ဒီလူက အရမ်းကြောက်ဖို့ ကောင်းတယ်
Vol. 63 Ch. 866
ကျူးယင်၏ မျက်ဝန်းများက အေးစက်လာလေ၏။ သူ့ဝိညာဉ်ဖမ်း လက်ချောင်းက မိုဝူကျိကို မတိုက်တော့ဘဲ မိုဝူကျိ၏ လက်ချောင်းကို ကာကွယ်ရန် လှိုင်းတွန့်နှင့်တူသည့် မျက်နှာပြင် အကာအရံအဖြစ် ပြောင်းလဲသွားသည်။
မိုဝူကျိက သူ့သတ္တကမ္ဘာ လက်ချောင်းကို ထုတ်လွှင့်လိုက်ပြီးနောက် မည်သူကမှ သူ့သတ္တကမ္ဘာ လက်ချောင်း ရှိသည့်နေရာကို အာရုံခံနိုင်မည် မဟုတ်သော်လည်း ကျူးယင်တော့ လုပ်နိုင်ပေသည်။
“ ဝုန်း ” လက်နှစ်ချောင်း၏ တာအိုစွမ်းအားများက တစ်ခုနှင့်တစ်ခု တွေ့ဆုံသွားပြီး စည်းမျည်းများမှာလည်း ပေါက်ကွဲထွက်သွားကာ ကောင်းကင်အနှံ့ အပြည့်ဖြစ်သွားပြီး လေထဒထဲတွင် ဝိညာဉ်စွမ်းအား ဝဲကတော့များ ဖြစ်ပေါ်လာသည်။
“ ဖူး ” ကျူးယင်က သွေးတစ်ပွက် အန်ထုတ်လိုက်ရ၏။ သူ့ဝိညာဉ်ဖမ်း လက်ချောင်းပညာရပ်မှာ ကြေမွသွားလေပြီ။
ကျူးယင် မျက်ဝန်း၌ ရူးသွပ်သည့် အရိပ်အယောင်တချို့ ဖြတ်ပြေးသွားလေ၏။ တစ်ချိန်တည်းဆိုသလို ထိုအထဲတွင် ပျော်ရွှင်သည့်အရိပ်အယောင်လည်း ပါဝင်နေသည်။ ကြည့်ရသည်မှာ ဤလက်ချောင်း ပညာရပ် တိုက်ပွဲအပြီးတွင် သူတစ်ယောက်တည်း အရေးနိမ့်နေခြင်း မဟုတ်ပေ။
ဝိညာဉ်ဖမ်း လက်ချောင်းပညာရပ်၏ တာအိုစွမ်းအားများက သူ့အလိုလို ပြန်လည်ဖွဲ့စည်းနေသည်။ မကြာခင် မည်းနက်နက် တာအိုသင်္ကေတအဖြစ် ဖြစ်တည်လာပြီး မိုးမြေစည်းမျည်းတစ်ခု ဖြစ်တည်လာသည်။ ထိုစည်းမျည်းကို မြင်လိုက်သည့်သူတိုင်း သူတို့ဝိညာဉ် တုန်ခါလာသလို ခံစားမိလိုက်ကြသည်။
လူများစွာက ဝိညာဉ်ဖမ်း လက်ချောင်းပညာရပ်သည် အရမ်းအားကောင်းကြောင်း သိထားကြသော်လည်း ဝိညာဉ်ဖမ်း လက်ချောင်းပညာရပ်တွင် ဖမ်းဆီးတာအပြင် ထပ်ရှိသေးကြောင်း မည်သူမှ မသိထားပေ။ ပထမ ဖမ်းဆီးခြင်း ကောင်းကင် ဓာတ်အား ပြီးလျှင် ဒုတိယ ဖမ်းဆီးခြင်း ဖြစ်သည့် စိတ်ဝိညာဉ် အသိစိတ် ရှိသေး၏။
မည်သူကမှ မသိသည့်အကြောင်းအရင်းမှာ သူ့အား ဒုတိယ ဖမ်းဆီးခြင်း တိုက်ကွက်ကို ထုတ်သုံးစေလောက်သည့်အထိ မည်သူကမှ အားမကောင်းခဲ့၍ ဖြစ်သည်။
ဒုတိယဖမ်းဆီးခြင်း တိုက်ကွက်ကို ပြသပြီးနောက် ကျူးယင်က သူ့သစ်သားငါးကို ထုတ်ယူလိုက်သည်။ ကျီချန်းလော့နှင့ အတွေးအတူတူ ဖြစ်လာပြီး သူက မိုဝူကျိအား ဖမ်းဆီးကာ မိုဝူကျိအား သူ့သစ်သားငါး ကမ္ဘာထဲ ခေါ်ဆောင်သွားချင်၏။
မိုဝူကျိက အင်မော်တယ်လောက၌ သူတွေ့ဖူးသမျှ ကျင့်ကြံသူထဲ အံ့ဩဖို့ အကောင်းဆုံး ဖြစ်၏။ သူက မိုဝူကျိ၏ ကိုယ်ပိုင်နယ်ပယ်အထိ ပိုင်ဆိုင်နေသော အသိစိတ်ပင်လယ်အား တကယ်အားကျမိပေသည်။ မိုဝူကျိသည် ကမ္ဘာဦးစိတ်ဝိညာဉ်မရှိဘဲ မည်သို့ ကျင့်ကြံနိုင်သည်ကိုလည်း သိချင်မိ၏။
ကျင့်ကြံဆင့် နိမ့်ကျနေသည့်အခါ ကမ္ဘာဦး စိတ်ဝိညာဉ် ပိုင်ဆိုင်ထားခြင်းက တိုက်ပွဲများအတွက် အသုံးဝင်လေသည်။ သို့သော်လည်း ကျင့်ကြံဆင့် မြင့်လာသည့်အခါ ကမ္ဘာဦး စိတ်ဝိညာဉ်မရှိခြင်းက ပိုကြောက်မက်ဖွယ် ကောင်းပေသည်။ ကျူးယင်က ထိုအချက်ကို ကောင်းကောင်း သိထား၏။
မိုဝူကျိက အားပိုကောင်းနေလျှင်ပင် ကျူးယင်က မိုဝူကျိသည် သူ့ဒုတိယလက်ချောင်း ပညာရပ်အား ခုခံနိင်စွမ်း ရှိလိမ့်မည် မဟုတ်ကြောင်း ယုံကြည်ထားသည်။ အများဆုံး မိုဝူကျိက ထိုလက်ချောင်း တိုက်ကွက်အား သူ့အသိစိတ်ပင်လယ်အတွင်း ဝင်ရောက်မလာနိုင်ဖို့ ကာကွယ်ထားနိုင်လိမ့်မည်။ သို့သော်လည်း လက်တွေ့၌ ကျူးယင်၏ ဒုတိယတိုက်ကွက်မှာ သူ့အသိစိတ်ပင်လယ်အတွင်း ဝင်ရောက်ဖို့ မလိုပေ။ ထိုအရာက မိုဝူကျိ၏ စိတ်ဝိညာဉ် အသိစိတ်ကို ဖမ်းဆုပ်ခြင်း ဖြစ်၏။
မိုဝူကျိက တွေးခေါ်နိုင်စွမ်း ပျောက်ဆုံးသွားသရွေ့ အသက်တစ်ရှိုက်စာ ဆိုလျှင်ပင် သူက မိုဝူကျိအား သူ့သစ်သားငါး ကမ္ဘာထဲ ဆွဲခေါ်နိုင်လိမ့်မည်။ ကျူးယင်က အချိန်တိုလေးအတွင်း မိုဝူကျိအနေနှင့် ရှောင်ရှားနိင်မည့် နည်းလမ်း သို့မဟုတ် လျို့ဝှက်တိုက်ကွက် အသစ်အား ထုတ်ဖော်နိုင်မည့် နည်းလမ်း မရှိကြောင်း သေချာသိနေသည်။
သက်ရှိလောက ပျောက်ကွယ်သွားသည်နှင့် ကျူးယင်၏ ဝိညာဉ်ဖမ်း လက်ချောင်းပညာရပ်က ဒုတိယတိုက်ကွက်အဖြစ် ပြောင်းလဲလာသည်။ သို့သော်လည်း မိုဝူကျိ၏ သတ္တကမ္ဘာ လက်ချောင်းမှာ အပြည့်အဝ မပျောက်ကွယ်သွားသေးပေ။ ထို့အစား ဒုတိယ လောကနှိမ်နှင်းရေး တိုက်ကွက်ဖြစ်သည့် မိုးမြေ ဖြစ်တည်လာသည်။
သက်ရှိလောကက သက်ရှိအရာများကိုသာ ထိန်းချုပ်ထားနိုင်သော်လည်း မိုးမြေမှာမူ စည်းမျည်းများကို ထိန်းချုပ်နိုင်စွမ်း ရှိပေသည်။ ထို့ကြောင့် ဤမိုးမြေ တိုက်ကွက်အောက်တွင် စည်းမျည်းများအားလုံး၊ သက်ရှိများအားလုံး၊ လျို့ဝှက်တိုက်ကွက်အားလုံးမှာ ဤမိုးမြေ၏ ထိန်းချုပ်မှုအတွင်း ကျရောက်သွားသည်။
မိုးမြေ ပေါ်လာသည်နှင့် အရာအားလုံးက မိုဝူကျိလက်အတွင်း ဆင်းသက်လာရသည်။ မိုဝူကျိက ဤမိုးမြေကို ချုပ်ထိန်းထားသူ ဖြစ်၏။
“ ဝုန်း ဘုန်း ” အကယ်၍ ဝိညာဉ်ဖမ်း လက်ချောင်းတိုက်ကွက်၏ ပထမဖမ်းဆီးခြင်းမှာ မိုဝူကျိ၏ သက်ရှိလောကနှင့် ယှဉ်ပြိုင်နိုင်ခဲ့စဉ် ဤဒုတိယတိုက်ကွက်မှာမူ မိုးမြေ၏ ထိန်းချုပ်ခြင်းကို မခံရသေးခင် မိုဝူကျိ၏ စွမ်းအားစက်ကွင်းကိုပင် ထိုးဖောက်နိုင်စွမ်း မရှိပေ။
ဝိညာဉ်ဖမ်းလက်ချောင်း တိုက်ကွက်အတွင်းမှ စည်းမျည်းမှာ ချက်ချင်း ကြေမွသွားကာ မိုးမြေအောက်တွင် ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားသည်။
ဝိညာဉ်ဖမ်း လက်ချောင်း တိုက်ကွက် ပျက်စီးသွားသည်နှင့် ကျူးယင်က မိုးမြေနောက်တွင် သူ့နဖူးအား ချိန်ရွယ်နေသည့် လက်ချောင်းအား မြင်လိုက်ရသည်။ ထိုလက်ချောင်းက ယခင် စိတ်စွမ်းအင်မြှားကဲ့သို့ ပျက်စီးစွမ်းအားများကို အရူးအမူး မစုပ်ယူနေပေ။ သို့သော်လည်း ဤလက်ချောင်း၏ စွမ်းအားက ပို၍ ကြောက်မက်ဖို့ ကောင်းပေသည်။
ကျူးယင်က ကျိုးပျက်တာအိုကို ကျင့်ကြံသည့်အတွက် သူ့အသိစိတ်ပင်လယ်နှင့် ဝိညာဉ်တို့မှာ သာမာန်ကျင့်ကြံသူထက် များစွာ အားကောင်း၏။ စိတ်စွမ်းအင်မြှားက အမှန်ပင် အားကောင်းသော်လည်း သူ့အသိစိတ်ပင်လယ်နှင့် ဝိညာဉ်၏ အင်အားကြောင့် သူ့အား အပေါ်ယံ ဒဏ်ရာမျှသာ ပေးနိုင်သည်။ သို့သော်လည်း ဤလက်ချောင်းမှာ အမှန်ပင် သူ့အား ပျက်သုန်းသွားနိုင်စွမ်း ရှိပေ၏။
ဤမိုးမြေအောက်တွင် ကျူးယင်က ဘာမှမလုပ်ဘဲ နေနေလျှင် သေဆုံးသွားမည်မှာ ယုံမှားဖွယ် မရှိပေ။
ဤလက်ချောင်း ရောက်လာသည့်အခါ ကျူးယင်၏ ဦးခေါင်းတစ်ခုလုံး ထုံထိုင်းသွားလေ၏။ သူက သူ့ဝိညာဉ်ဖမ်းလက်ချောင်းတိုက်ကွက်၏ ဒုတိယ ဖမ်းဆီးခြင်းတိုက်ကွက်မှာ တမူထူးသည်ဟု အမြဲတွေးခဲ့သည်။ သူက မိုဝူကျိ၏ လက်ချောင်းတွင်လည်း ဒုတိယတိုက်ကွက် ရှိနေပြီး ပထမတိုက်ကွက်ထက်ပင် အားကောင်းနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူစိတ်ထဲ၌ မလိုလားမှုများ ကြီးစိုးလာလေ၏။ ဤသည်မှာ နောင်တတရားတို့ ဝန်းရံလာသည်မှာ ပထမဆုံးအကြိမ် ဖြစ်ပေသည်။
သူက မိုဝူကျိနှင့် တိုက်ခိုက်ရသည်ကို နောင်တမရပေ။ ထို့အစား သူက မိုဝူကျိသည် ရိုးရှင်းသည့်သူ မဟုတ်ကြောင်း သိနေလျက်နှင့် သတိလက်လွတ်နေမိခြင်းကို နောင်တရမိသည်။ အကယ်၍ သူ ကျူးယင်က ဝိညာဉ်ဖမ်း ဒုတိယတိုက်ကွက် ရှိနေလျှင် သူများတွေလည်း လောကနှိမ်နှင်းရေး ဒုတိယတိုက်ကွက် ရှိနေနိုင်သည် မဟုတ်ပါလော။ ဝိညာဉ်ပိတ်လှောင် အကျဉ်းထောင်၌ နှစ်များစွာ အဖမ်းခံထားရပြီးနောက် သူသည် ထိပ်ဆုံးသို့ မည်သို့ တက်လာရသည်ကို မေ့လျော့သွားသည်လား။ ထိုအရာက သတိရှိခြင်း၊ ပို၍ သတိထားခြင်းမှ ဖြစ်လာခြင်း ဖြစ်၏။
အကယ်၍ သူသာ ပို၍ သတိထားခဲ့လျှင် မိုဝူကျိ၏ မိုးမြေအောက် ကျရောက်သွားမည် မဟုတ်ပေ။ စွမ်းရည်အရ သူသည် မိုဝူကျိထက် အားမနည်းပေ။ သူ့တွင်လည်း ထုတ်မသုံးရသေးသည့် လျို့ဝှက်တိုက်ကွက်များ ကျန်ရှိနေသေး၏။
“ စိတ်ဝိညာဉ် အသိစိတ် …. ပျက်စီးစမ်း ” ကျူးယင်က အော်လိုက်သည့်အခါ သူ့တာအိုစွမ်းအားနှင့် တောက်ပနေသော ရှုပ်ထွေးနေသော သင်္ကေတများမှာ ရုတ်ချည်း ပေါ်လာသည်။
ထိုသင်္ကေတများက မည်းနက်နေသည့် ဓားသွားအဖြစ် ပြောင်းလဲသွားလေ၏။ ထိုဓားသွားမှာ ကျူးယင်၏ အသိစိတ်ပင်လယ်အပေါ် ဓားသွား ဖြတ်သွားပြီး မိုဝူကျိ၏ လက်ချောင်းအား နှစ်ပိုင်း ပိုင်းဖြတ်လိုက်သည်။ ထိုသည်မှာ သူ့စိတ်ဝိညာဉ် အသိစိတ်၏ တန်ဖိုး ပေးဆပ်လိုက်ရခြင်း ဖြစ်၏။
“ ဝုန်း ” မိုဝူကျိ၏ မိုးမြေက ထိုဓားနက်ကြီးနှင့် ထိပ်တိုက် တွေ့သွားသည။ လေထုအတွင်း ဝိညာဉ်ပျက်စီးလုမတတ် စွမ်းအားတစ်ခု ဖြစ်တည်လာသည်။ မိုဝူကျိက တောင့်မခံထားနိုင်တော့ဘဲ သွေးအန်ထုတ်လိုက်ရသည်။ ထိုစဉ် သူ့ဝိညာဉ်မှာ ခြောက်ခမ်းသွားပြီး တစ်ကိုယ်လုံးမှာ ပင်ပန်းနွမ်းနယ်လာလေ၏။
တစ်ချိန်တည်းဆိုသလို ကျူးယင်က သူ့အသိစိတ်ပင်လယ် အတွင်းပိုင်းမှ အက်ကွဲသံကို ကြားလိုက်ရသည်။
သူ့ဦးခေါင်းမှ သွေးများ ထွက်လာလေ၏။ အပေါ်ယံတွင် အပေါ်ယံဒဏ်ရာနှင့် တူနေသော်လည်း လက်တွေ့၌ သူ ပျောက်ဆုံးသွားသည့်အရာကို သေချာသိလိုက်ရသည်။ မိုဝူကျိ၏ လက်ချောင်းနှင့် ရင်ဆိုင်ရာ၌ သူ့စိတ်ဝိညာဉ် အသိစိတ်နှင့် ပြန်ပေးဆပ်လိုက်ရသည်။
ကျူးယင်အတွက် သူ့စိတ်ဝိညာဉ် အသိစိတ် ကြေကွဲသွားခြင်းမှာ သူ့အင်အား လျော့ကျသွားရုံမျှ မဟုတ်ပေ။ သူ့ဝိညာဉ်ဖမ်း လက်ချောင်းတိုက်ကွက်က ဒုတိယတိုက်ကွက် စိတ်ဝိညာဉ် အသိစိတ်ကို နောက်တစ်ခေါက် ထပ်မသုံးနိုင်တော့ပေ။ ဤသည်မှာ သူ့အတွက် ကြောက်ဖို့အကောင်းဆုံး ကိစ္စ မဟုတ်သေးပေ။ ကြောက်စရာအကောင်းဆုံးအရာမှာ သူ့စိတ်ဝိညာဉ် အသိစိတ်က ကြေမွသွား၍ ဝိညာဉ်ပိတ်လှောင် အကျဉ်းထောင်လိုမျိုး နေရာကို ရှာကာ သူ့အင်အား ပြန်မရလာခင်အထိ လေ့ကျင့်ရဦးမည် ဖြစ်၏။ အကယ်၍ သူက ဤသို့မျိုးနေရာ ရှာမတွေ့ခဲ့လျှင် သူ့အနေနှင့် တစ်ဘဝလုံး တိုးတက်နိုင်တော့မည် မဟုတ်ပေ။ သူ့မဟာတာအိုပင် ရပ်ဆိုင်းသွားပေလိမ့်မည်။
မည်သိုပင် ဖြစ်စေကာမူ သူ ထွက်ပြေးရမည်။ ဝေးဝေးသို့ ထွက်ပြေးရမည်။ သူ့အင်အား ပြန်မကောင်းလာခင်အထိ ပြန်မလာတော့ပေ။
မိုဝူကျိက အရမ်းကြောက်ဖို့ ကောင်း၏။
သူ့ဝိညာဉ်မှာ ခမ်းခြောက်သွားသည်ကို ခံစားနေရသော်လည်း မိုဝူကျိက သူ့စွမ်းအားစက်ကွင်းအား ထုတ်လွှင့်ထားဆဲ ဖြစ်သည်။ တစ်ချိန်တည်းဆိုသလို သူက သေခြင်း ရှင်ခြင်း ကံကြမ္မာ စက်ဝန်းကိုလည်း ပြင်ဆင်ထား၏။ သူက ကျူးယင်အား သတ်ချင်နေမိသည်။
မိုဝူကျိအား အံ့ဩစေသည်က သူ့လက်ချောင်းအား ကာကွယ်ပြီးသည့်နောက်တွင် ကျူးယင်က စတင်၍ တစစီ ဖြစ်လာခြင်း ဖြစ်၏။ ထို့နောက် သူက မြူခိုးနက်များအဖြစ် ပြောင်းလဲသွားပြီး နေရာမှ အရိပ်အယောင်ပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားတော့သည်။
မိုဝူကျိက စိတ်ဝိညာဉ်မျက်လုံးကို အသက်သွင်းထားသော်လည်း ကျူးယင် ဘယ်နေရာသို့ ထွက်ပြေးသွားကြောင်း မခန့်မှန်းနိုင်ပေ။
မိုဝူကျိက ဆွံ့အနေမိသည်။ သူက သူ့စွမ်းရည်ဖြင့် ကျူးယင်အား မရှာနိုင်ကြောင်း သိလိုက်၏။ သူ ရှုံးနိမ့်သွားလျှင်လည်း ကျူးယင်အနေနှင့် သူ့အား ရှာနိုင်မည် မဟုတ်ပေ။ သူ့လေလွတ်မြောက်ရေး နည်းစနစ်ဖြင့် သူက လေပြေလေးအလား ပြောင်းလဲကာ ပျောက်ကွယ်သွားနိုင်သည်။ ကျူးယင်၏ လွတ်မြောက်ရေး နည်းစနစ်မှာ ဝိညာဉ်နှင့် ပတ်သတ်နေကြောင်း သိသာလှသည်။
ဖင်းဖန်ဘေးပတ်လည်တွင် လူများနှင့် ပြည့်နှက်နေသည်။ ကျူးယင်က ဒဏ်ရာအပြင်းအထန်နှင့် ထွက်ပြေးသွားပြီးသည့်နောက်တွင် လူအုပ်ကြား တိတ်ဆိတ်မှုသာ ကြီးစိုးနေလေ၏။
ကျူးယင်အား မသိသည့် လူများအကြောင်းကိုပင် ထည့်ပြောဖို့ မလိုပေ။ သို့သော်လည်း ကျူးယင်အား သိထားသူများက သူတို့စိတ်ထဲ တုန်လှုပ်မှုများနှင့် ကြီးစိုးနေသည်။
ကျူးယင်က ဘယ်လောက် အားကောင်းလဲ….
ကျူးယင် ဖျက်စီးပစ်လိုက်သည့်ဂိုဏ်းမှာ လျှပ်စီးဂိုဏ်း၊ မဟာဓားလမ်းစဉ်ဂိုဏ်းနှင့် ကျယ်ပြောပင်လယ် အင်မော်တယ်ကျောင်းတို့ ပေါင်းထားလျှင်ပင် မယှဉ်နိုင်သေးပေ။ ကျီချန်းလော့က ကျူးယင်အား ဝိုင်းဖို့ မဟာဧကရာဇ် ဆယ်ယောက်ကျော် ခေါ်ထားရသည့်အကြောင်းပင် ကောလဟာလများ ထွက်လာဖူးသေး၏။ သို့သော်လည်း ကျူးယင်က မဟာဧကရာဇ် ရှစ်ယောက်အား ဒဏ်ရာအပြင်းအထန် ရစေကာ ကျီချန်းလော့ဆီမှ ဖမ်းဆီးခြင်း မခံရခင် ကျီချန်းလော့အား ဒဏ်ရာပေးနိုင်ခဲ့သည်။
ဤသို့မျိုး ရက်စက်သည့်သူက ဂိုဏ်းချုပ်မိုအား အနိုင်မယူနိုင်ပေ။ ထိုမျှတင် မကသေးဘဲ သူက ဂိုဏ်းချုပ်မိုကြောင့် ဒဏ်ရာအပြင်းအထန် ရရင်း လက်တစ်ဖက်ပြတ်ကာ ထွက်ပြေးသွားရသည်။
ဝိညာဉ်ကျိုးလူသား ကျူးယင်အကြောင်း သိထားသူများအတွက် မိုဝူကျိ၏ ထိုအပြုအမူမှာ မဟာဧကရာဇ်များကို သတ်ခြင်းထက်ပင် ပို၍ ခက်ခဲပေသည်။
ကျူးယင်က လက်တစ်ဖက်တည်း ဆုံးရှုံးသွားခြင်း မဟုတ်ကြောင်း မည်သူမှ မသိကြပေ။ သူ့စိတ်ဝိညာဉ် အသိစိတ် ဆုံးရှုံးသွားသည်နှင့် ယှဉ်လျှင် ကျူးယင်၏ လက်တစ်ဖက်က ပုရွတ်ဆိတ်ကိုက်သလောက်မျှသာ ရှိ၏။
မိုဝူကျိက ကြောင်အမ်းနေသည့် စုကျီအန်းတို့ဘက် လှည့်ကာ “ ကျီအန်း … ဖင်းဖန်အင်မော်တယ်ကျောင်းတော်ကို ခင်ဗျားနဲ့ ဝေကျီတောက်တို့ဆီ အပ်ခဲ့မယ်။ ကျုပ် အချိန်တစ်ခုလောက် ထွက်သွားရဦးမယ်။ မိုချင်းချယ်က ကျုပ်ဆွေမျိုးပါ။ သူမအတွက် ကျင့်ကြံဖို့ နေရာလေး စီစဉ်ပေးလိုက်ပါဦး ”
ထို့နောက် မိုဝူကျိက မိုချင်းချယ်ဘက် လှည့်ကာ “ ချင်းချယ် …. တကယ်လို့ မင်း မသိတာ တစ်ခုခုရှိရင် အကြီးအကဲစုနဲ့ ညာဘက်ရုံးဝေတို့ကို မေးလို့ရတယ် ”
“ ကျီအန်း နားလည်ပါပြီ ” စုကျီအန်းက နောက်ဆုံးတွင် အသိပြန်ကပ်လာသည်။ သူက စိတ်လှုပ်ရှားမှုအား ချိုးနှိမ်ကာ လေးလေးစားစား ဦးညွှတ်လိုက်လေ၏။
ဖင်းဖန်၏ ဂိုဏ်းချုပ်က ဤမျှအားကောင်းလေရာ ကျီချန်းလော့ပင် သူတို့အား နှောင့်ယှက်ရဲတော့မည် မဟုတ်ပေ။
ဝေကျီတောက်က ပို၍ တုန်လှုပ်မိကာ စိတ်လှုပ်ရှားနေမိသည်။ လက်ရှိ ကျူးယင်အကြောင်းကို ထည့်မပြောလျှင်ပင် ယခင်နှစ်တစ်သောင်းလောက်က ကျူးယင်ပင် သူ့အား အလွယ်လေး အနိုင်ယူနိုင်လေ၏။ ဤနှစ်ပေါင်းတစ်သောင်းကျော်အတွင်း သူ ဝေကျီတောက်က အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့်မှ မဟာဧကရာဇ်အဆင့်သို့သာ တက်လှမ်းနိုင်ခဲ့သည်။ တစ်ဖက်တွင် သူ့ဖင်းဖန် အင်မော်တယ်ကျောင်းတော်၏ ဂိုဏ်းချုပ်က ကျူးယင်အား အမှန်တကယ် ဖိနှိပ်နိုင်ခဲ့သည်။ ဖင်းဖန်တွင် နေရန် ရွေးချယ်ခဲ့မှုက သူ့အတွက် မှန်ကန်ပေခဲ့သည်။
“ ဟုတ်ကဲ့ ဖိုးဖိုး ” မိုချင်းချယ်ကလည်း မြန်မြန် ပြောလိုက်၏။
ကျူးယင်နှင့် တိုက်ပွဲက သိပ်မကြာမြင့်သော်လည်း သူမအား အရမ်းကို တုန်လှုပ်စေမိသည်။ တစ်ချိန်တည်းဆိုသလို သူမ၏ အဖိုးဖြစ်သူက မည်မျှ အားကောင်းကြောင်း သေချာသိသွားလေ၏။
ထိုကျူးယင်က လက်ဖဝါးတစ်ချက်တည်းနှင့် လူတစ်သောင်းကို သတ်နိုင်သည့်အထိ အရမ်းအားကောင်းပေသည်။ သူက အရမ်းအံ့ဩဖို့ ကောင်းနေသော်လည်း သူမ အဖိုးဖြစ်သူက သူ့အား အနိုင်ယူခဲ့သည်။
သူမက အဖိုး၏ အမွေအနှစ်ကို လေ့ကျင့်နေခြင်း ဖြစ်၏။ အကယ်၍ သူမ အဖိုး မိုဝူကျိသာ လုပ်နိုင်လျှင် သူမ မိုချင်းချယ်လည်း လုပ်နိုင်ရမည်။
ထို့နောက် မိုဝူကျိက လက်နှစ်ဖက်ယှက်ကာ လူအုပ်ကြီးထံ ပြောလိုက်သည် “ အင်မော်တယ်လောကက ရောင်းရင်းတို့ …. ကျုပ်တို့ ဖင်းဖန်အင်မော်တယ်ကျောင်းတော်က ပြန်လည်တည်ဆောက်နေတော့ အရင်းအမြစ် များများ လိုအပ်ပါတယ်။ အဲဒါကြောင့် အားလုံးရဲ့ အကူအညီ လိုအပ်ပါတယ်။ ကျုပ်တို့ ဖင်းဖန်အင်မော်တယ်ကျောင်းတော်က လိုအပ်တဲ့ အင်မော်တယ်ကျောက် ပမာဏကို ထောက်ပံ့ပေးပါ့မယ် ”
မိုဝူကျိက ထိုစကားများကို ပြောလိုက်စဉ် အင်မော်တယ်များစွာက အထောက်အပံ့ပေးရန် ရှေ့တိုးလာကြသည်။
ချန်းစန်က ဦးဆုံးထွက်လာပြီး “ ဂိုဏ်းချုပ်မို … တကယ်တော့ ကျုပ်တို့ လာတာက တိုက်ပွဲမှာ လာကူညီဖို့ပါ၊ ဒါပေမဲ့ အခုတော့ ကျုပ်တို့က ကူညီဖို့ အားမကောင်းကြဘူး။ ဖင်းဖန်အင်မော်တယ်ကျောင်းတော်က ပြန်လည်တည်ဆောက်မှာဆိုတော့ ကျုပ် ချန်းစန်က ဦးဆုံး ထောက်ပံ့ပေးပါ့မယ် ”
“ ဟုတ်တယ် …. ကျုပ်တိုတွေ ဖင်းဖန် အင်မော်တယ်ကျောင်းတော် ပြန်လည်တည်ဆောက်ဖို့ ကူညီပေးကြမယ် ” လူအုပ်ကြီးက ကျယ်ကျယ်လောင်လောင် ပြောလိုက်သည်။
မိုဝူကျိက လူအုပ်ကြီးထံ လက်နှစ်ဖက်ယှက်ပြီးနောက် ချန်းစန်ဘက် လှည့်ကာ “ အင်မော်တယ်ရောင်းရင်း ချန်းစန် … ကျုပ် ကောင်းကင်ဘုံအလွန် စကြဝဠာမှာ ရှိနေတုန်း ချန်းဟူသတင်းတချို့ ကြားလိုက်သေးတယ်။ သူက နည်းနည်း မတော်တဆ ဖြစ်သွားတယ်တော့ ကြားမိတယ်။ ဒါပေမဲ့ အဲကိစ္စက အတည်မပြုရသေးတော့ ကိုယ်တိုင်တော့ မမြင်ခဲ့ရဘူး။ ကျုပ် ကောင်းကင်ဘုံစကြဝဠာအလွန်ကို ပြန်ရောက်တဲ့အခါ ချန်းဟူကို သေချာပေါက် ရှာပေးပါ့မယ် ”
ချန်းစန်က ချန်းဟူ ထိခိုက်မိကြောင်း ကြားသောအခါ မျက်ဝန်းများက နီရဲလာလေ၏။ သူက မိုဝူကျိထံ ဦးညွှတ်ကာ “ ဂိုဏ်းချုပ်မို … ဂိုဏ်းချုပ်မို ကောင်းကင်ဘုံအလွန် စကြဝဠာဆီ ပြန်သွားတဲ့အခါ ကျုပ်ကိုပါ တစ်ခါတည်း ခေါ်သွားပေးလို့ ရမလား ”
“ ကောင်းပြီလေ ” မိုဝူကျိက ချန်းစန်၏ တောင်းဆိုချက်ကို လက်ခံလိုက်သည်။
ထိုစဉ် မိုဝူကျိ၏ ဦးစားပေးမှာ အထက်ဘုံသို့ သွားရန် ဖြစ်၏။ လျှပ်စီးဂိုဏ်းနှင့် ကျယ်ပြောပင်လယ် အင်မော်တယ်ကျောင်းတော်ကိုတော့ သူက သွားကြည့်နေစရာ မလိုတော့ပေ။ ထိုဂိုဏ်းမှ လူများမှာ ထွက်ပြေးသွားပြီ ဖြစ်ကြောင်း သိထား၏။ ထို့အပြင် မိုဝူကျိက လိန်ကူယွင်နှင့် ကျင်းယွီရှန်းတို့ကိုသာ သတ်ချင်လေရာ ယခု ထိုနှစ်ဦးလုံးကို သတ်ပြီးပြီ ဖြစ်၍ သူတို့ဂိုဏ်းအား ဂရုမစိုက်တော့ပေ။
ဤအချိန်၌ သူ သတ်ချင်နေသည့်သူမှာ ကျီချန်းလောသာ ကျန်ရှိနေတော့သည်။
***