← Chapters

ရိုးရိုးတမ်းတမ်း သေဆုံးခြင်း

Vol. 63 Ch. 867

ရိုးရိုးတမ်းတမ်း သေဆုံးခြင်း

Vol. 63 Ch. 867

အထက်ဘုံ၊ တာအိုဧကရာဇ် နန်းတော်

ကျီချန်းလော့က စိတ်မသက်မသာ ဖြစ်နေရုံမှလွဲ၍ မတတ်နိုင်တော့ပေ။ ရက်များစွာကုန်လွန်လာသော်လည်း ကုံးရှုရှီဖန်းဆီမှ သတင်း မကြားရသေးပေ။ အကယ်၍ ထိုအရာက မလုံလောက်သေးလျှင် သူ့အား အင်မော်တယ်လောက၏ သတင်းများကို ပို့ပေးသော ဂိုဏ်းများလည်း တိတ်ဆိတ်နေကြ၏။

မဟုတ်သေးပါဘူး …

ဒီလိုဆက်သွားတာက ဖြေရှင်းနည်း မဟုတ်သေးဘူး …

အကယ်၍ မိုဝူကျိက တာအိုဧကရာဇ်ကို မသတ်နိုင်လျှင် ကျီချန်းလော့က ဂရုစိုက်နေမည် မဟုတ်ပေ။ သို့သော်လည်း အဓိကအချက်မှာ မိုဝူကျိ၏ တိုက်ပွဲမှတ်တမ်းများက အမှန်တကယ် တုန်လှုပ်ဖို့ ကောင်းလှသည်။ မိုဝူကျိက လွန်ဖာကိုပင် သတ်နိုင်စွမ်း ရှိလေ၏။ သူ ကျီချန်းလော့ပင် လွန်ဖာအား မသတ်နိုင်ပေ။

“ လာကြစမ်း …. လိန်ဟုန်ကျီကို ခေါ်ခဲ့ကြ ” ကျီချန်းလော့က ဆက်မစောင့်နိုင်တော့ပေ။

“ ဟုတ်ကဲ့ ” တာအိုဧကရာဇ် နန်းတော်အပြင်ဘက်မှ အသံ ထွက်ပေါ်လာသည်။

အမွေးတိုင်တစ်ဝက်စာအတွင်း နန်းတော်အပြင်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာသည်  “ ဆရာ ကျွန်တော်ကို ရှာလား ”

ကျီချန်းလော့က ပျူဌာစွာ ပြောလိုက်သည်  “ ဟုန်ကျီ …. လာလာ … ငါ့မှာ ကိစ္စတချို့ရှိလို့ မင်းကို ဖြေရှင်းစေချင်တယ် ”

“ ဟုတ်ကဲ့ ဆရာ ” အရပ်ရှည်ရှည် ခပ်တောင့်တောင့် လိန်ဟုန်ကျီက ဝင်လာလေ၏။ အထက်ဘုံသို့ ရောက်ရှိလာစဉ်နှင့် ယှဉ်ကြည့်လျှင် သူ့ဘေးပတ်လည်၌ မထိန်းနိုင်မသိမ်းနိုင် ပြင်းပြနေသော လျှပ်စီးအငွေ့အသက်များ ရှိမနေတော့ပေ။

ကျီချန်းလော့က ခေါင်းညိတ်ပြကာ  “ မဆိုးဘူး …. မဆိုးဘူး။ ငါ့တပည့်တွေထဲမှာ မင်းရဲ့ အရည်အချင်းက တကယ်ကို ထူးခြားတယ်။ မင်းရဲ့ အင်မော်တယ် ဧကရာဇ်အဆင့်က အခြေတည်သွားပြီဆိုတော့ ပညာရှင်တစ်ယောက်ရဲ့ အရှိန်အဝါတွေ ရှိနေပြီ ”

လိန်ဟုန်ကျီက လေးလေးစားစား ဦးညွှတ်ပြကာ  “ ဆရာက ကျွန်တော်ကို ချီးကျူးလွန်းနေပါပြီ။ ကျွန်တော်ရဲ့ ဆရာတူအစ်ကိုတွေနဲ့ ယှဉ်ရင် ကျွန်တော်က လိုအပ်နေပါသေးတယ် ”

ကျီချန်းလော့က သူနှင့် မျက်နှာချင်းဆိုင်ရှိ ထိုင်ခုံကို ညွှန်ပြကာ  “ ဟုန်ကျီ … မင်း ငါ့တပည့် ဖြစ်လာကတည်းက ငါက မင်းကို ငါ့သားတစ်ယောက်လို သတ်မှတ်ထားတာ။ မင်းအနေနဲ့ အားနာနေဖို့ မလိုဘူး ”

လိန်ဟုန်ကျီက နောက်တစ်ဖန် ဦးညွှတ်ပြီးနောက် ထိုင်ချလိုက်သည်။ ကျီချန်းလော့လည်း ထိုင်လိုက်၏။ ကျီချန်းလော့ ထိုင်ပြီးနောက် သူက အခါးရည်အိုးကို ထုတ်ကာ စားပွဲ ထောင့်တစ်နေရာပေါ် တင်လိုက်သည်  “ ဟုန်ကျီ … ဆရာက နည်းနည်း အားနာမိတယ်။ ဆရာက မင်းဆီကနေ ဌားစရာရှိတယ် ”

လိန်ဟုန်ကျီက ပြန်ထလိုက်ရင်း ပြောလိုက်သည်  “ ဆရာက တစ်ခုခုလိုတယ်ဆိုရင် ဌားတာလို့ ပြောနေစရာ မလိုပါဘူး။ ဒီတပည့်လေးကို မေးလိုက်ရုံပါပဲ ”

လိန်ဟုန်ကျီက စကားအဆုံးတွင် အခါးရည်အိုးကို အရင်ဦးဆုံး ဌဲ့ကာ ကျီချန်းလော့အား စိတ်ဝိညာဉ် အခါးရည်တစ်ခွက် ထည့်ပေးလိုက်သည်။

ကျီချန်းလော့က အခါးရည်ခွက်ကို လက်ခံလိုက်သော်လည်း မသောက်သေးပေ။ ထို့အစား အခါးရည်ခွက်ကို စားပွဲပေါ် ပြန်တင်ထားလိုက်ပြီး  “ အဲကိစ္စက မင်းအတွက်လည်း အရမ်းအရေးကြီးတော့ ဆရာက နည်းနည်း အပြစ်ရှိစိတ် ဝင်မိတယ် … ”

လိန်ဟုန်ကျီက ရယ်မောကာ  “ ဆရာ ပြောလိုက်ပါ … ကျွန်တော် လိန်ဟုန်ကျီမှာ အပိုရှိနေရင် ပေးဖို့ အဆင်ပြေပါတယ် ”

ကျီချန်းလော့က အနည်းငယ် စိတ်တုန်လှုပ်မိသွားသည်။ သူက လိန်ဟုန်ကျီ၏ စကားနှင့် ပတ်သတ်၍ တစ်ခုခု မှားယွင်းနေကြောင်း ခံစားနေမိ၏။

အပိုဆိုတာက ဘာကိုပြောတာလဲ ….

“ ဟုန်ကျီ … မင်းရဲ့ ဝိညာဉ်ကြောက အရမ်းကောင်းတယ်ဆိုတာကို သိပါတယ်။ သူတို့က အဆင့်ကဲ ဝိညာဉ်ကြောမလား၊ အရိုးသားဆုံးပြောရရင် ငါ ကျင့်ကြံနေတဲ့ သက်တမ်းတစ်လျှောက် အဲလို ဆင့်ကဲ ဝိညာဉ်ကြောမျိုး မတွေ့ဖူးဘူး။ ငါ တာအိုဧကရာဇ်အဆင့်ကို ရောက်တာ ကြာပြီဆိုပေမဲ့ ငါ့ကျင့်ကြံရေး အလားအလာက အဆုံးသတ်ကို ရောက်နေပြီ။ အဲကြောင့် မင်းဆီကနေ ဝိညာဉ်ကြောကို ဌားချင်တယ် …. ” ကျီချန်းလောက စကားအဆုံးတွင် လိန်ဟုန်ကျီအား တည်တည်ငြိမ်ငြိမ် ကြည့်လိုက်၏။

လိန်ဟုန်ကျီက အံ့ဩသွားဟန် မပေါ်ဘဲ အပြောင်းအလဲမရှိ ပြောလိုက်သည်  “ အဲဒါကိုတော့ ဌားမပေးနိုင်လောက်ဘူး ”

“ အွန်း  … အဲဒါက မင်းအပေါ် မမူတည်ပါဘူး။ ငါ့အပေါ်ပဲ မူတည်တယ်။ ငါ့ရဲ့ အခါးရည်အိုးက အစီအရင်ပြားဆိုတာကို မင်းလည်း သိတယ်မလား။ ဒါပေမဲ့ မင်းအနေနဲ့ စားပွဲထောင့်ကနေ ရွေ့လိုက်ရင်တောင် အသုံးမဝင်ဘူး။ အခု ငါတောင် အဲဒီထောင်ချောက် အစီအရင်ကို ပြန်မဖြေနိုင်ဘူး” ကျီချန်းလော့က သက်ပြင်းချကာ မတ်တတ်ရပ်လိုက်ပြီး လိန်ဟုန်ကျီ၏ ပခုံးကို ပုတ်ပေးဖို့ ကြိုးစားလိုက်သည်။

သူက ထိုအစီအရင်အပြားကို ကောင်းကင်ဘုံအလွန် စကြဝဠာမှ ဝယ်ယူထားခြင်း ဖြစ်၏။ ဤသည်မှာ အဆင့် ၉ ကို ကျော်လွန်နေသည့် အစီအရင် ဖြစ်ပေသည်။ အသက်သွင်းလိုက်သည်နှင့် သူမှလွဲ၍ အားလုံးမှာ အင်မော်တယ် သဘာဝစွမ်းအားများနှင့် စိတ်စွမ်းအားများ ပိတ်ဆို့ခံထားရမည်။

ကျီချန်းလော့က လက်ကို မြှောက်ဖို့ ကြိုးစားလိုက်သည့်အခါ သူ့မျက်နှာ အမူအယာ ပြောင်းလဲသွားလေ၏။ သူ့အင်မော်တယ် သဘာဝစွမ်းအားနှင့် စိတ်စွမ်းအားတို့မှာ ခန္ဓာကိုယ်အတွင်း ပိတ်မိနေပြီး အသုံးပြု၍ မရပေ။

“ မင်း ….” ကျီချန်းလော့ စိတ်ထဲ လေးလံမိသွားသည်။ အရူးပင် တစ်ခုခု လွဲမှားနေကြောင်း သိပေလိမ့်မည်။

လိန်ဟုန်ကျီက အပြောင်းအလဲမရှိ ပြောလိုက်သည်  “ ခင်ဗျား ထပ်စောင့်နေဦးမယ်လို့ ထင်ထားတာ။ ခင်ဗျားက ဒီလောက် စိတ်မရှည် ဖြစ်နေလိမ့်မယ်လို့ တွေးမထားမိဘူး။ ကျုပ်ကို တကယ်စိတ်ပျက်စေတာပဲ ”

“ မင်း သိနေတာလား ” ကျီချန်းလော့၏ စိတ်မှာ ဟိုးအဆုံးအစွန် ချောက်နက်ထဲ ကျရောက်သွားလေပြီ။

လိန်ဟုန်ကျီ၏ အသံမှာ တည်ငြိမ်နေပြီး  “ တကယ်လို့ ကျုပ်သာ မသိရင်  ကျုပ် လိန်ဟုန်ကျီက ဒီနေရာအထိ ရောက်လာနိုင်မှာ မဟုတ်ဘူး။ အရှင်ဆုံးပြောရရင်တော့ ခင်ဗျားကို လေးစားပါတယ်။ ခင်ဗျားက ကျုပ်ရဲ့ ဝိညာဉ်ကြောတွေက ဘယ်လောက်တောင် ကောင်းကင်ဘုံသွေဖယ်နေလဲဆိုတာ အပြည့်အဝ နားလည်သွားတဲ့ ပထမဆုံးသူပဲ။ တကယ်လို့ ခင်ဗျား ဒီနေ့ မလုပ်ရင်လည်း နောက်ရက်နည်းနည်းကြာရင် ကျုပ် လုပ်မိလိမ့်မယ် ”

“ ငါက မင်းဆရာ ” ကျီချန်းလော့က ဖြည်းဖြည်းချင်းစီ ပြောလိုက်သည်။ သူက မအော်ပေ။ ဤအစီအရင်အတွင်း အော်နေလျှင်လည်း အသုံးမဝင်ကြောင်း သိထား၏။

လိန်ဟုန်ကျီက ခေါင်းခါကာ အနည်းငယ် အထင်သေးစွာဖြင့်  “ ခင်ဗျားက ကျုပ်ရဲ့ငါးယောက်မြောက်ဆရာလို့တော့ ယူဆလို့ ရပါတယ်။ ဒါနဲ ခင်ဗျားရှေ့က ကျုပ်ဆရာလေးယောက် ဘယ်လိုဖြစ်သွားတယ်ဆိုတာ မသိချင်ဘူးလား ”

“ ဘာ ” ကျီချန်းလော့က မေးလိုက်မိ၏။

လိန်ဟုန်ကျီက ဖြည်းဖြည်းချင်း ပြောလိုက်သည်  “ပထမဆုံး ဆရာက ကျုပ်ရဲ့ စိတ်ဝိညာဉ်ကို ဖွင့်ဖို့ ကူညီပေးခဲ့တယ်။  ကျုပ် ဝိညာဉ်ကြောတွေက ဆင့်ကဲတိုးတက်နိုင်တယ်ဆိုတာကို ဦးဆုံးသိတာလဲ သူပဲ …. အဲဒီနောက်ကျ သူ သေသွားတယ်။ ကျုပ်ရဲ့ ဒုတိယဆရာက ကြယ်တာရာသခင်တစ်ယောက်။ သူက ကျုပ်ကို ကျင့်ကြံရေး အရင်းအမြစ်များစွာ ထောက်ပံ့ပေးခဲ့တယ်။ အဲဒီနောက်ကျ သူလည်း သေသွားတယ်။ ကျုပ်ရဲ့ တတိယမြောက်ဆရာက အင်မော်တယ်လောကရဲ့ ဦးဆုံးဆရာပေါ့။ သူ့မှာ နောက်ထပ် နာမည်တစ်ခု ရှိသေးတယ် … မဟာဧကရာဇ် အဆိပ်ကောင်းကင်တဲ့ …. ”

“အဆိပ်ကောင်းကင် …” ကျီချန်းလော့၏ မျက်နှာမှာ ပြောင်းလဲသွားလေ၏။ နောက်ဆုံးတွင် သူ့အခြေအနေကို နားလည်သွားတော့သည်။ သူကား အဆိပ်ခတ်ခံလိုက်ရလေသည်။ မဟာဧကရာဇ် အဆိပ်ကောင်းကင်အကြောင်း မည်သို့မသိဘဲ နေမည်နည်း။ ထိုသူက သူပင် ရန်မစမိလိုသောသူ ဖြစ်၏။ ထိုသူက ကောင်းကင်ထဲ အဆိပ်ကို ထားနိုင်ပြီး သူ့လက်ကို ထိမိလိုက်သူမှာ ယုံမှားဖွယ်မရှိ သေဆုံးမည် ဖြစ်ကြောင်း သတင်းများ ထွက်ခဲ့ဖူး၏။

လိန်ဟုန်ကျီက ဆက်ပြောလိုက်သည်  “ သူလည်း သေသွားတယ်။ ကျုပ်ရဲ့ စတုတ္ထမြောက်ဆရာက လိန်ကူယွင်တဲ့ … သူလည်း လွန်ခဲ့တဲ့ရက်အနည်းငယ်က သေသွားတယ်လို့တော့ ကြားလိုက်တယ်။ သူက ကျုပ်ကိုယ်တိုင် မသတ်လိုက်ရတဲ့ တစ်ဦးတည်းသော ဆရာပဲ …. ခင်ဗျားက ငါးယောက်မြောက်။ တကယ်တော့ ခင်ဗျားမှာ ရက်နည်းနည်းတော့ အချိန်ရပါသေးတယ် …. ”

“ ငါ ဘယ်လိုအဆိပ်ခတ်ခံလိုက်ရတာလဲ … မင်းက ငါ့အစီအရင်ထဲမှာ ဘာလို့ သက်ရောက်မှု မခံရတာလဲ။ မဟုတ်ရင် ငါ ငြိမ်းငြိမ်းချမ်းချမ်း သေနိုင်မှာ မဟုတ်ဘူး …” ကျီချန်းလောက အလောတကြီး မေးလိုက်သည်။

“ ကျုပ်အပေါ် သက်ရောက်မှုမရှိဘူးလို့  ဘယ်သူက ပြောလဲ … ခင်ဗျား ငြိမ်းငြိမ်းချမ်းချမ်း သေရဖို့ ကျုပ်က ဂရုစိုက်နေရမှာလား ” လိန်ဟုန်ကျီက ဝတ်ရုံလက်ထဲမှ ဓားတစ်ချောင်းကို ဆွဲကာ ကျီချန်းလော့အနား လျှောက်လှမ်းလာလေ၏။

“ အဲဆို မင်းက ငါ့အစီအရင်ကို မချိုးဖောက်နိုင်ဘူးပဲ ….” ကျီချန်းလော့ မျက်ဝန်းထောင့်၌ မျှော်လင့်ချက် အရိပ်အယောင်တချို့ ဖြတ်ပြေးလာသည်။ လိန်ဟုန်ကျီက သူနှင့် အတူတူ ဖြစ်နေပြီး နှစ်ယောက်လုံးမှာ အင်မော်တယ် သဘာဝစွမ်းအားများနှင့် စိတ်စွမ်းအားများ ပိတ်ဆို့ခံထားရ၏။

လိန်ဟုန်ကျီက နှစ်လိုဖွယ် ပြုံးကာ “ ကျုပ်က ခင်ဗျားနဲ့ မတူဘူး။ ခင်ဗျားကို အဆိပ်ခတ်ထားတော့ ခင်ဗျားတစ်ကိုယ်လုံး ထုံထိုင်းနေလိမ့်မယ်။ ကျုပ်အတွက်က စိတ်စွမ်းအားနဲ့ အင်မော်တယ် သဘာဝစွမ်းအားတို့ ပိတ်ဆို့ခံထားရတာက လွဲရင်  သာမာန်လူတစ်ယောက်ကို လှုပ်ရှားနိုင်သေးတယ် ”

“ ဟားဟား ” ကျီချန်းလော့က အားရပါးရ ရယ်မောလိုက်သည်။ သူက တာအိုဧကရာဇ် တစ်ဦး ဖြစ်ကာ  စိတ်စွမ်းအားနှင့် အင်မော်တယ် သဘာဝစွမ်းအားများ မရှိသည့် လိန်ဟုန်ကျီက နှစ်တစ်ရာ အချိန်ရှိလျှင်ပင် သူ့အား သတ်နိုင်မည် မဟုတ်ပေ။

နှစ်တစ်ရာအကြောင်းကို ထည့်ပြောနေဖို့ မလိုပေ။ အကယ်၍ သူ ရက်အနည်းငယ်ကြာပြီးနောက် ထွက်မလာလျှင် သူ့နောက်လိုက်များက သံသယ ဝင်လာပေလိမ့်မည်။

“….” ကျီချန်းလော့၏ ရယ်သံက ရပ်တန့်သွားလေ၏။ လိန်ဟုန်ကျီတွင် အင်မော်တယ် သဘာဝစွမ်းအားနှင့် စိတ်စွမ်းအားတို့ ရှိမနေသော်လည်း လိန်ဟုန်ကျီ၏ ဓားလေးက သူ့နဖူးထဲ အလွယ်တကူ စိုက်ဝင်သွားကာ အသိစိတ်ပင်လယ်ကို ဖျက်စီးပစ်ပြီး သူ့ကမ္ဘာဦးစိတ်ဝိညာဉ်နှင့် ဝိညာဉ်အား‌ ချေမှုန်းနိုင်ခဲ့၏။

“ အဲဒါ ဘာဓားလဲ ” ကျီချန်းလော့က သူ့ဘာသာ ရေရွတ်လိုက်သည်။ သူက လိန်ဟုန်ကျီသည် သူ့အား ပြန်ဖြေပေးလာလိမ့်မည်ဟု မထင်ထားပေ။ သူက သေနိုင်ဖို့သာ မျှော်လင့်ထား၏။

သူ့ဘဝတွင် တာအိုဧကရာဇ် ဖြစ်လာပြီးနောက် အထက်ဘုံတွင် နေထိုင်ခဲ့ပြီး အင်မော်တယ်လောကကို အုပ်စိုးခဲ့သည်။

သူ မခံစားဖူးသည့် သာယာမှုဆိုတာ ရှိမည်လား …. သူ မမြင်တွေ့ဖူးသည့် မြင်ကွင်းမျိုးက ရှိမည်လား ….

သူက ရိုးရိုးတမ်းတမ်း သေဆုံးရလိမ့်မည်ဟု မထင်ထားပေ။ အကယ်၍ သူသာ အချိန်နောက်ဆုတ်နိုင်လျှင် အထက်ဘုံ စကြဝဠာမြို့ တိုက်ပွဲ၌ သေဆုံးဖို့ ရွေးချယ်မိပေမည်။

“ ဒီဓားက တျန်းဂျီဓားပဲ …. ကျုပ်ရဲ့ လက်နဲ့ တျန်းဂျီဓားအောက်မှာ ဂုဏ်ယူမှုလို့ မှတ်ထားလိုက်ပါ။ ဒါနဲ့ ခင်ဗျား ဘယ်လိုအဆိပ်ခတ်ခံရလဲ သိချင်နေတာမလား။ ကျုပ်က ခင်ဗျားမသောက်တဲ့ အင်မော်တယ်အခါးရည်တစ်ခွက် လောင်းထည့်ပေးလိုက်ရုံပါပဲ  ” လိန်ဟုန်ကျီက အပြောင်းအလဲမရှိ ပြောလိုက်သည်။

ဂုဏ်ယူမှုတဲ့လား …

ကျီချန်းလော့ မျက်ဝန်း၌ အထင်သေးသည့် အရိပ်အယောင်တချို့ ဖြတ်ပြေးသွားသည်။ သူ့ဘဝ၌ သူက လူများစွာကို သတ်ခဲ့ပြီး မိတ်ဆွေများကိုလည်း သစ္စာဖောက်ကာ နောက်ကျောမှ ဓားနှင့်ထိုးခဲ့သည်။ ယနေ့ သူက သူ့တပည့်လက်ချက်ဖြင့် သေဆုံးရတော့မည်။

ဤသည်က ဝဋ်လည်ခြင်းများလား ….

“ ဝုန်း ” ကျီချန်းလော့၏ ကမ္ဘာဦးစိတ်ဝိညာဉ်နှင့် သူ့အသားများမှာ ပျက်စီးသွားတော့သည်။ လိန်ဟုန်ကျီက အသက်သွေးတစ်စက်ကို ဖမ်းယူထားလိုက်၏။ ထို့နောက် ထိုသွေးစက်ပေါ်တွင် ရှုပ်ထွေးလှသော သင်္ကေတများ ပေါ်လာသည်။ နှစ်နာရီအတွင်း လက်သီးအရွယ်လောက် အစီအရင်ပြားမှာ လိန်ဟုန်ကျီ လက်ထဲ ရောက်လာသည်။

ထိုအစီအရင်ပြားကို ယူပြီးနောက် လိန်ဟုန်ကျီက ကျီချန်းလော့၏ ခန္ဓာကိုယ်မှ ပုလဲကိုလည်း ယူလိုက်သည်။ ထို့နောက် လက်ချောင်းကို ဖြတ်ကာ သိုလှောင်လက်စွပ်ကိုလည်း ယူလိုက်သည်။

သူက တံခါးမှ လျှောက်လှမ်းကာ ထွက်လာလိုက်၏။ သူက တံခါးပေါ်မှ အတားအဆီးကို သေချာပြန်ထားကာ လေထုကို ကြည့်ရင်း ပြောလိုက်သည်  “ ဆရာက အသိမြင်တချို့ ရလာလို့။ ၄၉ ရက်ကြာ တစ်ယောက်တည်း နေချင်တယ်တဲ့ ။ တကယ်လို့ အရေးကြီး ကိစ္စမရှိရင် ဆရာကို မနှောင့်ယှက်ပါနဲ့ ”

“ ဟုတ် ” အရိပ်ထဲမှ အသံတချို့ ထွက်လာသည်။

လိန်ဟုန်ကျီက ခေါင်းညိတ်လိုက်သည်။ ထို့နောက် တာအိုဧကရာဇ် နန်းတော်မှ အေးအေးဆေးဆေး ထွက်လာလိုက်တော့သည်။

……………………

မိုဝူကျိက ဖင်းဖန်အင်မော်တယ်ကျောင်းတော်မှ ထွက်လာစဉ် ပုံရိပ်လေးခုက သူ့ရှေ့မှောက် ရောက်လာကြ၏။ သူတို့က အမျိုးသား သုံးယောက်နှင့် အမျိုးသမီး တစ်ယောက် ဖြစ်ကာ သူက သူတို့ထဲမှ သုံးယောက်ကို မှတ်မိပေသည်။

တစ်ယောက်မှာ လမ်းစဉ်ခြောက်သွယ် အင်မော်တယ်နယ်မြေ၏ ကောင်းကင်ဧကရာဇ် ကိုင်အောင်း ဖြစ်ပြီး နောက်တစ်ယောက်မှာ စိမ်းစိုအင်မော်တယ်အိမ်တော်၏ အရှင်မ ချင်းယန် ဖြစ်၏။ ယခင် မိုဝူကျိနှင့် ချင်းယန်တို့ တွေ့စဉ်အခါက ချင်းယန်သည် ဧကရာဇ် တပိုင်းအဆင့်မျှသာ ရှိသေးပြီး ယခုတွင်မူ သူမက အင်မော်တယ် ဧကရာဇ် အစောပိုင်းအဆင့်သို့ ရောက်ရှိသွားလေပြီ။ တတိယမြောက်လူမှာ မဟာခွန်ဗုဒ္ဓဂိုဏ်း၏ ဟန်ခယ် ဖြစ်၏။

ထိုလူ ဟန်ခယ်က သူ့ရှေ့ ပေါ်လာရဲတယ်လား ….

သူက မဟာခွန်ဗုဒ္ဓဂိုဏ်းအား မသုတ်သင်ပစ်သည်မှာ သဘောထားကြီးမား၍ မဟုတ်ဘဲ အချိန်မရှိ၍ ဖြစ်သည်။

“ ဂိုဏ်းချုပ်မို …” မိုဝူကျိ ဒေါသထွက်မလာခင် လေးယောက်လုံးက လက်နှစ်ဖက်ယှက်၍ အရိုအသေပေးလိုက်ကြသည်။ ဟန်ခယ်သည်လည်း ဦးညွှတ်ထားလေ၏။

မိုဝူကျိက စိတ်ထဲတွင် သရော်မိလိုက်သည်။ ကျင်းယွီရှန်း၊ လိန်ကူယွင်၊ ယီမင်ရှုတို့နှင့် အဖွဲ့ဖွဲ့ပြီး လုပ်ကြံခဲ့သည်မှာ ဟန်ခယ် မဟုတ်ဘဲ ကွမ်းနဉ် ဖြစ်၏။ သူ မိုဝူကျိက ထိုရန်ကြွေးအား မေ့မပစ်နိုင်သေးပေ။ ထိုနှစ်များတုန်းက အကယ်၍ ကွမ်းနဉ်သာ သူ့အား ပိတ်ဆို့မထားလျှင် တခြားသော မဟာဧကရာဇ်များ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံခဲ့ရမည် မဟုတ်ပေ။

“ ခင်ဗျားတို့ သုံးယောက်လုံး ခဏလေးစောင့်ပေးပါဦး …. ဒီနေ့ ကျုပ် အကြွေးတချို့ရှင်းဖို့ ကျန်နေသေးတယ် ” မိုဝူကျိ၏ သတ်ဖြတ်ငွေ့များ ထွက်ပေါ်လာလေ၏။

ဟန်ခယ်က မိုဝူကျိသည် သူ့အား သတ်ချင်နေကြောင်း သိသည့်အခါ မိုဝူကျိ တိုက်ခိုက်သည့်အထိ မစောင့်ဘဲ

“ ဂိုဏ်းချုပ်မို …. အရင်နှစ်တွေတုန်းက ဖြစ်ပျက်ခဲ့တဲ့ကိစ္စက ကျုပ်တို့ မဟာခွန်ဗုဒ္ဓဂိုဏ်းရဲ့ လောဘရမ္မက်ကြောင့်ပါ၊ ဂိုဏ်းချုပ်အနေနဲ့ ကွမ်းနဉ်က အမှန်တကယ် ဆိုးဆိုးရွားရွား ပြုမူခဲ့ပါတယ်။ ကွမ်းနဉ်က သူ့အပြစ်ကြွေး ဘယ်လောက်ကြီးတယ်ဆိုတာလည်း သိပါတယ်။ အဲဒါနဲ့ သူက  ဂိုဏ်းကို ဆွဲသွင်းမခံရအောင်လို့ ကွမ်းနဉ်က လွန်ခဲ့တဲ့ရက်အနည်းငယ်က ပြန်လည်ဝင်စားခြင်း သံသရာစက်ဝန်းဆီ သွားပါပြီ … ”

ကွမ်းနဉ်က ကိုယ့်ဘာသာ သတ်သေသွားတာလား ….

ကွမ်းနဉ်ရဲ့သတ်သေမှုက သူ့ရန်ကြွေးကို မေ့ပစ်ဖို့ လုံလောက်ရမှာလား ….

သူ မိုဝူကျိက သဘောကောင်းသည့်သူ မဟုတ်ပေ။ ထိုနှစ်များတုန်းက ကျီလီ ပေးခဲ့သည့် ကြယ်တာရာ ဆွဲသီး၊ ကြယ်တာရာ လှည့်ပတ်ဖြတ်သန်းရေး ပညာရပ်နှင့် နတ်ဘုရား ရုပ်ခန္ဓာတို့ကြောင့်သာ မဟုတ်လျှင် သူ သေနေလောက်လေပြီ။

သို့သော် ကွမ်းနဉ်က မည်သို့ပြုမူရမည်ကို ကောင်းကောင်း သိပေ၏။ အမှန်တကယ် သတ်သေဖို့ရာ ဤကွမ်းနဉ်က အတော်လေး အကြောက်တရားကင်းမဲ့ပေ၏။

“ ထောမိသောဖော …. ဂိုဏ်းချုပ်မို စွပ်စွဲခံခဲ့ရတာကို ကိုယ်တော်တို့ အားလုံးလည်း သိပြီးကြပါပြီ။ အင်မော်တယ်နယ်မြေ ခုနှစ်ခုလုံး ဘေးတွေ့နေကြလို့ပါ။ ဒီကိုယ်တော်အနေနဲ့  ဂိုဏ်းချုပ်မိုကို ဒီသံသရာဝဋ်ကြွေးကို ခဏလောက် ဘေးဖယ်ထားဖို့ တောင်းဆိုချင်ပါတယ် …” ပြောလိုက်သူမှာ ဘုန်းကြီးတစ်ပါး ဖြစ်ပြီး မိုဝူကျိ မျက်မှန်းမတန်းမိသည့်သူ ဖြစ်၏။

***

All Chapters