← Chapters

ကြောက်စရာကောင်းလှသည့် ကျူးယင်

Vol. 62 Ch. 864

ကြောက်စရာကောင်းလှသည့် ကျူးယင်

Vol. 62 Ch. 864

ဤတစ်လတာအတွင်း မိုဝူကျိက ကာကွယ်ရေး အစီအရင်သင်္ကေတများနှင့်  ထိစပ်မှု ရှိသွားလေပြီ။ ထိုအစီအရင် သင်္ကေတများနှင့် နည်းလမ်းများက အဆင့် ၉ အင်မော်တယ်အစီအရင်အား သေချာပေါက် ကျော်လွန်နေသော်လည်း သူတို့က မိုဝူကျိအတွက် အစီအရင် တာအိုအဆင့်အတန်းအား တိုးတက်လာစေဖို့ရန် သင့်တော်ပေသည်။

မိုဝူကျိက ထိုအစီအရင် သင်္ကေတများအား လေ့လာနေစဉ် သူ့အစီအရင်တာအို၏ တာအိုအဆင့်မှာ ဆက်တိုက် မြင့်တက်လာပေ၏။ သူ့အစီအရင်တာအိုက အဆင့်၉ သို့ ကျော်လွန်ကာ အဆင့်အသစ်သို့ ဝင်ရောက်သွားသည်မှန်းပင် မသိလိုက်ရပေ။

မိုဝူကျိအား သိစေသည်က ဤအစီအရင်ကို ဖွင့်ဖို့ရာ လိုအပ်သည့်အချိန်အား အရမ်း အထင်ကြီးမိသွားကြောင်း သိလိုက်သည်။ အကြောင်းမှာ သူက အစီအရင်တာအိုအဆင့် တိုးတက်လာမှုအား ထည့်တွက်မထားပေ။

မိုဝူကျိက အစီအရင်၏ နောက်အလွှာသို့ ဖွင့်တော့မည့်ဆဲဆဲတွင် ဤအစီအရင်မှ အသံတစ်ခု ထွက်ပေါ်လာသည်ကို ခံစားမိလိုက်၏။ ဤသည်မှာ အစီအရင် ပွင့်သွားသည့်အသံ မဟုတ်ဘဲ ထိုအစား အစီအရင်ကို အထဲမှ ဖွင့်လိုက်ခြင်းသာ ဖြစ်၏။ အထဲတွင် အစီအရင်အတွင်း ပိတ်မိနေသောသူများက ထွက်လာချင်၍သာ ဖြစ်ပေလိမ့်မည်။

ထိုစဉ် မိုဝူကျိက အစီအရင် လေ့လာနေသည်အား ရပ်တန့်လိုက်သည်။ သူ့စိတ်ထဲ၌လည်း စိတ်ခံစားချက်များနှင့် ပြည့်နေသည်။ သူ့စိတ်ထဲ၌ ပထမဆုံးထွက်လာမည့်သူမှာ ဟန်ချင်းရု ဖြစ်လိမ့်မည်ဟု ထင်ထားသည်။ ထို့နောက် ဓားအကျဉ်းထောင်တွင်ရှိစဉ် ဟန်ချင်းရုက သူအား ပြောခဲ့သည့်စကားလုံးများကို ပြန်လည်အမှတ်ရသွားလေ၏။

“ ရွီ … ”

ထိုစဉ် မီးတောက်နီ ဓားပျံတစ်ချောင်းက မိုဝူကျိ၏ လက်အတွင်း ဆင်းသက်လာသည်။ မိုဝူကျိက သတင်းပို့ဓားပျံ၏ အကြောင်းအရာကို မြင်လိုက်သည့်အခါ သူ့မျက်နှာမှာ မည်းမှောင်သွားပြီး သတ်ဖြတ်ငွေ့များက ထွက်ပေါ်လာလေ၏။

“ ဂိုဏ်းချုပ်မို…ဂိုဏ်းချုပ်… တကယ်ပဲ ဂိုဏ်းချုပ်လား… ” စုကျီအန်းက တအံ့တသြ ရေရွတ်လိုက်သည်။

“ ဆရာ ”

“ အစ်ကိုကြီး ”

စုကျီအန်း၊ ဖူကျင့်ဖုန်း နှင့် တုံ့ဟွားလုံတို့ကလည်း မိုဝူကျိထံ စိတ်လှုပ်ရှားစွာ ပြေးလာကြသည်။

မိုဝူကျိက ဒဏ်ရာရရှိနေသည့် ဝေကျီတောက်နှင့် ကျန့်မင်ချန်းတို့ကို မြင်လိုက်မိသည်။ တစ်ချိန်တည်းဆိုသလို လက်ရှိတွင် ရှိမနေသည့်သူ များစွာကိုလည်း သတိပြုမိလိုက်၏။ နျဲ့ချုံးအန်း၊ ချာလွေ့နှင့် လုမင်တို့က  ရှိမနေပေ။

“ ဂိုဏ်းချုပ်… ကျွန်တော့်ကိုပဲ အပြစ်တင်ရမှာပါပဲ။ ခန်းမသခင်နျဲ့၊ တာဝန်ခံချာနဲ့ လုမင်တို့က တိုက်ပွဲအတွင်းမှာ သေဆုံးသွားပြီ ”

စုကျီအန်းက မိုဝူကျိ၏ ပျော်ရွှင်မှုမှ စိတ်ရှုပ်ထွေးမှုအဖြစ် ပြောင်းလဲသွားသည်ကို မြင်သောအခါ ဂိုဏ်းချုပ်သည် လူများစွာ ပျောက်ဆုံးနေသည့် အကြောင်းအရင်းကို သိချင်နေသည်ဖြစ်ကြောင်း သိလိုက်မိ၏။

“အဲ့ဒါဆို ဟန်ချင်းရုနဲ့ လျန့ယင်ရှန်း… ” မိုဝူကျိက ထိုမေးခွန်းကို မေးလိုက်သည့်အခါ နောက်ထပ် ဓားပျံတစ်ချောင်း ကျရောက်လာပြန်သည်။

“ ဟန်ချင်းရုနဲ့ လျန့ယင်ရှန်းတို့က သူတို့ကိုယ်သူတို့ လေ့ကျင့်ဖို့ ထွက်သွားတာ နည်းနည်းကြာပြီ။ အခုထိ ပြန်ရောက်မလာကြသေးဘူး ” စုကျီအန်းက ပြန်ပြောလိုက်သည်။

မိုဝူကျိ၏ စိတ်စွမ်းအား၌ ဖင်းဖန်အင်မော်တယ်ကျောင်းတော်သို့ လာနေသော ပျံသန်းရေးယာဉ်ပျံများကို အာရုံခံမိလိုက်သည်။ သူက ဝေကျီတောက်ကို ကျောက်စိမ်းဆေး တစ်ပုလင်း ထုတ်ကာ ပေးလိုက်ပြီး  “ အထက်ဘုံရဲ့စစ်တပ်က ဒီရောက်လာပြီ။  ငါသွားကြည့်လိုက်ဦးမယ်…”

………….

“ ဂိုဏ်းချုပ်မို… ကျီချန်းလော့က နောက်ဆုံးတော့ လှုပ်ရှားပြီပဲ ” ချန်းစန်က မိုဝူကျိ ထွက်လာသည်ကို မြင်သည့်အခါ လေးလေးနက်နက် ပြောလိုက်သည်။

သို့သော်လည်း သူက လုံး၀ စိုးရိမ်မနေပေ။ မိုဝူကျိ၏စွမ်းရည်ဖြင့် မိုဝူကျိသည် ကျီချန်းလော့အား လုံးဝကြောက်စရာမလိုကြောင်း သိထားပေသည်။

သို့သော်လည်း သူက အထက်ဘုံ၏ စွမ်းဆောင်ရည်အား စိုးရိမ်နေမိသည်။ အထက်ဘုံ၌ ပါရမီရှင်များစွာ ရှိလေရာ အကယ်၍ သူတို့သာ ဤနေရာကို ဝိုင်းရံထားပါက မိုဝူကျိတစ်ယောက်ထဲ ဘာမှလုပ်နိုင်မည်မဟုတ်ပေ။

“ အဲ့ဒါ ကျီချန်းလော့မဟုတ်ဘူး။ ကုံးရှုရှီဖန်းပဲ ”

ပြောလိုက်သူမှာ မိုဝူကျိမမှတ်မိသည့် အင်မော်တယ်ဧကရာဇ်အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပေသည်။

မိုဝူကျိက သူတို့နှစ်ဦးထံ ခေါင်းညိမ့်ပြကာ ထို့နောက် သူက အစီအရင်အလံများကို ထုတ်ကာ ပစ်လွှတ်လိုက်လေ၏။

မကြာခင် ပြန်လည်တည်ဆောက်ဆဲဖြစ်သော ဖင်းဖန်အင်မော်တယ်ကျောင်းမှာ မြူခိုးများအတွင်း ကာရံပြီးသား ဖြစ်သွားသည်။ မိုဝူကျိက ဝန်းရံခံရပြီး တိုက်ခိုက်ခံရသည်မှာ ပထမဦးဆုံးအကြိမ် မဟုတ်တော့ပေ။ သူ့အဆင့်ဖြင့် အရေအတွက်များသည်က ဘာအကျိုးရှိမည်နည်း။ သူက ပြန်လည်တည်ဆောက်ဆဲ ဖြစ်သော ဖင်းဖန်အင်မော်တယ်ကျောင်းမှာ တိုက်ပွဲကြောင့် ပျက်စီးသွားမည်ကို စိုးရိမ်နေမိသည်။

“ ဝုန်း ဝုန်း ဝုန်း ” ပျံသန်းရေးယာဉ်များက မြေပေါ်သို့ ဆင်းသက်လာကြသည်။

သူတို့က ဆင်းသက်ရာ၌ ထိန်းချုပ်မထားသောကြောင့် ယာဉ်ပျံတစ်စင်း ဆင်းသက်လာသည့်အခါတိုင်း မြေကြီးပေါ်၌ ဧရာမတွင်းကြီးတစ်ခု ဖြစ်ပေါ်သွားကာ ဖုန်အလိမ်းလိမ်း ထလာသည်။

အထက်ဘုံ၏ အင်မော်တယ် တစ်သောင်းကျော်လောက်က ဆင်းသက်လာပြီးနောက် ဖင်းဖန်အင်မော်တယ်ကျောင်းကို ဝန်းရံထားလိုက်သည်။

စုစုစည်းစည်း တပ်နှင့် နှိုင်းယှဉ်လျှင် မိုဝူကျိ၏ဘက်မှ လူများသည် ရှုပ်ယှက်ခက်နေသော လူအုပ်များသာ ဖြစ်သည်။

“ ကျီချန်းလော့ ရောက်မလာဘူးပဲ။ ရောက်လာတဲ့လူက မဟာဧကရာဇ် ကုံးရှုရှီဖန်းလေ။ ပြီးတော့ မဟာဧကရာဇ် ချိုက်သဲ့၊ ရုံယုတန်၊ စီဟဲရီ ခဏ ဒီလူက… ”

ချန်းစန်က ထိုလူများအကြောင်း ပြောပြနေစဉ် ရပ်တန့်သွားလေသည်။ သူ့အသံမှာ စတင်တုန်ယင်လာလေသည်။

“ အဲ့ဒါ ကျူးယင်ပဲ… တကယ်ကြီး ကျူးယင်ပဲ ”

အင်မော်တယ်ဧကရာဇ် အစောပိုင်းအဆင့်က ပြောလိုက်စဉ် သူ့အသံ၌ အကြောက်တရားများ ကိန်းအောင်းနေပေသည်။

“ ကျူးယင်က ဘယ်သူလဲ ”

မိုဝူကျိက နားမလည်စွာ မေးလိုက်သည်။ သူက ဆံပင်ရှုပ်ရှုပ်နှင့်လူအား လှည့်ကြည့်မိလိုက်သည်။ ချန်းစန်နှင့် ထိုအင်မော်တယ်ဧကရာဇ် အစောပိုင်းအဆင့်ကျင့်ကြံသူက ထိုလူအား ကြောက်ရွံ့နေဟန်ပေါ်၏။

အင်မော်တယ်ဧကရာဇ်အစောပိုင်းအဆင့် မဖြေနိုင်လိုက်ခင် ကုံးရှုရှီဖန်းက မိုဝူကျိထံ လျှောက်လာကာ ပြောလိုက်သည်။

“ မင်းသိဖို့မလိုဘူး။ မင်းသိဖို့ လိုတာက အဲ့ဒီ့လူက မင်းကိုသတ်မဲ့လူပဲ။ ကျူးယင်.. အဲ့လူကို သတ်ပစ်စမ်း ”

ကုံးရှုရှီဖန်းစကားအဆုံးတွင် မိုဝူကျိက ကြောက်မက်ဖွယ် သတ်ဖြတ်ငွေ့များ ထွက်ပေါ်လာသည်ကို ခံစားမိလိုက်၏။ သို့သော်လည်း မိုဝူကျိက မလှုပ်ရှားပေ။ ထိုသတ်ဖြတ်ငွေ့က သူ့ဆီကို ရည်ရွယ်နေခြင်းမဟုတ်ကြောင်း အာရုံခံမိလိုက်သည်။

“ ကျူးယင်… မင်း… ”

ကုံးရှုရှီဖန်းက ထိုစကားသုံးလုံးမျှသာ ပြောလိုက်ပြီးနောက် သူ့အရိုးများမှာ အက်ကြေလာပြီး သူ့အသိစိတ်ပင်လယ်မှာ ပျောက်ဆုံးသွားကြောင်း ခံစားမိလိုက်သည်။

“ မှတ်ထား… ငါ့ကို ဘယ်သူ့မှ အမိန့်ပေးလို့မရဘူး။ မင်းက ကျီချန်းလော့ထက် အသေစောသွားရုံပဲ။ မင်းရဲ့ဝိညာဉ်က သာမန်ဆိုပေမဲ့ အင်း.. မဆိုးပါဘူး… ငါသိမ်းထားလိုက်မယ် ”

ထိုစကားများက ကုံးရှုရှီဖန်း၏နောက်ဘဝတွင် ကြားရတော့မည့်စကားသာ ဖြစ်၏။  မိုဝူကျိ၏ မျက်ဝန်းမှာ အလေးအနက် အမူအရာ ပြောင်းသွားသည်။

ကုံးရှုရှီဖန်းက လိန်ကူယွင်နှင့် ကျင်းယွီရှန်းတို့ထက် အားမနည်းပေ။ သို့သော်လည်း ဤလူ၏လည်ပင်းမှာအလွယ်တကူ ကျိုးပျက်သွားပြီး ဝိညာဉ်မှာလည်း ဝါးမြိုခံလိုက်ရသည်။

တခြားလူများက ထိုပိန်ချုံးချိနဲ့ နေသည့်လူမှာ ကုံးရှုရှီဖန်း၏ ဝိညာဉ်ကို စားလိုက်ကြောင်း မသိသော်လည်း သူ မိုဝူကျိက ရှင်းရှင်းလင်းလင်း မြင်လိုက်ရပေသည်။

မိုဝူကျိက ထိုလူသည် သူ့ထက်ပင် အားမနည်းကြောင်း သေချာသိလိုက်၏။ ကျူးယင်၏ တာအိုအရှိန်အဝါများက ပြီးပြည့်စုံရုံသာမက သူ့အရှိန်အဝါကလည်း ကြီးကျယ်ခမ်းနားလှပေသည်။

ဤလူက သာမန်မဟာဧကရာဇ် သို့မဟုတ် သာမန်တာအိုဧကရာဇ်မျိုး မဟုတ်ပေ။

“ သူက ဝိညာဉ်ကျိုး လူသား ကျူးယင်ပဲ ” ချန်းစန်က အသက်မနည်းရှုကာ ရေရွတ်လိုက်သည်။

“ ဝိညာဉ်ကျိုးလူသား ကျူးယင်လား။ အဲ့လူက ဘယ်သူလဲ ” သူက ထိုသို့လူမျိုး တစ်ခါမှမကြားဖူးပေ။

“ အဲ့လူက ကျိုးပျက်တာအိုရဲ့ တည်ထောင်သူဘိုးဘေးလို့ပြောကြတယ်။ သူက အင်မော်တယ်လောကမှာ ရှိနေတုန်းက ဂိုဏ်းသုံးဆယ်ထက်မနည်း အမြစ်ဖြတ်သုတ်သင်ပစ်ခဲ့တယ်။ သူ့လက်ထဲမှာ သေဆုံးသွားတဲ့ပါရမီရှင်တွေကလည်း ရေတွက်လို့တောင်မရဘူး။ ပြီးတော့ သူက အထက်ဘုံရဲ့လမ်းကြောင်းကို တွေ့ပြီးတော့ ကျီချန်းလော့ကို စိန်ခေါ်ဖို့ဆိုပြီးတော့ ထွက်သွားတယ်။  အဲ့ဒီနောက်ကတည်းက သူ့ကို တစ်ခါမှမမြင်ရတော့ဘူး။

အားလုံးက သူသေပြီလို့ထင်နေကြတာ… အခု သူက ဘက်ပြောင်းသွားမယ်မှန်း တစ်ယောက်မှတွေးမိကြမှာမဟုတ်ဘူး ”

ချန်းစန်က ဆက်မပြောတော့ပေ။

သူက ဝိညာဉ်ကျိုးလူသား ကျိုးယင်က ဘက်ပြောင်းသွားကာ ကျီချန်းလော့နှင့် ပူးပေါင်းသွားကြောင်း ပြောချင်သော်လည်း ကျီချန်းလော့၏ ညာလက်ရုံးဖြစ်သည့် ကုံးရှုရှီဖန်းမှာ ကျူးယင်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပေသည်။

မည်သို့ပင်ကြည့်စေကာမူ ကျူးယင်က ကျီချန်းလော့ဘက် ရောက်သွားသည့်ဟန် မပေါ်ပေ။ ကုံးရှုရှီဖန်းနှင့် ရောက်လာသည့် မဟာဧကရာဇ်များကလည်း နောက်ဆုတ်လိုက်ကြသည်။

ကျူးယင်က ကုံးရှုရှီဖန်းကို အမှန်တကယ် သတ်လိုက်ပေသည်။

“ မင်းက မိုဝူကျိလား… မင်းရဲ့ဝိညာဉ်နဲ့ ကမ္ဘာဦး စိတ်ဝိညာဉ်လေးကို မြည်းစမ်းကြည့်ရတာပေါ့။ ငါ့ကို စိတ်မပျက်စေနဲ့ဦးနော် ”

ကျူးယင်က ဖြူဖျော့ဖျော့ သွားများဖြင့် ပြုံးကာ မိုဝူကျိအား စိုက်ကြည့်လိုက်သည်။ သူ့ခန့်မှန်းချက်က မမှားယွင်းပေ။

ကျီချန်းလော့အနေနှင့် သူ့ကို ရင်ဆိုင်ခိုင်းလိုက်သည့်လူမှာ သေချာပေါက် မရိုးရှင်းပေ။ သူက ကုံးရှုရှီဖန်းတို့ ပြိုင်နိုင်သည့်သူမျိုး မဟုတ်ပေ။ မိုဝူကျိ၏အရှိန်အဝါမှာ သာမန်ဖြစ်နေသော်လည်း သူကျူးယင်က ထိုသာမန်ဖြစ်မှုကြောင့် သူ့အား လျစ်လျှူရှုမထားနိုင်ပေ။

မိုဝူကျိက ချန်းစန်ဘက်လှည့်ကာ ပြောလိုက်သည်။

“ ခင်ဗျားတို့တွေ ချက်ချင်းထွက်သွားတော့ ”

“ ဟုတ်ကဲ့ ”

ချန်းစန်နှင့်အခြားသူများက ကျူးယင်လိုလူမျိုးနှင့် ရင်ဆိုင်သည့်အခါ သူတို့အနေနှင့် အကူအညီဖြစ်မည် မဟုတ်ကြောင်း သိထားသည်။ အကယ်၍ သူတို့သာဆက်နေလျှင် သူတို့၏ဝိညာဉ်များမှာ ကျူးယင် အားဖြည့်စည်းဖို့ရာ အသုံးပြုသည့် အဆာပလာမျှသာ ဖြစ်နေပေလိမ့်မည်။  ချန်းစန်နှင့် အခြားလူများ နောက်ဆုတ်ပြီးနောက် မိုဝူကျိက ကျူးယင်ဘက်ကို လှည့်ကာပြောလိုက်သည်။

“ ခင်ဗျားခေါ်လာတဲ့လူတွေက အရမ်း စိတ်ညစ်ဖို့ကောင်းတာပဲ။ အဲ့ဒါက ခင်ဗျားနဲ့ ကျုပ်နဲ့ တိုက်ပွဲမှာ သက်ရောက်မှု ရှိစေလိမ့်မယ်။ အဲ့ဒါကြောင့် အဲ့ဒီ့အမှိုက် ဖယ်ထုတ်လိုက်ချင်တယ် ”

ကျူးယင်က အားရပါးရ ရယ်မောကာ “ ဒါလွယ်လွယ်လေးပါ ”

သူက လက်ဖဝါးကို ဖြန့်လိုက်သည်နှင့် ကောင်းကင်အထက်၌ ဧရာမ အမှတ်အသားကြီး ပေါ်လာပေသည်။ ထိုအမှတ်အသားအောက်တွင် စည်းမျဉ်းများအားလုံးမှာ အသစ် ဖြစ်ပေါ်လာလေ၏။ ကုံးရှုရှီဖန်း ခေါ်ဆောင်လာသည့် အင်မော်တယ်စစ်သည်တော်များက မဟာလော့ရှန်းနှင့်အထက် ဖြစ်ပေသည်။

သို့သော်လည်း ကျူးယင်၏အမှတ်အသားအောက်တွင် မည်သူကမျှ မလွတ်မြောက်နိုင်ကြပေ။ ထို့နောက် သူတို့က ထိုအမှတ်အသားအောက်တွင် သွေးမြူများအဖြစ် စတင်၍ပေါက်ကွဲသွားတော့သည်။ မိုဝူကျိက ကမ္ဘာဦးစိတ်ဝိညာဉ်များနှင့် ဝိညာဉ်များသည် ကျူးယင်၏ ဝါးမြိုခြင်းခံနေရကြောင်း မြင်တွေ့လိုက်ရသည်။

သူက သူ့ဦးခေါင်းပင် ထုံထိုင်းသွားသည်ဟု ခံစားမိလိုက်သည်။ ချန်းစန်နှင့် အခြားလူများက ကျူးယင်အား ကြောက်နေသည်မှာ မထူးဆန်းတော့ပေ။

ဤလူက အမှန်တကယ် လူသားပင်မဟုတ်ပေ။

အခြားသောမဟာဧကရာဇ်များက ထိုအရာကိုမြင်သည့်အခါ ကျူးယင်၏ ကမ္ဘာလေးမှ ချိုးဖောက်ဖို့ ကြိုးစားကြတော့သည်။ ကျူးယင်က နှာခေါင်းရှုံ့ကာ

“ မင်းတို့က ငါ့ ကျူးယင်စည်းမျဉ်းရဲ့ ကမ္ဘာထဲမှာပဲ။ မင်းတို့တွေ လွတ်မြောက်နိုင်မယ်လို့ထင်နေလား ”

သူကပြောနေစဉ် ကျူးယင်က ထိုသူများထံ လက်ညိုးဖြင့်ထိုးလိုက်သည်။ သူ့လက်ညိုးထိုးလိုက်သည်နှင့် ထိုလူက သွေးမြူများအဖြစ် ပေါက်ကွဲထွက်သွားသည်။

ဤမဟာဧကရာဇ်များက ခုံခံဖို့ အခွင့်အရေးပင် မရလိုက်ဘဲ ကျူးယင်၏ လက်ချောင်းပညာရပ်ဖြင့် အသတ်ခံလိုက်ရသည်။

မိုဝူကျိ၏ စိတ်ထဲတွင်လည်း အေးစက်သွားလေ၏။ သူက ကျူးယင်၏ လက်ချောင်းပညာမှာ သူ့သတ္တကမ္ဘာလက်ချောင်းနှင့် ယှဉ်နိုင်ဖို့ရာ ကွာဝေးကြောင်းသိသော်လည်း သူ့သတ္တကမ္ဘာလက်ချောင်းပညာရပ်မှာ ဤမဟာဧကရာဇ်များအား ကျူးယင်ကဲ့သို့ အလွယ်တကူ မသတ်ဖြတ်နိုင်ပေ။

တစ်ခုတည်းသော ရှင်းပြချက်မှာ သူ့စွမ်းဆောင်ရည်မှာ ကျူးယင်နှင့် ကွာဝေးနေသေးပေ၏။ သူက ထိုအရာကိုတွေးမိလိုက်သည့်အခါ ကျူးယင်က အရမ်းကို ကြောက်မက်ဖွယ် ကောင်းသည့်ဟန် ပေါ်လာသည်။

“ အရမ်းအားကောင်းလိုက်တာ။ ဒီလူက အထက်ဘုံကို စိန်ခေါ်ရဲတာ မထူးဆန်းတော့ပါဘူး။ ကျီချန်းလော့က သူ့အတွက် ထောင်ချောက်ဆင်ထားတာ သိနေလျက်နဲ့ အထက်ဘုံကိုသွားရဲတာ အံ့သြစရာမရှိတော့ဘူး ”

ချန်းစန်က ကျူးယင်၏ နည်းလမ်းများကို မြင်ကာ လေများ မှုတ်ထုတ်ရင်း ပြောလိုက်သည်။ ချန်းစန်က တိုးတိုးသက်သက်သာသာ ပြောလိုက်သော်လည်း မိုဝူကျိက ကြားနေရဆဲ ဖြစ်သည်။

“ ကျူးယင်… တာအိုဧကရာဇ်က မင်းအတွက် မင်းကျင့်ကြံဆင့် ရောက်ဖို့ ခက်ခဲတယ်ဆိုတာသိလို့ မင်းကိုမသတ်ဘဲနဲ့ ထားထားတာပဲ။ မင်းက ဒီလိုမျိုးကျေးဇူးမသိတတ်ဘဲနဲ့ ငါတို့ကို သတ်လိမ့်မယ်လို့ ထင်မထားမိဘူး။

တကယ်လို့ တာအိုဧကရာဇ်သာ ဒီအကြောင်းသိသွားရင် မင်းသေချာပေါက် အဖမ်းခံရပြီးတော့ ဝိညာဉ်ပိတ်လှောင်အကျဉ်းထောင်ထဲ ပြန်ပို့ခံရလိမ့်မယ် ”

မဟာဧကရာဇ်တစ်ယောက် ကျူးယင်အား စိုက်ကြည့်ကာ ပြောလိုက်ပေသည်။ သူက မလွတ်မြောက်နိုင်မှန်းသိသော်လည်း ကျူးယင်အား သူတတ်နိုင်သမျှ အော်ဟစ် ဆဲဆိုပစ်ချင်သေး၏။

“ ဝိညာဉ်ပိတ်လှောင်အကျဉ်းထောင်မှာ အဖမ်းခံရတာလား ”

မိုဝူကျိက ချန်းစန်ထံ စိတ်ဖြင့် ဆက်သွယ်ကာ ပြောလိုက်သည်။

“ အင်မော်တယ်ရောင်းရင်း ချန်းစန်… ဝိညာဉ်ပိတ်လှောင်အကျဉ်းထောင်အကြောင်းသိလား ”

ချန်းစန်က မြန်မြန်ပြန်ဆက်သွယ်လိုက်သည်  “ အထက်ဘုံရဲ့ကြောက်စရာအကောင်းဆုံး အကျဉ်းထောင်ပဲ။ အဲ့ဒါက မဟာဓားလမ်းစဉ်ဂိုဏ်းရဲ့ ဓားအကျဉ်းထောင်ထက်တောင် ပိုပြီးကြောက်စရာကောင်းသေးတယ်။ တကယ်လို့ အဲ့ဒီ့မှာ ပိတ်မိသွားတယ်ဆိုရင် ဝိညာဉ်နဲ့ ကမ္ဘာဦးစိတ်ဝိညာဉ်က ဆက်တိုက်ကို နှိပ်စက်မှုတွေ ခံစားနေရလိမ့်မယ်။ တကယ်လို့ ဝိညာဉ်က လုံးဝဗလာကျင်းတဲ့အထိ သန့်စင်ခံလိုက်ရမယ်ဆိုရင် လုံးဝအရူးတစ်ယောက်အဖြစ် ပြောင်းလဲသွားလိမ့်မယ် ”

“ မင်းမြင်ပြီမလား။ အဲ့လူတွေကိုသတ်ဖို့ ငါမင်းကို ကူညီပေးလိုက်ပြီ။ လာ… စကားကောင်းကောင်းပြောကြစို့ ”

ကျူးယင်က နောက်ဆုံးမဟာဧကရာဇ်ကိုသတ်ပြီးနောက် မိုဝူကျိဘက် လှည့်ကာ ပြုံးရင်းပြောလိုက်သည်။ သူ့စည်းမျဉ်းအမှတ်အသားအောက်တွင် အထက်ဘုံ၏ စစ်တပ်များက ဆက်တိုက်ပေါက်ကွဲထွက်နေသည်။ သူက ထိုအရာများကို မမြင်သကဲ့သို့ပြုမူနေလေ၏။

မိုဝူကျိက ဖြည်းညင်းစွာပြောလိုက်သည်။

“ ကျူးယင်… ခင်ဗျား ကျင့်ကြံစဉ်က မဆိုးပါဘူး။ ခင်ဗျားက အခြားသူတွေရဲ့ ဝိညာဉ်နဲ့ ကမ္ဘာဦးစိတ်ဝိညာဉ်တွေကို ဝါးမြိုပြီးတော့ ခင်ဗျားရဲ့ကျင့်ကြံဆင့်အတွက် အသုံးပြုနိုင်တာပဲ ”

“ ဒါပေါ့။ ငါက ဝိညာဉ်တွေကိုဝါးမြိုတဲ့အရာကို နက်နက်နဲနဲ သိထားတယ်လေ။ တကယ်လို့ မင်းလိုချင်ရင် မင်းငါ့ကို ဖြောင့်ဖြ ကြည့်ပေါ့။ ငါ မင်းကိုသင်ပေးမယ် ”

ကျူးယင်က ပြုံးရင်းပြောလိုက်သည်။

သူက ထိုစကားများကိုကြားလိုက်သည်နှင့် မိုဝူကျိ၏ စိတ်အတွင်း၌ လျှပ်စီးတစ်ချက် ဖြတ်ခနဲ ဖြစ်ပေါ်လာလေသည်။

ထိုစဉ် သူက ကျူးယင်အပေါ် ဖြစ်ပေါ်နေသော အကြောက်တရားမှာလည်း ကွယ်ပျောက်သွားလေပြီ။

***

All Chapters