တျန်းဂျီ အမှတ်အသား လေးခု
Vol. 63 Ch. 872
ယူကျန်းနာက ခေါင်းမော့ကြည့်လိုက်ပြီးနောက် မျက်မှောင်ကျုတ်မိလိုက်သည်။
အမြင်မှားမိတာလား ….
သူမက တစ်ယောက်ယောက် တံခါးဝမှ ချောင်းကြည့်လိုက်သလို ခံစားမိလိုက်သည်။
မကြာခင် ယူကျန်းနာက ထိုအတွေးကို ဘေးဖယ်ထားလိုက်သည်။ မည်သူပင် ဖြစ်စေ ထိုလူက ဤနေရာသို့ ရောက်လာမည်သာ ဖြစ်၏။ ထို့ကြောင့် အထင်မှားမှု မဟုတ်ဘဲ လူတစ်ယောက်က ချောင်းကြည့်ခဲ့သည်ဆိုလျှင် ထိုလူက သေချာပေါက် ဝင်လာလိမ့်မည်။
ထိုကံတရားကို ရရှိပြီးနောက် သူမ ပြန်သွားနိင်လေပြီ။ သူမ အစ်ကိုနှင့် သူမက ထိပ်တန်းအဆင့် ပြောင်းလဲမျှခြေ အဆောင်နှစ်ခု ရရှိ၍ အဆင့်နိမ့် နယ်မြေသို့ တိတ်တဆိတ် ရောက်ရှိလာကြခြင်း ဖြစ်၏။ သူတို့နှစ်ယောက်က အာကာပြင်ထဲ လမ်းခွဲလိုက်သောကြောင့် သူမ အစ်ကို မည်သည့်နေရာ သွားမှန်း မသိပေ။ သူမသာ ဤအခွင့်အရေးကို ရသည်နှင့် သူမ ဖခင်က သူမအား အချိန်အတော်ကြာ တံခါးပိတ် ထားမည်ဆိုလျှင်ပင် ထိုက်တန်ပေသည်။
မိုဝူကျိက နွံ့တောထဲတွင် ထိုင်ကာ ဘေးပတ်လည်ကို ဖုံးကွယ်ရေး အစီအရင်ဖြင့် ဖုံးကွယ်ထားလိုက်သည်။ သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းနှင့် အသိစိတ်ပင်လယ်မှ စိတ်စွမ်းအားတို့ကလည်း ခန္ဓာကိုယ်အနှံ့ ဆက်တိုက် ပြေးလွှားနေကြသည်။ သူက ဆယ်ကြိမ်မက ခန္ဓာကိုယ်အနှံ့ ရှာဖွေကြည့်သော်လည်း ရလဒ်က သူ့အား စိတ်ပျက်စေသေး၏။ သူက မည်သည့် အမှတ်အသားကိုမှ ရှာမတွေ့ပေ။
အကယ်၍ ယခင်က ဖြစ်နေလျှင် မိုဝူကျိက သူ့ကိုယ်သူ အတွေးလွန်နေသည်ဟု တွေးမိနိုင်သေး၏။ သို့သော်လည်း ထိုမဟာဧကရာဇ်များ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို ကြုံပြီးသည့်နောက်တွင် သူက နိမိတ်မျိုးကို သိသိသာသာ ခံစားမိလာသည်။ သူ ကောင်းကင်ချောက်ကမ်းပါးမြို့တွင် ရှိစဉ်အခါက နိမိတ်ဆိုးကို ခံစားမိခဲ့သည်။ သို့သော်လည်း သူက တင်းပိုအင်မော်တယ်မြို့ကို ဆက်သွားရန် ရွေးချယ်မိခဲ့သည်။ အမှန်ပင် ဆိုးရွားသည့် တစ်စုံတစ်ခု ဖြစ်လာကာ ဟန်ချင်းရုပင် အဖမ်းခံလိုက်ရပြီး ဓားအကျဉ်းထောင်ထဲ ပို့လွှတ်ခံလိုက်ရသည်။
ထို့အပြင် သူ မြင်တွေ့လိုက်ရသည့် အမျိုးသမီးမှာ ဆံပင်အညိုရောင် လူငယ်လေးနှင့် ၇၀ ရာခိုင်နှုန်းလောက်အထိ တူညီလေသည်။ ထို့ကြောင့် မိုဝူကျိက စွန့်စားမှု မလုပ်လိုခြင်း ဖြစ်၏။
သူ့စိတ်စွမ်းအားဖြင့် ခန္ဓာကိုယ်အနှံ့ ဆယ်ကြိမ်မက ရှာဖွေနေသော်လည်း ဘာကိုမှ ရှာမတွေ့ပေ။ မိုဝူကျိက စိတ်စွမ်းအား အသုံးပြုခြင်းအား ရပ်တန့်လိုက်သည်။ အကယ်၍ ဤနည်းလမ်းနှင့် ဆက်ရှာနေလျှင် နှစ်တစ်သောင်းကြာလျှင်ပင် ဘာမှရှာတွေ့မည် မဟုတ်ကြောင်း သိနေသည်။ သူက ယုံကြည်စိတ်ချရသည့် နည်းလမ်းမျိုး ရှာဖို့ လိုအပ်နေသည်။
မိုဝူကျိက မျက်မှောင်ကျုတ်ကာ စဉ်းစားတွေးတောနေသည်။ လေထုအတွင်း အာကာပြင် မူမမှန်မှုများက မိုဝူကျိ၏ အရည်ပြားကို ဆက်လက် တိုက်စားနေသေး၏။ သူ့အရည်ပြားမှာ ဆက်တိုက် စုတ်ပြဲနေသောကြောင့် မိုဝူကျိက ခန္ဓာကိုယ်အနှံ့ နာကျင်မှုများ ခံစားနေရသည်။ ထိုသည်က သူ့အတွေးများမှ နိုးထလာစေသည်။ သူ့အသက်ဓာတ် လမ်းကြောင်းက စတင် လည်ပတ်လာပြီး အာကာပြင် မူမမှန်မှုကြောင့် ဖြစ်လာသည့် ဒဏ်ရာများကို ကုစားပေးနေသည်။
သူ့အသက်ဓာတ် လမ်းကြောင်းမှ ကုသမပြီးခင် ကျန်ရှိနေသည့် သူ့အရည်ပြားပေါ်မှ အက်ရာများကို ကြည့်နေရင်း မိုဝူကျိက နှလုံးခုန် မြန်လာမိသည်။ သူက အသက်ဓာတ် လမ်းကြောင်း လှည့်ပတ်နေခြင်းကို ရပ်တန့်လိုက်လေ၏။ သူက အဆိပ်ဖြေလမ်းကြောင်း လှည့်ပတ်မှုကိုပါ ရပ်တန့်လိုက်သည်။ ထိုမျှတင် မကဘဲ သူက အဝတ်အစားများ လောင်ကျွမ်းစေလိုက်ပြီး ဆံပင်အားလုံးကိုလည်း ဖယ်ရှားလိုက်သည်။
မိုဝူကျိက အဆိပ်ဖြေလမ်းကြောင်းနှင့် ကုသမှုအား ရပ်တန့်လိုက်သောကြောင့် သူ့ခန္ဓာကိုယ်မှာ အက်ရာများ ပို၍ များပြားလာသည်။ အာကာပြင် မူမမှန်မှုမျာက သူ့ခန္ဓာကိုယ်ပေါ်၌ ဒဏ်ရာများ ပိုဖြစ်လာစေသည်။
သူ့အဆိပ်ဖြေလမ်းကြောင်းကို ရပ်တန့်လိုက်သောကြောင့် လေထုမှ အဆိပ်များမှာ သူ့ဘေးပတ်လည်သို့ စုလာသည်။ မကြာခင် သူ့ဘေးပတ်လည်၌ အဆိပ်မြူများကိုပင် မြင်နေရလေ၏။
သူ့အသက်ဓာတ်မှာ ပိုပို၍ အားနည်းလာပြီး မျက်ဝန်းများကလည်း မှိန်ဖျော့လာသည်။ သူက အဆိပ်ဖြေလမ်းကြောင်းကို လှည့်ပတ်မနေသော်လည်း သူ့စိတ်စွမ်းအားက တစ်ကိုယ်လုံးကို ရှာကြည့်နေဆဲ ဖြစ်သည်။
ဤတစ်ကြိမ် အသက်ရှိုက်စာအနည်းငယ်အတွင်း မိုဝူကျိ၏ စိတ်စွမ်းအားက သူ့နှလုံးသား အနားရောက်သည့်အခါ ရပ်တန့်သွားသည်။ သူ့သွေးများ၌ အဆိပ်သင့်ခံထားရသောကြောင့် အဖြူရောင် ပြောင်းလဲသွားလေ၏။ သို့သော်လည်း လက်သီးအရွယ်အစားရှိ သွေးခဲလေးက သူ့သွေးပတ်လည်၌ ဆက်လက် စီးဆင်းနေဆဲ ဖြစ်သည်။ ဤသည်က အဆိပ်ခတ်ခံထားရသည့် လက္ခဏာမျိုး မပြနေပေ။ သွေးအရောင်မှာ နီရဲနေသေး၏။
မိုဝူကျိက ကိုယ်ပိုင်ကျင့်ကြံရေး လမ်းကြောင်းကို ဖန်တီးထားသူ ဖြစ်ရာ သူ့ခန္ဓာကိုယ်အကြောင်း ကောင်းကောင်း သိပေသည်။
ဤသို့မျိုး အဆိပ်ပြင်းပြင်းအောက်တွင် အဆိပ် သက်ရောက်မှု မခံရသည့် သွေးခဲမျိုး ကျန်ရှိနေအောင် မလုပ်နိုင်ပေ။ ဤသည်မှာ သေချာပေါက် ပြဿနာ ရှိနေခြင်း ဖြစ်၏။ မိုဝူကျိက တုံ့ဆိုင်းမနေဘဲ ရင်ဘတ်အတွင်း လက်လျိုးကာ ထိုသွေးခဲအား ဆုပ်ယူလိုက်ပြီး ကျောက်စိမ်းသေတ္တာထဲ ပစ်ထည့်ကာ ပိတ်ထားလိုက်သည်။
မိုဝူကျိ၏ အရိုးများက သေခြင်းတရား မီးခိုးရောင် အငွေ့အသက်များကို ထုတ်လွှင့်နေသည်။ သူက ယခုအချိန်အထိ တောင့်ခံနေနိုင်သည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ သူ့နတ်ဘုရား ရုပ်ခန္ဓာအဆင့်ကြောင့် ဖြစ်၏။ ထိုသွေးခဲကို ထုတ်ယူပြီးနောက် မိုဝူကျိက အသက်ဓာတ် ဆေးလုံးကို သောက်သုံးလိုက်ပြီး စိတ်စွမ်းအားဖြင့် ခန္ဓာကိုယ်ကို ရှာဖွေကြည့်လိုက်ပြန်သည်။
သုံးကြိမ်အထက် ရှာဖွေကြည့်ပြီးနောက် သူ့ခန္ဓာတွင် မူမမှန်တာမျိုး မရှိတော့ပေ။ မိုဝူကျိက အဆိပ်ဖြေ လမ်းကြောင်းကို စတင် လှည့်ပတ်လိုက်ပြီး ခန္ဓာကိုယ်အတွင်းမှ အဆိပ်ကို ဖြေဖျောက်လိုက်သည်။ တစ်ချိန်တည်းဆိုသလို သူ့အသက်ဓာတ် လမ်းကြောင်းမှာလည်း ဒဏ်ရာများ ပြန်လည် ကုစားဖို့ရာအတွက် စတင် လှည့်ပတ်လိုက်သည်။
အကယ်၍ သူက အဆိပ်ဖြေလမ်းကြောင်းကို အချိန်ဆွဲနေမိလျှင် သူ့ချီသွေးကြောများက စတင် ပျက်စီးလာနိုင်သည်။
သူ့အဆိပ်ဖြေလမ်းကြောင်းက အသည်းအသန် ပြောင်းပြန် လှည့်ပတ်နေသည်။ သူ့အမြန်ဆုံးနှုန်းဖြင့် မိုဝူကျိက ခန္ဓာကိုယ်အတွင်းမှ အဆိပ်များကို ဖယ်ထုတ်လိုက်နိုင်သည်။
မိုဝူကျိ၏ ယခင်အတွေ့အကြုံအရ ဤနေရာ၌ သူ့ခန္ဓာကိုယ်ကို အကျိုးရှိရှိ လေ့ကျင့်နိုင်ကြောင်း သေချာသိထားသည်။ ထို့ကြောင့် သူက အဆိပ်များကို ဖယ်ထုတ်ပြီးသည်နှင့် ရုပ်ခန္ဓာကျင့်စဉ်အား အသုံးပြုကာ အဆုံးအစွန်အထိ လှည့််ပတ်လိုက်သည်။
အနည်းငယ် လှည့်ပတ်ပြီးသည့်နောက်တွင် မိုဝူကျိက ကြောင်အမ်းမိနေသေး၏။ သူက ရုပ်ခန္ဓာလေ့ကျင့်ခြင်းမှာ ဤမျှအထိ လွယ်ကူကြောင်း မခံစားမိဖူးပေ။ သူ့နတ်ဘုရား ရုပ်ခန္ဓာအဆင့် ၈ မှ ထိပ်ဆုံးအဆင့်သို့ မြန်မြန်ဆန်ဆန် ရောက်ရှိသွားကာ အဆင့် ၉ သို့လည်း အတားအဆီးမရှိ တက်လှမ်းနိုင်သွား၏။
မိုဝူကျိက နတ်ဘုရားရုပ်ခန္ဓာအဆင့် ၉ သို့ တက်လှမ်းလိုက်သည်နှင့် သူ့အပေါ် သက်ရောက်မှုရှိနေသော အာကာပြင် မူမမှန်မှုများမှာလည်း သိသိသာသာ ကျဆင်းသွားကြောင်း ခံစားမိလိုက်သည်။
အကယ်၍ သူက သဘာဝစွမ်းအားများကို နှိုးဆွဖို့ ကြိုးစားလိုက်လျှင် အာကာပြင် မူမမှန်မှုများက သူ့ခန္ဓာကိုယ်အပေါ် ခြစ်ရာပင် ကျန်စေမည် မဟုတ်ပေ။
နေ့တစ်ဝက်လောက်အတွင်း မိုဝူကျိ၏ အဆိပ်ဖြေ လမ်းကြောင်းမှာ အဆိပ်အားလုံးကို ဖယ်ရှားပစ်လိုက်နိုင်၏။ တစ်ချိန်တည်းဆိုသလို သူ့ရုပ်ခန္ဓာ အဆင့်မှာ နတ်ဘုရား ရုပ်ခန္ဓာအဆင့် ၉ ၌ အခြေတည်သွားလေ၏။
အခွင့်အလမ်းနှင့် ဘေးအန္တရာယ်တို့က အတူတူ ရောက်ရှိလာကြသည်။ အကယ်၍ သူက ဤနေရာတွင် ရိုးရိုးတမ်းတမ်း နေ၍ ကျင့်ကြံနေလျှင် သူ့အနေနှင့် နတ်ဘုရား ရုပ်ခန္ဓာအဆင့် ၉ သို့ တက်လှမ်းဖို့ လွယ်ကူမည် မဟုတ်ပေ။
မိုဝူကျိက အပြည့်အဝ ပြန်ကောင်းမွန်လာပြီးနောက် သူ့ကိုယ်သူ ဒုတိယအကြိမ် အဆိပ်မိခံလိုက်သည်။ အကြောင်းမှာ သူ့အပေါ် သက်ရောက်လာသည့် အာကာပြင် မူမမှန်မှုများက အားနည်းသွားပြီ ဖြစ်၍ လေထုထဲက အဆိပ်ကို အတင်းစုပ်ယူနေရလေသည်။
သူ့တစ်ကိုယ်လုံးကို အဆိပ်သင့်စေပြီးနောက် မိုဝူကျိက စိတ်စွမ်းအား သုံး၍ ထပ်ရှာကြည့်လိုက်သည်။ မူမမှန်မှုများ မရှိတော့ကြောင်း အတည်ပြုပြီးနောက် သူက ပြန်၍ အဆိပ်ဖြေလိုက်သည်။
အဆိပ်ကို သုံး၍ ခန္ဓာကိုယ်ကို လေ့ကျင့်ပြီးနောက် မိုဝူကျိ၏ ရုပ်ခန္ဓာမှာ နတ်ဘုရား ရုပ်ခန္ဓာအဆင့် ၉ ထိပ်ဆုံးသို့ ရောက်ရှိသွားလေပြီ။
အဝတ်အစား သန့်သန့်ရှင်းရှင်း လဲလှယ်ပြီးနောက် မိုဝူကျိက ထာဝရ ကမ္ဘာထဲ ဝင်သွားလိုက်သည်။ ထာဝရ ကမ္ဘာထဲ၌ ကျောက်စိမ်းသေတ္တာကို ဖွင့်ကြည့်လိုက်၏။ ကျောက်စိမ်းသေတ္တာအတွင်း သွေးခဲလေး ရှိနေသည်။ ဤသည်မှာ သူ့ခန္ဓာကိုယ်မှ ဆွဲထုတ်ထားသော သွေးခဲလေး ဖြစ်၏။
အကယ်၍ သူသာ အဆိပ်ခတ်မခံရလျှင် ထိုသွေးခဲက ကျန်သည့်သွေးများနှင့် ကွဲပြားနေမည် မဟုတ်ပေ။ ထိုသွေးခဲမှာ သူ့သွေးနှင့် ရောနေလိမ့်မည်။ သူ့စိတ်စွမ်းအားဖြင့် အကြိမ်ကြိမ်အခါခါ စစ်ဆေးကြည့်သော်လည်း ထိုသွေးခဲလေးကို သတိမပြုမိခဲ့ပေ။ ယခုပင် သူ့စိတ်စွမ်းအားဖြင့် ထိုသွေးခဲလေး၏ မူမမှန်မှုအား မမှန်းဆနိုင်သေးပေ။ ဤအမှတ်အသားက မည်မျှ ကြောက်ဖို့ကောင်းကြောင်း သိသာလှ၏။
ထို့အပြင် မိုဝူကျိက ထိုလူငယ်လေးကို သတ်ပြီးပြီးချင်း အမှတ်အသားကို ရှာဖွေဖို့ရာ ဤနည်းလမ်းအား အသုံးပြုခဲ့လျှင် သွေးခဲလေးက ထိုမျှအထိ ကြီးမားမည် မဟုတ်ပေ။ တခြားနည်းဖြင့်ဆိုရလျှင် သူက ယခု မစစ်ဆေးကြည့်မိလျှင် သူ့ခန္ဓာကိုယ်ထဲက သွေးများအားလုံးက ထိုအမှတ်အသားအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။ သူက အဆိပ်နည်းလမ်းကို အသုံးပြုလျှင်ပင် ခြားနားချက်ကို ပြောနိုင်မည် မဟုတ်တော့ပေ။
အကယ်၍ တစ်ယောက်ယောက်က ထိုအမှတ်အသားမှာ သူ့သွေးအတွင်း ရှိကြောင်း ပြောလာလျှင် သူ့အနေနှင့် လက်ရှိကျင့်ကြံဆင့်ဖြင့် ဖယ်ရှားနိုင်မည် မဟုတ်ပေ။ သူ့ခန္ဓာကိုယ်မှ သွေးအားလုံးကို ထုတ်ပစ်ရမည်လား။
မိုဝူကျိက တွေးကြည့်လေလေ ပို၍ စိုးထိတ်မိလာလေလေ ဖြစ်၏။ သူက သူ သတ်မိလိုက်သည့် သူကို မသိသော်လည်း ထိုလူတွင် အားကောင်းသည့် နောက်ခံရှိနေလိမ့်မည်ဟု မှန်းဆမိပေ၏။
ထာဝရကမ္ဘာမှာ မိုဝူကျိ၏ ကိုယ်ပိုင် ကမ္ဘာဖြစ်သော်လည်း သူ့အနေနှင့် ထိုသွေးခဲ၏ တည်ရှိမှုကို တန်းထုတ်မပြရဲပေ။ သူက ဘေးပတ်လည်၌ အစီအရင်အလံများစွာ ခင်းကျင်းလိုက်ပြီး လော့ကျမ်းစာရွက်ကို အစောင့်အဖြစ် ထားထားလိုက်သည်။ ထို့နောက် သူက ပညာရှင်နှလုံးသားကို ထုတ်ကာ ထိုသွေးခဲပေါ် ပစ်လွှတ်လိုက်သည်။
ပညာရှင်နှလုံးသားက အဆင့် ၉ အင်မော်တယ် မီးတောက် ဖြစ်၏။ ထို့အပြင် ဤသည်မှာ မိုဝူကျိ၏ ပိုင်နက် ဖြစ်ပေသည်။ မီးတောက်က သွေးခဲကို လွှမ်းခြုံထားလေရာ သွေးခဲမှာ လောင်ကျွမ်းခံလိုက်ရပြီး အင်မတန် သေးငယ်သော သွေးစက်လေးက သူ့ကာကွယ်ရေး အစီအရင်အတွင်း မျှောလွင့်နေသည်။ သူ့ပညာရှင်နှလုံးသားက လောင်ကျွမ်းဖို့ မည်မျှကြိုးစားစေကာမူ ထိုသွေးစက်လေးက အငွေ့ပျံမသွားပေ။
မိုဝူကျိ၏ စိတ်ထဲ တုန်လှုပ်မိလာ၏။ ထိုအမှတ်အသားမှာ အတော်လေး အားကောင်းလှပေသည်။ သူ့အဆင့် ၉ အင်မော်တယ်မီးတောက်ပင် ထိုအရာနှင့် ရင်ဆိုင်ရာ၌ ကူကယ်ရာမဲ့နေ၏။ အကယ်၍ ထိုအမှတ်အသား ပိုင်ရှင်သာ သိသွားလျှင် သူ့အနေနှင့် အဆုံးသတ်မသွားပေဘူးလား။
မိုဝူကျိက ထိုအမှတ်အသားကို လောင်ကျွမ်းပစ်ဖို့ မကြိုးစားတော့ပေ။ ဤသည်မှာ သူ့ထာဝရကမ္ဘာ ဖြစ်၏။ သူက အစီအရင်အလံများနှင့် အစီအရင်များအား ဖယ်ရှားပစ်လိုက်သည်။ ထိုမျှတင် မကသေးဘဲ သူက လော့ကျမ်းစာရွက် နှစ်ရွက်ဖြင့် ထိုအမှတ်အသားအား စောင့်ကြပ်ထားလိုက်သည်။
သူက ထိုအမှတ်အသားကို လွှင့်ထုတ်မပစ်ရဲပေ။ အကယ်၍ ထိုအမှတ်အသားကို အင်မော်တယ်လောကထဲ ပစ်လိုက်၍ ပြုလုပ်ထားသည့် အဆင့်မြင့် ကျင့်ကြံသူက တွေ့သွားခဲ့လျှင် အင်မော်တယ်လောက တစ်ခုလုံးမှာ သူ့ကြောင့် ဖျက်စီးခံရနိုင်သည်။
ထာဝရကမ္ဘာမှ ထွက်လာပြီးနောက် မိုဝူကျိက တံခါးအကြီးကြီးဆီ ပြန်သွားလိုက်သည်။ သူက ချက်ချင်း မဝင်သေးဘဲ စိတ်ဝိညာဉ်မျက်လုံးကို အသက်သွင်းပြီး ခန်းမကြီးအား လေ့လာလိုက်သေး၏။
မိုဝူကျိ၏ အကြည့်က ထိုအမျိုးသမီးဆီ ရောက်လာသည်နှင့် သူမက တံခါးဘက်ကို လှည့်ကြည့်လိုက်ပြီး အေးစက်စွာ မထီမဲ့မြင်ပြုလိုက်သည်။
မိုဝူကျိက သူမကို စမြင်လိုက်ကတည်းက သူမအနေနှင့် သူ သေချာပေါက် ပြန်ရောက်လာမည်ကို သိနေသည့်ပုံ ပေါ်နေသည်။ ထို့ကြောင့် သူမက သူ့နောက် လိုက်မလာခြင်း ဖြစ်၏။
ဤတစ်ကြိမ်၌ မိုဝူကျိက ခန်းမအတွင်း ဝင်သွားလိုက်သည်။ သူက ခြိမ်းခြောက်မှုမျိုး မခံစားမိတော့၍ ဖြစ်သည်။ ဤအမှတ်အသားမှာ သူ့အား ခြိမ်းခြောက်နေသည့် တည်ရှိမှုမျိုး ဖြစ်ကြောင်း သိသာသည်။
“ မင်း ထပ်ပုန်းနေဦးမယ်လို့ ထင်နေတာ ….. မြန်မြန် ရောက်လာမယ်လို့ မထင်မိဘူး ” ယူကျန်းနာက မိုဝူကျိအား စိုက်ကြည့်ကာ ပြောလိုက်သည်။ သူမ နှုတ်ခမ်းပါးက မထီမဲ့မြင် ကွေးညွှတ်သွားလေ၏။
လိန်ဟုန်ကျီနှင့် ဟူချီရှန်းတို့ကလည်း မိုဝူကျိကို မြင်သည့်အခါ ထရပ်လိုက်ကြသည်။
“ မိုဝူကျိ မင်းလား … အရင်တုန်းက ငါ မင်းကို မသတ်ခဲ့ရပေမဲ့ ဒီတစ်ကြိမ်တော့ မင်း ဘယ်လောက် တိုးတက်လာလဲ ကြည့်ချင်မိသား ” လိန်ဟုန်ကျီက မိုဝူကျိအား စိုက်ကြည့်လိုက်ပြီး သူ့မျက်ဝန်း၌ သတ်ဖြတ်ငွေ့များနှင့် ပြည့်နှက်နေသည်။
မိုဝူကျိ၏ သတ်ဖြတ်လိုစိတ်နှင့် နှိုင်းယှဉ်ကြည့်လျှင် သူ့သတ်ဖြတ်လိုစိတ်က ပို၍ ကြီးမားပေသည်။ သူက မိုဝူကျိသည် အားကောင်းပြီး အင်မော်တယ် ဧကရာဇ်အဆင့် ရောက်နေမှန်း သိထား၏။ သို့သော်လည်း သူ လိန်ဟုန်ကျီက ကြောက်ရွံ့ခြင်းမရှိပေ။ သူက အင်မော်တယ် ဧကရာဇ် အစောပိုင်းအဆင့်မျှ ရှိသော်လည်း ကျီချန်းလောနှင့် ပွင့်လင်းမြင်သာ ရင်ဆိုင်တိုက်လျှင်ပင် အနိုင်ရနိုင်ကြောင်း သိထား၏။ သူနှင့် ဓားချင်း မယှဉ်ဖူးသည့်သူများက သူက တခြားအင်မော်တယ် ဧကရာဇ်များနှင့် ကွာခြားနေကြောင်း သိမည် မဟုတ်ပေ။
မိုဝူကျိက နှာခေါင်းရှုံ့လိုက်ပြီး “ တကယ်လို့ အရင်တစ်ခါက ကိစ္စကို သေချာမှတ်မိနေရင် ထွက်ပြေးသွားတဲ့သူက ငါ မဟုတ်ဘူး ”
“ မင်းက မိုဝူကျိပေါ့ … ဒီကို ရောက်လာဖို့ စွမ်းရည်တော့ ရှိသား … အဲဆို မင်းဆီမှာ တျန်းဂျီအမှတ်အသား လေးခု ပိုင်ဆိုင်ထားလား ” ယူကျန်းနာက မိုဝူကျိနှင့် လိန်ဟုန်ကျီတို့ကြားမှ ရန်ငြိုးကို စိတ်မဝင်စားပေ။
ဘေးတွင် ဟူချီရှန်းက မိုဝူကျိ ပြောသည့်အထိ မစောင့်ဘဲ အနက်ရောင် အမှတ်အသားပြားကို ထုတ်ကာ “ တျန်းဂျီ အမှတ်အသားလေးခုက အမျိုးအစား မတူဘူး။ ကျုပ် အမှတ်အသားပြားက ယန်ယင်အမှတ်အသားထဲက ယင် အမှတ်အသားပြားပဲ …. လိန်ဟုန်ကျီရဲ့ ဓားက တျန်းဂျီဓား ”
ထိုအနက်ရောင် အမှတ်အသားပြားမှာ သူ့အဖြူရောင် အမှတ်အသားပြားနှင့် ဆင်တူနေပြီး ထိုအပေါ်တွင်လည်း ပုံရိပ်တချို့ ရှိနေသည်။
သုံးယောက်လုံး၏ အနေအထားကို ကြည့်ကာ သူသာ တျန်းဂျီအမှတ်အသား တစ်ခုကို မထုတ်ပြနိုင်ပါက သူတို့သုံးယောက်လုံးက ပူးပေါင်း၍ သူ့အား တိုက်ခိုက်မည် ဖြစ်ကြောင်း သိလိုက်သည်။
ပူးပေါင်းသည့်အကြောင်းကို ထည့်မပြောလျှင်ပင် သူ မိုဝူကျိက ထိုအမျိုးသမီး တစ်ယောက်နှင့်ပင် ပြိုင်ဖက် မဖြစ်နိုင်ကြောင်း မှန်းဆမိထား၏။ ထိုအမျိုးသမီးက ထိုဆံညိုလူငယ်လေးနှင့် သေချာပေါက် ဆက်နွယ်နေပေလိမ့်မည်။ သူတို့နှစ်ယောက်က အတော်လေး ဆင်တူနေပေ၏။
“ တျန်းဂျီ အမှတ်အသားလေးခုက ဘာလုပ်ဖို့လဲ ” မိုဝူကျိက သူ့တျန်းဂျီတုတ်နှင့် အဖြူရောင် အမှတ်အသားပြားကို ချက်ချင်း ထုတ်မပြသေးဘဲ မေးလိုက်သည်။
***