ဝိညာဉ်ကျိုးလူသား
Vol. 62 Ch. 862
မိုဝူကျိသည် မူလကတည်းက အဆင့် ၉ အင်မော်တယ် အစီအရင် ဆရာတစ်ယောက် ဖြစ်ပေသည်။ ပညာရှိတာအိုအဆောင် ပထမအလွှာကို သန့်စင်ပြီးနောက် အစီအရင်ပေါ်၌ သူ့နားလည်နိုင်စွမ်းမှာ သိသိသာသာ တိုးတက်လာပေ၏။ ဖင်းဖန်အင်မော်တယ်ကျောင်း ဘေးပတ်လည်ရှိ ကာကွယ်ရေး အစီအရင်မှာ ကျီလီ၏ အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်ပေါ်တွင် နားလည်နိုင်စွမ်းကို အခြေပြုထားခြင်း ဖြစ်၏။
ထိုအင်မော်တယ် ပိတ်လှောင်ရေး အစီအရင်၌ မည်သို့သောလူများ ပိတ်လှောင်ခံထားရသနည်း။
အင်မော်တယ်ဧကရာဇ်များကို ထည့်ပြောနေဖို့ပင်မလိုပေ။ တာအိုဧကရာဇ်များပင် ထိုအစီအရင်ထဲ၌ ပါးမွှားမျှသာ မှတ်ယူရပေမည်။
မိုဝူကျိကိုယ်တိုင်က ထိုအင်မော်တယ် ပိတ်လှောင်ရေး အစီအရင်၌ အချိန်အတော်ကြာ နေခဲ့ဖူးသူဖြစ်ကာ သူ့အနေနှင့် ဤအစီအရင်ကို အချိန်တိုလေးအတွင်း ချိုးဖျက်နိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။ သို့သော် မိုဝူကျိက ထိုအစီအရင်ကို ကြိုးစားကြည့်လိုက်သည့်အခါ သူရင်ဆိုင်နေရသည့်အရာကို သိရှိသွားလေ၏။
ကျီလီ၏ နည်းလမ်းများမှာ မူလအင်မော်တယ် ပိတ်လှောင်ရေး အစီအရင်၏ မပြီးပြည့်စုံသော အတုယူမှု တစ်ခုမျှသာ ဖြစ်သော်လည်း မိုဝူကျိက အငွေ့ပင်လယ်နှင့် ရင်ဆိုင်ရသလို ခံစားနေရသည်။
ထိုလူများက နှစ်များစွာ ကြာသည့်တိုင် ဤအစီအရင်အား မချိုးဖောက်နိုင်သေးသည်မှာ အံ့သြစရာ မရှိတော့ပေ။
မကြာခင် မိုဝူကျိက ဤအစီအရင်အား ချိုးဖောက်ဖို့ ကြိုးစားရာ၌ စိတ်နှစ်မြုပ်လိုက်သည်။ အချိန်တိုလေးအတွင်း သူ့ဘေးပတ်လည်၌ မြူခိုးများ ပေါ်လာလေသည်။ ထိုမြူအတွင်း အစီအရင်သင်္ကေတများက ဆက်တိုက်ပြေးလွှားနေလေ၏။ အကယ်၍ အစီအရင်အား နှစ်သက်သဘောကျသည့် လူတစ်ယောက်သာ မိုဝူကျိ ဘေးနားရှိနေလျှင် ထိုသူသည် များစွာ သင်ယူနိုင်လိမ့်မည်။
မိုဝူကျိက ဖင်းဖန်အစီအရင်ကျောင်း၏ ကာကွယ်ရေးအစီအရင်ကို ချိုးဖောက်ဖို့ ကြိုးစားနေစဉ် ယန်လီနှင့်အခြားလူများမှာလည်း ဖင်းဖန်အား မူလအခြေအနေသို့ ရောက်ရှိအောင် ပြန်လည် တည်ဆောက်နေကြ၏။
လက်တွေ့၌ ယန်လီက အကူအညီ သွားရှာစရာပင် မလိုလိုက်ပေ။ မိုဝူကျိ ဖင်းဖန်သို့ ပြန်ရောက်ပြီး သိပ်မကြာခင်တွင် အင်မော်တယ်များစွာက ရောက်ရှိလာကြ၏။
လူအများစုမှာ တင်းပိုအင်မော်တယ်မြို့မှဖြစ်ပေသည်။
သူတို့အားလုံးက မိုဝူကျိ၏ အထက်ဘုံ၏ ပြစ်မှုများအကြောင်း ဖော်ထုတ်သည်ကို သေချာကြားခဲ့ရသည်။ ထို့အပြင် မိုဝူကျိ တာ့ဟွမ်အား ပေးထားသော အရင်းအမြစ်များမှာ ပေါကြွယ်ဝလေရာ ဖင်းဖန်အား ပြန်လည်တည်ဆောက်ခြင်းမှာ မျက်စိတစ်မှိတ်အတွင်း သိသိသာသာ တိုးတက်လာသည်။
ထိုမျှတင်မကသေးပေ။ ချန်းစန် ရောက်လာသည့်အခါ ချန်းစန်က ဖင်းဖန်ကျောင်းတော် ချဲ့ထွင်ဖို့ရာအတွက်လည်း စီစဉ်ပေးခဲ့သည်။
ဧရာမဆေးဥယျာဉ်ကြီးမှာ ပြန်လည်တည်ဆောက်ပြီးရုံသာမက အပြာရောင် ကျောက်စိမ်းလမ်းတွေမှာလည်း အဝေးတစ်နေရာသို့ ဦးတည်နေလေ၏။ ထို့အပြင် အင်မော်တယ်မြို့တစ်ခုလုံးကိုလည်း တည်ဆောက်ပြီးလေပြီ။
ဖင်းဖန် အင်မော်တယ် ကျောင်းတော်ကို ပြန်လည်တည်ဆောက်ရာ၌ လူများစွာက ရောက်ရှိလာကြပြီး သတင်းများမှာလည်း ပျံ့နှံ့သွားလေသည်။ အင်မော်တယ်နယ်မြေ ခုနှစ်ခုလုံးက အထက်ဘုံ၏ အလိမ်အညာများအား သိရှိသွားကြလေပြီ။
မိုဝူကျိက ဖင်းဖန် အင်မော်တယ်ကျောင်းတော်ကို ဝန်းရံထားသည့် အယောက်ထောင်ချီ ကျင့်ကြံသူများနှင့် မဟာဧကရာဇ်များ အပါအဝင် အယောက်နှစ်ဆယ်သော အင်မော်တယ် ဧကရာဇ်များကို သတ်ဖြတ်ခဲ့သည့် အကြောင်းမှာလည်း ပျံ့နှံ့သွားလေပြီ။
တစ်ညတည်းဖြင့် လျှပ်စီးဂိုဏ်းမှာလည်း ပျောက်ကွယ်သွားလေ၏။ မည်သူကမှ သူတို့ ဘယ်ရောက်သွားသည်ကို မသိကြပေ။ လျှပ်စီးဂိုဏ်း တစ်ခုတည်းမျှသာ မဟုတ်ပေ။ ကျယ်ပြောပင်လယ် အင်မော်တယ်ကျောင်းတော်လည်း ပျောက်ကွယ်သွားလေသည်။ ပုံရိပ်ယောင်တာအိုနှင့် ဗလာကြေးမုံအင်မော်တယ်တာအိုတို့မှာလည်း လျှပ်စီးဂိုဏ်း မပျောက်ကွယ်ခင်ကပင် ပျောက်ကွယ်သွားကြလေပြီ။
မဟာဧကရာဇ် ယီမင်ရှုသည်လည်း ရုတ်တရက် ပျောက်ကွယ်သွားလေ၏။
ပြန်လည်တည်ဆောက်နေဆဲဖြစ်သော မဟာဓားလမ်းစဉ်ဂိုဏ်းသည် လုံးဝစွန့်ပစ်ခံထားရသည်။
……………..
ဖင်းဖန်အင်မော်တယ်ကျောင်းတော်အတွင်း ဆွေးနွေးခန်းမ အဝင်ဝ၌ မိုဝူကျိ ကျန်ရစ်ထားခဲ့သည့် ကျောက်ပြားနှစ်ချပ် ရှိပေသည်။ ထိုကျောက်ပြားတစ်ခုတွင် ဖင်းဖန်ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “တာအိုက ကွဲပြားနိုင်သော်လည်း လူသားအားလုံးက အတူတူပဲဖြစ်တယ်” ဆိုသည့် စာလုံးကို ရေးထွင်းထားသည်။
ထိုအရာကို ဖင်းဖန်အင်မော်တယ်ကျောင်းတော်၏ ယာယီဂိုဏ်းချုပ် စုကျီအန်းက သူတို့နောက်ဆုတ်သည့်အခါက ယူဆောင်လာခြင်း ဖြစ်သည်။
စုကျီအန်း၏ အမြင်၌ ဖင်းဖန်အင်မော်တယ်ကျောင်းတော်ကို မိုဝူကျိ တည်ဆောက်ထားခြင်း ဖြစ်ရာ ထိုကျောက်ပြားနှစ်ခုမှာ မိုဝူကျိ ချန်ထားခြင်း ဖြစ်၏။ ဖင်းဖန်ကျောင်းတော် ဖျက်ဆီးခံလိုက်ရလျှင်ပင် ထိုကျောက်ပြားနှစ်ချပ်သာ ကျန်ရှိနေသ၍ ဖင်းဖန်ကျောင်းတော်မှာ ပြန်လည် တည်ဆောက်နိုင်ပေလိမ့်မည်။
ဆွေးနွေးခန်းမအတွင်း စုကျီအန်း မျက်နှာ၌ မှုန်မှိုင်းသော အမူအရာ ရှိနေသည်။ ထိုနှစ်များစဉ်က ဖင်းဖန်အင်မော်တယ်ကျောင်းတော်သည် ကြီးမားကာ အားကောင်းလှပေသည်။ သို့သော် ယခုတွင် လူနှစ်ဆယ်မျှသာ ကျန်ရှိတော့ပေ၏။
ဖင်းဖန်အင်မော်တယ်ကျောင်း၏ အတွင်းဆုံးကာကွယ်ရေး အစီအရင်အား အသက်မသွင်းနိုင်ခင် သူတို့က များစွာ ခံစားခဲ့ရသည်။
မိုဝူကျိနှင့်အတူ ဖင်းဖန်အင်မော်တယ်ကျောင်းတော်အား တည်ထောင်ခဲ့သည့် အင်မော်တယ်ဧကရာဇ်များကြားတွင် ဝေကျီတောက်က ဒဏ်ရာ အပြင်းအထန် ရရှိထားပြီး နျဲ့ချုံးအန်းမှာ တိုက်ပွဲအတွင်း သေဆုံးသွားလေပြီ။ သူတို့အပြင် ချာလွေ့နှင့် လုမင်တို့မှာလည်း အသတ်ခံလိုက်ရ၏။
စုကျီအန်းက ခန်းမကြီးကိုကြည့်ကာ လေးလေးနက်နက် ပြောလိုက်သည်။
“ အရင်နှစ်တွေတုန်းက ဂိုဏ်းချုပ်မိုက ငါတို့ ဖင်းဖန်အင်မော်တယ်ကျောင်းတော်ကို ငါတို့အတွက် ဘေးကင်းကင်းနဲ့ ကျင့်ကြံနိုင်ဖို့ရာ တည်ထောင်ပေးခဲ့တယ်။ ဒါပေမဲ့ တကယ့် လက်တွေ့က ရက်စက်နေတာကိုတော့ ဘယ်သူက အပြစ်တင်နိုင်မှာလဲ… အချို့လူတွေက အင်မော်တယ်လောကမှာ ဒီလိုမျိုး နေရာမျိုးရှိတာကို ခွင့်မပြုကြဘူး။ တကယ်လို့ စီနီယာကျီလီသာ အစီအရင်ကို ခင်းကျင်းပေးခဲ့ပြီးတော့ ငါတို့အင်မော်တယ်ကျောင်းတော်ရဲ့ ဗဟိုချက်ကို ကာကွယ်မပေးခဲ့ရင် ငါတို့တွေလည်း သေဆုံးနေလောက်ပြီ …..
ငါတို့နဲ့အတူတူ တိုက်ခိုက်ခဲ့တဲ့ ရဲဖော်ရဲဘက်တွေလည်း သေဆုံးတဲ့သူတွေက သေဆုံး၊ ဒဏ်ရာရတဲ့သူက ဒဏ်ရာရနဲ့ ဖြစ်ကုန်ကြပြီ။ မနေ့ညတုန်းက ငါအစီအရင် ဗဟိုချက်ကို သွားကြည့်တော့ အစီအရင်အလံ ၁၀၈ ခုမှာ ၁၈ ခုပဲ ကျန်တော့တယ်။
အခုနှစ်ဝက်အတွင်း ဒါမှမဟုတ်လည်း အဲဒီထက် လျော့နည်းတဲ့အချိန်အတွင်းမှာ ငါတို့ဖင်းဖန်အင်မော်တယ်ကျောင်းတော်ရဲ့ နောက်ဆုံးအစီအရင်အလွှာက ပျက်စီးသွားလိမ့်မယ် ….”
ခန်းမအတွင်းရှိ အခြားသူများမှာ စုကျီအန်းပြောနေသည့် အကြောင်းအရာကို နားလည်ကြပေသည်။ အကယ်၍ စီနီယာကျီလီ ချန်ထားခဲ့သည့် အစီအရင်အလံ ၁၀၈ ခုလုံးသာ ပျက်စီးသွားခဲ့လျှင် သူတို့၏နောက်ဆုံးနေရာမှာ မကြာခင် ဖျက်ဆီးခံရတော့မည်သာ ဖြစ်၏။
“ အခု အားလုံးရဲ့အမြင်ကို သိချင်တယ် ”
ခန်းမအတွင်း၌ တိတ်ဆိတ်နေသည်ကိုမြင်၍ စုကျီအန်းက ဆက်ပြောလိုက်သည်။ ဝေကျီတောက်က ဒဏ်ရာအပြင်းအထန် ခံစားနေရသော်လည်း ခန်းမတွင်းသို့ ရောက်လာဆဲ ဖြစ်သည်။
ဖင်းဖန်အင်မော်တယ်ကျောင်းတော်၌ စုကျီအန်းသည် မိုဝူကျိ ချထားပေးသော ယာယီခေါင်းဆောင်ဖြစ်ကာ တစ်ဖက်တွင် ဝေကျီတောက်သည် မဟာဧကရာဇ်တစ်ယောက် ဖြစ်ပြီး ဖင်းဖန်၏ အားအကောင်းဆုံးသူ ဖြစ်ပေသည်။
ထို့ကြောင့် သူ့အမြင်မှာ အလွန်အရေးကြီးလှ၏။
မည်သူမျှ စကားထွက်မပြောသည်ကို မြင်သောအခါ ဝေကျီတောက်နှင့် စုကျီအန်းတို့က ဤလူများသည် သူတို့၏အသက်ရှင်နိုင်စွမ်းမှာ နည်းပါးကြောင်းသိနေမှန်း သိလိုက်ကြသည်။
ဝေကျီတောက်က ရုတ်တရက် ကျယ်ကျယ်လောင်လောင် ထပြောလိုက်သည်။
“ အင်မော်တယ်ရောင်းရင်းတို့… ငါတို့တွေ ဓားအကျဉ်းထောင်ထဲမှာ ပိတ်မိနေတုန်းက ဘယ်သူကမှ ငါတို့တွေ လွတ်မြောက်နိုင်လိမ့်မယ်လို့ မတွေးမိခဲ့ကြဘူး။ ငါ ဝေကျီတောက် တောင်မှပဲ စိတ်ပျက်နေမိခဲ့တယ်။ ဒါပေမဲ့ ငါတို့ဂိုဏ်းချုပ်က ဓားအကျဉ်းထောင်ကို သူ့ကိုယ်ပိုင်ဆန္ဒကြောင့် ရောက်လာခဲ့တယ်။ ပြီးတော့ ဂိုဏ်းချုပ်မိုက အဲ့လိုလုပ်မဲ့ ပထမဆုံးသူလို့ပဲထင်တယ်။
သူရောက်လာတော့ ငါတို့အားလုံးကို ကယ်တင်ခဲ့ရုံတင်မကဘူး… ဓားအကျဉ်းထောင်ရဲ့ပိုင်ရှင်ဖြစ်တဲ့ မဟာဓားလမ်းစဉ်ဂိုဏ်းကိုလည်း ဖျက်ဆီးပေးခဲ့တယ်။ ဓားအကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ထဲမှာ ငါတစ်ယောက်တည်း မဟုတ်ဘူး။ ငါတို့အများစုက ဓားအကျဉ်းထောင်ကနေ လွတ်မြောက်လာကြတာ။ အားလုံး ပြောကြပါဦး… ငါတို့တွေ ဒီနေ့ခံစားနေရတဲ့ဟာက ဓားအကျဉ်းထောင်ထဲမှာ ငါတို့ခံစားခဲ့ရတဲ့ စိတ်ပျက်မှုနဲ့ နှိုင်းယှဉ်လို့ရရဲ့လား ”
“ မရပါဘူး ”
စုကျီအန်း အပါအဝင် လူဆယ်ယောက်ကျော်က ကျယ်ကျယ်လောင်လောင် တုန့်ပြန်လိုက်ကြသည်။
ညာလက်ရုံးဝေ ပြောသည်မှာအမှန်ဖြစ်၏။ ယခင် သူတို့သည် ဓားအကျဉ်းထောင်မှ အသက်ရှင်လျက် လွတ်မြောက်နိုင်ခဲ့ကြသည်။ ယခု သူတို့သည် မျှော်လင့်ချက် ပျောက်ဆုံးနေသော်လည်း မည်သို့နှိုင်းယှဉ်နိုင်မည်နည်း။
လူအုပ်ကြီး တိတ်ဆိတ်သွားသည်အထိ စောင့်ကာ စုကျီအန်းက ပို၍လေးလေးနက်နက် ထကာ ပြောလိုက်သည်။
“ ငါတို့တွေဆီမှာ အခွင့်အရေးမရှိတာ ဖြစ်နိုင်ပေမဲ့ တကယ်လို့ ငါတို့ အစီအရင်အလံတွေသာ ပျက်စီးသွားခဲ့ရင် ငါတို့တွေထက် အားကောင်းတဲ့သူတွေရဲ့လက်ထဲမှာ သတ်ဖြတ်တာကို ခံရနိုင်တယ်။ ဂိုဏ်းချုပ်မို တစ်ခါပြောဖူးတာ ငါမှတ်မိသေးတယ်… ကိုယ့်ကံတရားကို သူများလက်ထဲမှာ ပုံအပ်မထားနဲ့တဲ့…
အဲ့ဒါကြောင့် ငါကအခု ဒီအစီအရင်အလံတွေ ကြေမွတဲ့အထိ စောင့်မနေဘဲနဲ့ ထွက်ပြီးတော့ တိုက်ပစ်လိုက်ချင်တယ်။ ငါတို့တွေ တစ်ယောက်သတ်နိုင်ရင်တောင် ငါတို့အတွက် အရှုံးမဟုတ်ပါဘူး ”
တချို့လူတွေက မတ်တပ်ရပ်လိုက်ကြပြီး သဘောတူညီကြောင်း ဖော်ပြကြသည်။ တချိန်တည်းဆိုသလို တချို့သူများက တိတ်ဆိတ်နေကြ၏။ ရှင်သန်ခြင်းနှင့်သေဆုံးခြင်း ရွေးချယ်မှုကြား၌ မည်သူကမှ သေဆုံးခြင်းကို ရွေးချယ်ဖို့ ဆန္ဒရှိမည်မဟုတ်ပေ။
အကယ်၍ သူတို့သာ အစီအရင်ကို ဖွင့်လိုက်မည်ဆိုလျှင် သူတို့အနေနှင့် ကိုယ်သေတွင်းကိုယ် တူးနေသလို ဖြစ်နေပေလိမ့်မည်။
စုကျီအန်းက ဖြည်းဖြည်းချင်းပြောလိုက်သည်။
“ အားလုံးက အံ့ဖွယ်ကိစ္စမျိုးကို မျှော်လင့်နေတာသိပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ အစီအရင်အလံ ၁၇ခုလောက်ပဲ ကျန်တော့မယ်ဆိုတာ သေချာသိနေတယ် ”
“ကျွန်တော်လည်း စီနီယာဦးလေးစုရဲ့ စကားကို သဘောတူတယ်… ကျွန်တော်တို့တွေ ထွက်တိုက်ရအောင် ”
ဖူကျင့်ဖုန်းက မတ်တပ်ရပ်ကာ ကျယ်ကျယ်လောင်လောင်ပြောလိုက်သည်။
ဖင်းဖန်အင်မော်တယ်ကျောင်းတော်၏ ကြွယ်ဝလှသော ကျင့်ကြံရေးအဆီအနှစ်များဖြင့် ဖူကျင့်ဖုန်းမှာ အစစ်အမှန်ရေအဆင့်သို့ ရောက်ကာ ချီသွေးကြော ၁၀၃ခုကို ဖွင့်လှစ်ထားပြီးပြီ ဖြစ်၏။
အရိုးသားဆုံးပြောရလျှင် အစစ်အမှန်ရေအဆင့်မှာ ကျင့်ကြံခြင်းလောက၌ လွှမ်းမိုးမှု ရှိသော်လည်း အင်မော်တယ်လောကတွင်မူ ဤကျင့်ကြံဆင့်မှာ ပုရွက်ဆိတ်နှင့်ပင် နှိုင်းယှဉ်၍မရပေ။
စုကျီအန်းက လက်ကိုကာပြကာ ပြောလိုက်သည်။
“ အဲ့ဒါက မင်းအတွက်တော့ မဟုတ်ဘူး။ မင်းက ဒီကျောက်ပြားနှစ်ခုကို ယူပြီးတော့ မြန်မြန်ထွက်သွား … ဂိုဏ်းချုပ်မို ကျန်ခဲ့တဲ့ဒီဟာက မင်းကို ကာကွယ်ပေးနိုင်လိမ့်မယ်လို့ ထင်တယ်။ မင်းက ဂိုဏ်းချုပ်ရဲ့တပည့်ပဲလေ။တကယ်လို့ ဂိုဏ်းချုပ်ပြန်ရောက်မလာခဲ့ရင် မင်းက ဖင်းဖန်အင်မော်တယ် ကျောင်းတော်ကို ပြန်ထူထောင်ရမယ် ”
“ စီနီယာဦးလေး ကျွန်တော့်ဘာသာ ကျွန်တော်ထွက်သွားမဲ့အစား ကျွန်တော်သေဖို့ပဲ ရွေးချယ်လိုက်မယ် ” ဖူကျင့်ဖုန်းက တုန့်ဆိုင်းခြင်းမရှိ ပြောလိုက်သည်။
စုကျီအန်းက ပြောတော့မည်ဆဲဆဲတွင် တုံ့ဟွားလုံက အလျှင်အမြန်ပြေးဝင်လာသည်။
သူ့မျက်နှာထက်တွင် စိတ်ပေါ့ပါးနေသည့် အမူအရာမျိုးရှိကာ ပြောလိုက်လေ၏။
“ စီနီယာဦးလေးစု… အခုထိ အစီအရင်အလံ ၁၈ခုလုံး ကျန်နေသေးတယ်။ သူတို့တွေ ထပ်ပျက်စီး မသွားတော့ဘူး ”
ထိုစကားများကိုကြားက စုကျီအန်းသာ တအံ့တသြ ထရပ်လိုက်သည်သာမက အားလုံးသည်လည်း တအံ့တသြ ထရပ်လိုက်ကြသည်။ ဖင်းဖန်အင်မော်တယ် ကျောင်းတော်၏ အစီအရင် နောက်ဆုံးအလွှာအား တိုက်ခိုက်နေမှုများကြောင့် အစီအရင်အလံများက ဆက်တိုက် ပျောက်ကွယ်နေရသည်။
သို့သော် အစီအရင်အလံများ ပျက်စီးခြင်း ရပ်တန့်သွားပြီဖြစ်ရာ ဆိုလိုသည်ကား မည်သူကမျှ သူတို့ကို မတိုက်ခိုက်ကြတော့ပေ။
“ ဂိုဏ်းချုပ် ပြန်ရောက်လာတာများလား ” စုကျီအန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
တုံ့ဟွားလုံကလည်း စိတ်တက်ကြွစွာပြန်ဖြေလိုက်သည်။
“ အဲ့ဒါ အစ်ကိုကြီးပဲဖြစ်ရမယ်… အစ်ကိုကြီး ပြန်ရောက်လာလို့ အဲ့အကောင်တွေက ကျုပ်တို့ကျောင်းကို မတိုက်ရဲတော့တာပဲဖြစ်ရမယ် ”
“ ဟုတ်တယ်… ဆရာ ပြန်ရောက်လာတာပဲနေမယ် ” ဖူကျင့်ဖုန်းကလည်း ဝင်ပြောလိုက်သည်။
သူက မိုဝူကျိအပေါ် နက်နက်ရှိုင်းရှိုင်း ခံစားချက်မျိုးရှိပေသည်။ သူ့ဘဝ၌ သူနှင့်ရင်းနှီးသည့် လူသုံးယောက်သာ ရှိခဲ့ဖူးသည်။ သူ့ဆရာ မိုဝူကျိ၊ သူ့လက်ရှိ စီနီယာဒေါ်လေး လျန်ယင်ရှန်းနှင့် သူ့အဘိုးဖြစ်သူ ယူချန်းတို့ ဖြစ်ကြသည်။
သူ့အဘိုး ယူချန်းမှာ အဆုံးအစွန်ပင်လယ်မှ ထွက်သွားပြီဖြစ်ကာ သူ့စီနီယာဒေါ်လေး လျန်ယင်ရှန်းမှာလည်း ဟန်ချင်းရုနှင့်အတူ အင်မော်တယ်ကျောင်းတော်မှ ထွက်သွားကြလေပြီ။
ယခု တစ်ဦးတည်းသော ကျန်ရှိနေသူမှာ မိုဝူကျိသာဖြစ်၏။ ထို့ကြောင့် မိုဝူကျိ ပြန်ရောက်လာသည့် ကိစ္စအား သူက အရမ်းကို ပျော်ရွှင်မိနေသည်။
……………………
အထက်ဘုံ
အင်မော်တယ်လောကနှင့် နှိုင်းယှဉ်လျှင် ဤနေရာရှိ မိုးမြေစည်းမျဉ်းများက ပို၍ ပြီးပြည့်စုံလှ၏။ ထိုမျှတင်မကသေးပေ။ အင်မော်တယ်ဝိညာဉ် စွမ်းအားများမှာလည်း အင်မော်တယ်လောကနှင့် နှိုင်းယှဉ်ကြည့်၍ပင် မရပေ။
အကယ်၍ မိုဝူကျိသာ အထက်ဘုံသို့ရောက်ရှိလာလျှင် သူက ကျောက်စိမ်းဧကရာဇ်၏ တောင်ဘက် ကောင်းကင်ဂိတ်တံခါးသို့ ရောက်ရှိနေပြီဟု ထင်မှတ်မိပေလိမ့်မည်။
အထက်ဘုံ၏ တာအိုဧကရာဇ်နန်းတော်မှာ စိတ်ဝိညာဉ်တိမ်တောင်များဖြင့် ဝန်းရံထားပြီး နန်းတော်ဆီ ကျယ်ဝန်းလှသော ကျောက်စိမ်းဖြူ လှေကားထစ်များက ကျယ်ပြန့်စွာ တည်ရှိနေသည်။
ထိုလှေကားများဘေး တစ်ဖက်တစ်ချက်စီတွင် လက်နက်များ ကိုင်ဆောင်ထားသည့် အင်မော်တယ်များ ရှိနေသည်။
ကျီချန်းလော့က ဦးခေါင်းထက်တွင် သရဖူတစ်ခုကို ဝတ်ဆင်ထားလေ၏။ ထိုစဉ် သူက တာအိုဧကရာဇ်ခန်းမအထက် အမြင့်ဆုံးနေရာတွင် ထိုင်နေသည်။ ထိုခန်းမ တစ်ဖက်တစ်ချက်စီတွင် အင်မော်တယ်အတန်းလိုက် ရှိနေကြ၏။
ထိုခန်းမအတွင်း ရပ်နိုင်သည့်သူများမှာ အင်မော်တယ်ဧကရာဇ်များနှင့် အလွန်ထူးခြားသော ပုဂ္ဂိုလ်များသာ ဖြစ်ကြသည်။
ကျီချန်းလော့၏ အမူအရာအရ ခန်းမအတွင်းရှိလေထုမှာ လေးလံသိပ်သည်းနေပေသည်။
“ အင်မော်တယ်ဧကရာဇ် ဖျင်လီရှန်းရဲ့ ဝိညာဉ်ကျောက်တုံးက ကွဲကြေသွားပြီ။ သူက အင်မော်တယ်လောကမှာနေတုန်း တကယ် ပါရမီရှင် တစ်ယောက်နဲ့တွေ့ခဲ့တဲ့ပုံပဲ။ ကျင်းမျိုးနွယ်စုလူရဲ့ ပြောစကားအရဆိုရင် အဲ့ဒီ့လူက အထက်ကနေ ရောက်လာတဲ့ပုံပဲ ”
ကျဉ်းကြပ်နေသည့်လေထုကို ခံစားမိကာ အဝါရောင်မုတ်ဆိတ်မွှေးနှင့်လူကြီးက ညင်ညင်သာသာ ပြောလိုက်သည်။ ကျီချန်းလော့တွင် သစ္စာရှိနောက်လိုက် နှစ်ဦး ရှိပေသည်။
တစ်ယောက်မှာ ဖျင်လီရှန်းဖြစ်ပြီး နောက်တစ်ယောက်မှာ ထိုအဝါရောင် မုတ်ဆိတ်မွှေးနှင့်လူ ကုံးရှုရှီဖန်း ဖြစ်ပေသည်။ ထိုနှစ်များစဉ်က ယန်ယွဲ့ရုံအား လူသားမျိုးနွယ်မှ မောင်းထုတ်သည့်သူ ကုံးရှုရှန်းမှာ ထိုကုံးရှုရှီဖန်း၏တူ ဖြစ်ပေသည်။
ကျီချန်းလော့က လက်ကိုဝှေ့ပြကာ
“ မဟုတ်ဘူး… အဲ့ဒီ့လူက အင်မော်တယ်လောကက ထွက်သွားတာကြာလှပြီ။ သူမဟုတ်လောက်ဘူး။ လီရှန်းရဲ့သေဆုံးမှုက နောက်ထပ်အကြောင်းအရင်း တစ်ခုကြောင့်ပဲ နေမယ် ”
ခဏရပ်လိုက်ပြီး ကျီချန်းလော့က ရုတ်တရက်ထရပ်လိုက်သည်။ သူ့အသံတွင် အနည်းငယ် ဒေါသထွက်မှုနှင့် ယုတ်မာမှုများ ပါဝင်နေပေသည်။
“ အခုချက်ချင်း ဝိညာဉ်ပိတ်လှောင် အကျဉ်းထောင်ကို သွားပြီးတော့ ဝိညာဉ်ကျိုးလူသား ကျူးယင်ကို ခေါ်ခဲ့။ မဟုတ်သေးဘူး… ရှီဖန်း မင်းကိုယ်တိုင် သွားပြီး ခေါ်ခဲ့ ”
***