← Chapters

တွေးနေဖို့ အချိန် ပေးမှာ မဟုတ်ဘူး

Vol. 63 Ch. 875

တွေးနေဖို့ အချိန် ပေးမှာ မဟုတ်ဘူး

Vol. 63 Ch. 875

ယူကျန်းနာက သူ့စကားများကို သဘောမပေါက်ခင် မိုဝူကျိက တျန်းဂျီ အမှတ်အသားကို အမြောင်းရာထဲ ထည့်ထားလိုက်သည်။ ထိုအချိန် သူက ယူကျန်းနာအား တွေးနေဖို့ အချိန်ပေးနိုင်မည်နည်း။ အကယ်၍ သူမက ဆက်တွေးလိုက်လျှင် သေချာပေါက် သဘောပေါက်သွားလိမ့်မည်။

တျန်းဂျီ အုတ်ခဲ အမှတ်အသားက အမြောင်းရာထဲ ရောက်သွားသည့် အခိုက်အတန့် ကျန်အမြောင်းရာ လေးခုက တျန်းဂျီ ကံကြမ္မာ အလွှာပေါ်၌ ပေါ်လာသည်။ အမျိုးမျိုးသော တာအိုစည်းမျည်းများက အမြောင်းရာ တစ်ခုချင်းစီ၌ လှည့်ပတ်နေကြသည်။

“ ခင်ဗျားတို့တွေ ဘာစောင့်နေတာလဲ။ မြန်မြန် လုပ်လေ … ကျုပ် နည်းလမ်းက တစ်ခါပဲ အသုံးဝင်မှာ။ တကယ်လို့ မြန်မြန် မလုပ်ရင် ဒီအခွင့်အရေးနဲ့ လွဲသွားမှ လာအပြစ်မတင်နဲ့ ” မိုဝူကျိက အော်ပြောလိုက်သည်။

ထိုစဉ် မိုဝူကျိက နေရာဦးစွာ ယူထားလိုက်သည်။ သူက ကျန်သူများအား စဉ်းစားဖို့ အချိန်ပင် မပေးလိုက်ချေ။ သူတို့အားလုံးက မိုဝူကျိအား ဝါးမျိုပစ်ချင်နေကြသော်လည်း ယခုတွင် သူတို့အမှတ်အသား ကိုယ်စီကို အမြောင်းထဲ ထည့်လိုက်ကြရသည်။

သူတို့အနေနှင့် အင်မော်တယ်လောက၏ ကံကြမ္မာ ရှိနေသော နေရာသို့ ရောက်ဖို့ရာ အခက်အခဲများစွာ ကျော်ဖြတ်ခဲ့ရ၏။ အကယ်၍ သူတို့၏ နှောင့်နှေးမှုက သူတို့အား ကံကြမ္မာ ရစေခြင်းမှ တားဆီးထားလျှင် နောင်တရဖို့ရာ နောက်ကျသွားပေလိမ့်မည်။ သူတို့က မိုဝူကျိနှင့် မည်မျှ ရန်ကြွေး ရှိစေကာမူ သူတို့အနေနှင့် စောင့်ဖို့ လိုအပ်ပေသည်။

ယူကျန်းနာက သွားများ ကြေလုမတတ်အထိ အံ့ကြိတ်ထားလိုက်သည်။ ဤကိစ္စက မည်သို့အဆုံးသတ်သွားစေကာမူ သူမက မိုဝူကျိကို သေချာပေါက် သတ်ပစ်မည်။

“ အားလုံး အာရုံစိုက်ကြ … အမွေးတိုင် တစ်တိုင်စာလောက်ကြာရင် ခင်ဗျားတို့တွေ မိုးမြေ စည်းမျည်းရဲ့ ကြီးကျယ်ခမ်းနားတဲ့ စွမ်းအားတွေကို ခံစားလာမိလိမ့်မယ်။ အဲလိုဖြစ်လာတဲ့အခါကျ အားလုံးက ခုခံဖို့ မှတ်ထားကြပါ ….. အဲဒါက တျန်းဂျီ အလင်းရောင်ကြောင့် ဒဏ်ရာ ဖြစ်လာမှာကို ကာကွယ်ပေးတာမျိုးပဲ …” မိုဝူကျိက သူ့ဘာသာ လျှောက်ပြောနေဆဲ ဖြစ်သည်။

မူလက သူတို့သုံးယောက်လုံးသည် ကံကြမ္မာအလွှာကို အချိန်မရွေး ဖြတ်သွားနိုင်လိမ့်မည်ဟု တွေးမိထားကြ၏။ အကယ်၍ မိုဝူကျိသာ  ကျရှုံးသွားလျှင် သူတို့က ပူးပေါင်း၍ မိုဝူကျိအား ရှင်းပစ်မည် ဖြစ်သည်။

သူတို့က မိုဝူကျိသည် တျန်းဂျီ အလင်းရောင်နှင့် ပတ်သတ်၍ သတိကြီးကြီးထားရန် ပြောနေလိမ့်မည်ဟု မထင်ထားပေ။ အကယ်၍ ဤသို့ကိစ္စမျိုး ဖြစ်လာပါက သူတို့က ရှောင်ရှားနိုင်မည်လား။

ယူကျန်းနာ တျန်းဂျီ အလင်းရောင်နှင့် ပတ်သတ်၍ ဘာမှမကြားဖူးသော်လည်း ဤအခိုက်အတန့်၌ ယုံကြည်ဖို့ရာ ရွေးချယ်လိုက်မိသည်။

မူလက  အထဲသို့ ဝင်ရန် ပြင်ဆင်ထားကြသော သုံးယောက်လုံးက ယခုအခါ သူတို့သဘာဝစွမ်းအားများကို သုံး၍ သူတို့ကိုယ်သူတို့ ကာကွယ်ထားကြရသည်။ သူတို့က ယခင်ကဲ့သို့ အထဲဝင်ရန် စိုင်းပြင်းမနေတော့ပေ။

မိုဝူကျိက လိန်ဟုန်ကျီသည် အမြောင်းရာရှေ့  တျန်းဂျီဓားကို  ထားလိုက်ကြောင်း သတိပြုမိလိုက်သည့်အခါ အလိုလို ဝင်သွားလေ၏။ အမြောင်းရာ ထည့်ဖို့ရာ ပြဿနာ ရှိမနေပေ။

သူတို့သုံးယောက်လုံးက အမှတ်အသားများအားလုံးကို ထည့်လိုက်သည်နှင့် သူ့တျန်းဂျီတုတ်ကို ထုတ်ကာ မြောင်းရာရှေ့ ထားလိုက်သည်။ တျန်းဂျီတုတ်သည်လည်း တျန်းဂျီဓားကဲ့သို့ လျှောလျှောလျူလျူ ဝင်သွားလေသည်။ အမြောင်းရာနှင့် ကွက်တိ ဖြစ်နေပြီး သေးခြင်း၊ ကြီးခြင်း မရှိပေ။

အမှတ်အသားငါးခုလုံး စုဆုံသွားသည့်အခါ ပြင်းထန်ကာ လွှမ်းမိုးမှုများသည့် စည်းမျည်းက တျန်းဂျီ ကံကြမ္မာ အလွှာပေါ်သို့ ကျရောက်လာသည်။

အသက်တစ်ရှိုက်စာအတွင်း တျန်းဂျီ ကံကြမ္မာအလွှာက ဘုန်းခနဲ ဖြစ်သွားကာ အားလုံးက စုပ်ယူအားတစ်ခုကို ခံစားမိလိုက်ကြ၏။

မိုဝူကျိ၏ သတိပေးမှုကြောင့် ကျန်သုံးယောက်လုံးက သူတို့ကိုယ်သူတို့ ကာကွယ်ထားကြသည်။

မိုဝူကျိက သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းပြီးနောက် ခွန်းဝူဓားကို ထုတ်ကာ နှစ်ပိုင်း ပိုင်းဖြတ်ပစ်လိုက်သည်။ ထိုဓားအသိ ကျဆင်းလာသည်နှင့် လေထုအတွင်း ကျယ်လောင်သော အသံကြီးတစ်ခု ထွက်ပေါ်လာသည်။

ကံကြမ္မာက ကိုယ်ထည်ဒြပ်ထု မရှိသော အရာ ဖြစ်ကာ အာရုံငါးပါးနှင့် ထိတွေ့နိုင်သောအရာလည်း မဟုတ်ပေ။ မိုဝူကျိ၏ တိုက်ခိုက်မှုဖြင့် ကံကြမ္မာက ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားကာ အင်မော်တယ်လောကသို့ ပြန်လည် ရောက်ရှိသွားသည်။

ဖြစ်စဉ်တစ်ခုလုံးက အသက်တစ်ရှိုက်စာမျှပင် မကြာမြင့်လိုက်ပေ။ သုံးယောက်လုံးက မိုဝူကျိသည် တျန်းဂျီတုတ်ကို ပိုင်ဆိုင်ထားပြီး တျန်းဂျီ ကံကြမ္မာအလွှာကို ဖွင့်လိုက်ကြောင်း သတိပြုမိသည့်အချိန်တွင် တျန်းဂျီ ကံကြမ္မာအလွှာတစ်ခုလုံးက ဗလာနတ္ထိ ဖြစ်သွားပြီးလေပြီ။

ကံကြမ္မာ ဆက်နွယ်မှုမှာ မဆိုးလှပေ။ သို့သော် မိုဝူကျိ၊ လိန်ဟုန်ကျီ၊ ယူကျန်းနာနှင့် ဟူချီရှန်းတို့က ကံကြမ္မာ အလွှာဆီ ဝင်သွားခဲ့လျှင် ကံကြမ္မာ ဆက်နွယ်မှုမှ အကျိုးမြတ် အများဆုံး ရမည့်သူမှာ ယူကျန်းနာသာ ဖြစ်၏။

သို့သော် မိုဝူကျိက ခွန်းဝူဓားဖြင့် တျန်းဂျီ ကံကြမ္မာအလွှာကို ဖျက်စီးလိုက်သဖြင့် နှုတ်ယူထားသော ကံကြမ္မာအားလုံးမှာ အင်မော်တယ်လောကဆီ ပြန်လည် ရောက်ရှိသွားလေ၏။

ခန်းမတစ်ခုလုံးက ဗလာကျင်းလာသည့် ခံစားချက် ကြီးစိုးလာပြီး အရာအားလုံးက တစစီ ဖြစ်ကာ ပျက်စီးလာသည်။

“ မင်းက သေချင်နေတာပဲ ” ယူကျန်းနာက ဦးဆုံး အသိပြန်ဝင်လာသူ ဖြစ်၏။ သူမက လက်တစ်ချက် အဝှေ့ဖြင့် အနက်ရောင်အလင်းတန်းက ကြိုးနက်အဖြစ် ပြောင်းလဲသွားကာ မိုဝူကျိဆီ ရစ်ပတ်ရန် ရောက်ရှိလာသည်။

မိုဝူကျိက အာကာပြင် စည်းမျည်းများက ပျက်စီးနေပြီ ဖြစ်ကြောင်း ခံစားမိလိုက်၏။ သူက လော့ကျမ်းစာရွက်ကို မြန်မြန် ထုတ်ယူလိုက်သည်။ တစ်ချိန်တည်းဆိုသလို သူ့တျန်းဂျီတုတ်နှင့် တျန်းဂျီ အုတ်ခဲကိုလည်း လှမ်းဆွဲယူလိုက်သည်။ သူက တျန်းဂျီဓားကို မယူနိုင်တော့ကြောင်း သိလိုက်၏။ လိန်ဟုန်ကျီ အသိပြန်ဝင်လာသည့်အချိန်တွင် သူက ယူကျန်းနာနှင့် ပူးပေါင်း၍ သူ့အား တိုက်ခိုက်မည့်အစား သူ့ဓားကိုသာ ဆွဲယူထားလိုက်သည်။

တစ်ဖက်တွင် ဟူချီရှန်းက အဆောင်တစ်ရွက်ကို ထုတ်ကာ မြန်မြန် အသက်သွင်းလိုက်သည်။ သူက ဤနေရာမှ တတ်နိုင်သမျှ မြန်မြန် ထွက်သွားချင်နေသည်။ ဟူချီရှန်းက စဉ်းစားဆုံးဖြတ်နိုင်သည့်သူ ဖြစ်ကြောင်း သိသာလှသည်။ မိုဝူကျိက ကံကြမ္မာ ရရှိနိုင်မည့် သူ့အခွင့်အရေးကို ဖျက်စီးခဲ့ပေရာ သူ့အနေနှင့် မိုဝူကျိအား သတ်ချင်နေမည် ဖြစ်သော်လည်း သူက ယူကျန်းနာနှင့် ပူးပေါင်း၍ တိုက်ခိုက်မည့်အစား ထွက်သွားဖို့သာ ရွေးချယ်ခဲ့သည်။

“ ဖူး ” မိုဝူကျိ ခန္ဓာကိုယ်ပေါ်မှ သွေးမြူများ ထွက်လာသည်။ မိုဝူကျိ၏ တစ်ကိုယ်လုံးမှာ ထိုကြိုးနက်ကြောင့် နှစ်ပိုင်း ပြတ်လုနီးပါး ဖြစ်နေသည်။

ဘုန်း

နေရာတစ်ခုလုံးမှာ စတင် ပျက်စီးလာလေ၏။ မိုဝူကျိက လော့ကျမ်းစာရွက်ဖြင့် ကိုယ့်ဘာသာ ကာကွယ်ထားလိုက်ပြီး ပျက်စီးသွားသည့် ခန်းမနောက်မှ အဆုံးမဲ့ အာကာပြင်ထဲ လိုက်သွားလိုက်တော့သည်။

အာကာပြင်၏ တစစီ ဖြစ်စေသည့် ဖျက်စီး စွမ်းအားက ထွက်ပေါ်လာသည်။ သို့သော်လည်း မိုဝူကျိက နတ်ဘုရားရုပ်ခန္ဓာ ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၍ ထိုစွမ်းအားက သူ့အား အန္တရာယ် ဖြစ်စေဖို့ မလုံလောက်ပေ။

သေခြင်းတရား ခြိမ်းခြောက်မှုကြီးက ဖြည်းဖြည်းချင်း ကျော်လွန်သွားသော်လည်း မိုဝူကျိ စိတ်ထဲ တုန်လှုပ်နေမိဆဲ ဖြစ်သည်။

ယူကျန်းနာက အမှန်တကယ် ကြောက်ဖို့ ကောင်းလေ၏။ သူက လော့ကျမ်းဖြင့် ကာကွယ်ထားပြီး လော့ကျမ်းစာရွက်ကို အပြည့်အဝ မသန့်စင်ရသေးသော်လည်း ယူကျန်းနာ၏ ကြိုးနက်ကြောင့် နှစ်ပိုင်း ပြတ်လုနီးပါး ဖြစ်ခဲ့ရသေး၏။ အကယ်၍ သူ့တွင် လော့ကျမ်းစာရွက်သာ မရှိလျှင် သေနေလောက်လေပြီ။

သူ့အသက်ဓာတ်လမ်းကြောင်းကို အပြင်းအထန် လှည့်ပတ်လိုက်ပြီးနောက် သူ့ဒဏ်ရာများက ဖြည်းဖြည်းချင်း ပျောက်ကင်းလာသည်။ မိုဝူကျိအတွက် ချက်ချင်း အသတ်ခံရခြင်းသာ မဟုတ်လျှင် သေမည် မဟုတ်ပေ။

ဟူချီရှန်း ထွက်ပြေးပြီးနောက် လိန်ဟုန်ကျီလည်း ဓားကို ဆွဲကိုင်ကာ ထွက်ပြေးသွားခဲ့သည်။ ထိုစွမ်းအားနှင့် ပါမသွားသည့် တစ်ဦးတည်းသောသူမှာ ယူကျန်းနာသာ ဖြစ်၏။ သူမ အနက်ရောင် အာကာပြင်ကြီးကို မုန်းတီးစွာ ကြည့်လိုက်သည်။ သူမ၏ သတ်ဖြတ်ငွေ့များက ပုံဖော်နိုင်လောက်သည့်အထိ စုစည်းလာလေသည်။

သူမက အာကာပြင်ထဲ ပါသွားသူမှာ မိုဝူကျိ တစ်ယောက်တည်း ဖြစ်ကြောင်း သိထားသော်လည်း သူမက သူ့နောက် မလိုတော့ပေ။ မိုဝူကျိက သေချာပေါက် သေမည် ဖြစ်ကြောင်း အသေအချာ သိနေသည်။

အကယ်၍ လော့ကျမ်းစာရွက်ကြောင့်သာ မဟုတ်လျှင် သူမကြိုးနက်က မိုဝူကျိအား အမှုန့်ဖြစ်သွားစေလိမ့်မည်။ တကယ်တော့ မိုဝူကျိတွင် လော့ကျမ်းစာရွက် ရှိထားသော်လည်း သူ့အနေနှင့် သေဆုံးမည်မှာ ယုံမှားဖွယ် မရှိပေ။ သူမ၏ ရိုက်ချက်က မိုဝူကျိ၏ ကမ္ဘာဦး စိတ်ဝိညာဉ်အား ဖျက်စီးဖို့ရာ လုံလောက်ပေသည်။ မိုဝူကျိ၏ ကမ္ဘာဦး စိတ်ဝိညာဉ် ပျက်စီးသွားသည်နှင့် ထိုရိုက်ချက်မှ သတ်ဖြတ်ငွေ့များက မိုဝူကျိ၏ အသိစိတ်ပင်လယ်နှင့် ခန္ဓာကိုယ်အား တစစီ ဖြစ်သွားစေလိမ့်မည်။

မိုဝူကျိက ပို၍ အားကောင်းနေလျှင်ပင် သေခြင်းတရားကို စောင့်ဆိုင်းနေရမည်သာ ဖြစ်၏။

သူမထက် ကျင့်ကြံဆင့် မြင့်သူများပင် ထိုရိုက်ချက်ကြောင့် သေဆုံးသွားနိုင်သည်။

ကံမကောင်းသည့် တစ်ခုတည်းသောအရာမှာ လော့ကျမ်းစာရွက်သာ ဖြစ်၏။ သူမက မိုဝူကျိ သေဆုံးပြီးနောက် ကမ္ဘာဦး စိတ်ဝိညာဉ် ကြွေလွှင့်သွားပြီးသည့်နောက်တွင် လော့ကျမ်းစာရွက်က စကြဝဠာအတွင်း ပျောက်ကွယ်သွားလိမ့်မည်။ သူမက သူ့နောက်လိုက်လျှင်ပင် သူမအနေနှင့် အရယူနိုင်မည် မဟုတ်ပေ။

ယူကျန်းနာက သက်ပြင်းချလိုက်၏။ သူမ ပြန်သွားရမည့် အချိန်ကျလာကြောင်း သိလိုက်သည်။ သူမ၏ အစ်ကိုသည်လည်း ပြန်ရောက်နေလောက်လေပြီ။ သူမ အစ်ကိုလည်း မည်သို့သော ကံကောင်းမှုမျိုး ကြုံတွေ့လာမည်နည်း။

ထိုအကောင်ကြောင့် အင်မော်တယ်လောကတစ်ခုလုံး၏ ကံကြမ္မာ သူမ လက်ဖျားမှ လွတ်သွားသည်ကို တွေးမိလျှင် သွေးအန်သလို ခံစားလာရသည်။

…………….…

“ ဘုန်း ဘုန်း ဘုန်း ….” လေထုအတွင်း ကျယ်လောင်သံများစွာ ထွက်ပေါ်လာလေ၏။ ယုံရင်အင်မော်တယ် ချောက်နက်အပြင်ဘက်တွင် ရှိနေသော အဆင့်မြင့် ကျင့်ကြံသူများက တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့က ချိတ်ပိတ်ဖို့ရာ ပြင်ဆင်ထားမှုကို ရပ်တန့်လိုက်ကြသည်။ သူတို့က ချိတ်ပိတ်ဖို့ရာ မလိုတော့ကြောင်း သိလိုက်သည်။

ယုံရင်အင်မော်တယ် ချောက်နက်ကြီး တစ်ခုလုံးက ပြိုကျသွားကာ ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားတော့သည်။

“ ဘာဖြစ်သွားတာလဲ … ဟိုဖျက်စီးစွမ်းအားက ပျောက်ကွယ်သွားပြီ ” ကောင်းကင်ဧကရာဇ် စစ်ကျိုက်က အပြောင်းအလဲ တာအိုကို ကျွမ်းကျင်နှံ့စပ်သောကြောင့် အရင်ဦးဆုံး တုံ့ပြန်လိုက်သူ ဖြစ်၏။

“ အင်မော်တယ်ချောက်နက်ကြီးက ပျက်စီးသွားပြီ။ အဲဒီကျောက်တုံးကြီးလည်း ပျောက်ကွယ်သွားပြီ ” အင်မော်တယ် ဧကရာဇ် စစ်ကျိုက်ဘေးက အင်မော်တယ် ဧကရာဇ်က ဝင်ပြောလိုက်သည်။

အင်မော်တယ်လောကတစ်ခုလုံး၌ အားအကောင်းဆုံး လူများ စုစည်းနေသည်ဟု ဆိုလို၍ ရပေသည်။ မကြာခင် အားလုံးက အဖြစ်အပျက်ကို နားလည်သွားကြပြီး တစ်ယောက်နှင့် တစ်ယောက် အဓိပ္ပါယ်ပါပါ ကြည့်လိုက်ကြသည်။

အချိန်အတော်ကြာပြီးနောက် ကိုင်အောင်းက လေးလေးနက်နက် ပြောလိုက်သည်  “ တကယ်လို့ ကျုပ်သာ မမှားရင် ဂိုဏ်းချုပ်မိုက အားစိုက်ထုတ်ပြီးတော့ ဒီခြိမ်းခြောက်မှုကို ဖြေရှင်းပေးလိုက်ပြီ ထင်တယ်။ ဒါပေမဲ့ ဂိုဏ်းချုပ်မို  …. သူ …  ”

ဤကြောက်မက်ဖွယ် ဖျက်စီးစွမ်းအားက ပျောက်ကွယ်သွားသော်လည်း မိုဝူကျိက ပြန်မရောက်လာပေ။ သူတို့က မိုဝူကျိအတွက် အခြေအနေ မကောင်းကြောင်း တွေးကြည့်ဖို့ပင် မလိုဘဲ တန်းသိလိုက်ကြသည်။

“ အရမ်းကောင်းတယ် အရမ်းကောင်းတယ် … ဂိုဏ်းချုပ်မိုက အင်မော်တယ်လောကတစ်ခုလုံးအတွက် ကောင်းကျိုးကို ပြုပေးခဲ့တာပဲ …. ကိုယ်တော်တေ့ာ ကိုယ့်ဘာသာ ရှက်မိပါတယ် ” ရှင်းစန်က ထိုစကားတစ်ဝက်မျှသာ ပြောလိုက်ပြီးနောက် ကျယ်ပြောလှသော ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။

ရှင်းစန်တင် မကသေးဘဲ အခြားသော အင်မော်တယ် ဧကရာဇ်များလည်း ခံစားမိလိုက်ကြ၏။

“အင်မော်တယ်လောကက အရင်နဲ့ မတူတော့ဘူးလို့ ဘာလို့ ခံစားမိနေပါ့လိမ့် …” နတ်ဆိုးအင်မော်တယ် ကျောင်းတော်၏ မဟာဧကရာဇ် ကျင်းဖျင်က တအံ့တဩ ရေရွတ်လိုက်သည်။

ကောင်းကင်ဧကရာဇ် စစ်ကျိုက်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်  “ ဟုတ်တယ် … အင်မော်တယ်လောကရဲ့ ကံကြမ္မာက ပိုနက်ရှိင်းလာပြီးတော့ ပိုလေးနက်ထူးခြားလာတယ်။ ကျုပ်က ဘာမှတော့ ကောက်ချက်မချနိုင်ပေမဲ့ အင်မော်တယ်လောကက အရင်နဲ့ မတူတော့တာကိုတော့ သိတယ် ”

“ အဲဒါက ဂိုဏ်းချုပ်မိုနဲ့ သေချာပေါက် ပတ်သတ်နေလိမ့်မယ် …” ချင်းယန်က ရုတ်ချည်း ဝင်ပြောလိုက်သည်။ သူမက မိုဝူကျိ၏ အလျှင်စလို အပြုအမူများကြောင့် ဆွံ့အမိခဲ့သည်။ သို့သော် ယခုတွင် မိုဝူကျိက သူတို့၏ ခြိမ်းခြောက်မှုကို ဖြေရှင်းပေးခဲ့ရုံသာမက အင်မော်တယ်လောက၏ ကံကြမ္မာကိုလည်း ပိုမို နက်ရှိုင်းထူးခြားလာအောင် ကူညီပေးခဲ့သည်။

“ ဒီနေရာက စည်းမျည်းတွေက ပျက်စီးနေပြီ။ ဂိုဏ်းချုပ်မိုအတွက် ကောင်းမှာ မဟုတ်တော့ဘူး။ ဂိုဏ်းချုပ်မို ဘယ်လိုဖြစ်ဖြစ် ကျုပ်တို့တွေ ဒီနေရာမှာ    ဂိုဏ်းချုပ်မိုရဲ့ ရုပ်တုကို စိုက်ထူပေးဖို့ အကြံပြုချင်တယ် ” ကောင်းကင်ဧကရာဇ် စစ်ကျိုက်က အပြောင်းအလဲတာအို၌ ကျွမ်းကျင်သူ ဖြစ်ရာ အင်မော်တယ်လောက၏ ကံကြမ္မာ၌ အပြောင်းအလဲကို ခံစားမိလိုက်သည်နှင့် မိုဝူကျိ၏ အကျိုးပြုမှုမှာ တခြားသူများ စိတ်ကူးထားသည့်ထက် ကြီးမားကြောင်း တန်းသိလိုက်၏။

“ ဒီစကားက အကောင်းဆုံးပဲ ” ရှင်းစန်ကလည်း လက်အုပ်ချီလျက် သဘောတူလိုက်သည်။ သူက မိုဝူကျိ တစ်ယောက် အသတ်ခံရနိုင်ခြေမှာ မြင့်မားမှန်း ခံစားမိသော်လည်း မိုဝူကျိက အင်မော်တယ်လောကအတွက် ဂရုစိုက်ကာ သူ့ကိုယ်ကျိုးကို မထောက်ဘဲ တျန်းဂျီနယ်မြေအတွင်း ဝင်သွားခဲ့သည်။ မိုဝူကျိက ထွက်မလာနိုင်ခဲ့သော်လည်း တျန်းဂျီနယ်မြေမှ ခြိမ်းခြောက်မှုအား ဖြေရှင်းပေးနိင်ခဲ့၏။  သူ ရှင်းစန်ပင် ဤသို့မျိုး စိတ်သဘောထားကြီးမားမှုမျိုးနှင့် မယှဉ်နိုင်ပေ။ အင်မော်တယ်လောကရှိ အခြားသော အင်မော်တယ်များအနေနှင့် ဆိုဖွယ်ရာပင် မရှိတော့ချေ။

*

All Chapters