ဓားတာအိုမျိုးစေ့
Vol. 14 Ch. 194
ထိုပုံရိပ်ယောင်ဓားသည် ကောင်းကင်နဂါးဓားချက်ထက် ပို၍ အားကောင်းဟန်ရှိသည်။ ၎င်းသည် မိစ္ဆာအငွေ့အသက်များအား ထက်ခြမ်းခွဲကာ ဝင်ရောက်သွားလျှင် အစိမ်းရောင်ဝတ် မိစ္ဆာကောင်အား နောက်သို့ အဆက်မပြတ် ဆုတ်ခွာသွားစေ၏။
ထိုအခိုက်တွင် ညာဘက်မှ တိုးဝင်လာသော မိစ္ဆာကောင်သည် အနီးသို့ ရောက်လာပြီ ဖြစ်သည်။ သူသည် အနက်ရောင်ဝတ်ထားကာ အပေါ်ပိုင်းအား ချပ်ဝတ်ဖြင့် ကာကွယ်ထား၏။ သူက ရယ်မောကာ ပြောသည်။
“ဟားဟား… ထူစွန်းရှစ်… မင်းမှာ တခြားနည်းလမ်းတွေ ရှိသေးလား”
ထူစွန်းရှစ်၏အမူအရာ ပြောင်းလဲသွားခြင်း မရှိပေ။ ဟန်မူယဲ့ ရုတ်တရက် ထူစွန်းရှစ်ဘေးသို့ ရောက်လာသည်။
“ကျုပ်က စီနီယာကို ဖိတ်ခေါ်မှတော့ သေချာပေါက် အတတ်နိုင်ဆုံး ကူညီမှာပါ”
ဟန်မူယဲ့၏ခေါင်းထက်တွင် ပုံရိပ်ယောင်ဓားတစ်လက် ပေါ်လာကာ ထူစွန်းရှစ်၏ခေါင်းထက်မှ ပုံရိပ်ယောင်ဓားနှင့် သွားရောက်ပေါင်းစပ်သည်။
ဝုန်း…
ဓားနှစ်လက် ပေါင်းစပ်သွားလျှင် အဆုံးမရှိသော နတ်အလင်းများ ထွက်ပေါ်လာ၏။
ညာဘက်မှ ဝင်လာသော မိစ္ဆာမှာ မိုင်တစ်ရာအဝေးသို့ လွင့်သွားအောင် ခုတ်ပိုင်းခံရကာ သွေးအဆက်မပြတ် အန်လျှက် နောက်ဆုတ်ရသည်။
ဓား၏စွမ်းအားကား ယခင်ဓားချက်ထက် အဆများစွာ အားကောင်းနေသည်။
“ကျုပ်တို့ ဓားစံအိမ်မှာ ကောင်းကင်ဘုံအဆင့်နဲ့ အသက်ရှုကြိမ်တစ်ရာအထိ ယှဉ်နိုင်တဲ့ ဓားတစ်လက်ရှိတယ်”
“အဲဒီဓားက ကောင်းကင်ဘုံအဆင့်တစ်ယောက်ရဲ့လက်ထဲမှာ ဘယ်လောက်စွမ်းမလဲ ကျုပ် သိချင်တယ်”
ဟန်မူယဲ့က ထူစွန်းရှစ်အား ကြည့်ကာ တီးတိုးပြောသည်။
“စီနီယာ… ကျေးဇူးပြုလို့ တိုက်ခိုက်ပါ”
ထူစွန်းရှစ်က ရယ်မောကာ ညာဘက်တွင် ထွက်ပြေးရန် ပြင်နေသော မိစ္ဆာအား ကြည့်သည်။ ထို့နောက် သူက ဟန်မူယဲ့အား ကြည့်သည်။
“ကောင်လေး… မင်းဓားသိုင်းက ငါ့ထက် ကောင်းတယ်။ ဒီဓားကို မင်းသုံးပါ”
သူ၏အသံနှင့်အတူ အဆုံးမရှိသော အလင်းများအား ထုတ်လွှတ်နေသော ဓားသည် ဟန်မူယဲ့၏ခေါင်းပေါ်သို့ ရောက်လာသည်။
ဟန်မူယဲ့၏မျက်လုံးမှ ရွှေဝါရောင်အလင်းများ စူးရှစွာ တောက်ပလာသည်။ သူ၏ခေါင်းထက်မှ ဓားသည်လည်း သူ၏စိတ်ဆန္ဒအတိုင်း ခိုင်းစေနိုင်သော ခံစားချက်အား ပေး၏။
ဟန်မူယဲ့က အနက်ရောင်ချပ်ဝတ်မိစ္ဆာအား သုန်မှုန်သော မျက်လုံးများဖြင့် ကြည့်သည်။
“ထူစွန်းရှစ်… မင်းငါ့ကို အထင်သေးနေတာလား။ မင်းက ကောင်လေးတစ်ယောက်ကို တိုက်ခိုက်ခိုင်းပြီးတော့ ငါ့ကို နှိမ့်ချရဲတာလား”
ချပ်ဝတ်နက်မိစ္ဆာက ထိုသို့ ပြောသော်လည်း သူ၏မျက်လုံးများသည် ဟန်မူယဲ့၏ခေါင်းထက်မှ ပုံရိပ်ယောင်ဓားကို စူးစိုက် ကြည့်နေသည်။
ဓား၏ထက်ရှမှုသည် သူ့နှလုံးသားကိုပင် အေးခဲသွားစေနိုင်သော အငွေ့အသက်များအား ထုတ်လွှတ်နေ၏။
ကောင်းကင်ဘုံအဆင့်မိစ္ဆာသည်ပင် ထိုသို့သော ဓားအား ကြောက်လန့်ရပေသည်။
အံ့ဖွယ်ကိုးပါးတောင်ခြေ၌ ဟန်မူယဲ့သည် ဝိညာဉ်လိပ်ပြာဓားအား ထိန်းချုပ်ကာ ဖုန်းလင်ဓားဂိုဏ်းချုပ်အား ဒဏ်ရာရစေခဲ့သည်။
ထိုအချိန်က ဖုန်းလင်ဓားဂိုဏ်းချုပ်သည် ကောင်းကင်ဘုံအဆင့်ပညာရှင် ဖြစ်၏။
သို့သော်လည်း လက်ရှိ ဟန်မူယဲ့၏ခေါင်းထက်မှ ဓားသည် ထိုစဉ်က ဝိညာဉ်လိပ်ပြာဓားထက် အဆများစွာ ပိုမိုအားကောင်းသည်။
ထူစွန်းရှစ်၏ဝိညာဉ်ဓားချီဖြင့် ဖွဲ့စည်းထားကာ ဟန်မူယဲ့၏ဝိညာဉ်လိပ်ပြာဓားဖြင့် ပေါင်းစပ်ထားသော ဤဓားသည် အလွန်သိပ်သည်းသော ဓားဆန္ဒချီအားများဖြင့် ပြည့်နှက်နေ၏။
သည်ဓားကို ဝိညာဉ်လိပ်ပြာဓားဟု ခေါ်ရမည့်အစား ထူစွန်းရှစ်၏တစ်သက်တာဓားစွမ်းရည်များအား စုပေါင်းထားသော ဓားတစ်လက်ဟုပင် သတ်မှတ်နိုင်သည်။
ဟန်မူယဲ့၏ဝိညာဉ်သည် ဓားဖြင့် ပေါင်းစပ်သွားသောအခါ သူသည် လောကစွမ်းအားမှာ သူ့လက်ဖဝါးအတွင်း သက်ဆင်းလာသော ခံစားချက်အား ရသည်။
ဓားမာန်ဟုန်…
သည်ဓားဖြင့် သူသည် လောကကို အုပ်စိုးနိုင်သည်။
ဤသည်ကပင် ဓားတာအို၏စွမ်းအား ဖြစ်သည်။ ဓားဆန္ဒ ၃၀၀၀ ခန့်ဖြင့်သာ ဓားမာန်ဟုန်ကို စုစည်းဖွဲ့စည်းနိုင်၏။
အနောက်ဘက်ကုန်းမြေ၌ မရေမတွက်နိုင်သော ဓားသမားများ ရှိကြသည်။
လူတစ်သန်း၌ တစ်ယောက်ခန့်သာ ဓားမာန်ဟုန်ကို ဖွဲ့စည်းနိုင်ကြ၏။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် ဓားပညာ၌ ဒုတိယအင်အားအကြီးဆုံး ဂိုဏ်း ဖြစ်သော်လည်း ထို့ပါ့ချန်တစ်ဦးတည်းသာ ဓားမာန်ဟုန်ကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့သည်။
သူသည် ဓားမာန်ဟုန်ကို အသုံးပြုကာ သူ၏ဝိညာဉ်နိုးထခြင်းအဆင့်ဖြင့် ကောင်းကင်ဘုံတစ်ဝက်အဆင့်အား ယှဉ်ပြိုင်တိုက်ခိုက်နိုင်ခဲ့သည်။
ဓားထံမှ ကြီးမားသော စွမ်းအားကို ခံစားမိကာ ဟန်မူယဲ့သည် ကြောက်လန့်ခြင်းကင်းမဲ့သော တိုက်ခိုက်လိုစိတ်များ ဖြစ်ပေါ်လာသည်။
ဝိညာဉ်လိပ်ပြာဓားကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခြင်းက အဆုံးသတ်မဟုတ်ကြောင်း သူ သိလိုက်ရသည်။
ဟန်မူယဲ့၏မျက်လုံးများ စူးရှသွားကာ သူ၏ခေါင်းမှ ဓားရှည်သည် သလင်းကျောက်အလား ကြည်လင်တောက်ပသော မီးခိုးရောင်ရှေးဟောင်းဓားတစ်လက်အသွင်သို့ ပြောင်းလဲသွား၏။
ထိုဓားပေါ်လာသည်နှင့် ထူစွန်းရှစ်၏အမူအရာ ပြောင်းလဲသွားသည်။
“နေမင်းရောင်ဝါဂိုဏ်း…”
“ဂိုဏ်းချုပ်ဟွမ်ချုံးရန်ရဲ့ဓားသိုင်း…”
သူက ဓားကို ကြည့်ကာ ထူးဆန်းသော အမူအရာဖြင့် ကြည့်သည်။
“စီနီယာ… ကျွန်တော်က ဓားသိုင်းနဲ့ပတ်သက်ရင်တော့ အတော်လေးယုံကြည်ချက် ရှိပါတယ်”
ဟန်မူယဲ့က ချပ်ဝတ်နက်ကောင်းကင်ဘုံအဆင့်မိစ္ဆာအား ကြည့်ကာ ထူစွန်းရှစ်ကို ပြောသည်။
“စီနီယာ… ဓားသိုင်းဟာ ပညာရပ်အများကြီး ရောနှောတာ မကောင်းဘူးလို့ ခင်ဗျား ပြောတယ်”
“ဒါပေမဲ့ ကျုပ်မှာ ဓားတစ်လက်ရှိတယ်… စီနီယာအကဲဖြတ်ပေးပါ”
သူ့စကားဆုံးသည်နှင့် ဟန်မူယဲ့က သူ၏အရှိန်အဝါအား ရုတ်သိမ်းလိုက်သည်။ သူကား သေမျိုးတစ်ဦးကဲ့သို့ ဖြစ်သွား၏။
ကြီးမားသော ဓားစွမ်းအားကို ထိန်းချုပ်သောသူသည် မည်သို့ သေမျိုးတစ်ဦး ဖြစ်မည်နည်း။
လက်တစ်ဖက်ကို နောက်တွင် ပိုက်ကာ နောက်လက်တစ်ဖက်ဖြင့် ဓားလက်ညိုးဟန်ဖြင့် ရှေ့ကို ဖြေးလေးစွာ ညွှန်လိုက်၏။
သည်ဓားသိုင်းသည် ကျင့်ကြံဆင့်၊ ဗီဇပါရမီတို့ဖြင့် မသက်ဆိုင်ပါ။
လောကတွင် ဓားနှလုံးသားကို ပိုင်ဆိုင်သော မည်သည့်ဓားသမားဆို ဤဓားသိုင်းအား တတ်မြောက်နိုင်၏။
ဟန်မူယဲ့၏မျက်လုံးမှ ဓားသည် ကောင်းကင်ယုံမှ ဓားအလင်းနှင့် သဟဇာတ ဖြစ်နေသည်။
သူ၏ခေါင်းပေါ်မှ ဓားသည် ညင်သာစွာ တုန်ခါသွား၏။
ထိုအခိုက်တွင် မိုင်တစ်ထောင်ပတ်လည်မှ ဓားများအားလုံး အဆက်မပြတ် တုန်ခါလာကြ၏။
“နှလုံးသားက ဓားနဲ့ပေါင်းစပ်ခြင်း…”
ထူစွန်းရှစ်၏မျက်လုံးများ ပြူးကျယ်သွားသည်။
“ဒါက ဓားတာအိုမျိုးစေ့ပဲ…”
ဓားအလင်းသည် ကြီးကျယ်ခမ်းနားကာ အဆုံးမဲ့သော ဓားချီများ လေထဲပြန့်လွင့်လာသည်။
၎င်းသည် လောကတွင် ဓားတစ်လက်တည်းသာ ရှိနေသည့်အလား…
တစ်ဘက်မှ ကောင်းကင်ဘုံအဆင့်မိစ္ဆာသည် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာ ဖြစ်ပေါ်လာကာ သူ့အား အားကောင်းသော သွေးချီများ လှည့်ပတ်လာ၏။
သူက ထပ်မံ၍ မစောင့်ဆိုင်းရဲတော့ပါ။ အော်သံတစ်ချက်နှင့်အတူ သူ၏ခန္ဓာကိုယ်သည် သန္ဓေပြောင်းသားရဲ ဖြစ်သွားပြီး နဂါးတစ်ဝက်လူသားတစ်ဝက် ဖြစ်သွားသည်။
ဟန်မူယဲ့အား စူးစိုက်ကြည့်ကာ သူက မိုးခြိမ်းသံတမျှ အော်ဟစ်လိုက်သည်။
“မင်းက ဒီလို ဓားတာအိုပါရမီမျိုးနဲ့ အသက်ဆက်ရှင်လို့ မရဘူး”
သားရိုင်းမိစ္ဆာက အော်ဟစ်မာန်သွင်းကာ သူ၏လက်သည်းကြီးများကို မြှောက်လျှက် ဟန်မူယဲ့ထံသို့ ပြေးဝင်လာပြီး ရက်စက်ကြမ်းကြုတ်စွာ ကုပ်ခြစ်လိုက်သည်။
လေနှင့်မိုးတို့ လိုက်ပါလာကာ လောကတခွင် အရောင်အဆင်းများ ပြောင်းလဲသွား၏။
ရေနဂါးမျိုးနွယ်ဝင် သားရိုင်းမိစ္ဆာသည် မိုင်တစ်ထောင်အတွင်း၌ တောင်ကုန်းများနှင့် ရေပြင်များအား ပြောင်းပြန်လှန်ပစ်နိုင်သည်။
ထိုသို့သော တိုက်ခိုက်မှုများ မည်သူက မကြောက်လန့်ဘဲ နေမည်နည်း။
ရေနဂါး ရောက်လာသောအခါ ကြီးမားသော အရှိန်အဝါသည် ဟန်မူယဲ့အား မလှုပ်မရှားဖြစ်စေအောင် ထိန်းချုပ်ထားကာ သူ့အား အစိတ်စိတ်အပိုင်းပိုင်း ဖြဲဆုတ်ပစ်တော့မည့်ပုံရှိနေသည်။
ကောင်းကင်ဘုံအဆင့်၊ ဝိညာဉ်သူငယ်အဆင့် မိစ္ဆာသားရိုင်းသည် ကောင်းကင်၏အလိုဆန္ဒကို သက်ရောက်စေနိုင်စွမ်းသော ခွန်အား,အား ပိုင်ဆိုင်၏။
အဝေးတွင် တိမ်မြုံကမ်းပါး၌ မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ သူတို့၏ခြေလက်များ အားလျော့သွားသည်ကို ခံစားကြရသည်။
၎င်းသည် ကောင်းကင်ဘုံအဆင့်၏စွမ်းအား ဖြစ်သည်။
အဝေးတွင် လီရှီးရှီးသည် အံကြိတ်ကာ ဓားကို တင်းတင်းဆုပ်လျှက် တိမ်များပေါ်မှ ပြတ်မကျသွားစေရန် ကြိုးစားနေရသည်။
ကောင်းကင်ဘုံအဆင့်မိစ္ဆာရှေ့တွင် သူမသည် ဟန်ချက်ကိုပင် တည်ငြိမ်အောင် မထိန်းနိုင်တော့ပါ။
သူမက ကောင်းကင်ဘုံမိစ္ဆာ၏ထိန်းချုပ်မှုကို ခံနေရသော ဟန်မူယဲ့အား ကြည့်သည်။
ဟန်မူယဲ့က ကောင်းကင်ဘုံမိစ္ဆာအား တားဆီးနိုင်မည်လား သူမ မသေချာပါ။
ကောင်းကင်ဘုံအဆင့်…
ကောင်းကင်ဘုံအဆင့် ရေနဂါး၏ရှေ့တွင် ဟန်မူယဲ့၏အမူအရာ စိုးစဉ်းမျှ ပြောင်းလဲခြင်း မရှိပါ။
သူ၏အကြည့်က သိမ်မွေ့ကာ လက်ကိုမူကား ဖြေးညင်းစွာ ရှေ့ကို ညွှန်လိုက်သည်။
သူ့ရှေ့မှ ဓားတစ်လက်ဖြင့် သူသည် လောကတွင် မည်သည့်အရာကိုမှ မကြောက်ပါ။ သူ့အား မည်သည့်အရာကမှလည်း တားဆီးမရနိုင်ပါ။
ထိုအခိုက်တွင် ဟန်မူယဲ့ထံမှ အတိုင်းအဆမဲ့သော ဓားဆန္ဒတစ်ခု ပေါက်ကွဲထွက်လာခဲ့၏။
“ဓား ၁၀၀၀၀ တို့ အိမ်… အ… ပြန် …”
ဝုန်း…
ဟန်မူယဲ့၏အသံအဆုံး၌ သူ၏ခေါင်းထက်မှ ဓားသည် ပေါက်ကွဲထွက်သွားကာ ဗလာနတ္တိဖြစ်သွားသည်။
ထိုဓား ကွယ်ပျောက်သွားသည်နှင့် တစ်လောကလုံး၌ ဓားအလင်းတစ်ချက် လျပ်တပြက်လက်သွားသည်။
ထိုဓား မည်သည့်နေရာမှ လာသနည်း။
လောကရှိ သန်းပေါင်းများစွာသော သာမန်လူများထံမှ လာသည်။
ဓားတစ်လက်…
ဓားဆယ်လက်…
ဓားအလက်တစ်ရာ…
ဓားတစ်သိန်း…
ဓားတစ်သန်း…
ထောင်ပေါင်းများစွာသော ဓားများသည် တိမ်မြုံကမ်းပါးမှ ပြေးဝင်လာခဲ့ကြကာ ဧရာမနဂါးပုံစံဓားကြီးတစ်လက် ဖွဲ့စည်းလာခဲ့၏။