ရက်စက်သည့်လူ
Vol. 62 Ch. 863
အထက်ဘုံရှိ လူအနည်းစုသာ ဝိညာဉ်ကျိုး လူသား ကျူးယင်အကြောင်း သိကြ၏။ သို့သော်လည်း ကျီချန်းလော့၏ ညာလက်ရုံးဖြစ်သည့် ကုံးရှုရှီဖန်းနှင့် ဖျင်လီရှန်းတို့မှာ ကျူးယင်အကြောင်း ကောင်းကောင်းသိကြပေသည်။ ထိုလူ အင်မော်တယ်လောကသို့ ရောက်လာစဉ်က သူ၏အကျင့်ကြံနှုန်းမှာ မြန်ဆန်ရုံသည်သာမက အလွန်ရက်စက်သည့် သဘောသဘာဝလည်းရှိပေသည်။
အကယ်၍ တစ်ယောက်ယောက်က သူ့အား ရန်စမိခဲ့လျှင် သူတို့အနေနှင့် အသက်ရှင်ခွင့် ပျောက်ဆုံးသွားပေလိမ့်မည်။ ပို၍ ဆိုးရွားသည်က ဤလူက သူ့ကျင့်ကြံဆင့်နှင့် အထက်လူများကို အသက်ရှူသကဲ့သို့ လွယ်လွယ်ကူကူ သတ်နိုင်ခြင်း ဖြစ်သည်။
သူ မဟာယီရှန်းအဆင့် ရှိစဉ်အခါက မဟာလော့ရှန်းအဆင့်ကိုပင် သတ်နိုင်ခဲ့သည်။ သူ မဟာလော့ရှန်းအဆင့် ရောက်စဉ်အခါ အင်မော်တယ်ဘုရင်များကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သည်။ ထိပ်ဆုံးပါရမီရှင်များမှ လွဲ၍ အင်မော်တယ်လောကရှိ မည်သူကများ မဟာလော့ရှန်းအဆင့်တွင် ရှိနေစဉ် အင်မော်တယ်ဘုရင်အဆင့်ကို သတ်နိုင်မည်နည်း။
အကယ်၍ လူတစ်ယောက်က ထိုမျှအထိ လုပ်ဆောင်နိုင်ခဲ့လျှင် ရှားပါးသော ဖြစ်စဉ်တစ်ခုမျှသာဖြစ်ပြီး အားကုန်သုံး၍ တိုက်ရပေလိမ့်မည်။ သို့သော်လည်း ကျူးယင်က အင်မော်တယ်ဘုရင်များကို ဟင်းတစ်ခွက် ချက်ပြုတ်နေသည့်အလား ပုံမှန် သတ်ဖြတ်ခဲ့ခြင်းသာ ဖြစ်၏။
သူ အင်မော်တယ်အခါးရည် သောက်နေစဉ် အင်မော်တယ်ဘုရင်တစ်ယောက်က သူ့အား တစ်ခုခုပြော၍ ရန်စမိခဲ့လျှင် သူ့အနေနှင့် သက်ညှာမှုကို မပြသပေ။ ဤနှစ်တစ်သန်းအတွင်း ကျူးယင်က မဟာဧကရာဇ်အဆင့်ကို ရောက်ရှိနိုင်ခဲ့သည်။
အင်မော်တယ်လောက၌ အလွန်ကံကောင်းသော အဖြစ်အပျက်မျိုးနှင့် မတွေ့သ၍ နှစ်တစ်သန်းအတွင်း အင်မော်တယ်ဧကရာဇ်အဆင့်ထိ ကျင့်ကြံနိုင်သူမှာ ပါရမီရှင်များထဲမှ ပါရမီရှင်သာ ဖြစ်၏။ သူကား ဤသို့ပါရမီရှင်မျိုး ဖြစ်ပေသည်။
အဆင့်နိမ့်ကမ္ဘာမှ တက်လှမ်းလာသော ကျင့်ကြံသူများအတွက် သူတို့၏ ပါရမီမှာ အလွန်ပင် ယုတ္တိ မတန်လှချေ။ ထိုလူများက အရာအားလုံးကို သူတို့အပေါ်တွင်သာ မှီခိုရသော်လည်း သူတို့၏ ကျင့်ကြံဆင့်မှာ မြန်ဆန်လှပေသည်။ သို့သော် အင်မော်တယ်ဧကရာဇ်အမျိုးမျိုး၌ မတူညီသော အင်အားများရှိကြပေသည်။
ကျူးယင်က အားအကောင်းဆုံး လူတစ်ယောက်ဖြစ်ပြီး မဟာဧကရာဇ်အဆင့် တက်လှမ်းပြီးသည့်နောက်တွင် သူက သူတစ်ယောက်တည်းဖြင့် အင်မော်တယ်လောကရှိ ထိပ်သီးဂိုဏ်း တစ်ဂိုဏ်းအား ဖျက်ဆီးပစ်ခဲ့သည်။
ထိုဂိုဏ်းတွင် အင်မော်တယ်ဧကရာဇ် ခုနှစ်ယောက်၊ ရှစ်ယောက်မျှရှိပြီး ထိုလူများကြားတွင် မဟာဧကရာဇ် သုံးယောက်လည်း ပါဝင်ပေသည်။ ထိုလူများက ကျူးယင်ကို ဝိုင်းထားသော်လည်း ကျူးယင်က ထိုလူအားလုံးကို သတ်ဖြတ်နိုင်ခဲ့ပြီး ကျူးယင်ကိုယ်တိုင်၌မူ အပေါ်ယံဒဏ်ရာမျှသာ ရရှိခဲ့သည်။
ပို၍ကြောက်မက်ဖွယ်ကောင်းသည်က ကျူးယင်၏ ကျင့်စဉ် ဖြစ်သည်။ သူသည် ပြိုင်ဘက်ကို သတ်လိုက်သည့်အခါတိုင်း သူ့အင်အားမှာ ဖြည်းဖြည်းချင်း မြင့်တက်လာပေသည်။
ကျူးယင်က သူအမြစ်ဖြတ် သုတ်သင်လိုက်သည့် ဂိုဏ်းနေရာ၌ ဂိုဏ်းအသစ်တစ်ခု တည်ထောင်ချင်ခဲ့သည်။ လူများစွာက သူ့ဂိုဏ်း၏ နာမည်ကို သိကြ၏။ သူ့ဂိုဏ်း၏ နာမည်မှာ ကျိုးပျက်ဝိညာဉ် တာအိုဂိုဏ်းဟုခေါ်သည်။
ကျူးယင်၏ ဝိညာဉ်ကျိုးလူသား အမည်နာမမှာလည်း ထိုစဉ်အခါက အမည်တွင်လာခြင်းဖြစ်၏။ ကျူးယင်က သူ့ဂိုဏ်းကို တည်ဆောက်နေစဉ် အထက်ဘုံနှင့် ဆက်သွယ်ထားသည့် လမ်းကြောင်းကို မတော်တဆ ရှာတွေ့သွားခဲ့သည်။ သူက အင်မော်တယ်လောက၌ ဂိုဏ်းတည်ဆောက်မည့် အကြံဉာဏ်အား ပစ်ပယ်ကာ အထက်ဘုံ၌ ဂိုဏ်းကို တည်ဆောက်ချင်လေသည်။
လက်တွေ့၌ ကျီချန်းလော့သည် ကျူးယင်၏ တည်ရှိမှုအား သတိထားမိသည်မှာ ကြာမြင့်လှလေပြီ။ ကျီချန်းလော့က ကျူးယင်အား ထိုလမ်းကြောင်းကို ရှာဖွေတွေ့ရှိအောင် ခွင့်ပြုပေးလိုက်သူသာ ဖြစ်၏။ သူက ကျူးယင်နှင့်ရင်ဆိုင်ဖို့ စတင်ကြိုးစားသည့်အခါလည်း ဖြစ်ပေသည်။
ကျူးယင်က အင်မတန် ဉာဏ်နီဉာဏ်နက်များသည့်သူဖြစ်ကာ ကျီချန်းလော့က သူ့အား တမင်မျှားခေါ်နေကြောင်း သတိထားမိပေသည်။ ထိုသို့ဆိုလျှင်ပင် ကျူးယင်က အထက်ဘုံသို့ သွားဖို့ရာ တုံ့ဆိုင်းမနေပေ။ သူက သူ့ကိုယ်ပိုင်စွမ်းအား၌ အပြည့်အဝ ယုံကြည်ချက်ရှိပေသည်။ သို့သော်လည်း ကျီချန်းလော့အနေနှင့် အဆင့် ၉ အင်မော်တယ်အစီအရင်ကို ကျော်လွန်နေသည့် အစီအရင်ပြား ပိုင်ဆိုင်လိမ့်မည်ဟု မျှော်လင့်မထားပေ။
ထိုမျှတင်မကသေးဘဲ ကျီချန်းလော့က သူ့အား ရင်ဆိုင်ဖို့ရာ မဟာဧကရာဇ် ၁၇ ယောက်အား ဖိတ်ထားခဲ့သေး၏။ ထို့အပြင် ကျီချန်းလော့ကိုယ်တိုင်ကပင် မဟာဧကရာဇ်များကို ကျော်လွန်နိုင်သည့် တာအိုဧကရာဇ် ဖြစ်နေသည် မဟုတ်ပါလော။
ထိုတိုက်ပွဲအတွင်း ကျူးယင်က မဟာဧကရာဇ်ရှစ်ယောက်ကို သတ်နိုင်ခဲ့ပြီး လေးယောက်အား ဒဏ်ရာရစေခဲ့သည်။
သို့သော်လည်း ကျူးယင်ကိုယ်တိုင်၌လည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပေသည်။ ကျီချန်းလော့က ကျူးယင်သည် ကျိုးပျက်တာအိုကျင့်စဉ် ကျင့်ကြံကြောင်း သတိရကာ ကျူးယင်အား မသတ်တော့ဘဲ ဝိညာဉ်ပိတ်လှောင် အကျဉ်းထောင် အတွင်း၌သာ ပိတ်လှောင်ထားလိုက်၏။ ကျူးယင်အား မပိတ်လှောင်ခင် ကျူးယင်၏ စိတ်ဝိညာဉ်နှင့်အသက်သွေးကို သန့်စင်ပစ်ခဲ့သည်။
ကျီချန်းလော့သာ အလိုရှိသ၍ သူသည် ကျူးယင်အား မည်သည့်အချိန်မဆို သတ်နိုင်ပေမည်။
ဤသို့နှစ်များစွာ ကြာလာပြီးနောက် ကျီချန်းလော့သည် ကျူးယင်၏ ကျင့်စဉ်၏ တစိတ်တပိုင်းကို နားလည်လာပေသည်။
ကျူးယင်က ရက်စက်သော ကျင့်စဉ်ကို ကျင့်ကြံနေခြင်းဖြစ်၏။ ထိုကျင့်စဉ်က တစ်ဖက်လူ၏ ဝိညာဉ်ကို စုပ်ယူကာ အသိစိတ်ပင်လယ်ကို အားကောင်းလာစေသည်။
ပို၍ အံ့သြဖို့ကောင်းသည်က ထိုကျင့်စဉ်တွင် ဆိုးကျိုးမရှိပေ။
လူတစ်ယောက်၏ အင်အားမှာ အသိစိတ်ပင်လယ်အပေါ်တွင် များစွာ မူတည်နေပေသည်။ ကျူးယင်၏ အသိစိတ်ပင်လယ်မှာ ပုံမှန်မဟုတ်လောက်အောင် အားကောင်းသောကြောင့် အဆင့်တူများအတွင်း ပြိုင်ဘက်ကင်းနေခြင်း ဖြစ်သည်။ ကျီချန်းလော့သည် ကိုယ်ပိုင်ကျင့်စဉ်ကို ပစ်ပယ်လိုက်ပြီး ကျိုးပျက်တာအိုကျင့်စဉ်ကို သူ့ကိုယ်ပိုင်ကျင့်စဉ်နှင့် မည်သို့ ပေါင်းစပ်ရမည်ကို လေ့လာနေပေသည်။
သူက ကျူးယင်အကြောင်း မတွေးမိတော့ပေ။ ဤအချိန်၌ အထက်ဘုံသည် အင်မော်တယ်လောကနှင့် ပြဿနာကြီးကြီးမားမား ရင်ဆိုင်နေရပေသည်။ ဖျင်လီရှန်း တစ်ဦးတည်းသာ သေဆုံးသွားသည် မဟုတ်ပေ။ တစ်ဖက်လူမှာ သူ့ထက် အားမနည်းကြောင်း သိလာလှသည်။ ထို့ကြောင့် သူက ကျူးယင်ကို အမှတ်ရသွားခြင်း ဖြစ်၏။
ကုံးရှုရှီဖန်း ပြန်ရောက်မလာခင် သတင်းပို့ ဓားပျံတစ်ချောင်းက ကျီချန်းလော့၏ လက်ထဲသို့ ကျဆင်းလာသည်။ ကျီချန်းလော့၏မျက်နှာက ချက်ချင်းကို မည်းမှောင်သွားလေ၏။ ဤပြဿနာ၏ အရင်းအမြစ်မှာ မိုဝူကျိကြောင့် ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့ပေ။
မိုဝူကျိက ပြန်ရောက်လာသည် သာမက အင်မော်တယ်လောကသို့ သူ့လူများပါ ခေါ်လာသေးသည်။
မကြာခင် ကုံးရှုရှီဖန်းသည် သနားစဖွယ် အခြေအနေဖြစ်နေသည့် လူတစ်ယောက်အား တာအိုဧကရာဇ်ခန်းမသို့ ခေါ်ဆောင်လာလေ၏။
စိတ်စွမ်းအားဖြင့် စမ်းသပ်မကြည့်လျှင်ပင် ဆံပင်ရှည်ရှည် အနံ့စူးစူး ထုတ်လွှင့်နေသည့် မကောင်းဆိုးဝါး တစ်ကောင်ကို မြင်နိုင်ပေသည်။ အကယ်၍ စိတ်စွမ်းအားဖြင့် သေချာလေ့လာကြည့်ပါက ထိုလူ၏ဆံပင်အောက်တွင် ဖုံးကွယ်နေသော မျက်လုံးများမှာ ဗလာကျင်းနေပြီး ထိုလူမှာ လုံး၀ ထုံထိုင်းနေသည်ကို တွေ့ရပေမည်။
“ ကျူးယင် မင်းက အပြစ်ကြီးကြီးကို ကျူးလွန်ခဲ့တယ်။ မင်းကို အကြိမ်ပေါင်းတစ်သန်းလောက် သတ်ရင်တောင် မင်းရဲ့အပြုအမူအတွက် မကျေသေးဘူး။ ဒါပေမဲ့ အခု မင်းကို ပြန်လည်ဆေးကြောဖို့ အခွင့်အရေးပေးမယ် ” ကျီချန်းလောက ထိုမကောင်းဆိုးဝါးအား မြင်လိုက်သည့်အခါ ပြောလိုက်သည်။
သိသာလှစွာ ထိုသနားစဖွယ်လူမှာ ကျူးယင်သာ ဖြစ်၏။ ကျူးယင်က ကျီချန်းလော့၏စကားများကို မကြားသည့်အလား ပြုမူနေကာ သူ့မျက်ဝန်းများသည်လည်း ဗလာကျင်းနေဆဲ ဖြစ်သည်။ သို့သော်လည်း ကျီချန်းလော့က တင်းတိမ်ရောင့်ရဲသည့်အမူအရာ ထုတ်ဖော်နေလေ၏။
ရုတ်တရက်ဆိုသလို သူက ခေါင်းကို ပုတ်ကာ ကျူးယင်၏ နဖူးထံ အဆောင်တစ်ရွက် ပစ်လွှတ်လိုက်သည်။ ထို့နောက် သူက သလင်းကျောက်ကို ထုတ်ကာ ကျူးယင်ထံ ပေးလိုက်၏။
“ ဒီလူက မိုဝူကျိပဲ… သူက ဖင်းဖန်အင်မော်တယ်ကျောင်းတော်မှာ ရှိတယ်။ မင်း အခုချက်ချင်း သူ့ကို သွားသတ်ချေ။ တကယ်လို့ သူ့ဘေးနားမှာ အခြားသူ မြင်တယ်ဆိုလည်း သူတို့ကိုပါ အကုန်သတ်ခဲ့။ ဖင်းဖန်အင်မော်တယ်ကျောင်းတော်မှာရှိတဲ့ သက်ရှိတိုင်း အားလုံးကို သတ်ပစ်ခဲ့ ”
“ သတ်…သတ်… ” ကျူးယင်က ထိုစကားလုံးကိုသာ ရေရွတ်လိုက်လေ၏။
“ ဟုတ်တယ်… သူတို့အားလုံးကို သတ်ပစ် ” ကျီချန်းလော့က အတည်ပြုဟန်ပြောလိုက်သည်။
သူ့အသံက ကျူးယင်၏ စိတ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာသည်။ ထိုစကားများကိုကြားပြီးနောက် ကျူးယင်၏ သတ်ဖြတ်ငွေ့များက ထွက်ပေါ်လာလေ၏။ သူက ခေါင်းကို မော့လိုက်သည့်အခါ သူ့မျက်ဝန်းတွင် ရက်စက်မှုများနှင့် ပြည့်နှက်နေသည်။ သူ့ရှေ့တွင်ရှိသော အရာအားလုံးကို သတ်ပစ်ရမည်။
ကျီချန်းလော့က စိတ်ချစွာ သက်ပြင်းချလိုက်ပြီး ကုံးရှုရှီဖန်းအား ပြောလိုက်သည်။
“ ရှီဖန်း…မင်းနဲ့ ဟူချီရှန်းတို့ ကျူးယင်နဲ့အတူတူ အထက်ဘုံရဲ့ ကျင့်ကြံသူ ဆယ်ယောက်လောက်ကို ခေါ်သွားချေ။ ပြီးတော့ ဖင်းဖန်အင်မော်တယ်ကျောင်းတော်ကို အပြတ်ရှင်းဖို့ အင်မော်တယ်တပ်ကိုပါ ခေါ်သွားလိုက်။ မိုဝူကျိကို အဲ့ဒီ့နေရာမှာတင် သတ်ပစ်ခဲ့။ ငါ့ဒဏ်ရာတွေနဲ့က အခုထိ အချိန်မကျသေးဘူး ”
“ ဟုတ်ကဲ့ပါ ” ကုံးရှုရှီဖန်းက ဦးညွှတ်ကာပြောလိုက်သည်။
တစ်ချိန်တည်းဆိုသလို ဝေဝေဝါးဝါး မျက်နှာနှင့် အမျိုးသားတစ်ယောက်သည် ကျီချန်းလော့၏ ညာဘက်မှ ထွက်ပေါ်လာသည်။
အထက်ဘုံရှိလူများမှာ ထိုလူသည် ဟူချီရှန်းမှန်း သိကြသော်လည်း မည်သူကမျှ သူ၏ ဇာစ်မြစ်ကို မသိကြပေ။ အကြောင်းမှာ ထိုသူက မိတ်ဆွေမဖွဲ့ဖူး၍ ဖြစ်သည်။
ကုံးရှုရှီဖန်းက ခန်းမအတွင်းရှိ နောက်ထပ်လူခုနှစ်ယောက်ကို ရွေးချယ်လိုက်သည်။ ထို့နောက်သူက ထိုလူများကို ကျူးယင်နှင့်အတူတူ ခေါ်ထုတ်သွားလေ၏။ ကျီချန်းလော့က မတ်တပ်ရပ်ကာ ကုံးရှုရှီဖန်း၏ တဖြည်းဖြည်း ပျောက်ကွယ်သွားသည့်ပုံရိပ်ကို လေးလေးနက်နက် အမူအရာဖြင့် ကြည့်နေလိုက်သည်။
သူ့မျက်လုံးများတွင် ကျေနပ်သည့် အရိပ်အယောင်များ ပြည့်ဝနေလေ၏။ သူက ဒဏ်ရာရနေသော်လည်း အထက်ဘုံရှိလူများမှာ ရှေ့ထွက်ဖို့ ဆန္ဒရှိကြနေသေးသည်။ တကယ်တော့ သူဒဏ်ရာ ပြန်ကောင်းလာသည်မှန်း မည်သူကမျှ မသိကြသေးပေ။
မိုဝူကျိကဲ့သို့ အားကောင်းသည့်သူနှင့် ရင်ဆိုင်ရသည့်အခါ သူ့အနေနှင့် ဦးဆောင်သည့်သူသာ ဖြစ်သင့်ပေသည်။ သို့သော်လည်း အစကတည်းက ကျီချန်းလော့သည် ကိုယ်တိုင်သွားဖို့ရာ စိတ်ကူးမရှိခဲ့ပေ။
သူက မိုဝူကျိသည် နတ်ဘုရားမျိုးနွယ်၏ တာအိုဧကရာဇ်လွန်ဖအား သတ်သည့်အကြောင်းကို ကြားစဉ်ကတည်းက သူတာအိုဧကရာဇ်အဆင့်တွင် ရှိနေစဉ်အတွင်း မိုဝူကျိအား ဘယ်သောအခါမှ ရင်မဆိုင်လိုပေ။
တစ်ချိန်တည်းဆိုသလို ကျူးယင်သည် တာအိုဧကရာဇ်ခန်းမအတွင်းမှ ထွက်လာသည်နှင့် အရိုးခိုက်ခိုက်တုန်သည့် အေးစက်မှုက သူ့ရက်စက်သည့် မျက်ဝန်း၌ ဖြတ်ပြေးသွားသည်ကို မည်သူကမျှ မသိလိုက်ကြပေ။
ကျီချန်းလော့က အဆတစ်ထောင်လောက် ဉာဏ်ကောင်းနေလျှင်ပင် ကျူးယင်သည် သူ့ကိုယ်သူ ကျီချန်းလော့၏ ထောင်ချောက်အတွင်း ခုန်ဆင်းလိမ့်မည်ဟု ထင်ထားမည်မဟုတ်ပေ။
ကျူးယင်က သူ့ကိုယ်သူ အဖမ်းခံဖို့ အစကတည်းက ရည်ရွယ်ချက် ရှိခဲ့ပေသည်။ ကျင့်ကြံခြင်းတွင် ရက်စက်ခြင်းအားဖြင့် နှိုင်းယှဉ်လျှင် ကမ္ဘာလောကတစ်ခုလုံး၌ ကျူးယင်နှင့် ယှဉ်နိုင်မဲ့သူဟူ၍ ရှိမည် မဟုတ်ပေ။ ကျူးယင်က အခြားသူများအပေါ်တွင် ရက်စက်သည်သာမက သူ့ကိုယ်သူ အပေါ်တွင်လည်း ရက်စက်ပေသည်။ လက်တွေ့၌ သူက မဟာဧကရာဇ်အဆင့်သို့ ရောက်ရှိနေသည်မှာ ကြာမြင့်လှပြီ ဖြစ်ပေသည်။
သို့သော် သူ၏ ပတ်ဝန်းကျင်နှင့် ကျင့်ကြံရေး အရင်းအမြစ်များကြောင့် သူ့ကျင့်ကြံဆင့်မှာ နှောင့်နှေးနေရ၏။ အင်မော်တယ်လောကတစ်ခုလုံးသို့ ရှာဖွေပြီးသည့်နောက်တွင် သူက ဝိညာဉ်ပိတ်လှောင် အကျဉ်းထောင်ဟုခေါ်သည့် နေရာအကြောင်း သိသွားပေသည်။ သူက ကျီချန်းလော့ပင် မသိသော လျှို့ဝှက်ချက်တစ်ခုအကြောင်းကို သိထားပေ၏။ ထိုအကြောင်းမှာ ဝိညာဉ်ပိတ်လှောင် အကျဉ်းထောင်အောက်တွင် အလွန်သန့်စင်သည့် ဝိညာဉ်ရေကန်တစ်ခု ရှိကြောင်း ဖြစ်၏။ ထိုနေရာသည် သူ့မဟာတာအိုအတွက် အလွန်အရေးကြီးပေသည်။ အကယ်၍ သူသာ ဝိညာဉ်ပိတ်လှောင်အကျဉ်းထောင်အောက်တွင် မဝင်ရောက်နိုင်ခဲ့လျှင် သူ့အနေနှင့် ကျင့်ကြံရေး၌ ဆက်တက်လှမ်းနိုင်တော့မည် မဟုတ်ပေ။
မိုဝူကျိက မဟာဧကရာဇ်အဆင့်သို့ ကျော်လွန်ချင်ပါက လူသားအဆင့်သို့ ပြန်သွားရသကဲ့သို့ တူညီပေသည်။ မိုဝူကျိက လူသားတာအိုကို ကျင့်ကြံပြီး လူသားတာအို၏ ရှေးဦးကျင့်ကြံသူ ဖြစ်သောကြောင့် ဖြစ်ပေသည်။ ကျူးယင်က ကျိုးပျက်တာအိုကို ကျင့်ကြံပေသည်။ တူညီလှစွာ သူသည်လည်း ကျိုးပျက်တာအို၏ တည်ထောင်သူ ဘိုးဘေး ဖြစ်ပေသည်။ သူ၏ ကျိုးပျက်တာအို၌ အခြားသူများ၏ ဝိညာဉ်ကို သူ့ကျင့်စဉ်အတွက် စုပ်ယူရသည်။
သူက သူ့အင်အားတိုးတက်လာဖို့ရာ အခြားသူများ၏ ဝိညာဉ်များနှင့် ကမ္ဘာဦး စိတ်ဝိညာဉ်အား စုပ်ယူရသည်။ ထိုသည်မှာ အင်မတန် ကောက်ကျစ်ရက်စက်သော ကျင့်စဉ်မျိုး ဖြစ်၏။
ကျူးယင်၏အမြင်၌ ရက်စက်သည့် ကျင့်စဉ်ဟူ၍မရှိပေ။ အားကောင်းသည်နှင့် အားနည်းသည်ဟူ၍ နှစ်မျိုးသာရှိ၏။ ကျင့်စဉ်ကို ထိပ်ဆုံးအထိ ကျင့်ကြံသည့်အခါ သူ့ဝိညာဉ်နှင့် အသိစိတ်ပင်လယ်မှာ မိုးမြေစည်းမျဉ်းများ၏ ချုပ်နှောင်မှုကို ခံစားရပြီး နောက်တစ်ဆင့်တက်လှမ်းဖို့ အလွန်ခက်ခဲလှပေသည်။ နှစ်များစွာ ရုန်းကန်ပြီးနောက် ကျူးယင်က ထိုအတွင်းရှိ သဘောတရားကို နားလည်လာပေ၏။
အကယ်၍ သူသာ ထိုအတားအဆီးများကို ကျော်ဖြတ်လိုလျှင် သူ့အနေနှင့် သူ့ဝိညာဉ်နှင့် အသိစိတ်ပင်လယ်အတွင်းရှိ အခြားသောတာအိုများကို ဖယ်ထုတ်ပစ်ဖို့ လိုအပ်ပေသည်။ ကျူးယင်၏ ပါရမီမှာ အလွန်မြင့်မားပြီး သူ့ကျိုးပျက်တာအိုမှာ အလွန်အံ့သြဖို့ကောင်းသော်လည်း သူ့အသိစိတ်ပင်လယ်မှာ ဝိညာဉ်များနှင့် သူတို့အတွင်းရှိ တာအိုများကို ဝါးမြိုပြီးနောက်တွင် သန့်စင်ခြင်း မရှိတော့ပေ။ ထိုပြဿနာနှင့်ပက်သက်သည့် ကျူးယင် ကောက်ချက်ချလိုက်သည့် ဖြေရှင်းနည်းမှာ အထက်ဘုံ၏ ဝိညာဉ်ပိတ်လှောင်ရေး အကျဉ်းထောင်ကို အသုံးပြုဖို့ဖြစ်၏။
ဝိညာဉ်ပိတ်လှောင်ရေးအကျဉ်းထောင်၌ သူ့ဝိညာဉ်ကို ပိတ်လှောင်ထားပေလိမ့်မည်။
သူ့ဝိညာဉ်သည် အနှိပ်စက်ခံရပြီး ခန်းခြောက်ကာ လေ့ကျင့်ပြီးသားဖြစ်၍ နောက်ပိုင်းတွင် ပြီးပြည့်စုံလာပေလိမ့်မည်။ ဝိညာဉ်ပိတ်လှောင် အကျဉ်းထောင် အတွင်းသို့ ဝင်သွားသည်နှင့် အသက်ရှင်နိုင်ဖို့ မျှော်လင့်ချက်အားလုံး ပျောက်ဆုံးသွားသကဲ့သို့ ဖြစ်ပေလိမ့်မည်။ အကယ်၍ တခြားသူသာဖြစ်နေပါက သူတို့ကိုယ်သူတို့ ဝိညာဉ်ပိတ်လှောင် အကျဉ်းထောင် အတွင်း ဝင်ကြဖို့ ဆန္ဒရှိမည်မဟုတ်ပေ။
သို့သော် ကျူးယင်က ထိုသို့လုပ်ဆောင်ခဲ့သည်။ ထိုမျှတင်မကဘဲ သူက ကျီချန်းလော့အား သူ၏ရည်ရွယ်ချက်များကို သတိမပြုမိစေဘဲ လုပ်ဆောင်နိုင်ခဲ့သည်။ ကျီချန်းလော့တွင် သူ့အား သတ်ဖို့ရည်ရွယ်ချက် တစ်ဝက်သာ ရှိမည်ဆိုလျှင် သူ ကျူးယင်မှာ သေဆုံးရမည်ဖြစ်၏။
ဤနှစ်များစွာ ခံစားပြီးသည့်နောက်တွင် သူက သူ့ကျင့်စဉ်အား ဆက်လက်၍ ပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်ခဲ့သည်။ သူက ဝိညာဉ်ပိတ်လှောင်အကျဉ်းထောင်မှ ထွက်သွားချင်နေသည့် အချိန်အခါမျိုးတွင် ကျီချန်းလော့က သူ့အား အခွင့်အရေးတစ်ခု ပေးလာခဲ့သည်။ ကျီချန်းလော့က သူ့အား ဝိညာဉ်ပိတ်လှောင် အကျဉ်းထောင်ထဲမှ ထုတ်ယူလာစဉ် သူ့အပေါ်ရှိ ဝိညာဉ်ပိတ်လှောင် အကျဉ်းထောင် အတားအဆီးများက ကျိုးပျက်သွားပြီ ဖြစ်သည်။
ဝိညာဉ်ပိတ်လှောင်အကျဉ်းထောင်မှ ထွက်လိုက်သည်နှင့် သူ့အသက်နှင့် ရှင်ခြင်းမှာ သူ့ထိန်းချုပ်မှုအတွင်းသို့ ပြန်ရောက်လာပြီ ဖြစ်ကြောင်း သိလိုက်ရသည်။ သူက ကုံးရှုရှီဖန်းနောက် လိုက်လာသည့်အကြောင်းအရင်းမှာ သူက ကျီချန်းလော့အား ကူညီချင်၍ မဟုတ်ဘဲ သူက မိုဝူကျိနှင့် အမှန်တကယ် ရင်ဆိုင်ချင်၍ ဖြစ်သည်။
သူကျူးယင်က ထိုလူသည် မည်မျှ အားကောင်းနေမည်ကို သိလိုပေသည်။ ကျီချန်းလော့ပင် ကြောက်ရွံ့သည်အထိ ထိုလူက မည်မျှအားကောင်းနေသနည်း။
တစ်ချိန်တည်းဆိုသလို ကျူးယင်က သူ့ကျိုးပျက်တာအိုသည် ကြီးကြီးမားမား အောင်မြင်မှုရလာပြီးနောက် မည်မျှ အားကောင်းလာသည်ကို သိချင်မိသည်။ ထို့ကြောင့် မိုဝူကျိအား သူ၏ ကျင့်စဉ်ပြီးပြည့်စုံရေးအတွက် ပထမဆုံးအစာအဖြစ် အသုံးချလိုပေသည်။
သူက ထိုအစာမှာ သာမန်ကာလျှံကာ မဟုတ်ဖို့ရာ မျှော်လင့်မိ၏။
သူ မသိသည်က သူအင်မော်တယ်လောကသို့ တက်လှမ်းပြီးသည့်နောက်တွင် သူ့မျိုးဆက်များက ကျန်းရှင်း၌ ပြန်လည်ဝင်စားခြင်း တာအိုဂိုဏ်းအား တည်ထောင်ခဲ့ပေသည်။
ထို့နောက် ပြန်လည်ဝင်စားခြင်း တာအိုဂိုဏ်းမှာ တျန်းဂျီဂိုဏ်း၏ အမြစ်ဖြတ် သုတ်သင်ခြင်းကိုခံရပြီး သူ၏နောက်ထပ် မျိုးဆက်ဖြစ်သည့် ကျုးချူက ကျိုးပျက်တာအိုဂိုဏ်းကို တည်ထောင်ခဲ့သော်လည်း မိုဝူကျိ၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။
အကယ်၍ သူသာ ထိုအရာအားလုံးကို သိနေလျှင် သူ့အနေနှင့် မိုဝူကျိအား အစာတစ်ခုမျှသာ သတ်မှတ်တော့မည်မဟုတ်ပေ။
***