← Chapters

ဇီဝိန်ချုပ် တိုက်ကွက်

Vol. 60 Ch. 824

ဇီဝိန်ချုပ် တိုက်ကွက်

Vol. 60 Ch. 824

ဘေးပတ်ပတ်လည်ရှိ ကျင့်ကြံသူများနှင့် ထိုနေရာသို့ နောက်မှရောက်လာကြသည့် လူများမှာ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ မှင်တက်သွားကြ၏။ အချိန်တိုလေးအတွင်းတွင် သူတို့နှစ်ယောက်၏ ကြားမှ တိုက်ပွဲမှာ အလွန်အင်မတန်မှ အန္တရာယ်များလာသည်ကို အထင်အရှား မြင်နိုင်ပေသည်။ တစ်ယောက်ကိုတစ်ယောက် မကောင်းကြံနိုင်ရန် ကြိုးစားခြင်းမှာ အပေါ်ယံတွင်သာ လွယ်ကူသည့်ပုံ ပေါ်ပါသော်လည်း တစ်စက္ကန့်အတွင်း အရာအားလုံး ပြောင်းလဲသွားနိုင်သည့် တိုက်ပွဲထဲတွင်မူ အမှားတစ်ခု လုပ်မိရုံနှင့် အသက်ပျောက်သွားနိုင်သည် မဟုတ်ပါလော။

တစ်ချိန်ထဲမှာပင် အဆုံးမဲ့မျိုးနွယ်စုဝင််များ အားလုံးမှာ စစ်တပ်ခေါင်းဆောင်ကြီး၏ အမိန့်ကို ကြားလိုက်ရသောအခါ တွေဝေတုံ့ဆိုင်းသွားကြ၏။ အလွန်အင်မတန်မှ တင်းကျပ်သည့် အဆင့်သတ်မှတ်ချက်စနစ်တစ်ခုအား ပိုင်ဆိုင်ထားသော အဆုံးမဲ့မျိုးနွယ်စုပင်လျှင် သေချာပေါက် အသက်ပျောက်သွားနိုင်သည့် တိုက်ပွဲကြီးတစ်ပွဲနှင့် ကြုံတွေ့လိုက်ရချိန်တွင် တွန့်ဆုတ်သွားရသည်သာ ဖြစ်သည်။

သို့သော် အဆင့်နိမ့် အဆုံးမဲ့မျိုးနွယ်စုဝင််များမှာ အမိန့်များကို တဝေမသိမ်း နာခံရန် သန္နိဋ္ဌာန် ချထားကြသည်ဖြစ်ရာ အဆုံးမဲ့မျိုးနွယ်စုဝင်် အချို့မှာ အသံကုန်‌ အော်ဟစ်ကာ ရှေ့သို့ ပြေးထွက်လာကြဆဲပင်။ သို့သော် သူတို့ ထိုသို့ပြေးထွက်လာသည်နှင့် တစ်ပြိုင်နက် ဝမ်ပေါင်လဲ့၏ နောက်တွင်ရှိနေသော နတ်ဆိုးမျက်လုံးကြီးမှာ နောက်သို့ ချာခနဲ လှည့်လာ၏။ ထို့နောက် ထိုမျက်လုံးကြီး ပွင့်သွားချိန်တွင် အနီးအနားရှိ အမှောင်မီးတောက်များမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားကြပြီး အရာအားလုံးကို လွှမ်းခြုံသွားတော့သည်။ ထို မီးတောက်များ ပျံ့နှံ့သွားသည့် နေရာတိုင်းရှိ ရှေ့သို့ ပြေးလာနေကြသော အဆုံးမဲ့မျိုးနွယ်စုဝင်များမှာ စူးရှကျယ်လောင်စွာ အော်ဟစ်မြည်တမ်းလိုက်ရပြီး ပြာကျသွားကြသည်သာ ဖြစ်သည်။

သူတို့ ထိုကဲ့သို့ ပြာကျသွားချိန်တွင် အနက်ရောင် မီးခိုးငွေ့များ ထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့၏ နောက်တွင်ရှိနေသည့် နတ်ဆိုးမျက်လုံးကြီး၏ စုပ်ယူခြင်းကို ခံလိုက်ရ၏။ ထိုမြင်ကွင်းကြောင့် ရှေ့သို့ ပြေးထွက်လာရန် ပြင်နေကြသည့် အဆုံးမဲ့မျိုးနွယ်စုဝင််များမှာ ပင့်သက်များ ရှိုက်မိသွားကြပြီး ချီတုံချတုံ ဖြစ်သွားကြတော့သည်။

ဝမ်ပေါင်လဲ့မှာ ထိုအခွင့်အရေးကို အသုံးချကာ မျက်ဝန်းများ အရောင်လက်သွားပြီး သူ၏ ဒဏ်ရာများကို အံကြိတ်သည်းခံ၍ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီး၏ စွမ်းအားများကို ထပ်၍ ထုတ်လွှတ်လိုက်ပြန်သည်။ သူသည် ၎င်းအား အလွန်အကျွံ အသုံးပြုမည်သလို ဖြစ်သွားမည်ကိုပင် ထည့်တွက်နေခြင်းမရှိပေ။ ထို့ကြောင့် ထို ချပ်ဝတ်တန်ဆာကြီး၏ ညာဘက်လက်ပေါ်ရှိ နတ်ဘုရားလက်နက်ကြီးမှာလည်း ချက်ချင်းဆိုသလိုပင် ပေါ်ပေါက်လာတော့သည်။ ထိုအခါ ဝမ်ပေါင်လဲ့မှာ ရှေ့သို့ပြေးထွက်သွားလိုက်ပြီး သူ၏အငွေ့အသက်များမှာလည်း အရာအားလုံးကို ပိုင်းဖြတ်ပစ်နိုင်စွမ်း ရှိနေသည့်ပုံ ပေါက်သွား၏။ သို့သော် သူ အနီးသို့ ရောက်ရှိလာသည်နှင့် နောက်သို့ ထွက်ပြေးဆုတ်ခွာသွားနေသည့် အဆုံးမဲ့မျိုးနွယ်စုဝင်် အဘိုးကြီးမှာ မန္တန်လက်ကွက်များဖော်ကာ လက်ညှိုးထိုးလိုက်၏။ ထိုအခါ သူ၏ခန္ဓာကိုယ်ထဲမှ ဓမ္မအဆောင်ပစ္စည်းတစ်ခု ပျံထွက်လာပြီး ပေါက်ကွဲသွားတော့သည်။ ထိုသို့ဖြင့် သူသည် ဝမ်ပေါင်လဲ့အား အဝေးသို့ တွန်းထုတ်လိုက်ပြီးနောက် နောက်သို့ ဆက်လက်ထွက်ပြေးဆုတ်ခွာသွားပြန်သည်။

" တောက်ကွာ။ ဘာလို့ အချိန်ကုန်တာ အရမ်းနှေးနေရတာလဲ " အဘိုးကြီး၏ အငွေ့အသက်များမှာ ပရမ်းပတာ ဖြစ်နေ၏။ သူသည် သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ထပ်၍ ဦးတည်လာနေသည့် ဝမ်ပေါင်လဲ့အား နောက်သို့ နောက်ထပ်တစ်ကြိမ် တွန်းထုတ်လိုက်ပြီးနောက် ခေါင်းမော့ကာ အော်ပြောလိုက်တော့သည်။

" အဆုံးမဲ့မျိုးနွယ်စု။ ငါ့အမိန့်ကို နာခံကြစမ်း။ အခုချက်ချင်း ငါ့ကို လာကူပေးကြ။ ငါ့ရဲ့ အမိန့်တွေကို မနာခံတဲ့လူတွေကို ကွပ်မျက်ပစ်မယ် " ထိုစကားသံများ ထွက်ပေါ်လာသည်နှင့် ဘေးပတ်ပတ်လည်ရှိ အဆုံးမဲ့မျိုးနွယ်စုဝင််များမှာ စိတ်ပြောင်းသွားကြ၏။ ဝမ်ပေါင်လဲ့မှာမူ အနည်းငယ်ခန့် မျက်မှောင်ကြုတ်သွားသည်။ သူ့အား အုပ်စုဖွဲ့တိုက်ခိုက်ရန် ကြိုးစားနေသည့် အဆုံးမဲ့မျိုးနွယ်စုဝင်များကို သတ်ဖြတ်လိုက်မည်ဆိုပါက သူ၏ နတ်ဆိုးမျက်လုံးပညာရပ်မှာ ပို၍အစွမ်းထက်လာမည် ဖြစ်ပါသော်လည်း အမှားတစ်ခု လုပ်မိရုံနှင့် အဆုံးမဲ့မျိုးနွယ်စုဝင် စစ်ခေါင်းဆောင်ကြီးအား လွှတ်ပေးလိုက်သလို ဖြစ်သွားမည်ကို သူက သိထားသည်။ ထိုသို့သာဆိုပါက နောက်ဆုံးတွင် ထို အဘိုးကြီးမှာ တိုက်ပွဲကြီး၏ အခြေအနေအား ပြောင်းလဲနိုင်စွမ်းရှိသွားမည် မဟုတ်ပါလော။ သူသည် ထိုသို့ အဖြစ်မခံနိုင်သောကြောင့် မျက်ဝန်းများထဲ၌ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ တောက်ပသွားပြီး သူ၏ ဘယ်ဘက်လက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်တော့သည်။

ထိုအခါ စစ်သင်္ဘော အစင်းရေပေါင်း မြောက်များစွာမှာ လေပေါ်သို့ ပျံတက်သွားကြပြီး ကောင်းကင်ယံကြီးထဲ၌ ပြည့်နှက်သွား၏။ ၎င်းတို့မှာ အစင်းရေ တစ်သောင်းကျော်အထိ ရှိနေပြီး ပြွတ်သိပ်နေကြသည်။ ထို့ကြောင့် ရှေ့သို့ ပြေးလာရန် ပြင်နေကြသည့် အဆုံးမဲ့မျိုးနွယ်စုဝင်များမှာ တုန်လှုပ်ချောက်ချားသွားရပြီး အဝေးသို့ ထွက်ပြေးဆုတ်ခွာသွားကြတော့သည်။

သူတို့ ထွက်ပြေးသွားချိန်တွင် ဝမ်ပေါင်လဲ့မှာ အသိစိတ်ထဲမှနေ၍ အမိန့်ပေးလိုက်သောကြောင့် ကောင်းကင်ယံထဲရှိ စစ်သင်္ဘောကြီးများ အားလုံးမှာ ပေါက်ကွဲမှု အငွေ့အသက်များကို ထုတ်လွှတ်ရင်း အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီးဆီသို့ ဦးတည်ပျံသန်းလာကြတော့သည်။ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်အတွက် ၎င်းတို့၏ ပေါက်ကွဲအားမှာ စာမဖွဲ့လောက်ပေ။ သို့သော် ထိုကဲ့သို့သော ပေါက်ကွဲမှုများမှာ အရေအတွက် များပြားနေမည်ဆိုပါက ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူများပင် အံ့ဩမှင်တက်သွားနိုင်ပေသည်။

" ချုပ်တည်းစေ " ဝမ်ပေါင်လဲ့တစ်ယောက် ထိုသို့အမိန့်ပေးလိုက်သောအခါ စစ်သင်္ဘောကြီးများအားလုံးမှာ ချက်ချင်းဆိုသလိုပင် အောက်တို့ပြုတ်ကျလာကြ၏။ ၎င်းတို့မှာ ကောင်းကင်ယံကြီးအား ဖုံးလွှမ်းထားသောကြောင့် အဝေးမှ ကြည့်လိုက်ပါက မိုးကောင်းကင်ကြီး ပြိုကျလာသည့်ပုံပင် ပေါက်နေတော့သည်။ ထိုသို့ဖြင့် ထစ်ချုန်းသံများ အဆက်မပြတ် ထွက်ပေါ်လာကာ ကောင်းကင်ယံကြီးမှာ တုန်ရီသွားရပြီး မြေပြင်ကြီးမှာ ကွဲအက်ပျက်စီးသွားရတော့သည်။ တစ်စတစ်စ ပို၍အားကောင်းလာနေသည့် အငွေ့အသက်များမှာ တဖြည်းဖြည်းနှင့် အရာအားလုံးကို ဖုံးလွှမ်းသွားကြ၏။

အဘိုးကြီးမှာ ဖြူဖပ်ဖြူရော် ဖြစ်နေသည့် မျက်နှာဖြင့် သူ့ကိုယ်သူ ခုခံကာကွယ်နိုင်ရန် အဆက်မပြတ် ကြိုးစားနေ၏။ သို့သော်လည်း ပေါက်ကွဲမှု အမြောက်အမြား ပေါ်ပေါက်လာသည့်အပြင် သူ၏ ဒဏ်ရာများမှာ ပြင်းထန်နေသလို ကျိန်စာကြီး၏ စွမ်းအားများမှာလည်း ရှိနေသေးသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် စိတ်သွားတိုင်း ကိုယ်မပါနိုင်ကြောင်း သိလာရ၏။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ အရူးတစ်ယောက်ကဲ့သို့ ပြုမူနေသည်မဟုတ်ပါလော။ သူသည် နောက်သို့ တွန်းထုတ်ခံလိုက်ရသည့် အချိန်တိုင်း စပရင် တစ်ခုကဲ့သို့ ရှေ့သို့ ပြန်ပြေးထွက်လာပြီး သူ့အား အဆက်မပြတ် လိုက်လံဖမ်းဆီးနေခဲ့သည်သာ ဖြစ်သည်။

သူ၏ ရန််လိုနေသော အကြည့်များ၊ ရူးသွပ်ဖွယ်ရာ လုပ်ရပ်များနှင့် အားကောင်းသော သတ်ဖြတ်လိုစိတ်များကြောင့် အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီးမှာ နှလုံးသားတစ်ခုလုံး တဆတ်ဆတ် တုန်ရီနေရတော့သည်။

ထိုမြင်ကွင်းကြောင့် ဘေးပတ်ပတ်လည်တွင် ရောက်ရှိလာကြသည့် အဆုံးမဲ့မျိုးနွယ်စုဝင်များမှာ ပို၍ပင် ထိတ်လန့်ကြောက်ရွံ့သွားရ၏။ ထို ကျင့်ကြံသူများ အလန့်တကြားနှင့် ထွက်ပြေးဆုတ်ခွာသွားကြစဉ် ဝမ်ပေါင်လဲ့အား စိုးရိမ်တကြီးနှင့် တွန်းလှန်တိုက်ခိုက်နေသည့် အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီးမှာ သူ၏ အငွေ့အသက်များ မတည်မငြိမ်ဖြစ်လာသည်ကို အာရုံခံမိလိုက်၏။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း ထပ်ကျသွားတော့မည့်ပုံ ပေါက်နေသည်။

ထို အခြင်းအရာများကြောင့် သူသည် မျက်လုံးများ နီမြန်းလာရတော့သည်။ သူသည် ထွက်ပြေးဆုတ်ခွာ၍ အချိန်ဆွဲနေရန် မဖြစ်တော့ကြောင်း သိလာရ၏။ သူသည် အရဲစွန့်ကာ အစွမ်းကုန်ထုတ်၍ တိုက်ခိုက်ရတော့မည်ဖြစ်သည်။ သို့မှသာ သူသည် အသက်ရှင်နိုင်ခြေ ရှိမည်ဖြစ်သည်။

အကယ်၍ ထိုသို့သာမဟုတ်ပါက သူသည် သူ၏ ကျင့်ကြံခြင်းအဆင့် ပုံမှန်အတိုင်း ပြန်ဖြစ်သွားမည့် အချိန်အထိ မထွက်ပြေးနိုင်ခင်မှာပင် ဝှက်ဖဲမြောက်မြားစွာ ပိုင်ဆိုင်ထားသည့် ဝက်ခေါင်းမျက်နှာဖုံးနှင့် လူကြီး၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရမည်မှာ အသေအချာပင်။

ထို့ကြောင့် သူသည် အော်ဟစ်ညည်းတွားလိုက်ပြီးနောက် သူ၏ လက်ငါးဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်၏။ ထို့နောက် သူသည် မည်သည့်အရာကိုမှ ဂရုစိုက်မနေတော့ဘဲ သူ၏ ကျင့်ကြံခြင်းစွမ်းအားများအားလုံးကို သူ၏ခန္ဓာကိုယ်ထဲမှ ထုတ်လွှတ်လိုက်တော့သည်။ ထိုအခါ ထိုစွမ်းအားများမှာ လေမုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။ ထိုအချိန်တွင် သူ၏ ခပ်အောအော စကားသံကြီးမှာလည်း ပဲ့တင်ထပ်သွားသည်။

" ထာဝရဝိညာဉ် ဝိညာဉ်ခန္ဓာကိုယ် "

သူ၏ စကားကြီး ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူထုတ်လွှတ်လိုက်သည့် ကျင့်ကြံခြင်းစွမ်းအားများမှာ ဝဲကြီးတစ်ခုအား ဖန်တီးပေးလိုက်သည်။ ထို့နောက် မျက်စိတစ်မှိတ်အတွင်းတွင် ဧရာမ ရုပ်တုကြီးတစ်ခု ပေါ်ပေါက်လာ၏။ ထို ရုပ်တုကြီးမှာ ထို အဘိုးကြီးနှင့် တထေရာတည်း ဆင်တူနေပြီး ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် ၎င်းဆီမှ ထွက်ပေါ်နေသည့် ဖိနှိပ်ချုပ်တည်းမှု စွမ်းအားများမှာ ဘေးပတ်ဝန်းကျင်တစ်ခုလုံးအား လွှမ်းခြုံသွားကာ စစ်သင်္ဘော အစင်းရေတစ်သောင်းကျော်၏ ပေါက်ကွဲမှုအားများကို ခုခံတွန်းလှန်လိုက်တော့သည်။

တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့မှာလည်း ထိုအခွင့်အရေးအား အသုံးချကာ သူ့ဆီသို့ ထပ်၍ ‌‌ဦးတည်ပျံသန်းလာ၏။ ထိုအချိန်တွင် အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီးမှာ အော်ပြောလိုက်တော့သည်။

" မင်းကပဲ အသက်စွန့်ပြီး တိုက်ခိုက်နေတာလား ငါကပဲ အသက်စွန့်ပြီး တိုက်ခိုက်နေတာလားဆိုတာ ကြည့်ကြတာပေါ့ " အဘိုးကြီး ထိုသို့ အော်ဟစ်လိုက်ပြီးနောက် သူ၏ လက်ငါးဖက်ထဲမှ တစ်ဖက််မှာ ပေါက်ကွဲပျက်စီးသွားပြီး ပေါက်ကွဲမှုစွမ်းအားတစ်မျိုးကို ထုတ်လွှတ်ပေးလိုက်သည်။ ထို့နောက် ၎င်းမှာ မှုန်ဝါးဝါးဖြစ်နေသည့် အနက်ရောင်မြူခိုးလုံးကြီးအဖြစ် ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်ပျံ့လွင့်လာတော့သည်။ အဘိုးကြီးမှာမူ စောင့်ဆိုင်းနေခြင်းမရှိဘဲ အံကြိတ်ကာ နောက်ထပ်လက်တစ်ဖက်အား ဖောက်ခွဲပစ်လိုက်၏။ ၎င်းမှာလည်း ဒုတိယမြောက် မြူခိုးလုံးကြီးအဖြစ် ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်သွားကြပြန်သည်။

" မင်း သတ္တိမရှိရင် လစ်လိုက်တော့။ အဲလိုမှ မဟုတ်ရင်တော့ အသက်စွန့်ပြီး တိုက်ခိုက်ဖို့သာ ပြင်ထားပေတော့ " အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီးမှာ အော်ဟစ်ကြိမ်းဝါးလိုက်၏။ သူ၏လက်များ ပေါက်ကွဲသွားရာမှ ထွက်ပေါ်လာသည့် မြူခိုးလုံးကြီးများမှာ အံ့ဩမှင်တက်ဖွယ်ရာ စွမ်းအားများကို ပိုင်ဆိုင်ထားပြီး ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်လာနေကြပြီ ဖြစ်သည်။ သို့ဖြစ်ရာ သူ့တွင် ရွေးချယ်စရာနှစ်ခုသာ ရှိတော့ပေသည်။ သူသည် ထွက်ပြေးလျှင်ထွက်ပြေး သို့မဟုတ် အသက်နှင့် လောင်းကြေးထပ်ကာ တိုက်ခိုက်ရတော့မည်ဖြစ်သည်။

ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အေးစက်စွာ တောက်ပသွားပြီး တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ ရယ်မောလိုက်၏။ သူသည် အရှိန်လျော့ကျသွားခြင်း မရှိသည့်အပြင် ပို၍ပင် အရှိန်မြှင့်တင်လိုက်ပြီး ထိုမြူခိုးများထဲသို့ တိုးဝင်သွားလိုက်၏။ သူ ထိုမြူခိုးများနှင့် ထိသွားသည်နှင့်တစ်ပြိုင်နက် သူ၏ အေးစက်စက်မျက်ဝန်းများထဲ၌ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။

သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးမှာ ကြေမွပျက်စီးသွား၏။ ထို့နောက် သူ၏ ညာဘက်လက်မှလွဲ၍ ထို ချပ်ဝတ်တန်ဆာကြီး၏ အခြား အစိတ်အပိုင်းများ အားလုံးမှာ ပေါက်ကွဲသွားကာ ဧရာမ လှိုင်းလုံးကြီးတစ်လုံးအသွင် ပြောင်းလဲသွားပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည်။ ထို လှိုင်းလုံးကြီး ပထမမြူခိုးလုံးအား ခုခံတွန်းလှန်နေစဉ် ဝမ်ပေါင်လဲ့မှာ ပါးစပ်ထဲမှ ဝိညာဉ် အမျှင်အတန်းများကို ထွေးထုတ်လိုက်၏။ ထိုအခါ သူသည် အားအင်ချည့်နဲ့သွားရပါသော်လည်း သူ၏ ခန္ဓာကိုယ်အား လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ကိုယ်ပွား ခုနစ်ခု၊ ရှစ်ခုခန့် ပေါ်ပေါက်လာတော့သည်။

" ဘယ်သူက ပိုပြီးတော့ အရဲစွန့်နေလဲဆိုတာကို ကျုပ်နဲ့ ပြိုင်ချင်တယ်ပေါ့ ဟုတ်လား။ ပေါက်ကွဲစေ "

ထို ကိုယ်ပွားများမှာ သူ၏ ပုံရိပ်ယောင်ပညာရပ်၏ အစိတ်အပိုင်းများ ဖြစ်ကြ၏။ ၎င်းတို့မှာ ပေါ်ပေါက်လာကြပြီးနောက် ရှေ့သို့ ပြေးထွက်သွားကြပြီး ဆက်တိုက်သလို အလိုအလျောက် ပေါက်ကွဲသွားကြတော့သည်။ ထို ပေါက်ကွဲမှုများ မြူခိုးလုံးကြီးအား ခုခံတားဆီးပေးထားစဉ် ဝမ်ပေါင်လဲ့၏ အငွေ့အသက်များမှာ အားကောင်းလာပြီး သူသည် မြူခိုးလုံးကြီး နှစ်လုံးထဲမှ ပြေးထွက်လာ၏။ ထို့နောက် သူသည် နတ်ဘုရားလက်နက်ကြီးအား ကိုင်ဆွဲကာ လေပေါ်သို့ ခုန်တက်သွားလိုက်ပြီး အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီးအား လှမ်း၍ ခုတ်ထစ်လိုက်တော့သည်။

သူ၏ မျက်ဝန်းများထဲရှိ ရူးသွပ်မှု အရိပ်အယောင်များမှာ တဟုန်းဟုန်း တောက်လောင်နေသည့် မီးလျှံများနှင့် တူနေပြီး ၎င်းတို့မှာ အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီးနှင့် ဘေးပတ်ပတ်လည်ရှိ ကျင့်ကြံသူများ၏ ဝိညာဉ်များကိုပင် မီးလောင်တိုက်သွင်းပစ်နိုင်စွမ်း ရှိနေ၏။

သတ်ဖြတ်လိုစိတ် အငွေ့အသက်များ ကိန်းအောင်းနေသည့် သူ၏ အကြည့်ကြောင့် သူသည် သူ၏အသက်ကိုပင် ပဓာနမ‌ထားကြောင်း သိနိုင်ပေသည်။ သူသည် အသက်သေသွားရမည် ဆိုလျှင်တောင် သူ၏ ရန်သူအား သူနှင့်အတူ သေရွာသို့ခေါ်သွားရန် စိတ်ပိုင်းဖြတ်ထားသည့်ပုံပင်။ ထို့ကြောင့် သူ၏အကြည့်ကို မြင်လိုက်ရသည့် လူတိုင်းမှာ စိတ်ဝိညာဉ်များပါ တုန်လှုပ်ချောက်ချားသွားရမည်သာ ဖြစ်သည်။

အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီးမှာဆိုလျှင် ထိုအကြည့်ကြောင့် ပို၍ပင် သွေးပျက်သွားရ၏။ သူသည် မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ကျန်နေသေးသည့် လက်သုံးဖက်ဖြင့် မန္တန်လက်ကွက်များဖော်ရန် ပြင်လိုက်ပြန်သည်။ သို့သော် ထိုအချိန်တွင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ ဝါးမျိုခြင်းသစ်စေ့မှာ ရုတ်တရက်ဆိုသလို သက်ဝင်လှုပ်ရှားလာပြီး အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီးအား ပစ်မှတ်ထားလိုက်၏။ ထိုအခါ ဝမ်ပေါင်လဲ့၏ အမြန်နှုန်းမှာလည်း သိသိသာသာ တိုးတက်လာတော့သည်။

သူ၏ အမြန်နှုန်းမှာ ရုတ်ခြည်းဆိုသလို ပြောင်းလဲသွားသည်ဖြစ်ရာ အဆုံးမဲ့မျိုးနွယ်စုဝင်အဘိုးကြီးမှာ နောက်ထပ်တစ်ကြိမ် ထပ်၍ အကြီးအကျယ် တုန်လှုပ်သွားရပြန်သည်။ ထို့နောက် သူ မတုံ့ပြန်နိုင်ခင်မှာပင် ဝမ်ပေါင်လဲ့၏ နောက်တွင်ရှိနေသော အနက်ရောင်မျက်လုံးကြီးမှာ ပွင့်လာ၏။

ထိုမျက်လုံးကြီး ပွင့်လာသောအခါ ဖိနှိပ်ချုပ်တည်းမှု စွမ်းအားတစ်မျိုးမှာလည်း ထွက်ပေါ်လာတော့သည်။

နတ်ဆိုးမျက်လုံးပညာရပ်မှာ ဝမ်ပေါင်လဲ့၏ သတ်ဖြတ်လိုစိတ်များကို အာရုံခံမိနေသောကြောင့်လားတော့ မသိပေ။ ၎င်းမှာ ယခင်အကြိမ်များတုန်းကထက် ပို၍ အစွမ်းထက်နေ၏။ သို့ဖြစ်ရာ ၎င်းမှာ အစွမ်းကုန် ထုတ်လွှတ်ထားသည့်ပုံ ပေါက်နေသလို ၎င်း၏ စိတ်ဆန္ဒကြီးမှာလည်း ထာဝရဝိညာဉ်အဆင့် အဘိုးကြီး၏ အသက်ကို လောဘတက်နေသည့်ပုံလည်း ပေါက်နေသေးသည်။ ထို့ကြောင့်လည်း ဝမ်ပေါင်လဲ့မှာ အသိစိတ်ပျောက်လုမတတ် ရူးသွပ်သွားကာ အစွမ်းပိုထက်လာရပြီး ထာဝရဝိညာဉ်အဆင့် အဘိုးကြီး၏ ခန္ဓာကိုယ်မှာ တစ်ခဏမျှ ရပ်တန့်သွားရတော့သည်။

ထို့အပြင် ဝမ်ပေါင်လဲ့မှာ သူ၏ ဝါးမျိုခြင်းသစ်စေ့ကိုပါ ထုတ်သုံးထားသည်ဖြစ်ရာ အလွန်အင်မတန်မှ မြန်ဆန်နေ၏။ ထို အဘိုးကြီး ရပ်တန့်သွားသည့် အခိုက်အတန့်မှာ သူ့အား သတ်ဖြတ်ရန် အကောင်းဆုံးအချိန် ဖြစ်သည်ဟု သူက မှတ်ယူလိုက်၏။ ထို့ကြောင့် သူသည် အသိစိတ် မရှိတော့သည့် လူတစ်ယောက်၏ မျက်ဝန်းများဖြင့် ထိုအဘိုးကြီး၏ အနီးသို့ ချက်ချင်းဆိုသလိုပင် ရောက်ရှိလာတော့သည်။ ထို့နောက် သူသည် နတ်ဘုရားလက်နက်ကြီးအား ကိုင်မြှောက်ကာ အဆုံးမဲ့မျိုးနွယ်စုဝင်အဘိုးကြီးအား လှမ်း၍ ခုတ်ထစ်လိုက်တော့သည်။

ထိုအခါ မိုးကောင်းကင်ကြီးမှာ မှောင်မိုက်သွားရပြီး လေပြင်းများ စတင်တိုက်ခတ်လာသဖြင့် တိမ်တိုက်များများ လွင့်စင်ပျောက်ကွယ်သွားရ၏။ ဘေးပတ်ပတ်လည်ရှိ လူတိုင်းမှာလည်း သူ့အား စိုက်ကြည့်နေကြပြီဖြစ်သည်။ နောက်ဆုံးတွင် ထို နတ်ဘုရားလက်နက်ကြီးမှာ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့အား ထက်ခြမ်းခွဲပစ်တော့မည့် ပုံစံဖြင့် အဘိုးကြီး၏ ဦးခေါင်းပေါ်သို့ ပြုတ်ကျလာသောကြောင့် ထိုအဘိုးကြီးမှာ အသံကုန်အော်ဟစ်ကာ ထွက်ပြေးနိုင်ရန် ကြိုးစားရုန်းကန်နေတော့သည်။

အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီးမှာ အစွမ်းထက်ကျင့်ကြံသူတစ်ယောက် ဖြစ်ပေသည်။ သူသည် ထိုကဲ့သို့သော သေရေးရှင်ရေး အခိုက်အတန့်မျိုးတွင် လက်တစ်ဖက်နှင့် ဦးခေါင်းတစ်လုံးတို့ကို ဖြတ်တောက်ကာ ၎င်းတို့အား ပေါက်ကွဲသွားစေလိုက်၏။ ထို့နောက် သူသည် အချုပ်အနှောင်များထဲမှ ရုန်းကန်ထွက်လာပြီး ကျန်ရှိနေသေးသည့် လက်နှစ်ဖက်ကိုမြှောက်ကာ အောက်သို့ပြုတ်ကျလာနေသည့် နတ်ဘုရားလက်နက်ကြီးအား တားဆီးနိုင်ရန် ကြိုးစားလိုက်သည်။ ထို့ကြောင့် သူသည် တစ်ကိုယ်လုံးတုန်ရီသွားရပြီး ကျင့်ကြံခြင်းစွမ်းအားများအားလုံးကို ထုတ်လွှတ်လိုက်၏။ သို့သော် သူသည် ဒဏ်ရာများရထားပြီး သူ၏ပြိုင်ဘက်မှာ သူ့အား အဆက်မပြတ် ဖိနှိပ်ချုပ်တည်းနေသည်ဖြစ်ရာ တဖြည်းဖြည်းနှင့် ဆက်လက်တောင်ခံနိုင်စွမ်းမရှိတော့ဘဲ ဖြစ်လာရတော့သည်။ ဝမ်ပေါင်လဲ့၏ အော်ဟစ်မြည်တမ်းသံများ၏ အောက်တွင် နတ်ဘုရားလက်နက်ကြီး သူ၏ဦးခေါင်းပေါ်သို့ ကျရောက်လာတော့မည့် မြင်ကွင်းကိုကြည့်ရင်း အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီးမှာ မျှော်လင့်ချက်များ ပျက်သုဥ်းလာရတော့သည်။

" ငါ... ဟင် " ထိုအဘိုးကြီးမှာ နာကျည်းမှုအပြည့်ဖြင့် ရယ်မောရန် ပြင်လိုက်စဉ်မှာပင် မျက်လုံးများပြူးသွားရ၏။ ထို့နောက် သူသည် မျှော်လင့်ချက်များ ပြန်လည်ရှင်သန်လာတော့သည်။ သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာ အားအင်ချည့်နဲ့နေရာမှ သာမန်အနေအထားသို့ ပြန်လည်ရောက်ရှိသွားသည့်ပုံပင်။ ထို့နောက် သူ၏ မျက်နှာပေါ်ရှိ သွေးရောင်ပန်းပွင့်ကြီးမှာလည်း အချိန်မရွေး ပျောက်ကွယ်သွားတော့မည့်အလား မှုန်ဝါးဝါး ဖြစ်လာတော့သည်။

" သွားပြီ " ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို အမူအရာ ပြောင်းလဲသွားပြီး သူ၏ မျက်ဝန်းများထဲမှ ရက်စက်ကြမ်းကြုတ်မှု အငွေ့အသက်များ ပေါက်ကွဲထွက်ပေါ်လာတော့သည်။ ထို့နောက် သူသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ သူ၏ ခြေထောက်နှစ်ဖက်အား ဖောက်ခွဲပစ်လိုက်၏။ သူသည် သူ၏ ဝိညာဉ်ခန္ဓာကိုယ်အား ဖောက်ခွဲပစ်လိုက်ရသည်ဖြစ်ရာ သူ့အတွက် အများကြီး ထိခိုက်နစ်နာမှုရှိပေသည်။ သို့သော် သူသည် လက်ရှိတွင် ထိုအချက်အား ဂရုမစိုက်နိုင်တော့ပေ။ သူသည် သူ၏ ခြေထောက်နှစ်ဖက် ပေါက်ကွဲသွားရာမှ ထွက်ပေါ်လာသည့် ပေါက်ကွဲမှုစွမ်းအားများကို အသုံးပြုကာ အသံကုန် အော်ဟစ်လိုက်တော့သည်။

" သေပေတော့ "

" မဖြစ်ဘူး " အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီးမှာ စူးရှကျယ်လောင်စွာ အော်ဟစ်မြည်တမ်းလိုက်ပါသော်လည်း သူ၏ ဦးခေါင်းအထက်ရှိ နတ်ဘုရားလက်နက်ကြီးမှာ ချက်ချင်းဆိုသလိုပင် အောက်သို့ကျဆင်းလာ၏။ ထို့နောက် ၎င်းမှာ သူ၏ ဦးခေါင်းမှစ၍ သူ၏ခန္ဓာကိုယ်တစ်ခုလုံးအား ထက်ခြမ်းပိုင်းလိုက်တော့သည်။

ကျန်ရှိနေသေးသည့် စွမ်းအားများ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီး ထစ်ချုန်းသံများ မြည်ဟည်းသွားချိန်တွင် ထက်ခြမ်းကွဲသွားသည့် သူ၏ခန္ဓာကိုယ်ကြီးမှာလည်း ပေါက်ကွဲပျက်စီးသွား၏။ သူ၏ ဝိညာဉ်ပင်လျှင် ထွက်ပြေးလွတ်မြောက်နိုင်စွမ်းမရှိဘဲ နတ်ဘုရားလက်နက်ကြီးကြောင့် အပိုင်းပိုင်းပြတ်သွားရသည်။

သူသည် ဇီဝိန်ချုပ်သွားရပြီ ဖြစ်သည်။

All Chapters