← Chapters

ပြင်းထန်သော တိုက်ပွဲကြီးတစ်ခု 

Vol. 60 Ch. 823

ပြင်းထန်သော တိုက်ပွဲကြီးတစ်ခု 

Vol. 60 Ch. 823

" မဖြစ်နိုင်တာ " ဝမ်ပေါင်လဲ့တစ်ယောက် အသံကုန်အော်ဟစ်ကာ သူ၏ ဓမ္မစစ်သင်္ဘောကြီးအား ပေါက်ကွဲသွားစေလိုက်သောအခါ အဘိုးကြီးမှာ မယုံကြည်နိုင်လောက်အောင်ဖြစ်သွားရ၏။ သူသည် ထို ဓမ္မစစ်သင်္ဘောကြီး ထိခိုက်ပျက်စီးသွားခဲ့သည်ကို မြင်ခဲ့ရသည်မဟုတ်ပါလော။ သို့သော် ယခုတွင်မူ ၎င်းမှာ အကောင်းပတိအတိုင်း ပြန်ဖြစ်နေပြီဖြစ်သည်။ အချိန်တိုလေးအတွင်းတွင် ၎င်းအား ထိုကဲ့သို့ ပြန်လည်ပြုပြင်နိုင်ရန်မှာ မဖြစ်နိုင်သည့် ကိစ္စတစ်ခု မဟုတ်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ ထိုသို့ လုပ်နိုင်စွမ်း ရှိလိမ့်မည်မဟုတ်ဟု အဘိုးကြီးက မှတ်ယူထား၏။

ထိုကဲ့သို့ ပြန်လည်ပြုပြင်နိုင်ရန် အသုံးပြုရမည့် ‌ရှားပါးပစ္စည်းများ၏ အရေအတွက်မှာ သူ့အတွက်ပင် အလွန်အင်မတန်မှ များပြားနေသည်မဟုတ်ပါလော။ သို့သော်လည်း ယခုတွင်မူ မဖြစ်နိုင်သည့် ကိစ္စကြီးမှာ အမှန်တကယ် ဖြစ်လာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ထို အဘိုးကြီး မျက်နှာအမူအရာ ပြောင်းလဲသွားစဉ်မှာပင် ပေါက်ကွဲနေသည့် ဝမ်ပေါင်လဲ့၏ ဓမ္မစစ်သင်္ဘောကြီးမှာ ထိုအဘိုးကြီး၏ ‌ဓမ္မစစ်သင်္ဘောသစ်ပင်ကြီးအား ဝင်တိုက်သွားတော့သည်။

ထိုအခါ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ တုန်ရီသွားပြီး ကောင်းကင်ကြီးမှာ ပြိုကျလာတော့မည့်ပုံ ပေါက်နေသလို မြေပြင်ကြီးမှာလည်း ထက်ခြမ်းကွဲသွား၏။ ထို ဓမ္မစစ်သင်္ဘောကြီး၏ အစိတ်အပိုင်း အများစုမှာလည်း ချက်ချင်းဆိုသလိုပင် ပေါက်ကွဲပျက်စီးသွားကြသည်။ ထိုကဲ့သို့သော ပေးဆပ်မှုကြောင့် သစ်ပင်ကြီးထဲတွင်လည်း ဧရာမ အပေါက်ကြီးတစ်ပေါက် ပေါ်ပေါက်လာ၏။ ထိုအပေါက်ကြီး ပေါ်ပေါက်လာပြီးနောက် အက်ကွဲကြောင်းများလည်း ဆက်တိုက်ဆိုသလို ထွက်ပေါ်လာသဖြင့် နောက်ဆုံးတွင် လူရိပ်တစ်ခုမှာ ၎င်း၏ အတွင်းပိုင်းထဲမှ ပြေးထွက်လာရတော့သည်။

ထိုလူရိပ်မှာ အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီး ဖြစ်ပေသည်။ သူ လုံးဝ ထင်မှတ်မထားသည့် နည်းလမ်းတစ်ခုဖြင့် သူ၏ ဓမ္မစစ်သင်္ဘောကြီးမှာ ဖျက်ဆီးခံလိုက်ရသည်ဖြစ်ရာ သူသည် တုန်လှုပ်ချောက်ချားနေရ၏။ ထို့အပြင် သူသည် ဤတိုက်ပွဲထဲ၌ အစွမ်းကုန်ထုတ်၍ တိုက်ခိုက်ရန်လိုအပ်ကြောင်း သဘောပေါက်သွားပြီဖြစ်သည်။ ဝမ်ပေါင်လဲ့၏ စိတ်ဓာတ်ပြတ်သားမှုကြောင့် သူသည် ဦးရေခွံများပင် ထုံကျဉ်နေရပြီ မဟုတ်ပါလော။

အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီး ထိုကဲ့သို့ ပြေးထွက်လာသောအခါ ဝမ်ပေါင်လဲ့၏ မျက်ဝန်းများမှာ အေးစက်စွာတောက်ပသွား၏။ ထို့နောက် သူသည် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာအား ဆင့်ခေါ်လိုက်သလို သူ၏ နတ်ဧကရာဇ် တရားမျှတမှု ဒိုင်းကာများ အားလုံးကိုလည်း ထုတ်သုံးလိုက်ပြီး ရှေ့သို့ ပြေးထွက်သွား၏။ ထို့အပြင် သူသည် သူ၏ ညာဘက်လက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်သေးသည်။ ထိုအခါ သူ၏ ပတ်ပတ်လည်တွင် အမှောင်မီးလုံးများ ချက်ချင်းဆိုသလိုပင် ထွက်ပေါ်လာကြ၏။ ၎င်းတို့မှာ အတူတကွ ပေါင်းစည်းသွားကြပြီနောက် ဘေးပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံသွားသဖြင့် အပူချိန်များ မြင့်တက်လာပြီး သေမင်း အခိုးအငွေ့များမှာလည်း အလွန်အင်မတန်မှ အားကောင်းလာတော့သည်။ ထို မီးပင်လယ်ကြီးထဲတွင် သူတို့နှစ်ယောက်မှာ ထိပ်တိုက်ရင်ဆိုင်တွေ့သွားကြ၏။

ထို့ကြောင့် ထစ်ချုန်းသံများ ပဲ့တင်ထပ်သွားပြီး သူတို့နှစ်ယောက်မှာ ထိုမီးပင်လယ်ကြီးထဲ၌ အဆက်မပြတ် တိုက်ခိုက်နေကြတော့သည်။ သူတို့မှာ အချိန်တိုလေးအတွင်းတွင် တစ်ယောက်ကိုတစ်ယောက် အချက်ရေ ရာပေါင်းများစွာ ထိုးနှက်နိုင်ခဲ့၏။ ဝမ်ပေါင်လဲ့မှာ ထာဝရဝိညာဉ်အဆင့်တွင် ရှိမနေပါသော်လည်း နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးအား ဆင်မြန်းထားသည်ဖြစ်သလို နတ်‌ဧကရာဇ် တရားမျှတမှု ဒိုင်းကာ၏ တန်ပြန်စွမ်းအားများကိုလည်း ပိုင်ဆိုင်ထားသေးသည် မဟုတ်ပါလော။ ထို့အပြင် သူသည် အသိစိတ်ပျောက်လုမတတ် ရူးသွပ်နေသလို သူ၏ သတ်ဖြတ်လိုစိတ်များမှာလည်း အလွန်အင်မတန်မှ အားကောင်းနေ၏။ သူသည် ဒဏ်ရာအပြင်းအထန် ရသွားရမည်ဆိုလျှင်တောင် ထို အဘိုးကြီးအား သတ်ဖြတ်နိုင်ရန် ရည်ရွယ်ထားသည်။ ထို့ကြောင့် သူသည် အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီးနှင့် လက်ရည်တူနေတော့သည်။

တစ်ချိန်ထဲမှာပင် ထိုနေရာရှိ အငွေ့အသက်များမှာ အလွန်အင်မတန်မှ အားကောင်းနေပြီး ဓမ္မစစ်သင်္ဘောကြီးတစ်စင်းမှာလည်း မကြာသေးမီကမှ ပေါက်ကွဲသွားခဲ့သည်ဖြစ်ရာ ထိုပေါက်ကွဲမှုမှ ထွက်ပေါ်လာသည့် တုန်ခါမှုလှိုင်းများမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားကြသဖြင့် အနီးအနားရှိ ကျင့်ကြံသူအများစုမှာ ကြောက်ရွံ့တုန်လှုပ်နေကြရတော့သည်။ သို့သော်ငြားလည်း သူတို့မှာ မနေနိုင်ဘဲ ထို နေရာသို့ အပြေးသွားကာ တိုက်ပွဲကြီးအား ကြည့်ရှုနေကြဆဲပင်။

ဝမ်ပေါင်လဲ့နှင့် အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီးတို့ တိုက်ခိုက်နေကြစဉ် သူတို့နှင့် မလှမ်းမကမ်းတွင် လူရိပ်တစ်ရာကျော် ပေါ်ပေါက်လာပြီ ဖြစ်သည်။ သူတို့မှာ အနားသို့ မကပ်ရဲကြသောကြောင့် အဝေးမှနေ၍သာ ထိုတိုက်ပွဲကြီးအား မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည့် မျက်ဝန်းများဖြင့် လှမ်းကြည့်နေကြ၏။

" စစ်တပ်ခေါင်းဆောင်ကြီးပဲဟ "

" ဝိုး။ ဝက်ခေါင်းမျက်နှာဖုံးနဲ့ကောင်က စစ်တပ်ခေါင်းဆောင်ကြီးကို ယှဉ်နိုင်စွမ်း ရှိနေတာပါလား "

" ဘာလို့ စစ်တပ်ခေါင်းဆောင်ကြီးရဲ့ ကျင့်ကြံခြင်းအဆင့်က အများကြီး ပြောင်းလဲသွားရတာလဲ "

" မင်း မြင်လား။ သူတို့ရဲ့ဘေးမှာ ဓမ္မစစ်သင်္ဘော အကျိုးအပျက် အပိုင်းအစတွေတောင် ရှိနေသေးတယ်ကွ "

ဘေးပတ်ပတ်လည်ရှိ လူအုပ်ကြီးမှာ တစ်ယောက်တစ်ပေါက် ပင့်သက်များရှိုက်ရင်း ပို၍ပင် တုန်လှုပ်ချောက်ချားလာရတော့သည်။ တစ်ချိန်ထဲမှာပင် ထိုနေရာသို့ အပြေးရောက်လာကြသည့် ဆင်းသက်သူများလည်း ရှိနေကြ၏။ သူတို့မှာ ရုပ်ဖျက်ထားကြပြီး အဝေးမှနေ၍ လှမ်းကြည့်နေကြခြင်း ဖြစ်သည်။ သူတို့အားလုံးမှာ ဝမ်ပေါင်လဲ့အား သတိထားမိလိုက်သောအခါ အံ့သြတုန်လှုပ်သွားကြ၏။

တစ်ဖက်တွင် သူတို့မှာ ဝမ်ပေါင်လဲ့အား အရိုးထဲအထိစွဲအောင် မုန်းတီးနေကြ၏။ အဆုံးမဲ့မျိုးနွယ်စုမှာ သူ့အား သွေးရူးသွေးတန်းနှင့် လိုက်လံရှာဖွေခဲ့သောကြောင့် သူတို့မှာ အခက်တွေ့သွားခဲ့ရသည် မဟုတ်ပါလော။ အခြားတစ်ဖက်တွင်မူ ဝမ်ပေါင်လဲ့ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် တိုက်ခိုက်နေသည့် မြင်ကွင်းကို မြင်လိုက်ရသောအခါ သူတို့မှာ စိတ်နှလုံးများ လှုပ်ရှားသွားရ၏။

မီးတောက်ခေါင်းဆောင်ကြီးမှာလည်း ထိုတိုက်ပွဲကြီးအား စောင့်ကြည့်နေသည်။ သူသည် ထိုတိုက်ပွဲကြီးအား အစမှနေ၍ ကြည့်ရှုခဲ့သည်ဖြစ်ရာ ယခုတွင် စိတ်ဝင်တစားနှင့် အာရုံအပြည့်စိုက်ထား၏။

ဝမ်ပေါင်လဲ့မှာမူ သူ၏ ပတ်ပတ်လည်ရှိ လူများအား ဂရုစိုက်နေရန် အချိန်မရှိပေ။ သူသည် အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီးကိုသာ အာရုံအပြည့်စိုက်ထားပြီး တိုက်ခိုက်နေသည်။ သူ၏ သတ်ဖြတ်လိုစိတ်များမှာလည်း တဖြည်းဖြည်းနှင့် ပို၍အားကောင်းလာနေ၏။

အကယ်၍ လက်ရှိအနေအထားတိုင်းသာ ဆိုပါက အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီးမှာ အသာစီးရလာမည် ဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့မှာ ဤ စစ်မြေပြင်ကြီးအား သူကိုယ်တိုင် ရွေးချယ်ထားသည် မဟုတ်ပါလော။ ထို့ကြောင့် ဘေးပတ်ပတ်လည်ရှိ အမှောင်မီးတောက်များမှာ ပို၍ပင် အားကောင်းလာကြသဖြင့် အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီးအပေါ် ပို၍ပင် အကျိုးသက်ရောက်မှု ရှိလာတော့သည်။ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်သောအခါ ထို အမှောင်မီးတောက်များမှာ ပေါက်ကွဲသွားကြပြီးနောက် အနက်ရောင် မီးတောက်လက်သီးများအဖြစ် အသွင်ပြောင်းလဲသွားကြပြီး အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီးအား လှမ်း၍ ထိုးနှက်လိုက်ကြတော့သည်။

ထို့နောက် မီးတောက်လူရိပ်များလည်း ပေါ်ပေါက်လာပြီး စစ်မြေပြင်ကြီး၏ ပတ်ပတ်လည်၌ ဝန်းရံထားကြ၏။ ဝမ်ပေါင်လဲ့၏ နောက်တွင်ရှိနေသည့် နတ်ဆိုးမျက်လုံးကြီးမှာလည်း နောက်ထပ်တစ်ကြိမ် ထပ်၍ ဖြည်းညင်းစွာ ပွင့်လာပြန်သည်။ သို့ဖြစ်ရာ ၎င်း၏ အချုပ်အနှောင်စွမ်းအားများမှာ ပြန်လည်ပေါ်ပေါက်လာတော့မည့် ပုံပင်။

ထို အခြင်းအရာများအားလုံးကြောင့် အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီးမှာ တုန်လှုပ်ချောက်ချားသွားရပြီး စိုးရိမ်စိတ်များ ကြီးထွားလာတော့သည်။ ထိုမျှသာမက သူသည် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ကျိန်စာစွမ်းအားများမှာ လွင့်ပါးပျောက်ကွယ်သွားခြင်း မရှိသည့်အပြင် ပို၍ပင် အားကောင်းလာနေသည်ကို သတိထားမိလိုက်၏။ သို့ဖြစ်ရာ ၎င်းမှာ သူ၏ကျင့်ကြံခြင်းအဆင့်အား ထပ်မံ လျှော့ချမည့်ပုံ ပေါက်နေတော့သည်။ ထို့ကြောင့် အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီးမှာ အသိစိတ်ပျောက်လုမတတ် ဖြစ်သွားရ၏။ သူသည် တိုက်ခိုက်ချင်စိတ် မရှိတော့သောကြောင့် နောက်သို့ထွက်ပြေးဆုတ်ခွာနိုင်ရန် ပြင်နေပြီ ဖြစ်သည်။

ဘေးပတ်ပတ်လည်ရှိ လူအုပ်ကြီးမှာ ထိုမြင်ကွင်းအား မြင်လိုက်ရသောအခါ ပို၍ပင် အံ့ဩတုန်လှုပ်သွားရ၏။ သူတို့မှာ ဝမ်ပေါင်လဲ့ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်အား တိုက်ခိုက်နေသည့် မြင်ကွင်းကြီးနှင့် သူတို့၏ ဘေးရှိ ဓမ္မစစ်သင်္ဘော အပျက်အစီးများကို မြင်လိုက်ရသည့် အချိန်ကတည်းက လိပ်ပြာလွင့်မတတ် အံ့ဩတုန်လှုပ်သွားခဲ့ရသည် မဟုတ်ပါလော။ သို့သော် ယခုတွင်မူ ထို ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူကြီးမှာ ထွက်ပြေးရန် ကြိုးစားနေသည့်ပုံပင် ပေါက်နေပြီ ဖြစ်သည်။ သို့ဖြစ်ရာ သူတို့မှာ ပို၍ပင် ဆွံ့အမှင်တက်လာရတော့သည်။

ဘေးပတ်ပတ်လည်ရှိ လူအုပ်ကြီး မှင်တက်နေကြစဉ် အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီးမှာ ညည်းတွားလိုက်ပြီးနောက် နောက်သို့ဆုတ်ခွာသွားလိုက်၏။

" ထွက်ပြေးဖို့ကြိုးစားနေတယ်ပေါ့ " ထို အဘိုးကြီး နောက်သို့ဆုတ်ခွာသွားသည်နှင့် တစ်ပြိုင်နက် ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွားပြီး ရှေ့သို့ပြေးထွက်သွားလိုက်၏။ သို့သော် သူ ထိုသို့ ပြေးထွက်လာစဉ်မှာပင် ထွက်ပြေးရန် ကြိုးစားနေသည့်ပုံ ပေါက်နေသော အဘိုးကြီး၏ မျက်ဝန်းများမှာ အေးစက်စွာတောက်ပသွားသည်။ ထို့နောက် သူ၏ ကြောက်စိတ်များအားလုံးမှာ ပျောက်ကွယ်သွားပြီး ၎င်းတို့၏ နေရာ၌ ရက်စက်ကြမ်းကြုတ်မှု အငွေ့အသက်များ အစားထိုးဝင်ရောက်လာတော့သည်။ ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်ကြီးမှာ တုန်ရီသွားပြီး ဒုတိယမြောက် ခေါင်းတစ်လုံးနှင့် တတိယမြောက် ခေါင်းတစ်လုံးတို့မှာ သူ၏လည်ပင်းပေါ်၌ ပေါ်ပေါက်လာ၏။ ထို့အပြင် သူ၏ခန္ဓာကိုယ်ပေါ်တွင်လည်း နောက်ထပ် လက်လေးဖက်မှာ ရုတ်တရက်ဆိုသလို ထိုးထွက်လာသည်။

သူသည် သူ၏ အဆုံးမဲ့မျိုးနွယ်စုဝင် ခန္ဓာကိုယ်အစစ်အား ထုတ်ပြလိုက်ပြီ ဖြစ်သည်။ ၎င်းမှာ ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက် ရှိနေရမည် ဖြစ်ပါသော်လည်း သူ၏ လက်တစ်ဖက်မှာ မကြာသေးမီတုန်းကမှ ပေါက်ကွဲပျက်စီးသွားခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် လက်ရှိတွင် သူ၏ ခန္ဓာကိုယ်အစစ်မှာ ခေါင်းသုံးလုံးနှင့် လက်ငါးဖက်ကိုသာ ပိုင်ဆိုင်ထား၏။

" အဆုံးမဲ့မျိုးနွယ်စု အချုပ်အနှောင် " ထို အဘိုးကြီးမှာ သူ၏ခန္ဓာကိုယ်အစစ် ပေါ်ပေါက်လာသည်နှင့် တစ်ကိုယ်လုံး ရပ်တန့်သွား၏။ ထို့နောက် သူသည် လက်ငါးဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်ပြီး ဝမ်ပေါင်လဲ့အား လက်ညှိုးထိုးလိုက်တော့သည်။ ထိုအခါ ထို အဘိုးကြီး၏ ရှေ့တွင် ကြယ်မြေပုံတစ်ခု ချက်ချင်းဆိုသလိုပင် ပေါ်ပေါက်လာ၏။ သူ၏ လက်ငါးဖက်မှာ ကြယ်စင်စုများနှင့် ဆင်တူနေပြီး သူ၏ ဦးခေါင်းသုံးလုံးမှာမူ ထာဝရကြယ်များကဲ့သို့ ဖြစ်နေကြသည်။ ၎င်းတို့ ပေါ်ပေါက်လာကြချိန်တွင် ဘေးပတ်ပတ်လည်ရှိ၏ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ တွန့်လိမ်ပုံပျက်သွားရ၏။ ထို့နောက် အချုပ်အနှောင်စွမ်းအား တစ်မျိုးမှာ ဝမ်ပေါင်လဲ့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွား၏။

ထို အဖြစ်ပျက်အားလုံးမှာ မြန်ဆန်လွန်းနေ၏။ ထို အချုပ်အနှောင်ကြီးမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ပေါ်သို့ ချက်ချင်းဆိုသလိုပင် ကျရောက်လာသည်။ သို့သော် ၎င်း၏ အချုပ်အနှောင်စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာချိန်တွင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှာ လွင့်ပါးပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ ချုပ်နှောင်ခံလိုက်ရသည့်ပုံ ပေါ်ပါသော်လည်း လက်တွေ့တွင်မူ ၎င်းမှာ ပုံရိပ်ယောင်ကိုယ်ပွားတစ်ခုသာ ဖြစ်နေသည်။

ထိုမြင်ကွင်းကြောင့် အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီးမှာ မျက်လုံးများမှေးသွားရပြီး နောက်သို့ အလျင်အမြန် ဆုတ်ခွာသွား၏။ သို့သော် သူသည် နောက်ကျသွားပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ် ညာဘက်ရှိ ဟင်းလင်းပြင်ကြီးထဲတွင် မြူခိုးများ စုဝေးလာပြီးနောက် ဝမ်ပေါင်လဲ့၏ ဝိညာဉ်ကိုယ်ပွားအစစ် ထွက်ပေါ်လာ၏။ သူ၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုစိတ်များကို အထင်းသား မြင်နေရသည်။ သူ ထိုသို့ ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးမှာ စူးရှတောက်ပသော အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် သူသည် ထိုအဘိုးကြီးအား လှမ်းထိုးလိုက်တော့သည်။

သူသည် မြန်ဆန်လွန်းနေပြီး ရုတ်ခြည်းဆိုသလို ပေါ်ပေါက်လာသည်ဖြစ်ရာ အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီးမှာ အဆုံးမဲ့အချုပ်အနှောင်အား နောက်သို့ပြန်လှည့်ရန် အချိန်မရှိတော့ပေ။ ထို့ကြောင့် သူသည် ညည်းတွားလိုက်ရပြီး နောက်သို့လှည့်ကာ လက်ငါးဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်ပြီးနောက် နတ်ဘုရားစွမ်းရည် အသစ်တစ်ခုကို ထုတ်လွှတ်လိုက်တော့သည်။ ထိုအခါ အနက်ရောင် လက်ကြီးတစ်ဖက် ထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့အား လှမ်း၍ဖမ်းဆုပ်လိုက်၏။

" ကြေမွပျက်စီးစေ " ဝမ်ပေါင်လဲ့မှာမူ ထိုသို့ ကြိမ်းဝါးလိုက်၏။ သူသည် အရှိန်လျော့ကျသွားခြင်း မရှိသည့်အပြင် အရှိန်မြှင့်တင်လိုက်ပြီး ထို လက်ကြီးအား ဝင်တိုက်သွားလိုက်၏။ သူသည် ထိုသို့ ဝင်တိုက်သွားသည်နှင့် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ နတ်ဧကရာဇ်တရားမျှတမှု ဒိုင်းကာများအားလုံးကို ပေါက်ကွဲသွားအောင် လုပ်လိုက်ပြီး ၎င်းတို့၏ တန်ပြန်စွမ်းအားများ အားလုံးကို ထုတ်သုံးလိုက်တော့သည်။

ထို့ကြောင့် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ တုန်ခါသွားပြီး ထစ်ချုန်းသံကြီးတစ်သံမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။ ထိုအခိုက်အတန့်တွင် သူ၏ နတ်ဧကရာဇ်တရားမျှတမှု ဒိုင်းကာများအားလုံးမှာ ပေါက်ကွဲပျက်စီးသွားကြသဖြင့် ၎င်းတို့ဆီမှ ထွက်ပေါ်လာသည့် တန်ပြန်စွမ်းအားများကြောင့် အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီးမှာ တစ်ကိုယ်လုံး အပြင်းအထန်တုန်ရီသွားရပြီး သွေးတစ်ပွက် အန်ထွက်လာရတော့သည်။ ထို့ကြောင့် သူသည် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်သွားရပြီး နောက်သို့ အလျင်အမြန် ဆုတ်ခွာသွားပါသော်လည်း ဝမ်ပေါင်လဲ့မှာ သူ၏နောက်သို့ ပြေးလိုက်လာနေပြီဖြစ်သည်။ ထို့ကြောင့် အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီးမှာ သူ၏လျှာကို ကိုက်ကာ နောက်ထပ်သွေးတစ်ပွက် ထွေးထုတ်လိုက်၏။ ထို သွေးများမှာ အပြင်ဘက်၌ ပေါ်ပေါက်လာပြီးနောက် သွေးမြူခိုးများအဖြစ် ချက်ချင်းပြောင်းလဲသွားကြသည်။ ထို သွေးမြူခိုးများမှာ သူ၏ရှေ့၌ သွေးရောင် ဓားများကို ဖန်တီးပေးလိုက်ပြီး ဝမ်ပေါင်လဲ့အား တားဆီးလိုက်ကြ၏။ တစ်ချိန်ထဲမှာပင် သူသည် တိုက်ပွဲကြီးထဲမှ အလျင်အမြန် ဆုတ်ခွာသွားလိုက်သည်။

သို့သော် ဝမ်ပေါင်လဲ့မှာ သူ၏ ရန်သူများကိုပင် မဆိုထားနှင့် သူ့ကိုယ်သူပင် မသက်ညှာတတ်သည့် လူတစ်ယောက် မဟုတ်ပါလော။ သူသည် သူ၏ရှေ့တွင် ရှိနေသည့် သွေးမြူခိုးဓားများမှာ အန္တရာယ်ရှိကြောင်း ခံစားနေရပါသော်လည်း အံကြိတ်ကာ လျစ်လျူရှုလိုက်၏။ ထို့နောက် သူသည် ၎င်းတို့အား ရှောင်တိမ်းနေခြင်းမရှိဘဲ တည့်တည့် ဝင်တိုးလိုက်တော့သည်။ ထိုအခါ သူသည် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးအား ဆင်မြန်းထားသည့်တိုင်အောင် နာကျင်မှုများခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်း အများစုမှာလည်း စုတ်ပြဲသွားကြ၏။ သို့သော် နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ ထိုမြူခိုးများထဲမှ အတင်းအဓမ္မ ထိုးထွက်လာပြီး အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီး၏ နှလုံးသားအား ချိန်ရွယ်ကာ လက်သီးဖြင့် လှမ်းထိုးလိုက်တော့သည်။

နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီး၏ စွမ်းအားများနှင့် ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းစွမ်းအားများ ကိန်းအောင်းနေသော ထို လက်သီးချက်၏ ပြင်းအားမှာ အဘိုးကြီး နှလုံးသားအား ပေါက်ကွဲပျက်စီးသွားစေနိုင်လောက်သည့်အထိ အားကောင်းပေသည်။ သို့သော် ထိုအဘိုးကြီးမှာ အမည်မသိ နတ်ဘုရားစွမ်းရည်တစ်ခုကို ထုတ်သုံးလိုက်ပြီး လေသံတိုးတိုးဖြင့် ‌နှာမှုတ်ကာ သူ၏ဒဏ်ရာများကို နေရာပြောင်းလိုက်သည့် ပုံပင်။ ထို့ကြောင့် နောက်ဆုံးတွင် သူ၏ ဦးခေါင်းတစ်လုံးသာ ပေါက်ကွဲသွား၏။ ထို့နောက် သူသည် ထိုပေါက်ကွဲအားကို အသုံးပြုကာ နောက်သို့ ပို၍ပင် လျင်မြန်စွာ ဆုတ်ခွာသွားလိုက်တော့သည်။

သို့သော် သူသည် ထိုကဲ့သို့ ဆုတ်ခွာလာပြီးနောက် သွေးများအန်ထွက်လာရသလို သူ၏ အငွေ့အသက်များမှာလည်း သိသိသာသာ အားပျော့သွားပြီဖြစ်ကြောင်း သိလိုက်ရ၏။ ထို့ကြောင့် သူသည် တုန်လှုပ်ချောက်ချားနေသည့် မျက်ဝန်းများဖြင့် ဘေးဘီဝဲယာအား ကြည့်ကာ အော်ပြောလိုက်တော့သည်။

" ဘာရပ်ကြည့်နေကြတာလဲကွ။ ငါ့ကို လာကူကြဦးလေ " အဘိုးကြီးမှာ ထိုသို့ အော်ဟစ်လိုက်ပြီးနောက် နောက်သို့ဆက်လက်ဆုတ်ခွာသွား၏။

ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွား၏။ သို့သော် ခဏအကြာတွင် သူ၏ သတ်ဖြတ်လိုစိတ်များမှာ ပို၍ အားကောင်းလာတော့သည်။ ထို့နောက် သူသည် သူ၏ဒဏ်ရာများကိုပင် ဂရုစိုက်နေခြင်းမရှိဘဲ အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီး၏ နောက်သို့ ပြေးလိုက်သွားလိုက်ပြီး သူနှင့် နောက်ထပ်တစ်ကြိမ် ထပ်၍ တိုက်ခိုက်လိုက်ပြန်သည်။

All Chapters