← Chapters

တျန်းဂျီ၏ ငါးခုမြောက် အမှတ်အသား

Vol. 63 Ch. 874

တျန်းဂျီ၏ ငါးခုမြောက် အမှတ်အသား

Vol. 63 Ch. 874

ခန်းမကြီးမှာ အမှန်တကယ် ကြီးမားကျယ်ဝန်းလှသည်။ သူတို့က တစ်နာရီလုံးလုံး လျှောက်လှမ်းလာသော်လည်း နံရံကို မမြင်ရသေးပေ။ မိုဝူကျိက သူ့ကံကောင်းမှုသူ ချီးကျူးမိလိုက်၏။ အကယ်၍ ယူကျန်းနာနှင့် အခြားနှစ်ယောက်သာ တံခါးအဝနား ရှိမနေလျှင် သူက တန်းဝင်သွားမိလောက်သည်။ သူ ဝင်သွားသည်နှင့် ယူကျန်းနာက သူ ထိုလူငယ်လေးအား သတ်ထားသည့် အမှတ်အသားကို တွေ့သွားလျှင် အကျိုးဆက်က မတွေးဝံ့စရာ ဖြစ်၏။

နောက်ထပ် အမွေးတိုင် တစ်တိုင်စာလောက် ကြာမြင့်ပြီးနောက် အုပ်စုက ရပ်လိုက်ကြတော့သည်။ သူတို့ရှေ့တွင် ရှိနေသည်က နံရံကြီး မဟုတ်ဘဲ သင်္ကေတအလွှာ တစ်ခု ဖြစ်နေ၏။

ထိုသင်္ကေတအလွှာက ကြည်လင်နေပြီး အားကောင်းသည့် တာအိုစည်းမျည်းများ လှိုင်းထနေသည်။ သာမာန်နည်းလမ်းများဖြင့် ထိုတာအို သင်္ကေတများအား ဖွင့်နိုင်မည် မဟုတ်ပေ။ တစ်ချိန်တည်းဆိုသလို မိုဝူကျိက သူ့ခွန်းဝူဓားအနေနှင့် ဤအလွှာအား ဖွင့်နိုင်မလားဟု တွေးလာမိ၏။ ခွန်းဝူဓားမှာ ရှေးဟောင်း နတ်ဓားဆယ်လက်မှ တစ်လက် ဖြစ်သည် မဟုတ်ပါလော။

မိုဝူကျိ၏ စိတ်စွမ်းအားက ထိုအလွှာအား လုံးဝ ထိုးဖောက်နိုင်စွမ်း မရှိပေ။

“ ဒါက တျန်းဂျီ ကံကြမ္မာ အလွှာလေ။ ဒီအလွှာပေါ်က သင်္ကေတတွေက ထိပ်တန်းအဆင့် ကမ္ဘာဦး ကံကြမ္မာ အစီအရင်ပဲ …. ဘယ်သူကမှ အစီအရင်ကို ပုံတူမပွားနိုင်ဘူး။ တျန်းဂျီရဲ့ ကမ္ဘာဦး ကံကြမ္မာနဲ့မှ ဖြစ်တည်လာတာ …. တျန်းဂျီ ကံကြမ္မာအလွှာအထဲမှာ အင်မော်တယ်နယ်မြေရဲ့ ကံကြမ္မာ နှုတ်ယူထားတဲ့ နယ်မြေ ရှိတယ် …” ယူကျန်းနာက သင်္ကေတများနှင့် ပြည့်နေသည့် အလွှာကို ကြည့်ကာ ပြောလိုက်သည်။

“ အဲဆို ဒီကံကြမ္မာအလွှာကို ဘယ်လိုဖွင့်ကြမလဲ ” မိုဝူကျိ စိတ်ထဲ မရေမရာ ဖြစ်နေမိသည်။ သူ့အစီအရင်တာအိုအဆင့်နှင့်ပင် ဤသည်က ဧရာမ အစီအရင်ကြီး ဖြစ်ကြောင်း မြင်နိုင်စွမ်း မရှိပေ။

ယူကျန်းနာက အပြောင်းအလဲမရှိ ပြောလိုက်သည်  “ တျန်းဂျီတုတ် ရောက်လာရင် ရပြီ ”

မိုဝူကျိက အမှန်ပင် ကူကယ်ရာမဲ့နေမိသည်။ အကယ်၍ သူသာ သူမ နေရာရောက်နေလျှင်လည်း အမှတ်အသားလေးခုလုံး မစုံသေးသရွေ့ သူလည်း အတူတူ ပြောမိမည်သာ ဖြစ်၏။

ယူကျန်းနာက မိုဝူကျိအား မထီမဲ့မြင် တစ်ချက်ကြည့်လိုက်ပြီး

“ ရှင်က ကံကြမ္မာ ဆက်နွယ်မှုဆိုတာကို တစ်ခါမှ မကြားဖူးလို့တော့ လာမပြောနဲ့နော်။ ကံကြမ္မာ စည်းမျည်းက အာကာပြင်စည်းမျည်းနဲ့ အချိန်စည်းမျည်းထက်တောင် ပိုသေးတယ်။ တစ်ချို့ပြောကြတာတော့ ကံကြမ္မာမှာ စည်းမျည်း မရှိဘူးတဲ့ …. ရှင်လည်း လျို့ဝှက်ပညာရပ်တွေ ကြားဖူးမှာပါ။ ဒါပေမဲ့ ကံကြမ္မာ အမျိုးအစား လျို့ဝှက်ပညာရပ်အကြောင်း ကြားဖူးလား။ ကံကြမ္မာကို နှုတ်ယူရုံအပြင် တျန်းဂျီကံကြမ္မာ အလွှာထဲမှာ သက်ရှိ မရှိဘူး။

တကယ်လို့ ကျမတို့တွေ အဲဒီအလွှာကို ဖြတ်သွားရင် ကံကြမ္မာက ကျမတို့ ခန္ဓာကိုယ်မှာ အလိုလို ဆက်နွယ်ပြီးသား ဖြစ်သွားပြီ။ ကျမတို့ ဘယ်လောက်ရတယ်ဆိုတာတော့ ကိုယ့်ကံကောင်းမှုနဲ့ကိုယ်ပေါ့ …. ”

မိုဝူကျိက ထိုအရာမှာ သေချာပေါက် ကံကောင်းမှုအပေါ် မူတည်နေမည် မဟုတ်ကြောင်း သိထားသည်။ ဤကံကြမ္မာက ကျင့်ကြံသူတစ်ယောက်၏ စည်းမျည်း သို့မဟုတ် ကျင့်ကြံဆင့်ပေါ် မူတည်နေဖို့ ပို၍ ဖြစ်နိုင်သည်။ အကယ်၍ သူသာ သူတို့နှင့် ကံကြမ္မာ ဝေခွဲပါက သူ့အပေါ် ဆက်နွယ်လာမည့် ကံကြမ္မာမှာ အနည်းဆုံး ဖြစ်ပေလိမ့်မည်။

သူက လူသားတာအိုကို ကျင့်ကြံပြီး  ကံကြမ္မာဆိုသည့်အရာမှာ မမြင်နိုင်သလို ထိတွေ့နိင်ခြင်းလည်း မရှိပေ။ အဘယ်ကြောင့်များ သူ့ဆီ ကပ်ညှိတွယ်နေမည်နည်း။ စည်းမျည်းများအပေါ် မူတည်ထားခြင်း မဟုတ်လျှင် ကျင့်ကြံဆင့်ပေါ် မူတည်ပေလိမ့်မည်။ ဤနေရာ၌ သူ့ကျင့်ကြံဆင့်မှာ လိန်ဟုန်ကျီထက် အနည်းငယ်သာ မြင့်ပေသည်။

“ တကယ်လို့ ကျုပ်တို့ ဝင်သွားရင် ကံကြမ္မာက သူ့ဘာသာ ပျောက်ကွယ်သွားနိုင်ခြေရော ရှိလား” မိုဝူကျိက မေးလိုက်၏။ သူက ယူကျန်းနာသည် အထဲရှိ ကံကြမ္မာသည် ပျောက်ကွယ်သွားနိင်ကြောင်း ပြောဖို့ရာ မျှော်လင့်နေမိသည်။ ထိုအမျိုးသမီး၏ စကားအသွားအလာအရ အကယ်၍ သူသာ ကံကြမ္မာကို ပျောက်ကွယ်သွားအောင် လုပ်နိုင်လျှင် အင်မော်တယ်လောကဆီ အလိုလို ပြန်ရောက်သွားကာ ဆက်လက် နှုတ်ယူ၍ ရတော့မည် မဟုတ်ပေ။

ဤတစ်ကြိမ် ယူကျန်းနာက အလေးအနက်ဟန် ပြောင်းလဲသွားပြီး

“ ငါတို့တွေ အတူတူတွဲလုပ်ဖို့ပဲ လိုတယ်။ တျန်းဂျီ အမှတ်အသားလေးခုလုံး စုတဲ့အခါ သူတို့ရဲ့ သက်ဆိုင်တဲ့နေရာမှာ ထည့်လိုက်ရင် စုပ်ယူအား တစ်ခု ပေါ်လာလိမ့်မယ်။ အဲဒီစုပ်ယူအားက နှုတ်ယူထားတဲ့ ကံကြမ္မာကို စုပ်ယူနေတဲ့အားပဲ …. ကံကြမ္မာကို ငါတို့အထဲ စုပ်ယူပြီးသွားရင် အစီအရင်က ပျက်စီးသွားပြီးတော့ ပျောက်ကွယ်သွားလိမ့်မယ်။ အဲဒီ စုပ်ယူအားပေါ်လာတဲ့အခါ ငါတို့က အဲဒီအားကို မခုခံရဘူး။

မဟုတ်ရင် ကံကြမ္မာက ပျောက်ကွယ်သွားလိမ့်မယ်။ အသက်ရှိုက်စာအတွင်းလေးမှာတောင် အဲဒီကံကြမ္မာ တစ်ဝက်လောက် ပျောက်သွားတာ ဖြစ်နိုင်တယ် ”

မိုဝူကျိက ပျော်ရွှင်မိသွားသည်။ ယူကျန်းနာ၏ စကားများက အရေးကြီးသည့် အချက်နှစ်ချက်ကို ထုတ်ဖော်နေလေ၏။ ပထမဦးစွာ ဤအစီအရင်အား ဖွင့်ကာ ကံကြမ္မာကို စုပ်ယူဖို့ရာအတွက် တျန်းဂျီ အမှတ်အသားလေးခုအား သက်ဆိုင်ရာ နေရာ၌ ထားဖို့ရာ လိုအပ်ပေသည်။ ဒုတိယအနေနှင့် ကံကြမ္မာက အလွယ်တကူ ပျောက်ကွယ်သွားနိုင်သည်။ အချိန်တိုတို နှောင့်နှေးခြင်းကပင် ကံကြမ္မာအား အလွယ်လေး ပျောက်ကွယ်သွားနိုင်စေသည်။ အကယ်၍ သူသာ သူတို့အား အချိန်နည်းနည်း ဆွဲထားနိုင်လျှင် ထိုကံကြမ္မာက အင်မော်တယ်လောကဆီ ပြန်လည် ရောက်ရှိသွားနိုင်ခြေ ရှိ၏။

မိုဝူကျိက ထိုအလွှာပေါ်တွင် အာရုံစိုက်ထားလိုက်သည်။ သို့သော်လည်း စိတ်စွမ်းအားနှင့် မည်မျှလေ့လာကြည့်စေကာမူ သူ့အနေနှင့် တျန်းဂျီ အမှတ်အသားလေးခု ရှိသည့်နေရာကို မမြင်နိုင်သေးပေ။

ဤတစ်ကြိမ် မိုဝူကျိက အနီးကပ်သွားကာ စိတ်ဝိညာဉ်မျက်လုံးကို အသက်သွင်းလိုက်သည်။

မိုဝူကျိက အမြောင်းရာ လေးခုကို မြင်တွေ့လိုက်ရသည်။ ထိုအထဲ၌ အမြောင်းရာနှစ်ခုမှာ သူ့လက်ထဲရှိ အမှတ်အသားပြားနှင့် အရွယ်တူ ဖြစ်နေရာ ယင်ယန်အမှတ်အသားအတွက် ဖြစ်ပေလိမ့်မည်။

နောက်ထပ် အမြောင်းရာနှစ်ခုအနက် တစ်ခုမှာ တျန်းဂျီဓားနှင့် သဏ္ဍာန်ဆင်ပြီး နောက်တစ်ခုမှာ သူ့တျန်းဂျီတုတ်နှင့် တူနေသည်။ သူတို့အားလုံးမှာ လက်ဖဝါးအရွယ်အစားမျှသာ ရှိနေသောကြောင့် မိုဝူကျိက တျန်းဂျီတုတ်အား မည်သည့်နေရာမှ ထည့်ရမည်ကို မသိတော့ပေ။

ထို လက်ဖဝါးအရွယ် အမြောင်းရာ လေးခုအနက် အတော်လေး ကြီးမားသည့် အမြောင်းရာတစ်ခု ရှိနေသည်။ ဤအမြောင်းရာက လေးထောင့် အုတ်ခဲနှင့် ဆင်တူနေပေ၏။

မိုဝူကျိက စိတ်ဝိညာဉ်မျက်လုံးကို ခဏတာမျှသာ ဖွင့်လိုက်သော်လည်း သူက အမြောင်းရာ ငါးခုကို မြင်တွေ့လိုက်ရ၍ ယူကျန်းနာက ရိုးသားခြင်း မရှိကြောင်း သိလိုက်သည်။ သူက စုရိုအာ ပြောစကားကို ပြန်လည် အမှတ်ရလိုက်မိ၏။ တျန်းဂျီ ကျောက်ပြား ကြေမွသွားစဉ်အခါက ပစ္စည်းငါးမျိုးအဖြစ်  ကွဲသွားလေသည်။ တစ်ခုမှာ တျန်းဂျီ ကျောက်ပြား ဖြစ်၏။

“ တာအိုရောင်းရင်းယူ … ကျုပ်တို့သုံးယောက်လုံးမှာ အမှတ်အသားတွေ ရှိကြတယ်။ ခင်ဗျားရော …. ခင်ဗျားက ဒီအတိုင်း လိုက်လာတာလို့တော့ မပြောနဲ့နော်။ ကျုပ်တို့က အဲလိုစကားမျိုးကို ယုံမှာ မဟုတ်ဘူး ” မိုဝူကျိက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

ယူကျန်းနာက မိုဝူကျိအား စိုက်ကြည့်ကာ  “ မင်းဆီမှာ စိတ်ဝိညာဉ်မျက်လုံးရှိနေတာကို ငါ တကယ်  မပြောနိုင်ဘူးပဲ ”

မိုဝူကျိက ထိုစကားများ ကြားလိုက်သောအခါ နည်းနည်း နေရခက်သလို ခံစားမိလာ၏။ သူက စိတ်ဝိညာဉ်မျက်လုံးကို ခဏတာမျှ ဖွင့်ခဲ့သော်လည်း ထိုအမျိုးသမီးက သတိပြုမိလိမ့်မည်ဟု မထင်ခဲ့ပေ။ သူက ကိုယ့်ဘာသာ ဇာတ်ညွှန်းရေးပြီး ကဖို့ရာအထိပါ လုပ်ဆောင်ခဲ့သေးသည်။

“ ကျုပ်က ဒီနေရာက အမြောင်းရာ ငါးခုကို မြင်ရတယ် ” မိုဝူကျိက ဆက်လက်၍ ဖုံးကွယ်မထားတော့ပေ။ သူမ သိနေသည့်ကိစ္စမရှိပေ။ သူ့အနေနှင့် ကြောက်ရမည့် အကြောင်းအရင်းလည်း မရှိချေ။

ယူကျန်းနာက လေးထောင့် အုတ်ခဲကို ထုတ်ကာ ပြောလိုက်၏  “ မင်း ပြောတာ မှန်တယ်။ လေးခု မဟုတ်ဘူး။ အမှတ်အသား ငါးခုပဲ ….  ငါက တချို့အချက်လေးကို ဖုံးကွယ်ထားတာ ဒါပေမဲ့  အကြံဆိုးနဲ့ မဟုတ်ဘူး။ အားလုံး ရောက်လာတဲ့အခါကျလည်း ဒီအမှတ်အသားကို ထုတ်ပြရမှာပဲလေ ”

မိုဝူကျိက ဖြည်းဖြည်းချင်း နောက်ဆုတ်ကာ  “ ခင်ဗျားနဲ့ အတူတူ တွဲမလုပ်ချင်တော့ဘူး။ ခင်ဗျားက အကြံများလွန်းတယ်။ အချိန်ကျလာတဲ့အခါကျ ခင်ဗျားရဲ့ လုပ်ကြံမှုကို ခံရနိုင်တယ် ”

“ ခဏ ..” မိုဝူကျိက ထွက်သွားတော့မည်ကို မြင်၍ ယူကျန်းနာက တကယ် စိုးရိမ်မိသွားသည်။

မိုဝူကျိက ရပ်တန့်ရန် ရည်ရွယ်ချက် မရှိပေ။ သူက သူ့လခြမ်းကွေး ပုဆိန်လှံရှည်ကိုပင် ဆွဲထုတ်ထားပြီး လိန်ဟုန်ကျီနှင့် ဟူချီရှန်းတို့အပေါ်တွင်လည်း သတိကြီးကြီးထားထားသည်။

လိန်ဟုန်ကျီနှင့် ဟူချီရှန်းတို့က ယူကျန်းနာအပေါ်တွင် အနည်းငယ် အကောင်းမြင်ခဲ့ကြသော်လည်း မိုဝူကျ၏ စကားများကို ကြားပြီးသည့်နောက်တွင် သူတို့က မိုဝူကျိနှင့် ရင်ဆိုင်ဖို့ သူမနှင့် ပူးပေါင်းဖို့  တိမ်းညွှတ်မှု နည်းပါးလာသည်။

ယူကျန်းနာက ထိုအခြေအနေကို မြင်သောအခါ မြန်မြန် ပြောလိုက်လေ၏

“ ငါ သတိကြီးကြီးထားမိတယ်ဆိုတာကို ဝန်ခံပါတယ်။ ဒါပေမဲ့ မင်းတို့တွေလည်း ငါ့အပေါ် ရာနှုန်းပြည့် ရိုးသားကြလို့လား။ တာအိုရောင်းရင်းမို … အရင်ကတည်းက ငါတို့ကို မြင်ရက်သားနဲ့  ရက်တချို့ကြာပြီးမှ ဝင်လာတာက ငါတို့အပေါ် အကောက်ကြံချင်လို့လား။ ငါက အတူတူ တွဲလုပ်ဖို့ အကြံကို အမြဲပြောနေခဲ့တာ …. အတူတူ ပူးပေါင်းလုပ်မှ အားလုံးအတွက် အကျိုးရှိမယ်။ ငါက မကောင်းကြံစည်ပြီးတော့ ဘာအကျိုးမှ ရလာမှာ မဟုတ်ဘူး ”

မိုဝူကျိက နောက်ဆုတ်ခြင်းကို ရပ်တန့်လိုက်သော်လည်း သတိထားနေဆဲ ဖြစ်ကာ  “ ဒီလိုဆိုမှတော့ ခင်ဗျားရဲ့ အမှတ်အသားကို ကြည့်ချင်တယ်။ အဲဒီမှာ ပြဿနာ ရှိနေမလားဆိုတာကို ဘယ်သူက သိမှာလဲ ”

ယူကျန်းနာက မိုဝူကျိ၏ စကားကို ကြားလိုက်သောအခါ သူမ လေသံမှာ အေးစက်လာပြီး “ ငါ့အမှတ်အသားကို မင်းဆီ ပြရမယ်တဲ့လား။ မင်းအကြံက အရမ်းကို ကောင်းနေတာပဲ ”

မိုဝူကျိက သူ့ယန်အမှတ်အသားပြားကို ထုတ်ကာ  “ နားလည်မှုမလွဲစေဖို့ ကျုပ် အမှတ်အသားကို ခင်ဗျားဆီ ပေးထားတယ်။ တကယ်လို့ ခင်ဗျား မလုပ်ချင်ဘူးဆိုရင် ခင်ဗျားမှာ ပြဿနာ ရှိနေတယ်ဆိုတာကို ပြနေတာပဲ ”

မိုဝူကျိ စကားများကို ကြားကာ ယူကျန်းနာက မျက်မှောင်ကျုတ်လိုက်၏။ ထို့နောက် သူမက သတိထားနေသည့် လိန်ဟုန်ကျီနှင့် ဟူချီရှန်းတို့ကို မြင်လိုက်သည့်အခါ အနည်းငယ် တုံ့ဆိုင်းနေရင်း ပြောလိုက်သည်  “ ကောင်းပြီလေ …. ဒါပေမဲ့ မင်းကြည့်ပြီးတာနဲ့ ချက်ချင်း ပြန်ပေးရမယ် ”

မိုဝူကျိက ဘာမှမပြောဘဲ ယန်အမှတ်အသားပြားကို ကြမ်းပြင်ပေါ် ချပေးလိုက်၏။

ယူကျန်းနာလည်း အုတ်ခဲကို ကြမ်းပြင်ပေါ် ချပေးလိုက်သည်။ သူမ အုတ်ခဲ ကြမ်းပြင်ပေါ် ရောက်သည်နှင့် မိုဝူကျိ၏ လက်က ရောက်ရှိလာသည်။ သို့သော်လည်း ထိုအုတ်ခဲကို သူမ စွမ်းအားစက်ကွင်းနှင့် ကာကွယ်ထားပြီး တစ်ချိန်တည်းဆိုသလို သူမက မိုဝူကျိ၏ ယန်အမှတ်အသားပြားကို ယူသွားလိုက်သည်။

သူတို့က ယူကျန်းနာ၏ အပြုအမူများကို မြင်လိုက်သောအခါ မိုဝူကျိနှင့် ရန်ကြွေးရှိထားကြသည့် ဟူချီရှန်းနှင့် လိန်ဟုန်ကျီတို့ပင် မှော်ရတနာအသီးသီး ဆွဲကိုင်လိုက်ကြ၏။

ယူကျန်းနာက မိုဝူကျိ၏ ယန်အမှတ်အသားပြားမှာ သူ့စွမ်းအားစက်ကွင်းနှင့် ကာကွယ်ထားလိမ့်မည်ဟု တွေးမိကာ ထိုအကြောင်းပြချက်အား အသုံးချ၍ သူမ၏ တျန်းဂျီ အမှတ်အသားပြား ပြဖို့ ငြင်းဆန်ရန် တွေးထားခြင်း ဖြစ်၏။ သူမက မိုဝူကျိသည် စွမ်းအားစက်ကွင်းကို မထုတ်ထားဘဲ သူမ စိတ်စွမ်းအားဖြင့် ယန်အမှတ်အသားပြားကို တန်းယူ၍ ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ထိုစဉ် သူမသာ  သူမ၏ တျန်းဂျီ အမှတ်အသားအား ဆက်လက် ဆွဲကိုင်ထားမည်ဆိုလျှင် ပြဿနာများက ရှုပ်လာလိမ့်မည်။ သူမက ထိုအတွေးဖြင့် တျန်းဂျီ အမှတ်အသားကို လက်လွှတ်ပေးလိုက်၏။ တစ်ချိန်တည်းဆိုသလို သူမက ကိုယ့်ဘာသာ ပြင်ဆင်ထားလိုက်သည်။ အကယ်၍ မိုဝူကျိက နောက်ဆုတ်ရဲမည်ဆိုလျှင် သူမက သူ့ကို တိုက်ခိုက်ဖို့ရာ တုံ့ဆိုင်းနေမည် မဟုတ်ပေ။

မိုဝူကျိက ထိုအုတ်ခဲကို ဆွဲကိုင်လိုက်သည့်အခါ တျန်းဂျီ ဟူသော စာလုံးနှစ်လုံးကို မြင်လိုက်ရသည်။ ထိုအုတ်ခဲက အမှတ်အသားငါးခုအနက် တန်ဖိုးအရှိဆုံးဖြစ်ကြောင်း သိသာလှသည်။

ထိုအုတ်ခဲ၏ တန်ဖိုးမှာ သူ့ယန်အမှတ်အသားပြားထက် ကျော်လွန်ပေသည်။

“ မင်း ကြည့်ပြီးပြီမလား … အခု ပြန်ပေးတော့ ” ယူကျန်းနာက မိုဝူကျိ၏ နောက်ဆုတ်မည့် လမ်းကြောင်းအား ပိတ်ဆို့ထားပြီးပြီ ဖြစ်၏။

သူတို့က ယူကျန်းနာသည် မိုဝူကျိဆီ အုတ်ခဲပေးလိုက်သည်ကို  မြင်သောအခါ လိန်ဟုန်ကျီနှင့် ဟူချီရှန်းတို့က ဘာမှမပြောတော့ပေ။ အမြင်နှင့်တင် ယူကျန်းနာက သူတို့နှင့် အတူတူ တွဲလုပ်ချင်နေမှန်း သိသာလှသည်။

မိုဝူကျိက နောက်ဆုတ်ဖို့ ရည်ရွယ်ချက် မရှိပေ။ ထို့အစား သူက ရှေ့တိုးကာ အလွှာပေါ်ရှိ အကြီးဆုံး အမြောင်းရာကြီးရှေ့တွင် ရပ်ကာ  “ အတု ဟုတ်၊ မဟုတ် ကျုပ် တစ်ချက် ကြည့်ကြည့်ချင်တယ် ”

“ အရူး …. ငါတို့တွေက အမှတ်အသားတစ်ခု လိုနေသေးတယ်။ အခု စမ်းကြည့်ရင်တောင် ဘာမှအသုံးမဝင်ဘူး ” ယူကျန်းနာက ပြန်လည် ချေပလိုက်၏။

မိုဝူကျိက အေးစက်စွာ ပြောလိုက်သည်

“ တာအိုရောင်းရင်း ယူကျန်းနာ …. ဒီနေရာက တျန်းဂျီ ကံကြမ္မာ နယ်မြေ ဖြစ်ပြီးတော့ မြောင်းရာ ငါးခုရှိတာကို ကျုပ် မသိဘူးလို့ ထင်နေလား။ ကျုပ်ဆီမှာ စိတ်ဝိညာဉ် မျက်လုံးရှိတယ်။ ကျုပ်က တစ်ချက် စစ်ဆေးကြည့်ချင်ရုံပဲ …. ပြီးတော့ ကျုပ်မှာ ထပ်ထည့်ဖို့ ပစ္စည်းတစ်ခု ရှိတယ်။ ကျုပ် ကံကောင်းမှုကြောင့် ယန်အမှတ်အသားပြားကို ရခဲ့ပေမဲ့  တျန်းဂျီ တုတ်နေရာ အစားထိုးနိုင်မဲ့ ပစ္စည်းကိုလည်း သိထားတယ် … ”

“ ဘာပစ္စည်းလဲ ” ထိုသုံးယောက်လုံးက တစ်ပြိုင်နက် မေးလိုက်ကြသည်။

“ အားလုံး ကိုယ်နဲ့ သက်ဆိုင်တဲ့နေရာမှာ နေရာယူပေးကြပါ။ ကျုပ်က တျန်းဂျီ အမှတ်အသား နေရာမှာ နေလိုက်မယ်။ အနည်းဆုံး ခြောက်နာရီ …. အများဆုံး တစ်ရက် အဲအတွင်းမှာ အားလုံးကို ကံကြမ္မာရဲ့ စုပ်ယူအား ပေါ်လာအောင် လုပ်ပြမယ် ” မိုဝူကျိက အပိုလျှောက်ပြောလိုက်သည်။

ယူကျန်းနာ၏ လေသံမှာ အေးစက်လာပြီး “ တျန်းဂျီ အမှတ်အသားကို ငါ့ဆီ ပြန်ပေး … ပြီးရင် မင်းရဲ့ နည်းလမ်းကို ပြောပြ ”

မိုဝူကျိက ရယ်မောကာ  “ ဘာလို့လဲ …. တကယ်လို့ ခင်ဗျားက ကျုပ်တို့ကို လှည့်ဖျားမှာ မဟုတ်ဘူးဆိုရင် ဘာလို့ ခက်ခက်ခဲခဲတွေ လုပ်ချင်နေရတာလဲ ”

“ ငါ့စွမ်းရည်က အမြင့်ဆုံးပဲ …. ငါ တာဝန်ယူပြီး လုပ်ပေးတာက ပုံမှန်ပဲ ” ယူကျန်းနာက ဒေါသကို မနည်း ချိုးနှိမ်ထားရ၏။ သူမက မိုဝူကျိ၏ စကားများကို သံသယအဝင်မိဆုံး ဖြစ်သည်။ ယခင် သူက ဘာမှမသိသော်လည်း ယခုအခါ တျန်းဂျီ အလွှာအား ဖွင့်မည့်နည်းလမ်းကို ရုတ်ချည်း  သိသွားဟန် ပေါ်သည်။

မိုဝူကျိက လျှောက်ပြောလိုက်ပြန်သည်  “ အရူး … ဒီနေရာကို ဖွင့်ဖို့ ကျင့်ကြံဆင့် လိုအပ်တယ်များ ထင်နေလား။ ဒီနေရာက အစီအရင် တာအို၊ အပြောင်းအလဲ တာအိုနဲ့ ဟူယို့ တာအိုတို့ ပေါင်းစပ်ထားတာ … ခင်ဗျားက ဘယ်လောက်များ သိလို့လဲ …. ”

ယူကျန်းနာက ချက်ချင်း မျက်မှောင်ကျုတ်မိသွားသည်။

 သူမက အစီအရင်တာအိုနှင့် အပြောင်းအလဲ တာအိုတို့ကို ကျွမ်းကျင် နှံ့စပ်သော်လည်း ဟူယို့ တာအိုက ဘာလဲ …..

(ဟူယို့ - တုန်ခါခြင်း၊ ယိမ်းယိုင်ခြင်း၊ လွှမ်းမိုးခြင်း အစရှိသဖြင့် အဓိပ္ပါယ်များ ရှိထားသည်။ ယုံကြည်ချက်ဖြင့် လှည့်စားသည့် အပြုအမူမျိုးကို ဆိုလိုခြင်း ဖြစ်၏ )

***

All Chapters