ်၏ နဂါးမျိုးနွယ်တစ်ဦး ကိုယ်တိုင်က မိုဝူကျိ၏နာမည်ကို ထုတ်ပြောခဲ့လေရာ ထိုသို့သောကိစ္စမှာ ရှင်းပြခြင်းထက်ပို၍ အကျိုးသက်ရောက်မှု ရှိပေသည်။
ထိုနမူနာကို အမှတ်ထားပြီးနောက် မိုဝူကျိ၏အကြောင်း ကောလဟာလသတင်းကို မည်သူကများ ဆက်ယုံကြမည်နည်း။
“ ဂိုဏ်းချုပ်မို… ကျုပ်တို့ ခင်ဗျားကို ယုံပါတယ် ” လူအုပ်ထဲမှ တစ်ယောက်က အော်ပြောလိုက်သည်။
အထက်ဘုံနှင့်ယှဉ်လျှင် လူများစွာက မိုဝူကျိအား ပိုယုံကြည်ကြပေသည်။ မိုဝူကျိ၏ ဖင်းဖန်အင်မော်တယ်ကျောင်းတော်မှာ နမူနာကောင်း မဟုတ်ပါလော။
အင်မော်တယ်လောက၌ လူသားများ တန်းတူနေထိုင်နိုင်သည့်နေရာ ရရှိမည်လား။ ထိုသို့နေရာမျိုး ရှိခဲ့သည်ဆိုပါကလည်း ဖင်းဖန် အင်မော်တယ်ကျောင်းတော်သာ ဖြစ်ပေလိမ့်မည်။
ဗုဒ္ဓကျောင်းတော်များက သက်ရှိတိုင်းသည် တူညီသည်ဟု ပြောဆိုကြသော်လည်း အမှန်တရားတွင် ဗုဒ္ဓအင်မော်တယ်နယ်မြေ၌ သတ်ဖြတ်မှုများစွာ ရှိနေပေသေး၏။ ထိုမျှပင်မကပေ။ မဟာခွန်ဗုဒ္ဓဂိုဏ်း၏ ကွမ်းနဉ်မှာလည်း မိုဝူကျိကို တိုက်ခိုက်မှုထဲတွင် ပါဝင်ခဲ့သေးသည်။ ဤသည်မှာ လူအများသိသည့် အကြောင်းပင်ဖြစ်သည်။
မိုဝူကျိက အသံကို လျော့ကာ ပိုမိုကြည်လင်ပြတ်သားသော အသံဖြင့် ပြောလိုက်သည်။
“ ကျုပ် ဖင်းဖန်အင်မော်တယ်ကျောင်းတော်ကို မြန်မြန်ပြန်ရဦးမယ်။ ဒါပေမဲ့ ကျုပ် အားလုံးကို သိစေချင်တာက အထက်ဘုံရဲ့ ကျီချန်းလော့က ဘာတွေလုပ်ခဲ့တယ် ဆိုတာကိုပဲ။
မကြာသေးခင်ကတင် ကျုပ်ကိုယ်တိုင် ကောင်းကင်ဘုံအလွန် စကြဝဠာဆီကို ရောက်ခဲ့တယ် ”
မိုဝူကျိက ကောင်းကင်ဘုံအလွန် စကြဝဠာဆီ ရောက်ခဲ့သည်ကို ကြား၍ အားလုံးနီးပါး တိတ်ဆိတ်သွားကြသည်။ ယခင်က လူတချို့သာ ကောင်းကင်ဘုံအလွန် စကြဝဠာ အကြောင်းကို သိကြသည်။ ယခု တချို့လူများက မသိကြသေးပေ။
အထက်ဘုံက ကောင်းကင်ဘုံအလွန် စကြဝဠာရှိ မျိုးနွယ်စုပေါင်းရာကျော်က သူတို့ အင်မော်တယ်လောက၏ လူသားမျိုးနွယ်စုနှင့် ရင်ဆိုင်ဖို့ရန် ပူးပေါင်းလိုက်သည့်အကြောင်း အင်မော်တယ်လောကတွင် ကြေညာထားပြီး ဖြစ်သည်။
ကောင်းကင်ဘုံအလွန် စကြဝဠာတွင် ရှိနေသော လူသားမျိုးနွယ်စုတိုင်းနီးပါး အသတ်ခံလိုက်ရကာ အထက်ဘုံ၏ ကျီချန်းလော့က စွမ်းစွမ်းတမံ တိုက်ခိုက်ခဲ့သော်လည်း လူတချို့ကိုသာ ကယ်တင်နိုင်ခဲ့ပြီး အထက်ဘုံကို ပြန်ခေါ်နိုင်ခဲ့သည်။
မိုဝူကျိက အင်မော်တယ်လောကသို့ ပြန်ရောက်လာသည်မှာ မကြာသေး၍ ကျီချန်းလော့၏ အမည်းကို အဖြူ အဖြူကို အမည်း လုပ်ထားသည့် အကြောင်းကို မသိသေးပေ။
သူ့လေသံမှာ တည်ငြိမ်နေပြီး ဆက်ပြောလိုက်သည်။
“ အင်မော်တယ်ရောင်းရင်းတို့… အထက်ဘုံက ကျုပ်တို့အင်မော်တယ်လောကရဲ့ မျက်နှာစာ။ အင်မော်တယ်လောက က လူသားမျိုးနွယ်တွေကို ကာကွယ်ပေးတယ်ဆိုတာ သူတို့ရဲ့ ရည်ရွယ်ချက်ပဲ ဖြစ်သင့်တယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာကျတော့ ကျုပ်တို့လူသားမျိုးနွယ်တွေက ကောင်းကင်ဘုံအလွန် စကြဝဠာအစွန်းမှာ အသတ်ခံနေရတယ်။
စကြဝဠာအစွန်းတစ်ခုလုံးမှာ လူသားမျိုးနွယ်တွေက ဘာမှ ပြောဆိုပိုင်ခွင့်မရှိဘူး။ ကျီချန်းလော့ ဘာတွေလုပ်ခဲ့တယ်ဆိုတာ အားလုံးသိကြရဲ့လား။
သူက သူ့အသိုက်ထဲမှာ ပုန်းပြီး ထွက်လာဖို့တောင် ကြောက်နေခဲ့တာ။ သူက လူသားမျိုးနွယ်စုတွေအတွက် ဘာမှမပြောပေးခဲ့ရုံတင်မကဘူး…စကြဝဠာအစွန်းမှာ အသတ်ခံနေရတဲ့ မျိုးနွယ်စုတွေအတွက် ဘာမှလည်း ဝင်မပြောပေးခဲ့ဘူး။ အဲ့ဒီနောက် ကျုပ် စကြဝဠာအစွန်းကို ရောက်လာတဲ့အချိန်မှာ နတ်ဘုရားမျိုးနွယ်ရဲ့ သခင်လေးက ကျုပ်တို့ လူသားမျိူးနွယ် ကျင့်ကြံသူတွေကို အကြောင်းပြချက်မရှိဘဲ သတ်နေခဲ့တာတွေကို တွေ့ပြီး ကျုပ် သည်းမခံနိုင်တာနဲ့ အဲ့ဒီသခင်လေးကို သတ်ပစ်ခဲ့တယ်။
ပြီးတော့ နတ်ဘုရားမျိုးနွယ်ရဲ့ အင်မော်တယ်ဧကရာဇ်တွေကိုလည်း သတ်ပစ်ခဲ့တယ် ”
မိုဝူကျိ၏ စကားများကို ကြားပြီး လူထုအတွင်း လက်ခုပ်သြဘာသံများ ထွက်လာသည်။ မိုဝူကျိက အသံကို မြှင့်ကာ ဆက်ပြောလိုက်သည်။
“ ဒါပေမဲ့ ကျီချန်းလော့က ဘာလုပ်ခဲ့တုန်း။ သူက နတ်ဘုရားမျိုးနွယ်ကို ကျေနပ်အောင် လုပ်ပေးဖို့အတွက် နတ်ဘုရားမျိုးနွယ်စုနဲ့ အတူတူ ပူးပေါင်းပြီး ကျုပ်ကိုတောင် ဖမ်းဖို့ လုပ်ခဲ့သေးတယ်။ နတ်ဘုရားမျိုးနွယ်တွေက ဒီလူသားမျိုးနွယ်တွေ နေနေတဲ့ အင်မော်တယ်မြို့ကို အပိုင်စီးချင်လို့သာ သူ့အပြုအမူကို ဘာမှ ဂရုမစိုက်ခဲ့ဘဲ သူတို့စစ်တပ်ကို ပို့ပေးပြီး လူသားမျိုးနွယ်မြို့ကို ဝိုင်းပြီးတော့ အကုန်လုံးကို သုတ်သင်ပစ်ခဲ့တယ်။
ပြောရမည်ဆိုရင် ဒီကျီချန်းလော့က အထက်ဘုံရဲ့ တာအိုဧကရာဇ် ဘယ်လိုဖြစ်လာပြီးတော့ အထက်ဘုံကို ဘယ်လိုလုပ် အုပ်ချုပ်နေရတာလဲဆိုတာ ကျုပ်မသိဘူး။ ကျုပ် ပြောချင်တာတစ်ခုက ဒီလူက လုံးဝမထိုက်တန်ဘူး။
နတ်ဘုရားမျိုးနွယ်စုတွေ ကျုပ်တို့မြို့ကို ကျူးကျော်လာတုန်းက ကျုပ်တို့လူသားတွေက အသက်ကို ရင်းပြီး တိုက်ခိုက်နေတဲ့အချိန် သူဘာလုပ်ခဲ့တယ်ဆိုတာကော သိကြရဲ့လား ”
မိုဝူကျိက အထင်သေးစွာဖြင့် နှာခေါင်းကို ရှုံ့ကာ
“ ကျီချန်းလော့က မတိုက်ရုံတင်မကဘူး… အင်မော်တယ်မြို့ကနေတောင် ထွက်ပြေးသွားလိုက်သေးတယ်။ အဲ့ဒါတင်မကဘူး… သူက လူသားမျိုးနွယ်စု ကျင့်ကြံသူတွေကို စွန့်ပစ်ခဲ့တယ်။ သူ ထွက်ပြေးသွားတုန်းက လူဆယ်ယောက်ကျော်လောက်ပဲ ခေါ်သွားခဲ့တယ်။ ပြီးတော့ သူလည်း ထွက်ပြေးပြီးသွားရော အထက်ဘုံနဲ့ ကောင်းကင်ဘုံအလွန် စကြဝဠာကြားက ချိတ်ဆက်ထားတဲ့ လမ်းကြောင်းကို ဖြတ်တောက်ပစ်လိုက်တယ်။ အဲ့ဒါက အဲ့ဒီလူကြောက် ကျီချန်းလော့ လုပ်ခဲ့တဲ့အရာတွေပဲ ”
မိုဝူကျိ၏ စကားများကို ကြားကာ လူအုပ်ကြီးက ဒေါသထွက်လာကြသည်။ ကောင်းကင်ဘုံအလွန် စကြဝဠာကို သွားကြသော ကျင့်ကြံသူအများစုက ဤနေရာတွင် ရှိနေသောလူများ၏ မိတ်ဆွေများ၊ ဆွေမျိုးများ ဖြစ်ကြသည်။
ကျီချန်းလော့က သူတို့အား သူသည် လူသားမျိုးနွယ်အတွက် စွမ်းစွမ်းတမံ တိုက်ခိုက်ခဲ့ကြောင်း ပြောထားလေရာ သူတို့အနေနှင့် အမှန်တရားသည် ပြောင်းပြန်ဖြစ်နေလိမ့်မည်ဟု ထင်မထားကြပေ။
ဤသည်မှာ အမှန်တကယ် ရှက်ဖွယ်ကောင်းလှပေသည်။
“ ဂိုဏ်းချုပ်မို… ခင်ဗျားက ဘယ်လိုလုပ်သိတာလဲ ” လူအုပ်ထဲမှ တစ်ယောက်က ဝင်မေးလိုက်သည်။
မိုဝူကျိက သလင်းကျောက်ကို ထုတ်ကာ ပြောလိုက်သည်။
“ အရင် ကျီချန်းလော့က အင်မော်တယ်ဧကရာဇ် အများကြီးကို စွန့်ပစ်ခဲ့တယ်။ ဒါပေမဲ့ အင်မော်တယ်ဧကရာဇ် သုံးယောက် အသက်ရှင်ကျန်နေခဲ့တယ်။ အဲ့သုံးယောက်က ရေတံခွန် အင်မော်တယ်ကျောင်းတော်ရဲ့ အင်မော်တယ် ဧကရီ ဝမ်လန်၊ ပုံရိပ်ယောင်ချင်တာအိုရဲ့ တာအိုသခင် ကျဲယင်နဲ့ ဝိညာဉ်လှည့်ပတ် တာအိုဂိုဏ်းရဲ့ ဂိုဏ်းချုပ် လုကျီတင်း တို့ပဲ။ အဲ့သုံးယောက်လုံးက ရွပ်ရွပ်ချွံချွံ အစွမ်းကုန် တိုက်ခိုက်ခဲ့ကြတယ်။
နတ်ဘုရားမျိုးနွယ်က တချို့လူသားမျိုးနွယ် ကျင့်ကြံသူတွေကို သွေးစတေး လုပ်ဖို့ အသက်ရှင်လျက် ချန်ထားပေးထားလို့ သူတို့ သုံးယောက်က လူသားမျိုးနွယ် ကျင့်ကြံသူ တစ်သိန်းကျော်လောက်နဲ့ ထွက်ပြေးလာနိုင်ခဲ့တယ်။ အဲ့တုန်းက တစ်ယောက်က အဲ့တုန်းက ဖြစ်ပျက်ခဲ့တာတွေ အကုန်လုံးကို မှတ်သားပေးထားတာတွေပဲ။ သူက ကျုပ်တို့ကို အဲ့ဒီအခိုက်အတန့်ကို မှတ်မိနေအောင် ကူညီပေးခဲ့တာပဲ ”
ထိုသို့ ပြောပြီးနောက် မိုဝူကျိက သလင်းကျောက်ကို အသက်သွင်းလိုက်သည်။ ပြင်းထန်လွန်းသော တိုက်ပွဲ၏ မြင်ကွင်းက ထွက်ပေါ်လာလေ၏။ အမှန်ပင် လုကျီတင်း၊ ဝမ်လန်၊ ကျဲယင်တို့က လူသားမျိုးနွယ်ကျင့်ကြံသူတွေနှင့်အတူ စွမ်းစွမ်းတမံ တိုက်ခိုက်နေကြ၏။ လူသားမျိုးနွယ်စုများမှာ ဆက်တိုက် အသတ်ခံနေရပြီး ပျောက်ဆုံးသွားသည့် အရေအတွက်မှာ မျက်လုံးနှင့်ပင် မြင်တွေ့နိုင်ပေသည်။
သို့သော်လည်း ထိုမြင်ကွင်းများအတွင်း ကျီချန်းလော့ ရှိမနေသလို သူနှင့် ပြန်ရောက်လာသည့်လူများလည်း ရှိမနေပေ။
“ ကျီချန်းလော့ကို သတ်ပစ်။ အဲ့ဒီလူ အရှက်ကို မရှိဘူး။ အထက်ဘုံကို သွားပြီး မွှေကြစို့… ”
ဒေါသတကြီး အော်ဟစ်သံများ ထွက်ပေါ်လာလေသည်။
သူတို့က သံပြိုင် အော်ဟစ်လိုက်ကြသည်။
“ အထက်ဘုံကို မွှေပြီး အဲ့ဒီအရှက်မဲ့တဲ့ ကျီချန်းလော့ကို သတ်ပစ်ကြ… ”
***