ကောင်းကင်ဧကရာဇ်ကို ပြောင်းလဲပစ်မယ်
Vol. 63 Ch. 869
မိုဝူကျိ မျှော်လင့်မထားသည်မှာ သူတို့က ကူးသန်းရေး အစီအရင်များကို အသုံးမပြုလိုက်ရသော်လည်း နှစ်ရက်တာအတွင်း သူတို့၏ ဦးတည်ရာနေရာသို့ ရောက်ရှိလာသည်။ ထို့အပြင် ဤနေရာမှာ အတော်လေး ရင်းနှီးကျွမ်းဝင်နေ၏။
တခြားစကားဖြင့်ဆိုရလျှင် တျန်းဂျီနေရာမှာ သူ့ဖင်းဖန်အင်မော်တယ်ကျောင်းနှင့် အင်မော်တယ်နယ်မြေ တစ်ခုတည်းတွင် တည်ရှိနေသည်။
“ ဒါက ယုံရင် အင်မော်တယ်ချောက်နက်မလား ” မိုဝူကျိက မျက်မှောင်ကျုတ်ကာ မေးလိုက်သည်။
ယုံရင်အင်မော်တယ် ချောက်နက်မှာ အင်မော်တယ်တပိုင်းနယ်ပယ်နှင့် ခြားနားထားသော ချောက်နက်ကြီး ဖြစ်၏။ ထိုနှစ်များတုန်းက သူလည်း ဖြတ်သန်းလာခဲ့ရသည်။
“ ဟုတ်တယ် … ယုံရင်အင်မော်တယ်နယ်မြေရဲ့ ယုံရင်အစွန်းအဖျားလေ။ အဲဒါမှ ဂိုဏ်းချုပ်မိုရဲ့ ဖင်းဖန်နဲ့ အင်မော်တယ်နယ်မြေ တစ်ခုတည်းပဲ …” ကိုင်အောင်းက ပြောလိုက်၏။
မိုဝူကျိနှင့် မနီးမဝေးတွင် အဆင့်မြင့် ကျင့်ကြံသူ ဆယ်ယောက်ကျော်ကို မြင်လိုက်ရသည်။ သူက လူတချိုကိုပင် မှတ်မိနေသေး၏။ ထိုသူများမှာ ကောင်းကင်ဧကရာဇ် စစ်ကျိုက်နှင့် ယုံရင်အင်မော်တယ်နယ်မြေ၏ ကောင်းကင်ဧကရာဇ် ကွေ့ဖုန်းယွင်တို့လည်း ပါဝင်နေသည်။
ဤနေရာမှာ အမှန်ပင် ရင်းနှီးလှ၏။ ယခင် သူ ယုံရင်အင်မော်တယ်နယ်မြေ၏ အင်မော်တယ်ချောက်နက်ကို ဖြတ်သန်းခဲ့စဉ်အခါက ဤနေရာတွင် သတ်ဖြတ်ရေး အစီအရင်ကြီး ရှိနေခဲ့သည်။ သို့သော်လည်း ယခုအခါ ထိုအစီအရင်ကား မရှိနေတော့ချေ။ ဖျက်စီးခံလိုက်ရတာ ဖြစ်နိုင်၏။
“ ဒီနေရာကို မိုးမြေစည်းမျည်းတွေနဲ့ ချုပ်ထိန်းထားတာ … ကျင်းရှန်းအဆင့်နဲ့အောက် ကျင့်ကြံသူတွေပဲ လာလို့ရတယ်။ ဒါပေမဲ့ သိပ်မကြာခင်က ရုတ်တရက်ကြီး ပြောင်းလဲသွားတယ်။ အဆင့်နိမ့်ကမ္ဘာက ကျင့်ကြံသူတွေက အင်မော်တယ်လောကကို တက်လှမ်းလာပြီးတော့ ဒီနေရာက စည်းမျည်းတွေကလည်း မိုးမြေ ဖိနှိပ်မှု မရှိတော့ဘူး ” ချင်းယန်က ရှင်းပြလိုက်သည်။
မိုဝူကျိက တစ်ခု အမှတ်ရသွားလေ၏။ သူ ပထမဆုံး ရောက်လာစဉ်အချိန်က မိုးမြေ စည်းမျည်းများ၏ အတားအဆီး အမှန်တကယ် ရှိနေသည်။ သူက ထိုစည်းမျည်း ဖိနှိပ်မှုများကို အသုံးချ၍ အင်မော်တယ်လောကမှ ကျင်းရှန်းအဆင့် ကျင့်ကြံသူတချို့ကိုပါ သတ်ဖြတ်ခဲ့သေး၏။
သူက လူသားတာအိုကို ကျင့်ကြံသောကြောင့် သူ့အတွက် ထိုအတားအဆီးများ၊ ဖိနှိပ်မှုများ မခံစားရပေ။ ထို့ကြောင့် ပထမဆုံးအကြိမ်တုန်းက မတွေးမိလိုက်ခြင်း ဖြစ်၏။
“ ဂိုဏ်းချုပ်မိုကို ဂါရဝပြုပါတယ် …” ယုံရင်အင်မော်တယ် ချောက်နက်ကို စောင့်ကြပ်နေကြည့် အင်မော်တယ်ဆယ်ယောက်ကျော်က နှုတ်ဆက်ဖို့ ရောက်လာကြသည်။ မိုဝူကျိ၏ ကောင်းသတင်းများက ပြန့်နှံ့သွားပြီ ဖြစ်သောကြောင့် မိုဝူကျိအား မည်သူကမှ မလေးမစား မလုပ်ရဲကြတော့ပေ။
ကွေ့ဖုန်းယွင်က မိုဝူကျိကို သတ်ဖို့ရာ စိတ်အားထက်သန်နေသော်လည်း ကွေ့ဖုန်းယွင်က လက်ရှိ မိုဝူကျိအား မသတ်နိုင်မှန်း ကောင်းကောင်းသိနေသည်။ အကယ်၍ မိုဝူကျိသာ သူ့အပေါ် သတ်ဖြတ်လိုစိတ် ရှိနေလျှင် အလွယ်လေး အသတ်ခံရမည့်သူမှာ သူသာ ဖြစ်၏။
“ ကွေ့ဖုန်းယွင်ကလည်း ဂိုဏ်းချုပ်မိုကို ဂါရဝပြုပါတယ် ” ထိုစဉ် ကွေ့ဖုန်းယွင်၏ စိတ်နှလုံးသားမှာ မရေရာမှုဖြင့် ကဆုန်ပေါက်နေလေ၏။ သူက မိုဝူကျိအား လေးစားသမှု ပြသလိုက်ရသည်။
မိုဝူကျိ၏ အကြည့်က ကွေ့ဖုန်းယွင် အပေါ် ရောက်ရှိလာကာ သူ့လေသံတွင် လေးစားမှု စိုးစဉ်းမျှ ပါဝင်မနေဘဲ ပြောလိုက်သည် “ ကွေ့ဖုန်းယွင် …. အခု ကျင့်ကြံသူတွေက အင်မော်တယ်လောကဆီ တန်းတက်လှမ်းနိုင်ပြီဆိုတော့ အဲဒီသူတွေကို သတ်ဖို့ နောက်ထပ် နည်းလမ်းအသစ် သုံးဖို့ စဉ်းစားနေတာလား ”
ကွေ့ဖုန်းယွင် တုန်လှုပ်သွားကာ မြန်မြန် ပြောလိုက်သည် “ ကျုပ် မလုပ်ရဲပါဘူး။ ကျုပ် အမှားကိုလည်း သိပါပြီ။ အင်မော်တယ်လောကကို တက်လှမ်းလာတဲ့ ကျင့်ကြံသူတွေမရှိရင် ကျုပ်တို့ ယုံရင်အင်မော်တယ်နယ်မြေက ဖြည်းဖြည်းချင်း အားနည်းလာမှာပေါ့။ ကျုပ်က အခု တက်လှမ်းလာတဲ့ ကျင့်ကြံသူအသစ်လေးတွေကို ကာကွယ်ဖို့ အမိန့်ပေးထားပြီးပါပြီ ”
ထိုစဉ် ကွေ့ဖုန်းယွင်က စိတ်ထဲမှသာ ကျိန်ဆဲမိလိုက်သည်။
ဤပြဿနာက ဘာလို့များ သူ့ယုံရင်အင်မော်တယ်နယ်မြေမှာ ပေါ်လာရတာလဲ …. ယုံရင်သာ မဟုတ်ရင် သူက သေချာပေါက် လာမည် မဟုတ်ပေ။
သို့သော် ယခုတွင် ယုံရင်အင်မော်တယ်နယ်မြေတွင် ဖြစ်လာသောကြောင့် ကောင်းကင်ဧကရာဇ်အနေနှင့် သူ့အနေနှင့် အကြောင်းအရင်းပေါင်း သန်းခြောက်ထောင် ရှာလျှင်ပင် မလာရမည့် အကြောင်းအရင်းတစ်ခုပင် မတွေ့ခဲ့ပေ။
ရှင်းစန်တို့က မိုဝူကျိသည် ထိုသို့ကိစ္စမျိုး၌ မပါဝင်ဘဲ တျန်းဂျီနေရာသို့ မြန်မြန် သွားကြည့်ဖို့သာ မျှော်လင့်ထားကြသော်လည်း သူတို့အနေနှင့် ရှေ့ထွက်၍ မိုဝူကျိအား မတားဆီးရဲကြပေ။
မိုဝူကျိက အေးစက်စွာ သရော်လိုက်လေ၏ “ ကောင်းကင်ဧကရာဇ်အနေနဲ့ ခင်ဗျားက တစ်ကိုယ်ကောင်းဆန်ပြီးတော့ ကျင့်ကြံဆင့်ကလည်း နိမ့်တယ်။ ကျုပ်က ခင်ဗျားကို ပြစ်မှုစွပ်စွဲရမှာတာတောင် စိတ်မပါဘူး။ ဒီကိစ္စအဆုံးသတ်သွားရင် ခင်ဗျားရဲ့ ကောင်းကင်ဧကရာဇ် ရာထူးကို ဝေကျီတောက်ကို လွဲပေးလိုက် ”
လက်တွေ့၌ မိုဝူကျိက ကွေ့ဖုန်းယွင် တစ်ယောက် ကောင်းကင်ဧကရာဇ်အဖြစ် အုပ်စိုးမှုကို မကျေနပ်ဖြစ်မိနေသည်မှာ ကြာမြင့်လှလေပြီ။ ဤလူက အရမ်းတစ်ကိုယ်ကောင်းဆန်ကာ အင်မော်တယ်နယ်မြေအား ထည့်၍ မစဉ်းစားချေ။ ဤသို့မျိုး ကောင်းကင်ဧကရာဇ်အနေနှင့် အင်မော်တယ်နယ်မြေမှာ အဆုံးသတ်သွားပေလိမ့်မည်။
သူ့ဖင်းဖန်အင်မော်တယ်ကျောင်းတော်မှာလည်း ယုံရင်အင်မော်တယ်နယ်မြေတွင် ရှိပေသည်။ အကယ်၍ ကွေ့ဖုန်းယွင်က ယုံရင်အင်မော်တယ်နယ်မြေသို့ တက်လှမ်းလာသည့် ကျင့်ကြံသူလေးများကို ဆက်လက်ဖမ်းဆီးနေဆဲ ဆိုလျှင် ယုံရင်က တခြားနယ်မြေများထက် အားနည်းလာပေလိမ့်မည်။ ဖင်းဖန်က ယုံရင်အင်မော်တယ်နယ်မြေတွင် ဖြစ်နေသောကြောင့် လွတ်ထား၍ မဖြစ်တော့ပေ။
“ အာ ” ကွေ့ဖုန်းယွင်က မိုဝူကျိသည် သူ့ကို တိုက်ခိုက်နိုင်မည့် ဖြစ်နိုင်ခြေအား တွက်ချက်ကာ ပြင်ဆင်ထားလေ၏။ သို့သော်လည်း မိုဝူကျိက သူ့အား ကောင်းကင်ဧကရာဇ် ရာထူးမှ တန်းဖြုတ်လိမ့်မည်ဟု မထင်ထားပေ။
ဒီလူက သူ့ကိုယ်သူ အထက်ဘုံရဲ့ တာအိုဧကရာဇ် ထင်နေလား …. ကောင်းကင်ဧကရာဇ် ဘယ်သူ ဖြစ်ဖို့အရေး အထိ ဆုံးဖြတ်ပေးနေတာလား ……
ပြက်ရယ်ပြုသည့် အသံဖြင့် “ မိုဝူကျိ … တခြားသူတွေက မင်းရဲ့ ဆေးလုံးတာအိုကို လေးစားလို့ ဂိုဏ်းချုပ်မိုလို့ ခေါ်ရင်ခေါ်ကြမယ်။ မင်းကိုယ်မင်း အထက်ဘုံရဲ့ တာအိုဧကရာဇ်များ မှတ်နေလား။ ယုံရင်အင်မော်တယ်နယ်မြေရဲ့ ကောင်းကင်ဧကရာဇ်က ဟိုးကတည်းက ဆုံးဖြတ်ထားပြီးပြီ။ မင်းစိတ်ကြိုက် ပြောင်းလို့ရမယ် ထင်နေလား။ ပြီးတော့ ကောင်းကင်ဧကရာဇ် တစ်ယောက်ကို လာနှောင့်ယှက်ရအောင် မင်းက ဘယ်သူမလို့တုန်း ”
ပြောလိုက်သူမှာ ကွေ့ဖုန်းယွင်နောက်မှ အနက်ဝတ် အမျိုးသား ဖြစ်၏။ မိုဝူကျိက ထိုလူမှာ မဟာဧကရာဇ်အဆင့် ရောက်ရှိနေသည်မှာ ကြာမြင့်လှပြီ ဖြစ်ကြောင်း ခန့်မှန်းမိလိုက်၏။
“ ခင်ဗျားက ဘယ်သူလဲ” မိုဝူကျိ၏ လေသံမှာ ရေခဲတမျှ အေးစက်နေသည်။
“ ဒီဧကရာဇ်က ယုံရင်အင်မော်တယ်နယ်မြေရဲ့ ကာကွယ်သူအရှင် ချန်းပေဟယ်ပဲ … မိုဝူကျိက မင်းရဲ့ တိုက်ကွက်တွေက အားကောင်းတော့ ငါက မင်းပြိုင်ဖက် မဟုတ်ဘူးဆိုတာကို သိတယ်။ ဒါပေမဲ့ ယုံရင်အင်မော်တယ်နယ်မြေက မင်းလက်လေးနဲ့ ဖုံးကွယ်ထားလို့ ရတဲ့ ကောင်းကင်ကြီး မဟုတ်ဘူး။ မင်းက ဂိုဏ်းချုပ်လေးပဲ ရှိသေးတာကို ယုံရင်အင်မော်တယ်နယ်မြေရဲ့ ကိစ္စတွေအထိ ဝင်စွက်ဖက်ရဲတယ်ပေါ့လေ။ ပြီးတော့ ကောင်းကင်ဧကရာဇ် ရာထူးကိုတောင် ဝင်နှောင့်ယှက်လိုက်သေးတယ် ”
ဘေးပတ်လည်ရှိ လူများက တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့က ချန်းပေဟယ်သည် မည်သို့ အရူးထသွားကြောင်း မသိကြပေ။
မိုဝူကျိက ကျီချန်းလော့ကိုတောင် စိန်ခေါ်ရဲတဲ့သူ …. ခင်ဗျားကို မတိုက်ရဲဘူးလို့များ ထင်နေတာလား …. ကာကွယ်သူ တစ်ယောက်ကိုလေ …
မိုဝူကျိက ပြန်ပြောဖို့ရာပင် စိတ်မပါပေ။ သူက ချန်းပေဟယ်ဆီ လက်သီးတစ်ချက်သာ ပစ်လွှတ်လိုက်လေ၏။ သူက စွမ်းအားစက်ကွင်းကို ထုတ်မသုံးထားသော်လည်း သူ့လက်သီးချက်မှာ ချန်းပေဟယ်၏ စွမ်းအားစက်ကွင်းကို အလွယ်တကူ ထိုးဖောက်ဝင်သွားသည်။
“ ဂိုဏ်းချုပ်မို ရပ်ပါဦး ” ရှင်းစန်က မိုဝူကျိ၏ အပြုအမူကို မြင်လိုက်သည့်အခါ သူက မြန်မြန် တားဖို့ရာ ရှေ့တိုးလိုက်စဉ် ကိုင်အောင်းက သူ့ကို ဝင်တားထားလေ၏။
ချင်းယန်၊ ကိုင်အောင်းနှင့် အခြားလူများက ချန်းပေဟယ်နှင့် ပတ်သတ်၍ တစ်ခုခု လွဲမှားနေကြောင်း ပြောနိုင်ကြသည်။ မဟာဧကရာဇ် တစ်ယောက်အနေနှင့် သူက မိုဝူကျိ၏ ကောင်းမှုအားလုံးကို သိလျှက်နှင့် စိန်ခေါ်ရဲပေရာ သူက ကိုယ့်သေတွင်းကို တူးနေခြင်း မဟုတ်ပါလော။
ကွေ့ဖုန်းယွင်၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားသော်လည်း မလှုပ်ရှားသေးပေ။ မိုဝူကျိက ဤနေရာတွင် အသတ်ချင်ဆုံးသူမှာ သူ ဖြစ်နေကြောင်း သေချာသိထား၏။ အကယ်၍ သူက လှုပ်ရှားလိုက်လျှင် သူက မိုဝူကျိ၏ နောက်ပစ်မှတ် ဖြစ်လာပေမည်။ ထို့အပြင် ချန်းပေဟယ်က သူ့သေတွင်းကို တူးဖို့ ကြိုးစားနေကြောင်း သေချာပြောနိုင်လေသည်။
“ ဘန်း ” မိုဝူကျိ၏ လက်သီးချက်မှာ ချန်းပေဟယ် ရင်ဘတ်အပေါ် အလွယ်လေး ကျရောက်လာသည်။ အစွန်းအဖျားမှ လူများပင် ကျိုးအက်သံကို ကြားလိုက်ရလေ၏။
မိုဝူကျိက ကျူးယင်ကို အနိုင်ယူနိုင်ပြီး မဟာဧကရာဇ်များစွာပင် သတ်နိုင်လေရာ ချန်းပေဟယ်အား အလွယ်လေး သတ်လိုက်နိုင်သည်မှာ မထူးဆန်းတော့ပေ။
အားလုံးကို တုန်လှုပ်သွားစေသည်က ထိုလက်သီးချက် ချန်းပေဟယ်အပေါ် ကျရောက်လာပြီးနောက် ချန်းပေဟယ် ခန္ဓာကိုယ်အတွင်းရှိ မြူနက်များ ထွက်ပေါ်လာသည်။ သူ့အရှိန်အဝါက အားနည်းသွားခြင်းမရှိဘဲ ပို၍ပင် အားကောင်းလာသေး၏။
အားလုံးက မတုံ့ပြန်နိုင်လိုက်ခင် သူတို့က ပို၍ မယုံကြည်နိုင်စရာ မြင်ကွင်းကို မြင်တွေ့လိုက်ရသည်။ ချန်းပေဟယ်က သူ့မှော်ရတနာကို ဆွဲကိုင်လိုက်ခြင်း ဖြစ်၏။
သဘောတရားအရဆိုရလျှင် အကယ်၍ မိုဝူကျိ၏ လက်သီးချက်က ချန်းပေဟယ်အား မသတ်နိုင်လျှင်ပင် ချန်းပေဟယ်က ထိုမျှစွမ်းအားနှင့် စိတ်ဓာတ် တက်ကြွလာမည် မဟုတ်ချေ။
နောက်ဆုံးတွင် ချန်းပေဟယ် လှုပ်ရှားသည်ကို မြင်လိုက်ရသည့်အခါ အားလုံးက ချန်းပေဟယ်၏ ပစ်မှတ်မှာ မိုဝူကျိ မဟုတ်ဘဲ ကွေ့ဖုန်းယွင် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ဘုန်းကြီးရှင်းစန်ပင် နားလည်သွားတော့သည်။ ချန်းပေဟယ် ခန္ဓာကိုယ်အတွင်း ချိတ်ပိတ်ထားမှု တစ်ခု ရှိနေပြီး မိုဝူကျိ၏ လက်သီးချက်က ထိုချိတ်ပိတ်ထားမှုအား ဖယ်ရှားပေးလိုက်သည်။
ချန်းပေဟယ်၏ အပြုအမူကို ကြည့်ကာ အရူးမဟုတ်သည့်သူတိုင်း ထိုချိတ်ပိတ်ထားသူမှာ မည်သူဖြစ်ကြောင်း ပြောနိုင်ကြ၏။
ကွေ့ဖုန်းယွင်က ချန်းပေဟယ်၏ တိုက်ခိုက်မှုမှာ သူ့အပေါ် ချိန်ရွယ်ထားကြောင်း မြင်လိုက်သည့်အခါ အမူအယာ ပြောင်းလဲသွားပြီး အဆောင်တစ်ရွက် ချက်ချင်း ထုတ်ယူလိုက်သည်။
သို့သော် သူက အဆောင်ကို အသက်သွင်းတော့မည့်ဆဲဆဲတွင် သူ့ဘေးပတ်လည်မှာ တင်းကျင်းလာပြီး သူ့ကို မလှုပ်ရှားနိုင် ဖြစ်သွားစေသည်။ သူ့မျက်ဝန်း၌ အမုန်းတရားတချို့ ဖြတ်ပြေးသွားလေ၏။ သူက ချန်းပေဟယ်တွင် ထိုသို့မျိုး စွမ်းရည်မရှိကြောင်း သိထားပြီး နောက်ကွယ်မှသူမှာ မိုဝူကျိ ဖြစ်ကြောင်း သိလိုက်သည်။
“ ဝုန်း ” ချန်းပေဟယ်၏ မှော်ရတနာက ကွေ့ဖုန်းယွင် ခန္ဓာကိုယ်အပေါ် ရောက်ရှိလာသည့်အခါ ကွေ့ဖုန်းယွင်က သွေးမြူများအဖြစ် ပြောင်းလဲသွားတော့သည်။
ချန်းပေဟယ်က လက်တစ်ချက်အဝှေ့ဖြင့် ကွေ့ဖုန်းယွင်၏ သိုလှောင်လက်စွပ်ကို ယူလိုက်သည်။ သို့သော် သူက မိုဝူကျိထံ ချက်ချင်း ပေးလိုက်ပြီး “ ဂိုဏ်းချုပ်မို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါက ကွေ့ဖုန်းယွင် အဲဒီ ခွေးသူခိုးရဲ့ လက်စွပ်ပါ ”
မိုဝူကျိကလည်း အားနာမနေတော့ဘဲ လက်ခံထားလိုက်သည်။ ချန်းပေဟယ်က ကိုယ့်သေတွင်းကို တူးနေခြင်း ဖြစ်ရာ အချုပ်အားဖြင့် သူက ချန်းပေဟယ်၏ အသက်ကို ကယ်ပေးလိုက်ခြင်း ဖြစ်၏။
လက်စွပ်ကို လက်ခံပြီးနောက် မိုဝူကျိက ချန်းပေဟယ်နှင့် ကွေ့ဖုန်းယွင်တို့ကြားမှ အဖြစ်အပျက်ကို မစုံစမ်းနေတာ့ပေ။ သူက ပြုံးကာ လူအုပ်ကြီးကို ပြောလိုက်၏ “ ကျုပ်က တစ်ခါက တျန်းဂျီဂိုဏ်းချုပ်ပါ။ ဒီနေရာက တျန်းဂျီနေရာလို့ ကြားလိုက်ပါတယ်။ စောစောရောက်တဲ့သူတွေက ဒီနေရာက ဘယ်ကနေ စပေါ်လာတာလဲဆိုတာ ရှင်းပြပေးလို့ ရမလား ”
ယုံရင်အင်မော်တယ် နယ်သား ဖြစ်သည့် မိုဝူကျိပင် ကွေ့ဖုန်းယွင်နှင့် ချန်းပေဟယ်တို့ကြားမှ ကိစ္စကို မမေးလေရာ တခြားသူများကလည်း မေးဖို့ရာ စိတ်မဝင်စားကြတော့ပေ။
ကောင်းကင်ဧကရာဇ် စစ်ကျိုက်က မိုဝူကျိနှင့် ရင်းနှီးလေသည်။ သူက ရှေ့ထွက်ကာ ပြောလိုက်၏ “ ဒီနေရာက အင်မော်တယ်ချောက်နက် ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ အင်မော်တယ်တပိုင်းနယ်ပယ် ပြိုကျသွားပြီးတော့ ဒီချောက်နက်ကြီးက အဝေးထိ ကျယ်ပြန့်သွားတယ်။ ပြီးတော့ အနီးအနားမှာ လမ်းကြောင်းတစ်ခု ပေါ်လာတယ်။ အဲဒီလမ်းကြောင်းက ပြတ်တောင်း ပြတ်တောင်း ပေါ်လာတယ်။ ပွင့်လာတဲ့အခါတိုင်း နေ့တစ်ဝက်လောက်ပဲ ကြာတယ်။ ဒါပေမဲ့ အဲဒီလမ်းကြောင်းထဲ ဝင်သွားတဲ့ ကျင့်ကြံသူတိုင်း သေဆုံးသွားကြတယ် …. ”
ကောင်းကင်ဧကရာဇ် စစ်ကျိုက်က ထိုအထိ ပြောပြီးနောက် အင်မော်တယ်ချောက်နက်ကြီး၌ မြူများ စတင်၍ ဖြစ်တည်လာသည်။ ထို့နောက် အားလုံးရှေ့မှောက်၌ မြင်ကွင်းအသစ် ပေါ်လာလေ၏။
မြူခိုးအထက်တွင် ထီးထီးကြီး တည်ရှိနေသည့် မီတာရာကျော် မြင့်မားသော ဧရာမ ကျောက်တုံးကြီး ပေါ်လာ၏။ ထိုကျောက်တုံးအထက်တွင် အလျားလိုက် ရှိနေသည့် နောက်ထပ် ကျောက်တုံးတစ်တုံး ရှိနေသေး၏။
မိုဝူကျိက ထိုမြင်ကွင်းကို မြင်လိုက်သည့်အခါ ချင်းယန်တို့ ပြောသည်က မှန်နေပေ၏။ ထိုအရာက သူ့ဂိုဏ်းချုပ် အမှတ်အသားပြားပေါ်မှ မှိန်ဖျော့ဖျော့ မြေပုံနှင့် ကိုက်ညီမှု ရှိလေသည်။ ဤကျောက်တုံးကြီးမှာ စုကျီအန်း သူ့အား ပေးထားသည့် မြေပုံတွင် ဖော်ပြထားသည့် ရွံနွံ့အထက် တည်ရှိနေသည်။
ထိုလမ်းကြောင်းမှ ဖျက်စီးစွမ်အားများ ထွက်ပေါ်နေပြီး သာမာန်လူတစ်ယောက်က မိုင်းတွင်းမြေပေါ် ရပ်နေသည့်အလား မသက်မသာ ခံစားချက်ကို ပေးစွမ်းလေ၏။
“ အနီးကပ်သွားရင် အလျားလိုက်ရှိနေတဲ့ ကျောက်တုံးပေါ်က စာလုံးနှစ်လုံးကို မြင်ရလိမ့်မယ်။ အဲဒီစာလုံးနှစ်လုံးက တျန်းဂျီတဲ့ ” ကိုင်ယင်က ရှင်းပြလိုက်သည်။
“ ဒီရက်ပိုင်းလေးမှာ နောက်ထပ် တစ်ခု ဖြစ်သွားခဲ့သေးတယ် ” ကောင်းကင်ဧကရာဇ် စစ်ကျိုက်က ထပ်ပြောလိုက်သည်။
“ ဘာဖြစ်ခဲ့တာလဲ ” ဘုန်းကြီးရှင်းစန်က ဤနေရာမှ အဖြစ်အပျက်များကို အတော်လေး စိတ်ပူပင်နေဟန် ပေါ်သည်။ ထို့ကြောင့် သူက အလွန်အမင်း စိတ်သောကရောက်နေခြင်း ဖြစ်၏။
“ နောက်ထပ် လူနှစ်ယောက် ဝင်သွားတယ်။ ဒါပေမဲ့ သူတို့အလောင်းတွေက ပြန်မထွက်လာသေးဘူး ” ကောင်းကင်ဧကရာဇ် စစ်ကျိုက်က အလေးအနက် ပြောလိုက်သည်။
မိုဝူကျိက မြန်မြန် မေးလိုက်၏ “ လူတွေ ဝင်ပြီးတော့ အထဲမှာ သေသွားရင် အလောင်းတွေက ပြန်ထွက်လာတာလား ”
“ ဟုတ်တယ် … အထဲမှာ သေသွားရင် အလောင်းတွေက အပြင်ပြန်ရောက်လာတယ်။ အထဲက အရာက အလောင်းတွေကို မနှစ်မြို့တဲ့ပုံပဲ ” ကိုင်အောင်းက ထပ်ရှင်းပြလိုက်သည်။
“ အဲဒီလူနှစ်ယောက်ကို သတိထားမိလိုက်တဲ့သူ ရှိလား။ သူတို့က အတူတူ ဝင်သွားတာလား ” ဤတစ်ခေါက် စိုးရိမ်ရသူမှာ မိုဝူကျိ အလှည့် ဖြစ်၏။
ကောင်းကင်ဧကရာဇ် စစ်ကျိုက်ဘေးတွင် ရပ်နေသည့် ဖြူဖျော့ဖျော့ အမျိုးသားက ပြောလိုက်သည် “ တစ်ယောက်ကို မှတ်မိတယ်။ သူက အထက်ဘုံရဲ့ ဟူချီရှန်းပဲ ”
ဟူချီရှန်းတဲ့လား ….
ဘာလို့ နာမည်က ရင်းနှီးနေပါ့လိမ့် ….
သိပ်မကြာခင် မိုဝူကျိက ထိုနာမည်ကို အမှတ်ရသွားလေ၏။ ထိုလူမှာ ဟန်လုံ၏ ဘိုးဘေး ဟန်ယီနောက် လိုက်ခဲ့သည့်သူ ဖြစ်၏။ ဟန်လုံက ဖင်းဖန်သို့ ရောက်မလာသော်လည်း သူမက သူတို့ထဲမှ တစ်ဦး ဖြစ်ပေသည်။ ထို့အပြင် ဟန်ယီသည် တာ့ဟွမ်အား အင်မော်တယ်လောကသို့ ခေါ်လာပေးသူ ဖြစ်နေ၏။